← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း ၁၂၅

ကျန်းဟန်သည် လျှပ်စီးကွက်စပါးအုန်းမြွေကြီး၏ တိုးဝင်လာမှုကို မကြောက်ရွံ့ခဲ့ပေ။ ဤသည်မှာ သားရဲထိန်းချုပ်သူတိုင်း ကြုံတွေ့ရစမြဲ အခြေအနေတစ်ခု ဖြစ်သည်။

မြေပြင်သည် အနည်းငယ် တုန်ခါနေပြီး သစ်ပင်များမှာလည်း တရစပ်ယိမ်းထိုးနေကြသည်။ လျှပ်စီးကွက်စပါးအုန်းမြွေကြီး၏ မြေပြင်ပေါ်ရှိ အရှိန်မှာ အမှန်ပင် နှေးကွေးခြင်း မရှိကြောင်း ထင်ရှားစွာ ပြသနေခဲ့သည်။

ဤသတ္တဝါသည် တိတ်ဆိတ်စွာပင် တိုးဝင်လာပြီး ၎င်းပေးစွမ်းသည့် ဖိအားမှာ ပုံရိပ်ယောင်လောကထဲကထက် ပိုမိုလက်တွေ့ကျသည်။ အကယ်၍ ကျန်းဟန်၏ သေးငယ်သော ခန္ဓာကိုယ်သာ ၎င်းနှင့် ထိမိသွားပါက သေချာပေါက် အသက်ဆုံးရှုံးရလိမ့်မည်။

“ဂူး...ဂူးးးး”

ထိုစဉ် ကောင်းကင်တွင်ရှိနေသော ဟုတ်ဟုတ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ပြီး အရိပ်အလင်းဓား တစ်ဒါဇင်ခန့် အောက်သို့ ပျံသန်းကျဆင်းလာခဲ့သည်။ ဤအရိပ်အလင်းဓားများသည် ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲရသော်လည်း လျှပ်စီးကွက် စပါးအုန်းမြွေကြီးအတွက်မူ ၎င်းတို့သည် မလွဲမသွေ ခုခံကာကွယ်ရမည့် တိုက်ခိုက်မှုများ ဖြစ်သည်။

သွေးအမျိုးအစား ကျွမ်းကျင်မှုများနှင့် မတူဘဲ အမှောင်အမျိုးအစား ကျွမ်းကျင်မှုများသည် လျှပ်စီးအမျိုးအစား ခုခံမှုများကို ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ပိုမိုအားကောင်းသော ထိုးဖောက်နိုင်စွမ်းရှိသည်။ အကယ်၍ လျှပ်စီးကွက် စပါးအုန်းမြွေသာ မခုခံဘဲ နေဝံ့ပါက ၎င်း၏ခန္ဓာကိုယ်မှာ အပေါက်ကြီးများဖြင့် ပြည့်နှက်သွားပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင်...လျှပ်စီးကွက် စပါးအုန်းမြွေသည် လျှပ်စီးကွန်ရက်တစ်ခုကို ချက်ချင်းဖန်တီးလိုက်ပြီး အရိပ်အလင်းဓားများအားလုံးကို ချေဖျက်ရန် ကြိုးစားလိုက်သည်။ ယခင်အကြိမ်နှင့် မတူသည်မှာ ဟုတ်ဟုတ်သည် အရိပ်အလင်းဓားများကို အစီအစဉ်တကျ ပို့လွှတ်လိုက်ခြင်းဖြစ်သည်။ ရှေ့မှဓားများက လျှပ်စီးကွန်ရက်ကို ဖောက်ခွဲလိုက်ပြီး နောက်မှဓားများကမူ အတားအဆီးမရှိ ဖြတ်သန်းသွားနိုင်ခဲ့သည်။

ဤအခြေအနေကြောင့် လျှပ်စီးကွက် စပါးအုန်းမြွေကြီးမှာ အံ့အားသင့်သွားခဲ့ရသည်။ သူသည် ယခင်က လျှပ်စီးကွန်ရက်အတွက် စွမ်းအင်များစွာ သုံးစွဲထားမိသဖြင့် ခဏတာအတွင်း၌ ပိုမိုအားကောင်းသော လျှပ်စီးဘောလုံး အကာအကွယ်ကို ဖန်တီးနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းသည် ဦးခေါင်းကို အမြန်လှည့်၍ လျှပ်စီးဘောလုံးများဖြင့် အရိပ်အလင်းဓားများကို ချေဖျက်ရန်သာ ကြိုးစားနိုင်တော့သည်။

သို့သော် ဓားများမှာ အလွန်နီးကပ်နေပြီဖြစ်ပြီး လျှပ်စီးဘောလုံးများ၏ စွမ်းအားမှာလည်း မလုံလောက်ပေ။

“ဝုန်း...”

ဝိညာဉ်စွမ်းအား ပေါက်ကွဲသံများနှင့်အတူ အသားများ ပြဲထွက်သွားသည့် အသံများကိုပါ ကြားလိုက်ရ၏။

“ဟစ်....”

လျှပ်စီးကွက် စပါးအုန်းမြွေကြီး၏ ခန္ဓာကိုယ်မှ လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အလွန်အမင်း ဒေါသထွက်သွားပြီး ဟုတ်ဟုတ်ဆီသို့ လျှပ်စီးဘောလုံးများကို ဆက်တိုက် ပစ်လွှတ်တော့သည်။

၎င်း၏ကျောပြင်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာ ငါးခု သို့မဟုတ် ခြောက်ခုခန့် ရှိနေ၏။ ထိုဒဏ်ရာများမှ အနက်ရောင် ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်ကာ အသားများကို စားသုံးနေပြီး ၎င်း၏ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေသည့်အပြင် အနက်ရောင်သွေးများလည်း မရပ်မနား စီးကျနေခဲ့သည်။

သွေးနတ်ဆိုးစွမ်းရည်သည် ဂုဏ်သတ္တိများကို ခွဲခြားခြင်းမရှိချေ။ ဟုတ်ဟုတ်၏ တိုက်ခိုက်မှုတိုင်းက သွေးထွက်စေသည့် အာနိသင်ကို ဖြစ်ပေါ်စေနိုင်သည်။

“ဂူး...ဂူးးးး”

လျှပ်စီးဘောလုံးများကို ရင်ဆိုင်ရာတွင် ဟုတ်ဟုတ်သည် လုံးဝဂရုမစိုက်ဘဲ ပိုမိုမြင့်မားသည့်နေရာသို့ ပျံတက်သွားကာ ၎င်း၏ အလွန်မြန်ဆန်သော အရှိန်ကို အသုံးပြု၍ ရှောင်တိမ်းလိုက်သည်။

ကျန်းဟန်သည် ပိုဝေးသည့်နေရာသို့ ပြေးသွားလိုက်၏။ အလွန်အမင်း ဒေါသထွက်နေသော လျှပ်စီးကွက် စပါးအုန်းမြွေကြီးကို ကြည့်ရင်း ဤအသေအကြေတိုက်ပွဲတွင် သူ အနိုင်ရရှိတော့မည်ကို သူသိလိုက်သည်။

လျှပ်စီးကွက် စပါးအုန်းမြွေကြီးက သူ့ကို လိုက်လံတိုက်ခိုက်နေသည့် အချိန်ကာလသည် ဟုတ်ဟုတ်အတွက် စွမ်းအင်စုစည်းရန် အချိန်လုံလောက်စွာ ရရှိစေခဲ့သည်။ ဟုတ်ဟုတ်သည် အရိပ်အလင်းဓားများကို အသုံးပြုရာတွင် ကျွမ်းကျင်မှု မရှိသေးသဖြင့် စောစောကကဲ့သို့ အစီအစဉ်တကျ ပစ်လွှတ်ရန် အချိန်အနည်းငယ် လိုအပ်ခဲ့ခြင်း ဖြစ်သည်။

“အလျင်မလိုနဲ့။ ဖြည်းဖြည်းချင်းပဲလုပ်။ သေခါနီးမှာ လုပ်မယ့် သူ့ရဲ့ နောက်ဆုံးရိုက်ချက်ကြးကို သတိထားပြီး ရှောင်တိမ်းလိုက်။”

ကျန်းဟန်က ဟုတ်ဟုတ်ကို သတိပေးလိုက်သည်။ ဟုတ်ဟုတ်အနေဖြင့် အောင်မြင်မှုအတွက် လောဘတက်ကာ ရှေ့ကို အလောတကြီး တိုးသွားမည်ကို သူစိုးရိမ်မိသည်။

ဟုတ်ဟုတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်ကို မြင်သောအခါ လျှပ်စီးကွက် စပါးအုန်းမြွေကြီးသည် ကျန်းဟန်ထံသို့ ပြန်လှည့်လာပြီး သူ့အပေါ် ဒေါသကို ပုံချရန် လျှပ်စီးဘောလုံးများကို ပစ်လွှတ်လိုက်တော့သည်။

သို့သော် ကျန်းဟန်မှာ အလွန်ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး လျှပ်စီးဘောလုံးများမှာ သစ်ပင်များကို ဖြတ်ကျော်ကာ သူ့ကို ထိမှန်ရန်မှာ ခက်ခဲသည်။

လျှပ်စီးကွက် စပါးအုန်းမြွေကြီးသည် ဤအချိန်တွင် ကျောဘက်ကို ထပ်မံပြသလိုက်သော်လည်း ဟုတ်ဟုတ်သည် အနီးသို့ ချဉ်းကပ်ရန် အစီအစဉ်မရှိဘဲ အဝေးမှနေ၍ သွေးအရိပ်သုံးခုကိုသာ ပစ်လွှတ်လိုက်သည်။

“ဟစ်....”

လျှပ်စီးကွက် စပါးအုန်းမြွေကြီးမှာ အလွန်ဒေါသထွက်သွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးအကာအကွယ်တစ်ခု ထပ်မံထွက်ပေါ်လာပြီး သွေးအရိပ်များကို ပျက်စီးသွားစေလိုက်သည်။ ၎င်း၏ဒဏ်ရာများမှ အနက်ရောင် ဝိညာဉ်စွမ်းအင်များ အများအပြား ပျောက်ကွယ်သွားသော်လည်း ၎င်းသည် သေမင်း၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုမူ ခံစားမိလိုက်သည်။

လျှပ်စီးဘောလုံး အကာအကွယ်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်ရသည့်အတွက် ၎င်း၏ ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ ၎င်းအနေဖြင့် လျှပ်စီးဘောလုံး အကာအကွယ်ကို ထပ်မံထုတ်လွှတ်နိုင်စွမ်း မရှိတော့သည့်အပြင် လျှပ်စီးကွန်ရက်၏ အတိုင်းအတာကိုလည်း အလွန်အမင်း လျှော့ချလိုက်ရသည်။

ဤလျှပ်စီးကွက် စပါးအုန်းမြွေကြီးမှာ ဉာဏ်ရည်မနိမ့်လှပေ။ စောစောက ၎င်းသည် အားနည်းချက်တစ်ခုကိုပင် ပြသဟန်ဆောင်၍ ဟုတ်ဟုတ်ကို အောက်သို့ ဆွဲချကာ အသက်စွန့်တိုက်ပွဲ ဆင်နွှဲရန် ကြံစည်ခဲ့သေးသည်။

“ဂူးး...ဂူးး”

ဟုတ်ဟုတ်က သွေးရိပ်သုံးခုကို ထပ်မံ ပစ်လွှတ်လိုက်၏။ ဤတစ်ကြိမ်တွင် လျှပ်စီးကွက် စပါးအုန်းမြွေကြီးသည် တိုက်ကွက်နှစ်ခုကို တိုက်ရိုက်ခံလိုက်ရပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ချက်ချင်းပင် သွေးများ စီးကျလာကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ချောမွေ့စွာ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်းသည် ဟုတ်ဟုတ်၏ လက်သည်းများအောက်၌ အသက်ပျောက်သွားတော့သည်။

ဟုတ်ဟုတ်သည် ပဲစေ့အရွယ်ရှိ အမြုတေတစ်ခုကို တူးဖော်ထုတ်ကာ ကျန်းဟန်အား ပေးအပ်လိုက်သည်။

ကျန်းဟန်သည် ဟုတ်ဟုတ်ကို ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းပေးသည့် ဆေးရည် တိုက်ကျွေးပြီးနောက် မြွေအရေခွံကို ခွာယူကာ မြွေစွယ်နှင့် မြွေသည်းခြေတို့ကို ထုတ်ယူလိုက်သည်။ မြွေအသားကိုမူ အစားအစာအတွက် အနည်းငယ်သာ ယူပြီး ကျန်သည်တို့ကို ထိုနေရာတွင်ပင် ထားခဲ့လိုက်သည်။

သူ့တွင် သိုလှောင်နိုင်သည့် သားရဲမရှိသေးသဖြင့် ဤမျှကြီးမားသော အလောင်းကို သယ်ဆောင်သွားနိုင်ခြင်း မရှိပေ။ မဟုတ်ပါက ဤအလောင်းကို ရောင်းချ၍ ငွေအနည်းငယ် ရနိုင်သေးသည်။

“သွားကြစို့။ အနီးအနားမှာ ဝိညာဉ်အပင်တွေ ရှိမရှိ အမြန်ရှာကြည့်ရအောင်။”

ကျန်းဟန်သည် ပစ္စည်းများကို သိုလှောင်သေတ္တာထဲသို့ ထည့်လိုက်၏။ ဤအချိန်တွင် ဟုတ်ဟုတ်၏ ဝိညာဉ်စွမ်းအင်များလည်း အတော်အတန် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

သားရဲနှင့် သားရဲထိန်းချုပ်သူတို့မှာ အနီးအနားကို စတင် ရှာဖွေကြတော့သည်။

ယေဘုယျအားဖြင့် သားရဲတစ်ကောင်၏ နယ်မြေအတွင်း ဝိညာဉ်အပင်များ ရှိတတ်ကြသည်။ ၎င်းတို့သည် ထိုနယ်မြေတွင် ကြာရှည်စွာ နေထိုင်ကြသဖြင့် ဝိညာဉ်အပင်များနှင့် အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံရေး ရှိကြသည်။ သို့သော်လည်း အမြဲတမ်းတော့ မဟုတ်ချေ။ အချို့သော သားရဲများသည် နယ်မြေပိုင်ဆိုင်ခြင်း မရှိကြပေ။

“တွေ့ပြီ။ ငါ့နောက်ကို လိုက်ခဲ့။”

၎င်း၏ အားကောင်းသော စိတ်စွမ်းအင်ကို အသုံးပြု၍ ကျန်းဟန်သည် ဝိညာဉ်အပင်များ ရှိရာနေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။ သစ်ပင်များ ပြည့်နှက်နေသည့် ဤတောအုပ်ထဲတွင် ကျန်းဟန်၏ စိတ်စွမ်းအင်မှာ ဟုတ်ဟုတ်၏ ဝေဟင်မှ ကြည့်ရှုမှုထက်ပင် ပို၍ အသုံးဝင်နေသည်။

ကျန်းဟန်သည် ဟုတ်ဟုတ်ကို ခေါ်ဆောင်ကာ သေဆုံးနေသည့် သစ်ပင်တစ်ပင်၏ အောက်ခြေသို့ လျှောက်သွားပြီး ထိုမှတစ်ဆင့် တွားဝင်သွားဝင်လာခဲ့ကြသည်။ အောက်ခြေတွင် ကြီးမားသည့် မြေအောက်ကျောက်ဂူတစ်ခု ရှိနေသည်။ ဂူ၏ အတွင်းနံရံများမှာ ရေညှိများဖြင့် ဖုံးလွှမ်းနေပြီး မြေပြင်တွင်လည်း ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် အစိမ်းရောင် မြက်ခင်းများ ရှိနေသည်။

၎င်းတို့ကြားထဲတွင် စကျင်ကျောက်အရွယ်အစားရှိ အနီရောင်အသီးများ သီးနေသည့် မြက်ပင်အချို့ရှိပြီး အသီး၏ မျက်နှာပြင်တွင် အဖြူရောင် အမှုန်အမွှားလေးများ ရှိနေသည်။

“ဒါက မြွေဝိညာဉ်သစ်သီးပဲ။ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

ကျန်းဟန် အလွန်ဝမ်းသာသွားခဲ့သည်။ မြွေဝိညာဉ်သစ်သီးမှာ အလွန်တန်ဖိုးရှိသည့် ပစ္စည်းဖြစ်သည်။ ၎င်းသည် မြွေအမျိုးအစား သားရဲအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိပြီး ၎င်းတို့၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်သည်။ အကြိမ်ကြိမ် စားသုံးခြင်းသည်လည်း ထိရောက်မှု ရှိသည်။

အရေးကြီးဆုံးမှာ မြွေဝိညာဉ်သစ်သီးများသည် အစုလိုက် အပြုံလိုက် ပေါက်ရောက်တတ်ခြင်းဖြစ်သည်။ တစ်နေရာတွင် တွေ့ပြီဆိုလျှင် အစုလိုက်အပြုံလိုက်ကို တွေ့ရတတ်သည်။

ဤနေရာတွင် ရှိနေသော အုပ်စုမှာ အနည်းဆုံး အပင်ပေါင်း သုံးရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။ အများစုမှာ အဆင့်(၁) နှင့် အဆင့်(၂) များ ဖြစ်ကြသော်လည်း အဆင့်(၃) အပင် တစ်ဒါဇင်ကျော်လည်း ပါဝင်သည်။

အဆင့်(၃) အသီးတစ်လုံးလျှင် ယွမ် လေးထောင် သို့မဟုတ် ငါးထောင်တန်ဖိုးရှိပြီး အဆင့်(၂) တစ်လုံးမှာ ယွမ်နှစ်ထောင်၊ အဆင့်(၁) တစ်လုံးမှာ ယွမ်ငါးရာ တန်ဖိုးရှိသည်။

အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးနောက် ကျန်းဟန်သည် ဟုတ်ဟုတ်ကို အပြင်တွင် ကင်းစောင့်ခိုင်းပြီး သူကိုယ်တိုင် အသီးများကို စတင် ရိတ်သိမ်းလိုက်တော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျန်းဟန်သည် မြွေဝိညာဉ်သစ်သီး အများစုကို အပင်များနှင့်တကွ တူးဖော်ပြီးစီးသွားခဲ့သည်။

သူ ရေတွက်ကြည့်ရာတွင် အဆင့်(၃) အပင် ၁၅ ပင်၊ အဆင့်(၂) ပင် ၅၀ နှင့် အဆင့်(၁) ပင် ၂၀၀ ခန့် ရရှိပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ်နှစ်သိန်းခန့် ရှိသည်။

“ဒါက တကယ့်ကို အကြီးအကျယ် ကံစမ်းရတာပဲ။ အဆင့်(၃) အသီးအများစုကို လျှပ်စီးကွက် စပါးအုန်းမြွေကြီးက စားမထားဘူးဆိုရင် ယွမ် သုံးလေးသိန်းလောက်ထိ ရနိုင်တယ်။”

ကျန်းဟန် သက်ပြင်းချလိုက်မိသည်။ ဤလျှပ်စီးကွက် စပါးအုန်းမြွေကြီးသည် လျှပ်စီးဘောလုံး အကာအကွယ်ကဲ့သို့ ကျွမ်းကျင်မှုမျိုးကို ဘာကြောင့် တတ်ကျွမ်းနေရသလဲဆိုသည်ကို သူ အခု နားလည်သွားပြီဖြစ်သည်။ ၎င်းသည် ဤမြွေဝိညာဉ်သစ်သီးမိား၏ အာနိသင်ကြောင့်သာ ဖြစ်ရပေမည်။

မြေပြင်ပေါ်တွင် ကျန်ရှိနေသေးသည့် အဆင့်(၁) မြွေဝိညာဉ်သစ်သီး အနည်းငယ်ကို ကြည့်ပြီး ကျန်းဟန်သည် ထိုနေရာမှ ထွက်ခွာလာကာ ဂူဝကိုလည်း ပိတ်လိုက်သည်။

ကျန်ရှိနေသော မြွေဝိညာဉ်သစ်သီးပင်များသည် အချိန်အတိုင်းအတာတစ်ခု ကြာလျှင် ပြန်လည်ပေါက်ပွားလာဦးမည်ဖြစ်သော်လည်း အဆင့်(၃) အပင်များ ထပ်မံဖြစ်ထွန်းရန်မူ အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။

“သွားကြစို့...။”

ကျန်းဟန်သည် ကောင်ကင်ရှိ ဟုတ်ဟုတ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာကာ မိုးကြိုးတောင်ဘက်သို့ ဦးတည်လာလိုက်သည်။

သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် အမဲလိုက်အဖွဲ့တစ်ခု ထိုနေရာသို့ ရောက်ရှိလာပြီး လျှပ်စီးကွက် စကါးအုန်းမြွေကြီး၏ အလောင်းကို မြင်တွေ့လိုက်ရသည်။

“ဘုရားရေ...လျှပ်စီးကွက် စပါးအုန်းမြွေကြီးတောင် အသတ်ခံလိုက်ရတာလား။ ဘယ်သူ လုပ်လိုက်တာလဲ။”

ခေါင်းဆောင်ဖြစ်သူ ပိုင်ရှန်း းသည် မြေပြင်ပေါ်ရှိ အပိုင်းပိုင်းဖြစ်နေသော မြွေအသားများကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“တိုက်ခိုက်ပုံက အရမ်းကျွမ်းကျင်တယ်။ ဘယ်လို အရိပ်အယောင်မျိုးမှ ရှာမတွေ့ဘူး။”

ဒုခေါင်းဆောင် ပိုင်ပင်းက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ပြောသည်။

ထလူ သို့မဟုတ် ထိုအဖွဲ့သည် လျှပ်စီးကွက် စပါးအုန်းမြွေကြီးကို သတ်ရုံတင်မကဘဲ ၎င်း၏ အလောင်းကိုပါ အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးထားခဲ့သည်။ တိုက်ပွဲကြောင့် ထိခိုက်ခဲ့သည့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း အမှတ်ရစရာ မရှိအောင် ပျက်စီးနေသဖြင့် တိုက်ခိုက်သူ၏ နည်းလမ်းကို ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်ပေ။

ဤအရာမှာ ဟုတ်ဟုတ်၏ လက်ချက်ဖြစ်သည်။ ၎င်းသည် သတိကြီးစွာနှင့် သေချာစွာ လုပ်ဆောင်တတ်သည့် အလေ့အကျင့်ရှိပြီး ကျန်းဟန်ကလည်း ထိုကဲ့သို့ သတိထားခြင်းက အလွန်လိုအပ်သည်ဟု မှတ်ယူထားသည်။

အခန်း ၁၂၆

“ပတ်ဝန်းကျင်ကို ရှာကြည့်ကြစမ်း။ ဒီလူက မြွေဝိညာဉ်သစ်သီးတွေကို ဆက်ခူးနေတာ ဖြစ်နိုင်တယ်။”

ပိုင်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်ရင်း ပြောလိုက်သည်။ သူတို့သည် ဤလျှပ်စီးကွက် စပါးအုန်းမြွေကြီးကို မနေ့ကတည်းက တွေ့ရှိခဲ့ကြပြီး အလွန်အစွမ်းထက်သဖြင့် မြွေဝိညာဉ်သစ်သီးများ စားသုံးထားလိမ့်မည်ဟု သံသယရှိခဲ့ကြသည်။

သူတို့သည် အဖွဲ့ကို ယနေ့မှ စုစည်းနိုင်ခဲ့သော်လည်း လျှပ်စီးကွက် စပါးအုန်းမြွေကြီးမှာ အသတ်ခံလိုက်ရပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤအချက်ကြောင့် သတင်းပေါက်ကြားစေသူ ရှိသည်ဟု သူခံစားလိုက်ရသည်။

လူငါးယောက်သည် အရပ်ရပ် ပျံ့နှံ့သွားပြီး နာရီဝက်ခန့် ရှာဖွေပြီးမှသာ မြွေဝိညာဉ်သစ်သီးများ ရှိသည့် ဂူကို အနိုင်နိုင် ရှာတွေ့ခဲ့ကြသည်။

မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ သူတို့ထဲတွင် ခေါင်းဆောင်ဖြစ်သူ ပိုင်ရှန်းနှင့် ဒုခေါင်းဆောင် ပိုင်ပင်းတို့သာ အခြေခံအဆင့် သားရဲထိန်းချုပ်သူများ ဖြစ်ကြသည်။ ကျန်သုံးဦးမှာ အခြေခံအဆင့်သို့ မရောက်ရှိသေးသည့် အလုပ်သင် သားရဲထိန်းချုပ်သူများသာဖြစ်ပြီး ခေါင်းဆောင်အဆင့် သားရဲများလည်း မပိုင်ဆိုင်ကြပေ။

ပိုင်မောင်နှမများအတွက်ပင် သူတို့၏ စိတ်စွမ်းအင်သည် ကျန်းဟန်ကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် ယှဉ်လျှင် အလွန်အားနည်းသဖြင့် ရှာဖွေရေးမှာ အလွန်ခက်ခဲခဲ့သည်။

မြွေဝိညာဉ်သစ်သီးများအားလုံး တူးဖော်ခံလိုက်ရပြီး အနည်းဆုံး ယွမ်နှစ်သိန်း သို့မဟုတ် သုံးသိန်းခန့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လူငါးယောက်၏ မျက်နှာများမှာ ဒေါသကြောင့် ပြာနှမ်းသွားကြတော့သည်။

“ရှာစမ်း....။ ဒီလူကို ငါတို့ တွေ့အောင် ရှာရမယ်။”

ခေါင်းဆောင် ပိုင်ရှန်းက မဲမှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူ့အဖွဲ့ထဲတွင် သစ္စာဖောက်တစ်ဦး ရှိနေသည်ဟု သူခံစားနေရပြီး ထိုလူကို ရှာပြီး သစ္စာဖောက်ကိုပါ ဖော်ထုတ်ရလိမ့်မည်။

...

တစ်ဖက်တွင် ကျန်းဟန်သည် ခရီးဆက်လာခဲ့ပြီး မိုးကြိုးတောင်၏ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။

သို့သော် သူ့ကို လူနှစ်ဦးက လှမ်းခေါ်လာခဲ့သည်။

“ညီလေး...ခဏစောင့်ပါဦး။”

စကားပြောလိုက်သူမှာ မုတ်ဆိတ်မွှေးထူထူဖြင့် မျက်နှာတစ်ပြင်လုံး မုတ်ဆိတ်မွှေးများဖြင့် ဖုံးလွှမ်းနေသော လူတစ်ဦးဖြစ်သည်။

“ဘာကိစ္စရှိလို့လဲ။”

ကျန်းဟန်သည် တိတ်ဆိတ်စွာပင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူတို့ကို ကြည့်ကာ မေးလိုက်သည်။

“မကြောက်ပါနဲ့။ ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ငါတို့နဲ့အတူ စူးစမ်းလေ့လာဖို့ အဖွဲ့ထဲ ဝင်ချင်လားလို့ မေးမလို့ပါ။ ငါတို့အဖွဲ့ဝင်တစ်ယောက်က တောင်ပေါ်တက်တဲ့လမ်းမှာ လျှပ်စီးကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလို့ ပြန်သွားရပြီ။

ငါတို့နှစ်ယောက်တည်း စူးစမ်းဖို့ဆိုတာကလည်း နည်းနည်းခက်ခဲနေလို့ အဖော်တစ်ယောက် ရှာနေတာပါ။ ငါတို့ အဆင့်(၄) ရောက်တော့မယ့် မိုးကြိုးပန်းတစ်ပွင့် တွေ့ထားတယ်။ တခြားသူကို သွားရှာရင် အဲဒီပစ္စည်းကို တခြားသူတွေ ယူသွားမှာကို စိုးရိမ်နေတာ။”

မုတ်ဆိတ်မွှေးနှင့် လူက ကျန်းဟန်ကို ကြည့်ကာ ဖော်ရွေသော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။

“ဟုတ်တယ်။ မင်းက မိုးကြိုးတောင်ကို အခုမှ စရောက်တဲ့ လူသစ်တစ်ယောက်လိုပဲ။ လျှပ်စီးအမျိုးအစား သားရဲရှိတဲ့ သားရဲထိန်းချုပ်သူတွေတောင် ဒီနေရာမှာ လျှပ်စီးဒဏ်ခံ ဝတ်စုံတွေ ဝတ်ရတယ်ဆိုတာ မင်းသိသင့်တယ်။ ဒီအတိုင်းဆို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့မှာ လျှပ်စီးဒဏ်ခံ ဝတ်စုံအပိုတွေ ပါလာတယ်။ ငါတို့နဲ့အတူ သွားတာက ပိုလုံခြုံလိမ့်မယ်။

မင်း ငါတို့ကို မယုံဘူးဆိုရင် ငါတို့ရဲ့ သားရဲထိန်းချုပ်သူ လိုင်စင်တွေကို ပြပေးနိုင်ပါတယ်။ ငါတို့မှာ ရာဇဝင်အညစ်အကြေးတွေ မရှိပါဘူး။”

အရပ်ရှည်ပြီး အသက်အရွယ် အနည်းငယ် ရနေသော လူတစ်ယောက်က ထပ်ပြောလာခဲ့သည်။ သူသည် မုတ်ဆိတ်မွှေးနှင့် လူထက် အနည်းငယ် ပိုရင့်ကျက်ဟန် ရှိသည်။

ထိုလူနှစ်ဦးက ကျန်းဟန်ကို လာရောက်စည်းရုံးခြင်းမှာ သူသည် လျှပ်စီးအမျိုးအစား မဟုတ်သည့် သားရဲတစ်ကောင်ကို ခေါ်ဆောင်ကာ လမ်းလျှောက်နေသည်ကို မြင်လိုက်ရ၍ပင်။ ၎င်းမှာ လူသစ်တစ်ယောက်၏ လုပ်ရပ်ဖြစ်သည်မှာ ထင်ရှားနေပေသည်။

အမှန်စင်စစ် သူတို့တွင်လည်း အခြားရွေးချယ်စရာ မရှိချေ။ သူတို့တွေ့ထားသည့် လျှပ်စီးပန်း ပေါက်ရောက်ရာနေရာတွင် အဆင့်(၃) အမွှာသားရဲဖြစ်သည့် လျှပ်စီးမျက်လုံး ဝံပုလွေနှစ်ကောင် ရှိနေပေသည်။

ထို့အပြင် တခြားသော သားရဲထိန်းချုပ်သူများ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်ရဦးမည်ဖြစ်သည်။ သူတို့နှစ်ယောက်တည်းဆိုလျှင် အင်အားမလုံလောက်ဘဲ အခြားသူကိုလည်း ရှာမတွေ့နိုင်သဖြင့် လူသစ်တစ်ယောက်ကို မရှောင်သာဘဲ ခေါ်ယူရခြင်း ဖြစ်သည်။

သို့သော် ကျန်းဟန် လျှပ်စီးဒဏ်ခံ ဝတ်စုံ မဝတ်ဆင်ရသည့်အကြောင်းအရင်းမှာ သူ့တွင် ခရမ်းရောင်မိုးကြိုး နဂါးရှိနေသောကြောင့်ဖြစ်ကြောင်း သူတို့ မသိကြပေ။ ပိုင်လင်း၏ ရှေ့တွင် ဤလျှပ်စီးဒဏ်မှာ ကြောက်ရွံ့စရာ လုံးဝမဟုတ်ပေ။

“ကြည့်ပါရစေ။”

ကျန်းဟန်သည် သားရဲထိန်းချုပ်သူလိုင်စင်များကို ယူ၍ ကြည့်လိုက်ပြီးနောက် သူတို့ဆီ ပြန်ပစ်ပေးလိုက်သည်။

“ကောင်းပြီ။ ကျုပ် လိုက်ခဲ့မယ်။ ဒါပေမဲ့ ပစ္စည်းတွေကို ဘယ်လို ခွဲဝေကြမှာလဲ။”

ကျန်းဟန်သည် ထိုလူနှစ်ဦး၏ အဆိုပြုချက်ကို သဘောတူလိုက်သည်။ သူသည် လျှပ်စီးပန်းကို စိတ်ဝင်စားနေခြင်းဖြစ်ပြီး ထိုပစ္စည်းမှာ ပိုင်လင်းအတွက် အလွန်ကောင်းမွန်သော ဆေးဝါးတစ်မျိုး ဖြစ်သည်။

သူသည် ဤအခွင့်အရေးကို အသုံးချ၍ မိုးကြိုးတောင်၏ အစစ်အမှန် အခြေအနေကိုလည်း ၎င်းတို့နှစ်ဦးထံမှ လေ့လာနိုင်သည်။ အင်တာနက်မှ ရရှိထားသော အချက်အလက်များမှာ တစ်ခါတစ်ရံ မမှန်ကန်သည်များ ရှိတတ်ပေသည်။

ဤအခြေအနေသည် တောတွင်းဈေးကွက်ရှိ သားရဲထိန်းချုပ်ရေး ဌာနများနှင့် မတူပေ။ ထိုနေရာတွင် အဖွဲ့ဖွဲ့ခြင်းသည် ကောင်းစွာပြင်ဆင်ထားသော ဂိုဏ်းဂဏအုပ်စုများနှင့် ရင်ဆိုင်ရနိုင်သော်လည်း ဤနေရာတွင်မူ ထိုသို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရနိုင်ခြေ နည်းပါးသည်။

အဓိကအချက်မှာ မိုးကြိုးတောင်သို့ ဝင်ရောက်ခြင်းသည် ကျန်းဟန်အတွက် မိမိအိမ်ကဲ့သို့ပင် ဖြစ်နေပြီးဖြစ်သဖြင့်သာမန် အန္တရာယ်များကို သူ မကြောက်ရွံ့တော့ပေ။

“ရိုးရှင်းပါတယ်။ တိုက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုအလိုက် ပစ္စည်းတွေကို ခွဲယူကြတာပေါ့။”

မုတ်ဆိတ်မွှေးနှင့် လူက ပြုံးကာ ပြောလိုက်သည်။

“ဒါက လျှပ်စီးဒဏ်ခံ ဝတ်စုံပဲ။ ဒါကိုဝတ်ပြီးရင် သွားကြမယ်။ ဒီလိုကိစ္စမျိုးက ကြန့်ကြာလေ အပြောင်းအလဲ ဖြစ်လေပဲ။ လျှပ်စီးပန်းက အဆင့်(၄) ရောက်သွားတဲ့အချိန်ကျရင် လျှပ်စီးမျက်လုံးဝံပုလွေတွေ စားသွားတာမျိုး ဖြစ်နိုင်တယ်။”

အရပ်ရှည်သော သက်လတ်ပိုင်း လူကြီးက သူ့ကျောပိုးအိတ်ထဲမှ မီးခိုးရောင် လျှပ်စီးဒဏ်ခံ ဝတ်စုံကို ထုတ်ယူကာ ကျန်းဟန်ကို ပေးလိုက်သည်။

ကျန်းဟန်သည်လည်း ၎င်းကို ယူ၍ ဝတ်ဆင်လိုက်သည်။ ဤဝတ်စုံကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး မိုးကာကဲ့သို့ပင် ပေါ့ပါးသည်။ အားနည်းချက်မှာ ၎င်းဝတ်စုံထဲတွင် တစ်ကိုယ်လုံးကို ထည့်သွင်းထားရသဖြင့် အမြင်အာရုံ ကျဉ်းမြောင်းသွားခြင်းဖြစ်သော်လည်း ကံကောင်းထောက်မစွာပင် သားရဲထိန်းချုပ်သူများတွင် စိတ်စွမ်းအင်ရှိနေသဖြင့် ကျန်းဟန်အတွက် အရေးမကြီးပေ။

“ငါတို့နောက်ကို ကပ်လိုက်ခဲ့။ သွားကြစို့။”

သူတို့နှစ်ဦးသည် စကားတစ်ခွန်းဆိုကာ ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကြသည်။

ကျန်းဟန်သည် ဟုတ်ဟုတ်နှင့်အတူ လိုက်ပါသွားရင်း ထိုလူနှစ်ဦးကို စောင့်ကြည့်နေလိုက်သည်။

မုတ်ဆိတ်မွှေးနှင့် လူမှာ အတော်အတန် သန်မာပြီး အဆင့်(၃) ခေါင်းဆောင်အဆင့် သားရဲနှစ်ကောင်ကို ပိုင်ဆိုင်ထားသည်။ တစ်ကောင်မှာ လျှပ်စစ်သံလိုက်သားရဲဖြစ်ပြီး ခေါင်းဆောင်အဆင့် နှောင်းပိုင်းသို့ ရောက်နေကာ ကျန်တစ်ကောင်မှာ ဆူးပင်မိစ္ဆာဖြစ်ပြီး အလယ်အလတ်အဆင့်တွင် ရှိသည်။

အရပ်ရှည်ရှည်နှင့်လူမှာ ပို၍ အားနည်းသည်။ သူတွင် အဆင့်(၃) အလယ်အလတ်အဆင့်ရှိ ကျောက်လိပ် တစ်ကောင်သာ ရှိသည်။ သူပြောပြချက်အရ သူ့၏ အခြားသားရဲမှာ တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီဟု သိရသည်။

သူတို့နှစ်ဦးစလုံးမှာ အလားအလာ နည်းပါးသည့် သားရဲထိန်းချုပ်သူများ ဖြစ်ကြသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျရှုံးပြီးနောက် သာမန်သားရဲထိန်းချုပ်သူများ ဖြစ်လာကြခြင်းဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုအတွက် အလုပ်လုပ်ခြင်း သို့မဟုတ် ကိုယ်ပိုင်အမဲလိုက်အဖွဲ့များ ဖွဲ့ခြင်းဖြင့် အောက်ခြေအဆင့်တွင်သာ ရုန်းကန်နေကြရသည်။

သူတို့အများစုမှာ တစ်သက်လုံး တောရိုင်းထဲတွင် ရုန်းကန်နေရမည်ဖြစ်ပြီး ကျွမ်းကျင်သူများအဖြစ် ကြီးထွားလာနိုင်သူမှာ အလွန်နည်းပါးသည်။ ကျန်သူများမှာမူ သားရဲများက တိုက်ပွဲတွင် အဆက်မပြတ် သေဆုံးသွားကြသဖြင့် အဆင့်တက်ရန် မျှော်လင့်ချက်များ ပျက်သုဉ်းသွားကာ နောက်ဆုံးတွင် သာမန်လူများ ဖြစ်သွားကြရသည်။

သားရဲထိန်းချုပ်သူများအတွက် ရက်စက်သော အချက်တစ်ခုရှိသည်။ သားရဲတစ်ကောင် သေဆုံးသွားပါက ထိုသားရဲနှင့် စာချုပ်ချုပ်ဆိုထားသည့် သားရဲထိန်းချုပ်ခြင်း မျိုးစေ့မှာလည်း ငြိမ်သက်သွားပြီး ပြန်လည်အသုံးပြု၍ မရတော့ပေ။

ဆိုလိုသည်မှာ သင်ပိုင်ဆိုင်နိုင်သော သားရဲအရေအတွက်မှာ ကန့်သတ်ချက်ရှိပြီး တစ်ကြိမ်စာချုပ်ပြီးလျှင် တစ်သက်လုံးအတွက် ဖြစ်သည်။

ထို့ကြောင့် အောက်ခြေအဆင့် သားရဲထိန်းချုပ်သူများသည် တက္ကသိုလ်ဝင်ခွင့်တွင် အောင်မြင်မှုမရပါက အနာဂတ်မှာ မှောင်မိုက်နေတတ်သည်။ သို့သော် အမှန်တကယ်ပင် အောင်မြင်လာသူများမှာလည်း သာမန်သားရဲထိန်းချုပ်သူများထက် ပိုမိုသန်မာတတ်ကြသည်။

ဤသည်မှာ ယုန်နိုင်ငံ၏ အခြေအနေဖြစ်သည်။ နိုင်ငံခြားတွင်မူ သားရဲထိန်းချုပ်ခြင်း တက္ကသိုလ် တက်ရောက်ရန်အတွက် အမှတ်ကောင်းရုံသာမက ထောက်ခံစာလည်း လိုအပ်သေးသည်။ ထိုစာမပါပါက အမှတ်မည်မျှပင် ကောင်းစေကာမူ အသုံးမဝင်ပေ။

ထောက်ခံစာရရန်အတွက် ထိုဂုဏ်သရေရှိ မိသားစုများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများရှေ့တွင် ဦးညွှတ်ရပြီး မိမိကိုယ်ကို ရောင်းစားသည်နှင့် မခြားသည့် သဘောတူညီချက်များကို လက်မှတ်ထိုးရတတ်သည်။

သူတို့သုံးဦးသား ခရီးဆက်လာကြရင်း အဆင့်(၃) သားရဲအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲများအတွင်း ကျန်းဟန်ပြသသည့် တည်ငြိမ်မှုသည် ထိုလူနှစ်ဦး၏ အသိအမှတ်ပြုမှုကို လျင်မြန်စွာ ရရှိသွားခဲ့ပြီး သူတို့သည် ကျန်းဟန်ကို အဖွဲ့ဝင်အစစ်အဖြစ်ပင် ခေါ်ယူလိုသည့်အထိ ဖြစ်လာခဲ့ကြသည်။

“အစ်ကိုဝူ... ဒီ မိုးကြိုးတောင်က အရင်က မိုးကြိုးနဂါးရဲ့ အသိုက်ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်။ ဒီမှာ ထူးခြားတဲ့ နေရာမျိုးတွေ ရှိသေးလား။”

အနည်းငယ် ရင်းနှီးလာပြီးနောက် ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့ လူငယ်တွေကတော့ ဒီလိုမေးခွန်းမျိုးပဲ မေးတတ်ကြတာပဲ။ နဂါးအမျိုးအစား သားရဲနဲ့ တွေ့ပြီး ကောင်းကင်ဘုံကို ရောက်သွားမယ့်အကြောင်း တွေးနေတုန်းလား။”

မုတ်ဆိတ်မွှေးနှင့်လူက ရယ်မောကာ ကျန်းဟန်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ငါလည်း ငယ်ငယ်က ဒီလိုပဲ တွေးခဲ့ဖူးတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီနေရာမှာတော့ ပတ်ဝန်းကျင်ကလွဲလို့ ဘာမှမကျန်တော့ဘူး။ အခွင့်အရေး တစ်ခုခုရှိရင်လည်း အရင်ကတည်းက အကုန်ယူသွားကြပြီ။ အခုတော့ ငါ့အနေနဲ့ ပိုက်ဆံပိုရဖို့နဲ့ ကိုယ့်ရဲ့ အစွမ်းအစ နည်းနည်းလောက် ပိုတိုးတက်လာဖို့ပဲ မျှော်လင့်တော့တယ်။”

“ဟားဟား... ကျွန်တော်က စပ်စုကြည့်တာပါ။”

ကျန်းဟန်သည် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ တကယ်တမ်းတွင် သူ၌ နဂါးတစ်ကောင် အမှန်တကယ် ရှိနေသော်လည်း ထုတ်ပြလိုက်ပါက သူတို့ကို လန့်သွားစေမည်ကို သူစိုးရိမ်မိသည်။

“ဒါပေမဲ့ ထူးခြားတဲ့ နေရာအကြောင်း ပြောရမယ်ဆိုရင်တော့ နေရာနှစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာတွေကို အစအဆုံး အကုန်ရှာဖွေပြီးသွားပြီ။ ဘာတစ်ခုမှ ရှာမတွေ့ကြဘူး။”

အရပ်ရှည်သော သက်လတ်ပိုင်း လူကြီးက ဖြည့်စွက်ပြောဆိုလိုက်ရာ ကျန်းဟန်၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။

All Chapters