အခန်း ၈၁
Vol. 9 Ch. 81
အခန်း။ ၈၁
အပြာရောင်နဂါးတာအိုကျောင်းတော်မှ တာဝန်ရှိသူများ မိစ္ဆာလမ်းစဉ်ဂိုဏ်းသားတို့၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး နှစ်ရက်အကြာတွင် သိုင်းလောကမဟာမိတ်အဖွဲ့၏ အဓိကအစည်းအဝေးကို ကျင်းပခဲ့သည်။
မဟာမိတ်အဖွဲ့၏ အကြီးအကဲတို့မှာ အမှန်တရားကို သိရှိလိုစိတ်ဖြင့် ဒေါသတကြီး ရောက်ရှိလာကြသည်။
"ငါတို့ရဲ့မျိုးဆက်သစ် လူငယ်တွေကို အဖူးအညွှန့်ခြေမှုန်းပစ်ခြင်းဘေးကနေ ကင်းဝေးစေဖို့ တာအိုကျောင်းတော်ဆီ ပို့ခဲ့ရတာ ဘာကိစ္စနဲ့များ တာဝန်ရှိသူတွေကို အပြင်ဘက်ကို ထွက်ခိုင်းလိုက်ရတာလဲ"
"မိစ္ဆာလမ်းစဉ်မဟာမိတ်အဖွဲ့က အဲဒီကလေးတွေကိုပဲ ပစ်မှတ်ထားနေတာ မင်းတို့မသိဘူးလား"
"အပြာရောင်နဂါးတာအိုကျောင်းတော် တာဝန်ခံ မင်းမှာ ပါးစပ်ပါရင် တစ်ခုခုပြောစမ်း"
အကြီးအကဲတို့မှာ ထိန်းမနိုင်သိမ်းမရ ဒေါသပေါက်ကွဲကာ အော်ဟစ်လိုက်ကြသည်။
"အားလုံး ကျွန်တော့်ရဲ့ တာဝန်အပြည့်အဝပါပဲ"
ဂွမ်မြောင်သည် သူ့အမှားကို ဝန်ခံကာ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။
"ဒီစကားတစ်ခွန်းနဲ့တင် ပြီးသွားမယ့် ပြဿနာလို့ ထင်နေတာလား"
"မျိုးဆက်သစ် ပါရမီရှင် ၂၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၁၀ ယောက်ကျော်မှာလည်း သိုင်းသမားဘဝကို စွန့်လွှတ်လိုက်ရသလောက် ဖြစ်သွားပြီ။ အဲဒီကလေးတွေက တာအိုသိုင်းလောကရဲ့ အနာဂတ်အတွက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ တာဝန်ခံအနေနဲ့ မသိခဲ့ဘူးလား"
"..."
ဂွမ်မြောင်က တိတ်ဆိတ်စွာပင် ငုံ့နေသဖြင့် အကြီးအကဲတို့၏ အော်ဟစ်သံများမှာ ပိုမိုပြင်းထန်လာသည်။
ထိုအခါ ဂွမ်ဒိုယော့က ဝင်ရောက်ပြောဆို လိုက်သည်။
"အားလုံး ခဏလောက် ငြိမ်ပေးကြပါ"
သူ၏အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ပဲ့တင်ထပ်၍ ဩဇာညောင်းလှသဖြင့် အကြီးအကဲအားလုံး ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ သို့သော် သူတို့၏ မျက်နှာများတွင်မူ အမှန်တရားကို သိလိုသည့် စူးရှသောအရိပ်အယောင်များ လွှမ်းခြုံနေဆဲပင်။
"တာဝန်ခံဂွမ်"
"ဟုတ်ကဲ့ မဟာမိတ်ခေါင်းဆောင်"
"အခြေအနေက ဒီလောက်ထိ ဖြစ်လာမှတော့ အမှန်တရားကို ဖွင့်ဟပြရမယ့်အချိန် ရောက်ပြီထင်ပါတယ်"
"သဘောပေါက်ပါပြီ"
မဟာမိတ်ခေါင်းဆောင်၏ စကားအဆုံးတွင် ဂွမ်မြောင်သည် စုဝေးရောက်ရှိနေကြသော အကြီးအကဲများအား ရည်ညွှန်း၍ ဖြည်းညင်းစွာ စတင်ပြောကြားသည်။
"အမှန်တော့ အပြာရောင်နဂါးတာအိုကျောင်းတော်ရဲ့ ရည်ရွယ်ချက်က ကျန်တဲ့ တာအိုကျောင်းတော်သုံးခုနဲ့ ကွာခြားပါတယ်"
"ကွာခြားတယ်"
"ဘာကိုဆိုလိုတာလဲ"
"အပြာရောင်နဂါးတာအိုကျောင်းတော်က အစကတည်းက အထူးစစ်သည်တော်အဖွဲ့ကို ပြုစုပျိုးထောင်ဖို့အတွက်ပဲ တည်ရှိနေတာပါ"
"အထူးစစ်သည်တော်အဖွဲ့ ဒါပေမဲ့ နတ်ဘုရားလေးပါးအစည်းအဝေးကနေမှ ရွေးချယ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
မဲဟူဂျွမ်၏ မေးခွန်းအပြီးတွင် ဒိုဂူကျောက်မြောင်းက ရှေ့သို့တိုးလာသည်။
"ကျွန်တော်တို့ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက လူရွေးချယ်ရတာ အရမ်းနှေးကွေးတဲ့ အားနည်းချက်ရှိနေတယ်။ ဒါကြောင့် အထူးစစ်သည်တော်အဖွဲ့ကို ပြုစုပျိုးထောင်ဖို့ အပြာရောင်နဂါးတာအိုကျောင်းတော်ကို သီးသန့်ရွေးချယ်ခဲ့တာပါ"
"ဘာလို့ တခြားနေရာမဟုတ်ဘဲ အပြာရောင်နဂါးတာအိုကျောင်းတော်မှာ ဖြစ်ရတာလဲ ပြီးတော့ ငါတို့ကို တစ်လုံးတစ်ခွန်းမှ တိုင်ပင်တာမျိုးလည်း မရှိဘူး"
မဲဟူဂျွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သဖြင့် ဟီဘေပန်မျိုးနွယ်စုမှ အကြီးအကဲ ပန်အိုဆောင်းကလည်း ဝင်ရောက်ထောက်ခံသည်။
"အကြီးအကဲမဲ ပြောတာ မှန်တယ်။ ဒီလောက်ကြီးမားတဲ့ကိစ္စကို အရင်ဆုံး တိုင်ပင်သင့်တာ မဟုတ်ဘူးလား"
သုတို့၏ တပည့်များနှင့် မျိုးနွယ်စုဝင်များကို အပြာရောင်နဂါးတာအိုကျောင်းတော်သို့ ပို့ထားကြသည့် အကြီးအကဲများမှာ ဒေါသထွက်ကာ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်ကြသည်။
ထိုအခါ ဒိုဂူကျောက်မြောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"အဲဒါက..."
"ကျွန်တော် တောင်းဆိုခဲ့တာပါ"
မဟာမိတ်ခေါင်းဆောင်၏ ခွင့်ပြုချက်မရှိဘဲ ဖွင့်၍မရသော အစည်းအဝေးခန်းမကြီး၏ တံခါးမှာ ရုတ်တရက် ပွင့်ဟလာသည်။
"ခင်ဗျားက..."
တံခါးအကြားမှ ထွက်ပေါ်လာသည့် အသက်အရွယ်ရ သက်လတ်ပိုင်းလူသားကို မြင်လိုက်ရသောအခါ အားလုံး၏မျက်နှာတွင် အံ့အားသင့်မှုနှင့် လေးစားမှုတို့ တစ်ပြိုင်နက် ရောထွေးသွားကြသည်။
"အကြောင်းမကြားဘဲ ရောက်လာတာကို ခွင့်လွှတ်ပေးပါ မဟာမိတ်ခေါင်းဆောင်"
"နန်းတော်အရှင်သခင် ကိုယ်တိုင် သိုင်းလောကမဟာမိတ်အဖွဲ့ဆီ ကြွလာလိမ့်မယ်လို့ မထင်ထားမိဘူး"
အဖြူရောင်လအရှင်သခင် ချွန်းယူဆင်။
လက်ရှိကမ္ဘာတွင် သိုင်းပညာအမြင့်မားဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ခံထားရသူ ရောက်ရှိလာခြင်းကြောင့် အစည်းအဝေးခန်းအတွင်း အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားပြီး ထူးဆန်းသော တင်းမာမှုများ လွှမ်းခြုံလာသည်။
ချွန်းယူဆင်သည် အကြီးအကဲများ၏ အကြည့်များကို ဂရုမစိုက်ဘဲ လွတ်နေသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"အပြာရောင်နဂါးတာအိုကျောင်းတော်ကို အထူးစစ်သည်တော်အဖွဲ့ ပြုစုပျိုးထောင်ရာနေရာအဖြစ် သတ်မှတ်ဖို့ အကြံပြုခဲ့တာ ကျွန်တော်ပါပဲ"
"နန်းတော်အရှင်သခင် ကိုယ်တိုင်... တောင်းဆိုခဲ့တာလား"
မဲဟူဂျွမ်၏ မေးခွန်းကို ချွန်းယူဆင်သည် ဖြည်းညင်းစွာ ခေါင်းခါပြလိုက်သည်။
"တောင်းဆိုတာ မဟုတ်ဘူး အမိန့်ပေးခဲ့တာ"
ခန်းမအတွင်း တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။
တာအိုသိုင်းလောက၏ ကိုယ်စားလှယ်ဖြစ်သူ မဟာမိတ်ခေါင်းဆောင် ဂွမ်ဒိုယော့နှင့် အဖြူရောင်လအရှင်သခင်၊ ကမ္ဘာ့အတော်ဆုံးဟု ကျော်ကြားသူ ချွန်းယူဆင်တို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
"သူတောင်းစားဂိုဏ်းက ပေးပို့တဲ့သတင်းအရဆိုရင် မိစ္ဆာလမ်းစဉ်ဂိုဏ်းသားတွေ တာဝန်ရှိသူတွေကို ပစ်မှတ်ထားနေမှန်းသိလျက်နဲ့ အဖြူရောင်လနန်းတော်က ပေးပို့တဲ့ အဖြူရောင်ဓားတပ်ဖွဲ့က ဘာကြောင့် အစကတည်းက ဝင်မကူညီခဲ့တာလဲ"
"ကျွန်တော် အမိန့်ပေးထားတာပါ"
"ဘာအကြောင်းပြချက်ကြောင့်လဲ"
"သူတို့ တကယ့်အထူးစစ်သည်တော်အဖွဲ့ ဖြစ်လာဖို့ဆိုရင် အတွေ့အကြုံက အဓိကပဲ။ ရန်သူက ဘယ်သူတွေလဲ၊ သူတို့ရဲ့ဓားက ဘယ်လောက်ထိ သွေးအေးပြီး ရက်စက်သလဲဆိုတာကို သူတို့ကိုယ်တိုင် ခံစားသိရှိဖို့ လိုအပ်တယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ"
"ဒါဆိုရင်တောင် မဟာမိတ်အဖွဲ့နဲ့ သူတောင်းစားဂိုဏ်းကို ကြိုတင် အသိပေးသင့်တာပေါ့"
"ကျွန်တော် အသိပေးလိုက်ရင်ကော ခင်ဗျားတို့က ကျွန်တော့်ဆန္ဒအတိုင်း လုပ်ပေးကြမှာလား"
ချွန်းယူဆင်၏ မေးခွန်းကြောင့် ဂွမ်ဒိုယော့၏ စကားအသွားအလာ ရပ်တန့်သွားသည်။
"ကျွန်တော် မလုပ်ပေးဘူး"
"ဒါကြောင့်မို့လို့ပဲ ကျွန်တော် အသိမပေးခဲ့တာ"
သည်းမခံနိုင်တော့သည့် မဲဟူဂျွမ်က အော်ဟစ်လိုက်ပြန်သည်။
"နန်းတော်အရှင်သခင် ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် မျိုးဆက်သစ် ပါရမီရှင် ၂၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၃၀ ကျော်ကလည်း..."
"ဒါနဲ့ပဲ"
"ဘာပြောလိုက်တယ်"
ချွန်းယူဆင်သည် မဲဟူဂျွမ်ကို ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"အဲဒီကိစ္စအတွက် ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲလို့ မေးနေတာ"
"ကမ္ဘာ့အတော်ဆုံးလို့ ခေါ်တိုင်း တခြားဂိုဏ်းတွေရဲ့ ကလေးတွေကို အသက်ဆုံးရှုံးအောင် လုပ်ပိုင်ခွင့်ရှိတာ မဟုတ်ဘူး"
"မေ့နေကြပြီလား ကျွန်တော့်ကလေးတွေလည်း အပြာရောင်နဂါးတာအိုကျောင်းတော်မှာ ရှိနေတာပဲ။ အဲဒီအချိန်၊ အဲဒီနေရာမှာ ကျွန်တော့်ကလေးတွေလည်း ရှိနေခဲ့တာပဲ မဟုတ်ဘူးလား"
ဂွမ်မြောင်က ဝင်ဖြေလိုက်သည်။
"မှန်ပါတယ်။ နန်းတော်အရှင်သခင်ရဲ့ သားသမီးတွေဖြစ်တဲ့ ချွန်းဂါဆောင်းနဲ့ ချွန်းယဲရန်းတို့ဟာလည်း အပြာရောင်နဂါးတာအိုကျောင်းတော်မှာ တာဝန်ထမ်းဆောင်နေတာပါ"
သူတို့ကလေးများကိုပင် အန္တရာယ်ကြားသို့ ပို့ထားခဲ့သည်ဟူသော အချက်ကြောင့် မဲဟူဂျွမ်မှာ စကားလုံးများ ဆွံ့အသွားရသည်။
ထိုအချိန်တွင် ချွန်းယူဆင်သည် အစည်းအဝေးခန်းမတစ်လျှောက်ကို အေးစက်စက် အကြည့်လွှဲလိုက်ပြီးနောက် ညင်သာစွာ ပြောဆို လိုက်သည်။
"ကျွန်တော့်ရဲ့ ကလေးတွေဖြစ်တဲ့ ချွန်းဂါဆောင်းနဲ့ ချွန်းယဲရန်းတို့က အဖြူရောင်လနန်းတော်ရဲ့ သိုင်းသမားတွေပါ။ သူတို့နှစ်ယောက်ဟာ ရန်သူနှစ်ရာနီးပါးကို ရင်ဆိုင်ခဲ့ရပေမဲ့ အနည်းငယ်မျှတောင် ဒဏ်ရာမရခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က ရန်သူငါးဆယ်ကျော်ကိုတော့ အသက်ပါအောင် သုတ်သင်ရှင်းလင်းခဲ့ကြတယ်"
ချွန်းယူဆင်၏ မယုံကြည်နိုင်ဖွယ် စကားကြောင့် အကြီးအကဲတို့မှာ စိတ်လှုပ်ရှားကာ ဂယက်ရိုက်သွားကြသည်။
ထိုစကားကို သက်သေပြသကဲ့သို့ ဂွမ်မြောင်ကလည်း ဖြည့်စွက်ကာ ပြောဆို လိုက်သည်။
"ဒါဟာ အမှန်ပါပဲ"
"ဟုတ်တယ်။ ဘာကြောင့် ဒီလိုဖြစ်နိုင်ခဲ့တယ်လို့ ထင်လဲ။ အဖြူရောင်လနန်းတော်က အနာဂတ်စစ်ပွဲအတွက် အချိန်အကြာကြီးကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ကျွန်တော်လည်း ကျွန်တော့်ကလေးတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့တယ်။ ဒါကတော့ အဲဒီရလဒ်ပဲ"
အကြီးအကဲများမှာ စကားမဆိုနိုင်ဘဲ ဆွံ့အသွားကြချိန်တွင် ချွန်းယူဆင်သည် ထိုင်နေရာမှ ထလိုက်သည်။
"ခေတ်ပျက်က သူရဲကောင်းကို မွေးဖွားပေးတတ်တယ်"
ချွန်းယူဆင်၏ ရက်စက်သော အကြည့်များမှာ အစည်းအဝေးခန်းမအတွင်း စုဝေးနေသူအားလုံးဆီသို့ လှည့်လည်သွားသည်။
"ဒါကို နားလည်ရဲ့လား။ ဆိုလိုတာက သူရဲကောင်းတစ်ယောက်ဟာ ခေတ်ပျက်မှသာ ပေါ်ထွက်လာတာ။ ဒါကြောင့် ခင်ဗျားတို့က သူရဲကောင်းတစ်ယောက်ကို လိုချင်တယ်ဆိုရင်..."
သူ၏လက်နှစ်ဖက်ကို ဖြန့်ကားလျက် ချွန်းယူဆင်က ဆက်ပြောသည်။
"ခင်ဗျားတို့ ကိုယ်တိုင် ခေတ်ပျက်ကြီးကို စတင်ဖန်တီးပေးရလိမ့်မယ်"
အပြာရောင်နဂါးတာအိုကျောင်းတော်သို့ ပြန်ရောက်သောအခါ နက်ရှိုင်းသော တိတ်ဆိတ်မှုတို့ လွှမ်းခြုံနေသည်။
တစ်ညတည်းဖြင့် သူတို့နှင့်အတူ ရင်ဆိုင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များ၊ ဆရာသမားများနှင့် ညီအစ်ကိုမောင်နှမများမှာ ကွယ်လွန်သွားခဲ့ကြသည်။
ထို့ကြောင့် အပြာရောင်နဂါးတာအိုကျောင်းတော်တွင် သုံးရက်ကြာသည်အထိ သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးသည့်အနေဖြင့် အချိန်တို့မှာ အေးဆေးစွာ ဖြတ်သန်းကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် မဟာမိတ်အဖွဲ့သို့ သွားရောက်ခဲ့သည့် ဂွမ်မြောင် ပြန်လည်ရောက်ရှိလာသည်။
"အားလုံး စုမိကြပြီလား"
အပြာရောင်နဂါးတာအိုကျောင်းတော်ရှိ တာဝန်ရှိသူအားလုံးကို တစ်နေရာတည်းတွင် စုဝေးစေပြီးနောက် ဂွမ်မြောင်က ဖြည်းညင်းစွာ စတင်ပြောကြားသည်။
"အခုတော့ ခင်ဗျားတို့ အားလုံး သိသင့်ပြီ။ ဒီအပြာရောင်နဂါးတာအိုကျောင်းတော် တည်ရှိနေရတဲ့ အကြောင်းရင်းနဲ့ ဒီနေရာမှာ ရှိနေတဲ့ ခင်ဗျားတို့ အားလုံးရဲ့ ရည်ရွယ်ချက်ကိုပေါ့"
ဂွမ်မြောင်၏ ရှင်းပြချက်ကို ကြားရသောအခါ တာဝန်ရှိသူတို့မှာ အလွန်တုန်လှုပ်သွားကြသည်။
အတွေးနက်နေပုံရသော ဇူဂယ်မင်းက လက်ကိုမြှောက်၍ မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့က အစကတည်းက အထူးစစ်သည်တော်အဖွဲ့ ဖြစ်လာဖို့ စီစဉ်ထားတာပေါ့"
"ဟုတ်တယ်"
"ဒါဆို ဘာလို့ အစကတည်းက ကျွန်တော်တို့ကို မပြောပြခဲ့တာလဲ"
"ခင်ဗျားတို့ အဆင်သင့်ဖြစ်တဲ့အခါ ပြောပြဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်ပျက်သွားခဲ့တယ်"
ဂွမ်မြောင် ပြောနေသည့် မမျှော်လင့်ထားသော အရာမှာ မကြာသေးမီက မိစ္ဆာလမ်းစဉ်ဂိုဏ်း၏ တိုက်ခိုက်မှုဖြစ်ကြောင်း တာဝန်ရှိသူတို့ နားလည်လိုက်ကြသည်။
"မူလကတော့ မဟာမိတ်အဖွဲ့ရဲ့ သိုင်းသမားတွေ၊ သူတောင်းစားဂိုဏ်းနဲ့ အဖြူရောင်လနန်းတော်က အဖြူရောင်ဓားတပ်ဖွဲ့တို့က ခင်ဗျားတို့ကို စောင့်ရှောက်ပေးဖို့ စီစဉ်ထားခဲ့တာပါ"
လူတိုင်း၏ အကြည့်များမှာ အဖြူရောင်လနန်းတော်မှ သိုင်းသမားများဖြစ်ကြသော ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့ထံသို့ သဘာဝအလျောက် ရောက်ရှိသွားသည်။
သူတို့နှစ်ဦး၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။
"ဒါပေမဲ့ တစ်ခုခု လွဲချော်သွားပြီး ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်တဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းအုပ်စုတွေ ပေါ်လာခဲ့တယ်။ အဲဒီအတွက်ကြောင့် တာဝန်ရှိသူ တော်တော်များများ အသက်ဆုံးရှုံးခဲ့ရပြီး ပြန်လည်ကုသ၍မရနိုင်တဲ့ ဒဏ်ရာတွေကိုလည်း ရရှိခဲ့ကြတယ်"
"..."
ဂွမ်မြောင်က လက်ကိုမြှောက်လိုက်သည်။
ထိုအခါ တာဝန်ရှိသူ တစ်ဦးစီ၏ ပစ္စည်းထုပ်များမှာ သူတို့ရှေ့တွင် ပေါ်လာသည်။
"ခင်ဗျားတို့ ထွက်ခွာချင်တယ်ဆိုရင် ကျွန်တော် မတားဆီးပါဘူး။ ကိုယ့်ဂိုဏ်း၊ ကိုယ့်မိသားစုဆီ ပြန်သွားချင်ရင် အခုက အခွင့်အရေးပဲ။ ဒါပေမဲ့ ဒီနေ့ကစပြီးတော့ ခင်ဗျားတို့က အထူးစစ်သည်တော်အဖွဲ့ရဲ့ ထက်မြက်တဲ့ဓားတစ်လက် ဖြစ်လာမှာဖြစ်ပြီး အလယ်ပိုင်းမြေပြင်ကို ခြိမ်းခြောက်နေတဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းကို ရင်ဆိုင်ရတော့မယ်"
ဂွမ်မြောင်သည် စိတ်လှုပ်ရှားနေသော တာဝန်ရှိသူတို့ကို အကြည့်ဖြင့် ဖြတ်သန်းလိုက်သည်။
"သေချာတာတစ်ခုကတော့ ခင်ဗျားတို့က အခုထက် ပိုရက်စက်ပြီး ပိုအန္တရာယ်များတဲ့ လူတွေနဲ့ တိုက်ခိုက်ရမှာဖြစ်ပြီး အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်"
တာဝန်ရှိသူ အချို့မှာ သူတို့၏ ပစ္စည်းထုပ်များကို ကောက်ကိုင်လိုက်ကြသည်။
"ပြန်လမ်းအတွက် စိတ်ပူစရာမလိုပါဘူး။ သိုင်းလောကမဟာမိတ်အဖွဲ့က တာဝန်ယူပြီး ခင်ဗျားတို့ကို မူလနေရာသို့ ဘေးကင်းစွာ ပြန်ပို့ပေးပါလိမ့်မယ်"
"တောင်းပန်ပါတယ်"
ထွက်ခွာလိုသူတို့မှာ ပစ္စည်းများသိမ်းဆည်းကာ တစ်ဦးချင်းစီ ပြန်ထွက်သွားကြသည်။ ထိုသူတို့၏ အရေအတွက်မှာ နှစ်ဆယ်အထိ ရှိသည်။
"ပြန်လိုက်တော့ စီးယု"
အပြာရောင်နဂါးတာအိုကျောင်းတော်၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိလိုက်ရချိန်တွင် သိုင်းပညာမတတ်သည့် စီးယုအတွက် ဤနေရာတွင် နေရာမရှိတော့ပေ။
သူတစ်ပါးအတွက် ဝန်ပိစေလိမ့်မည်ဟု သဘောပေါက်သွားသည့် စီးယုမှာ နာခံစွာဖြင့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
ပစ္စည်းများ သိမ်းဆည်းနေရင်း စီးယုသည် ဂျင်ဆိုဟွန်းက သူ၏ပစ္စည်းများကို သိမ်းဆည်းခြင်းမရှိသည်ကို သတိပြုမိသွားသည်။
"သခင်လေးရော ဘယ်လိုလုပ်မလဲ မိသားစုအိမ်တော်ဆီ ပြန်မသွားတော့ဘူးလား"
"မပြန်ဘူး"
"ဘာကြောင့်လဲ ဒီနေရာက အရမ်းအန္တရာယ်များတယ်လေ"
"ငါ သိပါတယ်။ ဒါကြောင့် အပြာရောင်နဂါးတာအိုကျောင်းတော်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ငါ့မိသားစုကို ဘာမှပြောမပြနဲ့"
"ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါ သခင်လေး။ သခင်လေး တစ်ခုခုဖြစ်မှာ အရမ်းကြောက်လို့ပါ"
"အရမ်း စိတ်မပူပါနဲ့"
"ဒါပေမဲ့..."
ဂွေ့ကျိုးတွင် ကြုံတွေ့ခဲ့ရသော ကြေကွဲဖွယ်ရာ အဖြစ်အပျက်ကြောင့် ဖြစ်ပေမည်။
စီးယု၏ မျက်လုံးနှစ်ဖက်တွင် နက်ရှိုင်းသော ကြောက်ရွံ့မှုတို့ စွဲထင်နေသည်။
ထို့ကြောင့်ပင် ဂျင်ဆိုဟွန်း ဤနေရာတွင် ဆက်နေမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
"သခင်လေးက ကျွန်မရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်နေတာပါ... ကျွန်မမရှိရင် သခင်လေး ဘယ်လိုလုပ်မလဲ"
"ဒီသခင်လေးက ကလေးမဟုတ်တော့ပါဘူး။ ပြီးတော့ ဒီစာကို ဂါဟွန်းဆီ ပေးလိုက်နိုင်မလား"
ဂျင်ဆိုဟွန်း ပေးလိုက်သော စာကို စီးယုက လှမ်းယူလိုက်ပြီး ရင်ခွင်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
"ကောင်းကောင်းနေခဲ့ပါ သခင်လေး"
ဂျင်ဆိုဟွန်းက စီးယု၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ထိုအချိန်တွင် စီးယု၏မျက်လုံးများမှ မျက်ရည်စက်များမှာ ဆန်စေ့ခန့်ပင် ကျလာသည်။ ဂျင်ဆိုဟွန်းကို မည်သို့ပင် ချော့မော့၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် စီးယုသည် ရိုသေစွာဖြင့် ခေါင်းငုံ့လိုက်သည်။
"သခင်လေး ဘေးကင်းစွာနဲ့ ပြန်လာခဲ့ပေးပါနော်"
"ဟုတ်ပါပြီ ပြန်လာခဲ့ပါ့မယ်"
စီးယုသည် ပစ္စည်းထုပ်ကို လွယ်ပိုးကာ ပြန်လည်ထွက်ခွာရန် ခြေလှမ်းလိုက်ချိန်တွင် ယင်းကို ကြည့်နေသော ဂျုံရိုအာက ငြီးငွေ့ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်သည်။
"ပြန်တော့မလို့လား"
"ဟုတ်ကဲ့။ ကျွန်မကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးဂျုံလည်း ဂရုစိုက်ပါဦး"
"...ငါ့အကြောင်း စိတ်မပူနဲ့ သွားစရာရှိတာ သွားတော့။ မင်းကို လိုက်မပို့နိုင်ဘူး"
ဂျုံရိုအာက တစ်ဖက်သို့ လှည့်သွားချိန်တွင် စီးယုသည် ခေါင်းငုံ့၍ နှုတ်ဆက်လိုက်သည်။ ချွန်းယဲရန်းနှင့် မူရုံဆူဆူတို့အား နှုတ်ဆက်စကားဆိုပြီးနောက် စီးယုသည် ဂျင်ဆိုဟွန်းကို နောက်ဆုံးအကြိမ်အဖြစ် ငေးကြည့်နေမိသည်။
၎င်းကို သတိပြုမိသွားသော ဂျင်ဆိုဟွန်းက လက်ကို ခပ်ပါးပါး ဝှေ့ယမ်းပြလိုက်သည်။
သခင်လေး... ဘေးကင်းစွာနဲ့ ပြန်လာခဲ့ပေးပါ။
နောက်ဆုံးနှုတ်ဆက်စကားကို ဆိုပြီးနောက် စီးယုသည် ပြန်လည်ထွက်ခွာမည့် အဖွဲ့နှင့်အတူ တာအိုကျောင်းတော်မှ ထွက်ခွာသွားတော့သည်။
ထို့နောက် ကျန်ရှိနေသော တာဝန်ရှိသူတို့ကို ကြည့်နေသည့် ဂွမ်မြောင်က တိုးညှင်းစွာ ပြောလိုက်သည်။
"နောက်ထပ် အချိန်တစ်ခါ ပေးမယ်။ အဲဒီအချိန်အတွင်းမှာ မထွက်သွားဘူးဆိုရင် ခင်ဗျားတို့ကို အထူးစစ်သည်တော်အဖွဲ့ရဲ့ ထက်မြက်တဲ့ဓားအဖြစ် သတ်မှတ်လိုက်မယ်။ အဲဒီနောက်ပိုင်းမှာတော့ သီးသန့်ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာခွင့် ရှိတော့မှာ မဟုတ်ဘူး"
ဂွမ်မြောင်၏ စကားအဆုံးတွင် တာဝန်ရှိသူ နှစ်ဦး ပစ္စည်းထုပ်များ သိမ်းဆည်းကာ ထွက်ခွာသွားကြသည်။
ယခုအခါ လူသုံးဆယ်သာ ကျန်ရှိတော့သည်။
သူတို့အထဲတွင် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆုံးရှုံးခဲ့ရသည့် သိုင်းသမားများလည်း ပါဝင်သည်။
ဂွမ်မြောင်သည် အထူးစစ်သည်တော်အဖွဲ့၏ ထက်မြက်တဲ့ဓားအဖြစ် ဆက်လက်နေထိုင်လိုသော သူတို့ကို ပတ်ကြည့်လိုက်သည်။
"ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ်၊ ပိုမိုသန်မာလာဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်စားချေဖို့ပဲဖြစ်ဖြစ်... ခင်ဗျားတို့ ဘာကြောင့် အပြာရောင်နဂါးတာအိုကျောင်းတော်မှာ ဆက်နေခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော် လိုချင်တာ တစ်ခုပဲ ရှိတယ်"
ကျန်ရှိနေသော တာဝန်ရှိသူများနှင့် ဂွမ်မြောင်တို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
"သန်မာအောင်လုပ်ပါ။ မိစ္ဆာလမ်းစဉ်ဂိုဏ်းနဲ့ မိစ္ဆာလမ်းစဉ်မဟာမိတ်အဖွဲ့တို့ကို နင်းခြေနိုင်လောက်အောင်ထိ သန်မာအောင် လုပ်ကြ"
ညဉ့်နက်သန်းခေါင်ယံ လူတိုင်း အိပ်မောကျနေချိန်တွင် အိပ်မပျော်နိုင်သူ နှစ်ဦး ရှိနေသည်။
"အိပ်စက်ခြင်းဆိုတာ ခွန်အားပြန်ဖြည့်တဲ့ ဆေးတစ်မျိုးဆိုတာ မကြားဖူးဘူးလား။ ဒီအဘိုးကြီးရဲ့ အိပ်ချိန်ကို လာနှောင့်ယှက်ရသလား"
"တောင်းပန်ပါတယ်။ ဒီလိုကိစ္စမျိုးအတွက် အဘိုးအိုက လွဲရင် တခြားတိုင်ပင်စရာ မရှိလို့ပါ"
"ဟဲဟဲ... မာနကြီးတဲ့ ကောင်စုတ်လေး။ ငါ့နောက်ကို လိုက်ခဲ့"
ဂူဂျူးချောသည် ဂျင်ဆိုဟွန်းကို ခေါ်ဆောင်၍ မှောင်မိုက်သောဂူထံသို့ ဦးတည်သွားသည်။ သော့ခတ်ထားသော ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလင်းရောင်စက်မျှမရှိသော အမှောင်ထုတို့က ဖုံးလွှမ်းသွားသည်။
"အခု မင်းရဲ့ ကြောက်စိတ်က ဘာလဲ"
စိတ်အာရုံလှည့်စားခြင်းအစီအရင်အတွင်းသို့ ခြေချလိုက်သော ဂျင်ဆိုဟွန်း၏ ရှေ့မှောက်တွင် အဖြူရောင်
ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်သိုင်းသမားတို့၏ အလောင်းများ ပေါ်လာသည်။
သေခြင်းတရားကြားတွင် ဂျင်ဆိုဟွန်းသည် မျက်လုံးများကို ပိတ်ထားလိုက်သည်။
"သေခြင်းတရား"
"သေခြင်းတရားလား မထင်မှတ်ထားဘူး။ မင်းက သေမှာကို ကြောက်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
ဂျင်ဆိုဟွန်းသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"သေမှာကို မကြောက်တဲ့သူ ရှိလို့လား"
"လိမ်ပြောနေတာ"
ဂူဂျူးချောသည် ရယ်ကျဲကျဲလုပ်ကာ ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။
"မင်း သေမှာကို မကြောက်ပါဘူး။ မင်းက တခြားသူတွေ သေမှာကိုပဲ ကြောက်နေတာပါ။ သိုင်းလောကမှာ နှစ်ပေါင်းများစွာ လှည့်လည်လာခဲ့တဲ့ ငါ့ရဲ့သက်တမ်းမှာ မင်းလိုလူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး"
"ကျွန်တော်က သာမန် တတိယတန်းစား သိုင်းသမားလေးတစ်ယောက်ပါ။ သက်ရှည်ကျန်းမာစွာနဲ့ နေသွားဖို့ပဲ အိပ်မက်မက်နေတဲ့ ပျင်းရိတဲ့လူတစ်ယောက်ပါ"
"အဓိပ္ပာယ်မရှိတာ"
ဂူဂျူးချောက သူ၏ကွေးညွတ်နေသော ဓားကို လက်တွင် ဆုပ်ကိုင်လိုက်သည်။
"မင်း အခု ဒေါသထွက်နေတာပဲ။ မင်းကိုယ်တိုင်က ငြင်းဆန်နေတာပါ"
ပျံသန်းသောဓားနှစ်လက်ကို ထုတ်လိုက်သည့် ဂျင်ဆိုဟွန်းက ခေါင်းညိတ်လိုက်သည်။
"အဘိုးပြောတာ မှန်ပုံပဲ"
ဂျင်ဆိုဟွန်း၏ ဒေါသမှာ အလွန်အေးစက်နေသည်။
အပြင်ပန်းတွင် မပေါ်လွင်စေသော်လည်း သူ၏ ဒေါသသည် ခန့်မှန်းရခက်လောက်အောင် နက်ရှိုင်းလှသည်။
"ဘာလို့ ဒေါသထွက်နေတာလဲ"
"မမျှတလို့ပါ"
"မမျှတဘူး"
"ကျွန်တော်က ကုန်သည်တစ်ယောက်ရဲ့ သားပါ။ ကုန်သွယ်မှုရဲ့ အခြေခံ သီအိုရီဆိုတာ တန်ဖိုးချင်း တန်းတူလဲလှယ်တာပဲလေ။ ဒါပေမဲ့... မိစ္ဆာလမ်းစဉ်ဂိုဏ်းလို့ ခေါ်နေကြတဲ့ လူတွေကတော့ တခြားသူတွေရဲ့ အသက်ကို ဘာတန်ဖိုးမှ မထားဘဲ အဓမ္မ လုယူသွားကြတယ်..."
"ဒီကမ္ဘာကြီးဆိုတာ...အစကတည်းက မမျှတတဲ့ နေရာတစ်ခုပဲကွ။ တန်ဖိုးချင်း တန်းတူလဲလှယ်တယ်ဆိုတာ... အာဏာရှိတဲ့သူတွေပဲ လုပ်နိုင်တဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခုသက်သက်ပဲ။ မင်းက ဒီလို ကမ္ဘာမျိုးကို မကြိုက်ဘူးလား..."
"အဲလောက်ကြီးအထိတော့... မကြိုက်ပါဘူး..."
"ဒါဆိုရင်လည်း... မင်းကိုယ်မင်း သန်မာအောင် လုပ်စမ်းပါ။ နောက်ဆုံးတော့... အမိန့်အာဏာနဲ့ စည်းမျဉ်းတွေကို ဖန်တီးပေးရတာက... သန်မာတဲ့သူတွေရဲ့ တာဝန်ပဲ မဟုတ်လား..."
ဝူး... ဝှီး
ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက မှောင်မိုက်သောဂူအတွင်း ပြည့်နှက်သွားသည်။
သူသည် မကောင်းဆိုးဝါး ခုနစ်ပါးဟု အမည်တွင်ခဲ့သည့် ကာလများသို့ ပြန်ရောက်သွားသည့်အလား ရှိနေသည်။
သူ၏အစွမ်းကို အပြည့်အဝ ထုတ်ဖော်လိုက်သော ဂူဂျူးချောသည် အပြာရောင်နဂါးတာအိုကျောင်းတော်မှ တာဝန်ရှိသူတို့၏ ဆရာတစ်ယောက် မဟုတ်တော့ပေ။
"အခုချိန်ကစပြီး မင်းမှာရှိသမျှ အစွမ်းတွေကို အကုန်ထုတ်ရလိမ့်မယ်"
ဂူဂျူးချော ထုတ်လွှတ်လိုက်သော အငွေ့အသက်များဖြင့် ဂူတစ်ခုလုံး ပြည့်နှက်နေသည်။ လေထုမှာ လေးလံလာသည်ကို ခံစားမိလိုက်သည့် ဂျင်ဆိုဟွန်းသည် သူ တကယ်ပင် အလေးအနက်ဖြစ်နေမှန်း သိလိုက်ရသည်။
"ကျွန်တော်... ကျွန်တော် မှားသွားပြီထင်တယ်။ ဒီမှာတင်ပဲ ရပ်လိုက်ကြမလား"
"မင်း ငါ့ကို ဒီလောက်ထိ စိတ်လှုပ်ရှားအောင် လုပ်ထားပြီးတော့မှ ဒီအတိုင်း အဆုံးသတ်ချင်တယ်ပေါ့လေ ငါတော့ အဲဒီလို ဖြစ်ခွင့်မပေးနိုင်ဘူး"
ဂူဂျူးချော၏ သတ်ဖြတ်လိုသည့်စိတ်မှာ ပိုမိုပြင်းထန်လာသည်။
တစ်ကိုယ်လုံးကို ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ ပူလောင်ပြီး ထက်မြက်သော အငွေ့အသက်များကြောင့် ဂျင်ဆိုဟွန်းသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ငါ မှားသွားပြီ။ ဒီအဘိုးကြီးကို မခေါ်ခဲ့သင့်ဘူး"
ဂျင်ဆိုဟွန်းသည် သူ၏ ပျံသန်းသောဓားနှစ်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
မကြာမီပင် ထိုသိုင်းသမားနှစ်ဦးသည် မှောင်မိုက်သောဂူအတွင်း အပြင်းအထန် တိုက်ခိုက်ကြတော့သည်။