← Chapters

အခန်း ၅၉

Vol. 5 Ch. 59

အခန်း ၅၉

Vol. 5 Ch. 59

အခန်း(၅၉)ဓားတစ်လက်ထက်သာလွန်သော ဓားဟူ၍ မရှိ

လိုဏ်ဂူအတွင်း၌ အလောင်းကောင်များ ပြည့်နှက်နေ၏။ ရှောင်ပီလီနှင့် နင်ဝမ်ချင်းတို့သာ အသက်ရှင်ကျန်ရစ်သည်။

ရှောင်ပီလီသည် နင်ဝမ်ချင်းထံ လှည့်လိုက်ပြီး "မင်းရှာနေတဲ့အရာ အဲဒီသစ်သားသေတ္တာထဲမှာ ရှိ၊ မရှိ မစစ်ဆေးတော့ဘူးလား" ဟု မေးလိုက်၏။

နင်ဝမ်ချင်းမှာ အိပ်မက်ထဲမှ နိုးထလာသည့်အလား ဖြစ်နေပြီး ရှောင်ပီလီကို ကြာမြင့်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက်မှ "ရွှယ်ကျိုးက လျှိုကျွင်းနဲ့ မတူဘူး။ အခု မင်း သူ့ကို သတ်လိုက်တဲ့အတွက် စန်းယွမ်ဓားဂိုဏ်းက ဒီကိစ္စကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး" ဟု ပြောသည်။

"ငါနဲ့အတူ ယုံနယ်မြေကို လိုက်ခဲ့ပါ။ အဲဒီလိုဆိုရင် စန်းယွမ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေ မင်းကို လက်ဖျားနဲ့တောင် တို့နိုင်မှာ မဟုတ်ဘူး"

ရှောင်ပီလီက အံ့အားသင့်စွာဖြင့် "နင်မိသားစုက စန်းယွမ်ဓားဂိုဏ်းနဲ့ ရန်မဖြစ်ချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဟု ပြန်မေးသည်။

ယခင်က နင်ဝမ်ချင်းရော ရွှယ်ကျိုးပါ နင်မိသားစုအနေဖြင့် စန်းယွမ်ဓားဂိုဏ်းနှင့် ရန်မဖြစ်လိုကြောင်း ပြောဆိုခဲ့ကြသည်။ ထိုသို့သာ မဟုတ်ပါက နင်ဝမ်ချင်း၏ အစ်ကိုဖြစ်သူ၊ နဂါးနှင့်ကျားစာရင်းဝင် ပါရမီရှင်တစ်ယောက်မှာ ကျောချင်းယွင်လက်ချက်ဖြင့် လက်တစ်ဖက်ပြတ်ခဲ့ရစဉ်က နင်မိသားစုအနေဖြင့် တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိခဲ့လိမ့်မည် ဖြစ်သည်။

သူ့လို လူစိမ်းတစ်ယောက်အတွက် သူတို့က စန်းယွမ်ဓားဂိုဏ်းကို တကယ်ပဲ ရင်ဆိုင်ပေးပါ့မလား။

နင်ဝမ်ချင်းက ခေါင်းခါယမ်း၍ "ယုံနယ်မြေကို သွားမှာပါ၊ နင်မိသားစုဆီကို မဟုတ်ဘူး" ဟု ပြောဆိုသည်။

"ငါ့အစ်ကိုက ယုံနယ်မြေ ကျန်းဝူဆောင်မှ အကြီးအကဲ လင်ဟူပိုင်ဝမ်ရဲ့ တပည့်ပဲ။ ဒီမှာရှိတဲ့ ကျန်းဝူဆောင်က ငါနဲ့ ပူးပေါင်းနိုင်တာဟာ အကြီးအကဲ လင်ဟူရဲ့ အထိမ်းအမှတ်တံဆိပ်ကို ငါယူလာလို့ပဲ။ အဲဒီလိုမဟုတ်ဘဲ နင်မိသားစုရဲ့ အထောက်အပံ့မပါရင် အရှေ့မြစ်မြို့ ကျန်းဝူဆောင်က လူတွေကို ငါခိုင်းလို့ရမှာ မဟုတ်ဘူး"

"အကြီးအကဲ လင်ဟူက ကျန်းဝူဆောင်ရဲ့ စည်းမျဉ်းတွေကြောင့် စန်းယွမ်ဓားဂိုဏ်းကို တိုက်ရိုက် မတိုက်ခိုက်နိုင်ပေမဲ့ နှစ်တွေအတွင်းမှာ သူက စန်းယွမ်ဓားဂိုဏ်းကို ပစ်မှတ်ထားနေတာပဲ"

"မင်းသာ ယုံနယ်မြေကို လိုက်သွားရင် အကြီးအကဲ လင်ဟူက မင်းကို ကာကွယ်ပေးနိုင်မှာ အသေအချာပဲ"

"ပြီးတော့ မင်းရဲ့ ပါရမီအရည်အသွေးနဲ့ဆိုရင် ကျန်းဝူဆောင်ကို ဝင်ရောက်တာကလည်း ရွေးချယ်မှုကောင်းတစ်ခုပဲ။ ကျန်းဝူဆောင်ကို ဝင်လိုက်တာနဲ့ မင်းက နန်းတော်ရဲ့ လူတစ်ယောက် ဖြစ်သွားမှာ၊ စန်းယွမ်ဓားဂိုဏ်းလည်း မင်းအပေါ် လှည့်ကွက်တွေ သုံးရဲတော့မှာ မဟုတ်ဘူး"

"ဒီလိုဆိုရင် မင်းလည်း စိတ်အေးလက်အေးနဲ့ ကျင့်ကြံနိုင်မှာ၊ ငါးနှစ်အတွင်းမှာပဲ ကျောချင်းယွင်ကို သတ်နိုင်မှာ သေချာတယ်"

ရှောင်ပီလီက ခေါင်းခါယမ်း၍ "နန်းတော်ကို ဝင်တာက ကန့်သတ်ချက်တွေ အရမ်းများတယ်" ဟု အေးဆေးစွာ ပြောသည်။

"ငါတောင့်တတာက ရန်ငြိုးကို ချက်ချင်းလက်ငင်း လက်စားချေပြီး သိုင်းလောကမှာ လွတ်လပ်စွာ စီးမျောနေရတဲ့ ဘဝမျိုးပဲ"

"လူရှိတဲ့နေရာမှာ သိုင်းလောက ရှိတာပဲ၊ သိုင်းလောက ရှိတဲ့နေရာမှာတော့ ရန်ငြိုးတွေ ရှိမှာပေါ့"

"ကျန်းဝူဆောင်ဆိုတာလည်း ရိုးရှင်းပါ့မလား"

"နန်းတော်ကို ယုံကြည်ရတာထက် ငါ့လက်ထဲက ဓားကိုပဲ ပိုယုံကြည်တယ်"

သူ့ကိုယ်ပိုင် ပါရမီအရည်အသွေးမှာ သာမန်သာ ရှိသည်။ ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်ကို ကျင့်သုံးပြီး ပါရမီ တိုးတက်လာသော်လည်း သိုင်းလောကမှ ထိပ်တန်း ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်တော့ အတော်လေး နောက်ကျကျန်နေသေး၏။

အကယ်၍ သူသာ ယုံနယ်မြေ ကျန်းဝူဆောင်ကို သွားပြီး အကာအကွယ်ပေးခံထားရမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုမှာ ကျင့်ကြံမှုအမှတ်များကို တိုက်ရိုက်ပေါင်းထည့်ခြင်းနှင့် မည်သို့မျှ ယှဉ်နိုင်မည်နည်း။

ထိုမျှသာမက လင်ဟူပိုင်ဝမ်မှာ နင်ဝမ်ချင်းပြောသလိုသာ အစွမ်းထက်နေလျှင် နင်ဝမ်ချင်း၏ အစ်ကိုမှာ ယခုလို အခြေအနေမျိုး ရောက်ရှိနေမည် မဟုတ်ပေ။

နင်ဝမ်ချင်း၏ ရင်ထဲမှာ လှုပ်ခတ်သွားပြီး ရှောင်ပီလီ၏ နောက်ကျောကို ကြည့်သည့် သူမ၏ မျက်ဝန်းတို့မှာ ရှုပ်ထွေးနေသည်။

အမှန်တကယ်ပင် ထိုအချိန်က သူမ၏ အစ်ကိုမှာ ကျောချင်းယွင်နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း အကြီးအကဲ လင်ဟူနှင့် နင်မိသားစု၏ ဂုဏ်သတင်းကို ထောက်ထား၍ ကျောချင်းယွင်အနေဖြင့် အသက်ဆုံးရှုံးသည်အထိ ပြုလုပ်လိမ့်မည် မဟုတ်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။

သို့သော် အဖြစ်မှန်က သူတို့ ထင်သလို မဟုတ်ခဲ့ပေ။

ထိုအခိုက်တွင် ရှောင်ပီလီသည် ပေါ့ပါးစွာ ခုန်ပျံလိုက်ရာ လိုဏ်ဂူအလယ်ရှိ ကျောက်စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

ကျောက်စင်မြင့်အလယ်ရှိ သစ်သားသေတ္တာမှာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ ယခုလေးတင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့စဉ်က မူလနေရာမှ ရွေ့လျားသွားပြီး သေတ္တာပေါ်တွင် အချိုင့်အကွက်များ ဖြစ်ပေါ်နေသော်လည်း ကွဲအက်သွားခြင်း မရှိချေ။

ရှောင်ပီလီက လက်ကိုမြှောက်၍ ကျောက်စင်မြင့်ထဲတွင် စိုက်ဝင်နေသော လျှပ်တစ်ပြက်ဓားကို ဆွဲထုတ်လိုက်သည်။

အေးစက်သော အလင်းရောင်များ တောက်ပလာ၏။

ဓားကိုယ်ထည်မှာ သုံးပေခုနစ်လက်မ ရှည်လျားပြီး ဓား၏ အလယ်ဗဟိုတွင် အနီရောင် အရိပ်အယောင်တစ်ခု ရှိနေသည်။

ရှောင်ပီလီသည် ဓားကို ဓားမကဲ့သို့ အသုံးပြု၍ ပေါ့ပါးစွာ တိုက်ခိုက်လိုက်သည်။

ဓားစွမ်းအင်မှာ လိုဏ်ဂူအစွန်းသို့ ဦးတည်သွားပြီး လိုဏ်ဂူနံရံတွင် အမှတ်အသားရှည်ကြီးတစ်ခု ကျန်ရစ်ခဲ့၏။

"ကောင်းတဲ့ဓားပဲ"

ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး ရှောင်ပီလီက ပေါ့ပါးစွာ ပစ်ပေးလိုက်ရာ ထိုဓားရှည်မှာ နင်ဝမ်ချင်း၏ လက်ထဲသို့ ကျရောက်သွားသည်။

ဤလျှပ်တစ်ပြက်ဓား၏ အရည်အသွေးမှာ အနီရောင်လက်စွပ်ဓားထက် ပိုမိုကောင်းမွန်သော်လည်း သူက ဓားထက် ဓားမကိုသာ ပိုနှစ်သက်သည်။

ထို့အပြင် သူ၏ သိုင်းပညာအားလုံးမှာ ဓားမအပေါ်တွင်သာ အာရုံစိုက်ထားခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဓားမကို စွန့်ပယ်ပြီး ဓားကို သင်ယူခြင်းမှာ ကျင့်ကြံမှုအမှတ်များကို အလဟဿ အလေအလွင့် ဖြစ်စေရုံသာ ရှိလိမ့်မည်။

နင်ဝမ်ချင်းက လျှပ်တစ်ပြက်ဓားကို တည်ငြိမ်စွာ ဖမ်းယူလိုက်ပြီး တစ်စုံတစ်ရာ ပြောဆိုရန် ပြင်ဆင်နေသော်လည်း ရှောင်ပီလီက သစ်သားသေတ္တာကို ဖွင့်လိုက်ပြီး ဖြစ်သည်။ သေတ္တာအတွင်း၌ စာရွက်ဖြင့် ပြုလုပ်ထားသော လျှို့ဝှက်ကျမ်းတစ်ခု ရှိနေ၏။ သစ်သားသေတ္တာမှာ အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

ဤနေရာတွင် နှစ်ပေါင်းများစွာ ရှိနေသော်လည်း ပိုးမွှားကိုက်စားသည့် အရာင်အယောင် မရှိသည့်အပြင် အတွင်းရှိ လျှို့ဝှက်ကျမ်းမှာလည်း အနည်းငယ်သာ ဝါကျင့်ကျင့် ဖြစ်နေသည်။

"လျှပ်တစ်ပြက်ဓားသိုင်း"

"ဒီနာမည်က... လျှပ်တစ်ပြက်ဓားသမား လော့စုကိုယ်တိုင် ပေးခဲ့တာများလား"

ခေါင်းခါယမ်းလိုက်ပြီး လျှို့ဝှက်ကျမ်းကို ဖွင့်ကြည့်သည်။

ပထမဆုံး စာမျက်နှာအနည်းငယ်မှာ ဓားကွက်များသာ ဖြစ်ပြီး နောက်ပိုင်းတွင် လျှပ်တစ်ပြက်ဓားသမား လော့စု၏ ဓားတာအိုဆိုင်ရာ ကိုယ်ပိုင်အမြင်များစွာ ပါဝင်နေကာ ဓားကွက်များအတွက် မှတ်ချက်များပင် အများအပြား ရှိသည်။

"အော်" စာမျက်နှာကို နောက်သို့လှန်ကြည့်ရာ ရှောင်ပီလီမှာ အံ့အားသင့်စွာ ညည်းညူလိုက်သည်။

"ဓားတာအိုအဆင့် လော့စုရဲ့ ရေးသားချက်အရ ဆိုရင် အဆင့်မြင့် ဓားသိုင်းတစ်ခုကို အထွတ်အထိပ်ထိ ကျင့်ကြံပြီး လက်မောင်းတစ်ခုလို အသုံးချကာ လိုသလို ပြောင်းလဲနိုင်တဲ့အခါ ဓားတာအိုရဲ့ ပထမအဆင့်ဖြစ်တဲ့ တိုက်ကွက်များကို အသေးစိတ် အကဲခတ်နိုင်ခြင်းကို ရောက်ရှိတာပေါ့"

"တိုက်ကွက်များကို အသေးစိတ် အကဲခတ်နိုင်ခြင်းထက် မြင့်မားရင် ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို ဖော်ထုတ်ပြီး အမြဲမပြတ် ပြုပြင်မွမ်းမံနိုင်တာပေါ့"

"ဓားစိတ်ဆန္ဒကို နားလည်ခြင်းက ဓားတာအိုရဲ့ ခန်းမထဲကို ဝင်ရောက်ခြင်းပဲ... အဆင့်(၅) နဲ့ သိုင်းဆရာကြီး အဆင့်ရှိသူတွေ အများအပြားက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ထိုနေရာကို ရောက်နေပေမဲ့ ဒီ 'စိတ်ဆန္ဒ' မရှိရင် ဓားကို တကယ်မြတ်နိုးတဲ့သူတစ်ယောက်ကို ယှဉ်နိုင်ဖို့ အခွင့်အရေး နည်းပါးလိမ့်မယ်"

"ဒါက ဓားအတွက် မှန်သလို ဓားမအတွက်လည်း မှန်တာပဲ"

နင်ဝမ်ချင်းက ရှောင်ပီလီကို အံ့အားသင့်စွာ ကြည့်၍ "မင်းဒီအကြောင်းတွေကို မသိဘူးလား" ဟု မေးသည်။

"ဓားကို လေ့ကျင့်တဲ့သူတွေအတွက် ဓားစိတ်ဆန္ဒကို နားလည်သွားတာနဲ့ သူတို့ရဲ့ ဓားသိုင်းတွေက ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်သွားမှာပဲ"

"နဂါးနှင့်ကျားစာရင်းဝင်တဲ့သူတွေအားလုံးက 'စိတ်ဆန္ဒ' ကို နားလည်ထားတဲ့ သူတွေချည်းပဲ"

"ပြီးတော့ သိုင်းဆရာကြီး စာရင်းမှာရှိတဲ့ အချို့သော ဓားတာအို ကျွမ်းကျင်သူတွေကဆိုရင် ဓားရဲ့ ကန့်သတ်ချက်တောင် မရှိတော့ဘူး၊ ကမ္ဘာပေါ်ရှိ အရာအားလုံးက သူတို့ရဲ့ ဓားဖြစ်နိုင်တယ်"

ရှောင်ပီလီက ခေါင်းညိတ်ပြလိုက်သည်။

အဲဒါက ဓားရှိခြင်းထက် ဓားမရှိခြင်းက ပိုသာလွန်တယ်ဆိုတဲ့ အဆင့်ဖြစ်မှာပေါ့။

ခုနစ်သတ်ဓားသိုင်းကို ပေါက်ကွဲအောင် လုပ်ပြီး အဆင့်အမြင့်ဆုံးအထိ ကျင့်ကြံလိုက်ရင် သူလည်း အဲဒီအဆင့်ကို ရောက်နိုင်မလားဟု တွေးမိသည်။

ရှောင်ပီလီသည် လျှို့ဝှက်ကျမ်းကို သစ်သားသေတ္တာထဲသို့ ပြန်ထည့်၍ နင်ဝမ်ချင်းထံ ပစ်ပေးလိုက်ပြီး "ငါက ဓားမသုံးဘူး၊ ဒါက ငါ့အတွက် အသုံးမဝင်ဘူး" ဟု ပြောလိုက်သည်။

"မင်းပဲ အကုန်ယူသွားလိုက်ပါ"

သူက ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်ကို အရင်ဆုံး အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ရဦးမည် ဖြစ်ပြီး အဘိဓမ္မာ ဓားမသုံးမျိုးမှာလည်း အဆုံးမရှိသော တွင်းနက်ကြီး ဖြစ်နေသည်။

တွက်ချက်ကြည့်လိုက်လျှင် သူက ကျင့်ကြံမှုအမှတ် များစွာ လိုအပ်နေသည်။

ဓားသိုင်းအတွက် သုံးစွဲရန် ကျင့်ကြံမှုအမှတ်များက ဘယ်မှာ ရှိတော့မည်နည်း။

နင်ဝမ်ချင်းက စိတ်ရင်းအမှန်ဖြင့် "ငါ မင်းကိုကျေးဇူး အကြွေးတင်သွားပြီ" ဟု ဆိုသည်။

"ငါ ပြန်သွားရင် နင်မိသားစုရဲ့ စာကြည့်တိုက်ထဲက 'လေတဟုန် လမင်းလိုက်ဓား' လျှို့ဝှက်ကျမ်းကို ခိုးယူနိုင်မလား ကြည့်ဦးမယ်"

"မင်း တကယ်ပဲ ငါနဲ့ ယုံနယ်မြေကို မလိုက်တော့ဘူးလား"

"မလိုက်ဘူးဆိုရင်တော့ မန်ပြည်နယ်ကနေ မြန်မြန်ထွက်သွားသင့်တယ်၊ မဟုတ်ရင် စန်းယွမ်ဓားဂိုဏ်းက လူတွေ ရောက်လာတဲ့အခါ အရမ်းအန္တရာယ် များလိမ့်မယ်"

"မင်း ရွှယ်ကျိုးကို သတ်လိုက်တာပဲ။ နောက်ထပ် ရောက်လာမယ့်သူက ကျောချင်းယွင် ဖြစ်မှာ ဒါမှမဟုတ် စန်းယွမ်ဓားဂိုဏ်းက အဆင့်(၄) ကျွမ်းကျင်သူ ဖြစ်လာနိုင်တယ်"

ရှောင်ပီလီက ခေါင်းညိတ်၍ အလောင်းများထံမှ ပစ္စည်းများကို လိုက်ရှာသည်။

ကံဆိုးစွာဖြင့် ရွှယ်ကျိုး၏ ဆောင်းဦးမိုးရေ ဓားမှာ နာမည်ကျော် ဓားရှည်တစ်လက် ဖြစ်သော်လည်း ငွေစက္ကူအနည်းငယ်သာ တွေ့ရသည်။

သို့သော် ရှောင်ပီလီက လက်ရှိတွင် ငွေကြေး မလိုတော့ပေ။ သူ၏ကိုယ်တွင် ငွေစက္ကူ ထောင်ပေါင်းများစွာ ရှိနေသေးသည်။

ယခုတစ်ကြိမ် ရှာတွေ့သော ငွေစက္ကူများကို ပေါင်းလိုက်လျှင် ငွေစက္ကူ တစ်သောင်းကျော် ရှိသည်။

အရှေ့မြစ်မြို့တွင် အနည်းငယ် ဂုဏ်သတင်းရှိသော ဝေ့ရှင်း ပို့ဆောင်ရေးဌာနပင်လျှင် ငွေတစ်သောင်းကို တစ်ပြိုင်နက် ရရန်အတွက် ပိုင်ဆိုင်မှုများကို ရောင်းချရလိမ့်မည်။

လူသတ်ပြီး မီးရှို့ခြင်းက တကယ်ပဲ ချမ်းသာစေတာပဲ။

"သွားကြရအောင်"

တန်ဖိုးရှိသည့် အရာများ ကျန်မနေတော့သည်ကို မြင်လျှင် ရှောင်ပီလီသည် သန့်ရှင်းပြီး သင့်တော်သော အဝတ်အစားတစ်ခုကို ရွေးချယ်ဝတ်ဆင်ကာ လိုဏ်ဂူအဝဘက်သို့ လျှောက်သွား၏။

နင်ဝမ်ချင်းကလည်း နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

နှစ်ယောက်သား လိုဏ်ဂူအဝမှ ထွက်ခွာခါနီးတွင် စန်းယွီဂိုဏ်း၏ အဝတ်အစားများကို ဝတ်ဆင်ထားသော တပည့်တစ်အုပ်နှင့် ဆုံမိကြသည်။ ရှေ့ဆုံးမှ ခေါင်းဆောင်မှာ ရှောင်ပီလီ ယခင်က တစ်ကြိမ် ဆုံဖူးသော တိန်းယွမ် ဖြစ်သည်။

တိန်းယွမ်မှာလည်း ရှောင်ပီလီနှင့် နင်ဝမ်ချင်း ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားသော်လည်း အမြန်ပင် သတိပြန်ဝင်လာပြီး လိုဏ်ဂူအဝကို ရည်ရွယ်၍ "ဆရာကြီး ရှောင်ပီလီ ထွက်လာပါပြီ" ဟု အော်ပြောလိုက်သည်။

All Chapters