အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း (၂၈၆) ဘာ... ဝက်ဝံမည်းက အစွမ်းအထက်ဆုံး ဟုတ်လား
မျိုးဝက်က လယ်ယာခြံဝင်းသို့ ရောက်လာသည့် ပထမဆုံးနေ့မှာပင် အလုပ်လုပ်ရန် ငြင်းဆန်နေတော့သည်။
နံနက်ပိုင်းတွင် ရွှီယန်က အခြေအနေကို သွားရောက် ကြည့်ရှုသောအခါ ဤမျိုးဝက်က ခြံထဲတွင် ကြောင်တောင်တောင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဝက်မလေးများက ၎င်းကို မြူဆွယ်နေသော်လည်း ၎င်းက လုံးဝ ဂရုမစိုက်ချေ။
"ဘာဖြစ်တာလဲ..."
"မင်းက အစွမ်းအထက်ဆုံး မျိုးဝက် မဟုတ်ဘူးလား... ဘာဖြစ်လို့ မစွမ်းဆောင်နိုင်တော့တာလဲ..."
"လယ်ယာခြံဝင်းက မြည်းတွေတောင် ဒီလို နားနေရဲတာ မဟုတ်ဘူး..."
ရွှီယန်က သံသယဖြင့် မေးလိုက်သည်။
ထို့နောက် သူက မွေးမြူရေးခြံ ပိုင်ရှင်ထံ ဖုန်းဆက်ကာ မေးမြန်းကြည့်လိုက်သောအခါ ဤမျိုးဝက်က အလုပ်မလုပ်ခင် အမွေးများကို ဝက်မှင်ဘီးဖြင့် အရင်ဆုံး သပ်ပေးရကြောင်း သိလိုက်ရသည်။
မျိုးဝက်ဆိုတော့လည်း တကယ်ကို မတူညီပေ။
ထို့ကြောင့် ရွှီယန်က မာဝန်ကို ခေါ်ကာ ဝက်မှင်ဘီးဖြင့် မျိုးဝက်ကို တစ်ကိုယ်လုံး နှိပ်နယ်ပေးခိုင်းလိုက်သည်။
"ဒီကောင်ကြီးက တကယ်ကို အခွင့်အရေး ယူတတ်တာပဲ... သူကိုယ်သူ အရမ်း စွမ်းတယ်လို့ ထင်နေတာလား မသိဘူး..."
မာဝန်က ဤသတင်းကို ကြားသောအခါ မနေနိုင်ဘဲ ရယ်မောရင်း နောက်ပြောင်လိုက်သည်။
"အရင်ဆုံး သူ့ကို အမွေးသပ်ပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် သူ့ကို အားကိုးနေရသေးတာပဲ..."
ရွှီယန်က ပြန်ပြောလိုက်သည်။
ထို့ကြောင့် မာဝန်က ဝက်မှင်ဘီး တစ်ခုကို ယူကာ ဝက်ခြံထဲသို့ ဝင်ပြီး မျိုးဝက်ကို အမွေးသပ်ပေးလိုက်သည်။
မျိုးဝက်၏ အမွေးများက အညိုရောင် ဘက်သို့ သန်းနေပြီး ကြည့်ရသည်မှာ တောဝက်နှင့်ပင် ဆင်တူနေသည်။
ဤကောင်ကြီး၏ ခန္ဓာကိုယ်က အတော်လေး သန့်ရှင်းပြီး အမွေးသပ်ပေးခြင်းက ယားယံမှုကို သက်သာစေရန် သက်သက်သာ ဖြစ်ပေသည်။
ထိုသို့ တစ်ကိုယ်လုံးကို အမွေးသပ်ပေးလိုက်ပြီးနောက် မျိုးဝက်က စိတ်ကျေနပ်သွားပြီးနောက်မှသာ အလုပ် စလုပ်တော့သည်။
မျိုးဝက်၊ မျိုးမြင်းနှင့် မျိုးနွားများက အမြဲတမ်း အခွင့်ထူးခံများ ဖြစ်လေ့ ရှိသည်။ အကြောင်းရင်းမှာ သူတို့၏ မျိုးရိုးဗီဇက အလွန် ကောင်းမွန်သောကြောင့် ဖြစ်ပေသည်။
ဥပမာအားဖြင့် မြက်ခင်းပြင်ရှိ မွေးမြူရေးခြံ ပိုင်ရှင်များက မျိုးနွား တစ်ကောင် ဝယ်ယူရန် လေလံပွဲများတွင် ယှဉ်ပြိုင်ရလေ့ ရှိသည်။
မွေးမြူရေးခြံများ၏ အဓိက ဝင်ငွေမှာ နွားမွေးမြူခြင်းပင် ဖြစ်ရာ မျိုးနွား တစ်ကောင်အတွက် ယွမ် နှစ်သိန်း သုံးသိန်း သုံးစွဲခြင်းကလည်း ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်သည်။
ဝက်များ မျိုးပွားသည့် ကိစ္စများ ပြီးစီးသွားသောအခါ ရွှီယန်က ကြိုးကြာနီပေါက်လေးကို ခေါ်ကာ လမ်းလျှောက် ထွက်လိုက်ပြန်သည်။
ထို့နောက် လယ်ယာခြံဝင်း၏ ကွက်လပ် တစ်ခုသို့ ရောက်လာပြီး ခြံစည်းရိုး အပြင်ဘက်သို့ လှမ်းကြည့်ကာ ရှောင်ဟွာတို့ မိသားစု ရောက်လာခြင်း ရှိမရှိကို ကြည့်ရှုလိုက်သည်။
သို့သော် ယနေ့တွင်တော့ ရှောင်ဟွာတို့ လာရောက်ခြင်း မရှိချေ။
ထို့ကြောင့် ရွှီယန်က မိမိကိစ္စများကိုသာ ဆက်လက် လုပ်ဆောင်နေလိုက်သည်။
လယ်ယာခြံဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုက အတော်လေး တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။
ရွှီယန်က အပြင်ထွက်၍ ခရီးသွားရန် စဉ်းစားနေမိပြန်သည်။
ဘဝတွင် အမြဲတမ်း ပျော်ရွှင်မှု အသစ်များကို ရှာဖွေရမည် ဖြစ်ပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်လည်း ရှိနေသဖြင့် အပြင်ထွက် မလည်ပတ်ခြင်းက တကယ်ကို နှမြောစရာ ကောင်းလှပေသည်။
ထို့အပြင် ယခုအခါ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အဆင့်မြှင့်တင်ထားပြီးဖြစ်ရာ ရှာဖွေမှု အကြိမ်ရေ ၁၂ ကြိမ်အထိ စုဆောင်းနိုင်ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ရတနာရှာဖွေရေး တာဝန် ၃ ခုကို တစ်ပြိုင်နက်တည်း လဲလှယ်နိုင်ပြီ ဖြစ်သည်။
တစ်ခေါက် တောင်ထဲ ဝင်ရုံဖြင့် ပျော်ရွှင်စွာ ဆော့ကစားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က မြေပုံကို ထုတ်ကာ ဘယ်နေရာသို့ သွားရောက် လည်ပတ်မည်ကို စဉ်းစားနေလိုက်သည်။
"ခွန်လွန်တောင်တန်းမှာ နှင်းကျားသစ် သွားကြည့်မလား... တိဗက်မှာ တိဗက်ဒရယ်တွေ သွားကြည့်မလား... ဒါမှမဟုတ် ယူနန်ဘက် သွားမလား... အဲဒီဘက်မှာက ဇီဝမျိုးစိတ် အစုံဆုံးပဲလေ..."
ရွှီယန်က စဉ်းစားနေလိုက်သည်။
ပြည်တွင်းတွင် ဇီဝမျိုးစိတ် အကြွယ်ဝဆုံး နေရာမှာ ယူနန် ဖြစ်ပြီး ဇီဝမျိုးစိတ်ပေါင်း သုံးသောင်း ငါးထောင်ကျော် ရှိပေသည်။ ဒုတိယ အများဆုံးမှာ စီချွမ် ဖြစ်ပြီး ဇီဝမျိုးစိတ်ပေါင်း နှစ်သောင်း ငါးထောင်ကျော် ရှိကာ တတိယ အများဆုံးမှာတော့ ထိုင်ဝမ်ကျွန်းဖြစ်ပြီး ဇီဝမျိုးစိတ်ပေါင်း နှစ်သောင်းကျော် ရှိသည်။
ရွှီယန်က နှင်းကျားသစ်များကို အရင်သွားကြည့်ရန် ရည်ရွယ်လိုက်သည်။
မည်သို့ပင်ဆိုစေ ကျားသစ် မျိုးစိတ် အားလုံးတွင် နှင်းကျားသစ်၏ ရုပ်ရည်က အလွန် ချောမောလှပပြီး အရောင်အသွေးကလည်း အလွန် လှပကာ လူတိုင်း နှစ်သက်ကြပေသည်။
သို့သော် ကုန်းပြင်မြင့် ဒေသတွင် တောရိုင်း နှင်းကျားသစ်များကို ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှသည်။
တိရစ္ဆာန်ရုံများတွင်ပင် နှင်းကျားသစ် အရေအတွက် အလွန် နည်းပါးလှသည်။
နှင်းကျားသစ်များက မြင့်မားသော တောင်တန်း ရာသီဥတုနှင့်သာ အသားကျပြီး ခုခံအား အလွန် နည်းပါးသဖြင့် မြေပြန့်ဒေသများတွင် ရောဂါပိုးမွှားများ များပြားလွန်းသဖြင့် အသက်ရှင် နေထိုင်နိုင်ခြင်း မရှိချေ။
ကုန်းပြင်မြင့် ဒေသများတွင် လေထုက ပါးလွှာပြီး ရောဂါပိုးမွှားများ နည်းပါးသဖြင့် သူတို့နှင့် ပိုမို သင့်တော်ခြင်း ဖြစ်သည်။
ရွှီယန်က ခဏမျှ စဉ်းစားပြီးနောက် နှင်းကျားသစ် ကြည့်မည့် အစီအစဉ်ကို နောက်သို့ ရွှေ့ဆိုင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင်တော့ သွားကြည့်ရမှာပဲလေ...
နောက်ဆုံးတွင်တော့ သူက ထိုင်ဝမ်ကျွန်းသို့ သွားရောက် လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ ထိုင်ဝမ်သို့ ခရီးသွားလာခွင့် ဖွင့်ပေးထားပြီဖြစ်ပြီး အရှေ့မြောက်ဒေသမှ လူအချို့လည်း ထိုင်ဝမ်ဘက်သို့ သွားရောက် နေထိုင်ကြပေသည်။
ထိုင်ဝမ်၏ ပထဝီဝင် အနေအထားက အလွန် ကောင်းမွန်ပြီး သစ်တော ဧရိယာ ကျယ်ဝန်းကာ သဘာဝ သယံဇာတ အလွန် ကြွယ်ဝသဖြင့် သဘာဝ အောက်ဆီဂျင် ဘားကြီး တစ်ခုနှင့်ပင် တူညီနေသည်။
သွားရောက် လည်ပတ်ခြင်းကလည်း မဆိုးလှချေ။
ထို့နောက် ရွှီယန်က အင်တာနက်တွင် ထိုင်ဝမ်၌ မည်သည့် တောရိုင်း တိရစ္ဆာန်များ ရှိကြောင်း ရှာဖွေကြည့်လိုက်သည်။
ရှာဖွေကြည့်လိုက်သောအခါမှ ထိုင်ဝမ်တွင် အစွမ်းအထက်ဆုံး တောရိုင်း တိရစ္ဆာန်မှာ ဝက်ဝံမည်း ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုဘက်မှ ဝက်ဝံမည်းများက အနည်းငယ် ထူးခြားပြီး ရင်ဘတ်တွင် အဖြူရောင် V ပုံစံ ပါရှိကာ အတွင်းခံ အင်္ကျီလေး ဝတ်ထားသည်နှင့်ပင် တူညီနေပေသည်။
"ဘာ... ဝက်ဝံမည်းက အစွမ်းအထက်ဆုံး ဟုတ်လား..."
"ကျားတွေ၊ ကျားသစ်တွေ၊ ဝက်ဝံညိုတွေ၊ ဝံပုလွေအုပ်တွေ ဘာမှ မရှိဘူးလား..."
"ဒါဆို တောင်ထဲ ဝင်တာ အရမ်း လုံခြုံတာပေါ့... ဖြစ်သလို လျှောက်လည်လို့ ရပြီလေ..."
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
အန္တရာယ်ရှိမှု အဆင့်ကတော့ အနည်းငယ် နိမ့်ကျနေသည်။
တောင်ပိုင်းနှင့် မြောက်ပိုင်း၏ ရေမြေ သဘာဝ ကွာခြားမှုကြောင့် ဖြစ်နိုင်ပေသည်။
ထိုဘက်တွင် တိရစ္ဆာန်များကပင် အနည်းငယ် ချစ်စရာ ကောင်းနေတတ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ရွှီယန်က လိုအပ်သော စာရွက်စာတမ်းများကို လုပ်ဆောင်ကာ လေယာဉ်လက်မှတ် ကြိုတင် ဝယ်ယူလိုက်သည်။
လယ်ယာခြံဝင်းတွင် အနားယူသည်မှာ ကြာပြီဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများလည်း ပြုလုပ်သင့်ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုအခါ သူက ပြင်ပ စွန့်စားရှာဖွေရေး ကဏ္ဍ၏ ထိပ်တန်း လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
သူ့ကို နှစ်သက်သူ အလွန် များပြားပြီး သူ့အပေါ် မျှော်လင့်ချက်များ ထားရှိကြသဖြင့် ဤကဲ့သို့ ရိုးသားစွာ နှစ်သက်ကြသော ပရိသတ်များကိုလည်း ပြန်လည် တုံ့ပြန်ပေးသင့်ပေသည်။
"အလုပ်ဆင်းရမယ့် အချိန် ရောက်ပြီ..."
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
သူ့အတွက်တော့ လယ်ယာခြံဝင်းတွင် နေခြင်းက အလုပ်ဆင်းခြင်း မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူက သူဌေးဖြစ်ပြီး ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နိုင်သည် မဟုတ်ပါလော။
သို့သော် တိုက်ရိုက်ထုတ်လွှင့်ခြင်း ကတော့ အလုပ်ဆင်းခြင်းပင် ဖြစ်သည်။ အကြောင်းရင်းမှာ လူအတော်များများက သူ တစ်ခုခု လုပ်မည်ကို မျှော်လင့်နေကြသဖြင့် ဖိအားများ ရှိလာသောကြောင့် ဖြစ်သည်။
ဆယ်ရက်ခန့် နားပြီး ရက်အနည်းငယ် အလုပ်လုပ်ရခြင်းကလည်း အဆင်ပြေလှပေသည်။
ဘာပဲဖြစ်ဖြစ် အများကြီး မပင်ပန်းလှချေ။
လယ်ယာခြံဝင်း ကိစ္စများကို ရွှီဟုန်ရှန်းကို ယာယီ တာဝန်ယူ ကြည့်ရှုခိုင်းလိုက်သည်။
ရွှီဟုန်ရှန်းကလည်း ကျေနပ်စွာ လက်ခံလိုက်သည်။
နေ့စဉ်နေ့တိုင်း ဝန်ထမ်းများနှင့် စကားစမြည် ပြောဆိုခြင်း၊ အတူတကွ စားသောက်ခြင်းနှင့် တိရစ္ဆာန်များကို ပြုစုပျိုးထောင်ရခြင်းတို့က သူ့အတွက် အလွန် ပျော်ရွှင်စရာ ကောင်းလှပေသည်။
စူပါမားကတ်သို့ ပစ္စည်းဝယ်ရန် သွားလျှင်ပင် မာဝန်နှင့် ဝမ်ဝူတို့ကိုပါ ခေါ်သွားလေ့ ရှိသည်။
အဓိကအားဖြင့် ရွှီယန်က မိဘများကို ငွေကြေး အလုံအလောက် ပေးထားသဖြင့် လူကြီး နှစ်ယောက်မှာ စားဝတ်နေရေး အတွက် လုံးဝ ပူပန်စရာ မလိုဘဲ ဘဝက အတော်လေး သာယာနေပြီ ဖြစ်သည်။
ရွှီယန်က ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။
သူက ယွီဆန်း ရှုခင်းသာ ဧရိယာ တစ်လျှောက်တွင် ရှုခင်းသာ လမ်းကြောင်းကို မလိုက်ဘဲ ကျောပိုးအိတ် လွယ်ကာ တောနက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ဤဘက်တွင် တောင်တန်းများက အဆက်မပြတ် ရှိနေပြီး သစ်ပင် ပန်းမန်များ အလွန် ထူထပ်ကာ အချိန်တို အတွင်း အကုန်လုံး လှည့်ပတ် ကြည့်ရှုရန် မဖြစ်နိုင်သဖြင့် ဧရိယာ တစ်ခု အတွင်းမှာသာ လှည့်ပတ် ကြည့်ရှုပြီး ဤဘက်ရှိ သဘာဝ အလှအပများကို ခံစားကြည့်ရန် ရည်ရွယ်ထားသည်။
သိပ်မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လာခဲ့သည်။
ရွှီယန် လိုက်ဖ်လွှင့်သည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ သတင်းရေပန်းစားမှုက အလျင်အမြန် တိုးတက်လာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ယခင်အတိုင်းပင် စိမ်းလန်းစိုပြည်နေသည်။
တောနက်၏ တိတ်ဆိတ် ငြိမ်သက်မှုကို အပြည့်အဝ ထင်ဟပ်စေသည်။
[လောင်ရွှီ... အခု ဘယ်ကို ရောက်သွားပြန်ပြီလဲ]
[နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပေါ့]
[ဒါက စိုက်ပျိုးရေး တက္ကသိုလ်က ဆရာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ တောင်ထဲ ဝင်သွားပြန်တာလဲ]
[ဆရာကြီး... ဒီတစ်ခေါက် ဘယ်နေရာကို ရောက်နေတာလဲ]
အင်တာနက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အသီးသီး မေးမြန်းနေကြသည်။
ရွှီယန်က သူ ဘယ်နေရာကို ရောက်နေကြောင်းကို လောလောဆယ် မပြောပြသေးချေ။
ဤသို့ လျှို့ဝှက်ထားခြင်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမည် ဖြစ်သည်။
"ဒီနေ့တော့ တောနက်ထဲ ပြန်ရောက်နေပါပြီ... ဒီဘက်မှာ ဇီဝမျိုးစိတ်တွေ တော်တော် များတယ်..."
"ကျွန်တော် အခု ဘယ်နေရာကို ရောက်နေလဲဆိုတာ အားလုံး ခန့်မှန်းကြည့်ကြပါဦး..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို မေးလိုက်သည်။
အားလုံးက ချက်ချင်းပင် ဆွေးနွေးလာကြသည်။
သို့သော် အဖြေမှန်ကို ခန့်မှန်းနိုင်သူ အလွန် နည်းပါးလှပေသည်။
[လောင်ရွှီ... ဇာတ်လမ်း လာမလုပ်နေနဲ့တော့... တကယ် ဘယ်မှာလဲ ပြောပြပါ]
[အဖြေတွေက အရမ်း များလွန်းတယ်... လုံးဝ ခန့်မှန်းလို့ မရဘူး]
အားလုံးက မနေနိုင်ဘဲ တိုက်တွန်းလာကြသည်။
ရွှီယန်က အလျင်မလိုဘဲ တောင်ထဲတွင်သာ လမ်းလျှောက်နေလိုက်သည်။
ဤဘက်ရှိ ရှုခင်းများက တကယ်ကို ကောင်းမွန်လှပေသည်။
သစ်တောများ အလွန် ထူထပ်ပြီး ပန်းများကလည်း အလွန် လှပစွာ ဖူးပွင့်နေကြသည်။
ထို့အပြင် ရွှီယန်က လုံးဝ သတိထားနေသည့် ဟန်ပန် မရှိဘဲ အလွန် သက်သောင့်သက်သာ ရှိနေပုံ ရသည်။
အိုက်လောင်တောင်တန်းနှင့် လုံးဝ ဆန့်ကျင်ဘက် အခြေအနေပင် ဖြစ်သည်။
ထိုစဉ်က အိုက်လောင်တောင်တန်း တောနက်ထဲသို့ ဝင်ရောက်ခဲ့စဉ်က အဆိပ်ငွေ့များနှင့် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများကြောင့် အမြဲတမ်း သတိထားနေခဲ့ရသည်။
ဤဘက်သို့ ရောက်သောအခါ တောင်တန်းများက ပိုမို နူးညံ့သိမ်မွေ့နေသဖြင့် လမ်းလျှောက်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
ရွှီယန်က မြေပုံကို ထုတ်ကြည့်လိုက်ရာ သူက အနက်ရှိုင်းဆုံး နေရာသို့ မရောက်သေးကြောင်း တွေ့လိုက်ရသည်။
ရတနာရှာဖွေရေး တာဝန် သုံးကြိမ်သာ ရှိသဖြင့် သေချာ အသုံးချရမည် ဖြစ်ရာ တောနက်ပိုင်းထဲသို့ သွားရောက်ပြီးမှ တာဝန်များကို လုပ်ဆောင်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရွှီယန်က နေရာသစ် တစ်ခုသို့ ပထမဆုံး အကြိမ် ရောက်ရှိပြီး ရတနာရှာဖွေရေး တာဝန် လုပ်ဆောင်ပါက ဆုလာဘ်များ အမြဲတမ်း အလွန် ကောင်းမွန်လေ့ ရှိပြီး ကျွမ်းကျင်မှု စွမ်းရည်များ ရရှိနိုင်ခြေလည်း ရှိကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။
နေရာ တစ်ခုတည်းတွင် ဆက်တိုက် တာဝန်များ လုပ်ဆောင်ပါက ဆုလာဘ်များက တဖြည်းဖြည်း သာမန် ဖြစ်သွားလေ့ ရှိသည်။
ထို့ကြောင့် ဆုလာဘ်ကောင်းများ ရရှိရန်အတွက် နေရာသစ်များသို့ သွားရောက်ရမည် ဖြစ်သည်။
သူ ဤနေရာသို့ လာရခြင်းကလည်း ရတနာရှာဖွေရေး တာဝန်များ လုပ်ဆောင်ကာ ဆုလာဘ်များ ရယူရန် ရည်ရွယ်ချက် ပါဝင်ပေသည်။
ထိုအချိန်မှာပင် ဘေးနားရှိ သစ်ပင်ပေါ်တွင် မျောက် အချို့ ထွက်ပေါ်လာသည်။
ဤမျောက်များက အညိုနုရောင် ဖြစ်ပြီး ပုံမှန် မျောက်များ၏ ရုပ်ရည်သွင်ပြင် အတိုင်း မျက်နှာနီနီ နှင့် ဖင်နီနီများ ရှိကြသည်။
သူတို့က လူကို လုံးဝ မကြောက်ကြဘဲ ရွှီယန်ကို မြင်သောအခါ သိချင်စိတ်ဖြင့် လိုက်ကြည့်နေကြပြီး တစ်ကောင်ဆိုလျှင် သစ်ပင်ပေါ်မှ ဆင်းလာကာ ရွှီယန်၏ အနားသို့ ကပ်၍ သေချာ ကြည့်ရှုရန်ပင် ကြိုးစားနေသေးသည်။
[မျောက်တွေ ရှိတယ်... ဒါ ဘယ်နေရာလဲ]
[မျောက်လား... ယူနန်ဘက် ဖြစ်ဖို့ များတယ်]
[ချင်လင်းတောင်တန်းဘက် ဖြစ်မလား... အဲဒီဘက်မှာလည်း မျောက်တွေ ရှိတယ်လေ]
[ဒါက သာမန် မျောက်ပဲ... သေချာပေါက် တောင်ဘက်ပိုင်းမှာပဲ ဖြစ်ရမယ်]
ရွှီယန်က အမြဲတမ်း လျှို့ဝှက်ထားတတ်သဖြင့် အားလုံးကလည်း ထပ်မံ ခန့်မှန်းလာကြပြန်သည်။
ရွှီယန်က မှတ်ချက်များကို တစ်ချက် ကြည့်လိုက်ရာ ဘယ်သူမှ မှန်အောင် မခန့်မှန်းနိုင်သေးသည်ကို တွေ့သောအခါ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု တွေးလိုက်မိသည်။
"ဒီမျောက်မျိုးက ဒီဘက်မှာ အတော်လေး များတယ်... တချို့ မျောက်တွေဆိုရင် လူတွေ နေတဲ့ နေရာနဲ့ နီးတဲ့ နေရာတွေမှာ နေကြပြီး လူတွေဆီကနေ အစားအစာ လာတောင်းတတ်ကြတယ်... လူကို နည်းနည်းမှ မကြောက်ကြဘူး..."
"အကောင်ရေ များပေမယ့် သူတို့ကလည်း နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမယ့် တိရစ္ဆာန်တွေပဲလေ..."
"ဒါကြောင့် ကျွန်တော်လည်း သူတို့ကို သွားမစရဲပါဘူး..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောပြလိုက်သည်။
နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမယ့် တိရစ္ဆာန် တဲ့လား...
ဒီမျောက်တွေကလေ...
နည်းနည်းလေးမှတော့ မတူပါဘူး...
ထိုအချိန်တွင် ဆရာကြီး တစ်ယောက်က မျောက်များ၏ ထူးခြားချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ရွှီယန် ရှိနေသော နေရာကို ခန့်မှန်းနိုင်သွားခဲ့သည်။
[လခွမ်း... ဒါ ထိုင်ဝမ်က မျောက်တွေ မဟုတ်ဘူးလား... လောင်ရွှီက ထိုင်ဝမ်ကို ရောက်သွားတာလား]
[သူ ထိုင်ဝမ်ကို ရောက်နေတာလား]
[ထိုင်ဝမ်ပဲ... လောင်ရွှီ မဆိုးဘူးပဲ]
[အရှေ့မြောက်က လူတစ်ယောက် ထိုင်ပေကို ရောက်သွားပြီပေါ့]
မှတ်ချက်များက ချက်ချင်း ပွက်လောညံသွားတော့သည်။
ရွှီယန်က အားလုံး ခန့်မှန်းမိသွားသည်ကို မြင်သောအခါ အမှန်တိုင်း ပြောပြလိုက်တော့သည်။
"ဒီနေရာက ထိုင်ဝမ်ရဲ့ တောနက်ပိုင်း ဖြစ်ပါတယ်... ဒီဘက်က သဘာဝ သယံဇာတတွေ အလွန် ကြွယ်ဝပြီး တောင်တန်းတွေကလည်း ကျယ်ဝန်းသလို သစ်တော ဧရိယာကလည်း ကြီးမားလှပါတယ်..."
"ဒီဘက်မှာ လည်ပတ်ရင်း ရှုခင်းတွေကို ကြည့်ရှုဖို့ ရည်ရွယ်ထားပါတယ်..."
ရွှီယန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
ရှုခင်း ကြည့်မလို့ ဟုတ်လား...
အင်တာနက်သုံးစွဲသူများလည်း ထပ်မံ လေးစားသွားကြပြန်သည်။
အခြားလူများ ဤဘက်သို့ လာပါက ရှုခင်းသာ နေရာများကို လည်ပတ်ကြပြီး လှပသော ထိုင်ဝမ် မိန်းကလေးများ၏ စကားပြောသံများကို နားထောင်လေ့ ရှိကြသည်။
ရွှီယန်ကတော့ တောနက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည် မဟုတ်ပါလော။
သို့သော် အားလုံးကလည်း ဤသို့ဖြစ်ခြင်းကို သဘောကျကြသည်။ အကြောင်းရင်းမှာ ရွှီယန် တောနက်ထဲသို့ ဝင်ရောက်မှသာ သူတို့လည်း တကယ့် တောနက် ရှုခင်းများကို မြင်တွေ့ရမည် ဖြစ်သောကြောင့်ပင်။
သူတို့ ကိုယ်တိုင် ရောက်သွားသကဲ့သို့ပင် ခံစားရစေသည်။
"ဒါတွေက ထိုင်ဝမ် မျောက်တွေပါ... နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမယ့် တိရစ္ဆာန်တွေပေါ့..."
"လူတွေကို လုံးဝ မကြောက်ကြဘူးလေ..."
ရွှီယန်က အိတ်ကပ်ထဲမှ နို့အရသာ ဘီစကွတ် မုန့်တစ်ထုပ်ကို ထုတ်ကာ ဖောက်လိုက်ပြီး ဘီစကွတ် အချို့ကို ယူကာ မျောက်များကို တစ်ကောင်လျှင် တစ်ချပ်စီ ဝေပေးလိုက်သည်။
မျောက်များက ဘီစကွတ် ရသည်နှင့် ချက်ချင်း ပါးစပ်ထဲ ထည့်ကာ အရသာ ခံစားနေကြတော့သည်။
ရွှီယန်ကတော့ လမ်းဆက်လျှောက်သွားခဲ့သည်။
Uncanny Valley Effect ကြောင့် ဖြစ်နိုင်ပေသည်။ ရွှီယန်က မျောက်များကို ချစ်စရာကောင်းသည်ဟု မထင်မှတ်သလို သွားရောက် ကိုင်တွယ်ချင်စိတ်လည်း မရှိချေ။
ရွှေရောင် နှာတိုမျောက်များကတော့ အမွေးများ နူးညံ့ပြီး ကြည့်ရသည်မှာ သွားရောက် ကိုင်တွယ်ချင်စိတ် ဖြစ်ပေါ်စေသည်။
အခြား မျောက်များကိုတော့ မကိုင်တာပဲ ကောင်းပေလိမ့်မည်။
သို့သော် အစားအစာ အချို့ ကျွေးမွေးရခြင်းကတော့ မဆိုးလှချေ။
မျောက်များက ရွှီယန် ထွက်သွားသည်ကို ကြည့်ကာ မျက်ဝန်းများထဲတွင် သိချင်စိတ်များ ပြည့်နှက်နေကြသည်။
ဤနေရာက တောနက်ပိုင်း ဖြစ်ပြီး လူသူ ကင်းမဲ့ကာ အချိန်အကြာကြီး နေမှသာ လူတစ်ယောက် ဝင်လာလေ့ ရှိသည်။
ထို့ကြောင့် သူတို့က ရွှီယန်ကို မြင်သောအခါ အတော်လေး အံ့ဩနေကြခြင်း ဖြစ်သည်။
ယနေ့ တောင်ထဲသို့ ဧည့်သည် တစ်ယောက် ရောက်လာခဲ့လေပြီ။