အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃
“ကွက်.. ကွက်...သခင်မက ဒီအထဲမှာ ရှိတယ်။ မင်းဘာသာ ဝင်သွားလိုက်တော့။”
ရောင်စုံကြက်တူရွေးကြီးသည် ကျန်းဟန်ကို အနောက်ဘက်ရှိ သုတေသနဥယျာဉ်ဆီသို့ ခေါ်ဆောင်လာပြီးနောက် ပြောလိုက်သည်။
ကျန်းဟန် ၎င်းကို တစ်ချက်ကြည့်ကာ အထဲသို့ ခပ်သွက်သွက် လျှောက်ဝင်သွားလိုက်ရာ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က အလုပ်လုပ်မနေပေ။ ထို့အစား သူမသည် ကြိုးပုခက်တစ်ခုပေါ်တွင် ခြေဗလာဖြင့် အိပ်ပျော်နေခဲ့သည်။ မွန်းတည့်ချိန်၏ ရွှေရောင်နေခြည်နုနုသည် သူမ၏အပေါ်သို့ ကျဲပြန့်စွာ ကျရောက်နေပြီး ပျင်းရိငြီးငွေ့ဖွယ် ဆွဲဆောင်မှုတစ်မျိုးကို ပိုမိုပေါ်လွင်စေသည်။
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ အနားယူနေသည်ကို မြင်သောအခါ ကျန်းဟန် အနည်းငယ် စဉ်းစားလိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့လိုက်သည်။
“ကွက်.. မင်းက ဘာလို့ သခင်မကို သွားမနှိုးတာလဲ။”
ကျန်းဟန် ပြန်ထွက်လာသည်ကို မြင်သောအခါ ရောင်စုံကြက်တူရွေးကြီးက မမျှော်လင့်ဘဲ အံ့အားသင့်စွာ မေးလိုက်သည်။
“မင်းက ငါ့ကို စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို တကယ်ကြီး သွားနှိုးစေချင်တာလား။”
ကျန်းဟန် ၎င်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်၏။
“စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သူ အနားယူနေချိန်မှာ သူများလာနှောင့်ယှက်တာကို အမုန်းဆုံးပဲ။ ဒါကို ငါမသိဘူးလို့ မင်းထင်နေတာလား။”
“ကွက်.. မင်းက ဒါကို တကယ်ကြီး သိနေတာလား။”
ရောင်စုံကြက်တူရွေးကြီးသည် အလန့်တကြားဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားခဲ့သည်။
၎င်းသည် အလွန်အငြိုးကြီးသော ကြက်တူရွေးတစ်ကောင် ဖြစ်သည်။ ကျန်းဟန်က သူ့ကို မချီးမွမ်းသည့်အပြင် လာဘ်လည်းမထိုးဘဲ သူ့ကိုပင် ပြန်၍ အမိန့်ပေးစေခိုင်းနေသောကြောင့် ၎င်းက အလွန်မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကျန်းဟန်ကို သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းဟန်က ၎င်း၏အကွက်ထဲသို့ မကျရောက်ခဲ့ပေ။
“ဟီးဟီး.. မင်းက ငါ့ကို တကယ်ပဲ ကြံစည်ဖို့ ကြိုးစားနေတာပဲ။ နည်းနည်းလေး ခြောက်လိုက်တာနဲ့ အမှန်အတိုင်း အကုန်ပေါ်လာပြီ။”
ကျန်းဟန် နှာခေါင်းရှုံ့လိုက်ပြီး ဧည့်ခန်းမဆောင်သို့ ပြန်သွားကာ ထိုင်ခုံတွင် ဝင်ထိုင်၍ စိတ်တည်ငြိမ်စေရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
“ကွက်.. မင်း တကယ် မုန်းစရာကောင်းတဲ့ လူသားပဲ။”
ရောင်စုံကြက်တူရွေးကြီးသည် မိမိ အကွက်ဆင်ခံလိုက်ရသည်ကို ရိပ်မိသွားပြီး ကျန်းဟန်၏ ဘေးပတ်ပတ်လည်တွင် ပျံဝဲကာ သူ၏ စိတ်တည်ငြိမ်မှုကို ဖျက်ဆီးရန်အတွက် ရူးသွပ်စွာ အော်ဟစ်တော့သည်။
သို့သော်လည်း ကျန်းဟန်မှာမူ တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ ဆက်လက် တရားမှတ်နေခဲ့သည်။
“ရှောင်းဝူ.. နင် ဘာဖြစ်နေတာလဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလို့ ဒီလောက်တောင် ဆူညံအောင် လုပ်နေရတာလဲ။ ငါ အနားယူနေတာကို နင်မသိဘူးလား။ အပြစ်ပေးတဲ့အနေနဲ့ ဒီနေ့ နင် ဘာမှမစားရဘူးမှတ်။”
ရောင်စုံကြက်တူရွေးကြီး ဆူညံပူညံလုပ်နေပြီး မကြာမီမှာပင် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့သည် သုတေသနဥယျာဉ်ထဲမှ ထွက်လာပြီး ကြက်တူရွေးကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ကွက်.. မဟုတ်ပါဘူး သခင်မ.. သူက...”
“ဟမ်.. နင်က ပြန်ခံပြောနေသေးတာလား။ မနက်ဖြန်လည်း ဘာမှမစားနဲ့တော့။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့သည်။ သူမသည် အိပ်ရေးပျက်အောင် အနှိုးခံလိုက်ရသဖြင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။
“ဟုတ်ကဲ့ပါ သခင်မ။ ကျွန်တော် မှားသွားပါတယ်။”
ရောင်စုံကြက်တူရွေးကြီးသည် ထပ်မံ၍ ငြင်းခုံခြင်းမပြုရဲတော့ဘဲ အမှားကို ဝန်ခံရန် ခေါင်းငုံ့လိုက်သည်။ သို့သော် ၎င်းက ကျန်းဟန်ကိုမူ ဒေါသတကြီး စိုက်ကြည့်နေပြီး ဒါတွေအားလုံးဟာ ဒီမုန်းစရာကောင်းတဲ့ကောင်ကြောင့် ဖြစ်ရတာဟု စိတ်ထဲက ခံစားနေရသည်။
“မင်္ဂလာပါ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့။”
ကျန်းဟန်သည် မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်ပြီး ရောင်စုံကြက်တူရွေးကြီး၏ စိုက်ကြည့်နေမှုကို လျစ်လျူရှုထားလိုက်သည်။
ကြက်တူရွေးလေးတစ်ကောင်က သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။
“ကျန်းဟန်.. အချိန်ကို တွက်ကြည့်ရရင် မင်း အခုလောက်ဆို ရောက်လာသင့်ပြီပဲ။ ဘယ်လိုလဲ။ မင်းရဲ့ သားရဲက အရင်ဆေးရည်ကို သုံးပြီးတော့ အကျိုးသက်ရောက်မှုက အဆင်ပြေရဲ့လား။”
လျူယွဲ့က သမ်းဝေရင်း မေးလိုက်သည်။
“အရမ်းကောင်းတယ်။ စီနီယာ ပြင်ဆင်ပေးတဲ့ ဆေးရည်ကြောင့် ကျွန်တော့်ရဲ့ သွေးအရိပ်ညဇီးကွက်က ခေါင်းဆောင်အဆင့်ကို ရောက်ရှိသွားပါပြီ။”
ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆိုရင်တော့ ကျေနပ်စရာပဲ။ ပြီးတော့ ငါ့ကို စီနီယာလို့ ဆက်မခေါ်နဲ့တော့။ ငါက မင်းထက် ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ကြီးတာပါ။ မင်း ရှောင်ယိကို ခေါ်သလိုပဲ ငါ့ကိုလည်း အစ်မယွဲ့လို့ပဲ ခေါ်ပါ။ ရှောင်ယိက လောလောဆယ် အလုပ်များလို့ အပြင်သွားနေတယ်။ မင်းမှာ လိုအပ်တာတစ်ခုခုရှိရင် ငါ့ဆီ လာခဲ့လို့ရတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ကျန်းဟန်ကို ကြည့်ပြီး ပြောလိုက်သည်။ ကျန်းဟန်သည် သူမ နေ့ခင်းတစ်ရေးအိပ်နေသည်ကို မနှောင့်ယှက်ခဲ့ကြောင်း သိသဖြင့် သူ့ကို အတော်အတန် လူကောင်းတစ်ယောက်ဟု တွေးမိလိုက်သည်။ အနည်းဆုံးတော့ သူက အလွန် ယဉ်ကျေးပျူငှာလှသည်။
“ကျေးဇူးတင်ပါတယ် အစ်မယွဲ့။ ကျွန်တော် ဒီတစ်ခေါက် လာရတဲ့ အဓိကအကြောင်းရင်းက ဆေးရည်အချို့ ပြင်ဆင်ချင်လို့ပါ။”
ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်သည်။
“အော်.. သိပြီ။ ငါကြည့်ရအောင် မင်းရဲ့သားရဲကို အပြင်ထုတ်လိုက်ဦး။”
လျိုယွဲ့က ဘေးမှ မျက်နှာသုတ်ပုဝါကို ယူကာ မျက်နှာသုတ်ရင်း ပြောလိုက်သည်။
ကျန်းဟန်သည် ဟုတ်ဟုတ်နှင့် ချက်ချင်း စိတ်ချင်းဆက်သွယ်ကာ ၎င်းကို အပြင်သို့ ထုတ်လိုက်သည်။
“ဂူးးး”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို မြင်လိုက်ရသည်နှင့် ဟုတ်ဟုတ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မသိစိတ်အရ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။ ဤမိန်းမက အလွန် ကြောက်စရာကောင်းလှသည်။
“ခုလေးတင် အဆင့်တက်လှမ်းထားတာလား။ ပြီးတော့ သွေးအဆီအနှစ် သစ်သီးကို စားသုံးထားတဲ့ ပုံပဲ။ မင်းက ဒီလိုရှားပါးတဲ့ ဝိညာဉ်သစ်သီးမျိုးကို တကယ်ကြီး ဝယ်နိုင်ခဲ့တယ်ပေါ့။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ကျန်းဟန်ကို အံ့အားသင့်စွာဖြင့် စူးစမ်းလိုစိတ်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဒါက တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်သွားလို့ပါ။ ကံကောင်းသွားတာပါ။”
ကျန်းဟန် ရယ်မောလိုက်သည်။ မြူခိုးအဖွဲ့အစည်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ သူ ထုတ်ဖော်ပြော၍ မရပေ။
“မင်း အခုတလော အတော်လေး အဆင်ပြေပြေ ဖြတ်သန်းနေခဲ့ရပုံပဲ။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းငြိမ့်လိုက်ပြီး ထပ်မံ၍ မမေးတော့ဘဲ သူမ၏ အကြည့်များကို ဟုတ်ဟုတ်ထံသို့ ပြန်လည် အာရုံစိုက်လိုက်သည်။
“မင်းရဲ့ သားရဲရဲ့ ကြီးထွားမှုက အရမ်းကောင်းမွန်တယ်။ သူ့ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံပန်းသဏ္ဍာန်ကလည်း ထိပ်တန်းအဆင့်ပဲ။ ဆေးရည်အတွက်ကတော့ ကြီးကြီးမားမား ပြောင်းလဲဖို့မလိုပါဘူး။ တတိယအဆင့် ဝိညာဉ်အပင်အချို့ ထပ်ပေါင်းထည့်ပေးလိုက်ရင် လုံလောက်ပါပြီ။”
လျိုယွဲ့က ဟုတ်ဟုတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းဟန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
“မင်းရဲ့ နောက်ထပ် သားရဲ လျှပ်စီးပိုးကောင်ရော။ သူ့ကိုလည်း အပြင်ထုတ်လိုက်ဦးလေ။”
“လျှပ်စီးပိုးကောင်က ကျောင်းမှာ ကျန်ခဲ့လို့ပါ။ သူလည်း ခေါင်းဆောင်အဆင့်ကို ခုလေးတင် အဆင့်တက်လှမ်းထားပြီးပြီ။ ပြီးတော့ သူ့ရဲ့ သားရဲအမြုတေကိုလည်း သန့်စင်လျှပ်စီးအသွင်ပြောင်းလဲခြင်း ပြီးမြောက်အောင် လုပ်ထားပြီးပါပြီ။”
ကျန်းဟန်က လိမ်ညာလိုက်သည်။ ပိုင်လင်းသည် ခရမ်းရောင်မိုးကြိုး ရေနဂါးအဖြစ် ဆင့်ကဲပြောင်းလဲထားပြီးဖြစ်၍ လောလောဆယ် ဖော်ပြ၍ မရသေးသောကြောင့် သူ ဆင်ခြေတစ်ခု ရှာရခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ ပိုင်လင်းသည် လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်တွင်သာ ရှိသေးပြီး ခေါင်းဆောင်အဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးသော်လည်း ဆေးရည်ကို ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်အဖြစ် ပြင်ဆင်သတ်မှတ်ခြင်းက လုံးဝ အဆင်ပြေပါသည်။ ၎င်းသည် နဂါးတစ်ကောင်ဖြစ်၍ ၎င်း၏ စုပ်ယူနိုင်စွမ်းရည်မှာ သာမန်သားရဲများထက် ပင်ကိုယ်ကတည်းက ပိုမိုအားကောင်းလှသည်။
မူလက နဂါးအဖြစ် အသွင်ပြောင်းပြီးနောက် ပိုင်လင်းသည် လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်တွင်သာ ရှိသေးသော်လည်း ရက်အနည်းငယ်အကြာတွင် နှောင်းပိုင်းအဆင့်သို့ အဆင့်တက်လှမ်းနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် နှောင်းပိုင်းအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည့် အခြေအနေတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
“အော်.. သိပြီ။ ဒါဆို ငါနားလည်ပါပြီ။ ကုန်ကျစရိတ်တွေအတွက် မစိုးရိမ်ပါနဲ့။ လောလောဆယ် ငါ့ဆီမှာ အကြွေးထားလိုက်ပြီး နောက်မှ ပြန်ဆပ်ပေါ့။ အကယ်၍ မင်း စိတ်ထဲမကောင်းဘူးဆိုရင်လည်း အဲ့ဒီအချိန်ကျမှ ငါ့ကို အတိုးအနည်းငယ် ပိုပေးလိုက်ပေါ့။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းငြိမ့်ရင်း ကုန်ကျစရိတ်ကို အလွန် အလိုက်တသိဖြင့် ရှင်းပြပေးပြီး ကျန်းဟန်၏ သိက္ခာကို အထူး ငဲ့ညှာပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်မယွဲ့။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှာထားတဲ့ ငွေ ၁.၈ သန်း ရှိပါတယ်။ အကယ်၍ မလောက်ဘူးဆိုရင်တော့ ကျန်တာကို အကြွေးထားခဲ့ပါ့မယ်။”
ကျန်းဟန် သူမကို ဦးစွာ ကျေးဇူးတင်လိုက်ပြီးနောက် အရေးပေါ်အခြေအနေအတွက် သုံးသောင်းသာ ချန်ထားကာ ကျန်ရှိသော ၁.၈ သန်းကို လျိုယွဲ့ထံသို့ လွှဲပေးလိုက်သည်။
“မင်း ဒီလောက်ငွေအများကြီးကို ဘယ်က ရှာလာတာလဲ။”
လျိုယွဲ့သည် ငွေဝင်လာကြောင်း သူမ၏ ဖုန်းမှ အကြောင်းကြားချက်ကို ကြည့်လိုက်ရပြီးနောက် ဆွံ့အံ့သွားကာ မျက်နှာသုတ်ပုဝါပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျန်းဟန်ကို အလန့်တကြား မော့ကြည့်လိုက်သည်။
ကျန်းဟန်သည် ဤမျှများပြားသော ငွေပမာဏကို ရှာဖွေနိုင်ခဲ့ခြင်းမှာ သူမအတွက် မယုံနိုင်စရာ ဖြစ်နေခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဒုတိယအဆင့်သို့ ယခုလေးတင် ရောက်ရှိထားသည့် အလုပ်သင်အဆင့် သားရဲထိန်းချုပ်သူမျှသာ မဟုတ်ပါလော။
“အဓိကကတော့ ကံကောင်းသွားလို့ပါ။”
ကျန်းဟန်က အကြမ်းဖျင်းသာ ရှင်းပြလိုက်သည်။ အဓိက ငွေရလမ်းများမှာ ဧရာမခွန်းကြီးထံမှ ရရှိသော ပစ္စည်းများနှင့် ကျောင်းမှ ထောက်ပံ့ကြေးများ ဖြစ်သည်။ ချီရှီးမား ဆာကူရာ ထံမှ ရရှိသော ငွေကြေးများနှင့် ပတ်သက်၍မူ သူ ဖုံးကွယ်ထားလိုက်သည်။ အကယ်၍ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ထိုကိစ္စရပ်များကို မေးမြန်းလာပါက ရှင်းပြရန် ခက်ခဲလိမ့်မည် ဖြစ်သောကြောင့်ပင်။
“ကန်မြို့မှာ အဆင့်ကိုး ဟုတ်လား။ ငါ မင်းကို မတွေ့တာ တစ်လပဲ ရှိသေးတယ်။ မင်းက ဒီအဆင့်အထိ တကယ်ပဲ ရောက်အောင် လှမ်းတက်နိုင်ခဲ့တာပဲ။ ဒါက တကယ် အံ့ဩစရာ ကောင်းလွန်းတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ မျက်နှာတွင် ချီးကျူးအသိအမှတ်ပြုသည့် အမူအရာများ ထွက်ပေါ်လာခဲ့သည်။ သူမသည် အိမ်ပြင်ထွက်ခဲသော်လည်း အထွေထွေ အခြေအနေကိုမူ နားလည်သဘောပေါက်ထားဆဲ ဖြစ်သည်။
လွန်ခဲ့သော တစ်လက ကျန်းဟန်၏ စွမ်းအားမှာ သူတို့ကျောင်း၏ နံပါတ်တစ်နှင့် အလှမ်းဝေးကွာနေသေးသည်။ တစ်လအကြာတွင်မူ သူသည် ကန်မြို့တွင် အဆင့်ကိုးနှင့် ကျောင်းခြောက်ကျောင်းတွင် ပထမ ရရှိခဲ့သည်။ ဒါက တကယ့်ကို မယုံနိုင်စရာပင်။ ဤသို့ အောင်မြင်မှုရရှိနိုင်ရန် သူ မည်မျှ ကြိုးစားအားထုတ်ခဲ့ရမည်နည်း။
အထူးသဖြင့် ဆရာမ ဝမ်ယိ ထွက်ခွာသွားပြီးကတည်းက အရာအားလုံးက သူ့အပေါ်တွင်သာ မူတည်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း သူသည် အဆင့်တက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကျောင်း၏ မျက်နှာသာပေးမှုနှင့် ပျိုးထောင်မှုများကိုပါ ရရှိခဲ့လေသည်။
“ဟားဟား.. အစ်မယွဲ့က ကျွန်တော့်ကို မြှောက်ပြောနေပါပြီ။ အဓိကက ကံကောင်းသွားလို့ပါ။”
ကျန်းဟန်က ရယ်မောရင်း နှိမ့်ချစွာ ပြောလိုက်သည်။
“ဒါက ကံတရားနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းက ဆရာမ ဝမ်ယိ အထင်ကြီး လေးစားရတဲ့သူအဖြစ် တကယ်ကို ထိုက်တန်တယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့သည် ကျန်းဟန်အပေါ် ပိုမို၍ ချီးကျူးအသိအမှတ်ပြုစိတ် ဖြစ်ပေါ်လာမိသည်။
ယခင်က သူမ ကျန်းဟန်အပေါ် ဆက်ဆံပုံမှာ ဆရာမ ဝမ်ယိ၏ မျက်နှာကို ထောက်ထားခြင်းကြောင့်သာ ဖြစ်သည်။ ယခုမူ သူမ၏ စိတ်ထဲတွင် ချီးကျူးလေးစားစိတ် ပိုမိုတိုးပွားလာပြီး ကျန်းဟန်သည် အမှန်တကယ်ပင် ကူညီပံ့ပိုးပေးရန် ထိုက်တန်သူတစ်ဦးဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ၏ အနာဂတ်အလားအလာမှာ အကန့်အသတ်မရှိသဖြင့် မိတ်ဆွေကောင်းတစ်ဦးအဖြစ် လက်တွဲထားနိုင်သည်။
“ဒါနဲ့.. မကြာသေးခင်က လူပြောအများဆုံးဖြစ်ခဲ့တဲ့ ခွန်းဖြစ်ရပ်ရဲ့ ဇာတ်လိုက်က တကယ်တော့ မင်း ဖြစ်နေတာပဲ။ မင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ငါ့ကို နည်းနည်းလောက် ပြောပြပါဦး။ ငါလည်း ခွန်းအကြောင်းကို အတော်လေး စိတ်ဝင်စားနေတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
မွေးမြူရေးပညာရှင်တစ်ဦးအနေဖြင့် သူမသည် ဒဏ္ဍာရီလာသားရဲကြီးများအကြောင်းကို သဘာဝအတိုင်း အလွန် စိတ်ဝင်စားသည်။
သို့သော် သူမသည် သတင်းအချက်အလက်ပိုင်းတွင် သိပ်မကျွမ်းကျင်လှသလို သူမ၏ ကိုယ်ပိုင်အဆင့်အတန်းမှာလည်း အထွေထွေအသိအမှတ်ပြုခံရမှု အားနည်းသေးသဖြင့် အသေးစိတ်အချက်အလက်များနှင့် လျှို့ဝှက်ချက်များကို ရယူရန် ခက်ခဲနေခြင်း ဖြစ်သည်။
ကျန်းဟန်သည် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး ဖြစ်နေခြင်းက သူမအတွက် အလွန်ပင် ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့ရသည်။
“ဒါကတော့ သဘာဝအတိုင်း ပြဿနာမရှိပါဘူး။ အစ်မလျိုယွဲ့ကို ရှင်းပြရတာက ကျွန်တော့်အတွက် ဝမ်းသာစရာပါပဲ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ အမူအရာ ပြောင်းလဲသွားခြင်းမှာ သူ လုံးဝ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သူသည် အမှန်တကယ် ဆရာမ ဝမ်ယိ၏ နာမည်ကို အသုံးချပြီး ဆေးရည်များကို အကြွေးဖြင့် ဝယ်ယူနိုင်သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့လို လူမျိုးများ၏ အထင်သေးမှုကိုသာ ခံရလိမ့်မည်ဖြစ်ကြောင်း သူ သိရှိထားသည်။ တစ်ချိန်တည်းမှာပင် သူမ၏စိတ်ထဲတွင် သူသည် ဆရာမ ဝမ်ယိကိုသာ မှီခိုအားထားတတ်သူဟူသော အထင်အမြင်လွဲမှားမှုကိုလည်း ပေးစွမ်းနိုင်ခြေ ရှိသည်။
ဆရာမ ဝမ်ယိကြောင့် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့သည် သူ၏အပေါ်တွင် မကောင်းသော အမူအရာများ ပြသမည်မဟုတ်သော်လည်း အကယ်၍ သူသည် သူမထံမှ တစ်ခုခုကို သင်ယူလိုလျှင် သို့မဟုတ် နားလည်လိုလျှင်မူ သူမသည် သူ့ကို အသေအချာ ပြောပြလိမ့်မည်မဟုတ်ဘဲ ပေါ့ပေါ့တန်တန်သာ လှည့်ပတ်ပြောဆိုပေလိမ့်မည်။
ဟုတ်ပါသည်..။ ကျန်းဟန်၏ ပြုမူနေထိုင်ပုံမှာ အမြဲတမ်း ကောင်းမွန်ခဲ့ပြီး စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ အမုန်းကို ခံရမည့်အပြုအမူမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။ ၎င်းကို သူမက သူ့အား မမယွဲ့ဟု ခေါ်ခွင့်ပြုခဲ့ခြင်းကပင် သက်သေပြနေသည်။
ထို့ပြင် သူ ခုနက ပြသခဲ့သော အမျိုးမျိုးသော အရည်အချင်းများက စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို ပိုမို အထင်ကြီးလေးစားသွားစေပြီး သူ့ကို အမှန်တကယ် အသိအမှတ်ပြုလာစေခဲ့သည်။ လျိုယွဲ့၏ သဘောထားမှာလည်း ကျန်းဟန် မျှော်လင့်ထားသည့်အတိုင်းပင် သူ့ကို ဆရာမ ဝမ်ယိ၏ တပည့်တစ်ဦးအဖြစ်သာ သဘောမထားတော့ဘဲ သူမ၏ ကိုယ်ပိုင် မိတ်ဆွေရင်းတစ်ဦးကဲ့သို့ ဆက်ဆံလာခြင်း ဖြစ်သည်။
ထိုအရာများ အားလုံးသည် ကျန်းဟန်၏ စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့သည် စီနီယာအဆင့် မွေးမြူရေးပညာရှင်တစ်ဦး ဖြစ်ပြီး အလွန်လည်း ငယ်ရွယ်သေးရာ သူမနှင့် မိတ်ဆွေဖွဲ့ထားခြင်းက အလွန်ပင် တန်ဖိုးရှိလှပေသည်။
အကယ်၍ ၎င်းက သူ၏ အတန်းခေါင်းဆောင် ချန်းလန်ကဲ့သို့သော အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူ့အပေါ်တွင် ထားရှိသော အထင်အမြင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူ ဂရုစိုက်နေမည်မဟုတ်သလို ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန်လည်း နှိမ့်ချနေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လုံးဝ တန်ဖိုးမရှိဟု ခံစားရပြီး သူ့အတွက် မည်သည့် တိုးတက်မှုကိုမျှ ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်သောကြောင့်ပင်။ ထို့အပြင် ကျောင်းပြီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အသီးသီး လမ်းခွဲသွားကြမည်ဖြစ်ရာ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံနေခြင်းက အမှန်တကယ်ပင် အဓိပ္ပာယ်မရှိလှပေ။
အခန်း ၁၂၄
“ကျန်းဟန် မင်းလွှဲပေးတဲ့ ငွေက သားရဲနှစ်ကောင်အတွက် တစ်လစာ ဆေးရည်ပြင်ဆင်ဖို့တောင် ပိုနေသေးတယ်။ မင်းက ပိုပြီးကောင်းမွန်တဲ့ ဆေးရည်မျိုးကို ဖော်စပ်ချင်တာလား။ ဒါမှမဟုတ်...”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က မေးလိုက်သည်။
“အစ်မယွဲ့...အဲ့ဒီငွေအားလုံးကို သုံးပြီး အကုန်ဖော်စပ်ပေးလိုက်ပါ။ ကျွန်တော့်ရဲ့ စွမ်းအားကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်နေလို့ပါ။ ငွေကြေးဆိုတာကတော့ ပြင်ပပစ္စည်းတွေသက်သက်ပါပဲ။”
ကျန်းဟန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ပြောတာကောင်းတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းငြိမ့်လျက် ကျန်းဟန်၏ စကားကို သဘောတူထောက်ခံလိုက်သည်။ ဤကမ္ဘာတွင် သန်မာမှုတစ်ခုတည်းသာလျှင် အဓိကအကျဆုံး ဖြစ်သည်။
သူမသည် သူ့အတွက် ဆေးရည်ဖော်စပ်ပေးခြင်းမှ အမြတ်အစွန်းယူမည်မဟုတ်ပေ။ သူမသည် ဝိညာဉ်အပင်များနှင့် အခြားပစ္စည်းများကို အရင်းဈေးဖြင့်သာ တွက်ချက်ပေးခဲ့ပြီး သူမတွင် ရှိနှင့်ပြီးသား ဝိညာဉ်အပင်အချို့အတွက်ပင်မယူခဲ့ချေ။
ထို့ကြောင့် ကျန်းဟန်၏ ၁.၈ သန်းသည် အကောင်းဆုံး တတိယအဆင့် ဆေးရည်များကို ဖန်တီးရန်အတွက် ထိပ်တန်းအဆင့် ပစ္စည်းအချို့ကို အလွယ်တကူ ဝယ်ယူနိုင်သည်။
သာမန်မိသားစုမှ ဆင်းသက်လာသော တပည့်များသည် ၎င်းတို့၏ သားရဲများကို ကျွေးမွေးရန် ယခုကဲ့သို့ ဇိမ်ခံဆေးရည်မျိုး မသုံးစွဲနိုင်ကြချေ။ မျိုးရိုးကြီး မိသားစုများမှ အမွေဆက်ခံသူများသာလျှင် ဤအဆင့်အတန်းမျိုးကို သုံးစွဲနိုင်ကြခြင်း ဖြစ်သည်။
“ဆေးရည်ဖော်စပ်တာက အချိန်အနည်းငယ် ကြာလိမ့်မယ်။ မင်း ဒီမှာပဲ စောင့်မလား၊ ဒါမှမဟုတ် တခြားအစီအစဉ် ရှိသေးလား။”
လျိုယွဲ့က ထပ်မံမေးမြန်းလိုက်သည်။
“ကျွန်တော် ဒီမှာမစောင့်တော့ဘူး။ အနီးနားက တောရိုင်းမြေရိုင်းဒေသဆီ သွားပြီး စွန့်စားခန်းဖွင့်ရင်း သားရဲအချို့ကို အမဲလိုက်ဖို့ စိတ်ကူးထားတယ်။”
ကျန်ဟန်က ခေါင်းခါကာ ပြောလိုက်သည်။
“အို.. သိပြီ။ ဒါဆိုရင်တော့ မင်း သတိထားရမယ်။ အထူးသဖြင့် တခြား သားရဲထိန်းချုပ်သူတွေကိုပဲ။ တောရိုင်းဒေသက မြို့ထဲနဲ့မတူဘူး။ လှည့်စားတာတွေနဲ့ အကြမ်းဖက်တာတွေက အဲ့ဒီမှာ ပုံမှန်လို ဖြစ်နေတာ။”
လျိုယွဲ့က ကျန်းဟန်ကို သတိပေးလိုက်သော်လည်း တားဆီးခြင်းတော့ မပြုခဲ့ပေ။ လူတစ်ယောက် ကြီးပြင်းရင့်ကျက်လာရန်အတွက် ဤအရာများကို တစ်ကိုယ်တည်း ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်သည်။
“နားလည်ပါပြီ။ ဒါဆို ကျွန်တော် သွားပါတော့မယ် အစ်မယွဲ့။ ည ပြန်လာမှ ခွန်းအကြောင်းကို ပြောပြပါ့မယ်။”
ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် နှုတ်ဆက်ထွက်ခွာလာခဲ့လိုက်သည်။
“အင်း.. သွားလေ။”
လျိုယွဲ့က ခေါင်းငြိမ့်ရင်း လက်ယမ်းပြလိုက်သည်။
လျိုယွဲ့၏ သားရဲမွေးမြူပျိုးထောင်ရေး အခန်းမှ ထွက်ခွာပြီးနောက် ကျန်းဟန်သည် တောရိုင်းဒေသဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့လိုက်၏။ သူသည် ဒေသခံ သားရဲထိန်းချုပ်ရေး ဗဟိုဌာနသို့ မသွားခဲ့ပေ။ ထိုနေရာသည် လူစုံလှပြီး သူ့ကဲ့သို့ လူသစ်တစ်ယောက်ကို မြင်ပါက ဒုက္ခရှာရန်သာ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေလိမ့်မည်။
တောရိုင်းဒေသသို့ ရောက်သည်နှင့် ကျန်းဟန်သည် မိုးကြိုးတောင်၏ လမ်းကြောင်းကို အတည်ပြုကာ ၎င်းဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။
ဤတောတွင်းဈေးကွက် တည်ရှိနေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ရာ အနီးနားရှိ သားရဲများကို အမဲလိုက် သုတ်သင်ပြီးသား ဖြစ်နေသောကြောင့် လမ်းခရီးတွင် ကျန်းဟန် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။
လက်ရွေးစင်အဆင့် သားရဲအနည်းငယ် ပေါ်လာခဲ့သော်လည်း ၎င်းတို့သည် သူ့ကို တစ်ချက်လှမ်းကြည့်ကာ ထွက်ပြေးသွားကြသည်။ သို့သော်လည်း ၎င်းတို့ကို ဟုတ်ဟုတ်က အလျင်အမြန်ပင် ဖမ်းဆီးနှိမ်နင်းလိုက်ပြီး ၎င်းတို့၏ သားရဲအမြုတေများကို ထုတ်ယူလိုက်သည်။
ခေါင်းဆောင်အဆင့်သို့ တက်လှမ်းပြီးနောက် ဟုတ်ဟုတ်သည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားများကို ကန့်သတ်ချက်မရှိ သုံးစွဲနိုင်လာ၏။ ခေါင်းဆောင်အဆင့် သားရဲအနည်းငယ်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုပင် မကြောက်တော့ရာ လက်ရွေးစငါအဆင့် ကောင်လေးများကိုမူ ပြောနေစရာပင် မလိုတော့ပေ။
နှစ်လယ်စာမေးပွဲသည် စာမေးပွဲတစ်ခုကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ သားရဲထိန်းချုပ်သူအသစ်များကို တောရိုင်းဒေသ၌ ရှင်သန်ရပ်တည်ရန်နှင့် ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ပုံရိပ်ယောင်များ အသုံးပြု၍ တိုက်ခိုက်ရေးစွမ်းရည်နှင့် အရည်အချင်းများ ပေးအပ်ခြင်းသာ ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းက လက်ဆောင်တစ်ခု ပေးခြင်းပင် ဖြစ်သည်။
ယခုခေတ်တွင် ယုန်နိုင်ငံသာလျှင် သာမန်ရိုးသားသော ပြည်သူများအတွက် ယခုကဲ့သို့ ကြီးမားလှသော ကြိုးပမ်းအားထုတ်မှုမျိုးကို လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ အခြားနိုင်ငံများသည် ယေဘုယျအားဖြင့် အထက်တန်းလွှာမျိုးရိုးများ၊ မိသားစုကြီးများ၊ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကသာ လွှမ်းမိုးထားသည့် အဆင့်မြင့်ပညာရေး စနစ်ကိုသာ ကျင့်သုံးကြပြီး သာမန်လူတန်းစားများ၏ ဘဝကိုမူ လုံးဝ ဂရုမစိုက်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်ထူးခြားလှသော စွမ်းအားများကြောင့် အောက်ခြေလူတန်းစားများအနေဖြင့် အထက်တန်းလွှာများကို တော်လှန်ပုန်ကန်ရန်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကထက် များစွာ ပိုမိုခက်ခဲသွားသောကြောင့် ဖြစ်သည်။ အခွင့်အရေး လုံးဝမရှိသလောက်ဟုပင် ပြောနိုင်သည်။
ဟုတ်ဟုတ်သည် စာမေးပွဲအဆင့် တစ်ရာစလုံးကို ကျော်ဖြတ်ခဲ့ပြီး အမျိုးမျိုးသော အစွမ်းထက်သားရဲများနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ၎င်း၏ ကိုယ်ပိုင် တိုက်ခိုက်ရေးပါရမီနှင့် ပေါင်းစပ်လိုက်သည့်အခါ မည်သည့်အခြေအနေမျိုးကိုမဆို အမိန့်ပေးစရာမလိုဘဲ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
လမ်းခရီးတစ်လျှောက်တွင် ကျန်းဟန်သည် ဟုတ်ဟုတ်အား အသစ်သင်ယူထားသော စွမ်းရည်ကို ကျွမ်းကျင်လာစေရန် အရိပ်အလင်းဓားကို ဆက်တိုက် သုံးစွဲခိုင်းခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအား နည်းပါးလာသောအခါတွင်မူ ပြန်လည်ဖြည့်တင်းရန် ဆေးရည်များနှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲ များကို စားသုံးစေခဲ့သည်။
တစ်နာရီခွဲခန့် လမ်းလျှောက်ပြီးနောက် ကျန်းဟန်သည် မိုးကြိုးတောင်ကို လှမ်းမြင်လိုက်ရ၏။ ထိုမြင်ကွင်းမှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။
မိုးကြိုးတောင်၏ ပင်မတောင်ထိပ်သည် အလွန်ချွန်ထက်သော စေတီပုထိုးသဏ္ဍာန် တောင်တစ်လုံးဖြစ်ပြီး ၎င်း၏ပတ်ပတ်လည်တွင် ပိုမိုနိမ့်ပါးသော တောင်ထိပ်အချို့ ဝိုင်းရံထားသည်။
အဝေးမှ လှမ်းကြည့်လျှင် မိုးကြိုးတောင်၏ ပင်မတောင်ထိပ်သည် ထူထပ်သော အနက်ရောက်တိမ်တိုက်ကြီးများအောက်တွင် နစ်မြုပ်နေ၏။ ထိုတိမ်တိုက်များသည် ဆယ်ကီလိုမီတာခန့် ကျယ်ဝန်းပြီး ခရမ်းရောင်မိုးကြိုးများသည် တောင်ထိပ်ဆီသို့ အဆက်မပြတ် ပစ်ခတ်နေကာ ၎င်းနှင့်အတူ ပြင်းထန်သော မိုးခြိမ်းသံကြီးများပါ ဘေးပတ်ဝန်းကျင်သို့ ပျံ့လွှင့်နေပြီး တစ်ခါတစ်ရံတွင် ပြင်းထန်သော လေပြင်းများနှင့် မိုးစက်မိုးပေါက်များပါ ကျရောက်လာတတ်သည်။
သို့သော် ဆယ်ကီလိုမီတာအကွာအဝေးတွင်မူ ကောင်းကင်၌ တိမ်တစ်လိပ်မျှမရှိဘဲ ပြာလွင်နေပြီး ရွှေရောင်နေခြည်များမှာ အရပ်မျက်နှာအနှံ့မှ ထိုအနက်ရောက်တိမ်တိုက်ကြီးများထဲသို့ ထိုးဖောက်လင်းလက်နေကာ စိတ်ကူးယဉ်ဆန်ပြီး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်နေစေသည်။
မိုးကြိုးတောင်၏ ဤထူးခြားဆန်းကြယ်သော မြင်ကွင်းသည် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ လူအချို့သည် ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတည်းက ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ နှစ်ပေါင်းငါးဆယ်၊ အချို့ကမူ လွန်ခဲ့သော ဆယ်နှစ်ကမှ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။
ကျန်းဟန် ထိုတောင်တန်းကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျောက်တုံးလောင်းကစား လုပ်စဉ်က နဂါးဦးချို အစိတ်အပိုင်းတစ်လုကို သူတူးဖော်မိကတည်းက ဤဒဏ္ဍာရီလာတောင်ကြီးနှင့် ပတ်သက်၍ ထူးခြားသော ဆက်နွယ်မှုတစ်ခု ရှိနေသည်ဟု သူအမြဲ ခံစားနေခဲ့ရသည်။
ရှေ့သို့ အနည်းငယ် ဆက်လက်လျှောက်သွားပြီးနောက် မိုးများ စတင်ရွာသွန်းလာ၏။ သူ မိုးကြိုးတောင်၏ နယ်မြေထဲသို့ တရားဝင် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ထိုစဉ်....
“ရှူးးး”
ကျန်းဟန်၏ ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် တောက်ပသော အစင်းကွက်များရှိသည့် မြွေဟောက်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်သည်။ ၎င်းသည် နီရဲသော လျှာကို ထုတ်ကာ အသံပြုနေပြီး ၎င်း၏မျက်လုံးထဲတွင်မူ လျှပ်စီးအလင်းတန်းများ လက်ခနဲ လက်ခနဲ ဖြစ်နေ၏။
“လျှပ်စီးကွက်စပါးအုန်းမြွေ အဆင့် ၃ အစောပိုင်းအဆင့်ပဲ။ နောက်ဆုံးတော့ အဆင့်မြင့် သားရဲတစ်ကောင်နဲ့ တိုးပြီ။”
ကျန်းဟန်သည် လျှပ်စီးကွက်စပါးအုန်းမြွေကို တစ်ချက်ကြည့်လိုက်ပြီး ဟုတ်ဟုတ်ကို သတိပေးလိုက်သည်။
“သတိထား။ သူ့မှာ ထုံကျင်လျှပ်စီးပိုက်ကွန် စွမ်းရည် ရှိနိုင်တယ်။ အကယ်၍ ထိမှန်သွားရင် မင်း ယာယီ ထုံကျင်သွားလိမ့်မယ်။ အခြေအနေကို စမ်းသပ်ဖို့ အရိပ်အလင်းဓားကို အရင်သုံးလိုက်။”
“ဂူးးး”
ဟုတ်ဟုတ်သည် အလျင်စလို ရှေ့မတက်သွားဘဲ အတောင်ပံများကို ခတ်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်မှ နက်မှောင်သော ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အမွှေးအတောင်သဏ္ဍာန်ရှိသော အရိပ်ဓားမြှောင်များ လွင့်ပျံထွက်သွားခဲ့သည်။
“ဖျောက်...ဖျောက်...”
သစ်ပင်များ ကျိုးပျက်သွားသော အသံအချို့နှင့်အတူ လျှပ်စီးကွက်စပါးအုန်းမြွေသည် ၎င်း၏အမြီးကို အသုံးပြု၍ လက်ဆေးကန်တစ်ခုစာခန့် ထူသော သစ်ပင်တစ်ပင်ကို ရိုက်ချိုးကာ ဟုတ်ဟုတ်ထံသို့ လွှဲရိုက်ပစ်လိုက်သည်။
သို့သော်လည်း ထိုသစ်ပင်များသည် အရိပ်အလင်းဓားနှင့် ရင်ဆိုင်ရသောအခါ ထက်မြက်သော ဓားတစ်ချောင်းက စက္ကူကို ဖြတ်တောက်လိုက်သကဲ့သို့ အလွယ်တကူပင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။ သစ်ပင်များသည် အပိုင်းပိုင်း ပြတ်တောက်သွားသော်လည်း အရိပ်ဓားမြှောင်များမှာမူ ဆက်လက်ပျံသန်းနေဆဲဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးကွက်စပါးအုန်းမြွေ၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။
“ရှူးးး”
ထိုအချိန်တွင် လျှပ်စီးကွက်စပါးအုန်းမြွေသည် ၎င်း၏လျှာကို ထုတ်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ငွေဖြူရောင် လျှပ်စီးပိုက်ကွန်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘမ်း...”
ပေါက်ကွဲသံတစ်ခုနှင့်အတူ လျှပ်စီးပိုက်ကွန်နှင့် အရိပ်ဓားမြှောင်တို့သည် တစ်ပြိုင်နက်တည်း တောက်ပသော ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲကွယ်ပျောက်သွားခဲ့သည်။
ဝိညာဉ်အလင်းတန်းများကြားထဲမှ လျှပ်စီးကွက်စပါးအုန်းမြွေသည် အခြားသစ်ပင်တစ်ပင်ဆီသို့ အလျင်အမြန် တွားသွားလိုက်၏။ ယခုသစ်ပင်မှာမူ ၎င်းအတွက် စိတ်မချရတော့ပေ။
ဟုတ်ဟုတ်သည်လည်း အရိပ်ပုန်းကွယ်ခြင်း စွမ်းရည်ကို အသုံးပြုထားခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအား ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ၏ ဖုံးကွယ်မှုကို အခွင့်ကောင်းယူကာ ၎င်းသည် တည်နေရာကို ပြောင်းလဲလိုက်ပြီး သွေးအရိပ်တိုက်ကွက်ဖြင့် အောက်သို့ ထိုးဆင်းတိုက်ခိုက်လိုက်သည်။
သွေးအရိပ်တိုက်ကွက် လျှပ်စီးကွက်စပါးအုန်းမြွေကို ထိမှန်တော့မည့် ဆဲဆဲတွင် ၎င်း၏ ခန္ဓာကိုယ်ပြင်ပ၌ ငွေရောင်လျှပ်စီး အကာအကွယ်စက်ဝန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းအထဲတွင် လျှပ်စီးအလင်းတန်းများ လက်ခနဲ လက်ခနဲ ဖြာထွက်နေခဲ့သည်။
သွေးအရိပ်တိုက်ကွက်သည် အတိုင်းအတာတစ်ခုအထိ ထိုးဖောက်နိုင်စွမ်းရှိသော်လည်း ထိုလျှပ်စီးအကာအကွယ်ကို ဖြတ်သန်းပြီးနောက်တွင်မူ အရောင်မှာ မှိန်ဖျော့သွားခဲ့သည်။ လျှပ်စီးကွက်စပါးအုန်းမြွေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ ၎င်း၏ခန္ဓာကိုယ်ကို အနည်းငယ် တွန့်လိမ်သွားစေရုံမျှသာ တတ်နိုင်ခဲ့ပြီးနောက် လုံးဝ ဥဿုံ ကွယ်ပျောက်သွားတော့သည်။
သဘာဝအတိုင်းပင် ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လျှပ်စီးသည် သွေး အပေါ် နှိမ်နင်းနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ယန်ဓာတ်ဆန်သော အရာများသည် သွေးစွမ်းအင်ကို အလွန်အမင်း နှိမ်နင်းနိုင်စွမ်း ရှိကြသည်။
“လျှပ်စီးဘောလုံး အကာအကွယ်ပဲ။ ဒီလျှပ်စီးကွက်စပါးအုန်းမြွေမှာ အကွက်အချို့ ရှိနေတာပဲ။ သူက ဒီစွမ်းရည်ကို တကယ် တတ်မြောက်ထားတယ်။”
ကျန်းဟန်၏ မျက်နှာ၌ အံ့အားသင့်ရိပ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ လျှပ်စီးဘောလုံး အကာအကွယ်သည် လျှပ်စီးအမျိုးအစား သားရဲများအတွက် အလွန်ကောင်းမွန်သော ခံစစ်စွမ်းရည်တစ်ခုဖြစ်ပြီး လျှပ်စီးဒြပ်စင်အပေါ် နက်နက်နဲနဲ နားလည်သဘောပေါက်မှု ရှိရန် လိုအပ်သည်။ မိုးကြိုးတောင်ရှိ လျှပ်စီးနှင့် မိုးကြိုးအမျိုးအစား သားရဲများသည် ပတ်ဝန်းကျင်ကြောင့် အခြားနေရာများက သားရဲများထက် များစွာ ပိုမိုသန်မာလာကြပုံရသည်။
သို့သော်လည်း သူ ဘာမှစိုးရိမ်ပူပန်ခြင်း မရှိပေ။ သွေးအရိပ်တိုက်ကွက်ပင်လျှင် စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ ထိမှန်သွားပါက သွေးအရိပ်၏ သက်ရောက်မှုအပေါ် အခြေခံကာ ရေရှည်တိုက်ပွဲ ဆင်နွှဲနိုင်မည် ဖြစ်သောကြောင့် အကောင်းဆုံး ဖြစ်လိမ့်မည်။
မထိမှန်ခဲ့လျှင်လည်း ကိစ္စမရှိပေ။ လျှပ်စီးကွက်စပါးအုန်းမြွေ၏ အခြေခံစွမ်းအားကို စမ်းသပ်ပြီးပြီဖြစ်ရာ ယခုအချိန်မှစပြီး ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသွားပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိ ဟုတ်ဟုတ်အဖို့ ဤကဲ့သို့သော စွမ်းရည်မျိုးကို နောက်ထပ် ဆယ်ကြိမ်ထက်မနည်း ထပ်မံအသုံးပြုနိုင်သည်။
လက်ရွေးစင်အဆင့်နှင့် ခေါင်းဆောင်အဆင့်ကြားတွင် ကြီးမားလှသော ကွာဟချက် ရှိနေသည် မဟုတ်ပါလော။
“ရှူးးး”
ဟုတ်ဟုတ်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် လျှပ်စီးကွက်စပါးအုန်းမြွေမှာ အလွန်ဒေါသထွက်သွားပုံရသည်။ ၎င်းသည် သစ်ပင်ပေါ်မှ တိုက်ရိုက်တွားဆင်းလာပြီး ကျန်းဟန်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
၎င်းသည် ကောင်းကင်မှ ထိုမုန်းစရာကောင်းသော ခြင်ကောင်လေးကို မထိမှန်နိုင်သော်လည်း မြေပြင်ပေါ်က ပိုးကောင်လေးကိုတော့ တစ်ခုခုလုပ်နိုင်မည်မှာ အသေအချာပင်။
ကျန်းဟန် လျှပ်စီးကွက်စပါးအုန်းမြွေကို ကြည့်လိုက်၏။ ၎င်းသည် သူ၏ပေါင်ထက်ပင် ပိုမိုတုတ်ခိုင်ပြီး ရှစ်မီတာခန့် ရှည်လျားသော ခန္ဓာကိုယ်ကြီးကို ဖော်ထုတ်ပြသလာရာ သူ၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်လာခဲ့သည်။
“ဒီကောင်က တော်တော်ပါးနပ်တာပဲ။ ငါ့ဆီကိုတောင် တန်းတန်းမတ်မတ် လာနေတယ်။ ဒါပေမဲ့ ဒါက အခွင့်ကောင်းတစ်ခုပဲ။”