← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း ၁၂၇

“ဘယ်နေရာနှစ်ခုလဲ။”

ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်၏။

အရပ်ရှည်ရှာဖြင့် အစ်ကိုကြီး မပြောခင်မှာပင် ဝူဟု အမည်ရသည့် မုတ်ဆိတ်မွှေးနှင့် လူက ဦးစွာ ဝင်ပြောလိုက်သည်။

“မင်းပြောတာ နဂါးမြှုပ်နှဲခြင်းတောင်ကြားနဲ့ ခရမ်းရောင်လျှပ်စီးတောင်ထိပ်ကို ပြောတာမလား။”

“ဟုတ်တယ်။ အဲဒီနေရာနှစ်ခုကလွဲရင် တခြားထူးခြားတဲ့နေရာ မရှိတော့ဘူး။”

အရပ်ရှည်ရှည် အစ်ကိုကြီးက ခေါင်းညိတ်လိုက်ပြီး ကျန်းဟန်ကို ဆက်လက်ရှင်းပြလိုက်သည်။

“ဒဏ္ဍာရီအရ နဂါးမြှုပ်နှံခြင်းတောင်ကြားဆိုတာ အဲဒီမိုးကြိုးနဂါးကြီး သေဆုံးခဲ့တဲ့နေရာပဲ။ နဂါးသွေးနဲ့ နဂါးဝိညာဉ်တွေ ပျံ့နှံ့နေတဲ့အတွက် အားကောင်းတဲ့ မိုးကြိုးစွမ်းအင်တင်မကဘဲ အင်မတန် ပြင်းထန်တဲ့ နဂါးအရှိန်အဝါတွေ ရှိတယ်။ ဘယ်လို သားရဲထိန်းချုပ်သူမျိုးပဲ ဝင်ဝင် အဲဒီနေရာမှာ ဖိနှိပ်ခံရပြီး သူတို့ရဲ့ စွမ်းအား ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်နိုင်တော့တယ်။

ခရမ်းရောင်မိုးကြိုးတောင်ထိပ် အကြောင်းပြောရရင်တော့ တိမ်တိုက်တွေကြားထဲ ပျောက်ကွယ်သွားတဲ့ အဲဒီတောင်ထိပ်အမြင့်ကြီးပဲ။ မိုးကြိုးနဂါးကြီးက အဲဒီနေရာမှာပဲ ကျင့်ကြံပြီး ကောင်းကင်မိုးကြိုးတွေကို ဆွဲချခဲ့တယ်လို့ ဆိုကြတယ်။ တစ်နှစ်ပတ်လုံး မိုးကြိုးတွေ တောက်လောင်နေတဲ့အတွက် အဲဒီနေရာမှာ ထူးခြားတဲ့ မိုးကြိုးတောအုပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ကျောက်တုံးတွေမှာတောင် လျှပ်စီးဓာတ်တွေ ပြည့်နှက်နေတယ်။ လျှပ်စီးကျောက်ဆိုတာ အဲဒီနေရာက လာတာပဲ။

နဂါးမြှုပ်နှံခြင်းတောင်ကြားနဲ့ယှဉ်ရင် ခရမ်းရောင်မိုးကြိုးတောင်ထိပ်က အန္တရာယ် ပိုများတယ်။ ငါတို့လို အဆင့်(၃) ခေါင်းဆောင်အဆင့် သားရဲလောက်ပဲ ပိုင်ဆိုင်ထားတဲ့ သားရဲထိန်းချုပ်သူတွေ လုံးဝ မသွားနိုင်ဘူး။ လျှပ်စီးဒဏ်ခံ ဝတ်စုံတွေတောင် အဲဒီက ကြောက်စရာကောင်းတဲ့ လျှပ်စီးတွေကို မခံနိုင်ဘူး။ အဆင့်(၃) လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူတွေနဲ့ အဆင့်(၄) လျှပ်စီးအမျိုးအစား သားရဲတွေပဲ အထဲအထိ သွားနိုင်တယ်။ ပြီးတော့ မိုးတိမ်တွေအပေါ် ပျောက်ကွယ်သွားတဲ့ တောင်ထိပ်ကို ရောက်ဖို့ဆိုရင် အဆင့်(၄) သခင်အဆင့် လျှပ်စီးသားရဲနဲ့တောင် မလုံလောက်ဘူး။ အဆင့်(၅) အရှင်သခင်အဆင့် လျှပ်စီးသားရဲကို လိုအပ်တယ်။

တခြားနေရာတွေနဲ့ ယှဉ်ရင် ခရမ်းရောင်မိုးကြိုးတောင်ထိပ်မှာ ဝိညာဉ်အပင် အမျိုးအစားတွေ အများကြီး ရှိပေမဲ့ ငါတို့တော့ အဲဒီနေရာကို ခြေမချနိုင်ကြဘူး။ ငါတို့ တခြားတောင်ကုန်းတွေ ဒါမှမဟုတ် ခရမ်းရောင်မိုးကြိုးတောင်ထိပ်ရဲ့ တောင်စောင်းလောက်ပဲ စူးစမ်းလေ့လာနိုင်တယ်။

ဒါပေမဲ့ ဒီနေရာနှစ်ခုမှာတောင် နဂါးမျိုးနွယ်ဝင် သားရဲတွေ ပေါ်လာတယ်ဆိုတဲ့ သတင်းမျိုး မကြားရပါဘူး။ နဂါးမျိုးနွယ်ဝင် ဝိညာဉ်အပင် တစ်ပင်နှစ်ပင်လောက်တော့ တစ်ခါတရံ တွေ့ရတတ်တယ်။”

“အင်း...တခြားနေရာတွေ မရှိတော့ဘူးလား။”

ကျန်းဟန်က ထပ်မေးလိုက်သည်။ သူသည် ထိုနေရာနှစ်ခုအကြောင်းကို ကြားဖူးပြီးဖြစ်ပြီး အချက်အလက်အချို့ကိုလည်း သိရှိထားသည်။

“မရှိတော့ဘူး။ မိုးကြိုးတောင်မှာ နဂါးနဲ့ ပတ်သက်ပြီး ထူးခြားတာ အဲဒီနှစ်နေရာပဲ ရှိတယ်။”

မုတ်ဆိတ်မွှေးနှင့် လူက ပြောသည်။

“ဒီနေရာရဲ့ ပတ်ဝန်းကျင်က အထူးခြားဆုံးပဲ။ နဂါးအကြောင်း သတင်းစကားတွေက ရှားပါးပေမဲ့ သူသေဆုံးပြီး ဆယ်စုနှစ်များစွာ ကြာတဲ့အထိ ဒီလို ထူးခြားတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်တဲ့ နဂါးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါမျိုးကို မိုးကြိုးနဂါးတစ်ကောင်တည်းက တကယ်ပဲ လုပ်နိုင်လို့လား။”

အရပ်ရှည်ရှည် အစ်ကိုကြီးက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

ကျန်းဟန်လည်း ကောင်းကင်ပေါ်တွင် လျှပ်စီးများဖြင့် တရစပ်တောက်လောင်နေသော မိုးတိမ်များကို မော့ကြည့်လိုက်သည်။ ယုတ္တိဗေဒအရ မိုးကြိုးနဂါးဆိုသည်မှာ အဆင့်(၅) သားရဲတစ်ကောင်မျှသာ ဖြစ်သည်။ ၎င်းအနေဖြင့် ဤသို့သော ကောင်းကင်ဖြစ်စဉ်မျိုးကို ဖန်တီးနိုင်မည်လော။ ပြီးလျှင် သေဆုံးပြီးနောက် ဆယ်စုနှစ်များစွာတိုင်အောင် ထိန်းသိမ်းထားနိုင်မည်လော။

ဤနေရာ၏ အတွင်းပိုင်းတွင် မည်သူမျှ မသိသော လျှို့ဝှက်ချက်တစ်ခုများ ရှိနေသလော။

“ဒီအကြောင်းတွေ ဆက်မပြောကြနဲ့တော့။ ငါတို့ ပန်းတိုင်ကို ရောက်ခါနီးပြီ။ မိုးကြိုးပန်းက ရှေ့က ချောက်ကမ်းပါးအောက်မှာ ရှိရမယ်။”

မုတ်ဆိတ်မွှေးနှင့်လူက ကျန်းဟန်၏ အတွေးကို ဖြတ်တောက်လိုက်ပြီး ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။

တောင်ပေါ်တွင် မြူဆိုင်းနေသဖြင့် အဝေးကို ကောင်းစွာ မမြင်ရဘဲ သူတို့မှတ်သားထားသော သင်္ကေတများကိုသာ ကြည့်၍ လမ်းကို မှတ်ထားကြရသည်။

မိုးကြိုးတောင်မှာ ခြောက်ကပ်နေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် အပင်များ အလွန်ပေါများသော်လည်း သစ်ပင်ကြီးများမူ မရှိပေ။ ခါးလောက်ရှိသော တောရိုင်းမြက်များနှင့် ချုံနွယ်ပိတ်ပေါင်းများက တောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

လျှပ်စီးများက လေထုထဲရှိ နိုက်ထရိုဂျင်ကို ဖြိုခွဲ၍ နိုက်ထရိုဂျင် မြေသြဇာအဖြစ် ပြောင်းလဲပေးသဖြင့် ဤနေရာမှာ တခြားနေရာများထက် ပို၍မြေသြဇာကောင်းသည်။ သို့သော် လျှပ်စီးများကြောင့် သစ်ပင်ကြီးများမှာ ပျက်စီးကြရသည်။

မြေသြဇာကောင်းသော အပင်များကြောင့် ယုန်နှင့် ဒရယ်ကဲ့သို့သော အဆင့်နိမ့် မြက်စားသားရဲများမှာ အလွန်မြန်ဆန်စွာ ပေါက်ပွားကြသည်။ ထိုအချက်ကတစ်ဆင့် လျှပ်စီးမျက်လုံးဝံပုလွေများနှင့် လျှပ်စီးကွက် စပါးအုန်းမြွေကြီးများကဲ့သို့သော သားရဲကောင်များ အများအပြား ပေါက်ဖွားလာစေခဲ့သည်။

ထို့အပြင် ဤနေရာတွင် မိုးကြိုးဝိညာဉ်စွမ်းအင်များ ပေါများသဖြင့် သားရဲများမှာ ပိုမိုမြန်ဆန်စွာ ကြီးထွားကြသည်။ ထို့ကြောင့် လူသားများ၏ နှစ်ပေါင်းများစွာ အမဲလိုက်ခြင်းကို ခံခဲ့ရသော်လည်း ဤနေရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော် လျှပ်စီးပတ်ဝန်းကျင်ကြောင့် သစ်ပင်အမျိုးအစား သားရဲများမှာလည်း လျှပ်စီးဂုဏ်သတ္တိအချို့ ပါဝင်နေကြသည်။ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဤနေရာတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။

ကျန်းဟန်နှင့် အခြားသူများသည် မြက်ခင်းပြင်ကို ဂရုတစိုက် ဖြတ်ကျော်ပြီးနောက် မုတ်ဆိတ်မွှေးနှင့် လူပြောပြသည့် ချောက်ကမ်းပါးဆီသို့ ရောက်ရှိလာကြပြီး ရောက်ရှိရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

“ခံစားမိတယ်မလား။ ဒီနေရာက မိုးကြိုးစွမ်းအင်တွေက လေထဲမှာ လျှပ်စီးမြူတွေ ဖြစ်နေပြီ။ ဒီလိုအရာမျိုးက အဆင့်(၄) ဝိညာဉ်အပင်တွေရဲ့ အနီးအနားမှာပဲ ဖြစ်ပေါ်တတ်တာ။”

မုတ်ဆိတ်မွှေးနှင့်လူက လက်ကိုမြှောက်ကာ ပြောလိုက်သည်။

လေထဲရှိ မြူခိုးများသည် အဖြူရောင် လျှပ်စီးကြောင်းငယ်လေးများကို ထုတ်လွှတ်နေပြီး ၎င်းမှာ လျှပ်စီးမြူဟု ခေါ်ဆိုသည့်အရာပင် ဖြစ်သည်။ လျှပ်စီးမြူများသည် စိတ်စွမ်းအင်ရှာဖွေမှုကို ဟန့်တားနိုင်သဖြင့် ပတ်ဝန်းကျင်အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့အောင် ပြုလုပ်နိုင်သည်။

“ဘာမှ အမှားအယွင်းမရှိဘူးဆိုရင် အဲဒီ လျှပ်စီးမျက်လုံးဝံပုလွေ နှစ်ကောင်လုံးက မိုးကြိုးပန်း အဆင့်(၄) ရောက်ဖို့ စောင့်ဆိုင်းရင်း အသိုက်ထဲမှာ ရှိနေမှာပဲ။ သူတို့ကို အရင်သတ်မလား၊ ဒါမှမဟုတ် မိုးကြိုးပန်း အဆင့်(၄) ရောက်တဲ့အထိ စောင့်ပြီးမှပဲ လှုပ်ရှားမလား။”

အရပ်ရှည်ရှည် လူအိုကြီးယန်က မေးလိုက်သည်။

“ကျွန်တော် ထင်တာတော့ စောစောစီးစီး မလှုပ်ရှားသင့်သေးဘူး။ တခြားသူတွေ အနီးအနားမှာ ရှိနေလောက်တယ်။”

ကျန်းဟန်က ပြောလိုက်သည်။ လျှပ်စီးမြူများ ရှိနေခြင်းကြောင့် အနီးအနားတွင် အခြသူများ ပုန်းအောင်းနေခြင်း ရှိ၊ မရှိကို သူတို့ မသိနိုင်ပေ။

ယခုအချိန်တွင် ဤနေရာသည် မှောင်မိုက်သော တောအုပ်ကြီးနှင့် တူနေပြီး အရင်ဦးဆုံး ပေါ်လာသူက အထိနာမည် ဖြစ်သည်။

“မဖြစ်ဘူး။ ငါတို့ အရင်လှုပ်ရှားမှ ရမယ်။ ဒီနေရာက အရမ်းဝေးလွန်းတယ်။ တခြားသူတွေ တွေ့ဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။ မိုးကြိုးပန်း အဆင့်(၄) ကို လုံးဝရောက်သွားတဲ့အထိ စောင့်ပြီးမှ လှုပ်ရှားမယ်ဆိုရင် သူ့ရဲ့ အရှိန်အဝါက ပျံ့နှံ့သွားပြီး တခြားသူတွေကိုပါ ဆွဲဆောင်မိသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ အသာစီး မရနိုင်တော့ဘူး။

အခုချက်ချင်း လှုပ်ရှားပြီး ဝံပုလွေတွေကို သတ်လိုက်မယ်။ ပြီးရင် သူတို့ရဲ့ သွေးတွေကို မိုးကြိုးပန်းအပင်မှာ လောင်းပြီး ကြီးထွားမှုကို အရှိန်မြှင့်မယ်။ အဆင့်(၄) ရောက်တာနဲ့ ခူးပြီး ထွက်ပြေးတာက ပိုလုံခြုံတယ်။ ဒါဆို တခြားသူတွေ လိုက်လာရင်တောင် မှီတော့မှာ မဟုတ်ဘူး။

အမှောင်ထဲမှာ ပုန်းနေတဲ့သူတွေ ရှိရင်တောင် ငါတို့ မကြောက်ဘူး။ ငါ့ရဲ့ လျှပ်စစ်သံလိုက် သားရဲက တိုက်ခိုက်ဖို့၊ ဆူးပင်မိစ္ဆာက ထိန်းချုပ်ဖို့၊ လောင်ယန်ရဲ့ ကျောက်လိပ်က ကာကွယ်ဖို့၊ ပြီးတော့ ကျန်းဟန် မင်းရဲ့သားရဲ သွေးအရိပ်ညဇီးကွက်က တိုက်ခိုက်ဖို့ပဲ။ ငါတို့အဖွဲ့က ပြီးပြည့်စုံလွန်းတယ်။ တခြားသူတွေကို ကြောက်စရာမလိုဘူး။ ဝံပုလွေတွေကို ရှင်းဖို့က အချိန်အကြာကြီး မလိုပါဘူး။”

မုတ်ဆိတ်မွှေးနှင့်လူက ခေါင်းခါကာ ကျန်းဟန်နှင့် လုံးဝဆန့်ကျင်ဘက် အကြံဉာဏ်ကို ပေးလာခဲ့သည်။

“ဒါဆိုလည်း တိုက်ကြတာပေါ့။ အစ်ကိုဝူရဲ့ အကြောင်းပြချက်က ပိုမှန်သလိုပဲ။”

အရပ်ရှည်ရှည် လူအိုကြီးယန်က ခေါင်းညိတ်လိုက်သည်။ ကျန်းဟန်သည် မုတ်ဆိတ်မွှေးနှင့်လူကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း အစ်ကိုတို့ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သွေးအရိပ်ညဇီးကွက်က ဒီနေရာမှာ အနည်းငယ် ဖိနှိပ်ခံရမှာ ဖြစ်တဲ့အတွက် အကူအညီပဲ အနေနဲ့ပဲ လုပ်ပေးနိုင်လိမ့်မယ်။”

“ရပါတယ်။ မင်းက ချုံခိုတိုက်ခိုက်ဖို့နဲ့ ကင်းထောက်ဖို့၊ တခြားသူတွေ ပြဿနာလာရှာရင် ကာကွယ်ဖို့အတွက်ပဲ အဓိက တာဝန်ယူလိုက်ပါ။”

မုတ်ဆိတ်မွှေးနှင့်လူက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

သုံးဦးသား ခဏတာ တိုင်ပင်ပြီးနောက် မုတ်ဆိတ်မွှေးနှင့်လူက လျှပ်စစ်သံလိုက် သားရဲကို ရှေ့ဆုံးက ပို့လိုက်သည်။ ဤနေရာတွင် ရှိနေသော အန္တရာယ်မှာ လျှပ်စီးမျက်လုံး ဝံပုလွေများ ဖြစ်သည်။ ထိုဝံပုလွေနှစ်ကောင်သည် ရရှိသော ဒဏ်ရာများကို အပြန်အလှန် ခုခံပေးနိုင်ပြီး တိုက်ခိုက်မှုများကိုလည်း ပေါင်းစပ် လုပ်ဆောင်နိုင်ကြရာ အဆင့်(၄) အရှင်သခင်အဆင့် သားရဲများနှင့် ညီမျှသည်။ မဟုတ်ပါက မုတ်ဆိတ်မွှေးနှင့်လူသည် ကျန်းဟန်ကို အဖွဲ့ဝင်အဖြစ် ခေါ်ယူရန် ပြောဆိုမည် မဟုတ်ပေ။

“အာ... ဝူးးးး”

အနည်းငယ် ရှေ့တိုးသွားသည်နှင့် ဝံပုလွေအူသံကို ကြားလိုက်ရပြီး မြူခိုးများထဲမှ လျှပ်စီးဘောလုံးများ ပစ်လွှတ်လာခဲ့သည်။

ဤသို့ စမ်းသပ်တိုက်ခိုက်မှုများကို လျှပ်စစ်သံလိုက် သားရဲက ဂရုမစိုက်ပေ။ ၎င်းသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် လျှပ်စီးရောင်ခြည်များ ထွက်ပေါ်လာပြီး ထိုလျှပ်စီးဘောလုံးများကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်လိုက်သည်။

လျှပ်စစ်သံလိုက် သားရဲမှာ အထူးသတ္တု ရွှေနှင့် အနက်ရောင်တို့ဖြင့် ပြုလုပ်ထားသော လူပုံသဏ္ဍာန် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ ထူးခြားချက်မှာ လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်ပြီး စွမ်းအားမှာ အဆင့်(၃) သားရဲများထဲတွင် ထိပ်တန်းအဆင့်တွင် ရှိသည်။

လမ်းတစ်လျှောက် အားလုံးကို ရှင်းလင်းလာပြီးနောက် ချောက်ကမ်းပါးအောက်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် ငွေရောင်နှင့် ခရမ်းရောင် ရောစပ်ထားသော မိုးကြိုးပန်းတစ်ပွင့် ပေါက်ရောက်နေပြီး ဂူအဝတွင် လျှပ်စီးမျက်လုံးပါ ဝံပုလွေနှစ်ကောင်ကို တွေ့လိုက်ရတော့သည်။

အခန်း ၁၂၈

လျှပ်စီးမျက်လုံး အမွှာဝံပုလွေများသည် လျှပ်စီးမျက်လုံး ဝံပုလွေများထဲတွင် အလွန်ထူးခြားသော သတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် မိခင်တစ်ဦးတည်းမှ ဆင်းသက်လာကြပြီး မိခင်ဝမ်းဗိုက်အတွင်း ကြီးထွားစဉ်ကာလတွင် သန္ဓေပြောင်းလဲမှုဖြစ်ပေါ်ကာ အမွှာအဖြစ် ဖြစ်တည်လာကြခြင်း ဖြစ်သည်။

ဤသတ္တဝါမျိုးမှာ အလွန်သန်မာ၏။ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်မှာ တစ်ပုံစံတည်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ပဋိပက္ခမရှိကြသဖြင့် ဒဏ်ရာများကို အပြန်အလှန် ခုခံပေးနိုင်ရုံသာမက ပူးတွဲတိုက်ခိုက်မှုများကိုပါ ပြုလုပ်နိုင်သည်။ အချို့သော ထူးခြားသည့် သတ္တဝါများတွင်မူ တစ်ကောင်၏ စွမ်းအားကို အခြားတစ်ကောင်ထံသို့ ခေတ္တမျှ အပြည့်အဝ လွှဲပြောင်းပေးနိုင်သည့်အတွက် ခဏတာအတွင်း ၎င်းတို့၏ ကန့်သတ်ချက်ထက် ကျော်လွန်၍ အဆင့်မြှင့်နိုင်သည်။

သို့သော်လည်း ဤအမွှာသားရဲမျိုးသည် သားရဲထိန်းချုပ်သူတစ်ဦးအတွက်မူ လက်တွေ့ကျသည့် တန်ဖိုးမျိုး မရှိပေ။ အကြောင်းမှာ ၎င်းတို့တွင် ဝိညာဉ်နှစ်ခု ရှိနေသေးသောကြောင့်ဖြစ်သည်။ စာချုပ်ချုပ်ဆိုရန်အတွက် သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်ခု လိုအပ်မည်ဖြစ်ပြီး သားရဲထိန်းချုပ်ခြင်း မျိုးစေ့တိုင်းမှာ အလွန်တန်ဖိုးကြီးလှသဖြင့် ဤသို့လုပ်ဆောင်ခြင်းမှာ အကျိုးမရှိပေ။

“အာ... ဝူးးးး”

ယခုတလော ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအသေးစားလေးများက ထိုအမွှာဝံပုလွေနှစ်ကောင်ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။ တစ်ကောင်မှာ အနက်ရောင်ဖြစ်ပြီး တစ်ကောင်မှာ အဖြူရောင်ဖြစ်ကာ ၎င်းတို့၏ မျက်လုံးများတွင် လျှပ်စီးအရှိန်အဝါများ ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။

ချက်ချင်းပင် ၎င်းတို့သည် ၎င်းတို့၏ အဓိကတိုက်ခိုက်မှုဖြစ်သည့် လျှပ်စီးမျက်လုံးကို ထုတ်လွှတ်လိုက်၏။ မျက်လုံးများမှ မီးပွားများ ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းများမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်ခတ်ထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးကြောင်း ဒါဇင်နှင့်ချီ၍ ဖြစ်ပေါ်လာသည်ကို မြင်တွေ့နိုင်ပေသည်။

ဤသည်မှာ အလွန်ခက်ခဲသော တိုက်ခိုက်မှုမျိုး ဖြစ်သည်။ လျှပ်စီးကြောင်းမှာ အလွန်လျင်မြန်ပြီး ရှောင်တိမ်းရန် ခက်ခဲလှသည်။ ထို့အပြင် ၎င်းသည် လျှပ်စီးဒဏ်ကိုသာမက စိတ်ဝိညာဉ် တိုက်ခိုက်မှု အချို့ကိုပါ သယ်ဆောင်လာပြီး ထိခိုက်မှုမှာလည်း ပေါင်းစည်းသွားတတ်သည်။

လျှပ်စီးမျက်လုံးမှ ထွက်လာသော လျှပ်စီးကြောင်းအများအပြား သင့်ကို ထိမှန်ပါက ခေါင်းမူးဝေပြီး အသိစိတ် လွင့်ပါးသွားရုံသာမက တစ်ကိုယ်လုံး တောင့်တင်းသွားမည်ဖြစ်ပြီး ပြန်လည်ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။

“ဒီလျှပ်စီးမျက်လုံးက လျှပ်စီးကြောင်းတွေက ကြောက်စရာကောင်းလိုက်တာ။ မျက်စိတစ်မှိတ်အတွင်းမှာတင် ရာနဲ့ချီ ရှိနေပြီ။ သူတို့ ဘာကြောင့် အကူအညီ ရှာရသလဲဆိုတာ ငါ အခု နားလည်သွားပြီ။”

ကျန်းဟန်သည် လက်ဖဝါးအရွယ်အစားရှိ ထိုလျှပ်စီးကြောင်းများကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။ ထိုလျှပ်စီးကြောင်းများသည် ပတ်ဝန်းကျင်၏ အားဖြည့်ပေးမှုကြောင့် သာမန်နေရာများထက် ပိုမိုပြင်းထန်နေ၏။

“လျှပ်စစ်သံလိုက်သားရဲ... လျှပ်စစ်သံလိုက် စက်ကွင်း....။”

လျှပ်စစ်သံလိုက် သားရဲသည် လျှပ်စစ်သံလိုက် စက်ကွင်းစွမ်းရည်ကို အသက်သွင်းလိုက်ရာ ထိုလျှပ်စီးတိုက်ခိုက်မှုများအားလုံးမှာ ၎င်းဆီသို့သာ ဆွဲငင်ခံလိုက်ရသည်။

“ကျောက်လိပ်... ကျောက်ဒိုင်း...။”

ဤအချိန်တွင် အရပ်ရှည်ရှည်လူအိုကြီးယန်၏ ကျောက်လိပ်သည်လည်း လှုပ်ရှားလိုက်သည်။ ကြီးမားသော ကျောက်ဒိုင်းကြီး လေးခုမှာ လျှပ်စစ်သံလိုက် သားရဲအနီးတွင် စုစည်းသွားပြီး လာသမျှ လျှပ်စီးကြောင်းများမှာ ကျောက်ဒိုင်းများကိုသာ ထိမှန်သွားခဲ့သည်။

ကျောက်တုံးများသည် လျှပ်စီးအတွက် လျှပ်ကာဖြစ်သောကြောင့် ၎င်းမှာ အကောင်းဆုံး ခုခံမှုဖြစ်သင့်သည်။ သို့သော် လျှပ်စီးကြောင်းများမှာ အလွန်များပြားပြီး ထိခိုက်မှုမှာ ပေါင်းစည်းနိုင်သဖြင့် ကျောက်ဒိုင်းမျက်နှာပြင်မှာ စက်သေနတ်ဖြင့် အပစ်ခံရသကဲ့သို့ အပေါက်များ ဖြစ်လာပြီး မကြာမီ ပျက်စီးတော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။

သို့သော်လည်း လျှပ်စီးမျက်လုံး ဝံပုလွေများ၏ စွမ်းအင်သုံးစွဲမှုမှာမူ မများပေ။ အကြောင်းမှာ အပြင်ဘက်ရှိ လျှပ်စီးဝိညာဉ်စွမ်းအင်များမှာ အလွန်ပင် ပေါများနေသောကြောင့် ဖြစ်သည်။

“ဆူးပင်သားရဲ... မြက်ချည်နှောင်ခြင်း”

ဤအချိန်တွင် မုတ်ဆိတ်မွှေးနှင့်လူက မြက်ခင်းထဲတွင် ပုန်းအောင်းနေသည့် ဆူးပင်မိစ္ဆာအား အမိန့်ပေးလိုက်ပြီး ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျန်းဟန် အခု မင်းအလှည့်ပဲ။”

ဆူးပင်မိစ္ဆာသည် မြက်ချည်နှောင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ရာ လျှပ်စီးမျက်လုံး ဝံပုလွေများမှာ အဆင်သင့်မဖြစ်လိုက်ဘဲ ခြေထောက်များ ချည်နှောင်ခံလိုက်ရပြီး လှုပ်ရှားမှု ကန့်သတ်ခံလိုက်ရသည်။

မြက်ချည်နှောင်ခြင်းမှာ အလွန်ကောင်းမွန်သော ထိန်းချုပ်မှု စွမ်းရည်မျိုး ဖြစ်သော်လည်း အနီးအနားတွင် အပင်များရှိရန် လိုအပ်ပြီး ဆူးပင်မိစ္ဆာအနေဖြင့် အပင်များနှင့် ချိတ်ဆက်ရန် အချိန်ယူရသဖြင့် ချက်ချင်း အသက်သွင်း၍ မရနိုင်ပေ။ သို့သော် ၎င်းသည် အပင်အရေအတွက် များများချိတ်ဆက်နိုင်လေလေ ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလေလေဖြစ်သည်။

မုတ်ဆိတ်မွှေးနှင့်လူသည် တိုက်ပွဲစတင်သည်နှင့် ဆူးပင်မိစ္ဆာကို ပုန်းအောင်းထားစေခဲ့သဖြင့် ယခုအခါ ဝံပုလွေများ၏ လှုပ်ရှားမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

“အာ... ဝူးးးးး”

လျှပ်စီးမျက်လုံး ဝံပုလွေများသည် ချက်ချင်း မလွတ်မြောက်နိုင်ကြောင်း သိလိုက်၏။ ဒေါသအလျောက် ၎င်းတို့သည် လျှပ်စီးများကို ပိုမိုစုစည်းလိုက်ပြီး လျှပ်စီးတိုက်ခိုက်မှု ရာပေါင်းများစွာကို ထပ်မံပစ်လွှတ်လိုက်သည်။

“ကျန်းဟန် မြန်မြန်လုပ်...အချိန်ကျပြီ။”

မုတ်ဆိတ်မွှေးနှင့်လူက သူ့ကို ထပ်မံတိုက်တွန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လျှပ်စစ်သံလိုက် သားရဲကို လျှပ်စီးကြောင်းများ စုစည်းစေရန် ညွှန်ကြားလိုက်သည်။

ကျန်းဟန်သည် တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို တစ်ချက်ကြည့်လိုက်၏။

“ဟုတ်ဟုတ် လှုပ်ရှားလိုက်တော့။ သွေးပရိပ်ကို သုံး။”

“ဂူးးးး”

ဟုတ်ဟုတ်သည် ကျန်းဟန်ကို ကြည့်လိုက်ပြီး ပျံသန်းသွား၏။ သူ လှုပ်ရှားလိုက်သည်နှင့် သွေးအရိပ်တစ်ခုသည် လျှပ်စီးမျက်လုံး ဝံပုလွေများဆီသို့ ပျံသန်းသွားခဲ့သည်။

ဟုတ်ဟုတ် ပုံမှန်အသုံးပြုနေကျ သွေးရိပ်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင် သွေးရိပ်မှာ တောက်ပသော သွေးနီရောင်ဖြစ်နေပြီး တစ်ခုတည်းသာဖြစ်ကာ ဝံပုလွေများထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့သည်။

“အာ... ဝူးးး”

ထိုသို့ တောက်ပနေသော သွေးအရိပ်ကို မြင်လိုက်ရသည့်အခါ လျှပ်စီးမျက်လုံး ဝံပုလွေများ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ အနက်ရောင် ဝံပုလွေသည် ၎င်း၏ပါးစပ်ကို ဟလိုက်ပြီး ငွေဖြူရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ သွေးအရိပ်မှာ ထိုအလင်းတန်းအတွင်း၌ တဖြည်းဖြည်း အားပျော့သွားပြီး နောက်ဆုံးတွင် အရိပ်အကြွင်းအကျန်အနည်းငယ်သာ ကျန်ရှိတော့ကာ ဝံပုလွေကို ထိမှန်သွားခဲ့သည်။

“မကောင်းတော့ဘူး။ ဒီကောင်က ဒီလိုကျွမ်းကျင်မှုမျိုး တတ်ကျွမ်းနေတာပဲ။ သွေးအရိပ်က ဘာမှသိပ်မထိရောက်ဘူး။”

ကျန်းဟန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ တစ်ချိန်တည်းမှာပင် ကျောက်ဒိုင်းမှာ အသံကျယ်ကြီးဖြင့် ကွဲအက်သွားပြီး လျှပ်စီးကြောင်းအမြောက်အမြားမှာ လျှပ်စစ်သံလိုက် သားရဲကို တိုက်ရိုက်ထိမှန်သွားကာ မီးပွားများ လွင့်စင်သွားခဲ့သည်။

“သေစမ်း...ဒီကောင်က လျှပ်စီးအလင်းတန်း စွမ်းရည်ကိုပါ တတ်ထားတာပဲ။”

မုတ်ဆိတ်မွှေးနှင့်လူ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ ဤတိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပေ။

သူတို့၏ မူလအစီအစဉ်မှာ လျှပ်စီးမျက်လုံး ဝံပုလွေများကို သူတို့က ဟန့်တားထားပြီး ကျန်းဟန်ကို သွေးအရိပ်ညဇီးကွက်အား သွေးအရိပ်တိုက်ခိုက်မှု ပြုလုပ်စေရန် ညွှန်ကြားခိုင်းခြင်း ဖြစ်သည်။

လျှပ်စီးမျက်လုံး ဝံပုလွေများသည် ထိုကဲ့သို့ အဆက်မပြတ် သွေးယိုစီးစေသည့် ထိခိုက်မှုမျိုးကို လုံးဝ မကိုင်တွယ်နိုင်ကြပေ။ သွေးအရိပ်ညဇီးကွက်၏ သွေးအမျိုးအစား ကျွမ်းကျင်မှုများသည် ဤနေရာတွင် ဖိနှိပ်ခံထားရသော်လည်း လျှပ်စီးအမျိုးအစား သားရဲများ၏ တိုက်ခိုက်မှုများထက် ထိမှန်ရာတွင် ပိုမိုထိရောက်သည်။

မိုးကြိုးတောင်တွင် လမ်းလျှောက်နေသူ အများစုမှာ လျှပ်စီးအမျိုးအစား သားရဲများကို အဓိကအားထားကြပြီး ၎င်းမှာ ဤနေရာ၏ ပတ်ဝန်းကျင် အသာစီးကို ရယူနိုင်သော်လည်း အားနည်းချက်လည်း ရှိသည်။

၎င်းမှာ လျှပ်စီး သို့မဟုတ် လျှပ်စစ်အမျိုးအစား သားရဲရိုင်းများနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်မှု အကျိုးသက်ရောက်မှုမှာ မကောင်းခြင်း ဖြစ်သည်။ လျှပ်စီးအမျိုးအစား သားရဲများသည် တိုက်ခိုက်မှု တစ်မျိုးတည်းကိုသာ သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိပြီး တစ်ဦးနှင့်တစ်ဦး ထိခိုက်အောင် မလုပ်နိုင်ကြပေ။

ဤအခြေအနေမျိုးမှာ သာမန်တိုက်ပွဲများတွင် အဆင်ပြေသော်လည်း လျှပ်စီးမျက်လုံး အမွှာဝံပုလွေများနှင့် တိုက်ခိုက်ရာတွင်မူ အလွန်ပင် ပင်ပန်းသည်။ ၎င်းတို့တွင် လျှပ်စီးအမျိုးအစား တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း ရှိပြီးသားဖြစ်သည့်အပြင် ဒဏ်ရာများကို အပြန်အလှန် ခုခံပေးနိုင်သည့်အတွက် လျှပ်စစ်သံလိုက် သားရဲ၏ တိုက်ခိုက်မှုမှာ ပိုမိုအသုံးမဝင်တော့ဘဲ ယားယံရုံမျှသာ ဖြစ်သွားစေခဲ့သည်။

သူတို့သည် ကျန်းဟန်ကို အကူအညီတောင်းခဲ့ခြင်းမှာ သူ့၏ သားရဲမှာ လျှပ်စီးအမျိုးအစား မဟုတ်သည့်အတွက် တန်ဖိုးထား၍ဖြစ်ပြီး သွေးအမျိုးအစား ဖြစ်မှန်းသိသောအခါ ပို၍ ဝမ်းသာခဲ့ကြသည်။ သွေးအမျိုးအစားမှာ တိုက်ပွဲကို အရှည်ဆွဲ၍ အားကုန်အောင် တိုက်ခိုက်ရာ၌ အကောင်းဆုံးဖြစ်သောကြောင့်ပင်။

သို့သော် ပထမဆုံး အကြိမ် တိုက်ခိုက်မှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ မုတ်ဆိတ်မွှေးနှင့်လူက ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ကျန်းဟန်ကို အစွမ်းကုန် မတိုက်ခိုက်ဟု သံသယဝင်နေသော်လည်း ကျန်းဟန်ကိုသာ အားကိုးနေရသဖြင့် ဘာမှ ပြောမထွက်ခဲ့ပေ။

“ရပါတယ်။ ဒီတစ်ခါတော့ တိုက်ခိုက်မှု နည်းဗျူဟာ ပြောင်းမယ်။ လျှပ်စစ်သံလိုက် သားရဲက တိုက်ရိုက် တက်တိုက်ပြီး မင်းတို့အတွက် အခွင့်အရေး ဖန်တီးပေးမယ်။”

သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ဝံပုလွေများ မြက်ချည်နှောင်ခြင်းမှ မလွတ်မြောက်သေးသည့် အခွင့်အရေးကို အသုံးချကာ လျှပ်စစ်သံလိုက် သားရဲသည် တောင့်တင်းနေခြင်းမှ ရုန်းထွက်ပြီး ရှေ့သို့ တိုးဝင်သွားလိုက်၏။

“အစ်ကိုဝူ တောင်းပန်ပါတယ်။ ဟုတ်ဟုတ်ရဲ့ တိုက်ပွဲအတွေ့အကြုံက တကယ် မလုံလောက်သေးလို့ပါ။ ထိခိုက်မှုအတွက် လောဘတက်မိတော့ တိုက်ခိုက်ပုံက အရမ်း သိသာသွားတယ်။ ဒီတစ်ခါ လျှပ်စစ်သံလိုက် သားရဲက အာရုံလွှဲပေးထားရင် သေချာပေါက် အောင်မြင်မှာပါ။”

ကျန်းဟန်သည် အပြစ်ရှိသလို သရုပ်ဆောင်လိုက်သည်။ ၎င်းကြောင့် မုတ်ဆိတ်မွှေးနှင့်လူမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။ သူ ကျန်းဟန်ကို မှားယွင်း အကဲခတ်မိသလား။ သူသည် စိတ်ကစားနေခြင်း မဟုတ်ဘဲ ခန့်မှန်းရုံသက်သက်သာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

ကျန်းဟန်၏ မျက်နှာပေါ်တွင် အပြစ်ရှိသည့် အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း အတွင်းစိတ်တွင်မူ တည်ငြိမ်အေးဆေးနေခဲ့သည်။ ထိုလူနှစ်ဦးသည် မကောင်းသော ရည်ရွယ်ချက် မပြသေးသော်လည်း အမြဲတမ်း သတိရှိရမည် ဖြစ်သည်။ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်၍ မဖြစ်သေးပေ။ လျှပ်စစ်သံလိုက် သားရဲကို ဒဏ်ရာအချို့ ရရှိစေပြီး စွမ်းအား လျော့ကျသွားစေရမည် ဖြစ်သည်။

လျှပ်စီးမျက်လုံး ဝံပုလွေများ သေဆုံးသွားပြီးနောက် သူတို့က ကျန်းဟန်ကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မည်နည်း။

နောက်ထပ် အချက်တစ်ခုမှာ ကျန်းဟန်သည် ဤမုတ်ဆိတ်မွှေးနှင့်လူအပေါ် သံသယအနည်းငယ် ရှိနေခြင်းဖြစ်သည်။ ဤလူသည် အလွန်တွက်ကပ်လွန်းသူ ဖြစ်သည်ဟု သူခံစားမိသဖြင့် စမ်းသပ်ကြည့်ရန် လိုအပ်နေသည်။

ယခင် တိုက်ပွဲကြောင့် လျှပ်စစ်သံလိုက်သားရဲ နှင့် ကျောက်လိပ် နှစ်ကောင်စလုံးမှာ မနည်းလှသော ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။

သူတို့ ထပ်မံ၍ တိုက်ခိုက်ရန် ပြင်ဆင်ကြသည့်အခါ ကျန်းဟန်သည် ဟုတ်ဟုတ်ကို အဆင်မပြေဟန်ဆောင်ခိုင်းထားပြီး အချိန်အခါသင့်မှသာ သွေးအရိပ်နှစ်ခုကို ပစ်လွှတ်စေလိုက်သည်။

သွေးအရိပ်များ ထိမှန်သွားပြီးနောက် လျှပ်စစ်သံလိုက် သားရဲက တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ပြီး ဒဏ်ရာချင်း လဲလှယ် တိုက်ခိုက်လိုက်ကြသည်။ သွေးအရိပ်စွမ်းရည်ကြောင့် ဒဏ်ရာတစ်ခု ရရှိသွားသည်နှင့် ၎င်းမှာ အဆက်မပြတ် သွေးယိုစီးနေတော့မည် ဖြစ်သည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက် ဝံပုလွေအော်သံတစ်ခုနှင့်အတူ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အဖြူရောင် လျှပ်စီးမျက်လုံး ဝံပုလွေမှာ လဲကျသွားတော့သည်။

“အရမ်းကောင်းတယ်...။ အဖြူရောင် ဝံပုလွေ သေသွားပြီ။ အနက်ရောင် ဝံပုလွေရဲ့ ဒဏ်ရာတွေလည်း ပိုဆိုးလာပြီ။ လျှပ်စစ်သံလိုက် သားရဲ... အခွင့်ကောင်းကို အသုံးချပြီး အဆုံးသတ်လိုက်။”

မုတ်ဆိတ်မွှေးနှင့်လူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ ပြီးသွားပြီ။ ကျန်းဟန်က အမှားအချို့ လုပ်ခဲ့ပေမဲ့ သူ့ရဲ့ တိုက်ပွဲကို အရှည်ဆွဲပြီး အားကုန်အောင် တိုက်ခိုက်တဲ့ သားရဲက တကယ်ကို အသုံးဝင်တယ်ဆိုတာ ဝန်ခံရမယ်။”

အရပ်ရှည်ရှည်လူအိုကြီးကလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။ သူတို့သည် မကြာမီ အဆင့်(၄) မိုးကြိုးပန်းကို ရရှိတော့မည်ဖြစ်ပြီး ဤနေရာမှ ရရှိမည့် အခြားသော အကျိုးအမြတ်များနှင့် ပေါင်းစပ်လိုက်ပါက သူအနေဖြင့် ကြီးမားသော ဆုလာဘ်တစ်ခု ရရှိတော့မည်ဖြစ်သည်။

ကျန်းဟန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးတစ်ဖက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။

All Chapters