အခန်း (၄၄၃-၄၄၄)
Vol. 32 Ch. 443-444
အပိုင်း(၄၄၃)
အိပ်မက် မှတ်တမ်းပြား အတွင်း၌ သွေး သူတော်စင် (သွေးရောင် ယုံကြည်မှု သူတော်စင်) သည် သူ၏ ကိုယ်ပိုင် မာဒြာ ကို ကြိုးကိုင်ခြယ်လှယ်နေသည်။ ၎င်းသည် အခြေခံ ကျင့်ကြံခြင်း နည်းစနစ် တစ်ခုနှင့် ပုံစံတူညီသော်လည်း အချို့နေရာများတွင် ရှုပ်ထွေးယှက်နွယ်နေပြီး အချို့နေရာများတွင် ပြောင်းပြန်ဖြစ်နေသည်။ သူ၏ စိတ်ဝိညာဉ် ကို သွေးအရိပ် က စားသုံးမည်ကို စောင့်ဆိုင်းနေမည့်အစား သူ၏ ကိုယ်ပိုင် မာဒြာ များကို ၎င်းထံသို့ လမ်းကြောင်းပေးနေခြင်း ဖြစ်သည်။
‘မင်းရဲ့ စိတ်ဝိညာဉ်ကို ကိုယ်တိုင် လမ်းကြောင်းပေးဖို့ ရွေးချယ်တဲ့အခါ...’
သူတော်စင်၏ အသံက ယီရင်၏ ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
‘အဲဒီအထဲမှာ မင်းရဲ့ ကိုယ်ပိုင် ဆန္ဒတွေ ပါဝင်နေတယ်၊ ကာလတို အတွင်းမှာ ဒါက သွေးအရိပ် ကို မင်းအပေါ် ပိုပြီး ဩဇာလွှမ်းမိုးနိုင်စွမ်း ပေးလိမ့်မယ်၊ ဒါကြောင့်ပဲ အားနည်းပြီး ရိုးရှင်းတဲ့ သူတွေက ဒါကို စမ်းသပ်ကြည့်ဖို့တောင် ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ လအနည်းငယ် ကြာတဲ့အခါ သွေးအရိပ် ဟာ မင်းကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ အရိပ် တစ်ခုအနေနဲ့ စတင် လှုပ်ရှားလာလိမ့်မယ်၊ မင်းရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ် ရဲ့ သွေး မိတ္တူပွား တစ်ခုပေါ့...’
‘ဒါက စစ်မှန်တဲ့ စွမ်းအားဆီကို သွားတဲ့ လမ်းပေါ်က ပထမဆုံး ခြေလှမ်းပဲ၊ ဒုတိယ ခြေလှမ်း အတွက်ကတော့... ပထမဆုံး မင်းရဲ့ ဝိညာဉ်မီး ကို အသုံးချပါ...’
ထိုနေရာသို့ ရောက်တိုင်း အမြဲ လုပ်လေ့ရှိသည့်အတိုင်း ယီရင်သည် အိပ်မက် မှတ်တမ်းပြား ကို လွှတ်ချလိုက်သည်။ သွေးသူတော်စင် ၏ ညွှန်ကြားချက် ဒုတိယအဆင့်မှာ ဝိညာဉ်မီး ထိန်းချုပ်ခြင်း နည်းစနစ်များ ဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့သည် ငှက်တစ်ကောင်က သူမအား မည်သို့ ပျံသန်းရမည်ကို ပြောပြနေသကဲ့သို့ပင် သူမအတွက် အသုံးမဝင်လှပေ။
သူမနှင့် အော်သိုသည် အီသန် ၏ နောက်သို့ လိုက်ကာ အရိပ်များ နစ်မြုပ်နေသော တောအုပ်၏ တစ်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာရှိ သစ်ပင်များတွင် ခရမ်းရောင် သို့မဟုတ် အပြာရင့်ရောင် ခပ်ဖျော့ဖျော့ တောက်ပနေသော မှိုများ ဖုံးအုပ်နေသည်။ ၎င်းတို့သည် ပျော့ပျောင်းသော ပုံမှန် မှိုများနှင့် မတူဘဲ ပုံဆောင်ခဲ ဖြင့် ပြုလုပ်ထားသည့်အလား ဖြစ်နေသည်။ ကိုင်ကြည့်ရာတွင် ကျောက်တုံးနှင့် တူသော်လည်း သူမ၏ လက်ထဲတွင် အနည်းငယ် ပျော့အိအိ ဖြစ်နေဆဲပင်။ ၎င်းတို့မှာ ပျော့အိအိ ဖြစ်နေသော်လည်း မာကျောသော အပြင်ခွံ တစ်ခုဖြင့် ဖုံးအုပ်ထားသည့်အလား ဖြစ်ပေသည်။
ထိုအလင်းရောင်သည် အမှောင်ထုကို နောက်သို့ တွန်းပို့နိုင်ခြင်း မရှိသလောက်ပင် ဖြစ်သည်။ မှိုများမှ ထွက်ပေါ်နေသော အော်ရာ မှာ... ထူးဆန်းနေသလို ခံစားရသည်။ မည်သည့်အရာ ဖြစ်ကြောင်းကို သူမ တိတိကျကျ မပြောနိုင်ပေ။ ထို့ပြင် ကြေးအဆင့် အမြင် ကို ဖွင့်၍ မကြည့်နိုင်သောကြောင့် သူမ ခန့်မှန်းရန်ပင် မကြိုးစားတော့ပေ။ သို့သော် အီသန် က ၎င်းတို့ကို ထိတွေ့ရန် ဘေးကင်းကြောင်း သူမကို အာမခံခဲ့သဖြင့် သစ်ပင်များပေါ်မှ ခွာယူကာ အီသန် ကြိုတင် ပြင်ဆင်လာခဲ့သော အိတ်များအတွင်းသို့ ပစ်ထည့်လိုက်သည်။
လက်တစ်ဖဝါးစာ အရွယ်အစားရှိ မှိုတစ်ပွင့်စီတိုင်းသည် အင်ပါယာ သို့ ပြန်ရောက်ပါက အဆင့်မီ ကျင့်ကြံရေး ဓားတစ်လက်ထက် ပို၍ တန်ဖိုးရှိသောကြောင့် သူမ၏ အိတ်များ အပြည့်အမောက် ဖြစ်သည်အထိ သွတ်သွင်းနေခဲ့သည်။ သို့သော် ထိုအရာက ပျင်းစရာ ကောင်းလှသည်။ ထို့ကြောင့် သူမ၏ စိတ်ကို အဆင့်တက်ခြင်း အပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
သို့မဟုတ်... သူမ၏ သွေးအရိပ်အား အဆင့်မြှင့်တင်ခြင်း ပေါ်တွင်ပင်။ သူမကိုယ်တိုင်၏ အဆင့်တက်ခြင်းမှာမူ အစစ်အမှန် ရွှေအဆင့်၏ နောက်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ သို့မဟုတ် လင်းတုန်း ၏ အံ့ဖွယ် ရေများ ကုန်ခမ်းသွားသည်အထိ ချောမွေ့သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။
"ဒါက နဂါး တစ်ကောင်အတွက် စွန့်စားခန်း တစ်ခု ရှာဖွေဖို့ နေရာကောင်း တစ်ခုပဲ..."
အီသန် က ပြောလိုက်သည်။ သူနှင့် အော်သို သည် သူတို့ ထွက်ခွာလာကတည်းက မရပ်မနား စကားပြောနေခဲ့ကြပြီး ယီရင် ကမူ သူတို့ကို အများအားဖြင့် လျစ်လျူရှုထားခဲ့သည်။
"ငါ အထွတ်အထိပ်ကို ရောက်သွားတာနဲ့..."
အော်သို က တုံ့ပြန်လိုက်သည်။
"အော်ရာ ရဲ့ အရည်အသွေးက ငါ့အတွက် အရေးမကြီးတော့ဘူး၊ အဲဒါကို မင်း သိပါတယ်... ဒါက အထွတ်အမြတ် ခရီးစဉ် တစ်ခုလေ..."
"ရိုးရာအရတော့ မိသားစုနဲ့ အတူတူ သွားလေ့ရှိတဲ့ ခရီးစဉ်မျိုးပေါ့..."
အီသန် က ပြောသည်။ သူသည် လက်ပိုက်ကာ ကျောကို သစ်ပင်တွင် မှီထားသော်လည်း မှိုများသည် သူ၏ အိတ်ထဲသို့ လွင့်မျော ဝင်ရောက်နေဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် အီသန် မည်သို့ လုပ်ဆောင်နေသနည်း ဆိုသည်ကို သူမ မေးခွန်းထုတ်လေ့ မရှိသော်လည်း သန့်စင်သော မာဒြာ သည် မည်သည့်အရာကိုမျှ မ,တင်၍ မရသလို ရွှေ့ပြောင်း၍လည်း မရနိုင်ပေ။ သိချင်စိတ်ဖြင့် သူမ၏ ဝိညာဉ် အာရုံ ကို သူ၏ ထံသို့ ဖြန့်ကြက်လိုက်သည်။
သက်စောင့်အော်ရာ သည် မှိုများကို ရုပ်ပိုင်းဆိုင်ရာအရ ရွေ့လျားပေးနေခြင်း ဖြစ်သည်။ သူသည် အုပ်ချုပ်သူ နည်းစနစ် တစ်မျိုးမျိုးဖြင့် ၎င်းတို့ကို ထိန်းချုပ်နေသည်။ မည်ကဲ့သို့နည်း။ သန့်စင်သော မာဒြာ မှာ ဘာဂုဏ်သတ္တိမှ မရှိ...
အီသန်က အသံထွက်၍ ပြောလိုက်ချိန်တွင် အဖြေသည် သူမထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့သည်။
"ဝိညာဉ်မီး ရဲ့ အသုံးဝင်မှုတွေထဲက တစ်ခုလေ ယီရင်... အဲဒါက တိုက်ပွဲမှာ လက်တွေ့အရ အသုံးမဝင်ပေမဲ့ ဘယ်အော်ရာကိုမဆို အားနည်းတဲ့ ထိန်းချုပ်နိုင်စွမ်းကို ပေးတယ်... တကယ့် အုပ်ချုပ်သူ နည်းစနစ် တစ်ခုနားတောင် မကပ်ပါဘူး..."
သူမ သဘောပေါက်သင့်သည်။ သူမ၏ ဆရာသည် သူ၏ လက်ကို ဝှေ့ယမ်းရုံဖြင့် စခန်းချ မီးပုံများကို ထွန်းညှိနိုင်ပြီး အခန်းများကို လင်းထိန်စေခဲ့သည်။ ထိုအရာသည် ဝိညာဉ်မီး နှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု သူမ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ကောက်ချက်ချခဲ့ပြီး ဖြစ်သည်။
ထပ်ပြောရလျှင် သူသည် သူတော်စင် တစ်ပါး ဖြစ်သည်။ သူ မည်သည့်အရာကို လုပ်ဆောင်စေကာမူ သူမသည် ထူးဆန်းသည်ဟု ထင်မှတ်မည် မဟုတ်ပေ။
ယီရင်သည် အိပ်မက် မှတ်တမ်းပြား များအပေါ်သို့ သူမ၏ အတွေးများကို ခပ်ဖွဖွ ဖြတ်သန်းသွားစေပြီး ၎င်းတို့၏ မှတ်ဉာဏ်များတစ်လျှောက် လျင်မြန်စွာ လွင့်မျောသွားစေသည်။ ၎င်းတို့တွင်လည်း ဝိညာဉ်မီး နှင့် ပတ်သက်၍ ပြောစရာ များစွာ ရှိနေသည်။ သွေး သူတော်စင် ၏ ဒုတိယအဆင့် ညွှန်ကြားချက်မှာ သူမ၏ ကိုယ်ပိုင် အသက် နှင့် သွေး အော်ရာ များကို သွေးအရိပ် အတွင်းသို့ တွန်းပို့ရန် သူမ၏ ဝိညာဉ်မီး ကို အသုံးပြုခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ စရိုက်လက္ခဏာနှင့် အသွင်အပြင် တို့၏ ပုံတူ တစ်ခုကို ရယူသွားစေမည် ဖြစ်သည်။
သူ၏ နည်းလမ်းအတိုင်း ပြုစုပျိုးထောင်ထားသော ပြီးပြည့်စုံသည့် သွေးအရိပ် တစ်ခု၏ မြင်ကွင်းအပေါ် သူမ အာရုံစိုက်လိုက်သည်။
‘အမြင်နဲ့ စိတ်ဆန္ဒ အားနည်းတဲ့ တခြားသူတွေကတော့ သူတို့ရဲ့ အရိပ် တွေကို ပုံသဏ္ဍာန်မဲ့ပြီး ပြောင်းလဲနေတဲ့ လက်နက်တွေ အဖြစ်ပဲ ထားရှိကြတယ်၊ ဒါမှမဟုတ် သွေးအရိပ် ကို သားရဲ တွေရဲ့ စွမ်းအားတွေနဲ့ ကျွေးမွေးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံသဏ္ဍာန်တွေကို ဖန်တီးကြတယ်...’
စကားလုံးများနှင့်အတူ ပုံရိပ်များနှင့် မှတ်ဉာဏ်များ တလက်လက် တောက်ပလာချိန်တွင် သွေးသူတော်စင်၏ အထင်အမြင်သေးမှုများ သူမထံသို့ စီးဆင်းလာသည်ကို သူမ ခံစားနိုင်ပေသည်။ အကယ်၍ သူမသည် မှတ်တမ်းပြား အတွင်းသို့ ပိုမို နက်ရှိုင်းစွာ တိုးဝင်သွားပါက ထိုအာရုံမြင်ကွင်းထဲသို့ ဆွဲသွင်းခံရမည် ဖြစ်သော်လည်း သူမ၏ အာရုံတစ်ဝက်ကိုမူ မှိုများ ရိတ်သိမ်းခြင်းတွင်သာ ထားရှိခဲ့သည်။
‘ဒီလို နည်းစနစ်တွေက အသုံးမကျဘူး ဆိုတာ ထင်ရှားနေတာပဲ... သားရဲပုံစံ ဒါမှမဟုတ် ပုံသဏ္ဍာန်မဲ့ အရိပ်တွေကို ထိန်းချုပ်ရတာ လွယ်ပေမဲ့ ငါ့အရိပ်ကို သူတို့ ဘယ်လိ ယှဉ်နိုင်မှာလဲ... ငါက သွေးအရိပ်ရဲ့ အစစ်မှန်ဆုံး ပုံစံကို ပြည့်စုံအောင် ဖန်တီးနိုင်ခဲ့တဲ့ ပထမဆုံးလူပဲ... ငါ့ကိုယ်ငါ အတိအကျ ပုံတူကူးထားတာလေ... ငါ့စွမ်းအားတွေ ပါဝင်တဲ့ ဒုတိယ ခန္ဓာကိုယ် တစ်ခုပဲ... တိုက်ပွဲမှာ သွေးအရိပ် တစ်ခုဟာ အပို မဟာမိတ် တစ်ယောက် အနေနဲ့ အသုံးဝင်တယ်လို့ အမြဲ ပြောလေ့ ရှိကြတယ်... အဲ့တာက အမှန်ပဲလား... အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားတဲ့ လူတွေ အတွက်တော့ မဟုတ်ဘူး...’
‘အသုံးမကျတဲ့ လူတွေ အတွက် အဲ့တာက အထွတ်အမြတ် လက်နက် တစ်ခုလောက်ပဲ တန်ဖိုးရှိလိမ့်မယ်... မိစ္ဆာ နတ်ဘုရားရဲ့ စွမ်းအားကို ဖြုန်းတီးပစ်လိုက်ခြင်းပဲ ဖြစ်တယ်... ငါ့ရဲ့ လမ်းစဉ်ကို အဆုံးထိ လိုက်ပါသူတွေပဲ သွေးအရိပ်ရဲ့ အရှင်သခင်တွေလို့ စစ်မှန်စွာ ခေါ်ဆိုထိုက်တယ်... အဲ့တာက ပကတိ သစ္စာရှိတဲ့ လက်တွဲဖော် တစ်ဦးပဲ... သူ့ အတွေးတွေက ငါ့အတွေးတွေပဲ ဖြစ်တာကြောင့် ငါနဲ့ ပြီးပြည့်စုံစွာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်တယ်... အဲဒီလို လက်တွဲဖော်မျိုးက မဟာမိတ် တစ်ဦးထက် ပိုပြီး တန်ဖိုးရှိတယ်... ငါတို့ အတူတူ ပူးပေါင်းလိုက်ရင် ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ အရာ တစ်ခုကို တစ်သွေးတည်း တစ်သားတည်း ဖန်တီးနိုင်တယ်...’
သူမသည် သူ၏ စကားလုံးများကိုသာမက သူ၏ အတွေးများကိုပါ နားထောင်နေခဲ့ခြင်း ဖြစ်သည်။ သွေးရောင် ယုံကြည်မှု သူတော်စင် သည် သွေးအရိပ် ကို ပြုစုပျိုးထောင်ရာတွင် သူ၏ နည်းစနစ်က ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု ဖြစ်ကြောင်း သိရှိထားသည်။ တူညီသော အဆင့်ရှိ မည်သူ့ကိုမဆို သူ အမှန်တကယ် အနိုင်ယူနိုင်စွမ်း ရှိသည်ဟု သူ ယုံကြည်ထားခဲ့သည်။
သို့သော်... သူသည် သူ၏ ကိုယ်ပိုင် စွမ်းအားအတွက် မည်သူ့ကိုမဆို မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲသော ရွံရှာဖွယ်ကောင်းသည့် လူယုတ်မာ တစ်ဦးလည်း ဖြစ်သည်။ သူ၏ သွေးအရိပ်က အနည်းငယ် ရေဆာနေလျှင် ရွာတစ်ရွာလုံးကို သွေးစုပ်ပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။ ထို့ကြောင့် အရိပ်ကို ကိုယ်ပိုင် စိတ်ဆန္ဒ တစ်ခု ပေးအပ်ရခြင်းကို သူ အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။ သေချာသည်မှာ ၎င်းသည် သူ့ကို ပုန်ကန်မည် မဟုတ်ပေ။ သူသည် ၎င်း လိုချင်သမျှ အရာအားလုံးကို ပေးအပ်ထားသောကြောင့် ဖြစ်သည်။
ယီရင်သည် သူမ၏ စိတ်ဝိညာဉ် အတွင်း၌ အိပ်စက်နေသော သွေး မာဒြာ အစုအဝေးကြီးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ရွံရှာမှုများ ပြည့်နှက်သွားခဲ့ပြန်သည်။ ထို့ပြင် ကြောက်ရွံ့မှုလည်း ပါဝင်ပေသည်။ အကယ်၍ သူမသာ အလွန်အမင်း အားနည်းသွားပြီး အရိပ် က အစွမ်းထက်နေဆဲ ဖြစ်ပါက ၎င်းသည် သူမကို အခွံချည်းသက်သက် အဖြစ် အသုံးပြုသွားပေလိမ့်မည်။ သူမသည် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ၎င်းကို အတင်းအကျပ် ဖိနှိပ် ချုပ်ချယ်မထားရသည့် နေ့ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
"ငါ့ရဲ့ လမ်းစဉ် က ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ..."
အော်သို က အီသန် ကို ပြောလိုက်သည်။ ယီရင်သည် သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် အပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် ၎င်းတို့ကို နားတစ်ဝက်ဖြင့်သာ နားထောင်နေခဲ့သည်။
"အခုတော့ ငါ... မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်နေရပြီ..."
သူသည် လည်ပင်းကို ဆန့်ထုတ်ကာ လူတစ်ယောက်၏ ဦးခေါင်း အရွယ်အစားခန့်ရှိသော ပုံဆောင်ခဲ မှိုတစ်ပွင့်ကို ကိုက်ဖြတ်လိုက်သည်။
"မဆုံးသေးပါဘူးကွာ..."
အီသန် က ဆေးတံ တစ်တံကို ဆွဲထုတ်ရင်း ပြောလိုက်သည်။ မှိုများသည် သူ၏ ပခုံးပေါ်သို့ ဖြည်းညှင်းစွာ ဆက်လက် လွင့်မျောနေစဉ် သူသည် အိတ်ငယ်လေး တစ်လုံးထဲမှ ဆေးရွက်ကြီးများကို ဖြည့်ထည့်လိုက်ပြီး အစီအရင် ရေးဆွဲထားသော မီးမွှေးကိရိယာဖြင့် မီးညှိလိုက်သည်။ အကယ်၍ သူသည် သူ၏ ဝိညာဉ်မီး နည်းစနစ်များကို အသုံးပြု၍ မီး အော်ရာ ကို ထိန်းချုပ်နိုင်သည်ဆိုပါက ဆေးတံကို မီးညှိရန် ၎င်းကို အဘယ်ကြောင့် အသုံးမပြုရသနည်းဟု ယီရင် တွေးမိသည်။
"မကြာခင်ပါပဲ..."
အော်သို က ဩရှရှ အသံဖြင့် ပြောလိုက်သည်။ သူ၏ အသံမှာ ဝမ်းနည်းနေပုံရသည်ဟု ယီရင် ထင်လိုက်မိသည်။
"မကြာခင်ပါပဲ..."
သူက ထပ်ပြောလိုက်သည်။ အီသန် သည် လိပ်ကြီး၏ အခွံကို ပုတ်ပေးလိုက်သည်။
"အရမ်းကြီး မျက်နှာ မပျက်ပါနဲ့ကွာ... မင်းက ဘဝရဲ့ အဆုံးသတ်ကို ရင်ဆိုင်နေရသလို အသံပေါက်နေတယ်၊ တကယ်တော့ မင်းက အစကနေ ပြန်စနေရတာပဲလေ... အဲဒီ သက်စောင့် ရေကန် က မင်းကို နှစ်ဘယ်နှစ်နှစ်လောက် ပြန်ပေးလိုက်တယ်လို့ ထင်လဲ... ရာစုနှစ် တစ်ခုလား... နှစ်ခုလား..."
အော်သိုသည် သူ၏ ခေါင်းထဲမှ အတွေးများကို ရှင်းလင်းပစ်လိုသည့်အလား ခေါင်းကို ခါယမ်းလိုက်သည်။
"ငါ့ကိုယ်ငါ ဆုံးရှုံးနေသလိုပဲ... အရိပ်တွေကြောင့် ဖြစ်မယ်..."
"ဘယ်သူ့ကိုမဆို ညှိုးငယ်သွားစေလောက်အောင် လုံလောက်ပါတယ်လေ..."
အီသန်က ဆေးတံကို ဖွာရင်း ပြောလိုက်သည်။
***
အပိုင်း(၄၄၄)
"စကားမစပ်..."
ရုတ်တရက် အီသန်က ယီရင် ဘက်သို့ လှမ်းကြည့်လိုက်သည်။
"အဲဒီအထဲမှာ မှတ်တမ်းပြား တစ်ခုထက်မက ရှိတယ်ဆိုတာ မင်း သိပါတယ်... မင်းမှာ ရွေးချယ်စရာတွေ ရှိတယ်... မင်းရဲ့ သွေးအရိပ် ကို သွေးရောင် ယုံကြည်မှု သူတော်စင် လုပ်ခဲ့သလိုမျိုး လေ့ကျင့်ပေးစရာ မလိုပါဘူး..."
"ဒါက ဖန်ခွက်ကောင်း တစ်ခုလို ရှင်းလင်းနေတာပဲ..."
ယီရင်က ပြောလိုက်သည်။ သူမသည် သစ်ပင်တစ်ပင်ဆီသို့ လျှောက်သွားကာ မှိုတစ်ပွင့်ကို ဆွဲခွာယူလိုက်သည်။ သူမသည် မှတ်တမ်းပြားများ အားလုံးကို အကြမ်းဖျင်း ကြည့်ရှုပြီးဖြစ်လေသည်။
သူမ၏ အရှေ့တွင် လမ်းစဉ် သုံးသွယ် ရှိနေသည်။ အတွေ့ရအများဆုံးမှာ သူမ၏ သွေးအရိပ် ကို အဓိကအားဖြင့် သွေး မာဒြာ များ တိုက်ကျွေးခြင်း ဖြစ်သည်။ အများအားဖြင့် မာဒြာပြား ပုံစံဖြင့် ဖြစ်သည်။ ၎င်းသည် သူမထံမှ အနည်းငယ် စုပ်ယူနေဦးမည် ဖြစ်သော်လည်း အဆုံးတွင် အလွယ်တကူ ထိန်းချုပ်နိုင်သော သွေး မာဒြာ အစုအဝေး တစ်ခုထက် ပိုလာမည် မဟုတ်ပေ။ ၎င်းမှာ သူတော်စင် က "ပုံသဏ္ဍာန်မဲ့" သွေးအရိပ် ဟု ခေါ်ဆိုသောအရာ ဖြစ်ပြီး အရိပ်ကို လက်နက် တစ်ခုအဖြစ် အသုံးပြုနိုင်စေသည်။ ၎င်းသည် ထိန်းချုပ်ရန်နှင့် ဖန်တီးရန် အလွယ်ကူဆုံးနှင့် အတွေ့ရအများဆုံး ဖြစ်သည်။ ထို့ပြင် သွေးရောင် ယုံကြည်မှု သူတော်စင် သည် ထို လမ်းစဉ် ကို အားအနည်းဆုံးဟု ယူဆထားသောကြောင့် ရွေးချယ်သူများကို အထင်အမြင်သေး ရှုတ်ချခဲ့လေသည်။
ဒုတိယ နည်းလမ်းမှာ သွေးနီလဂိုဏ်းက မကြာခဏ အားပေးလေ့ရှိသော နည်းလမ်းဖြစ်ပြီး သွေးအရိပ် ကို အစစ်အမှန် သွေးများ တိုက်ကျွေးခြင်း ဖြစ်သည်။ အရိပ်သည် သွေးထဲမှ စွမ်းအားနှင့် ဒြပ်ဝတ္ထုများကို စုပ်ယူကာ အဆုံးတွင် ကြောက်မက်ဖွယ် သဏ္ဍာန် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
၎င်းမှာ သူမ၏ စိတ်ဝိညာဉ် အတွင်း၌ အလွန် ခိုင်မာသော ဝိညာဉ်အကြွင်းအကျန် တစ်ခု သို့မဟုတ် ကြမ်းကြုတ်သော အထွတ်အမြတ် သားရဲ တစ်ကောင်ကို သိမ်းဆည်းထားခြင်းနှင့် တူပေသည်။ သူတော်စင်သည် သားရဲပုံစံ သွေးအရိပ် တွင်လည်း ၎င်း၏ ကိုယ်ပိုင် အသုံးဝင်မှုများ ရှိသည်ဟု ယူဆခဲ့သည်။ ဥပမာအားဖြင့် အရိပ်ကို နဂါးသွေး သီးသန့် တိုက်ကျွေးမည်ဆိုပါက အဆုံးတွင် သူမ၏ စိတ်ဝိညာဉ် အတွင်း၌ ရှင်သန်နေသော သွေးနဂါး တစ်ကောင် ဖြစ်လာမည် ဖြစ်သည်။
သို့သော် သူသည် တတိယ ရွေးချယ်မှုကိုသာ ပို၍ သဘောကျခဲ့သည်။ ပုံတူကိုယ်ပွား ဖြစ်သည်။ သူသည် သူ၏ သွေးအရိပ်ကို ထိုလမ်းစဉ် တစ်လျှောက်တွင် အခြားမည်သူ့ထက်မဆို ပိုမို နက်ရှိုင်းစွာ ပြုစုပျိုးထောင်ခဲ့ပြီး ယခုအခါတွင် သူသည် ခန္ဓာကိုယ် တစ်ခုတည်းတွင် သူတော်စင် နှစ်ပါး ရှိနေသကဲ့သို့ အစွမ်းထက်နေပြီ ဖြစ်သည်။
ထိုအရာက ယီရင် အနေဖြင့် အရိပ်ကို ၎င်း၏ ကိုယ်ပိုင် စိတ်ဆန္ဒ တစ်ခု ပေးအပ်ရမည်ဟုသာ ဆိုလိုခြင်း ဖြစ်သည်။
သူမသည် ၎င်းကို သူမ၏ ကိုယ်ပိုင် မာဒြာ သာမကဘဲ သူမ၏ သွေး အော်ရာ (သူမ ခန္ဓာကိုယ်၏ စွမ်းအား) နှင့် သူမ၏ သက်စောင့် အော်ရာ တို့ကိုပါ တိုက်ကျွေးရမည် ဖြစ်သည်။ သူမ၏ အသက်စွမ်းအား ကိုယ်တိုင်ကိုပါ ဖြစ်သည်။
သူမ၏ ဓားအုပ်ချုပ်သူ နည်းစနစ် များက ထိုအရာကို သေချာပေါက် လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် သက်စောင့် အော်ရာ ၏ ထိုအစိတ်အပိုင်းများကို ထိန်းချုပ်ရန် ဝိညာဉ်မီး နည်းစနစ်များ လိုအပ်ပေသည်။ ထို့ကြောင့် သူမ ဆန္ဒရှိလျှင်ပင် နောက်ဆုံး ရွေးချယ်မှုကို မလုပ်နိုင်သေးပေ။
သို့သော် သူမ ရွေးချယ်ရမည့် နေ့ရက်သည် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ သူမ၏ ကိုယ်ပိုင် အသက်နှင့် စွမ်းအားများကို ၎င်းအား တိုက်ကျွေးမည်လော၊ သို့မဟုတ် ပို၍ အားနည်းသော လက်နက် တစ်ခုဖြင့်သာ ကျေနပ်လိုက်မည်လော။
"မင်းရဲ့ အရိပ် ကို လက်နက် တစ်ခုအဖြစ် ပြောင်းလဲပစ်လို့ ရတယ်..."
အီသန် က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ပေါ့... ဒါမှမဟုတ် မင်းကို တားဆီးလို့ မရနိုင်တဲ့ သန့်စင်တဲ့ ဖျက်ဆီးခြင်း စွမ်းအား တစ်ခုအဖြစ် ပြောင်းလဲပေးမယ့် မင်းရဲ့ ပုံတူကိုယ်ပွား တစ်ခု အဖြစ်လည်း ရတယ်..."
"ခက်ခဲတဲ့ အလုပ်ဆိုတာ တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတဲ့ အလုပ်ပဲ..."
ယီရင် က ပြောလိုက်သည်။
"ဖြည်းဖြည်းချင်း အချိန်ယူပြီး ဆုံးဖြတ်ပါ... ပထမ နည်းစနစ် နှစ်ခုက အတွေ့ရများပြီး တစ်ခုက သူတော်စင် တစ်ပါးရဲ့ ဒဏ္ဍာရီလာ စွမ်းအား ဖြစ်နေတာနဲ့ပဲ အဲဒီတစ်ခုက ကျန်တဲ့ဟာတွေထက် ပိုကောင်းတယ်လို့ မဆိုလိုပါဘူး..."
"ဒီလို အကြံဉာဏ်တွေနဲ့ ရှင့်ကို အခုထိ ဘယ်သူမှ မသတ်ရသေးတာ အံ့ဩစရာပဲ..."
"ပျင်းလွန်းတယ်... ဟဟ... နားထောင်စမ်းပါ၊ မင်း စိတ်ပူစရာ မလိုပါဘူး၊ ငါ့ရဲ့ ဉာဏ်ပညာတွေက ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်... မင်း ဘယ်လို သွေးအရိပ် မျိုးကိုပဲ ဖန်တီးဖန်တီး အဲဒါကို ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေ ငါ့မှာ ရှိတယ်... ပုံသဏ္ဍာန်မဲ့ အရိပ် နဲ့ ပေါင်းစပ်နိုင်ပြီး မင်းရဲ့ စိတ်ဝိညာဉ် ထဲမှာ သိမ်းဆည်းထားနိုင်သေးတဲ့ ရှားပါး သတ္တုတစ်မျိုး ရှိတယ်၊ အဲဒါက မင်းရဲ့ အတွေးတိုင်းကို တုံ့ပြန်ပေးမယ့် ပုံသဏ္ဍာန် ပြောင်းလဲနိုင်တဲ့ သတ္တု လက်နက် တစ်ခုကို ရရှိစေလိမ့်မယ်..."
သူမ တိုက်ခိုက်နေစဉ် ပုံသဏ္ဍာန် ပြောင်းလဲနိုင်သော ဓားတစ်လက်...
၎င်းအတွက် အသုံးဝင်မှု အချို့ကို သူမ မြင်ယောင်နိုင်ပေသည်။ သွေး သူတော်စင် အနေဖြင့် အားအနည်းဆုံး ရွေးချယ်မှုဟု ယူဆထားသောအရာမှာ အဆုံးတွင်တော့ သူ၏ ကိုယ်ပိုင် အမြင်သက်သက်သာ ဖြစ်သည်။
အီသန်က မီးခိုးတိမ်တိုက် တစ်ခုကို မှုတ်ထုတ်လိုက်သည်။
"အင်း... တကယ်လို့ လင်းတုန်းသာ မဟူရာ မီးတောက် မဟုတ်တဲ့ တခြား လမ်းစဉ် တစ်ခုကို ရွေးချယ်ခဲ့မယ်ဆိုရင်တောင် ငါ သူ့ကို ကူညီပေးခဲ့မှာပါ... လူတွေကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် မချအောင် ငါက တားဆီးတယ်လို့ ဘယ်တော့မှ အပြောမခံဘူး... ဥပမာ... ခန္ဓာကိုယ် တစ်ခုတည်းမှာ သူတော်စင် နှစ်ပါးရဲ့ စွမ်းအားကို ပေါင်းစပ်ဖို့ မင်းက ဆန္ဒမရှိဘူးလို့ ထားလိုက်ပါတော့... အင်း... ခန္ဓာကိုယ် နှစ်ခုမှာ ပေါ့လေ..."
ယီရင်သည် သူမ၏ ဓားဖြင့် သူ့ကို ပစ်ပေါက်လိုက်လေတော့သည်။
...
နာရီပေါင်းများစွာ ကြာပြီးနောက်တွင် သူတို့အဖွဲ့ ပြန်လည်ဆုံတွေ့ကြသည်။ ထိုနေ့တစ်နေ့တာအတွင်း ဝေ့ရှီလင်းတုန်းနှင့် အော်သိုတို့သည် တစ်ဦးနှင့်တစ်ဦး ပို၍ နီးကပ် နေခဲ့ကြသည်။ အော်သိုမှလွဲ၍ အဖွဲ့သားအားလုံး၏ မြစိမ်းရောင် သံချပ်ကာအင်္ကျီများထဲတွင် မိုင်တစ်ထောင် တိမ်တိုက် များကို သိမ်းဆည်းထားကြသည်။ သို့သော်လည်း သူတို့အားလုံးသည် သဘာဝရတနာများကို နှိုင်းယှဉ်လေ့လာရင်း လမ်းလျှောက်လာခဲ့ကြ၏။
ယခုအခါ လောရန်မလိုတော့ကြောင်း အီသန်က သူတို့ကို အာမခံပြောဆိုခဲ့သည်။ မကြာမီမှာပင် ထိုသို့ပြောရသည့် အကြောင်းရင်းကို ထင်ရှားစွာ သိမြင်လာရလေသည်။
သူတို့ ဝင်ရောက်လာစဉ်က မှောင်မိုက်နေသော တောအုပ်ကြီးသည် ဟာလာဟင်းလင်း ဖြစ်နေခဲ့၏။ သို့သော် ယခု ပြန်ထွက်လာရာလမ်းတွင်မူ လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေလေပြီ။ သစ်ပင်များကြားတွင် ကျင့်ကြံသူ များ ပြည့်နှက်နေသည်။ အများစုမှာ အစစ်အမှန် ရွှေအဆင့် များဖြစ်ကြသော်လည်း အဆင့်မြင့် ရွှေအဆင့် များကိုလည်း ဟိုတစ်စု ဒီတစ်စု တွေ့ရ၏။
မိုးထိမတတ် မြင့်မားသော အမှောင်တံခါးပေါက်ကြီးထံသို့ နီးကပ်လာလေလေ၊ လူပိုများလာလေလေ ဖြစ်သည်။ အချို့က သစ်ပင်များကို ရှင်းလင်း၍ တဲအိမ်များ ဆောက်လုပ်နေကြ၏။ အချို့ကမူ တောအုပ်ကြားရှိ ကွက်လပ်များမှတစ်ဆင့် လှည်းများကို မောင်းနှင်နေကြသည်။ ကောင်းကင်ယံတွင်လည်း တိမ်ပျံသင်္ဘောများနှင့် ပျံသန်းနိုင်သော သတ္တဝါများ၏ အရိပ်များ ဖြတ်သန်းသွားလာနေကြသည်။
ထိုသို့ စည်ကားနေမှုက လူသူကင်းမဲ့သော တောရိုင်းမြေ မှ မဟာမိတ် အဖွဲ့အစည်း ငါးခု ကို ဝေ့ရှီလင်းတုန်း၏ စိတ်ထဲ ပြန်လည်သတိရစေခဲ့သည်။
သို့သော် သစ်ပင်များကြားမှ လုံးဝ ထွက်လာချိန်တွင်မူ သူ၏တွေးထင်မှု မည်မျှ မှားယွင်းနေကြောင်းကို လင်းတုန်း သဘောပေါက်သွားတော့၏။ ဤမြင်ကွင်းသည် လုံးဝကို အဆပေါင်းများစွာ ပိုမို ကြီးကျယ်ခမ်းနား လှပေသည်။ တစ်နိုင်ငံလုံး ပြောင်းရွှေ့လာကြသည်နှင့်ပင် တူနေတော့၏။
ဟိုအဝေးဆီ၌ အမှောင်ရိပ်များ ဖုံးလွှမ်းနေသည့်တိုင်အောင် နှစ်ဖက်စလုံးရှိ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်တွင် တံခါးပေါက်မှ စီးဆင်းလာသော စစ်တပ်ကြီးက ဖုံးလွှမ်းနေသည်။ ကောင်းကင်ယံတွင် သင်္ဘောများဖြင့် ပြည့်နှက်နေ၏။ မြေပြင်ပေါ်တွင်လည်း လှည်းများ၊ ရထားလှည်းများ အပြည့်ရှိနေပြီး အားလုံးသည် မဟူရာ မီးတောက် အင်ပါယာရှိ အဖွဲ့အစည်းအသီးသီး၏ အမှတ်တံဆိပ်များကို တပ်ဆင်ထားကြသည်။
အနီရောင်ပန်းပွင့် မိသားစုမှ ဆွဲယူလာသော ရွှေ့ပြောင်းဥယျာဉ်များကို သူ မြင်တွေ့ခဲ့ရသည်။ အာရီလီယပ် မိသားစု ၏ အလံတော်အောက်ရှိ အစေခံ တပ်ဖွဲ့ငယ်လေးများကိုလည်း တွေ့ရ၏။ နာရူ ကလန်မှ မြစိမ်းရောင် အတောင်ပံပါသော ပျံသန်းသူများ၊ ကိုတိုင် ကလန်၏ အမှတ်တံဆိပ် ဖုံးအုပ်ထားသော ဧရာမ ကျောက်ဆင်ကြီးများကိုလည်း မြင်တွေ့ရသည်။ စကိုင်းဆွန်း တပ်ဖွဲ့ငယ်လေးများကိုလည်း ဟိုဟိုဒီဒီ တွေ့မြင်ရပြီး သူ မမှတ်မိသော အလံများနှင့် အမှတ်တံဆိပ်ပေါင်း များစွာကိုလည်း မြင်တွေ့ရလေသည်။
လင်းတုန်း၏ ဝိညာဉ်အာရုံမှာ ညဘီးတောင်ကြား၏ ကြီးမားလှသော အရိပ် သက်စောင့် အော်ရာ ကြောင့် ဖိနှိပ်ခံထားရ၏။ ထို့ကြောင့် သူသည် ပုံမှန်မြင်ရသလောက်ပင် အဝေးသို့ မမြင်နိုင်တော့ပေ။ သို့သော်လည်း ထိုမြင်ကွင်း၏ ကြီးမားကျယ်ပြန့်မှုက သူ့ကို လွှမ်းမိုးသွားစေသည်။
တစ္ဆေရေမှ တိမ်ပျံသင်္ဘောဖြင့် ခရီးနှင်လာစဉ် ဖြတ်သန်းခဲ့ရသော နယ်မြေတိုင်းရှိ လူများကို အကုန်ခြစ်ခေါ်လာသကဲ့သို့ ထင်ရ၏။ သို့ရာတွင် ထိုသို့ မဖြစ်နိုင်ကြောင်းကိုတော့ သူ သိထားသည်။ အင်ပါယာသည် အသန်မာဆုံးနှင့် ဩဇာအာဏာ အကြီးမားဆုံးသူများ၊ ၎င်းတို့၏ အစေခံများနှင့် ဝန်ထမ်းများကိုသာ မဟူရာ မီးတောက် မြို့တော်သို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဤသည်က မဟူရာ မီးတောက် အင်ပါယာ၏ အင်အားပင် ဖြစ်တော့သည်။
သူတို့သည် မည်သို့မျှ တိုင်ပင်မနေတော့ဘဲ မိုင်တစ်ထောင် တိမ်တိုက် များပေါ်သို့ တက်ကာ လေထဲသို့ ပျံတက်ခဲ့ကြသည်။ အီသန်ကမူ အော်သိုကိုပါ တင်ဆောင်နိုင်ရန် သူ၏တိမ်တိုက်ကို ချဲ့ကားလိုက်၏။ အနီရောင် တိမ်တိုက်ပေါ်မှ အရာရှိတစ်ဦးက လေကြောင်းသွားလာမှုများကို ညွှန်ကြားပေးနေသည်။ သို့သော် သူတို့မှာ စကိုင်းဆွန်း သံချပ်ကာများကို ဝတ်ဆင်ထားသဖြင့် အလွယ်တကူ ဖြတ်သန်းသွားခွင့် ရခဲ့ကြသည်။
အီသန်သည် ရှုပ်ထွေးနေသော လူအုပ်ကြီးကြားမှ ကျွမ်းကျင်စွာ တိုးထွက်သွားခဲ့သည်။ သူ မည်သည့်နေရာသို့ သွားနေသည်ကို ဝေ့ရှီလင်းတုန်း မမေးတော့ပေ။ အီသန်သည် သူတို့ကို အခြေချနေထိုင်သူ စစ်တပ်ကြီး၏ အပြင်ဘက်အစွန်းသို့ ခေါ်ဆောင်သွားခဲ့၏။ ထိုနေရာတွင် လူများသည် ၎င်းတို့၏ လှည်းများကို ရပ်နားရန် သို့မဟုတ် တဲများ စတင်ဆောက်လုပ်ရန် နေရာရှာနေကြလေပြီ။
သူတို့သည် တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသော စပါးကျီတစ်ခုအနီးတွင် ဆင်းသက်လိုက်ကြသည်။ ထိုနေရာတွင် ဆံထုံးကို တင်းကျပ်စွာ ထုံးထားသော အလွန်အိုမင်း၍ ကိုယ်လုံးသေးသေးလေးနှင့် အဘွားအို တစ်ဦးသည် အလုပ်သမားတပ်ဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးနေ၏။ ထို့ပြင် ခရမ်းရောင် ပင့်ကူအုပ်စုကြီး တစ်စုကလည်း အလုပ်များနေကြသည်။
"အဲဒါက နင်နဲ့ ငါနဲ့ နှစ်ယောက်ပေါင်းတန်ဖိုးထက် ပိုများတယ်ဟဲ့..."
ဖစ်ရှာ ဂီရှာ က ကြီးမားသော သစ်သားသေတ္တာကြီးတစ်ခုကို ချနေသည့် လူငယ်တစ်ဦးအား ငေါက်လိုက်သည်။
"ငါ့ဘာသာ သယ်ရမှာလား ဟင်... ပြောစမ်း..."
ဖန်တီးထားသော မာဒြာ ဖြင့် ပြုလုပ်ထားသည့် ခရမ်းရောင် ပင့်ကူခြေတံများသည် သူမ၏ အောက်ဘက်မှ ဆန့်ထွက်လာပြီး သူမကို ပုံမှန်အရပ်အမြင့်သို့ မြှင့်တင်ပေးလိုက်သည်။ တောက်ပနေသော ရွှေရောင်သံမဏိ ချိတ်ဓားတစ်ချောင်းကိုလည်း ကျောတွင် လွယ်ထား၏။ ဝေ့ရှီလင်းတုန်းသည် သူမကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ တွေ့ခဲ့ရသော်လည်း သူမ၏ အစစ်အမှန် ရွှေအဆင့် စွမ်းအားကို မယဉ်ပါးသေးချေ။ သို့သော် ထိုခံစားချက်က နှစ်ဦးနှစ်ဖက်စလုံးအတွက် တူညီလိမ့်မည်ဟု သူ ယူဆမိသည်။
"ဖစ်ရှာ ဂီရှာ..."
အီသန်က ရွှင်လန်းစွာ ပြောလိုက်သည်။
"ဒီနေရာမှာ ခင်ဗျားကို တွေ့ရတာ သိပ်ဝမ်းသာစရာကောင်းတာပဲ..."
ဂီရှာက သူမ၏ အရေတွန့်နေသော မျက်နှာဖြင့် အီသန်ကို လှည့်ကြည့်လိုက်၏။
"အဆင့်နိမ့် အရှင်သခင်... ရှင် အဲဒါကြီးကို ဝတ်ထားတာ မြင်ရလို့ ဝမ်းသာတယ်လို့တော့ ကျွန်မ မပြောနိုင်ဘူး... ဒါက အလုပ်ကိစ္စနဲ့ လာတာလား... ရှင် စကိုင်းဆွန်းတွေအတွက် လာတာလား..."
အီသန်က အံ့သြသွားဟန် ပြလိုက်သည်။
"ဖစ်ရှာ... ခင်ဗျားက စကိုင်းဆွန်းတွေကို စော်ကားမိအောင် ဘာတွေများ လုပ်ထားလို့လဲ... ကျွန်တော်က ကျွန်တော်မှာထားတာကို လာယူရုံ သက်သက်ပါ..."
သူမက နှာခေါင်းရှုံ့လိုက်၏။
"ဒီမနက်မှ ပြီးတာ... အဲဒါတောင် မြန်မြန်လုပ်ပေးထားရတာနော်... မြန်မြန်လေးလုပ်ပေးထားရတာ... ကျွန်မ လုပ်ပြီးတာနဲ့ နှစ်စက္ကန့်တောင် မကြာဘူး၊ ရှင် အနံ့ခံပြီး ရောက်လာမယ်ဆိုတာ သိသင့်တာ..."
ဂီရှာသည် သေတ္တာတစ်လုံးပြီးတစ်လုံး မွှေနှောက်ရှာဖွေရင်း ဆက်လက် ညည်းညူနေခဲ့သည်။ အချို့ကို ညင်သာစွာ ဖယ်ထားပြီး အချို့ကိုမူ ဖုန်တောထဲသို့ လိမ့်ကျသွားသည်အထိ ပစ်ပေါက်လိုက်၏။
နောက်ဆုံးတွင် ဝေ့ရှီလင်းတုန်း၏ လက်နှစ်ဖက်ကို ပူးထားသည်ထက် အနည်းငယ် ပိုကြီးကာ လှပစွာ ထွင်းထုထားပြီး အစီအရင် များ သပ်ရပ်စွာ ရေးဆွဲထားသော သေတ္တာတစ်လုံးနှင့်အတူ သူမ ထွက်ပေါ်လာခဲ့သည်။
အီသန်က သေတ္တာကို လှမ်းယူလိုက်သော်လည်း သူမက မပေးချေ။
"အဆင့်နိမ့် အရှင်သခင် ရဲ့ ဂုဏ်သတင်းကို သံသယ မဝင်ချင်ပါဘူး... ဒါပေမဲ့ ငွေရှင်းတာကော ဘယ်လိုလဲ ဟင်... အားလုံးအတွက် ပိုလွယ်တာပေါ့..."
***