အခန်း ၇၅
Vol. 5 Ch. 75
အခန်း(၇၅) လူငယ်လေး
ယင်းထောင်သည် ဖုန်းယင်းအိမ်တော်၏ လေညင်းခံဆောင်တွင် ရပ်ကာ အိမ်တော်အပြင်ဘက်ရှိ မြင်ကွင်းကို ငေးမောကြည့်ရှုနေသည်။ သူ၏စိတ်တွင် အတော်အတန်ပင် ကျေနပ်အားရမှုရှိနေသည်။
သူ၏အနီးတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် ရပ်နေသည်။
ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း ရင့်ကျက်ပြည့်ဝသော အရှိန်အဝါကို ထုတ်ဖော်နေသည်။ ယောက်ျားတစ်ယောက်အတွက်မူ ထိုသို့သော အမျိုးသမီးသည် ကောင်းကင်ဘုံက ပေးသနားထားသော သွေးဆောင်ဖြားယောင်းသူတစ်ဦးပင် ဖြစ်သည်။
ဘေးမှသင်းပျံ့သောရနံ့ကို ရှူရှိုက်ရင်း ယင်းထောင်သည် ကွမ်ချင်းကို မကြည့်ဘဲ မနေနိုင်ပေ။ ဖုန်းယင်းအိမ်တော်၏ ဂိုဒေါင်ထဲတွင် ကျားလိပ်အင်္ဂါနှစ်ခုနှင့် အားဆေးအချို့ကို ရှာတွေ့ထားပြီးဖြစ်ရာ မီးဖိုချောင်သို့ ချက်ပြုတ်ခိုင်းထားပြီးဖြစ်သည်။ ယခုအခါ ထိုအားဆေးဟင်းလျာ၏ အစွမ်းကို သူမျှော်လင့်နေမိသည်။
ယခင်က သူသည် အခြားအမျိုးသမီးများနှင့်တွေ့လျှင် အမြဲပင် ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ သို့သော် ကွမ်ချင်းနှင့်တွေ့သည့်အခါတိုင်း သူသည် အားငယ်သည့်ခံစားချက်မျိုးကို ခံစားရတတ်သည်။ သို့သော် ဒီတစ်ခါတော့ မတူတော့ပေ။
ကွမ်ချင်းက သူမ၏မျက်ခုံးတန်းများကို တွန့်ချိုးကာ မေးလိုက်သည်။
"ရှန်းယွမ်ကို ရှာမတွေ့သေးဘူးလား"
ရှန်းယွမ်၏အမည်ကို ကြားလိုက်ရသဖြင့် ယင်းထောင်မှာလည်း မျက်မှောင်ကြုတ်လိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
"ရှန်းယွမ်က သဲကန္တာရထဲကို နက်နက်ရှိုင်းရှိုင်း ထွက်ပြေးသွားတာ။ ဒါပေမဲ့ ရွှေရောင်သဲ ဓားပြအဖွဲ့နဲ့ တစ်ကောင်တည်းဝံပုလွေ ခံတပ်က ငါ့ရဲ့ ငွေတွေကို ယူထားပြီးသား။ ရှန်းယွမ်က သူတို့ရဲ့ နယ်မြေကို ဖြတ်သွားရင်တော့ လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"သူတို့က ဒီတစ်လမ်းလုံးမှာ ခြေရာမပျက်လိုက်လာတာ၊ သူတို့ လွတ်သွားစရာ အကြောင်းမရှိဘူး"
"ဒါနဲ့ ဖုန်းယင်းဓားသိုင်းနဲ့ ကွေ့ယွမ်ကျမ်းက မင်းလက်ထဲ ရောက်နေပြီပဲ။ သူ့အဖေကို အဆိပ်ခတ်သတ်ခဲ့တဲ့လူကို သတ်လိုက်ရုံပေါ့။ ဘာလို့ အရှင်လတ်လတ် ပြန်ဖမ်းခိုင်းနေတာလဲ"
ကွမ်ချင်းက ယင်းထောင်ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဒီသိုင်းပညာနှစ်ခုက ကောင်းတော့ကောင်းတယ်၊ ဒါပေမဲ့ သခင်လေး ရှာနေတာမျိုး မဟုတ်ဘူး"
"ရှင်တို့ သတ်မှတ်ထားတဲ့အတိုင်း မပြီးမြောက်ရင် ဘာဖြစ်မလဲဆိုတာ ရှင်သိမှာပါ"
ကွမ်ချင်း၏စကားကို ကြားသောအခါ ယင်းထောင်၏မျက်နှာတွင် လေးနက်သည့်အရိပ်အယောင် ပေါ်လာပြီး လှောင်ပြုံးဖြင့် ပြောသည်။
"အဘိုးကြီး ရှန်းဇုံက အဆိပ်မိထားတာတောင် အဲလောက်အစွမ်းထက်နေသေးတယ်၊ သူကသာ အသက်နဲ့ရင်းပြီး လူတွေကို ထိခိုက်အောင် မလုပ်ခဲ့ရင် ရှန်းယွမ်ဆိုတဲ့ ကောင်လေး ပြေးလွတ်မှာ မဟုတ်ဘူး"
"အဘိုးကြီး ရှန်းဇုံက တိုက်ကွက်သုံးကွက်အကြာမှာ အဆိပ်တက်ပြီး သေသွားတာကတော့ နှမြောစရာပဲ။ သူသေတဲ့အထိ သူ့သားကောင်း ရှန်းယွမ်က အဆိပ်ခတ်ထားမှန်း သူသိလိုက်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ စိတ်မပူနဲ့ ရှန်းဟွိုက်လိုမျိုး သိုင်းပညာညံ့တဲ့လူက ဘာမှမဟုတ်ဘူး"
"သူ ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ထူးခြားသော ငှက်အော်သံတစ်ခု သူတို့နားထဲသို့ ဝင်လာသည်။ ကွမ်ချင်းက လက်ကို မြှောက်လိုက်ရာ စာပို့ခိုတစ်ကောင်သည် သူမ၏ဖြူဖွေးသောလက်ပေါ်သို့ နားလိုက်သည်။ သူမသည် ခို၏ခြေထောက်တွင် ချည်ထားသော စာကို ဖြည်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကွမ်ချင်း၏မျက်နှာမှာ လေးနက်သွားသည်။
"ဘာဖြစ်တာလဲ" ယင်းထောင်မှာ နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။
ကွမ်ချင်းက အေးစက်စွာ ပြောသည်။
"ရှင်ကိုယ်တိုင်လိုက်သွားဖို့ ပြောထားရဲ့သားနဲ့၊ ရှင်က ဒဏ်ရာသက်သာအောင် အရင်နားနေဦးမယ်ပေါ့လေ"
"အခုကြည့်၊ ရှန်းယွမ်ကို တစ်စုံတစ်ယောက်က ခေါ်သွားပြီ"
ယင်းထောင်က ကွမ်ချင်းလက်ထဲမှ စာကိုယူပြီး ကြည့်လိုက်ရာ မျက်နှာအနည်းငယ် ပျက်သွားပြီး ရေရွတ်လိုက်သည်။
"တိန်းဟန် တကယ်သေသွားပြီပေါ့"
"ပြီးတော့ ဒီလောက်ငယ်ရွယ်တဲ့လူတစ်ယောက် လက်ချက်နဲ့ သေတာလား"
"ဒီလောက်ငယ်ရွယ်ပြီး တိန်းဟန်ကို အလွယ်တကူ သတ်နိုင်တယ်ဆိုတော့ နဂါးနှင့်ကျားစာရင်းဝင် သိုင်းဆရာကြီးတစ်ယောက်များ ဖြစ်နေမလား"
သူ ဖုန်းယင်းအိမ်တော်ကို ပထမဆုံး စီးနင်းတိုက်ခိုက်စဉ်က ရှန်းဇုံ၏လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ထို့ကြောင့် ရှန်းယွမ်ကို သူကိုယ်တိုင် မလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှန်းယွမ်နှင့် သူ့ကျွန်တို့ လွတ်မြောက်သွားလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ပေ။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ ရှန်းဇုံနှင့် တိုက်ခိုက်စဉ်အတွင်း အဆင့်(၄) သိုင်းဆရာကြီးအဆင့်သို့ ဝင်ရောက်နိုင်မည့် အရိပ်အယောင်ကို ရခဲ့သော်လည်း သူသည် အဆင့်(၄)သိုင်းဆရာကြီး မဟုတ်သေးပေ။ သခင်လေး၏ ကိစ္စတွင်သာ အမှားအယွင်း ဖြစ်ခဲ့လျှင် သူ ဒုက္ခကြီးလှပေလိမ့်မည်။
ကွမ်ချင်းက ခေါင်းခါလိုက်သည်။
"ဘယ်အချက်နဲ့မှ မကိုက်ညီဘူး"
"အခုဆို ရှန်းယွမ်အကြောင်း ဘာသတင်းမှ မရတော့ဘူး။ အချိန်မီ ပြုပြင်ဖို့ မလုပ်ရင် ရှင် ဒုက္ခရောက်တော့မှာပဲ"
ယင်းထောင်၏မျက်နှာမှာ ဖြူဖျော့သွားသည်။ ကွမ်ချင်းသည် သခင်လေး၏ ယုံကြည်ရသော အစေခံဖြစ်သည့်အတွက် သူမ ဒုက္ခရောက်စရာမရှိပေ။ သူကမူ မတူပေ။ သူသည် ကွမ်ချင်း၏ သွေးဆောင်မှုကြောင့်သာ ဒီလမ်းပေါ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သခင်လေး၏ မျက်နှာကိုပင် မမြင်ဖူးသော်လည်း ထိုသခင်လေးသည် အနည်းဆုံး အဆင့်(၄) သိုင်းဆရာကြီးတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ ထို့ပြင် နောက်ကွယ်တွင် ကြီးမားသည့် အင်အားစုကြီးလည်း ရှိနေသေးသည်။ တာဝန်ယူရမည့်အချိန် ရောက်လာလျှင် သူကသာ အဓိက တာဝန်ရှိသူ ဖြစ်လာလိမ့်မည်။
"မင်း ငါ့ကို ကယ်ရမယ်" ယင်းထောင်က ကွမ်ချင်းကို ကြည့်ကာ ပြောလိုက်သည်။
ကွမ်ချင်း၏မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ဖုန်းယင်းအိမ်တော်ကနေ ရစရာကောင်းတာတွေ အများကြီး ရထားမှန်း ငါသိတယ်။ ဒီည မင်းသာ ငါ့ကို စိတ်ကျေနပ်အောင် လုပ်နိုင်ရင် ငါ မင်းကို တစ်ခါလောက် ကူညီပေးလို့ မရစရာ မရှိပါဘူး"
ယင်းထောင်က ခေါင်းကိုသာ တရစပ် ညိတ်ပြနေသည်။ ကွမ်ချင်းက ဆက်ပြောသည်။
"စန်းယွမ်ဓားဂိုဏ်းက 'ဝိညာဉ်ရိတ်သိမ်းလက်' ဖုန်းလု ယန်နယ်မြေကို ရောက်နေတယ်။ စန်းယွမ်ဓားဂိုဏ်းက 'ကုလားအုတ်ခေါင်းလောင်းသခင်' ကျောမူအာနဲ့ အဆက်အသွယ်ကောင်းတယ်။ 'ကုလားအုတ်ခေါင်းလောင်းသခင်' လက်အောက်က လူတစ်ယောက်လောက်ကိုသာ ရှေ့ထွက်ခိုင်းလိုက်ရင် ရှန်းယွမ်ဆိုတာ ထားလိုက်တော့၊ မဟာဆရာသခင်ကြီးတစ်ယောက်တောင် ဒီသဲကန္တာရထဲမှာ ပုန်းလို့မရဘူး"
ယင်းထောင်၏မျက်လုံးများ တောက်ပလာသည်။
"ဒါဆို... အိမ်တော်မှာရှိတဲ့ စန်းယွမ်ဓားဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့် လင်းမူက...။"
ကွမ်ချင်းက ခေါင်းညိတ်သည်။
"ဟုတ်တယ်"
"လင်းမူဆိုတဲ့ကောင်က အသုံးမကျပေမဲ့ သူ့မှာ ဆွေမျိုးတော်စပ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်လေ"
"သူ့အစ်ကိုက အနာဂတ်မှာ အနည်းဆုံး အဆင့်(၃) မဟာဆရာသခင်ကြီး ဖြစ်လာမယ့်လူပဲ"
"လင်းမူသာ ပါးစပ်ဟလိုက်ရင် 'ဝိညာဉ်ရိတ်သိမ်းလက်' ဖုန်းလုကလည်း သူ့မျက်နှာကို ထောက်ထားမှာပဲ"
"အမိန့်ပေးလိုက်၊ မနက်ဖြန်ညကျရင် လင်းမူနဲ့ မင်းလက်အောက်ခံ အဆင့်(၅) ကျွမ်းကျင်သူတွေကို ဖိတ်ပြီး စားသောက်ပွဲလုပ်မယ်"
---
နောက်တစ်နေ့တွင် ရှောင်ပီလီသည် ရှန်းယွမ်ကို ခေါ်ဆောင်ကာ ဖုန်းယင်းအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ဖုန်းယင်းအိမ်တော်မှာ အစောင့်အကြပ်များစွာ ရှိသော်လည်း ရှောင်ပီလီ၏ မျက်လုံးထဲတွင်မူ ဘာမှမဟုတ်ပေ။ ရှန်းယွမ်နှင့်အတူတောင် အလွယ်တကူ ဝင်ရောက်နိုင်သည်။
နှစ်ယောက်သား ဘယ်သူ့ကိုမှ မသိစေဘဲ ဖုန်းယင်းအိမ်တော်၏ အတွင်းပိုင်းရှိ ရှန်းမိသားစု ဘိုးဘေးခန်းမထဲသို့ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် ဘိုးဘေးခန်းမမှာ ရှုပ်ပွနေသည်။ ရှန်းမိသားစု၏ ဘိုးဘေးမှတ်တမ်းပြားများမှာ မြေပြင်ပေါ်တွင် ပစ်ထားခြင်းခံရပြီး ခန်းမတစ်ခုလုံးလည်း အလောင်းအစား လုပ်ခံထားရသကဲ့သို့ ဖြစ်နေသည်။
"ဘယ်မှာလဲ" ရှောင်ပီလီက မျက်မှောင်အနည်းငယ်ကြုတ်ကာ အေးစက်စက် မေးလိုက်သည်။
ရှန်းယွမ်က ခေါင်တန်းတစ်ခုကို အလျင်အမြန် လက်ညှိုးထိုးပြပြီး ပြောသည်။
"အဲဒီအပေါ်မှာပဲ"
စကားပြောပြီးသည်နှင့် ရှန်းယွမ်က ခေါင်တန်းပေါ်သို့ ခုန်တက်သွားပြီး ရှောင်ပီလီကလည်း အနီးကပ် လိုက်သွားသည်။ ရှန်းယွမ်က ခေါင်တန်းပေါ်တွင် စမ်းတဝါးဝါး လုပ်ပြီးနောက် လျှို့ဝှက်ခန်းငယ်ကို ဖွင့်လိုက်သည်။ အထဲမှာ ဘာမှမရှိတော့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှန်းယွမ်မှာ အံ့အားသင့်သွားသည်။
"ဒီနေရာက လျှို့ဝှက်လွန်းတယ်၊ ဘိုးဘေးခန်းမကို ဖျက်ဆီးမပစ်ရင် သူတို့ ရှာတွေ့စရာ အကြောင်းမရှိဘူး"
"ဒီကောင်တွေ၊ တကယ်ပဲ ဒီနေရာကို ရှာတွေ့သွားတာပေါ့"
ရှန်းယွမ်က ခေါင်းလှည့်လိုက်ရာ ရှောင်ပီလီက သူ့ကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
'သေးသေးလေးပဲရှိသေးတဲ့ကောင်၊ သရုပ်ဆောင်တာ သိပ်မပိုင်ဘူးပဲ' ဟု ရှောင်ပီလီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ရှန်းယွမ်၏ စိတ်ကူးကို သူကောင်းကောင်းသိသည်။ သူ့ကိုသုံးပြီး ဖခင်အတွက် လက်စားချေချင်တာမျိုး သို့မဟုတ် တစ်ခုခု ဖြစ်ပေလိမ့်မည်။
ရှန်းယွမ်သာ ယင်းထောင်ကို သတ်ပေးရင် ကွေ့ယွမ်ကျမ်းကို ပေးမယ်ဟု တည့်တည့်ပြောလျှင် ဘာမှမဖြစ်ပေ။ သို့သော် သူ့ကို လူမိုက်လိုမျိုး လာလှည့်စားနေခြင်းကတော့ ပြဿနာကြီးတစ်ခုပင်။
"သခင်လေး..."
ရှန်းယွမ် စကားမဆုံးခင်မှာပင် ရှောင်ပီလီ၏ လက်ချက်ဖြင့် သူ့၏ အသက်မှတ်များ ပိတ်ဆို့သွားသဖြင့် စကားပြောမရတော့ပေ။ ရှောင်ပီလီသည် ရှန်းယွမ်ကို ပွေ့ချီကာ ဖုန်းယင်းအိမ်တော်နှင့် မနီးမဝေးရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ခေါ်သွားသည်။ သူသည် ရှန်းယွမ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အသံပိတ်ထားသော အသက်မှတ်ကို ပြန်ဖွင့်ပေးလိုက်သည်။
"သခင်လေး၊ ဒါ ဘာလုပ်တာလဲ"
"သခင်လေးလည်း လျှို့ဝှက်ခန်းကို မြင်တာပဲ၊ အရင်က လျှို့ဝှက်ကျမ်းကို အဲဒီမှာပဲ ထားတာပါ"
ရှောင်ပီလီက ခေါင်းခါလိုက်သည်။
"မင်းကတော့ မရဏလမ်းကို မရောက်မချင်း မျက်ရည်မကျဘူးဆိုတာမျိုးပဲ"
"ငါက စစ်ဆေးမေးမြန်းနည်းတွေကို မသင်ခဲ့ရပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် သိုင်းဆရာကြီးတစ်ယောက်ပဲ။ အရိုးဖြုတ်တာလောက်ကတော့ လွယ်လွန်းပါတယ်"
ရှောင်ပီလီ၏လက်မှာ လျှပ်တစ်ပြက်ပမာ ထွက်လာပြီး ရှန်းယွမ်၏ လက်ကောက်ဝတ်ကို တိကျစွာ ဆုပ်ကိုင်လိုက်သည်။ အရိုးကျိုးသံ တခွပ်ခွပ် ထွက်လာပြီးနောက် ရှန်းယွမ်၏ အဆစ်များ ပြုတ်ထွက်သွားကာ ပြင်းထန်သော နာကျင်မှုက ချက်ချင်းပင် သူ့ထံ ရောက်ရှိလာသည်။ ထိုအခါ ရှန်းယွမ်၏မျက်နှာမှာ ဖြူဖျော့သွားပြီး ချွေးစက်ကြီးများ ပျံကျလာသည်။
"အား..."
ရှန်းယွမ်၏ပါးစပ်မှ ကြက်သီးထဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။