← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

အခန်း(၆၂) တစ်လောကလုံး ကျော်ကြားခြင်းနှင့် နဂါးနှင့်ကျားစာရင်းတွင် အဆင့်၅၀ ချိတ်ခြင်း

အောက်တိုဘာလ ငါးရက်နေ့တွင် လေထုထဲ၌ ချမ်းစိမ့်စိမ့်အေးရိပ်တို့ လွှမ်းမိုးလျက် ရှိချေသည်။

'သွေးဓားသံမဏိ' ရှောင်ပီလီသည် နူထုန်တောင်ကြား၌ စန်းယွမ်ဓားဂိုဏ်း၏ တပည့်ရင်းတစ်ဦးလည်းဖြစ်၊ နဂါးနှင့်ကျားစာရင်းတွင် အဆင့်၆၂ ရှိသူလည်းဖြစ်သော ရွှယ်ကျိုးကို သုတ်သင်လိုက်ချေသည်။

ရွှယ်ကျိုးနှင့်အတူ အခြားသော အဆင့်(၅) ကျွမ်းကျင်သူ အများအပြားလည်း ရှောင်ပီလီ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရလေရာ ယင်းတို့တွင် ဆယ့်နှစ်ခံတပ်ကွင်းဆက်၏ ခေါင်းဆောင် ကွမ်ထျန်းဝူ၊ ပိုင်ယွင်အိမ်တော်၏ ဒုတိယမြောက်သခင် ဝေ့ယုံနှင့် စန်းယွီဂိုဏ်း၏ ဂိုဏ်းအကြီးအကဲသခင်ကြီး စန်းစုန့် တို့လည်း ပါဝင်ကြပေသည်။

ထိုသတင်းသည် နူထုန်တောင်ကြားမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ရာ မန်ပြည်နယ်၏ သိုင်းလောကတစ်ခုလုံး ဆူပူလှုပ်ခတ်သွားခဲ့ရသည်။

ဖြစ်ပျက်သမျှ အမှန်တရားကို စုံစမ်းသိရှိနိုင်ရန်အတွက် မရေမတွက်နိုင်သော သိုင်းပညာရှင် အများအပြားသည် နူထုန်တောင်ကြားဆီသို့ အလုအယက် ဦးတည်သွားကြလေသည်။

အောက်တိုဘာလ ခုနစ်ရက်နေ့တွင် ဖြစ်သည်။

လင်းရွှေမြို့ရှိ ကျန်းဝူဆောင်တွင် ဖြစ်ပွားခြင်း ဖြစ်၏။

နံနက်စောစောအချိန်တွင် ကျန်းဝူဆောင်၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်၌ စားသုံးသူများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိနေပြီး ပူပူနွေးနွေး ပေါက်စီများနှင့် ဟင်းလျာများကို စားပွဲများပေါ်သို့ တည်ခင်းပေးနေကြပြီ ဖြစ်သည်။

"ဟေ့လူတို့... နူထုန်တောင်ကြားက ထွက်လာတဲ့ သတင်းက အမှန်ပဲလား"

"လျှောက်ပြောမနေနဲ့စမ်းပါ၊ ဘယ်လိုလုပ်ပြီး အမှားဖြစ်နိုင်မှာလဲ"

"မနေ့ညက စန်းကျန်းမဟာမိတ်အဖွဲ့ကလူတွေ အလောင်းတစ်ဒါဇင်ကျော် သယ်လာတာကို ငါကိုယ်တိုင် မြင်ခဲ့တာ။ ဒီနှစ်ရက်အတွင်း စန်းကျန်းမဟာမိတ်အဖွဲ့က ကျွမ်းကျင်သူတွေ မျက်နှာပြရဲကြလို့လား။ သူတို့တွေ 'သွေးဓားသံမဏိ' ရဲ့ ကလဲ့စားချေမှုကို ကြောက်နေကြတာလေ"

"မဖြစ်နိုင်တာ၊ ရှောင်ပီလီက ဘယ်လောက်ပဲ တော်တော် စန်းကျန်းမဟာမိတ်အဖွဲ့ရဲ့ ခံတပ်မကြီးထဲအထိ တစ်ယောက်တည်း ဝင်သတ်ရဲပါ့မလား"

"ဟဲဟဲ... မင်းကတော့ ရှောင်ပီလီကို အထင်သေးလွန်းနေပြီ။ နဂါးနှင့်ကျားစာရင်းဝင် ရွှယ်ကျိုးတောင် ရှောင်ပီလီလက်ထဲမှာ သေသွားတာ။ စန်းကျန်းမဟာမိတ်အဖွဲ့ရဲ့ ခံတပ်မကြီးကို ထားလိုက်ပါဦး၊ အခုဆို ငါတို့ မန်ပြည်နယ်တစ်ခုလုံးမှာ လူမြင်ကွင်းက ပုန်းကွယ်နေတဲ့ သိုင်းဆရာကြီး အနည်းငယ်လောက်ပဲ သူ့ကို ရင်ဆိုင်နိုင်တော့မှာ။ သခင်လေးရှောင်ရဲ့ အဖေ သေရတာက စန်းကျန်းမဟာမိတ်အဖွဲ့နဲ့ ပတ်သက်နေတာဆိုတော့ စန်းကျန်းမဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေ ခံတပ်မကြီးထဲမှာ ဆက်နေရဲကြပါဦးမလား"

"ဒါနဲ့ စကားမစပ်... သခင်လေးရှောင်က ငါတို့ လင်းရွှေမြို့ကပဲ။ ဒီလိုကိစ္စမျိုးသာ မဖြစ်ခဲ့ရင် ငါတို့ လင်းရွှေမြို့ကနေ နဂါးနှင့်ကျားစာရင်းဝင် ကျွမ်းကျင်သူတစ်ယောက် ထွက်ပေါ်လာပြီး ငါတို့မြို့ရဲ့ သိုင်းလောကလည်း မျက်နှာပွင့်မှာ။ တကယ်ကို နှမြောဖို့ကောင်းတယ်"

"ဟင်း... ငါကြားတာတော့ သခင်လေးရှောင်ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက စန်းယွမ်ဓားဂိုဏ်းထဲဝင်ပြီး အခု တပည့်ရင်းတစ်ယောက် ဖြစ်နေပြီတဲ့။ ဒါပေမဲ့ သူမက စန်းယွမ်ဓားဂိုဏ်းရဲ့ ပထမဆုံးတပည့်ရင်းဖြစ်တဲ့ 'လေးဘက်အရပ်ဓား' ကျောချင်းယွင်နဲ့ ညှိစွန်းသွားတယ်လို့ ပြောကြတယ်။ သူမမှာ ကိုယ်ဝန်ရှိနေပြီမို့ ဖုံးကွယ်လို့ မရတော့တဲ့အတွက် ကျောချင်းယွင်က သခင်လေးရှောင်ကို လုပ်ကြံခိုင်းတာတဲ့။ ဒါပေမဲ့ သခင်လေးရှောင်ရဲ့ သိုင်းပညာက ဒီလောက်အထိ မြင့်မားနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူးလေ"

ထိုစဉ်မှာပင် မြို့ပြင်မှ မြင်းမြန်တစ်စီး ဒုန်းစိုင်းမောင်းနှင်လာပြီး ကျန်းဝူဆောင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။

ကျန်းဝူဆောင်၏ တံခါးဝသို့ ရောက်ရှိသောအခါ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် မြင်းပေါ်မှ လွှားကနဲ ဆင်းလိုက်ပြီး နေဒဏ်၊ လေဒဏ်ကြောင့် အရောင်အဆင်း မှိန်ဖျော့နေသည့် ဝရမ်းထုတ်ရန် သစ်သားကြော်ငြာသင်ပုန်းရှေ့၌ တည့်တည့်မတ်မတ် ရပ်လိုက်ချေသည်။

ယင်းသည် ကျန်းဝူဆောင်အတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိဘဲ ၎င်း၏ ရင်ဘတ်ထဲမှ နီရဲသော စက္ကူတစ်ရွက်နှင့် ကော်ရည်ဘူးတစ်ဘူးကို ထုတ်ယူကာ စုတ်တံဖြင့် ကော်ရည်များကို သုတ်လိမ်း၍ ကြော်ငြာသင်ပုန်းပေါ်သို့ စတင်ကပ်လိုက်လေသည်။

"အင်..."

"ဒါက ဘာလုပ်တာလဲ"

"ငါ လင်းရွှေမြို့မှာ နေလာတာ အနှစ်သုံးဆယ် ရှိပြီ၊ ဒီသင်ပုန်းပေါ်မှာ ဘာမှ ကပ်တာ တစ်ခါမှ မမြင်ဖူးဘူး"

"ဆိုင်ရှင်ကြီး... အဲဒီပေါ်မှာ ဘာတွေ ကပ်ထားတာလဲ"

"ကျန်းဝူဆောင်ရဲ့ ဝရမ်းပြေးတရားခံစာရင်းကို အမြဲတမ်း အတွင်းထဲမှာပဲ ကပ်တာ မဟုတ်ဘူးလား"

စားသောက်ဆိုင်အတွင်းရှိ လူများသည် တီးတိုး ဝေဖန်ပြောဆိုနေကြချေသည်။ ဆိုင်ရှင်ကဲ့သို့ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည်လည်း သံသယစိတ်များ ဖြစ်ပေါ်လျက် ရေရွတ်လိုက်သည်မှာ -

"ငါ ငယ်ငယ်တုန်းက ငါ့အဖေ ပြောဖူးတာ တစ်ခါကြားဖူးတယ်။ ဒီနေရာက နဂါးနှင့်ကျားစာရင်းကို ကပ်ရမယ့်နေရာပဲ။ ဒါပေမဲ့ မဖြစ်နိုင်တာ၊ ဒီနှစ်တွေအတွင်း နဂါးနှင့်ကျားစာရင်းက အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ဒီနေရာမှာ ဘာမှ လာမကပ်ဖူးပါဘူး"

ထိုအခါ လူတစ်ဦးသည် စိတ်မထိန်းနိုင်တော့ဘဲ ထရပ်ကာ နံနက်စာဖိုး ငွေများကို ချန်ထားခဲ့ပြီး ကျန်းဝူဆောင်ဆီသို့ လျှောက်လှမ်းရင်း ပြောလိုက်သည်။

"ဒီမှာတင် ထိုင်ပြီး ခန့်မှန်းနေလို့ ဘာထူးမှာလဲ။ သွားကြည့်လိုက်ရင် သိရတာပဲမဟုတ်လား"

ထိုစကားကြောင့် စားသုံးသူ တစ်ဒါဇင်ခန့်သည်လည်း ၎င်းနောက်သို့ လိုက်ပါသွားကြလေသည်။ နောက်ဆုံးတွင် ဆိုင်ရှင်ဖြစ်သူပင် စိတ်မအောင့်နိုင်တော့ဘဲ ဆိုင်အကူကို အချို့အချက်များ မှာကြားပြီး မျက်နှာချင်းဆိုင်ရှိ ကျန်းဝူဆောင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

ယင်းအချိန်တွင် ကျန်းဝူဆောင်၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်မှ လူများသာမက ကျန်းဝူဆောင်အတွင်း၌ ဆုကြေးတာဝန်များကို လက်ခံနေကြသော ဝရမ်းပြေးဖမ်းသူ အများအပြားပါ ထွက်လာကြရာ ထိုအသက်လတ်ပိုင်း အမျိုးသားသည် နီရဲသော စက္ကူကို ကပ်ပြီးသွားပြီ ဖြစ်ပေသည်။

လူတိုင်းသည် လျင်မြန်စွာပင် ဝိုင်းအုံကြည့်ရှုကြချေသည်။

ထိုနီရဲသော စက္ကူကြီးမှာ အလွန်ကြီးမားပြီး စာလုံးများဖြင့် ပြည့်နှက်နေ၏။

ထို့ပြင် ထိုနီရဲသော စက္ကူ၏ အပေါ်ဆုံးတွင် 'နဂါးနှင့်ကျားစာရင်း' ဟူသော စာလုံးကြီး သုံးလုံးကို ထင်ရှားစွာ ရေးသားထားသည်ကို တွေ့ရသည်။

"နဂါးနှင့်ကျားစာရင်း ပါလား"

"တကယ်ပဲ နဂါးနှင့်ကျားစာရင်း ပါလား"

လူအချို့က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

၎င်းတို့၏ မန်ပြည်နယ်သည် နဂါးနှင့်ကျားစာရင်းဝင် ပါရမီရှင်တစ်ဦးကို မမွေးထုတ်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ လင်းရွှေမြို့မှ မထွက်ခွာဖူးသော လူငယ်သူရဲကောင်း အများစုမှာ နဂါးနှင့်ကျားစာရင်း ဟူသောအမည်ကိုပင် မကြားဖူးကြချေ။ ထို့ကြောင့် ၎င်းတို့က အလျင်အစလို မေးမြန်းကြသည်မှာ -

"နဂါးနှင့်ကျားစာရင်းဆိုတာ ဘယ်လိုစာရင်းမျိုးလဲ။ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"

လူကြီးတစ်ဦးက ရှင်းပြသည်မှာ -

"နဂါးနှင့်ကျားစာရင်းဆိုတာ ကျန်းဝူဆောင်ကနေ ထုတ်ပြန်တဲ့ စာရင်းပဲ၊ အသက်သုံးဆယ်ငါးနှစ်အောက် နဂါး သို့မဟုတ် ကျားကဲ့သို့သော အလားအလာရှိတဲ့ လူငယ် ၇၂ ယောက်ကို ရွေးချယ်ထားတာ။ စာရင်းရဲ့ အဆင့် ၇၂ မှာ ရှိတဲ့သူတောင်မှ အဆင့်(၅) ကျွမ်းကျင်သူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်လောက်တဲ့အထိ သိုင်းပညာ အားကောင်းကြတယ်။ မင်းတို့လို လူငယ်တွေသာ အဲဒီပေါ်မှာ နာမည်တင်နိုင်ရင် တစ်လောကလုံး ကျော်ကြားသွားပြီလို့ ပြောလို့ရတယ်"

ယခုအချိန်တွင် လူအများအပြားသည် စိတ်ထဲ၌ ခန့်မှန်းမိကြပြီး နီရဲသော စက္ကူပေါ်ရှိ နာမည်များကို တစ်ခုချင်းစီ လိုက်လံရှာဖွေကြည့်ရှုကြလေသည်။

"'လေးဘက်အရပ်ဓား' ကျောချင်းယွင်"

"အဆင့်ခုနစ်တဲ့"

"ဒါ... ရှောင်ပီလီရဲ့ စေ့စပ်ထားတဲ့မိန်းကလေးကို လုသွားတဲ့လူ မဟုတ်လား"

"မြန်မြန်ကြည့်စမ်း၊ ရှောင်ပီလီက ဘယ်နှစ်ဆင့်မှာလဲ"

"ဒီမှာ... ဒီမှာ... ရှောင်ပီလီ၊ မန်ပြည်နယ်က၊ ဆရာမထင်ရှား၊ ဓားသိုင်းပညာ ကျွမ်းကျင်သည်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်မြင့်မားသည်၊ အမည်ပြောင်မှာ 'သွေးဓားသံမဏိ'... နဂါးနှင့်ကျားစာရင်း၏ အဆင့်ငါးဆယ်"

လူတစ်ဦးက ကျယ်လောင်စွာ ဖတ်ပြလိုက်သည်နှင့် စုဝေးနေသော လူအုပ်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ရသည်။

"နဂါးနှင့်ကျားစာရင်းရဲ့ အဆင့်(၅၀) ဟုတ်လား"

"သူသတ်လိုက်တဲ့ ရွှယ်ကျိုးက နဂါးနှင့်ကျားစာရင်းမှာ အဆင့် ၆၂ ပဲ ရှိတာ မဟုတ်ဘူးလား"

"သူ့အဆင့်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မြင့်သွားရတာလဲ"

ဤကာလအတွင်း ရှောင်ပီလီနှင့် ပတ်သက်သော ကောလာဟလ သတင်းများသည် အစဉ်မပြတ် ထွက်ပေါ်နေခဲ့ရာ မန်ပြည်နယ်ရှိ သိုင်းလောကသို့ အသစ်ဝင်ရောက်လာသူများပင် ရှောင်ပီလီ၏ အမည်ကို ကြားဖူးကြချေသည်။ သို့သော်လည်း ရှောင်ပီလီ၏ အဆင့်မှာ အဘယ်ကြောင့် ဤမျှ မြင့်မားနေရသည်ကိုမူ ၎င်းတို့ နားမလည်နိုင်ကြသေးပေ။

ဝါးခမောက် ဆောင်းထားပြီး ကျောပြင်၌ ဓားမကြီးတစ်လက်ကို လွယ်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် စာရင်းရှိ ရှောင်ပီလီ၏ အမည်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"အဆင့်(၅၀) ဟုတ်လား။ ငါ့အမြင်တော့ ဒီအဆင့်က နိမ့်လွန်းသေးတယ်။ ရွှယ်ကျိုးက အသက်ကြီးနေပြီ၊ သူက ဘယ်လိုလုပ်ပြီး ရှောင်ပီလီနဲ့ ယှဉ်နိုင်မှာလဲ။ ရှောင်ပီလီကို နောက်ထပ် သုံးနှစ်လောက် အချိန်ပေးလိုက်ရင် သူ့နာမည်က နဂါးနှင့်ကျားစာရင်းရဲ့ ထိပ်ဆုံးငါးယောက်ထဲ ဝင်သွားလိမ့်မယ်"

ထိုသို့ ပြောဆိုပြီးနောက် အသက်လတ်ပိုင်း အမျိုးသားသည် လှည့်ထွက်ကာ လမ်းမဆီသို့ လျှောက်လှမ်းသွားတော့သည်။

---

အရှေ့မြစ်မြို့၊ ကွေ့ယင်းစံအိမ်။

ဤနေရာသည် ပိုင်ယွင်အိမ်တော်၏ အရှင်သခင် ပိုင်ထျန်းစန်း တိတ်တဆိတ် မိန်းမငယ်လေးများကို ထားရှိရာ နေရာဖြစ်ပြီး အရှေ့မြစ်မြို့၏ သိုင်းလောကတစ်ခုလုံးရှိ မည်သူမျှ မသိရှိကြသော နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ယနေ့တွင်မူ ကွေ့ယင်းစံအိမ်သို့ လူရိပ်အချို့ ရောက်ရှိနေကြချေသည်။

စန်းကျန်းမဟာမိတ်အဖွဲ့၏ မဟာမိတ်ခေါင်းဆောင် ကျူံးလုံ၊ 'ပညာရှိ' ကျန်းဟွာ၊ ပိုင်ယွင်အိမ်တော်၏ အရှင်သခင် ပိုင်ထျန်းစန်း၊ လျှိုမိသားစုခေါင်းဆောင် လျှိုဖူးရှန့်နှင့် စန်းယွီဂိုဏ်း၏ အကြီးအကဲ ချန်ဝူ တို့ ဖြစ်ကြ၏။ လျှိုဖူးရှန့်မှလွဲ၍ ကျန်ရှိသော သူများသည် နယ်မြေနှစ်ခုစလုံး၏ သိုင်းလောက၌ အမည်ကျော်ကြားသော ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ သို့သော်လည်း လက်ရှိတွင်မူ ၎င်းတို့အားလုံး၏ မျက်နှာများသည် အလွန်ပင် ညှိုးငယ်အုံ့မှိုင်းလျက် ရှိနေကြချေသည်။

လျှိုဖူးရှန့်၏ လက်ထဲတွင်မူ နီရဲသော စာရင်းတစ်ခုကို ကိုင်ဆောင်ထားဆဲ ဖြစ်၏။

လျှိုဖူးရှန့်သည် မိမိလက်ထဲရှိ နဂါးနှင့်ကျားစာရင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သွားကြိတ်ကာ ပြောလိုက်သည်။

"နဂါးနှင့်ကျားစာရင်းရဲ့ အဆင့်(၅၀)တဲ့။ ကျန်းဝူဆောင်က အဲဒီ တိရစ္ဆာန်စုတ်လေးကို တကယ်ပဲ အထင်ကြီးလွန်းနေတာပဲ"

ကျန်ရှိသော လူများသည် တိတ်ဆိတ်လျက်သာ နေကြသည်။ ၎င်းတို့သည် ရှောင်ပီလီ၏ ကလဲ့စားချေမှုကို မစိုးရိမ်မပူပန်ကြပါက ဤနေရာ၌ လာရောက်ပုန်းခိုနေကြမည် မဟုတ်ချေ။

ရွှယ်ကျိုးသည် လျှို့ဝှက်လက်နက်ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည် ဆိုသော်လည်း ရှောင်ပီလီသည် လိုဏ်ဂူပြင်ပ၌ စန်းယွီဂိုဏ်း၏ ဂိုဏ်းအကြီးအကဲသခင်ကြီး စန်းစုန့် ကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ခဲ့သည်မှာ လူအများအပြား ကိုယ်တိုင်မြင်တွေ့ခဲ့ရသော အချက်ဖြစ်ပေသည်။

၎င်းတို့အနေဖြင့် ထိုကဲ့သို့သော ဓားချက်ကို ခုခံနိုင်စွမ်းရှိမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြချေ။ ထို့ပြင် ရွှယ်ကျိုးကို သေဆုံးစေခဲ့သော လျှို့ဝှက်လက်နက်မျိုး ရှောင်ပီလီ၏ လက်ထဲတွင် ကျန်ရှိနေသေးခြင်း ရှိမရှိကိုလည်း မည်သူမျှ မသိနိုင်ကြချေ။

ကျူံးလုံက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ငါတို့ နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက်ပဲ ဆက်ပုန်းနေဖို့ လိုတာ။ ငါ ဆရာကြီးကူးဆီကို ဆက်သွယ်ထားပြီးပြီ။ ဆရာကြီးကူးက စန်းယွမ်ဓားဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာ။ အခု စန်းယွမ်ဓားဂိုဏ်းရဲ့ တပည့်ရင်းတစ်ယောက် မန်ပြည်နယ်မှာ အန္တရာယ်ကြုံသွားရတာကို ဆရာကြီးကူးက ဒီအတိုင်း လစ်လျူရှုထားမှာ မဟုတ်ဘူး။ ဒီနေရာက အရင်တုန်းက ငါတို့တောင် မသိခဲ့တဲ့ နေရာပဲ။ ရှောင်ပီလီရဲ့ သိုင်းပညာက ဘယ်လောက်ပဲ မြင့်နေပါစေ၊ သူက အရှေ့မြစ်မြို့မှာ ဘာအခြေခံအင်အားမှ မရှိတဲ့အတွက် ငါတို့ရှိတဲ့နေရာကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အားလုံးပဲ စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် ရှောင်ပီလီကလည်း စန်းယွမ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေ ရောက်လာမှာကို ကြောက်နေရမှာဆိုတော့ သူ အခု မန်ပြည်နယ်ထဲမှာတောင် ရှိတော့မှာ မဟုတ်ဘူး"

---

ထိုအချိန်တွင် ကွေ့ယင်းစံအိမ်၏ ပြင်ပရှိ သစ်ပင်ကြီးတစ်ပင်ပေါ်၌ လူရိပ်နှစ်ခုသည် တိတ်တဆိတ် ရောက်ရှိနေကြပြီ ဖြစ်သည်။

ဟန်ဝူယင်းသည် ရှောင်ပီလီကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်မိသည်။ ယခင်က ၎င်းသည် ရှောင်ပီလီအတွက် စိုးရိမ်ပူပန်ခဲ့ဖူးပြီး ရှောင်ပီလီ သေဆုံးသွားပါက ကလဲ့စားချေပေးမည်ဟုပင် ပြောဆိုခဲ့ဖူးချေသည်။

သို့သော်လည်း ရှောင်ပီလီသည် တစ်လျှောက်လုံး အားနည်းချင်ယောင် ဆောင်နေခဲ့လိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါအံ့နည်း။ ယခုမှသာ ၎င်း၏ စစ်မှန်သော အင်အားကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် နဂါးနှင့်ကျားစာရင်းထဲသို့ပင် ဝင်ရောက်ချိတ်ပြနိုင်ခဲ့ချေပြီ။

ရှောင်ပီလီသည် ဟန်ဝူယင်း၏ အကြည့်ကို သတိမပြုမိဘဲ မေးမြန်းလိုက်သည်။

"သူတို့တွေ အတွင်းထဲမှာ ရှိနေတာလား"

ဟန်ဝူယင်းက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဒီတစ်ခါတော့ ကျန်းရှန်ဆောင်က ငါ့ဆရာ့ကို မျက်နှာပေးတဲ့အနေနဲ့ ဒီလူတွေ ရှိတဲ့နေရာကို ပြောပြခဲ့တာ။ ငါ့ဆရာက မင်းကို ငါတို့ သွေးဝတ်ရုံခန်းမဆောင်ထဲ ဝင်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်တယ်။ ဘာစစ်ဆေးမှုမှ လုပ်စရာမလိုဘဲ တိုက်ရိုက် ရွှေရောင်အဆင့် လူသတ်သမား ဖြစ်ခွင့်ရမှာ"

All Chapters