← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 32 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 32 Ch. 435-436

အပိုင်း(၄၃၅)

အလုပ်များသော ရက်အနည်းငယ် ကြာပြီးနောက်တွင် လင်းတုန်းနှင့် ကျန်အဖွဲ့သားများသည် ကြယ်လှည်း မျှော်စင် ပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။ ထိုအခါ ကပ်ဆီးယပ်စ် အာရီလီယပ် သည် သူတို့ကို စောင့်ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။

သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အစစ်အမှန် ရွှေအဆင့် စကိုင်းဆွန်းအဖွဲ့ဝင် နှစ်ဦးက ခြံရံထားသည်။ သူတို့သည် သူ့ကို မျှော်စင်၏ ထိပ်အထိ လိုက်ပါ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ရမည်။ သို့သော် သူ၏ ဟန်ပန်အမူအရာက ထိုသူများကို သူ၏ သက်တော်စောင့်များထက် အစေခံများနှင့် ပိုတူနေစေသည်။ သူသည် လင်းတုန်းထက် အသက် အနည်းငယ်သာ ကြီး၏။ သူ၏ ကောက်ကွေးနေသော ဆံပင်များသည် အီသန် ကဲ့သို့ပင် ရွှေရောင် ဖြစ်နေသည်။

သူသည် ကျင့်ကြံသူများ ဝတ်ဆင်လေ့ရှိသော ဝတ်ရုံကို မဝတ်ဆင်ထားပေ။ ငွေရောင် အနားကွပ်ထားသော အပြာရင့်ရောင် အင်္ကျီနှင့် ဘောင်းဘီကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ကြယ်လှည်း မျှော်စင် ကဲ့သို့ပင် မတ်မတ် ဖြောင့်ဖြောင့် ရပ်နေသည်။ သူ၏ လက်တစ်ဖက်သည် ခါးတွင် ချိတ်ဆွဲထားသော သေးသွယ်သည့် ငွေရောင် ဓား ဓားရိုးပေါ်တွင် တင်ထားသည်။

အဖွဲ့သားများ ဆင်းသက်လာစဉ် သူသည် အီသန် ကို စူးစိုက်ကြည့်လိုက်သော်လည်း ကျန်သူများကိုမူ ခေါင်းညွတ်၍ နှုတ်ဆက်လိုက်သေးသည်။

"လင်းတုန်း၊ ယီရင်၊ အော်သို... မတွေ့ရတာ တော်တော်ကြာသွားပြီ... မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်က ငါ့ရဲ့ သတင်းစကားတွေကို လျစ်လျူရှုထားလို့ပါ..."

သူက အီသန်ကို နောက်ထပ် ဒေါသတကြီး တစ်ချက်ကြည့်ကာ မာစီ ဘက်သို့ လှည့်လိုက်သည်။

"တောင်းပန်ပါတယ် မိန်းကလေး... ငါက ကပ်ဆီးယပ်စ် အာရီလီယပ် ပါ၊ ခွင့်ပြုမယ်ဆိုရင် မင်းက အာကူရာ မာစီ ဖြစ်ရမယ်လို့ ငါ ထင်ပါတယ်..."

"တွေ့ရတာ ဝမ်းသာပါတယ် ကပ်ဆီးယပ်စ်..."

မိန်းကလေးက ဦးညွတ်လိုက်သည်။

"ရှင့်ရဲ့ ခေါင်းဆောင်ကြီး ကို ကျွန်မတို့အတွက် ငှားပေးထားလို့ ကျေးဇူးတင်ပါတယ်... သူက ကျွန်မတို့ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေဆီ အမြဲ ခေါ်သွားပေးတယ်..."

အကယ်၍ ယီရင် သာ ထိုစကားမျိုးကို ပြောခဲ့လျှင် ၎င်းသည် ခနဲ့တဲ့တဲ့ ပြောဆိုခြင်းမျိုး ဖြစ်နေပေလိမ့်မည်။

ကပ်ဆီးယပ်စ်သည် အံ့သြသွားပုံရပြီး လင်းတုန်း နှင့် ယီရင် တို့ဘက်သို့ လှမ်းကြည့်လိုက်သည်။

"အင်း... အဲဒါက ငါ ဒီကို ရောက်လာရတဲ့ အကြောင်းရင်းပဲ... ဒါပေမဲ့ ပထမဆုံးအနေနဲ့ လင်းတုန်းနဲ့ ယီရင်၊ မင်းတို့တွေ... အဆင့်တက်သွားကြတာပဲ... သေချာတာပေါ့လေ... မင်းတို့ နှစ်ယောက်စလုံးအတွက် ဂုဏ်ယူပါတယ်..."

သူ၏ အသံသည် ဂုဏ်ပြုနေသည့်ပုံ မပေါက်ဘဲ မောပန်းနွမ်းနယ်နေပုံ ရသည်။ အီသန် က သူတို့ကို အလွန်အမင်း တွန်းအားပေးနေသည်ဟု သူ သံသယ ဝင်နေသည့်အလားပင်။ သူသည် ယခင်ကလည်း သူတို့အတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ဖူးသည်။

သို့သော် ယီရင်သည် သူ၏ ချီးကျူးမှုကို ဂုဏ်ယူဝင့်ကြွားစွာ လက်ခံလိုက်သည်။ သူမသည် ကျောရိုးကို မတ်လိုက်ပြီး မေးစေ့ကို ပင့်တင်လိုက်၏။ သူမ၏ ဓားလက်ရုံးများက ဆန့်ထွက်သွားသည်။

လင်းတုန်းကတော့ တုံ့ပြန်သည့်အနေဖြင့် ကပ်ဆီးယပ်စ် ကို ခေါင်းညွတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ ကံကောင်းခဲ့လို့ပါ..."

"မင်းတို့ကိုယ် မင်းတို့ ဂရုစိုက်ကြဖို့ တကယ် မျှော်လင့်ပါတယ်... မင်းတို့ နှစ်ယောက်စလုံးပဲ... ဒါပေမဲ့ ငါ ဒီကို ရောက်လာတာက မင်းတို့က ငါတို့ရဲ့ ခေါင်းဆောင်ကြီးကို ငါတို့ဆီကနေ ခေါ်သွားခဲ့လို့ မဟုတ်ဘူးဘူး... အီသန်ဟာ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက အဲဒီရာထူးကို စွန့်လွှတ်ခဲ့ပြီးပြီ..."

လင်းတုန်းသည် သက်သောင့်သက်သာ မရှိစွာဖြင့် ကိုယ်ဟန်ပြောင်းလိုက်ပြီး အီသန် ကို ခိုးကြည့်လိုက်သည်။ ယီရင်ကတော့ သူ့ကို ပွင့်လင်းစွာ စိုက်ကြည့်နေပြီး တုံ့ပြန်မှု တစ်ခုကို စောင့်ဆိုင်းနေသည်။ မာစီ ကမူ ဤအရာများကို သူမ မကြားချင်ကြောင်း ဖော်ပြနေသည့် မျက်နှာထားမျိုး လုပ်ပြလေသည်။

အော်သိုသည် မီးခိုးငွေ့များကို အကြာကြီး မှုတ်ထုတ်လိုက်၏။ ဝိညာဉ်ချိတ်ဆက်မှုမှတစ်ဆင့် သူ လက်မြှောက် အရှုံးပေးလိုက်ပြီဖြစ်ကြောင်း လင်းတုန်း ခံစားလိုက်ရသည်။ ပြဿနာအပေးဆုံး ကလေးက နောက်ထပ် ပြဿနာ တစ်ခု ထပ်ရှာပြန်ပြီဟု သူ ကြားလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

လေပြေက အီသန်၏ ရှည်လျားသော ရွှေရောင် ဆံပင်များကို လွင့်မျောနေစေ၏။ သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလား ညင်သာစွာ ပြုံးနေသည်။

သူသည် စကိုင်းဆွန်းအဖွဲ့၏ မြစိမ်းရောင် သံချပ်ကာကို သူတို့ အားလုံးထက် ပိုမို စတိုင်ကျစွာ ဝတ်ဆင်ထားသည်။ သူ၏ အသွင်အပြင် စတိုင်အတွက် သံချပ်ကာ၏ ပုံသဏ္ဍာန်ကိုများ ပြုပြင်ပြောင်းလဲထားလေသလားဟု လင်းတုန်း တစ်ကြိမ်ထက်မက တွေးတောခဲ့ဖူးသည်။

"မင်းတို့ ငါ့ရဲ့ ရာထူးကို ရုပ်သိမ်းလိုက်ကတည်းက ငါ့ရဲ့ လွတ်လပ်ခွင့်ကို အကောင်းဆုံး အသုံးချနေခဲ့တာပါ..."

အီသန် က ပြောလိုက်သည်။

"မှောင်ခိုသမား တစ်ယောက်ကို ဖမ်းဆီးလိုက်တိုင်း အင်ပါယာကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်အောင် ဖန်တီးပေးနေတာလေ..."

ကပ်ဆီးယပ်စ်သည် ရှေ့သို့ တစ်လှမ်း တိုးလာ၏။ သူသည် ဓားကို ဆွဲထုတ်ရန် အသင့်ဖြစ်နေပုံ ရသည်။

"ကျုပ်က ခင်ဗျားဆီကနေ ဘာကိုမှ ရုပ်သိမ်းခဲ့တာ မဟုတ်ဘူး၊ မိသားစုခွဲ ခေါင်းဆောင်တွေက လုပ်ခဲ့တာ၊ ပြီးတော့ ကျုပ်က ကိုယ့်တာဝန်အနေနဲ့ ခင်ဗျားကို လာအသိပေးခဲ့တာပဲ... သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတယ်... ခင်ဗျားက ခင်ဗျားရဲ့ အလုပ်ကို မလုပ်ဘူး အီသန်... ခင်ဗျား မိသားစုဆီ ပြန်လာပြီး ရင်ဆိုင်ဖို့အတွက် သူတို့က ခင်ဗျားရဲ့ ရန်ပုံငွေနဲ့ အာဏာကို ဖြတ်တောက်ခဲ့တာ... အင်ပါယာ ကိုယ်တိုင်ကလည်း ခွင့်ပြုထားတယ်... ဒါပေမဲ့ ခင်ဗျားဆီက သတင်းကြားရတာ အရင်ကထက်တောင် ပိုနည်းသွားသေးတယ်..."

အီသန်၏ အပြုံးက အနည်းငယ် အေးစက်သွား၏။

"ဒီထက် ပိုပြီး သက်သောင့်သက်သာ ရှိတဲ့ နေရာတစ်ခုခုမှာ ငါတို့ ဒါကို ဆွေးနွေးလို့ ရမယ်မထင်ဘူးလား..."

နေသည် ဝင်စပြုနေပြီး လေပြေကလည်း အနေရခက်လောက်အောင် အေးစက်လာခဲ့သည်။

ကပ်ဆီးယပ်စ်က လက်များကို မြှောက်ကာ အရှုံးပေးလိုက်သည့် ဟန်ပြုလိုက်သည်။

"မဆွေးနွေးရသေးခင် ခင်ဗျား ထွက်ပြေးသွားမယ်လို့ ကျုပ် ထင်တယ်... တစ်ရာသီလုံး အချိန်ကုန်ခံပြီး ခင်ဗျားကို ကျုပ် ခြေရာခံခဲ့ရတာ၊ အခု ကျုပ် မျက်လုံးထဲကနေ တစ်ခဏလေး အလစ်ပေးလိုက်တာနဲ့ ခင်ဗျား ပျောက်သွားမယ်လို့ ကျုပ် ထင်တယ်... ခင်ဗျားက အမြဲတမ်း အဲဒီလို လုပ်နေကျပဲ..."

အီသန်သည် ထိုသို့ အများကြီး လုပ်လေ့ရှိကြောင်းကို လင်းတုန်း သဘောပေါက်သွားသည်။ သို့သော် သူသည် မည်သည့် နေရာမှန်း မသိဘဲ ပေါ်လာလေ့ ရှိသည်က ပို၍ပင် များသေးသည်။

"ကောင်းပြီလေ..."

အီသန် က ပြောလိုက်သည်။ ထို့နောက် ယခင်က သူ၏ ထံမှ လက်ချိုးရေတွက်၍ ရလောက်သော အကြိမ်အရေအတွက်မျှသာ ခံစားခဲ့ရဖူးသော ထူးခြားသည့် အရှိန်အဝါ တစ်ခုကို ရုတ်တရက် ဖြာထွက်လာစေသည်။

၎င်းသည် စိတ်ဝိညာဉ် စွမ်းအားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းက ထိုအရာထက် ပို၍ သိမ်မွေ့လှသည်။ ရုတ်တရက် ဘုရင် တစ်ပါး၏ ဝိညာဉ်အကြွင်းအကျန် ပူးကပ်ခံလိုက်ရသည့်အလား အာဏာစက် တစ်ခုပင် ဖြစ်သည်။

"မွေးရပ်မြေ တိုင်းပြည်ကနေ ငါ ရောက်လာတုန်းက..."

အီသန် က ပြောသည်။

"ကလန် ရဲ့ မဟူရာ မီးတောက် အခွဲအတွက် ခေါင်းဆောင်ကြီး ရာထူးကို လွှဲပြောင်းရယူဖို့ ငါ သဘောတူခဲ့တယ်၊ ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေ ရှိတယ်ဆိုတာကိုလည်း မင်းရဲ့ အဖေကို ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်... သူ့ရဲ့ မှတ်ဉာဏ်က တိုတောင်းလွန်းတယ်၊ ခုနစ်နှစ် အကြာမှာပဲ ငါ့ရဲ့ တာဝန်ထမ်းဆောင်မှု အဆင့်အတန်းအပေါ် သူ မကျေနပ်ဘူး ဆိုတာကို ငါ သိလိုက်ရတယ်... ကောင်းပြီလေ... ငါ အဲဒီ တံခါးပေါက်ကို ဖြတ်သန်းပြီး တစ်ခါမှ ခရီးမသွားခဲ့ဖူးဘူးလို့ပဲ သတ်မှတ်လိုက်ကြပါစို့..."

သူ၏ အပြာရောင် မျက်ဝန်းများသည် အေးစက်နေသ၏။

"တကယ်လို့ မင်းတို့ ငါ့ကို မယုံကြည်နိုင်ဘူး ဆိုရင်လည်း ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးလိုက်ပါ...”

ကပ်ဆီးယပ်စ်သည် ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လျက် ဓားကို လက်မအနည်းငယ်ခန့် ဆွဲထုတ်လိုက်သည်။ ထိုအခါမှသာ သူ အဆင့်တက်သွားကြောင်းကို လင်းတုန်း သတိပြုမိသွားသည်။ ယခုအခါ သူသည် အစစ်အမှန် ရွှေအဆင့် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် အစစ်အမှန် ရွှေအဆင့် ဖြစ်စေ၊ အဆင့်မြင့် ရွှေအဆင့် ဖြစ်စေ အီသန်ကို ဝင်ရောက် တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကပ်ဆီးယပ်စ်သည် သူ၏ ဓားကို အနောက်သို့ ပြင်းထန်စွာ ပြန်ထိုးသွင်းလိုက်သော်လည်း သူ၏ စကားလုံးများတွင် ဒေါသအမျက်များ ပါဝင်နေသည်။

"ခင်ဗျားကို ယုံကြည်ရမယ်... ဘာအတွက်ကြောင့်လဲ..."

သူ၏ စိတ်ဝိညာဉ်သည် ပွင့်ဟနေဆဲဖြစ်ပြီး အီသန် ထံသို့ မကြောက်မရွံ့ တည့်တည့် လျှောက်သွားကာ လက်တစ်ဖဝါးစာ အကွာအဝေးတွင် ရပ်တန့်လိုက်သည်။ အီသန် သည် သုံးလေးလက်မခန့် ပိုရှည်သော်လည်း ကပ်ဆီးယပ်စ် သည် သူ့ကို စူးစိုက်ကြည့်နေသည်။

"ခင်ဗျား လုပ်နေတဲ့ အရာတွေက မိသားစုရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက်လို့ ခင်ဗျားက ကျုပ်တို့ကို ပြောတယ်၊ ဒါပေမဲ့ အဲဒါကို ကျုပ်တို့က ဘယ်လိုလုပ် သိရမှာလဲ... အဲဒီလို ကိစ္စမျိုးကို ယုံကြည်ချက် တစ်ခုတည်းနဲ့ လက်ခံရတာ ဘယ်လိုခံစားရလဲ ဆိုတာ ခင်ဗျား သိလား... ကျုပ် တကယ် ပြောနေတာပါ၊ ခင်ဗျား တကယ်ရော သိရဲ့လား... အရာအားလုံးကို မသိရတာက ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလဲဆိုတာကို ခင်ဗျား သိလား..."

သူတို့၏ အပြာရောင် မျက်ဝန်းများသည် အခိုက်အတန့် တစ်ခုအထိ ရှည်ကြည်စွာ ထိပ်တိုက် ဆုံတွေ့နေကြသည်။ သူတို့သည် ဆွေမျိုးရင်းချာများ မဟုတ်ကြောင်းကို လင်းတုန်း သိထားသော်လည်း ဤအခိုက်အတန့်တွင်မူ သူတို့သည် ညီအစ်ကိုများကဲ့သို့ တူနေကြသည်။

လင်းတုန်းကို အံ့သြသွားစေသည်မှာ အီသန် သည် ပထမဆုံး စတင် ပျော့ပျောင်းသွားခြင်းပင် ဖြစ်သည်။

ကိုင်တွယ်၍ မရနိုင်သော အာဏာစက်သည် မှေးမှိန်သွားခဲ့သည်။ သူ၏ ပခုံးများ ကျသွားပြီး သံချပ်ကာ ဝတ်ဆင်ထားသော လက်ချောင်းတစ်ချောင်းကို မြှောက်ကာ နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"အဲဒါက... နာကျင်ရလောက်အောင်ကို... မှန်ကန်တဲ့ အချက်ပဲ..."

အဆုံးတွင် အီသန် က ဝန်ခံလိုက်သည်။ ကပ်ဆီးယပ်စ်သည် အလျှော့မပေးခဲ့ပေ။

"မိသားစု အကြီးအကဲတွေဆီ လာခဲ့ပါ... သူတို့ထဲက အများစုက ဒီကို လာနေကြပြီ... အင်ပါယာ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် သူတို့နဲ့ တွေ့ဆုံနိုင်ပါတယ်..."

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း လင်းတုန်းနှင့် အဖွဲ့သည် အချိန်အများစုကို ကုန်သွယ်ရေး ယာဉ်တန်းများကို ကြီးကြပ်ရာတွင် ကုန်ဆုံးခဲ့ရသည်။ အင်ပါယာ သတ်မှတ်ထားသော နှစ်လ အချိန်မီ မဟူရာ မီးတောက် မြို့သို့ သွားရောက်နေကြသူများကို ကြီးကြပ်ပေးနေခဲ့ခြင်း ဖြစ်သည်။ အင်ပါယာသည် အဓိက အဖွဲ့အစည်း အားလုံးကို သူတို့၏ အကောင်းဆုံးသူများကို စေလွှတ်ရန် ဆင့်ခေါ်ထားခဲ့သည်။ အထူးသဖြင့် အစွမ်းအထက်ဆုံးနှင့် ပါရမီ အရှိဆုံး တပည့်များကို ဖြစ်သည်။

အမိန့်ပြန်တမ်း ကိုယ်တိုင်က တိကျမှု မရှိသောကြောင့် လင်းတုန်းသည်လည်း အသေးစိတ် အချက်အလက်များကို ရေရေရာရာ မသိခဲ့ပေ။ အင်ပါယာသည် သူ၏ ရည်ရွယ်ချက်များကို အင်ပါယာတစ်ခုလုံး သိရှိအောင် ရှင်းပြရန် မလိုအပ်ဟု ယူဆထားပုံရသည်။

မဟူရာ မီးတောက် အင်ပါယာသည် ရွေးချယ်မှု လုပ်ငန်းစဉ် တစ်ခုအတွက် စုစည်းနေခြင်း ဖြစ်ကြောင်းကို လင်းတုန်း ကောက်ချက်ချမိသည်။ ထိုအရာသည် မကြာမီ ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုနှင့် သက်ဆိုင်နိုင်သော်လည်း ယင်းမှလွဲ၍ အခြား မှီငြမ်းစရာ အချက်အလက် မရှိခဲ့ပေ။ အီသန်ကတော့ အသေးစိတ် သိကောင်းသိနိုင်သည်။

"ငါ သူတို့နဲ့ တွေ့မှာ မဟုတ်ဘူး..."

အီသန်က ကပ်ဆီးယပ်စ်၏ ဒေါသကို တားဆီးရန် လက်တစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ရဲ့ တာဝန်တွေကိုတော့ ပြန်ထမ်းဆောင်ပါ့မယ်... ခေါင်းဆောင်ကြီး အနေနဲ့တော့ မဟုတ်ဘူး၊ ငါ မာဒြာပြား တွေ ထုတ်လုပ်ပေးနိုင်သလို မြို့တော်ထဲက ငါတို့လူတွေ နေရာချထားရေးကို ကြီးကြပ်ပေးနိုင်ပါတယ်... ဒီလို ကျဉ်းမြောင်းတဲ့ နေရာလေးမှာ လူတွေ အများကြီးနဲ့ဆိုတော့ အင်အားကို အကန့်အသတ်အထိ ဆွဲဆန့်ထားရတယ်ဆိုတာ ငါ သိပါတယ်..."

ကပ်ဆီးယပ်စ်သည် ဖြည်းညှင်းစွာ အသက်ရှူလိုက်ပြီးနောက် အနောက်သို့ ဆုတ်လိုက်သည်။

"အဲဒါက အထောက်အကူ ဖြစ်ပါလိမ့်မယ်... ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိသေးတယ်..."

သူက လင်းတုန်းနှင့် ယီရင်တို့ကို တစ်ခဏမျှ လှမ်းကြည့်လိုက်သည်။

"တကယ်လို့ ငါတို့ မိသားစုက သရဖူမဲ့ ဘုရင် ပြိုင်ပွဲ မှာ နေရာတစ်ခု ရခဲ့မယ်ဆိုရင် ငါတို့ရဲ့ ရပ်တည်မှုကို အများကြီး အထောက်အကူ ပြုလိမ့်မယ်... ငါတို့အနေနဲ့ ကျင်းကလန် နေရာကို အစားထိုး ဝင်ရောက်နိုင်ဖို့ လက်တွေ့အားဖြင့် သေချာသွားလိမ့်မယ်..."

***

အပိုင်း(၄၃၆)

"သရဖူမဲ့ ဘုရင် ပြိုင်ပွဲ ..."

လင်းတုန်းက လိုက်လံ ရေရွတ်လိုက်သည်။

ယီရင်၏ မျက်လုံးများကတော့ ပြူးကျယ်သွား၏။

"ငါ့ကို သွေးဖောက်ပြီးသာ မြေမြှုပ်လိုက်စမ်းပါ၊ လူတိုင်း ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ အဲဒီပြိုင်ပွဲကြောင့်လား... အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ မပြောနဲ့... ဝင်ကြည့်ဖို့အတွက် နေရာတစ်နေရာစာတောင် မဟူရာ မီးတောက် အင်ပါယာ က တတ်နိုင်ပါ့မလားလို့ ငါ ယုံတောင် မယုံနိုင်ဘူး..."

မာစီက ယီရင်ကို အံ့သြစွာ ကြည့်လိုက်သည်။

"နင် အဲဒီအကြောင်းကို သိနေတာလား..."

အီသန်က ပြုံးလိုက်သည်။

"ဒါက ငါ့ကိုတော့ မအံ့သြစေပါဘူး... သူ့ရဲ့ ဆရာက လွန်ခဲ့တဲ့ ပြိုင်ပွဲ သုံးကြိမ်တုန်းက ထိပ်ဆုံး ရှစ်ယောက် စာရင်းထဲ ဝင်ခဲ့တယ်လို့ နာမည်ကြီးတယ်လေ..."

"ကောင်းကင်က နေမင်းကြီး ပြုတ်ကျလာပြီး ရှင့်ခေါင်းပေါ်ကို ကျလာမယ်ဆိုရင်ရော အဲဒါက ရှင့်ကို အံ့သြစေမှာလား..."

ယီရင်က မေးလိုက်သည်။

အီသန်က မဖြေဆိုမီ တစ်ခဏမျှ စဉ်းစားလိုက်သည်။

"အင်း... အံ့သြလိမ့်မယ်..."

ကပ်ဆီးယပ်စ်က ပြိုင်ပွဲအကြောင်း ရှင်းပြမှုကို ဆက်လက် တာဝန်ယူလိုက်သည်။

"အာကူရာ လက်အောက်ခံ တိုင်းပြည်တွေကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ဖို့အတွက် နှလုံးသား သူတော်စင် က လူငယ် မျိုးဆက်ထဲက အဆင့်နိမ့် အရှင်သခင် သုံးယောက်ကို ရွေးချယ်နေတယ်... ငါ ထင်တာတော့ အီသန် က..."

“သူ့ရဲ့ ပြိုင်ပွဲဝင်မယ့်သူတွေကို ရွေးချယ်ထားပြီးသားပဲ..."

အီသန်က ပြောရင်း လက်များကို ဖြန့်ကားလိုက်သည်။

"အားလုံးသာ အဆင်ပြေသွားမယ်ဆိုရင်တော့ ကိုယ်စားလှယ် သုံးယောက်စလုံးကို ငါ ပံ့ပိုးပေးနိုင်လိမ့်မယ်... ပြီးတော့ အဲဒီထဲက နှစ်ယောက်က တရားဝင် 'အာရီလီယပ်' ဆိုတဲ့ နာမည်ကို ခံယူထားတော့ ငါတို့အတွက် အခြေအနေ ကောင်းနေသေးတယ်လေ..."

လင်းတုန်းနှင့် ယီရင်တို့သည် အချင်းချင်း အကဲခတ်လိုက်ကြသည်။ အီသန်သည် သူတို့ကို ရှင်းလင်းစွာ ရည်ညွှန်းနေခြင်းဖြစ်သည်။ သူတို့သည် အာရီလီယပ် မိသားစု သို့ မွေးစားခံထားရသူများ ဖြစ်ပေသည်။

"သုံးယောက်..."

ကပ်ဆီးယပ်စ်၏ မျက်ခုံးများက ပင့်တက်သွားသည်။

"သုံးယောက် ဟုတ်လား..."

မာစီက မေးလိုက်သည်။ အီသန်သည် သူမ၏ မျက်လုံးများကို ဆုံကြည့်ရင်း ပြုံးလိုက်သည်။

"သုံးယောက်ပါ..."

သူက ပြောသည်။

“ငါ ပြောသလို အားလုံးသာ အဆင်ပြေသွားမယ်ဆိုရင်ပေါ့..."

ကပ်ဆီးယပ်စ်သည် အီသန်ကို စူးစိုက်ကြည့်ကာ သူ၏ ဓားရိုးပေါ်တွင် လက်ချောင်းများကို ခေါက်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတွင် သူက ပြောလိုက်သည်။

"ခင်ဗျားဆီက ကျန်တဲ့ အရာအားလုံးကိုလည်း ယုံကြည်ချက် တစ်ခုတည်းနဲ့ လက်ခံခဲ့တာပဲလို့ ကျုပ် ထင်တယ်... နောက်တစ်ကြိမ် ထပ်ယုံလိုက်လို့လည်း ကျုပ် သေသွားမှာမှ မဟုတ်တာ...”

အင်ပါယာက နိုင်ငံအတွင်းရှိ လူငယ် အစစ်အမှန် ရွှေအဆင့် အားလုံးကို မြို့တော်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်မှာ နှစ်လကြာသွားခဲ့ပြီဖြစ်သည်။ ယခုအခါ မဟူရာ မီးတောက် မြို့ကြီးသည် လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။

မြစိမ်းရောင် သံချပ်ကာကို ဝတ်ဆင်ထားသော အီသန် သည် ကျယ်ပြန့်သော တိမ်ဖောင်ကြီးပေါ်တွင် ရပ်လျက် သူတို့အဖွဲ့ကို ဦးဆောင်လာခဲ့သည်။ အော်သိုသည် ခေါင်းကို ကျုံ့ကာ သူ၏ အနောက်တွင် ကပ်နေ၏။ လင်းတုန်းသည် အော်သို ၏ စိုးရိမ်ပူပန်မှုများကို ခံစားသိရှိနိုင်ပေသည်။

မာစီ နှင့် ယီရင် တို့က အနောက်မှ လိုက်ပါလာကြသည်။ မာစီ သည် သူမ၏ လေးကို ခွစီးထားပြီး ယီရင် ကမူ သူမ၏ ကိုယ်ပိုင် မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် ရပ်နေသည်။ သူတို့ အားလုံးသည် စကိုင်းဆွန်းအဖွဲ့ ၏ အစိမ်းရောင် သံချပ်ကာကို ဝတ်ဆင်ထားကြသော်လည်း ယီရင် ၏ အသွင်အပြင်မှာ လွန်ခဲ့သော နှစ်လကထက် အနည်းငယ်မျှပင် ပို၍ သက်သောင့်သက်သာ ရှိလာပုံ မပေါ်ပေ။

အပြာလေးသည် လင်းတုန်း ၏ ကော်လာပေါ်တွင် ထိုင်ကာ သူ၏ မေးစေ့ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူမသည် ယခုအခါ ထိုသို့ ပြုလုပ်ရန် အနည်းငယ် ကြီးမားလွန်းနေပြီ ဖြစ်သည်။ သူမသည် လင်းတုန်း ကို သွက်လက်သော ငှက်ကလေး တစ်ကောင်ကဲ့သို့ တကျီကျီ အသံပြုနေသည်။

သူမ ရှုခင်းအကြောင်း ပြောနေသည်ဟု လင်းတုန်း တစ်နည်းနည်းဖြင့် ထင်မှတ်မိသည်။

[ဘာလဲ... အဲဒါက ရူးသွပ်စရာပဲ... မင်း တကယ် လုပ်နိုင်လို့လား... မင်း လုပ်နိုင်မယ် မထင်ဘူးနော်...]

ဒရော့စ် က ပြန်ပြောလိုက်သည်။ ထို့နောက် သူက အသံကို နှိမ့်လိုက်သည်။

[သူက လေထဲပျံသန်းရတာကို နည်းနည်း အရမ်း စိတ်လှုပ်ရှားနေသလိုပဲ မထင်ဘူးလား... သူ ခုန်ချ မသွားအောင် သေချာ ကြည့်ထားသင့်တယ်နော်...]

စကိုင်းဆွန်းအဖွဲ့ အတွက် တာဝန်များ ထမ်းဆောင်ရမည်ကို လင်းတုန်း အစကတည်းက စိုးရိမ်ခဲ့သော်လည်း ပြီးခဲ့သော ရှစ်ပတ်အတွင်း သူ အများကြီး အနားယူခွင့် ရခဲ့သည်။ သူတို့သည် ရိုးရှင်းသော အလုပ်တစ်ခုအတွက် ခရီးသွားရန် နာရီအနည်းငယ် အချိန်ပေးလေ့ရှိပြီး အချိန်မီ ပြန်လာကာ အစာစားခြင်း၊ လေ့ကျင့်ခြင်းနှင့် အိပ်စက်ခြင်းများကို ပြုလုပ်နိုင်ခဲ့ကြသည်။

ယခုအခါ စကိုင်းဆွန်းအဖွဲ့ သည် သူတို့ကို အကျဉ်းသားများကဲ့သို့ မဆက်ဆံတော့သောကြောင့် (အနည်းဆုံးတော့ အများအားဖြင့်) သူသည် ထိုဘဝကို သဘောကျနေခဲ့သည်။ ယီရင် ပင်လျှင် စွန့်စားမှု ပိုများသော အလုပ်များ လုပ်ရန် သူတို့ကို တွန်းအားမပေးတော့ပေ။ သူမသည်လည်း ထို အနားယူချိန်ကို သူ့နည်းတူ သဘောကျနေပုံ ရသည်။

ယနေ့တွင် လင်းတုန်းသည် နွေဦးလေပြေအေးကို ခံယူရင်း မဟူရာ မီးတောက် မာဒြာဖြင့် အတွင်းမှနေ၍ သူ့ကိုယ်သူ နွေးထွေးစေသည်။ သူ၏ စကိုင်းဆွန်း သံချပ်ကာတွင် မည်သည့်အရာကိုမျှ ထပ်မံ မတပ်ဆင်ရသေးပေ။ သူနှင့် ဖစ်ရှာ ဂီရှာ တို့သည် ၎င်းကို လေ့လာနေဆဲ ဖြစ်သည်။ သူတို့သည် မီး မာဒြာ ဖြင့် အပူပေးစက် တစ်ခုကို တပ်ဆင်နိုင်ကောင်း တပ်ဆင်နိုင်ပေလိမ့်မည်။

သူတို့အဖွဲ့သည် လွန်ခဲ့သော သီတင်းပတ်ခန့်က မဟူရာ မီးတောက် မြို့ပေါ်သို့ ရောက်ရှိလာခဲ့သော လွင့်မျောနေသည့် မုန်တိုင်းကျောက်ဆောင် မြို့ကြီးနှင့် ဝေးရာသို့ ပျံသန်းလာခဲ့ကြသည်။ လင်းတုန်း သည် သူ၏ အောက်ဘက် အဝေးရှိ မဟူရာ မီးတောက် အင်ပါယာ ၏ မြို့တော်ကြီးကို ငုံ့ကြည့်လိုက်သည်။

ထိုမြို့ကြီးကို အလွန် ကြီးမားသောကြောင့် တောင်တန်းများအဖြစ် သတ်မှတ်နိုင်လောက်သည့် ချွန်ထက်ကာ ကျိုးပဲ့နေသော မဟူရာ ကျောက်တုံး တံတိုင်းများဖြင့် ဝန်းရံထားသည်။ တံတိုင်းများ၏ ပတ်လည်တွင် အဝင်ပေါက်ငယ်များကို ထွင်းထုထားသော်လည်း ပင်မ အဝင်ပေါက်ကြီးများသည် တံတိုင်းများနှင့် အမြင့်တူလောက်အောင် မြင့်မားနေသည်။

တံခါးပေါက် တစ်ခုစီ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အလားတူ အနက်ရောင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ကြီးမားလှသည့် ရုပ်တုကြီးများ ရှိနေသည်။

တစ်ခုမှာ သရဖူ ဆောင်းထားပြီး အမြီးရှည် ပါရှိသော အင်ပါယာ တစ်ပါး ဖြစ်သည်။ သူသည် ဆန့်တန်းထားသော လက်ဖဝါးတစ်ဖက်ပေါ်တွင် ထွင်းထုထားသည့် မီးတောက်တစ်ခုကို ချိန်ခွင်လျှာ ညီအောင် ထိန်းထားသည်။

အချိန်ကာလ အတော်ကြာ ကတည်း ကွယ်လွန်သွားပြီဖြစ်သော ဤအင်ပါယာသည် အလားတူ သရဖူနှင့် အမြီးရှည် ပါရှိကာ လက်ဖဝါးပေါ်တွင် တူညီသော မီးတောက်တစ်ခုကို ကိုင်ဆောင်ထားသည့် ဧကရီ တစ်ပါးနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

ဤအင်ပါယာနှင့် ဧကရီ တို့သည် လင်းတုန်း ယခင်က မြင်ဖူးသမျှ အရာအားလုံးထက် ကြီးမားသော မြို့ကြီးတစ်မြို့ကို အတူတကွ စောင့်ကြည့်နေကြသည်။ မြင့်မားသော မုန်တိုင်းကျောက်ဆောင် မြို့ကြီးပေါ်မှနေ၍ အကွာအဝေးများကို ဆုံးဖြတ်ရန် ခက်ခဲသော်လည်း အင်ပါယာ မြို့တော်ကြီးသည် အထွတ်အမြတ် တောင်ကြား တစ်ခုလုံးစာခန့် ကြီးမားပေလိမ့်မည်။

ထို့ပြင် ၎င်း၏ နေရာတိုင်းတွင် လူများ ပြည့်ကျပ်နေသည်။

လူအုပ်ကြီးသည် တံခါးပေါက်တိုင်းမှ လျှံထွက်နေပြီး မိုင်ပေါင်းများစွာ ရှည်လျားသော တန်းစီမှုများ ဖြစ်ပေါ်နေသည်။

လူပင်လယ်ကြီးသည် လှိုင်းလုံးများကဲ့သို့ တံတိုင်းများကို ရိုက်ခတ်နေပြီး ပြည့်ကျပ်နေနှင့်ပြီဖြစ်သော မြို့တော်အတွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်။

မြို့တော်ကြီးက ထိုမျှ ပြည့်ကြပ်နေလေရာ စကိုင်းဆွန်းအဖွဲ့ အတွက် တာဝန်များ အများအပြား ရှိနေပြီ ဖြစ်သည်။ ကျဉ်းမြောင်းသော နေရာတစ်ခုအတွင်း လူဦးရေ အများအပြား စုဝေးနေခြင်းက ဘေးအန္တရာယ်အတွက် ဆေးနည်း တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် စကိုင်းဆွန်းအဖွဲ့မှာ အလုပ်အလွန် များနေခဲ့သည်။

ပုံမှန်အားဖြင့် အီသန် သည် သူတို့အား ကိုယ်ပိုင် တာဝန်များကို ရွေးချယ်ခွင့်ပြုပြီး ၎င်းတို့ကို ပြီးမြောက်ရန် ဦးဆောင် လုပ်ကိုင်ခွင့် ပြုလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်မူ မည်သည့် နေရာသို့ သွားမည်ကို မပြောဘဲ သူတို့ကို စုစည်းခဲ့သည်။

လင်းတုန်းတို့ တစ်သိုက်သည် မည်သည့်နေရာသို့ သွားနေမှန်း အီသန် တစ်ယောက်တည်းသာ သိသော ခရီးစဉ်တစ်ခုဆီသို့ အေးစက်သော လေပြေထဲတွင် ပျံသန်းလာခဲ့ကြသည်။ အီသန် တစ်ယောက်တည်းသာ သိသည် ဆိုသည့် အချက်ကပင် သူတို့သည် ဖော်ပြ၍ မရနိုင်လောက်အောင် အန္တရာယ်ကြီးမားသော နေရာတစ်ခုခုဆီသို့ ဦးတည်နေသည်ဟု လင်းတုန်း ကို သံသယ ဝင်သွားစေရန် လုံလောက်နေခဲ့သည်။

မြို့ရိုးနှင့် မိုင်အနည်းငယ် အကွာအဝေး၊ လမ်းမများနှင့် ဝေးကွာသော နေရာသို့ ရောက်သောအခါ အီသန်သည် တောင်ကုန်းငယ်များ စုဝေးနေသည့် နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဟိုဘက်ကို ဆင်းကြမယ်..."

အီသန်သည် သာယာလှပသော မြက်ခင်းပြင် တောင်ကုန်းများအကြောင်း ဆက်ပြောနေသော်လည်း တိုက်ခတ်နေသော လေပြေများကြောင့် သူပြောသော စကားများကို တစ်လုံးခြားစီသာ ကြားရလေသည်။

အော်သိုကတော့ မြေပြင်ပေါ်သို့ ဆင်းသက်လာရသည့် အတွက် အလွန်ပင် စိတ်သက်သာရာ ရနေခဲ့သည်။ မကြာခင်မှာပင် သူတို့ မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ကြပြီး မိုင်တစ်ထောင် တိမ်တိုက် များကို ရုတ်သိမ်းလိုက်သောအခါ မြက်ခင်းပြင် တောင်ကုန်းများစွာကြားရှိ မြက်ခင်းပြင် တောင်ကုန်းတစ်ခုပေါ်တွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အဝေးမှ မဟူရာ မီးတောက် မြို့ကြီးကို သူတို့ မြင်နိုင်ပြီး အင်ပါယာနှင့် ဧကရီ တို့သည် တောင်ကုန်းများပေါ်မှ လှမ်းကြည့်နေဆဲ ဖြစ်သော်လည်း မိုင်ပေါင်းများစွာ ပတ်လည်တွင် အခြား မည်သည့်အရာမျှ မရှိပေ။

အီသန်သည် သက်စောင့် အော်ရာ ကို စောင့်ကြည့်နေသည့်အလား လေထုထဲသို့ မော့ကြည့်လိုက်၏။ လင်းတုန်းကလည်း သူ၏ ကြေးအဆင့် အမြင် ကို ဖွင့်ကြည့်လိုက်ရာ လေ၊ မြေကြီးနှင့် သက်စောင့်စွမ်းအင် တို့ကို ကိုယ်စားပြုသော မျှော်လင့်ထားသည့် အရောင်တန်းများမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မတွေ့ရပေ။

"ပြီးပြည့်စုံတယ်..."

အဆုံးတွင် အီသန် က ပြောလိုက်သည်။

"ငါတို့ မျှော်လင့်ထားတာထက် နည်းနည်း စောရောက်သွားပေမဲ့ လုံးဝ မရောက်လာတာထက်စာရင် စောရောက်တာက ပိုကောင်းပါတယ်လေ... ကဲ၊ အခု ငါပြောတာ သေချာ နားထောင်၊ ငါတို့မှာ အချိန် သိပ်မရှိဘူး..."

အပြာလေးသည် သူ၏ နားထဲတွင် တကျီကျီ အသံပြုကာ လက်ညှိုးထိုးပြလိုက်သည်။ လင်းတုန်း သည် သူမ ပြသောဘက်သို့ လိုက်ကြည့်လိုက်ရာ အပေါ်သို့ မော့ကြည့်မိသွားသည်။

အဝေးရှိ တိမ်တိုက်များကြားတွင် ငွေရောင်နှင့် ခရမ်းရောင် အစက်အပြောက်လေး တစ်ခု ဝဲပျံနေသည်။ ၎င်းသည် ဇီးကွက် တစ်ကောင် ဖြစ်ကြောင်း သိရန် သူ အသေးစိတ် ကြည့်စရာ မလိုခဲ့ပေ။

***

All Chapters