အခန်း ၈၀
Vol. 5 Ch. 80
အခန်း(၈၀) ပုံပြင်ပြောပြခြင်း
ရွှေရွက်တစ်ရွက်၏ အစွမ်းကြောင့် ဆိုင်ပိုင်ရှင်က မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်ရောက်ကာ ညွှန်ကြားချက်များ ပေးသည်။ ဆိုင်ထဲရှိ အခြားစားသုံးသူတို့၏ ညည်းတွားသံများကို မကြားချင်ယောင်ဆောင်ကာ ရှောင်ပီလီ၏ စားပွဲပေါ်သို့ အရသာရှိလှသော ဟင်းလျာများ အစီအရီ ရောက်ရှိလာသည်။
သိုင်းလောကသား အများအပြားမှာ ရှောင်ပီလီကို စပ်စုသော အကြည့်များဖြင့် ကြည့်ကြသည်။ ဤမျှ ငယ်ရွယ်နုပျိုသည့်အရွယ်နှင့် တစ်ကိုယ်တည်း လက်နက်ကိုင်ဆောင်ကာ သိုင်းလောကထဲ လှည့်လည်နေခြင်းကြောင့် ဖြစ်သည်။
အထူးသဖြင့် မြင်းစီးဓားပြများ လွှမ်းမိုးထားသည့် ယန်နယ်မြေ သဲကန္တာရထဲတွင် ဖြစ်သည်။ ဤနေရာမှာ သိုင်းလောကသားတို့အတွက် ကျင့်ကြံရန် သင့်တော်သော နေရာမဟုတ်ပေ။
သို့သော် မည်သူမျှ ဘာမျှ မပြောကြ။ တစ်ကိုယ်တည်း သိုင်းလောကထဲ လျှောက်လှမ်းရဲသည့် မည်သူမဆို မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိကြသည်သာ ဖြစ်သည်။ သဲကန္တာရထဲမှ ဟင်းလျာတို့မှာ ကြမ်းတမ်းသော်လည်း ထူးခြားသော အရသာ ရှိသည်။
ရှောင်ပီလီတွင် အဆင့်(၆) အထိ ရောက်ရှိပြီးဖြစ်သော ခန္ဓာကိုယ်ကြံ့ခိုင်မှု ပညာရပ်များ ရှိသဖြင့် သူ၏ အစာစားနိုင်စွမ်းမှာ သာမန် သိုင်းလောကသားတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။ သူသည် အခြားသူတို့၏ အကြည့်များကို လျစ်လျူရှုကာ အားရပါးရ စားသောက်လိုက်သည်။
ထိုအချိန်တွင် အဝတ်အစားများ ဟောင်းနွမ်းနေသော အဘိုးအိုတစ်ယောက်သည် စားသောက်ဆိုင်၏ ပင်မတံခါးမှ ဝင်လာပြီး ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားသည်။
“သြော် အဘိုးကြီးချန် ဒီနေ့လည်း ရောက်လာပြန်ပြီလား”
“ဒီရက်ပိုင်း ပုံပြင်ပြောလို့ ရတဲ့ ဆုကြေးငွေတွေ ကုန်သွားပြီလား”
“လာလာ၊ ပြီးခဲ့တဲ့အကြိမ်က ပြောလက်စ ထျန်းယွင်စံအိမ်မှ သူရဲကောင်း သုံးယောက်အကြောင်းကို အဆုံးသတ်ပေးပါဦး”
“…”
အဘိုးကြီးချန် အပေါ်ထပ်သို့ တက်သွားပြီးနောက် ဒုတိယထပ်ရှိ လေထုမှာ တက်ကြွသွားသည်။ ပတ်ဝန်းကျင်မှ စကားသံများအရ ရှောင်ပီလီသည် အဘိုးကြီးချန်၏ အလုပ်အကိုင်မှာ ပုံပြင်ပြောသူ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ရှောင်ပီလီ ခေါင်းခါလိုက်မိသည်။ အဆင့်(၅) အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်က ငွေကြေး အခက်အခဲ ဖြစ်ပြီး ဆိုင်ထဲ လာရောက် ပုံပြင်ပြောနေရသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အဆင့်(၅) ကျွမ်းကျင်သူတစ်ယောက် ငွေရှာရန် နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလား။
အဘိုးကြီးချန်က ပြုံးလိုက်ပြီး လွတ်နေသော စားပွဲနှစ်ခုတွင် ထိုင်လိုက်သည်။ စားပွဲထိုးက သူ့ကို မောင်းမထုတ်ဘဲ သေရည်တစ်အိုးနှင့် အမြည်းဟင်း နှစ်ပွဲကို ယူလာပေးသည်။ အဘိုးကြီးချန်၏ ပုံပြင်များမှာ စိတ်ဝင်စားစရာ ကောင်းပြီး အခြားနယ်မြေများမှ ထူးဆန်းသော သိုင်းလောက ဖြစ်ရပ်ဆန်းများကို ပြောပြလေ့ရှိသဖြင့် နားထောင်သူ များပြားသည်။
သေရည်ကို ခွက်ထဲ ထည့်လိုက်ပြီး အဘိုးကြီးချန်က သေရည်၏ အရည်အသွေးကို ဂရုမစိုက်ဘဲ တစ်ငုံတည်း မော့သောက်လိုက်သည်။ ခဏအကြာတွင် ပြုံးလျက် ပြောလိုက်သည်။
“ဒီနေ့တော့ ထျန်းယွင်စံအိမ်အကြောင်း မပြောတော့ဘူး။ တောင်ဘက်က မန်ပြည်နယ်အကြောင်း ပြောပြမယ်”
“သြော်” ဟု တစ်ယောက်က မေးလိုက်သည်။
“ငါသိသလောက်တော့ မန်ပြည်နယ်ဆိုတာ အဆိပ်ငွေ့တွေ ထူထပ်တဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာလေ။ မန်ပြည်နယ်က သိုင်းလောကသားတွေထဲမှာ ထူးခြားတဲ့သူလည်း မရှိပါဘူး။ အခု မန်ပြည်နယ်မှာ ဘာတွေ ဖြစ်ပျက်နေလို့လဲ”
အဘိုးကြီးချန် မပြောခင်မှာပင် အခြားသူတစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။
“မင်း မသိသေးဘူးထင်တယ်။ မန်ပြည်နယ်မှာ မကြာသေးခင်က အကြီးအကျယ် ဖြစ်ပျက်ခဲ့တာတွေ အများကြီးပဲ”
“နဂါးနှင့်ကျားစာရင်းဝင် ပါရမီရှင်တစ်ယောက် ပေါ်လာရုံတင်မကဘူး၊ အဆင့်(၄) သိုင်းဆရာကြီးတစ်ယောက်တောင် သေသွားခဲ့တယ်”
ထိုစကားကို ကြားလိုက်သည်နှင့် စားသောက်ဆိုင်ထဲတွင် ဆူညံသွားသည်။ ယန်နယ်မြေရှိ သိုင်းလောကမှာ မန်ပြည်နယ်ထက် သာလွန်သည်ဟု ဆိုသော်လည်း ကုလားအုတ်ခေါင်းလောင်းသခင်၏ လက်အောက်တွင် အဆင့်(၄) သိုင်းဆရာကြီး လေးယောက်သာ ရှိသည်။ အခြားအင်အားစုများမှ ကျွမ်းကျင်သူများကိုပါ ထည့်တွက်လျှင်ပင် အဆင့်(၄) သိုင်းဆရာကြီး အယောက် နှစ်ဆယ်ထက် မပိုပေ။
သိုင်းဆရာကြီးတစ်ယောက် သေဆုံးခြင်းမှာ ဤသဲကန္တာရထဲတွင် အကြီးအကျယ် ဖြစ်ရပ်တစ်ခုပင်။ မကြာသေးခင်က ဖုန်းယင်းစံအိမ်သခင် ရှန်းဇုံ သေဆုံးသွားခဲ့သဖြင့် ဤစိမ်းလန်းမြေဈေးမှာလည်း ထိခိုက်မှု ရှိခဲ့သည်။ စိမ်းလန်းမြေဈေးမှာ မူလက ဖုန်းယင်းစံအိမ် လက်အောက်ခံ ဖြစ်သော်လည်း ယခုအခါ လက်ပြောင်းသွားပြီ ဖြစ်သည်။
“အဲ့ဒီ သိုင်းဆရာကြီးက နဂါးနှင့်ကျားစာရင်းဝင် ပါရမီရှင် လက်ချက်နဲ့ သေတာလား” ဟု တစ်ယောက်က မေးသည်။
အဘိုးကြီးချန် ပြုံးကာ သေရည်ထပ်ဖြည့်ပြီး ပြောသည်။
“အဲ့ဒီ သိုင်းဆရာကြီးက အသက်ကြီးနေပေမဲ့ နဂါးနှင့်ကျားစာရင်းဝင် ရှောင်ပီလီရဲ့ လက်ချက်နဲ့တော့ သေဖို့ မဖြစ်နိုင်ဘူး။ သွေးဝတ်ရုံခန်းမဆောင်မှ လူသတ်သမား လက်ချက်နဲ့ သေတာ ဖြစ်ရမယ်”
“ရှောင်ပီလီက မန်ပြည်နယ်က မိသားစုငယ်တစ်ခုကနေ လာတာ။ လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ရုတ်တရက် ပေါ်ပေါက်လာပြီး နာမည်ကြီးလာတာလေ”
“လူတစ်ယောက်၊ ဓားတစ်လက်နဲ့ နယ်မြေနှစ်ခုက ကျွမ်းကျင်သူတွေကို ဖိနှိပ်ထားခဲ့တာ၊ သူတို့ ခေါင်းတောင် မဖော်နိုင်ဘူး… မဟုတ်ဘူး… မန်ပြည်နယ် နယ်မြေနှစ်ခုက ကျွမ်းကျင်သူ အားလုံးနီးပါး သူ့လက်ချက်နဲ့ သေသွားတယ်လို့ ပြောရမှာ”
ဆိုင်ထဲတွင် တစ်ပြိုင်နက်တည်း အသက်ရှူသံများ ထွက်ပေါ်လာသည်။ နယ်မြေနှစ်ခုမှ ကျွမ်းကျင်သူများက လူတစ်ယောက်လက်ချက်နဲ့ သေသွားရတယ်လို့လား။
ပြီးတော့ ဒါက နဂါးနှင့်ကျားစာရင်းဝင်တစ်ယောက်ရဲ့ လုပ်ရပ်လား။ နတ်ဆိုးလမ်းစဉ်က ပါရမီရှင်တွေတောင် ဒီလောက် ရက်စက်တဲ့ လူသတ်စိတ်ဆန္ဒ မရှိကြဘူး မဟုတ်လား။
အဘိုးကြီးချန်က ဆက်ပြောသည်။
“ဒါပေမဲ့ ငါကြားထားသလောက်တော့ ရှောင်ပီလီ လူအများကြီးကို သတ်ခဲ့ရတဲ့ အကြောင်းရင်းက အချစ်ရေး အရှုပ်တော်ပုံကြောင့်လို့ ကြားတယ်”
အချစ်ရေး အရှုပ်တော်ပုံ။
ထိုစကားကို ကြားသည်နှင့် ဆိုင်ထဲရှိသူတို့မှာ ပို၍ စိတ်ဝင်စားသွားကြသည်။ စားပွဲထိုးကလည်း အဘိုးကြီးချန်အတွက် ဆုကြေးငွေ လိုက်ကောက်သည်။ သိုင်းလောကသားအားလုံး ငွေအနည်းငယ်စီ ထုတ်ကာ ဗန်းထဲသို့ ပစ်ထည့်လိုက်သည်။
ရှောင်ပီလီကလည်း ပြုံးကာ ရွှေရွက်တစ်ရွက်ကို ဗန်းထဲသို့ ပစ်ထည့်လိုက်သည်။ စားပွဲထိုးမှာ ရှောင်ပီလီကို တစ်ချက် ပြန်ကြည့်လိုက်မိသည်။ ဒီသခင်လေးကတော့ နည်းနည်းလေးနဲ့ ရွှေရွက် ချပေးနေတာပဲ။ အဘိုးကြီးချန်ကိုယ်တိုင်လည်း ရွှေရွက် ကို မြင်သောအခါ အံ့အားသင့်သွားသည်။
သူ ဤစိမ်းလန်းမြေဈေးတွင် ရှိနေသည်မှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိပြီ။ ငွေတုံး အနည်းငယ် ပေးသူများနှင့် ရံဖန်ရံခါ တွေ့ဖူးသော်လည်း ရွှေရွက် ကို ဒီအတိုင်း ပေးသူမျိုးမှာ ပထမဆုံးအကြိမ်ပင်။
ရှောင်ပီလီက ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြဲလိုက်ပြီး အဘိုးကြီးချန်ကို ဆက်ပြောရန် အချက်ပြလိုက်သည်။ သူ၏ ပုံပြင်မှာ သဲကန္တာရထဲ ရောက်လာသောအခါ မည်သို့ ဖြစ်သွားသည်ကို သိလိုသည်။
“အဟွတ် အဟွတ်”
အဘိုးကြီးချန် လည်ချောင်းရှင်းပြီး ဆက်ပြောသည်။
“ရှောင်ပီလီရဲ့ ချစ်သူက စန်းယွမ်ဓားဂိုဏ်းမှ တပည့်ရင်း လင်းချင်းယွမ် ဖြစ်တယ်။ စန်းယွမ်ဓားဂိုဏ်းရဲ့ လေးဘက်အရပ်ဓား ကျောချင်းယွင်က နဂါးနှင့်ကျားစာရင်းမှာ အဆင့်(၇) ရှိပြီး သူတို့နှစ်ယောက်ကြားမှာလည်း ရှုပ်ထွေးတဲ့ ဆက်ဆံရေး ရှိတယ်။ သူတို့နှစ်ယောက်က စုံတွဲဖြစ်ချင်နေတာလေ၊ ရှောင်ပီလီက သူတို့ကြားထဲမှာ အတားအဆီး ဖြစ်သွားတာပေါ့”
“မန်ပြည်နယ်က နယ်မြေနှစ်ခုက အင်အားစုတွေက စန်းယွမ်ဓားဂိုဏ်းကို ခိုကိုးချင်ကြလို့ ရှောင်ပီလီကို တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ရှောင်ပီလီရဲ့ သိုင်းပညာက ဒီလောက် မြင့်မားနေမယ်လို့ သူတို့ မထင်ထားခဲ့ဘူး။ မန်ပြည်နယ်က နယ်မြေနှစ်ခုက သိုင်းလောကသားတွေ အကုန်လုံးနီးပါး သေသွားရုံတင်မကဘူး”
“စန်းယွမ်ဓားဂိုဏ်းမှ နဂါးနှင့်ကျားစာရင်းဝင် နောက်တစ်ယောက်ဖြစ်တဲ့ ရွှယ်ကျိုးတောင် ရှောင်ပီလီ လက်ချက်နဲ့ သေသွားခဲ့တယ်”
“ရှောင်ပီလီနဲ့ ရွှယ်ကျိုးတို့ရဲ့ တိုက်ပွဲအကြောင်း ပြောရမယ်ဆိုရင်…”
အဘိုးကြီးချန်က စိတ်လှုပ်ရှားစွာ ပြောနေသော်လည်း ရှောင်ပီလီသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ဆိုင်အနီးနားရှိ နေရာတစ်ခုကို ကြည့်လိုက်သည်။
လူရှစ်ယောက်ပါသော အဖွဲ့တစ်ဖွဲ့က မြင်းစီးကာ ဆိုင်ဘက်သို့ လာနေသည်။ ရှေ့ဆုံးမှ သုံးယောက်မှာ အဆင့်(၄) သိုင်းဆရာကြီးများ ဖြစ်နေသည်။ ရှောင်ပီလီ၏ လက်ရှိ အမြင်စွမ်းအားဖြင့် သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
ရှေးဟောင်းဓားရှည်ကို လွယ်ထားသူမှာ စန်းယွမ်ဓားဂိုဏ်းမှ ဝိညာဉ်ဓားသမား ဖုန်းလု ဖြစ်ရမည်။ ဤအဆင့်(၄) သိုင်းဆရာကြီး သုံးယောက်ထဲတွင် ဖုန်းလုသာလျှင် ကြည့်ရှုစရာ ကောင်းပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။
ကျန်နှစ်ယောက်မှာလည်း သိုင်းဆရာကြီးများ ဖြစ်သော်လည်း မျက်ခုံးကြားရှိ ဘိုးဘေးအသက်မှတ်များမှာ မှေးမှိန်နေသည်။ သူတို့မှာ စိတ်စွမ်းအင် ရှိကြသော်လည်း အဆင့်(၄) သိုင်းဆရာကြီး ဖြစ်မလာသေးသူများကိုသာ ဖိနှိပ်နိုင်စွမ်း ရှိသည်။ သူကိုယ်တိုင် အဆင့်(၄) သိုင်းဆရာကြီး ဖြစ်စအချိန်နှင့် ယှဉ်လျှင်ပင် အများကြီး ညံ့ဖျင်းနေသည်။
“…အဲ့ဒီ ရွှယ်ကျိုးကို ရှောင်ပီလီက ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်လိုက်တာ…”
ဖုန်းလုနှင့် သူ့အဖွဲ့ ဒုတိယထပ်သို့ တက်လာစဉ် အဘိုးကြီးချန်မှာ ရှောင်ပီလီနှင့် ရွှယ်ကျိုးတို့၏ တိုက်ပွဲအကြောင်းကို အဆုံးသတ်နေသည်။ သူက စိတ်လှုပ်ရှားစွာ ပြောနေသည်။
သို့သော် အောက်ထပ်မှ တက်လာသော ဖုန်းလုမှာမူ မျက်နှာပျက်သွားသည်။
ဖုန်းလုနောက်မှ လိုက်ပါလာသော အဆင့်(၅) ကျွမ်းကျင်သူတစ်ယောက်က လှေကားလက်ရန်းကို ရုတ်တရက် ပုတ်ချလိုက်သည်။ လက်ရန်းအပိုင်းအစတစ်ခုမှာ အကာအကွယ် စွမ်းအင်များနှင့်အတူ အဘိုးကြီးချန်ဆီသို့ ပြေးသွားသည်။
အဘိုးကြီးချန် လူးလှိမ့်ကာ အနိုင်နိုင် ရှောင်လိုက်ရသည်။ သို့သော် သူ၏ရှေ့ရှိ စားပွဲမှာမူ အပိုင်းပိုင်း ကွဲသွားသည်။ အဘိုးကြီးချန်၏ မျက်နှာမှာ တင်းမာသွားပြီး သူတို့အဖွဲ့ကို လက်အုပ်ချီကာ ပြောလိုက်သည်။
“သခင်တို့၊ ဒီအဘိုးကြီးက ဘယ်နေရာမှာ မှားမိလို့လဲခင်ဗျ”
“ရောက်ရောက်ချင်းပဲ သတ်ချင်နေတာလား”
ဆိုင်ထဲရှိ အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်ကလည်း အော်ပြောလိုက်သည်။
“ဟုတ်တယ်လေခင်ဗျားတို့က ဒီသဲကန္တာရက လူတွေလည်း မဟုတ်ဘဲနဲ့။ စိမ်းလန်းမြေဈေးကို ရောက်တာနဲ့ ဒီလောက် မောက်မာနေတာ၊ မကြောက်ဘူးလား…”
တိုက်ခိုက်လိုက်သော စန်းယွမ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူက အေးစက်စက် နှာမှုတ်လိုက်ပြီး လက်မြှောက်ကာ ဓားရောင်ခြည်တစ်ခု ပစ်လွှတ်လိုက်သည်။ အဘိုးကြီးချန် ကြိတ်သွားပြီး လက်ဝါးချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
ဓားရောင်ခြည်နှင့် လက်ဝါးစွမ်းအင်တို့ ထိတွေ့သွားသည်။ အနီးနားရှိ စားပွဲခုံ လေးငါးခုမှာ အပိုင်းပိုင်း ကွဲထွက်သွားသည်။ ဆိုင်ပိုင်ရှင်က အလျင်အမြန် ရှေ့ထွက်လာပြီး စန်းယွမ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူတို့အား လက်အုပ်ချီကာ တောင်းပန်လိုက်သည်။
“သခင်တို့၊ ကျွန်တော်တို့ဆိုင်က ကုလားအုတ်ခေါင်းလောင်းသခင်ကို လစဉ်ကြေး ပုံမှန်ပေးထားရတာပါ။ ကျေးဇူးပြုပြီး သနားပေးကြပါဦးခင်ဗျာ”