အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) ထူးခြားသော ရတနာသိုက်နှင့် သယ်သွား၍ မရနိုင်သော ရတနာ
ဤအရာအားလုံး ဖြစ်ပျက်သွားသည့်အချိန်က အလွန် တိုတောင်းလွန်းလှသည်။
ဝက်ဝံမည်းက ရွှီယန်ကို ခုန်အုပ်လာသည် ရွှီယန်က သစ်ပင်ပေါ်တက်သည် ခြေထောက်ဖြင့် ကန်ချပြီး ခေါက်တုတ်ဖြင့် ဒိုင်းဒိုင်း ဆိုကာ နှစ်ချက်ခန့် ရိုက်ချလိုက်သည်။
ဝက်ဝံမည်း ထွက်ပြေးသွားသည့် အချိန်ကျမှသာ အားလုံးက အံ့ဩမှင်တက်နေသည့် အခြေအနေမှ သတိပြန်ဝင်လာကြတော့သည်။
[လခွမ်း... အစ်ကိုယန်]
[အရမ်းမိုက်တာပဲ... တကယ်ကြီး ချလိုက်တာပဲ]
[သူများ ဒုက္ခရောက်တော့မယ် ထင်နေတာ]
[သာမန်လူဆိုရင် လန့်သေနေလောက်ပြီ... အစ်ကိုယန်က တကယ် အမိုက်စားပဲ... အသံတစ်ချက်တောင် မထွက်ဘူးလေ]
[ဒီလောက်တောင် တည်ငြိမ်နေတာလား... အသံအိုး အိမ်မှာ ကျန်ခဲ့လို့လား]
မှတ်ချက်များက အဆက်မပြတ် တက်လာနေသည်။
ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ဤအချိန်တွင်တော့ ဝက်ဝံမည်းက လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေသည်။
ပြေးတော့ ပြေးလာသော်လည်း ခေါင်းက နည်းနည်း နာနေသေးသည်ကို ခံစားနေရဆဲပင် ဖြစ်သည်။
'ငါက ဒီကျွန်းရဲ့ ဘော့စ် မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အရိုက်ခံရပြီး ပြေးလာရတာလဲ... ငါ့မျက်နှာကော မထောက်တော့ဘူးလား'
သို့သော် သေချာ ပြန်စဉ်းစားကြည့်ပြီးနောက် မျက်နှာထက် လုံခြုံရေးက ပိုအရေးကြီးသည်ဟု ဆုံးဖြတ်လိုက်သည်။
ဤခြေနှစ်ချောင်း သတ္တဝါက တကယ်ကို သွားစလို့ရမည့် အကောင် မဟုတ်ချေ။
ရွှီယန်က အပေါ်အင်္ကျီကို ချွတ်ပြီး ကျောပိုးအိတ်ထဲ ထည့်ကာ ခေါက်တုတ်ကိုပါ သိမ်းလိုက်သည်။
"ဒီဘက်က ဝက်ဝံမည်းတွေက တော်တော် လန့်စရာ ကောင်းတာပဲ... ပုံမှန်အားဖြင့် ဝက်ဝံမည်းတွေက အတော်လေး ယဉ်ကျေးပြီး လူကို အရင်စပြီး မတိုက်ခိုက်တတ်ကြဘူး... ဒါပေမဲ့ လူကို တိုက်ခိုက်တဲ့ ကောင်တွေလည်း ရှိပါတယ်... ကျွန်တော် ကံမကောင်းတာလား ဒါမှမဟုတ် ဒီဘက်က ဝက်ဝံမည်းတွေ အကုန်လုံးက ဒီလိုပဲလားဆိုတာတော့ မသိဘူးပေါ့... အားလုံးပဲ တောင်ထဲ ဝင်လို့ ဝက်ဝံမည်းနဲ့ တွေ့ရင် သူက မလိုက်ဘူးဆိုရင် မြန်မြန်သာ ပြေးကြပါ... တကယ်လို့ တအားလိုက်လာတယ် ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့... အမြင့်ကိုသာ ပြေးတက်ကြတော့... ကဲ ဘာမှ မရှိတော့ဘူးဆိုတော့ ခရီးဆက်ကြတာပေါ့"
ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ တောနက်ထဲတွင် ဆက်လက် လမ်းလျှောက်သွားသည်။
[နေပါဦး... တောင်ထဲ ဆက်ဝင်ဦးမလို့လား... ဒီလောက်တောင် သတ္တိကောင်းနေတာလား]
[ဒီလောက်ကိစ္စ ဖြစ်သွားတာတောင် ဘာမှမဖြစ်ခဲ့သလိုပဲလား]
[လောင်ရွှီ... မင်းက တကယ် အမိုက်စားပဲ... အကြောက်တရားဆိုတာ ဘာမှန်းကို မသိတာပဲ]
[သူက အမြဲတမ်း ဒီလိုပဲ သတ္တိကောင်းနေတာလား]
[သူက အမြဲတမ်း သတ္တိကောင်းတယ်ကွ]
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့် ပရိသတ်များက ပွက်လောညံသွားကြသည်။
တောနက်ထဲမှ ရွှီယန်က ပုံမှန်နှင့် လုံးဝ မတူညီသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ပုံမှန် လယ်ယာခြံဝင်း အကြောင်း လိုက်ဖ်လွှင့်သည့် အချိန်များတွင် အင်တာနက်သုံးစွဲသူများက ရွှီယန်ကို အေးအေးဆေးဆေးနှင့် သန့်ရှင်းသပ်ရပ်သော လူငယ်လေး တစ်ယောက်ဟု ထင်မြင်ကြသည်။
သို့သော် တောင်ထဲ ဝင်သွားသည့် အချိန်တွင်တော့ သူက တကယ့် ဆရာကြီး တစ်ယောက်ပင် ဖြစ်သွားတော့သည်။
ရပ်နေသည့် ဟန်ပန်ကို ကြည့်ရုံနှင့်ပင် သူ၏ အစွမ်းကို ခံစားသိရှိနိုင်ပေသည်။
ရွှီယန်က ကျောပိုးအိတ်ကို လွယ်ပြီး တောင်ထဲတွင် ဆက်လက် လမ်းလျှောက်နေသည်။
ဒရုန်း ကင်မရာထဲတွင်တော့ သူက အလွန် ပေါ့ပါးလွတ်လပ်နေပုံ ရသည်။
တစ်ချိန်တည်းမှာပင် ထိုင်ဝမ် အင်တာနက်ပေါ်တွင် တရုတ်ပြည်မကြီးမှ နာမည်ကြီး လိုက်ဖ်လွှင့်သူနှင့် ထိုင်ဝမ် ဝက်ဝံမည်းတို့၏ တိုက်ပွဲ ဟူသော ဗီဒီယိုက နာမည်ကြီးလာပါတော့သည်။
ရွှီယန်က နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်တာကြောင့် ထိုင်ဝမ်တွင်လည်း သူ့ကို သိသည့်သူများ ရှိသည်။ အရမ်း မများသော်လည်း သိသည့်သူများတော့ ရှိနေဆဲပင် ဖြစ်သည်။
ထိုင်ဝမ် အင်တာနက်သုံးစွဲသူ အတော်များများက မှတ်ချက်ပေးသည့် နေရာတွင် ဝင်ရောက် ရေးသားလာကြသည်။
[ဒီလူက ဒီလောက်တောင် စွမ်းတာလား... ဝက်ဝံမည်းနဲ့တောင် ချရဲတယ်... ငါက နောက်နေတာ မှတ်နေတာ]
[သူက အခု ထိုင်ဝမ် ယွီဆန်း တောင်နက်ထဲမှာ ရောက်နေတာ... အရမ်း မိုက်တယ်နော်]
[ဒီလူက ဆရာကြီးပဲ... တောင်ထဲမှာ ကျားတွေ ကျားသစ်တွေ မွေးထားရုံတင် မကဘူး... သားရဲငှက်တွေကိုပါ မွေးထားတာတဲ့]
[သူ သိုင်းတတ်တယ်လို့ ငါထင်တယ်... သိုင်းကြမ်းတွေ ဘာတွေ တတ်တာ နေမယ်]
ယနေ့ ဖြစ်ပျက်သွားသည့် ကိစ္စများက အားလုံးကို မျက်စိပွင့်သွားစေခဲ့သည်။
ထိုင်ဝမ် အင်တာနက်သုံးစွဲသူ အတော်များများက ရွှီယန်၏ ဗီဒီယိုများကို စတင် စောင့်ကြည့်လာကြသည်။
ထို့အပြင် အင်တာနက်ပေါ်မှ မားကက်တင်း အကောင့် အတော်များများကလည်း ရွှီယန်၏ နောက်ဆုံး ဗီဒီယို အပိုင်းအစများကို တည်းဖြတ်ပြီး တင်လာကြသည်။ ဤသည်က နောက်ထပ် ရေပန်းစားမှု တစ်လှိုင်း ဖြစ်လာမှာ သေချာလှပေသည်။
ရွှီယန်က တောနက်ထဲတွင် ဆက်လက် လမ်းလျှောက်နေသည်။
အတော်လေး ရောက်လာပြီ ဖြစ်သဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို သုံးပြီး ရတနာရှာဖွေရေး တာဝန် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
[ရတနာရှာဖွေရေး တာဝန် စတင်ပါပြီ... ပျောက်ဆုံးနေသော ရတနာ]
[တာဝန် ဖော်ပြချက်... မြေအောက်တွင် လုယက်ထားသော ရတနာများ မြှုပ်နှံထားပါသည်... ကျေးဇူးပြု၍ ရှာဖွေပါ]
[တာဝန် ဆုလာဘ်... အပိုဆုလာဘ် မရှိပါ]
[မှတ်ချက်... ရတနာမှာ ကွယ်ဝှက်ထားခြင်း ခံရသဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် ရှာဖွေ၍ မရနိုင်ပါ]
စနစ် မျက်နှာပြင်ပေါ်တွင် တာဝန် အချက်အလက်များ ပေါ်ထွက်လာသည်။
ဤတာဝန်ကို မြင်လိုက်ရချိန်တွင် ရွှီယန်၏ မျက်ဝန်းများထဲ၌ အံ့ဩမှုများ အပြည့် ဖြစ်သွားပါတော့သည်။
'ပျောက်ဆုံးနေတဲ့ ရတနာ... ဒီပုံပြင်တွေက တကယ်ကြီးလား...'
ရွှီယန် လေ့လာဖူးသလောက် ဆယ်စုနှစ်ချီကြာသည့်အထိ ထိုင်ဝမ်တွင် ရတနာရှာဖွေရေး အဖျားရောဂါက ယခုထိ မပျောက်သေးချေ။ လာရှာသည့်သူများ မည်မျှတောင် များနေပြီလဲ မသိနိုင်ပေ။
ဂျပန်များ ဤကျွန်းကို သိမ်းပိုက်ထားသည့် အနှစ် ငါးဆယ် ကာလအတွင်းတွင် ရွှေငွေ ရတနာများ အများကြီး ချန်ထားရစ်ခဲ့သည်ဟု ကောလာဟလများ ထွက်နေခဲ့သည်။
စစ်ရှုံးသည့် အချိန်တွင် အချိန်မီ သယ်မသွားနိုင်ခဲ့သဖြင့် ရတနာ အများအပြားကို ကျွန်း၏ နေရာအနှံ့တွင် မြှုပ်နှံထားခဲ့ကြသည်ဟု ဆိုကြ၏။
ထို့အပြင် စစ်မှတ်တမ်းများအရလည်း ထိုအချိန်က ဂျပန်များက ဤဘက်တွင် တွင်းများတူးပြီး ရတနာများ မြှုပ်နှံခဲ့ကြောင်း ပြသနေသဖြင့် နောက်ပိုင်းတွင် ရတနာရှာဖွေရေး လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဤဘက်ကို လာသည့်သူများက အဆက်မပြတ်ပင် ဖြစ်သည်။
တချို့ဆိုလျှင် ညွှန်ကြားချက်များအတိုင်း ဘူဒိုဇာများ ယူလာပြီး တူးကြသည့်အထိပင် ဖြစ်သည်။
ပထမပိုင်းတွင် သံကြိုးများ သေနတ်များ ယမ်းကြိုးများ စသည့် ပစ္စည်းများ တကယ် တူးရခဲ့ဖူးပြီး အထောက်အထား မှတ်တမ်းများလည်း ရှိပေသည်။
ဒါပေမဲ့ ၎င်းမှာ လက်နက်တိုက် အသေးစားလေး တစ်ခုသာ ဖြစ်ပြီး ရတနာများနှင့်တော့ အများကြီး ကွာဝေးနေပါသေးသည်။
ရွှီယန်လည်း ဤပုံပြင်များကို ကြားဖူးသည်။
သို့သော် တောင်ထဲတွင် ရတနာများ မြှုပ်ရန် အချိန်ကုန်ခံမည့် အစား စောစောစီးစီး သယ်သွားတာက ပိုမိုကောင်းမွန်သည်ဟု ထင်ခဲ့သဖြင့် ဤအရာများက သတင်းအမှားများသာ ဖြစ်မည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
မည်သူက အားယားပြီး တောင်ထဲတွင် ရတနာများ လာမြှုပ်နေမည်နည်း။
ဒါပေမဲ့ သူ မမျှော်လင့်ထားသည်က စနစ်က ရတနာများ တကယ်ရှိသည်ဟု သတိပေးလာခြင်းပင် ဖြစ်သည်။
'ဒါမျိုးတောင် ငါနဲ့ လာကြုံရတယ်ပေါ့... ဆယ်စုနှစ်ချီနေပြီ ဆိုတော့ အဲဒီ ရတနာရှာတဲ့သူတွေ ဒီဘက်ကို အနှံ့ လိုက်ရှာပြီးလောက်ပြီ... ဘယ်သူမှ ရွှေငွေ ရတနာတွေ တွေ့တယ်လို့ မကြားမိပါဘူး... ငါ တွေ့နိုင်ပါ့မလား...'
ရွှီယန်က စိတ်ထဲတွင် အံ့ဩနေမိသည်။
ထို့နောက် ရတနာများ တွေ့ပါက မည်သို့ လုပ်ရမည်ကို သူ ဆက်တွေးနေမိသည်။
ပြန်သယ်သွားရန်ကတော့ သေချာပေါက် မဖြစ်နိုင်ပေ။
သတင်းထုတ်ပြန်၍လည်း မဖြစ်နိုင်ချေ။ တကယ်လို့ ဤရွှေငွေ ရတနာများက စစ်စရိတ်များ ဖြစ်သွားပါက သူက အပြစ်သည် ဖြစ်သွားမည်သာ ဖြစ်သည်။
ဤသည်က တကယ်ကို ကိုင်ရခက်သော ပြဿနာ တစ်ခုပင်။
'အရင် ရှာကြည့်တာပေါ့... ပြီးရင် ကိုယ်တိုင်ပဲ သိထားလိုက်မယ်... ငါ့သက်တမ်းမှာ တိုင်းပြည် ပြန်လည် ပေါင်းစည်းနိုင်ရင် အဲဒီအချိန်ကျမှ သတင်းထုတ်ပြန်ပြီး လက်ဆောင် အနေနဲ့ ပေးလိုက်မယ်...'
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
ထိုင်ဝမ်သို့ လာရင်းနှင့် ဤမျှ ထူးဆန်းသော တာဝန်မျိုးနှင့် ကြုံရမည်ဟု သူ မထင်ထားခဲ့ပေ။
စနစ်က နယ်ပယ်ကို အကြမ်းဖျင်း ပြသပေးထားသဖြင့် ရွှီယန်က ဖုန်းမြေပုံကို ဖွင့်ကြည့်လိုက်သောအခါ စနစ်က အမည်မသိ တောင်ကုန်းငယ်လေး တစ်ခုကို ဝိုင်းပြထားသည်ကို မြင်တွေ့လိုက်ရသည်။
ရတနာများက ထိုတောင်ကုန်းလေး၏ နယ်ပယ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။
တောင်ကုန်းလေးက သူ့နှင့် မဝေးလှဘဲ ရှစ်ကီလိုမီတာ ကိုးကီလိုမီတာခန့်သာ ဝေးကွာသည်။
ရွှီယန်က တောင်ကုန်းလေးဆီသို့ တန်းမသွားဘဲ ဘေးမှ တောအုပ်ဆီသို့ ဦးတည်သွားလိုက်သည်။
ယနေ့တော့ သူ တောင်ထဲတွင် တစ်ညအိပ်ရန် ရည်ရွယ်ထားသည်။
ရာသီဥတုကလည်း ကောင်းနေပြီး သူကလည်း ပိုးကောင်များ မလာနိုင်သူ ဖြစ်သဖြင့် တောင်ထဲတွင် တစ်ညခန့် စခန်းချရန်က လုံးဝ ပြဿနာ မရှိချေ။
ရွှီယန်က ဆက်လက် ခရီးဆက်ခဲ့သည်။
နောက်ပိုင်းတွင်တော့ လေထုက အတော်လေး ပေါ့ပါးသွားခဲ့သည်။
ဝက်ဝံမည်း ကဲ့သို့သော ကြောက်စရာ သားရဲများနှင့် ထပ်မတွေ့ရတော့ပေ။
လမ်းတစ်ဝက်တွင် အဆိပ်ရှိသော မြွေတစ်ကောင်နှင့် တွေ့သော်လည်း ရွှီယန်က ဖမ်းပြီး လွှင့်ပစ်လိုက်သည်။
ဤကိစ္စကလည်း အင်တာနက်သုံးစွဲသူများကို အံ့ဩသွားစေခဲ့ပြန်သည်။
ညနေ လေးနာရီခန့် ရောက်သောအခါ ရွှီယန်က မြေကွက်လပ် တစ်ခုကို ရှာတွေ့ပြီး ရိုးရှင်းသော တဲလေး တစ်ခုကို စတင် ဆောက်လုပ်လိုက်သည်။
တဲဆောက်ပြီးသော အခါတွင် ကျောပိုးအိတ်ကို တဲထဲတွင် ထားလိုက်ပြီး ဆေးဒန်းမှုန့်များ ထုတ်ကာ တဲပတ်ပတ်လည်တွင် တစ်ပတ် ဖြူးထားလိုက်သည်။
"ညဘက် တောင်ထဲမှာ အိပ်ရင် ပထမ တစ်ချက်က ခြင်နဲ့ ပိုးကောင်တွေကို ကြောက်ရတယ်... ဒုတိယက မြွေတွေ ဝင်လာမှာကို ကြောက်ရတယ်... တတိယကတော့ သားရဲတွေပေါ့... ဆေးဒန်းမှုန့် ဖြူးထားရင် မြွေတွေ မလာနိုင်အောင် ကာကွယ်နိုင်တယ်လေ... ခြင်တွေ ပိုးကောင်တွေနဲ့ သားရဲတွေကတော့ ပြဿနာ မရှိပါဘူး... အများအားဖြင့် မလာကြပါဘူး... ဒီညတော့ ဒီမှာပဲ အိပ်မယ်..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ဗဟုသုတ မျှဝေပေးလိုက်သည်။
သူက ဒရုန်းကို အမြင့်ကြီး ပျံတက်ခိုင်းပြီး ပတ်ဝန်းကျင် ရှုခင်းများကို ရိုက်ကူးပြလိုက်သည်။
တဲကို ဗဟိုပြုပြီး ပတ်ပတ်လည်တွင် ထူထပ်သော သစ်တောများ ဝန်းရံနေသည်ကို အင်တာနက်သုံးစွဲသူများ မြင်တွေ့လိုက်ရသည်။ တောင်တန်းများက ထပ်နေပြီး အဆုံးအစမရှိ စိမ်းလန်းစိုပြည်နေသည်။
ဤမြင်ကွင်းက အားလုံးကို အံ့ဩသွားစေခဲ့သည်။
[ဒီလောက် နက်တဲ့ တောကြီးထဲမှာလား... ငါဆိုရင် ဒီလိုနေရာမျိုးမှာ သေချာပေါက် လမ်းပျောက်မှာပဲ]
[ဒီနေရာမှာ စခန်းချတာ အိပ်လို့ပျော်ပါ့မလား]
[သန်းခေါင်ယံမှာ ဝက်ဝံမည်းတွေ ဝင်လာမှာ သတိထားဦးနော်]
[စွန့်စားရှာဖွေသူ တစ်ယောက်က စခန်းထဲမှာ သေဆုံးနေတာကို နောက်တစ်ယောက်က တွေ့တယ်... ဒါပေမဲ့ သူလည်း အပြန်လမ်းမှာ ရေနစ်သေသွားတယ်... တတိယမြောက်လူ တွေ့မှပဲ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်လေးကို သွားသတိရမိတယ်]
[အစ်ကိုယန်ကတော့ တကယ် မိုက်တာပဲ]
ရွှီယန်ကတော့ ဘာမှ မထူးဆန်းသလိုပင် ဖြစ်သည်။
တဲဆောက်ပြီးသည်နှင့် သူက အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်လိုက်သည်။
"ဒရုန်းက ဘက်ထရီ သိပ်မကျန်တော့ဘူး... ဒီနေ့ လိုက်ဖ်ကို ဒီမှာပဲ ရပ်လိုက်ပါမယ်... မနက်ဖြန်မှ ဆက်လွှင့်မယ်နော်... မှောင်တာ နောက်ကျတယ် ဆိုပေမယ့် ဒီနေ့ စောစော အိပ်ရမယ်လေ... မနက်ဖြန် မနက် ရှစ်နာရီလောက် ပြန်စမယ်... လိုက်ဖ် ပိတ်ပြီနော်..."
ပြောပြီးသည်နှင့် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပစ်လိုက်သည်။
သူ့အတွက်တော့ ယနေ့ တောထဲ ဝင်ရသည့် ခရီးစဉ်က ယခုမှ တရားဝင် စတင်ခြင်း ဖြစ်သည်။
အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်သွားကြသည်။
လိုက်ဖ်ပိတ်လိုက်ခြင်းက အလွန် ရုတ်တရက် ဆန်လွန်းနေသည်ဟု ထင်မှတ်သွားကြသည်။
အလွန် အရေးကြီးနေသည့် ပုံစံမျိုးပင် ဖြစ်သည်။
မည်သို့ကြောင့် ရုတ်တရက် ပိတ်သွားရသနည်းဟု စဉ်းစားမရ ဖြစ်ကြသည်။
အားလုံးလည်း ပျင်းပျင်းနှင့် ဗီဒီယိုတိုများ ဆက်ကြည့်နေကြရသည်။ ဗီဒီယို အနည်းငယ် ကြည့်ပြီးသည့် နောက်မှာတော့ ရွှီယန်နှင့် ဝက်ဝံမည်း တိုက်ခိုက်သည့် ဗီဒီယိုကို ပြန်တွေ့ပြီး အချို့က ဝင်ရောက် မှတ်ချက်ပေးကြသည်။
[အဲဒီအချိန်က ငါလည်း ရှိတယ်... အစ်ကိုယန်က အရမ်းမိုက်တယ်]
ရွှီယန်က ကျောပိုးအိတ်ကို တဲထဲတွင် ထားခဲ့ပြီး မြက်ခုတ်ဓား တစ်လက်နှင့် ခေါက်တုတ်ကိုသာ ယူကာ ပေါ့ပေါ့ပါးပါး ထွက်လာခဲ့သည်။
စနစ်က ညွှန်ပြထားသည့် နေရာက အရှေ့ဘက်မှ တောင်ကုန်းလေးပေါ်တွင် ဖြစ်သည်။
တောင်ကုန်းလေးက မမြင့်သော်လည်း ဖွဲ့စည်းပုံက အတော်လေး ရှုပ်ထွေးသည်။
အထဲတွင် ကြီးကြီးငယ်ငယ် လိုဏ်ဂူများ အများကြီး ရှိပေသည်။
တောင်ကုန်း၏ နောက်ဘက်တွင် အပြင်ဘက်သို့ တောက်လျှောက် ထွက်သွားနိုင်သည့် လူသူကင်းမဲ့သော လမ်းလေး တစ်လမ်း ရှိသည်။ ဤသည်က ဤနေရာကို အရင်က လူများ ရောက်ဖူးသည် ဆိုသည်ကို ပြသနေခြင်း ဖြစ်သည်။
မကြာခင်မှာပင် ရွှီယန်က လိုဏ်ဂူတစ်ခုထဲတွင် ပျက်စီးနေသော ပစ္စည်းများကို ရှာတွေ့ခဲ့သည်။ ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်၍ အဝတ်စများက ဆွေးမြည့်နေပြီး သစ်သားများကလည်း ကွဲအက်မှိုတက်ကာ အတော်လေး ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သည်။
ဤဆယ်စုနှစ်များ အတွင်းတွင် ဤဘက်သို့ လာသည့် ရတနာရှာဖွေသူများ အများကြီး ရှိခဲ့မည်သာ ဖြစ်သည်။ အထဲတွင် ဘာမှ မကျန်တော့ချေ။ တကယ်လို့ ပစ္စည်းများ ရှိခဲ့ပါကလည်း စောစောစီးစီး သယ်သွားလောက်ပြီ ဖြစ်သည်။
ရွှီယန်က လိုဏ်ဂူထဲ ဝင်ကြည့်လိုက်ရာ မှိုင်းတိုက်နေသည့် မြင်ကွင်းကိုသာ တွေ့ရသည်။
'ကြည့်ရတာ လျှို့ဝှက် စခန်းတစ်ခု ဖြစ်နိုင်တယ်... ဒါပေမဲ့ အသုံးမပြုတော့တာ ကြာပြီပေါ့... ရတနာတွေသာ ရှိရင် ဒီထဲမှာ သေချာပေါက် ရှိမှာ မဟုတ်ဘူး... မဟုတ်ရင် စောစောစီးစီး တွေ့သွားလောက်ပြီ...'
လူများ၏ ရတနာရှာဖွေနိုင်စွမ်းက အလွန် အားကောင်းသည် ဆိုတာ ရွှီယန် သိသည်။
တကယ်လို့ ဤလိုဏ်ဂူထဲတွင် လျှို့ဝှက်ခန်းများ ဘာများ ရှိပါကလည်း သေချာပေါက် ရှာတွေ့သွားမည်သာ ဖြစ်သည်။
အခြားသူများ၏ ဉာဏ်ရည်ကို အထင်သေး၍ မရနိုင်ချေ။
ရွှီယန်၏ အဓိက အားသာချက်က စနစ် ပါရှိနေခြင်းပင် ဖြစ်သည်။
သူက လိုဏ်ဂူထဲတွင် အကြမ်းဖျင်း လိုက်ကြည့်ပြီး ၎င်းက လျှို့ဝှက်စခန်းတစ်ခု ဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက် ပတ်ဝန်းကျင် မြေပြင်ပေါ်တွင် စတင် ရှာဖွေပါတော့သည်။
ရတနာများက မြေအောက်တွင် ရှိရမည် ဆိုသည်ကို ရွှီယန် သိသည်။
ဤလူများက မြေပြင်တွင် တွင်းတူးပြီး မြှုပ်ထားခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
သို့သော် ဤတွင်းက သေချာပေါက် လျှို့ဝှက်ပြီး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမည် ဖြစ်သည်။ လူများ လုံးဝ ရှာမတွေ့နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်၏။
ရွှီယန်က တောင်ကုန်းကို ပတ်ပြီး နည်းနည်းချင်းစီ ရှာဖွေနေသည်။
သူ မြင်ရသမျှက တောင်ထဲမှ ရှုခင်းများချည်းသာ ဖြစ်သည်။
နောက်ဆုံးတွင်တော့ ရွှီယန်က မြေကွက်လပ် တစ်ခုတွင် ရပ်လိုက်သည်။
ဤနေရာက သာမန် မြက်ခင်းပြင်လေး တစ်ခုသာ ဖြစ်သည်။ ပန်းများ မြက်များ ပိုးကောင်များ ရှိသော်လည်း သစ်ပင်တော့ မရှိချေ။
မည်သူ့မျက်စိနှင့် ကြည့်ကြည့် ဤမြက်ခင်းပြင်က သာမန်ထက်ကို သာမန်ဆန်လွန်းနေသည်။
ဒါပေမဲ့ ရွှီယန် ကတော့ မတူညီသည့် အချက်များကို ခံစားသိရှိနေသည်။
'ဒီနေရာက သစ်ပင်တွေကို တူးထုတ်သွားတာပဲ... ဆယ်စုနှစ်ချီ ကြာလောက်ပြီ ထင်တယ်...'
ရွှီယန်က ပတ်ဝန်းကျင်ရှိ သစ်ပင်များကို စမ်းသပ်ကြည့်ပြီး သစ်ပင်များ၏ သက်တမ်းကို ခန့်မှန်းကာ ဤနေရာကို လူများ ဝင်ရောက် စွက်ဖက်ဖူးသည် ဆိုသည်ကို သိလိုက်သည်။
ဤသို့ လာသည့် ရတနာရှာဖွေသူ အများအပြားကတော့ ဤကဲ့သို့သော ပြောင်းလဲမှုများကို သေချာပေါက် သတိထားမိမည် မဟုတ်ချေ။
'ဒီနေရာမှာပဲ ဖြစ်ရမယ်... ငါ့အတွေ့အကြုံက တကယ်ကို အံ့ဩစရာပဲ... ထိုင်ဝမ်မှာ မြှုပ်ထားတဲ့ ရတနာတွေကိုတောင် ရှာတွေ့သေးတယ်... အဲဒီတုန်းက ဂျပန်တွေ ချန်ထားခဲ့တဲ့ ဟာတွေလား ဆိုတာတော့ မသိဘူး...'
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
သူက ဆောင့်ကြောင့်ထိုင်ချပြီး ဤမြက်ခင်းပြင်ကို ကြည့်နေလိုက်သည်။
သူ့တွင် ကိရိယာများ မရှိသဖြင့် တူး၍ မရနိုင်ပေ။
စမ်းသပ်သည့် အနေဖြင့် မြေကြီး နည်းနည်းကို တူးဆွကြည့်လိုက်သည့် အချိန်မှာပင် ရတနာရှာဖွေရေး တာဝန် ပြီးဆုံးသွားပြီဆိုသော စနစ်၏ အသံ ထွက်ပေါ်လာသည်။
'ရတနာက တကယ်ပဲ ဒီအောက်မှာ ရှိနေတာ...'
ရွှီယန်က အဖြေကို အတည်ပြုလိုက်သည်။
ဤအချိန်မှာပင် စနစ်က ရတနာများမှာ မြေအောက် သုံးမီတာ အနက်တွင် ရှိသော တွင်းတစ်ခုထဲတွင် ရွှေများနှင့် ရှေးဟောင်း ပစ္စည်းများ မြှုပ်နှံထားကြောင်း သတိပေးလာသည်။
'သုံးမီတာ... လက်ဗလာနဲ့တော့ တူးလို့ မရဘူး... ဘူဒိုဇာ ခေါ်မှ ရမယ်... ပြီးတော့ တူးထုတ်လိုက်ရင်တောင် သယ်သွားလို့ မရဘူး... ဒီဘက်က လုံခြုံရေး စစ်ဆေးမှုက အရမ်း တင်းကျပ်တာ... တူးထုတ်လိုက်ရင် သိမ်းခံရဖို့ ရာခိုင်နှုန်း အရမ်းများတယ်... ထားလိုက်ပါတော့... ဒီမှာပဲ ထားလိုက်မယ်... နောက်မှ အခွင့်အရေးရရင် ပြန်လာခဲ့မယ်...'
ရွှီယန်က စဉ်းစားကြည့်ပြီး နောက်ဆုံးတွင်တော့ မတူးတော့ရန် ဆုံးဖြတ်လိုက်သည်။
မတတ်နိုင်ချေ။ သုံးမီတာ အနက်ကို သူ လုံးဝ တူးနိုင်မည် မဟုတ်ပေ။ ဒါကြောင့် ရတနာကို ဤနေရာတွင်ပင် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
နေရာကို သူ သိနေသည်ပင်။ ဤရတနာများ ဘယ်မှ ထွက်ပြေးမသွားနိုင်ချေ။
'နောက်ဆိုရင် ဒါက ငါ့ရဲ့ ရတနာ သိုလှောင်ရုံလေး တစ်ခု ဖြစ်သွားပြီပေါ့... ငယ်ငယ်တုန်းက ချန်ပိုင်တောင်တန်းမှာ တောဟင်းရွက်တွေ မှိုတွေ ပေါက်တဲ့ နေရာတွေကို မှတ်သားထားသလိုမျိုးပဲ... အခု ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရလာတော့ ပြည်တွင်းမှာ ရတနာ သိုလှောင်ရုံတွေကို စပြီး မှတ်သားနေပြီ... နောက်ပိုင်း ကမ္ဘာအနှံ့မှာပါ သွားမှတ်သားဖြစ်ဦးမလား မသိဘူး... အခွင့်အရေးရတဲ့ အချိန်ကျမှ ဒီရတနာတွေကို လာရယူတော့မယ်…’