အခန်း (၄၄၇-၄၄၈)
Vol. 32 Ch. 447-448
အပိုင်း(၄၄၇)
ညဘီးတောင်ကြား ၏ မှောင်မိုက်နေသော တောအုပ်ကြီးအလယ်ရှိ အထီးကျန်ဆန်သော ချိုင့်ဝှမ်းလေးတစ်ခုထဲတွင် ဝေ့ရှီလင်းတုန်း၊ ယီရင် နှင့် အော်သိုတို့သည် အီသန်၏ ရှေ့တွင် ထိုင်နေကြ၏။ သူတို့သည် စခန်းထဲတွင် သူတို့၏ သဘာဝရတနာများကို မရောင်းချခဲ့ဘဲ အချို့ကိုသာ ဖလှယ်ခဲ့ကြသည်။ ယခုအခါ သူတို့၏ အနီးအနားတွင် ကွဲပြားခြားနားသော အော်ရာ များ ဖြာထွက်နေသည့် အထုပ်များက သူတို့ကို စောင့်ကြိုနေလေပြီ။
မာစီသည် သူတို့ဘေးတွင် ရှိနေသော်လည်း မထိုင်ချေ။ သူမသည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် သူမ၏ တုတ်ကောက်ကို ဆော့ကစားရင်း မတ်တတ်ရပ်နေ၏။
စွမ်းအင်များက ရေများကို သောက်သုံးလိုက်သကဲ့သို့ ဝိညာဉ် ရေတွင်း မှ ရေများသည် မှော်ပစ္စည်း ထဲသို့ ကျဆင်းသွားပြီး စုပ်ယူခံလိုက်ရသည်။ ရေများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းကင် ရေစက် သည် ပို၍ပို၍ တောက်ပလာကာ အရောင်အသွေးကင်းမဲ့သော မီးခိုးစိမ်းရောင်မှသည် မျက်စိကျိန်းမတတ် မြစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ မှော်ပစ္စည်း ၏ အပြင်ဘက်ရှိ အစီအရင် ကွင်းများသည် ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး တောက်ပ၏။ နောက်ဆုံး၌ အစိမ်းရောင် လျှပ်စီးကြောင်းများကိုပင် ပစ်လွှတ်လာခဲ့လေသည်။
အီသန်သည် ရေလောင်းချခြင်းကို ထိုနေရာတွင် တိကျစွာ ရပ်တန့်လိုက်ပြီး ပုလင်းထဲရှိ နောက်ဆုံးကျန်နေသော ရေကို ချန်ထားလိုက်သည်။
"အော်သို... မင်း လုပ်ချင်တယ်ဆိုရင်ပေါ့..."
အီသန်က ပြောလိုက်သည်။
"အသက်ကြီးတဲ့သူကို ဦးစားပေးသင့်တယ်လေ..."
အော်သိုသည် ကောင်းကင် ရေစက် ထံသို့ ချဉ်းကပ်သွား၏။ သို့သော်လည်း ဝေ့ရှီလင်းတုန်း မျှော်လင့်ထားသည့် စိတ်လှုပ်ရှားမှုမျိုးနှင့် မဟုတ်ချေ။ ယင်းအစား လိပ်ကြီးသည် လက်မြှောက်အရှုံးပေးချင်စိတ်နှင့် ကြောက်ရွံ့မှုတို့ကို ခံစားနေရသည်။ ဤနေ့ရက်ကို သူ အလွန်ကြောက်ရွံ့နေခဲ့သကဲ့သို့ပင်။
ပျံသန်းရန် အတင်းအကျပ် ခိုင်းစေခံရသည့် အချိန်မှလွဲ၍ အော်သိုသည် ဤကဲ့သို့သော စိုးရိမ်ပူပန်မှုကို တစ်ကြိမ်တစ်ခါမျှ မပြသခဲ့ဖူးချေ။ အကြောင်းရင်းကို လင်းတုန်းက မေးချင်ခဲ့သော်လည်း လိပ်ကြီးကမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင် ရေစက် ကို ဟပ်မြိုလိုက်တော့သည်။
သူ၏ မာဒြာ များသည် ချက်ချင်းဆိုသလို ကြီးထွားလာပြီး စက္ကန့်နှင့်အမျှ ပိုမိုသိပ်သည်းကာ အစွမ်းထက်လာ၏။ အကျိုးသက်ရောက်မှုများ မြန်ဆန်မည်ဟု အီသန်က သူတို့ကို ပြောခဲ့သော်လည်း ဝေ့ရှီလင်းတုန်း၏ အတွေ့အကြုံအရ ဆေးလုံးများနှင့် ဆေးရည်များသည် ကျင့်စဉ်လည်ပတ်ရန် အချိန်ယူရမြဲဖြစ်သည်။ ဝိညာဉ် ရေတွင်း မှ ရေပင်လျှင် အချိန်တစ်ခု ကြာပြီးနောက်မှသာ အကောင်းဆုံး အကျိုးသက်ရောက်မှုကို ပြသလေ့ရှိသည်။
အီသန်သည် ဒုတိယမြောက် ကောင်းကင် ရေစက် ဖြင့် လုပ်ငန်းစဉ်ကို ထပ်မံလုပ်ဆောင်လိုက်၏။ ပထမပုလင်း ကုန်သွားပြီး ဒုတိယပုလင်းကို စတင်အသုံးပြုခဲ့ရ၏။ ထိုရေစက်သည် အစိမ်းရောင် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပလာပြီး လျှပ်စီးကြောင်းများ ပစ်လွှတ်လိုက်ချိန်တွင် သူက ယီရင် ကို ရှေ့သို့ ခေါ်လိုက်သည်။
အော်သိုထံမှ ဝေ့ရှီလင်းတုန်း မျှော်လင့်ထားခဲ့သော ထက်သန်ပြင်းပြမှု အားလုံးကို ယီရင် က ပြသခဲ့သည်။ သူမသည် မှော်ပစ္စည်း ကို လျင်မြန်စွာ မြိုချကာ သူမ၏နေရာသို့ အမြန်ပြန်သွားပြီး ကျင့်စဉ်လည်ပတ်ရန် ပြင်ဆင်လိုက်တော့သည်။
အီသန်သည် တတိယမြောက် မှော်ပစ္စည်း ကို ပြင်ဆင်နေစဉ် ဝေ့ရှီလင်းတုန်း က ယီရင် ကို စောင့်ကြည့်နေခဲ့သည်။ သူနှင့် သွေးသစ္စာဆိုထားသော အထွတ်အမြတ် သားရဲ ၏ ဝိညာဉ် ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သကဲ့သို့ ယီရင့် ထံမှ ရှင်းလင်းစွာ မခံစားရပေ။ သို့သော် သူမ ပိုမိုသန်စွမ်းလာနေသည်ကိုတော့ သူ အာရုံခံမိနေဆဲဖြစ်၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမ၏ ရွှေအဆင့် အမှတ်အသား များသည် ပိုမိုခိုင်မာပီပြင်လာသည်။ အစစ်အမှန် သံမဏိဖြင့် သွန်းလောင်းထားသကဲ့သို့ပင်။
ထို့နောက် ၎င်းတို့သည် သူမ၏ ကျောပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြ၏။
ပိုမိုအဆင့်မြင့်သော အစစ်အမှန် ရွှေအဆင့် များသည် သူတို့၏ ရွှေအဆင့် အမှတ်အသား များအပေါ် ထိန်းချုပ်မှု ရရှိလာကြသည်။ သို့သော် ထိုအတိုင်းအတာသည် ရွှေအဆင့် အမှတ်အသား များအပေါ် မူတည်၍ ကွဲပြားခြားနားပုံရ၏။ ထိုသို့ ပြန်လည်ရုပ်သိမ်းနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။ ကျောပြင်မှ ထွက်ပေါ်နေသော ဓားလက်တံများမပါဘဲ သူမကို မြင်တွေ့ရသည်မှာ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရသည်။ သူသည် သူမ၏ အစစ်အမှန် လက်နှစ်ဖက် မပါဘဲ မြင်နေရသကဲ့သို့ပင်။
ခဏအကြာတွင် ရွှေအဆင့် အမှတ်အသား များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
နောက်ထပ် နှစ်ခုပါ ထပ်တိုးလျက်။
ထို့နောက် နောက်ထပ် နှစ်ခုပါ ထပ်တိုးလာပြန်၏။
ဓား မာဒြာ ဖြင့် ဖွဲ့စည်းထားသော လက်တံခြောက်ခုသည် သူမ၏ ကျောပြင်မှ ထွက်ပေါ်လာပြီး ပိုမိုရှည်လျားစွာ ဆန့်ထွက်လာခဲ့သည်။ သူမ၏ ဘယ်ဘက်ခြမ်းရှိ လက်တံများသည် ဝေ့ရှီလင်းတုန်း ကိုပင် ထိုးမိလုနီးပါး ဖြစ်သွား၏။ သူသည် လွတ်ရာသို့ အမြန်ရှောင်ဖယ်လိုက်ရသည်။ သို့သော် သူမက သူမ၏ ကြွက်သားများကို ဆန့်ထုတ်သကဲ့သို့သာ ပြုလုပ်ခြင်းဖြစ်ပြီး ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းသွားခဲ့၏။
ကျင့်စဉ်လည်ပတ်ခြင်း တွင် နစ်မျောနေသဖြင့် သူမသည် မျက်လုံးများ မှိတ်ထားဆဲဖြစ်သော်လည်း မျက်နှာပေါ်တွင် နူးညံ့ပြီး ကျေနပ်နေသော အပြုံးတစ်ခု ရှိနေသည်။ သူမသည် အရင်ကထက် ပိုမိုနွေးထွေးနေပုံရ၏။ အေးချမ်းတည်ငြိမ်လျက်ရှိသည်။
အစိမ်းရောင် အလင်းတစ်ချက် ထပ်မံလက်လာပြီး အီသန်က မာစီ့ နာမည်ကို ခေါ်လိုက်သည်။ ဝေ့ရှီလင်းတုန်းသည် သူ ဘာလုပ်နေသည်ကို သတိရသွားပြီး မာစီ့ ဘက်သို့ လှည့်ကြည့်လိုက်၏။
သို့သော် အစိမ်းရောင် လျှပ်စီးများ ဖြာထွက်နေသော မှော်ပစ္စည်း ကို ကြည့်ရင်း သူမ၏ မျက်နှာ ရှုံ့မဲ့သွားသည်။
"ကျွန်မ မလုပ်နိုင်ဘူး... တောင်းပန်ပါတယ်..."
သူမက ပြောလိုက်၏။ အီသန် သည် သူ၏ရှေ့တွင် တောက်ပနေသော စက်လုံးကို ငုံ့ကြည့်လိုက်သည်။
"ဒါက အချိန်အခါ မသင့်တာပါပဲ..."
"ကျွန်မ သိပါတယ်... တောင်းပန်ပါတယ်... ရှင်တို့အားလုံးနဲ့ ရင်ပေါင်တန်းနိုင်အောင် ကျွန်မ လိုက်ချင်ပေမယ့်..."
မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ ရဲတိုက်ကြီးရှိရာ အရှေ့ဘက်သို့ သူမ လှမ်းကြည့်လိုက်သည်။
"ဒါကို ကျွန်မ လက်မခံနိုင်ဘူး... ကျွန်မရဲ့ အမှားတွေကို ဝန်ခံပြီး မိသားစုဆီကို ပြန်သွားလိုက်ရင် ကျွန်မအမေက ဒီလိုအရင်းအမြစ်မျိုးတွေကို ကျွန်မအပေါ် ပုံအောပေးမှာပါ... ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ရှင့်ဆီက ရတနာတစ်ခုကို ကျွန်မ ယူလို့ မဖြစ်ပါဘူး..."
အီသန် သည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပခုံးတွန့်လိုက်၏။
"သဘောပါပဲ... လင်းတုန်း..."
ဝေ့ရှီလင်းတုန်း က မလှုပ်ရှားခဲ့ချေ။
"တောင်းပန်ပါတယ်... ကျွန်တော်ကတော့ မာစီ့ ကိုပဲ ယူစေချင်တယ်..."
ဤစကားမှာ လုံးဝအမှန်ကြီးတော့ မဟုတ်ပေ။ ဒုတိယမြောက် ဆေးရည် တစ်ခွက်အတွက် သူ၏ အမြုတေ များကြားတွင် နေရာအလွယ်တကူ ရှာတွေ့နိုင်ပေသည်။ သို့သော် သူ ဆုံးဖြတ်ချက် ချပြီးသွားခဲ့ပြီ။
"ကိုယ့်မိသားစုဆီကို ပြန်မသွားချင်ဘူးဆိုရင် ပြန်သွားစရာ မလိုပါဘူး... ဒါကို ယူလိုက်ပါ... ငါတို့က မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး..."
မာစီက နေရခက်စွာဖြင့် ကိုယ်ကိုလိမ်ယှက်လိုက်သည်။
"ကိစ္စက အဲဒီလောက် မရိုးရှင်းပါဘူး..."
"အိမ်မပြန်ချင်ဘူးဆိုတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို ငါ ကောင်းကောင်း သိပါတယ်..."
အီသန်က တောက်ပနေသော စက်လုံးကို လက်ညှိုးထိုးပြလိုက်၏။
"မင်း ဒါကို ယူလိုက်ရင် ပိုကောင်းမယ်လို့ ငါထင်တယ်... ပြီးမှ နောက်တစ်ခုအတွက် ငါတို့ ဆက်ငြင်းကြတာပေါ့... ဒါက စက္ကန့်နဲ့အမျှ စွမ်းအင်တွေ လျော့ကျနေပြီ..."
သူက ဝိညာဉ် ရေတွင်း မှ ရေ အနည်းငယ်ကို ထပ်ထည့်လိုက်ရာ ၎င်း၏စွမ်းအားများ ပြန်လည်တောက်ပလာသည်။ သို့သော် သူ၏ရေများ ကုန်ခါနီးဖြစ်နေလေပြီ။
"ကျွန်မ ယူလိုက်ရင် နှမြောစရာ ဖြစ်သွားလိမ့်မယ်..."
မာစီ က ပြောလိုက်သည်။
"ငါ့ အတွက်တော့ ပြဿနာ မရှိပါဘူး..."
ဝေ့ရှီလင်းတုန်း က ပြန်ဖြေလိုက်၏။
အီသန် သည် သူတို့ကို စက္ကန့်အနည်းငယ်မျှ ထပ်မံကြည့်ရှုနေပြီးနောက် မှော်ပစ္စည်း ကို လှမ်းဆွဲလိုက်သည်။ ၎င်းသည် သူ၏ လက်ဝါးအလယ်တွင် ဝဲပျံနေ၏။
"အနိုင်ရရှိသူကတော့... လင်းတုန်း ပဲ ဖြစ်ပါတယ်..."
သူသည် ၎င်းကို ဝေ့ရှီလင်းတုန်း ထံသို့ ပစ်ပေးလိုက်သည်။ ဝေ့ရှီလင်းတုန်း အနေဖြင့် တဖြောင်းဖြောင်း မြည်နေသော စွမ်းအင်စက်လုံးကို ကိုယ်တိုင် ယူရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ အနည်းဆုံးတော့ နောက်ဆုံးကျန်နေမည့် တစ်ခုအတွက် မာစီ့ မှာ အခွင့်အရေး ရှိနေလိမ့်မည်ဟု တွေးတောနှစ်သိမ့်ရင်း သူ မြိုချလိုက်တော့သည်။
ထို့နောက် သူကိုယ်တိုင်လည်း ကျင့်စဉ်လည်ပတ်ခြင်း ထဲသို့ နစ်မျောသွားပြီး သူ၏ အမြုတေ များကြားသို့ ကောင်းကင် ရေစက် ကျဆင်းသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
[အခုဟာလေးက ကြည့်ရတာ စိတ်အေးချမ်းစရာ အလင်းရောင်လေးပဲ...]
ဒရော့စ် က ပြောလိုက်သည်။
[ကြည့်ရတာ သိပ်လှတယ်... ဒီနေရာလေး သက်ဝင်လှုပ်ရှားသွားအောင် ငါ တစ်ခုလောက် သိမ်းထားချင်တယ်...]
ဝေ့ရှီလင်းတုန်းသည် ရေစက် ၏ စွမ်းအင်များကို သူ၏ လမ်းကြောင်းများ ထဲသို့ စုပ်ယူရာမှ အာရုံများစွာ မခွဲနိုင်ခဲ့သော်လည်း သူ မေးလိုက်သည်။
'မင်းကော တစ်ခုလောက် သုံးနိုင်လို့လား...'
[မင်းမှာ ရှိနေတာက ငါ့အတွက် ပိုကောင်းပါတယ်... ငါက အခြေခံအားဖြင့် မင်းရဲ့ ဝိညာဉ် ထဲမှာ ကပ်တွယ်နေတဲ့ ကပ်ပါးကောင်ပဲလေ...]
ဝေ့ရှီလင်းတုန်းသည် ထိုအတွေးကို ဖယ်ထုတ်လိုက်ပြီး ကောင်းကင် ရေစက် အပေါ်၌သာ အာရုံစိုက်လိုက်သည်။ အကယ်၍ ၎င်းသည် ဝိညာဉ် ရေတွင်း မှ ရေကို တိုက်ရိုက် အသုံးပြုခြင်းနှင့် ဆင်တူမည်ဆိုပါက သူ၏ အမြုတေ များနှင့် လမ်းကြောင်းများ ကို တဖြည်းဖြည်း အားဖြည့်ပေးပြီး ပြန်လည်ပြည့်ဝလာစေမည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ သန့်စင်သော အမြုတေ သည် အစစ်အမှန် ရွှေအဆင့် သို့ တက်လှမ်းသွားတော့သည်။
၎င်းသည် မဟူရာ မီးတောက် ဖြင့် အဆင့်တက်ခဲ့စဉ်ကထက် ပိုမိုမြန်ဆန်၊ ပိုမိုလွယ်ကူပြီး ပိုမိုချောမွေ့နေ၏။ သက်သောင့်သက်သာရှိပြီး အားစိုက်ထုတ်စရာပင် မလိုခဲ့ချေ။
[စိတ်ပျက်စရာတောင် ကောင်းလုနီးပါးပဲ မဟုတ်လား... သိပ်ကို လွယ်ကူလွန်းနေတယ်... မင်း နာကျင်ခံစားနေရတာကို ထိုင်ကြည့်ရတာက ပိုပြီး ပျော်စရာကောင်းတယ်...]
***
အပိုင်း(၄၄၈)
ကောင်းကင် ရေစက် သည် သူ၏ ဝိညာဉ် ထဲတွင် ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး သူ၏ ဝိညာဉ် ထောင့်စေ့တိုင်းသို့ စွမ်းအားများကို တွန်းပို့ပေးနေသည်။
ဝိညာဉ် ရေတွင်း ဖြင့် အချိန်ကြာမြင့်စွာ ကုသမှုခံယူခဲ့ခြင်းကြောင့် သူ၏ မာဒြာ များသည် သိပ်သည်းပြီး အစွမ်းထက်နေပြီ ဖြစ်သည်။ ထို့အပြင်... သူ၏ လမ်းကြောင်းများ မှာမူ သန့်စင်သွားပြီး သူ၏ အမြုတေ များသည် ပေါက်ကွဲထွက်လုမတတ် ပြည့်နှက်နေ၏။ သူ၏ မဟူရာ မီးတောက် အမြုတေ သည် ၎င်းလက်ခံနိုင်သည့် အမြင့်ဆုံး အထွတ်အထိပ်သို့ တက်လှမ်းသွားပြီး သူ၏ ဝိညာဉ် တစ်ဖက်ခြမ်းတွင် အမှောင်နေမင်း တစ်စင်းကဲ့သို့ တွဲလွဲခိုနေသည်။
အခြားတစ်ဖက်ရှိ အပြာဖျော့ဖျော့ အမြုတေ သည်လည်း ယခုအခါ အတူတူပင် တောက်ပနေပြီး မဟူရာ မီးတောက် မာဒြာ နှင့် တန်းတူအဖြစ် ပထမဆုံးအကြိမ် တောက်ပလာခဲ့၏။ မိနစ်အနည်းငယ်မျှ ကျင့်စဉ်လည်ပတ် ပြီးနောက် ၎င်းသည်လည်း အစစ်အမှန် ရွှေအဆင့် ၏ နယ်နိမိတ်များကို တွန်းကန်နေလေပြီ။
မိနစ်ပိုင်းအတွင်း အစစ်အမှန် ရွှေအဆင့် ၏ အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်သော ဆေးလုံးများအကြောင်း ဝေ့ရှီလင်းတုန်း ပြန်လည်တွေးတောမိလိုက်သည်။
ထိုကဲ့သို့သောအရာကို မြင်တွေ့ရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။
ယခုအခါ သူ၏ အမြုတေ နှစ်ခုစလုံးသည် အမြင့်ဆုံး စွမ်းရည်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ဝိညာဉ် ကို အရင်ကထက် များစွာ ပိုမိုရှင်းလင်းစွာ ခံစားသိရှိနိုင်လေပြီ။ သူ၏ ဝိညာဉ် အာရုံမှာ အလွန်တရာ အစွမ်းထက်လာပြီး သူ၏ လမ်းကြောင်းများ သည် သူ၏ မျက်စိရှေ့တွင် ဝဲပျံနေသကဲ့သို့ ပုံဖော်ကြည့်ရှုနိုင်လာသည်။
နောက်တစ်ဆင့်ဖြစ်သော ဝိညာဉ်နယ်မြေ ဖွင့်လှစ်ခြင်းအတွက် သူ အတန်အသင့် လေ့လာစူးစမ်းထားပြီး ဖြစ်သည်။
တစ္ဆေရေတွင် သူ တွေ့ရှိခဲ့သော အဆင့်နိမ့် အရှင်သခင် အိပ်မက် မှတ်တမ်းပြားများနှင့် ဒရော့စ် ထံမှ သူ မေးမြန်းထားသော မေးခွန်းများအရ မည်သည့်အရာများ လိုအပ်သည်ကို သူ သိရှိနားလည်ထားပြီး ဖြစ်၏။ အစစ်အမှန် ရွှေအဆင့် အများအပြားသည် သူတို့ဘဝတွင် ဤအမှတ်သို့ ရောက်ရှိလာတတ်ကြသည်။ ၎င်းမှာ မိမိကိုယ်ပိုင် ဝိညာဉ် အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်မှု၏ အတိုင်းအတာတစ်ခု ဖြစ်ပေသည်။
အသစ်တဖန် တိုးတက်လာသော အသိအာရုံဖြင့် ဝေ့ရှီလင်းတုန်းသည် သူ၏ လမ်းကြောင်းများ ကြား၊ ဝိညာဉ် ၏ အလယ်ဗဟိုတည့်တည့်ရှိ နေရာလွတ်တစ်ခုကို အာရုံစိုက်လိုက်သည်။
ထို့နောက် သူ၏ စွမ်းအားကို ဆွဲဆန့်လိုက်သည်။ ထိုနေရာတွင် မျက်စိမြင့် မမြင်ရသော အဆုတ်တစ်ခု ရှိနေပြီး ထိုအရာကို အတင်းအကျပ် လေရှူသွင်းခိုင်းနေသကဲ့သို့ပင်။
ရွှံ့ညွန်များကို ရှူသွင်းရန် အားထုတ်နေရသကဲ့သို့ ခံစားရသော်လည်း စက္ကန့်အနည်းငယ်မျှ ကြိုးစားအားထုတ်ပြီးနောက် ထိုနေရာလွတ်မှာ ကျယ်ပြန့်လာခဲ့သည်။
သူ၏ ဝိညာဉ်နယ်မြေသည် ဝိညာဉ် ၏ အလယ်ဗဟိုတည့်တည့်တွင် လက်မအရွယ်အစားရှိသော အမှောင်တွင်းတစ်ခု ဖြစ်သော်လည်း ၎င်းကို ခံစားသိရှိလိုက်ရခြင်းက သူ၏အထဲတွင် အလင်းရောင်များ ပြည့်နှက်သွားစေ၏။
သူ ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုမျှသာမက ယခုအခါ သူ၏ ဝိညာဉ် အလယ်ဗဟိုတွင် ရိုးရှင်းသော မှော်ပစ္စည်း များကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။ သို့သော် အစစ်အမှန် မှော်ပစ္စည်း တစ်ခုကို မထိန်းသိမ်းနိုင်မီ ဝိညာဉ်နယ်မြေ ကို ဆက်လက် ချဲ့ထွင်ရဦးမည် ဖြစ်၏။ အနည်းဆုံးတော့ ဝိညာဉ်မီးတောက် ကို စတင် ထိန်းသိမ်းနိုင်ပြီ ဖြစ်သည်။
ဝိညာဉ်မီးတောက်...
အဆင့်နိမ့် အရှင်သခင် တစ်ဦး၏ အစစ်အမှန် အမှတ်အသားပင် ဖြစ်သည်။
သူ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် အီသန် က သူ့ကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ကဲ... မင်းတို့ သရေကျသွားပြီ ထင်တယ်..."
ဝေ့ရှီလင်းတုန်း သည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ ချွေးထွက်နေသည်ကိုပင် သတိမထားမိခဲ့ချေ။ ထို့နောက် ယီရင် ဘက်သို့ လှည့်ကြည့်လိုက်၏။
သူမ၏ နှုတ်ခမ်းစွန်းရှိ အမာရွတ်လေးမှာ ကွေးတက်သွားပြီး သူ့ကို တစ်ဖက်စောင်း အပြုံးဖြင့် ကြည့်လိုက်သည်။
"ငါ နင့်ကို နိုင်သွားပြီ..."
သူမက ပြောလိုက်၏။
"ဆယ်စက္ကန့်တောင် အချိန်ပို ကျန်သေးတယ်..."
ထိုအခါမှသာ မာစီ မရှိတော့ကြောင်းကို သူ မြင်လိုက်ရသည်။
စတုတ္ထမြောက် ကောင်းကင် ရေစက် မှာ ရှိနေဆဲဖြစ်သည်။
"ဒါကို မာစီ့ အတွက် ချန်ထားပေးလို့ ရမလား..."
ဝေ့ရှီလင်းတုန်း က မေးလိုက်သော်လည်း အီသန် က ခေါင်းခါပြ၏။
"ချန်ထားလို့တော့ ရတာပေါ့... ဒါပေမဲ့ ငါတို့ အဲဒီလို လုပ်မှာမဟုတ်ဘူး... ကိစ္စက ငါတို့သိထားတာထက် ပိုရှုပ်ထွေးတယ်ဆိုတဲ့ သူ့ စကားကို ငါတို့ ယုံကြည်ပေးရမယ်..."
သူသည် နောက်ဆုံးကျန်နေသော ဝိညာဉ် ရေတွင်း မှ ရေ ပုလင်းဝက်ကို ဇောက်ထိုးမိုးမျှော် ကိုင်လိုက်ပြီး တောက်ပကာ လျှပ်စီးများ ဖြာထွက်နေသော ကောင်းကင် ရေစက် ထဲသို့ အစက်တိုင်း ဝင်သွားစေရန် ခါချလိုက်၏။
"တစ်ခါတလေမှာ ငါတို့ မှားနေတယ်လို့ ထင်ရတဲ့ ဆုံးဖြတ်ချက်တွေကိုတောင် မိတ်ဆွေတွေ ကိုယ်တိုင် ချခွင့်ပေးလိုက်ရတယ်..."
ဝေ့ရှီလင်းတုန်း သည် စိတ်ပျက်သွားသော်လည်း ရေစက် ကို ယူရန် လက်လှမ်းလိုက်သည်။ သူ၏ သန့်စင်သော အမြုတေ ကို ပြန်လည် ဖြည့်တင်းရန်သော်လည်းကောင်း၊ သို့မဟုတ် အချို့ကို အပြာလေး ဆီသို့ ကျင့်စဉ်လည်ပတ် ၍ ပို့ဆောင်ပေးရန်သော်လည်းကောင်း အသုံးပြုနိုင်ပေသည်။
သို့သော်လည်း... အီသန်သည် ရေစက်ကို လင်းတုန်းဆီမှ အဝေးသို့ ဆွဲဖယ်လိုက်၏။
"ယီရင်..."
သူက ခေါ်လိုက်ရာ လင်းတုန်း ကဲ့သို့ပင် ယီရင် လည်း အံ့ဩသွားပုံရသည်။
"မင်းရဲ့ သွေးအရိပ် ကို အမြန်ဆုံး အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ ဒီလိုအခွင့်အရေးမျိုး နောက်ထပ် ရှိလာမှာ မဟုတ်ဘူး..."
"စကားကို ဆင်ခြင်ပြောပါ..."
ယီရင် က သူ့ကို သတိပေးလိုက်သည်။
"ကျွန်မ ရှင့်ဆီကနေ ကြားချင်တာတွေ အကုန် ကြားပြီးသွားပြီ..."
သူသည် လက်နှစ်ဖက်ကို ဖြန့်လိုက်၏။
"မင်းရဲ့ သွေးအရိပ် ကို ဘယ်လိုပုံစံသွင်းမလဲဆိုတာ ဘယ်လိုပဲ ရွေးရွေး၊ ဒါက အကျိုးကျေးဇူးကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး..."
ယီရင်သည် အီသန် နှင့် လျှပ်စီးများ လက်နေသော ကောင်းကင် ရေစက် ကို စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် မလိုလားသည့်ဟန် အထင်အရှားဖြင့် သူမ၏ သွေးအရိပ် ကို ဆင့်ခေါ်လိုက်တော့သည်။
၎င်းသည် သူမ၏ ဝိညာဉ် ထဲမှ ထွက်ပေါ်လာ၏။ ၎င်းသည် သူမ၏ ပုံပန်းသဏ္ဍာန်အတိုင်း ခရမ်းရင့်ရောင် အရိပ်တစ်ခု ဖြစ်သည်။ ကောင်းကင် ရေစက် ထံသို့ နီးကပ်သွားရန် သူမ တိုက်တွန်းနေစရာပင် မလိုခဲ့ချေ။ အစိမ်းစားဝံပုလွေ တစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်အုပ်သွားပြီး မှော်ပစ္စည်း ကို တဝုန်းဝုန်း မြိုချလိုက်တော့သည်။
၎င်းသည် အရိပ်၏ လည်ချောင်းမှတစ်ဆင့် အမြုတေ ရှိသင့်သော နေရာသို့ ဝင်ရောက်သွားစဉ် အတွင်းဘက်မှ အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး ဖုံးကွယ်ထားသော ကြယ်တစ်ပွင့်ကဲ့သို့ ထိုနေရာတွင် ဝဲပျံနေ၏။
သွေးအရိပ်သည် တုန်ရီသွားပြီး ဝေ့ရှီလင်းတုန်း ရှိရာဘက်သို့ ခေတ္တမျှ လှမ်းကြည့်လိုက်ပုံရသည်။
ထို့နောက် ၎င်းသည် ပြိုကျသွားပြီး ယီရင့် ၏ ဝိညာဉ် ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ယီရင်သည် တစ်ချက် တုန်ရီသွား၏။
"ဒါကို ငါ နောင်တရရလိမ့်မယ်လို့ ခံစားနေရတယ်..."
"ဘာတွေ လျှောက်ပြောနေတာလဲ..."
အီသန်က အော်ပြောလိုက်သည်။
"ဒါပေမဲ့ လောလောဆယ်တော့ အဲဒီ အရိပ် ကို ထိန်းချုပ်ထားတာ ပိုကောင်းလိမ့်မယ်..."
ယီရင်သည် ဝေ့ရှီလင်းတုန်းကို နောင်တရဟန်ဖြင့် နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျင့်စဉ်လည်ပတ်ခြင်း ထဲသို့ ပြန်လည်နစ်မျောသွားကာ မျက်လုံးများကို မှိတ်ထားလိုက်တော့၏။
လင်းတုန်းမှာ စိတ်ပျက်အားငယ်မှုကို မထိန်းချုပ်နိုင်ခဲ့ချေ။ အစစ်အမှန် ရွှေအဆင့်၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး ဝိညာဉ်နယ်မြေ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် သူ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ယခုအခါ အီသန်၊ တရားထိုင်နေသော ယီရင်တို့နှင့်အတူ မှောင်မိုက်နေသော တောအုပ်ကြီးထဲတွင် သူ အထီးကျန်နေခဲ့ရ၏။ သူ၏ စိတ်လှုပ်ရှားဝမ်းသာမှုများကို မျှဝေခံစားပေးမည့်သူ တစ်ယောက်ယောက်ကို သူ လိုချင်နေမိသည်။
[ဝိုး... အစစ်အမှန် ရွှေအဆင့် လား...]
ဒရော့စ်က အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
[အံ့သြစရာပဲ... လွန်ခဲ့တဲ့ လအနည်းငယ်က မင်း လုပ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး ပိုကောင်းသွားပြီ... မင်းရဲ့ ဝိညာဉ်နယ်မြေ လား... မယုံနိုင်စရာပဲ... အဲဒီထဲမှာ ပဲစေ့တစ်စေ့လောက်တော့ ဆံ့လောက်တယ်... မင်းကိုယ်ပိုင် ပဲစေ့လေးတစ်စေ့ကို သယ်သွားလို့ ရပြီပေါ့...]
ဒရော့စ်၏ ထိုသို့ကြိုးစားပေးမှုကို ဝေ့ရှီလင်းတုန်း တကယ်ပင် ကျေးဇူးတင်မိ၏။
"တောင်းပန်ပါတယ်..."
ဝေ့ရှီလင်းတုန်းက အသံထွက်၍ မေးလိုက်သည်။
"ဒါနဲ့ အော်သို ဘယ်ရောက်သွားတာလဲ..."
လိပ်ကြီး၏ တည်နေရာကို သူ အာရုံခံနိုင်ပေသည်။ သိပ်မဝေးလှချေ။ သို့သော် အော်သို မည်သည့်အချိန်က ထွက်သွားသည်ကို သူ သတိမထားမိခဲ့ပေ။
အီသန်သည် သဘာဝရတနာများထည့်ထားသော အိတ်များနှင့် ကောင်းကင် ရေစက်များ ထည့်ထားခဲ့သည့် သေတ္တာခွံကို သိမ်းဆည်းနေရင်းမှ ရပ်တန့်လိုက်၏။
"မင်း သွားမကြည့်ချင်ဘူးလား..."
အီသန်က အကြံပြုလိုက်သည်။
"ငါတို့ ယီရင့် ရဲ့ ဝိညာဉ်နယ်မြေ ကို ဖွင့်ပေးရဦးမယ်... ပြီးတော့ မင်းတို့နှစ်ယောက်စလုံးကို ဝိညာဉ်မီးတောက် ယက်လုပ်နိုင်အောင် လုပ်ပေးရဦးမယ်... ဒါပေမဲ့ လောစရာတော့ မလိုပါဘူး... အခု စကိုင်းဆွန်း တွေ ငါတို့ကို မှီလာပြီဆိုတော့ သူတို့က ငါတို့ကို အလုပ်လုပ်စေချင်ကြလိမ့်မယ်..."
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။
"ငါ ပြောချင်တာက ငါတို့မှာ အနားယူချိန် နည်းနည်း ရသေးတယ်ဆိုတဲ့ သဘောပါ..."
ဝေ့ရှီလင်းတုန်းသည် လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အီသန်... ကျွန်တော် ဆက်လုပ်ချင်နေပါပြီ..."
အကယ်၍ သူ၏ ဝိညာဉ်နယ်မြေ နှင့် အသားကျရန် သီတင်းပတ်အနည်းငယ် လိုအပ်မည်ဆိုလျှင် သူ ယူရပေမည်။ သို့သော် ကောင်းကင် ရေစက် သည် အလွန်မြန်ဆန်စွာ အကောင်းဆုံး အကျိုးသက်ရောက်ခဲ့သဖြင့် ရှေ့ဆက်ရန် သူ စိတ်အားထက်သန်နေခဲ့၏။
"အော်သို ကို သွားရှာလိုက်ဦး..."
***