← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂) သားရဲငှက်များ၏ နိဗ္ဗာန်ဘုံနှင့် နောက်ထပ် ရတနာရှာဖွေရေး တာဝန်တစ်ခု

တောရိုင်းဂျင်ဆင်း မတူးရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရွှီယန်က တောင်ထဲသို့ ဝင်ရောက်ကာ တစ်ချက်လောက် သွားရောက်ကြည့်ရှုရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ထိုအချိန်မှာပင် သစ်တောနှင့် မြက်ခင်းပြင် ထိန်းသိမ်းရေး ဦးစီးဌာနမှ အစိုးရဝန်ထမ်းတစ်ဦးက သူ့ထံသို့ ဖုန်းဆက်လာခဲ့သည်။

စကားပြောကြည့်လိုက်သောအခါမှ ယခုနှစ်မှစတင်၍ တောရိုင်းမျိုးစိတ်များဖြစ်သော နွယ်ချို၊ ဂျင်ဆင်း၊ ရှီးပတီး၊ ရွှေလက်ဖက်၊ ဟူဟွမ်လျန်၊ ကန်စုန်း၊ ရွှေမွေးခွေး အစရှိသည်တို့အားလုံးကို ကာကွယ်ရမည့် အပင်များအဖြစ် သတ်မှတ်လိုက်ပြီး ခူးဆွတ်ခြင်းနှင့် ရောင်းဝယ်ခြင်းများကို တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

ကျန်ရှိသောအပင်များက နိုင်ငံတော်အဆင့် နှစ် ကာကွယ်ရမည့်အပင်များဖြစ်ကြပြီး တောရိုင်းဂျင်ဆင်းကတော့ နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမည့်အပင် ဖြစ်သွားခဲ့သည်။

အကယ်၍ ရွှီယန်သာ ရမ်းသန်းပြီး သွားရောက်တူးဖော်မိပါက သေချာပေါက် ဥပဒေကို ချိုးဖောက်မိမည်ဖြစ်သည်။

မလိုလားသူ တစ်ဦးဦးက တိုင်ကြားလိုက်ပါက နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ကိစ္စရပ်များပါ ပြဿနာတက်လာနိုင်ပေသည်။

"တောရိုင်းဂျင်ဆင်းက အဆင့်တစ် ကာကွယ်ရမယ့်အပင် ဖြစ်သွားပြီပေါ့"

"ကျေးဇူးပဲကွာ"

ရွှီယန်သည် ဤသတင်းကို ကြားသိရသောအခါ အနည်းငယ် အံ့ဩသွားခဲ့ရသည်။

သို့သော် ပြန်လည်စဉ်းစားကြည့်ပါကလည်း သဘာဝကျပေသည်။

တစ်ဖက်တွင် ယခုအခါ စိုက်ပျိုးထားသော ဂျင်ဆင်းများ အလွန်များပြားလှပြီး ဈေးနှုန်းကလည်း သက်သာကာ တကယ်ကို မုန်လာဥဖြူဈေးနှင့် တူညီနေပြီဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တောရိုင်းဂျင်ဆင်း အရေအတွက်က အလွန်နည်းပါးလွန်းပြီး မျိုးတုံးလုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။

ယခုလို ရောင်းဝယ်ခွင့်နှင့် တူးဖော်ခွင့် မပြုတော့ခြင်းကလည်း ကာကွယ်စောင့်ရှောက်ပေးသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ရွှီယန်က ဖုန်းချလိုက်ပြီးနောက် အင်တာနက်သုံးစွဲသူများကို လှမ်း၍ ပြောလိုက်သည်။

"သတင်းသစ်လေးတစ်ခု ရှိတယ်... တောရိုင်း တရုတ်တိုင်းရင်းဆေးပင် တချို့ကို ကာကွယ်ရမယ့်အပင်တွေအဖြစ် သတ်မှတ်လိုက်ပြီတဲ့"

"တောရိုင်းဂျင်ဆင်းက နိုင်ငံတော်အဆင့်တစ် ကာကွယ်ရမယ့်အပင် ဖြစ်သွားပြီ"

"ဆိုလိုတာက ဒီနှစ်ကစပြီး တောရိုင်းဂျင်ဆင်းကို တူးလို့ မရတော့ဘူးပေါ့"

ပြောပြီးနောက် ရွှီယန်က သက်ပြင်းချရင်း ထပ်မံပြောဆိုလိုက်သည်။

"ဒီလိုဆိုတော့ မနှစ်က တောရိုင်းဂျင်ဆင်းတူးတဲ့ လှုပ်ရှားမှုက နောက်ဆုံးအကြိမ် မြင်တွေ့လိုက်ရတာ ဖြစ်နိုင်တယ်"

"ပါထိုတွေရဲ့ ဇာတ်လမ်းကတော့ ဒီခေတ်မှာတင် ဇာတ်သိမ်းသွားပြီပေါ့"

"နောက်ပိုင်း ဂျင်ဆင်းတူးတဲ့သူ တွေ့ရင် အဲဒါ ဥပဒေချိုးဖောက်တာပဲ... သူတို့လည်း ပေါ်ပေါ်တင်တင် လုပ်ရဲကြတော့မှာ မဟုတ်ဘူးလေ"

ပါထိုဆိုသည်မှာ အတွေ့အကြုံရင့်ကျက်သော ဂျင်ဆင်းတူးသူများကို ခေါ်ဆိုခြင်းဖြစ်သည်။

ဤဂုဏ်ပုဒ်မှာ သင်္ချိုင်းဂူဖောက်ထွင်းသူများ၏ ရာထူးတစ်ခုဖြစ်သည့် မိုကျင်းရှောင်ဝေ့နှင့် ဆင်တူကာ အလွန်စောသောအချိန်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။

ပါထိုများက တောတောင်ထဲတွင် အတွေ့အကြုံ အလွန်များပြားကြပြီး မည်သည့်နေရာတွင် ဂျင်ဆင်းရှိနိုင်ကြောင်းကို ခန့်မှန်းနိုင်ကာ ရှာလည်း ရှာတွေ့နိုင်ကြသည်။

သို့သော် ယခုနှစ်မှစ၍ တူးဖော်ခွင့် မပြုတော့သဖြင့် နောက်ပိုင်းတွင် သဘာဝကျကျပင် ပါထိုဆိုသည်မှာလည်း ရှိလာတော့မည် မဟုတ်ချေ။

ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း သက်ပြင်းချကြတော့သည်။

ပရိသတ်ဟောင်းတစ်ဦးက ဝင်ရောက်ပြောဆိုလာသည်။

"မနှစ်က လောင်ရွှီနဲ့ ရွာကလူတွေ တောင်ပေါ်တက်တဲ့ လှုပ်ရှားမှုမှာ ပါဝင်တာကို ကြည့်ခဲ့ရတာလေ... အဲဒါ နောက်ဆုံးအကြိမ် တရားဝင် တောရိုင်းဂျင်ဆင်း တူးတာ ဖြစ်သွားတာပေါ့"

"ဒီနှစ် နောက်ဆုံးပေါ် ဥပဒေသစ် ထွက်လာတာပဲ... လောင်ရွှီ သွားမတူးမိလို့ တော်သေးတယ်... မဟုတ်ရင် ဖြေရှင်းရ ခက်တော့မှာ"

"ဟုတ်တယ်... သတင်းက အချိန်ကိုက် ရောက်လာတာပဲ"

"တောင်ထဲမှာတော့ ပိုပြီး သတိထားမှ ရမယ်... ဘယ်အပင်က ကာကွယ်ရမယ့်အပင် ဖြစ်နေမလဲဆိုတာ မပြောနိုင်ဘူးလေ"

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် မကြာသေးမီက ရွာထဲ၌ ပညာပေးလှုပ်ရှားမှုများ ရှိခဲ့ပြီး ရွာလူကြီးကိုယ်တိုင် ဥပဒေအသိပညာများ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုစဉ်က ရွှီယန်မှာ ခရိုင်သို့ အစည်းအဝေး သွားတက်နေသဖြင့် ရွာလူကြီးကလည်း သူ့ကို သီးသန့်ပြန်လည်ရှင်းပြရန် သတိမရခဲ့ချေ။

ထို့အပြင် ရွှီယန်က ဂျင်ဆင်းမတူးသည်မှာ အတော်ကြာပြီဖြစ်သဖြင့် ဤကိစ္စကို မသိရှိခဲ့ခြင်းဖြစ်သည်။

သစ်တောနှင့် မြက်ခင်းပြင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညီအစ်ကိုတစ်ဦးက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပြီး သူ ထိုသို့ပြောသည်ကို ကြားသောအခါ သတိပေးရန် ချက်ချင်း ဖုန်းဆက်လာခြင်းပင် ဖြစ်သည်။

ဤသည်ကလည်း ရွှီယန် သိကျွမ်းသော သူငယ်ချင်းများပြားသောကြောင့် ဖြစ်သည်။

အနည်းဆုံးတော့ အရေးကြီးသည့်အချိန်တွင် အကူအညီ ပေးနိုင်ကြပေသည်။

အချိန်တော်တော်များများတွင် လူအချို့က ရွှီယန်၏ ယခု နာမည်ကျော်ကြားမှုကို မနာလိုဖြစ်ကြပြီး သူ ကံဆိုးသွားမည်ကိုသာ မျှော်လင့်နေကြသည် မဟုတ်ပါလော။

"ဥပဒေက ခွင့်မပြုတော့ဘူးဆိုမှတော့ နောက်ပိုင်း တောရိုင်းဂျင်ဆင်း မတူးတော့ပါဘူး"

"ဒီနေ့တော့ တောနက်ထဲ ဝင်ပြီး တစ်ပတ်လောက် လျှောက်လည်လိုက်ဦးမယ်"

"တောရိုင်းဂျင်ဆင်း အပြင် တောင်ထဲမှာ ရတနာတွေ အများကြီး ရှိသေးတယ်လေ"

"ကျောက်ရိုင်းတုံးတွေပဲ ဖြစ်ဖြစ်... ဆေးပင်တွေပဲ ဖြစ်ဖြစ် ကောက်လို့ ရတာပဲ"

ရွှီယန်က ထပ်မံပြောဆိုလိုက်သည်။

သူက ဘာစိတ်အနှောင့်အယှက်မှ ဖြစ်မသွားခဲ့ချေ။

မည်သို့ပင်ဆိုစေ ဂျင်ဆင်းတူးခြင်းအပြင် တောင်တန်းကြီးက သူ့အတွက် ဆွဲဆောင်မှုရှိသော နေရာများစွာ ရှိနေသေး၏။

အထူးသဖြင့် သူ့တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသဖြင့် ဤသစ်တောကြီးက သူ့အတွက်တော့ ရတနာသိုက်ကြီး တစ်ခုပင်ဖြစ်သည်။

ရွှီယန်သည် ထိုအထဲတွင် လွတ်လပ်စွာ လှုပ်ရှားကစားနိုင်ပေသည်။

စွန်နက်က ထပ်မံ ပျံသန်းဆင်းသက်လာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ရွှီယန်က လက်မောင်းကို မမြှောက်တော့ဘဲ ညာဘက်လက်ဖြင့် ဘယ်ဘက်ပခုံးကို ပုတ်ပြကာ ဤနေရာတွင် နားရန် အချက်ပြလိုက်၏။

စွန်နက်က နားလည်သွားပြီး ပေါ့ပေါ့ပါးပါးဖြင့်ပင် ဆင်းသက်လာခဲ့သည်။

၎င်းက ရွှီယန်နှင့် အလွန် ရင်းနှီးနေကြောင်း သိသာလှပေသည်။

ခဏမျှ ပျံသန်းပြီးတိုင်း ရွှီယန်၏ အနားသို့ ဆင်းသက်ကာ ခဏမျှ အတူတကွ ရှိနေပေးတတ်သည်။

အများကြီး ဆက်သွယ်လှုပ်ရှားနေရန်ပင် မလိုဘဲ ဤသို့လေး အတူတကွ ရှိနေပေးရုံဖြင့်ပင် အလွန် ကောင်းမွန်လှ၏။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆက်လက် ပြောပြလိုက်သည်။

"မကြာသေးမီက တောင်စောင့်နတ်လေး ဒီမှာ မရှိတော့ဘူး... အဲဒီ အရှေ့မြောက်ကျားကို ပြောတာပါ"

"သူက ကျားနဲ့ ကျားသစ် သစ်တော ဥယျာဉ်ထဲကို ဝင်သွားပြီး မျိုးပွားဖို့ ကျားမ သွားရှာနေတာလေ"

"အချိန်အတိုင်းအတာ တစ်ခု ကြာရင် နောက်တစ်ခေါက် ပြန်လာပြီး ကျားပေါက်လေးတွေ မွေးမလာဘူးလားဆိုတာကို ကြည့်ရဦးမယ်"

ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ ရယ်မောလိုက်ကြသည်။

"လောင်ရွှီ... မင်းကရော ဘယ်အချိန် မျိုးပွားမှာလဲ"

"အစ်ကိုယန်... ရည်းစား လိုနေလား... ကျွန်မကိုရော ဘယ်လိုမြင်လဲ"

"အစ်ကိုယန်... ကျွန်မက ရုပ်လည်းလှတယ်... အသံလည်း ချိုတယ်... ခန္ဓာကိုယ်အချိုးအစားလည်း လှတယ်... ကျွန်မကို ရွေးပါ... ကျွန်မကို ရွေးပါ"

မှတ်ချက်များက အလွန် စည်ကားနေသည်။

နာမည်ကြီးသော လိုက်ဖ်လွှင့်သူတစ်ဦး ဖြစ်နေသရွေ့ အနားသို့ ကပ်ချင်သော အမျိုးသမီး လိုက်ဖ်လွှင့်သူများ မရှားပါချေ။

ဤလူများက လူကြိုက်များမှု ရေပန်းစားမှုကို အလွန် လိုချင်ကြသူများ ဖြစ်၏။

သို့သော် ရွှီယန်က ဤကဲ့သို့သော ကိစ္စများကို ဘယ်တော့မှ ပတ်သက်လေ့ မရှိပေ။

ကွယ်ရာတွင် မည်သို့သော ပြဿနာများ ရှိနေနိုင်မည်ကို ဘယ်သူက သိနိုင်မည်နည်း။

သူက တိုက်ရိုက်ထုတ်လွှင့်သည့် လောကတွင် အလွန် ထူးခြားသူ တစ်ယောက်ဖြစ်သည်။

အခြားသူများနှင့် ချိတ်ဆက်၍ လိုက်ဖ်လွှင့်ခြင်း မရှိသလို ပစ္စည်းရောင်းချခြင်းနှင့် ကြော်ငြာလက်ခံခြင်းများလည်း မရှိဘဲ မိမိ၏ စိတ်အခြေအနေ အပေါ်တွင်သာ မူတည်၍ လိုက်ဖ်လွှင့်လေ့ ရှိသည်။

"မျိုးပွားမယ့် ကိစ္စက နောက်မှပဲ ပြောကြတာပေါ့... မလောပါဘူး"

ရွှီယန်က တစ်ခွန်း ပြန်ဖြေလိုက်၏။

သူ၏ စကားကို ကြားသောအခါ အားလုံးက ဟားဟားဟားဟား ဖြင့် ရယ်မောလိုက်ကြပြန်သည်။

တောနက်ထဲမှ ရှုခင်းများက အလွန် ကောင်းမွန်လှ၏။

မျက်စိတစ်ဆုံး စိမ်းလန်းစိုပြည်နေသည်။

ယခုက နွေရာသီဖြစ်သဖြင့် တိရစ္ဆာန် အရေအတွက်ကလည်း များပြားလှပေသည်။

သို့သော် မွန်းတည့်ချိန်တွင် အတော်လေး ပူပြင်းသဖြင့် တိရစ္ဆာန်လေးများက သစ်ပင်ရိပ်များအောက်တွင် ပုန်းအောင်းနေကြပြီး အပြင်သို့ မထွက်လာကြချေ။

ဒရယ်ပြောက်များကလည်း အရိပ်ရသော နေရာများကို ရှာဖွေကာ အနားယူနေကြ၏။

ရွှီယန်က ယနေ့တွင် လမ်းတစ်လျှောက်လုံး ဘယ်နေရာတွင်မျှ မရပ်နားဘဲ တောင်တန်းအတိုင်း အပေါ်သို့ ဆက်တိုက် တွယ်တက်သွားကာ ပိုမို နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားခဲ့သည်။

သူက နေရာသစ်တစ်ခုသို့ ထပ်မံ ရောက်ရှိလာပြန်၏။

ဤသည်က လုံးဝ အသစ်စက်စက် စူးစမ်းလေ့လာရခြင်း မရှိသေးသော နေရာသစ်တစ်ခုပင် ဖြစ်သည်။

မြေပုံသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

"ဒီနေရာကို တစ်ခါမှ မရောက်ဖူးသေးဘူး"

"ရှုခင်းက တော်တော်လေး လှတာပဲ"

ရွှီယန်က မော့ကြည့်လိုက်ရာ အရှေ့ဘက်တွင် ပြောင်ရှင်းနေသော ချောက်ကမ်းပါးတစ်ခု ရှိနေ၏။

ဤချောက်ကမ်းပါးက ကျောက်ဆောင်များနှင့် မြေကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြေကြီးအရောင်များ ပေါ်လွင်နေကာ တစ်ခုလုံးက ချိုင့်ခွက်များဖြင့် မညီမညာ ဖြစ်နေပြီး အထဲသို့ ချိုင့်ဝင်နေသော မြောင်းငယ်များ အများအပြား ရှိနေပေသည်။

ဆက်လက် မြင်တွေ့လိုက်ရသော မြင်ကွင်းကတော့ ရွှီယန်ကို အလွန်အမင်း အံ့ဩမှင်တက်သွားစေခဲ့သည်။

သူက သားရဲငှက် အကောင်ရေ အတော်များများ ကောင်းကင်ယံတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် ချောက်ကမ်းပါး၏ မြောင်းငယ်များပေါ်တွင် အနားယူနေသော သားရဲငှက်များကိုပါ မြင်တွေ့လိုက်ရသေးသည်။

သူတို့က ခန္ဓာကိုယ်ကို အပြင်သို့ ထုတ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေကြပြီး ကောင်းကင်ယံမှ ဘုရင်များ အလားပင် ဖြစ်၏။

"ဟိုးအပေါ်ကို ကြည့်လိုက်... အဲဒါက သားရဲငှက်တွေ အသိုက်ဖွဲ့တဲ့ နေရာပဲ"

"အရမ်း မြင့်တာပဲ"

ရွှီယန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

ဒရုန်းက အပေါ်ဘက်သို့ လှည့်ကာ ရိုက်ကူးလိုက်သည်။

ချောက်ကမ်းပါးက အနည်းဆုံး မီတာ ခုနစ်ဆယ် ရှစ်ဆယ်ခန့် မြင့်မားပြီး ကင်မရာကို ချဲ့ကြည့်မှသာ ဤငှက်များကို ရှင်းလင်းစွာ ရိုက်ကူးနိုင်မည် ဖြစ်၏။

သားရဲငှက် အချို့က ချောက်ကမ်းပါး အတွင်းတွင် ရပ်နေကြပြီး အချို့ကတော့ ကောင်းကင်ယံတွင် ဝဲပျံနေကြသည်။

ချောက်ကမ်းပါးက အလွန် မြင့်မားပြီး အပေါ်သို့ တက်ရန် အခြား လမ်းကြောင်းလည်း မရှိချေ။

ထို့ကြောင့် ငေးကြည့်နေရုံသာ တတ်နိုင်ပေသည်။

ဤနေရာက ငှက်များ ပိုင်ဆိုင်သော ကောင်းကင်ယံ မြို့တော်တစ်ခုနှင့်ပင် တူညီနေတော့၏။

အင်တာနက်သုံးစွဲသူများ၏ မျက်နှာပေါ်တွင်လည်း အံ့ဩမှုများ အပြည့်ဖြစ်နေသည်။

"သားရဲငှက်တွေ နေထိုင်တဲ့ နေရာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာ"

"သူတို့က ဒီလောက် မြင့်တဲ့ နေရာမှာ နေတာ... ပြုတ်ကျမှာကို မကြောက်ကြဘူးလား"

"သားရဲငှက်တွေရဲ့ နိဗ္ဗာန်ဘုံပဲ... တကယ်ကို နေရာကောင်း တစ်ခုပဲ"

"လောင်ရွှီက ငါတို့ကို ဗဟုသုတတွေ ထပ်ရစေပြန်ပြီ"

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူအရေအတွက်က ပိုပိုပြီး များပြားလာ၏။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုများက အမြဲတမ်း ဤသို့ပင် ဆွဲဆောင်မှု ရှိလှသည်။

သူက မသိရသေးသော နေရာများသို့ သွားရောက် စူးစမ်းလေ့လာပြီး လူများကို တစ်ခါမှ မမြင်ဖူးသေးသော အရာများကို မြင်တွေ့ခွင့် ရစေခဲ့သည်။

ရွှီယန်က တိတ်ဆိတ်စွာပင် ငေးမောကြည့်ရှုနေပြီး စွန်နက်ကလည်း သူ၏ ပခုံးပေါ်တွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်နေ၏။

သားရဲငှက်များ အချင်းချင်းလည်း အပြန်အလှန် အမဲလိုက်တတ်ကြပေသည်။

ဥပမာအားဖြင့် အမြန်နှုန်း ကောင်းမွန်သော သိမ်းငှက်များက ရွှေလင်းယုန်များကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တတ်ကြပြီး ရွှေလင်းယုန်များကလည်း သိမ်းငှက်များကို မျက်နှာချင်းဆိုင် အမဲလိုက်တတ်ကြ၏။

ဤဧရိယာတွင် အသက်ရှင် နေထိုင်နိုင်သော သားရဲငှက်များမှာ သေချာပေါက် မိသားစု တစ်စုအနေဖြင့် နေထိုင်ကြခြင်း ဖြစ်ရမည်။

တစ်ကောင်က အပြင်ထွက်၍ အမဲလိုက်ပြီး တစ်ကောင်က ကလေးထိန်းရန် ကျန်ခဲ့ခြင်း ဖြစ်၏။

သားပေါက်လေးများ ကြီးပြင်းလာသောအခါ ကောင်းကင်ယံသို့ ပျံသန်းသွားမည့် သားရဲငှက် အသုတ်သစ် တစ်သုတ် ထပ်မံ ထွက်ပေါ်လာမည် ဖြစ်သည်။

"ရှုခင်းက တကယ် ကောင်းတာပဲ"

ရွှီယန်က သက်ပြင်းချရင်း ပြောလိုက်သည်။

ချောက်ကမ်းပါးက အလွန်တရာ မတ်စောက်လှပြီး ထိပ်တန်း ကျောက်တောင်တက်သမားများသာလျှင် အပေါ်သို့ တက်ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။

ရွှီယန်ကလည်း ငေးကြည့်ရန်သာ ရည်ရွယ်ထားပြီး အခြား ဘာစိတ်ကူးမှ မရှိချေ။

ထို့ကြောင့် သူက တောင်ထဲသို့ ဆက်လက် လျှောက်သွားလိုက်သည်။

ဆယ်မိနစ် ကျော်ခန့် လျှောက်သွားပြီးနောက် ရွှီယန်က ရတနာရှာဖွေရေး တာဝန်တစ်ခုကို ဖွင့်ရန် ရွေးချယ်လိုက်သည်။

ဤမျှ နက်ရှိုင်းသော တောနက်ထဲသို့ ရောက်လာပြီဖြစ်ရာ တာဝန်၏ ဆုလာဘ်က အနည်းငယ် ပိုကောင်းလာမည်ဟု ရွှီယန် မျှော်လင့်မိ၏။

ရတနာရှာဖွေရေး တာဝန်၏ သဘောသဘာဝကို ရွှီယန် တွေ့ရှိထားပြီး ဖြစ်သည်။

တောနက်ပိုင်း သို့မဟုတ် ရတနာများ ပေါများသော နေရာများတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုပါက တာဝန် ဆုလာဘ်များက ပို၍ ကောင်းမွန်တတ်ပေသည်။

တောင်တန်းများ၏ အပြင်ဘက်ပိုင်းတွင် အသုံးပြုပါက ဆုလာဘ်များက ပို၍ သာမန်ဆန်ပြီး သာမန် ပစ္စည်းလေးများသာ ဖြစ်တတ်၏။

ယခုတစ်ကြိမ်တွင်တော့ အလွန် နက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာခြင်း ဖြစ်သဖြင့် ရွှီယန်က ရတနာရှာဖွေရေး တာဝန်အပေါ် အလွန် မျှော်လင့်ချက် ထားနေမိသည်။

[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - ကယ်ဆယ်ရေး၊ ကြိုးကြာနီပေါက်လေး]

[တာဝန် ဖော်ပြချက် - ကြိုးကြာနီပေါက်လေး တစ်ကောင်သည် မိဘနှစ်ပါးလုံး ဆုံးရှုံးသွားပြီး အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေပါသဖြင့် ကျေးဇူးပြု၍ ကယ်ဆယ်ပါ]

[တာဝန် ဆုလာဘ် - ကြိုးကြာနီ၏ ခင်မင်နှစ်သက်မှု]

ရတနာရှာဖွေရေး တာဝန်၏ အသံ ထွက်ပေါ်လာ၏။

ရတနာရှာဖွေရေး တာဝန်ကို ကြားသောအခါ ရွှီယန်၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားမိသည်။

"ကြိုးကြာနီပေါက်လေး..."

ဤတာဝန်ကတော့ မဆိုးလှချေ။

ကြိုးကြာနီပေါက်လေးကို ကယ်ဆယ်ရမည်ဆိုပါက သေချာပေါက် အိမ်သို့ ခေါ်သွားရမည် ဖြစ်သည်။

သူ၏ လယ်ယာခြံဝင်း လက်ရှိ အခြေအနေအရဆိုလျှင် တောရိုင်းတိရစ္ဆာန်များကို ခိုလှုံခွင့်ပေး၍ ရနိုင်ပေသည်။

ဆိုလိုသည်မှာ သူက ကြိုးကြာနီပေါက်လေး ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်၏။

"အရှေ့မြောက်ဒေသမှာ တောရိုင်း ကြိုးကြာနီ တစ်ကောင် မွေးထားနိုင်တယ်ဆိုတာ တကယ်ကို အထင်ကြီးစရာပဲ"

"ဒီအကောင်က ငါတို့ဆီက နတ်ငှက်လေ"

ရွှီယန်က စိတ်ထဲတွင် တွက်ချက်နေလိုက်သည်။

ထို့ကြောင့် သူက ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားလိုက်၏။

သိပ်မကြာခင်မှာပင် အရှေ့ဘက်တွင် ရေကန်တစ်ကန် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ချန်ပိုင်တောင်တန်းတွင် တောရိုင်းရေကန်များနှင့် စိမ့်မြေတောများ အလွန်များပြားပြီး ရေအရင်းအမြစ် အလွန်ကြွယ်ဝလှပေသည်။

ဤသည်က စိမ့်မြေတော ဂေဟစနစ်တစ်ခုဖြစ်ပြီး အလယ်တွင် ရေကန်ကြီးတစ်ကန် ရှိကာ ပတ်ပတ်လည်တွင် ရေတိမ်ပိုင်းများ ရှိပြီး မြက်ပင်ရှည်များ အများအပြား ပေါက်ရောက်နေ၏။

ရွှီယန်က စိမ့်မြေတောထဲတွင် ငှက်မျိုးစိတ် အတော်များများ လှုပ်ရှားသွားလာနေကြသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမည့် တိရစ္ဆာန်ဖြစ်သော ငှက်ကျားကိုပါ မြင်တွေ့လိုက်ရသေး၏။

ငှက်ကျားက ပုံမှန်နေ့ရက်များတွင် မြင်တွေ့ရခဲပြီး ယခုလို မြင်တွေ့ရခြင်းက အတော်လေး ထူးဆန်းလှပေသည်။

"ဟိုးဘက်ကို ကြည့်လိုက်... ငှက်ကျားလေ... နိုင်ငံတော်အဆင့်တစ် ကာကွယ်ရမယ့် ငှက်မျိုးစိတ်ပဲ... အခု တစ်ကမ္ဘာလုံးမှာ အကောင်ရေ နှစ်ထောင်တောင် မပြည့်တော့ဘူး... ပြည်တွင်းမှာဆိုရင် အကောင်ရေ တစ်ထောင်တောင် မပြည့်တော့တာ"

"ငှက်ကျားတွေက နိုင်ငံအနှံ့အပြားမှာ နေထိုင်ကြပေမယ့် တွေ့ဖို့တော့ အရမ်း ခက်တယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ဗဟုသုတ မျှဝေပေးလိုက်သည်။

ဒရုန်းက ရေတိမ်ပိုင်းမှ မြင်ကွင်းများကို ရိုက်ကူးနေ၏။

သဘာဝတရားကြီး၏ အလှအပကို မြင်တွေ့ရသောအခါ အင်တာနက်သုံးစွဲသူများ အားလုံးက ထိုအထဲတွင် နစ်မြောသွားကြတော့သည်။

ထိုအချိန်မှာပင် ရွှီယန်က အထဲသို့ ဆက်လက် ဝင်ရောက်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် သူက ရေမြက်ပင်များကြားတွင် အားနည်းနေသော ကြိုးကြာနီပေါက်လေးကို တွေ့လိုက်ရ၏။

ဤကောင်လေးက အချိန်အကြာကြီး အစာမစားရသေးသဖြင့် မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး အခြေအနေက အလွန် ဆိုးရွားနေပုံရသည်။

စနစ်၏ သတိပေးချက်အရ ၎င်း၏ မိဘများ မရှိတော့ကြောင်း သိရ၏။

တောရိုင်းတိရစ္ဆာန်များက အန္တရာယ်နှင့် ကြုံတွေ့ရရန် အလွန် လွယ်ကူလှပေသည်။

သေမင်းတမန်က လေပြေလေညင်းလိုပဲ ငါ့အနားမှာ အမြဲတမ်း ရှိနေတယ် ဟူသော စကားအတိုင်းပင် ဖြစ်သည်။

သူတို့၏ သေဆုံးနှုန်းက အတော်လေး မြင့်မားလှ၏။

အလားတူပင် မိဘများ သေဆုံးသွားသောအခါ သားပေါက်လေးများပါ သေဆုံးသွားရသည့် သာဓကများလည်း အလွန် များပြားလှပေသည်။

ယခုတစ်ကြိမ် ရွှီယန် ဤနေရာသို့ ရောက်လာပြီး ရတနာရှာဖွေရေး တာဝန်မှတစ်ဆင့် ဤကဲ့သို့သော သာဓကတစ်ခုနှင့် တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင်လည်း ကောင်းပေသည်။ အနည်းဆုံးတော့ သူက ကြိုးကြာနီပေါက်လေး တစ်ကောင်ကို ကယ်တင်နိုင်မည် မဟုတ်ပါလော။

"ဟိုးမှာ ကြည့်လိုက်... အခြေအနေက သိပ်မဟန်ဘူး"

"အဲဒါ ကြိုးကြာနီပေါက်လေး တစ်ကောင်နဲ့ တူတယ်"

"ပုံမှန်ဆိုရင် ဒီအချိန်မှာ ကြိုးကြာနီပေါက်လေး အနားမှာ မိဘတွေ ရှိနေရမှာလေ"

"ဘာလို့ သူ့မိဘတွေကို မတွေ့ရတာလဲ"

"ပြီးတော့ သူ့အခြေအနေကလည်း အရမ်း အားနည်းနေပုံရတယ်"

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများကို ပြောလိုက်ပြီး သူ၏ ကယ်ဆယ်ရေး အစပျိုးမှုကို စတင်လိုက်တော့သည်။

အားလုံးက ငှက်ကျားများ၏ အကအခုန်များတွင် နစ်မြောနေကြဆဲဖြစ်ပြီး ရွှီယန်၏ အသံကြောင့် သတိထားမိသွားကြ၏။

အားလုံး၏ အကြည့်များက တစ်ခဏချင်းမှာပင် အရှေ့ဘက်သို့ ရောက်ရှိသွားကြတော့သည်။

ကြိုးကြာနီပေါက်လေးပင် ဖြစ်တော့သည်။

All Chapters