← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း။ ၈၃

ဂျင်ဆိုဟွန်းကို မင်းသတ်တော့မယ်... ဒါက ဘာကိုဆိုလိုတာလဲ။

ကျွန်တော် ပြောတဲ့အတိုင်းပါပဲ။

သူပိုင်ဆိုင်ထားတဲ့ စစ်မှန်တဲ့အစွမ်းကို ထုတ်ယူဖို့ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားရမှာပါ။

ရယ်စရာကောင်းတာက ဂျင်ဆိုဟွန်းဆိုတဲ့လူက သာမန်လေ့ကျင့်ခန်းမျိုးမှာ သူ့ရဲ့အစွမ်းအပြည့်ကို ထုတ်မသုံးနိုင်ပါဘူး။

ဒါပေမဲ့ ဒါက အရမ်းကို စွန့်စားလွန်းပါတယ်။ ဂျင်ဆိုဟွန်းက ပျံသန်းသောဓားသူရဲကောင်းရဲ့ တပည့်ဖြစ်ပေမဲ့... သူ သိုင်းလေ့လာတာ ခြောက်နှစ်ပဲ ရှိသေးတယ်လေ...

ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ ကျွန်တော့်ကို ယုံကြည်ပေးပါ။

အံ့အားသင့်ဖွယ်ကောင်းစွာပင် ဂူဂျူးချောသည် သူထိုင်နေသော ကုလားထိုင်မှ ထကာ ဂွမ်မြောင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။

အံ့အားသင့်သွားသော ဂွမ်မြောင်က အမြန်ထရပ်ပြီး ဂူဂျူးချောကို ပွေ့ဖက်၍ ထူမရန် ကြိုးစားသည်။ သို့သော် ဂူဂျူးချောက သူ့ကို တားမြစ်လိုက်ပြီး ပြောသည်။

ကျွန်တော် ကမ္ဘာကြီးအပေါ်မှာ အကြွေးကြီးကြီးမားမား တင်ရှိနေပါတယ်။ ကျွန်တော်သွန်းလောင်းခဲ့တဲ့ သွေးတွေက ဘယ်လောက်ပဲ ဆေးကြောပါစေ လုံးဝမစင်ကြယ်နိုင်တဲ့အရာတွေပါ။ ဒါကြောင့် ဒီတစ်ကြိမ်လေးတင်... ကမ္ဘာကြီးအပေါ် ကျွန်တော် ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နည်းနည်းလေးပဲဖြစ်ဖြစ် အပြစ်ဖြေခွင့်ပြုပါ။

ဂျင်ဆိုဟွန်းသာ သေသွားရင် မင်း ဘာလုပ်မှာလဲ။

ဒါဆိုရင်တော့ ကျွန်တော့်အသက်နဲ့ အပြစ်ဖြေပါ့မယ်။

သူ့ကို စိုက်ကြည့်နေသော ဂူဂျူးချော၏ မျက်ဝန်းများကို ကြည့်လိုက်သည့်အခါ ဂွမ်မြောင်သည် သူ့ကို တားဆီး၍မရနိုင်ကြောင်း သဘောပေါက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

အချိန် ဘယ်လောက် ပေးရမလဲ။

ခြောက်နာရီပါ။ အဲဒီအချိန်အတွင်းမှာပဲ ရလဒ်ထွက်လာပါလိမ့်မယ်။

သဘောပေါက်ပါပြီ။ အဘိုးကို ယုံကြည်ပါတယ် အဘိုးအို။

ကျေးဇူးတင်ပါတယ်။

ယုံကြည်ပေးမည်ဟု ပြောခဲ့သော်လည်း ပိတ်ထားသော မှောင်မိုက်သောဂူကို ကြည့်နေသည့် ဂွမ်မြောင်၏ အကြည့်များမှာ အလွန်ပင် ရှုပ်ထွေးဝေဝါးနေသည်။

သို့သော် ယခုအချိန်တွင် ဂွမ်မြောင် လုပ်နိုင်သည်မှာ စောင့်ဆိုင်းခြင်းသာ ရှိတော့သည်။

"ကျေးဇူးပြုပြီး... အဘိုးဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပါစေလို့..."

ပထမဆုံး စတင်လိုက်သည်မှာ ဂျင်ဆိုဟွန်း၏ ပျံသန်းသောဓားဖြစ်သည်။

တစ်ကြောင်းတည်းခွဲ လျှပ်စီးကြောင်းစွမ်းအားဖြင့် ရောယှက်ထားသော ပျံသန်းသောဓားနှစ်လက်သည် ဂူဂျူးချောထံသို့ ဦးတည်သွားသည်။ သာမန်သိုင်းသမားများဆိုလျှင် ရင်ဆိုင်ရန်ပင် မဝံ့ရဲသည့် ထိုလျှပ်စီးကြောင်းနှစ်ခုကို ဂူဂျူးချောက ဓားဖြင့် ခပ်ပေါ့ပေါ့ ဝှေ့ယမ်းကာ ရိုက်ထုတ်လိုက်သည်။

ဓားအရှိန်အဝါလား။

ဂူဂျူးချော၏ ဓားသွားမှ ထွက်ပေါ်လာသော အနက်ရောင် အရှိန်အဝါကို ဂျင်ဆိုဟွန်း သတိပြုမိလိုက်သည်။ ဓားကို ဖုံးလွှမ်းထားသော ထိုအနက်ရောင်အရှိန်အဝါက ထိတ်လန့်ဖွယ်ကောင်းစွာ တုန်ခါနေသည်။

"ဒီလို စမ်းသပ်တိုက်ခိုက်နေတာတွေ လုံလောက်ပြီ မဟုတ်ဘူးလား"

ဂူဂျူးချောသည် ဓားကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ဓားသွားမှ ပေါက်ကွဲထွက်လာသော အနက်ရောင်ဓားအရှိန်အဝါက ဂျင်ဆိုဟွန်းကို ဖုံးလွှမ်းသွားသည်။

၎င်း၏အရှိန်မှာ မြန်ဆန်လွန်းသဖြင့် ဂျင်ဆိုဟွန်းမှာ ရှောင်တိမ်းရန် တစ်ကိုယ်လုံးကို အစွမ်းကုန် လှုပ်ရှားလိုက်ရသည်။

ချွမ်း….

ဓားအရှိန်အဝါသည် မြေပြင်ကို အက်ကွဲသွားစေပြီး လေထုကိုပင် စုတ်ပြဲသွားစေသည်။ ဂူဂျူးချော၏ဓားကို အနိုင်နိုင် ရှောင်တိမ်းလိုက်ရသော ဂျင်ဆိုဟွန်းမှာ ချွေးများဖြင့် စိုရွှဲနေသည်။

ဒါက ခုနက အခြေအနေတွေနဲ့ လုံးဝမတူဘူး။ အဘိုးအိုဂူ တကယ်ကို ဟာကွက်အကွက်မရှိ တိုက်ခိုက်နေတာပဲ။

ကန်ချွန်း ယခင်က လုပ်ခဲ့ဖူးသကဲ့သို့ပင် ဂူဂျူးချောသည်လည်း ဂျင်ဆိုဟွန်းကို အစွမ်းကုန် တိုက်ခိုက်နေသည်။

သူ၏ဓားမှာ ဂျင်ဆိုဟွန်းကို အစွဲအလမ်းကြီးစွာ လိုက်လံတိုက်ခိုက်နေသည်။ ဓားချက် ငါးချက်မှာ တစ်ဆယ့်ငါးချက်အထိ ကွဲထွက်သွားပြီး ဂျင်ဆိုဟွန်း၏ လွတ်မြောက်နိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

"ချွမ်းးး"

ဂျင်ဆိုဟွန်းသည် ပျံသန်းသောဓား ခြောက်လက်ကို ထုတ်ယူကာ ရှေ့မှ ရောက်လာသော ဂူဂျူးချော၏ ဓားအရှိန်အဝါကို ရင်ဆိုင်လိုက်သည်။

ဖောက်ထွက်နိုင်တဲ့အစွမ်းကို တစ်နေရာတည်းမှာပဲ စုစည်းရမယ်။

ဓားအရှိန်အဝါအားလုံးကို တားဆီးရန်မှာ မဖြစ်နိုင်ပေ။

ဂျင်ဆိုဟွန်း၏ ရွေးချယ်မှုမှာ တစ်ချက်တည်းဖြင့် ဖောက်ထွက်ရန် ဖြစ်သည်။

သူသည် ပျံသန်းသောဓား ခြောက်လက်ကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။ သု့အသက်ကို အပေါင်ထားထားသည့် ဂျင်ဆိုဟွန်း၏ စွမ်းအားက ရောက်ရှိလာသော ဓားအရှိန်အဝါ မုန်တိုင်းဆီသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း ဘုန်….

ပေါက်ကွဲသံများ အကြိမ်ကြိမ် ပေါ်ထွက်လာပြီးနောက် ဂူဂျူးချော၏ ဓားအရှိန်အဝါကို ရင်ဆိုင်နေသော ပျံသန်းသောဓားများမှာ တစ်ခုပြီးတစ်ခု လွင့်စင်သွားသည်။

တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု….

လွင့်စင်သွားသော ပျံသန်းသောဓား အရေအတွက်ကို ရေတွက်နေသည့် ဂျင်ဆိုဟွန်းသည် သတ္တမမြောက် ပျံသန်းသောဓားကို လက်တွင်ကိုင်ကာ ကိုယ့်ကိုကိုယ် ပစ်လွှတ်လိုက်သည်။

ပျံသန်းသောကောင်းကင်ဓား ဆယ်လက်… လျှပ်စီးလက်….မိုးခြိမ်းသံ အရှိန်…

အပြာရောင် လျှပ်စီးစွမ်းအားဖြင့် ရောယှက်ထားသော သတ္တမမြောက် ပျံသန်းသောဓားသည် ပြင်းထန်သော မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်လာသည်။ တစ်ပြိုင်နက်တည်းတွင် ဆဋ္ဌမမြောက် ပျံသန်းသောဓား လွင့်စင်သွားပြီး သတ္တမမြောက်ဓားက ထိုနေရာကို အစားထိုး ဝင်ရောက်လာသည်။

ချွမ်း..

ဓားချက်အချို့ကြောင့် အက်ကွဲနေသော ဂူဂျူးချော၏ ဓားအရှိန်အဝါမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ လွင့်စင်သွားသည်။

အပြာရောင် လျှပ်စီးဓားသည် နောက်ကွယ်တွင် ဖန်တီးထားသည့် လမ်းကြောင်းအတိုင်း ရှေ့သို့ တိုးဝင်သွားသည်။

"ဟူး….ဟား"

ဂူဂျူးချောသည် ကြမ်းတမ်းသော အော်ဟစ်သံနှင့်အတူ သူ၏ဓားကို သတ္တမမြောက် ပျံသန်းသောဓားဆီသို့ ဝှေ့ယမ်းလိုက်သည်။ အပြာရောင် လျှပ်စီးဓားနှင့် အနက်ရောင်ဓားတို့ တိုက်မိကြသည်။ အနိုင်ရသူမှာ ဂူဂျူးချော၏ စွမ်းအားတစ်ခုလုံး ပါဝင်နေသော အနက်ရောင်ဓားပင်။

သတ္တမမြောက် ပျံသန်းသောဓား လွင့်စင်သွားသည်ကို ကြည့်နေသော ဂျင်ဆိုဟွန်းမှာ မောပန်းစွာ အသက်ရှူနေသည်။ တိုက်ပွဲစတင်သည်မှာ အချိန်ဝက်မျှပင် မရှိသေးသော်လည်း သူ၏လည်ချောင်းမှာ ခြောက်ကပ်နေပြီဖြစ်သည်။

"အခု တစ်ဝက်လောက် ရှိပြီလား"

အသက်ရှူ မှန်အောင်လုပ်နေသော ဂျင်ဆိုဟွန်းဆီသို့ ဂူဂျူးချောက လျင်မြန်စွာ ချဉ်းကပ်လာသည်။ အနက်ရောင် ဆိုးရယ်ထားသော ဓားသည် လေဟာနယ်ကို ဖြတ်တောက်သွားသည်။ ၎င်းမှာ ဂျင်ဆိုဟွန်း တစ်စက္ကန့်အထိ ရပ်နေခဲ့သည့် နေရာပင်။

သူက အတွင်းအားကို ထိန်းချုပ်နေတာလား။

ဂူဂျူးချော၏ ထက်မြက်သော အမြင်အာရုံနှင့်ပင် မမီလိုက်နိုင်သော အလွန်လျင်မြန်သည့် လှုပ်ရှားမှုပညာပင်။

ယခုတွင်မူ ဂျင်ဆိုဟွန်းသည် ထိုမျှလောက် အရှိန်အဟုန်မျိုးကို မပြသတော့ပေ။ သူသည် အတွင်းအားကို ထိန်းချုပ်နေသကဲ့သို့ ဂူဂျူးချော၏ တိုက်ခိုက်မှုများကို ဆံခြည်တစ်မျှ အကွာအဝေးဖြင့်သာ ရှောင်တိမ်းနေသည်။

"ဘယ်လောက်တောင် မောက်မာလိုက်သလဲ။ ငါ မင်းကို တကယ် မသတ်ဘူးလို့ ထင်နေတာလား"

ဂျင်ဆိုဟွန်းမှာ ပြန်ဖြေရန်ပင် အချိန်မရှိတော့ပေ။ ဂူဂျူးချော၏ဓားမှာ အသက်ပင် ဝအောင်မရှူရသေးခင်မှာပင် ရောက်ရှိလာခဲ့သောကြောင့်ပင်။

ဒါ အရူးပဲ။

ဂျင်ဆိုဟွန်း ဆုတ်ခွာသွားသော မြေပြင်မှာ ပေါက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများ လွင့်စင်ကုန်သည်။ လွင့်စင်လာသော ဖုန်မှုန့်များအကြားမှ ဂူဂျူးချောသည် သူ၏ဓားကို မြှောက်လိုက်သည်။

"ငါ မင်းကို သတ်မယ် ဂျင်ဆိုဟွန်း။ မင်း အသက်ရှင်ချင်တယ်ဆိုရင်... ငါ့ကို သတ်လိုက်ပါ"

ဂူဂျူးချော၏ မျက်နှာသည် မိစ္ဆာတစ်ကောင်၏ မျက်နှာအသွင်သို့ ပြောင်းလဲသွားသည်။ သရဲမျက်နှာဖုံးနှင့် တူသော မျက်လုံးနှစ်ဖက်ကို ပိုင်ဆိုင်ထားသည့် ဂူဂျူးချောသည် ဂျင်ဆိုဟွန်း၏ အားနည်းလှသော တည်ရှိမှုကို ရည်ရွယ်၍ ဓားကို ဝှေ့ယမ်းလိုက်သည်။

သရဲသတ် အနက်ရောင်ဓား။

အနက်ရောင်လှိုင်းလုံးသည် ဖုန်မှုန့်များကို ဖြတ်သန်းသွားကာ အကြားတွင် ပုန်းကွယ်နေသည့် ဂျင်ဆိုဟွန်းကို နှစ်ခြမ်းကွဲသွားစေမည့်အလား ဖြတ်တောက်သွားသည်။

သာမန်နံရံထက် ငါးဆမျှ ပိုထူသော မှောင်မိုက်သောဂူ၏ အတွင်းနံရံမှာပင် နက်ရှိုင်းစွာ ပြတ်ရှသွားပြီး ရှည်လျားသော ဓားရာတစ်ခု ကျန်ရစ်ခဲ့သည်။

"မင်း အနိုင်နိုင် ရှောင်လိုက်နိုင်တာပဲ"

ဂူဂျူးချော၏ သရဲမျက်နှာဖုံးသည် အမှောင်ထုထဲကို စူးစမ်းလိုက်သည်။

"မင်းရဲ့ ရုပ်ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားနိုင်ပေမဲ့ သွေးနံ့ကိုတော့ မင်း မဖုံးကွယ်နိုင်ဘူး"

အမှောင်ထုကို ထိုးဖောက်နိုင်သော ဂူဂျူးချော၏ အမြင်အာရုံက အမှောင်ထဲတွင် ပုန်းအောင်းနေသော ဂျင်ဆိုဟွန်းကို ရှာဖွေတွေ့ရှိသွားသည်။

"မင်း ဘယ်လောက်အထိ ထပ်ပြေးနေဦးမှာလဲ"

နောက်နည်းနည်းလေးပဲ။

ဂျင်ဆိုဟွန်းသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဂူဂျူးချောကို ရည်ရွယ်၍ ပျံသန်းသောဓားကို မြှောက်လိုက်သည်။

ဒီတစ်ခါတွင်လည်း ဂူဂျူးချော၏ဓားသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။ ပျံသန်းသောဓားနှစ်လက်က ၎င်းကို တားဆီးလိုက်သည်။

သို့သော် ဂူဂျူးချော၏ အစွမ်းကုန် အသုံးပြုထားသော ဓားကို သာမန်အားဖြင့် တားဆီး၍ မရနိုင်ပေ။ အနက်ရောင်ဆိုးရယ်ထားသော ဓားသွားသည် ပျံသန်းသောဓားနှစ်လက်ပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။

အားပြင်းသောကြောင့် နောက်သို့ ဆုတ်ယုတ်သွားချိန်တွင် ဂူဂျူးချော၏ဓားက ဂျင်ဆိုဟွန်း၏ ပခုံးတွင် စိုက်ဝင်သွားသည်။

"မင်းရဲ့ အစွမ်းက ဒါပဲလား"

ဂူဂျူးချောသည် ဂျင်ဆိုဟွန်း၏ ပေါင်ကို ဘယ်ဘက်ခြေထောက်ဖြင့် ကန်လိုက်သည်။ အကယ်၍ ဤသို့ဖြင့် သူ၏ဟန်ချက် ပျက်သွားပါက လည်ပင်းကို ဖြတ်တောက်ရန် သူ ရည်ရွယ်ထားသည်။

သို့သော် ဂျင်ဆိုဟွန်းက သူ၏ ဘယ်ဘက်လက်ကို ဆွဲလိုက်ချိန်တွင် အမှောင်ထုထဲမှ ပျံသန်းသောဓားတစ်လက် ပျံသန်းလာသည်။ ထိုဓားသည် ဂူဂျူးချော၏ ဘေးနံစောင်းကို ဦးတည်ထားသည်။

ရှောင်ရအတော်ခက်တဲ့ နေရာပဲ။

ဂျင်ဆိုဟွန်းသည် လည်ပင်း သို့မဟုတ် ခေါင်းကို မရည်ရွယ်ဘဲ ဂူဂျူးချော၏ ကိုယ်လုံးကိုသာ ရည်ရွယ်နေသည်။ လက်တစ်ဖက်တည်းသာ ရှိသော ဂူဂျူးချောအနေဖြင့် ထိုပျံသန်းသောဓားကို တားဆီးရန်ဆိုလျှင် သူ၏ဓားကို ပြန်ရုပ်သိမ်းမှသာ ဖြစ်မည်။

"မြေခွေးလို ကောက်ကျစ်တဲ့ ကောင်စုတ်လေး"

ဂူဂျူးချောသည် ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး ရောက်ရှိလာသော ပျံသန်းသောဓားကို ရိုက်ထုတ်လိုက်သည်။ တစ်ပြိုင်နက်တည်းတွင် ဂျင်ဆိုဟွန်းသည် သူ၏အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်။ သူသည် ယခုအချိန်အထိ စုဆောင်းထားသော အရိပ်မဲ့နတ်ဘုရားခြေလှမ်းကို အသုံးပြုလိုက်ခြင်းပင်။

"နောက်ဆုံး ထိုးနှက်ချက်ကို ပေးဖို့ စီစဉ်နေတာလား ဒါကြောင့် မင်းရဲ့ အတွင်းအားကို ချွေတာထားတာပေါ့ ဟုတ်လား"

ဂူဂျူးချော၏ ရယ်မောသံများက မှောင်မိုက်သောဂူထဲတွင် ပဲ့တင်ထပ်သွားသည်။

"အရူးကောင် အရူးကောင် မင်း ဘယ်တော့မှ ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာ မဟုတ်ဘူး"

ဂူဂျူးချော၏ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသော်လည်း ဂျင်ဆိုဟွန်းမှာ လှုပ်ရှားခြင်း မရှိပေ။

သူသည် ဂူဂျူးချောကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ မကြာမီပင် ဂျင်ဆိုဟွန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ကွေးညွတ်နေသော ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။

အမှောင်ထုထဲမှ ဂျင်ဆိုဟွန်း ပေါ်လာသည်နှင့် ဂူဂျူးချောက ဓားကို ချိန်ရွယ်လိုက်သည်။

"နောက်ဆုံးတော့ အလေးအနက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ မင်း ငါ့ကို အချိန်အကြာကြီး စောင့်ခိုင်းလိုက်တာပဲ"

ဂူဂျူးချောသည် ယခုအခါ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ အမြဲနှိမ်နှင်းထားခဲ့သော ပင်ကိုယ်သဘာဝက ဂျင်ဆိုဟွန်းနှင့် တိုက်ခိုက်မှုကြောင့် နိုးထလာခဲ့ပြီဖြစ်သည်။

ယခုအခါ သူ၏ သရဲမျက်နှာဖုံးမှာ ပို၍ပင် ရုပ်ဆိုးကာ အကျည်းတန်သွားသည်။ မှောင်မိုက်သောဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားသော သူ၏ သတ်ဖြတ်လိုသည့်စိတ်မှာ ပို၍ပင် ထူထဲလာသည်။

ဂူဂျူးချော၏ စေတနာအမှန်ကို အရေပြားဖြင့် ခံစားလိုက်ရသော ဂျင်ဆိုဟွန်းသည် အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။ ဂျင်ဆိုဟွန်းသည် သူ၏လက်နှစ်ဖက်ကို ဘေးသို့ ကျယ်ကျယ်ဖြန့်လိုက်သည်။

ဖျတ်….

ရိုက်ထုတ်ခံထားရသော ပျံသန်းသောဓားများမှာ သူ၏ထံသို့ ပြန်လည်စုစည်းလာသည်။ ထိုမြင်ကွင်းမှာ တကယ်ပင် ကြည့်ကောင်းလှသည်။

"ဓားကို ထိန်းချုပ်တဲ့ အတတ်ပညာ... မင်းက ကန်ချွန်းပြီးရင် ဓားအလက်များစွာကို ကိုယ်ပိုင်လက်မောင်းလိုမျိုး ထိန်းချုပ်နိုင်တဲ့ ပထမဆုံးလူပဲ။ အခု အဲဒီဓားတွေနဲ့ မင်း ဘာလုပ်မလို့လဲ"

"တိုက်ခိုက်မယ်"

တိုတောင်းပြီး ပြတ်သားသော အဖြေပင်။

ထို့နောက် ဂျင်ဆိုဟွန်း၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်သည်။ ဂျင်ဆိုဟွန်း၏ ပထမဆုံး လှုပ်ရှားမှုမှာ ပျံသန်းသောဓား လေးလက်ဖြင့် စတင်သော တစ်ကြောင်းတည်းခွဲ လျှပ်စီးကြောင်းဖြစ်သည်။

အပြာရောင် လျှပ်စီးအရှိန်အဝါများ လွှမ်းခြုံထားသော ပျံသန်းသောဓားများသည် လျှပ်စီးကြောင်း လေးခုကို ရေးဆွဲကာ ပျံသန်းလာသည်။

"ဒါ ပြန်လုပ်ပြန်ပြီ"

ဂူဂျူးချောသည် အလေ့အကျင့်ရှိသည့်အတိုင်း ဓားချက်လေးချက်ဖြင့် ပျံသန်းသောဓားအားလုံးကို ရိုက်ထုတ်လိုက်သည်။ လျှပ်စီးကဲ့သို့ မြန်ဆန်သော ပျံသန်းသောဓားများနှင့် ယှဉ်နိုင်လောက်သည့် အလွန်လျင်မြန်သော ဓားချက်များ ဖြစ်သည်။ သို့သော် ဂျင်ဆိုဟွန်း၏ ပုံရိပ်မှာမူ မရှိတော့ပေ။

သူ ပြန်ပုန်းသွားပြန်ပြီလား အာ မဟုတ်ဘူး။

ဂူဂျူးချောသည် သူ အဝေးကို ကြည့်စရာ မလိုကြောင်း သဘောပေါက်သွားသည်။

အရိပ်မဲ့နတ်ဘုရားခြေလှမ်းကို အသုံးပြုထားသည့် ဂျင်ဆိုဟွန်းမှာ သူ၏ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။

သူက ငါ့ကို တိုက်ရိုက်ရင်ဆိုင်ဖို့ ကြံစည်နေတာလား။ တကယ်ကို ရူးမိုက်တဲ့လုပ်ရပ်ပဲ။

ဂျင်ဆိုဟွန်း၏ ပျံသန်းသောကောင်းကင်ဓား ဆယ်လက်အတတ်ပညာသည် အလွန်ဖျက်ဆီးအားကောင်းပြီး ရင်ဆိုင်ရခက်ခဲသည့် သိုင်းတစ်ခုဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။ သို့သော် ပျံသန်းသောဓား သိုင်းပညာ၏ အားနည်းချက်မှာ အနီးကပ်တိုက်ခိုက်ရေးတွင် အားနည်းခြင်းပင်။ သို့ပါလျက်နှင့် ဂျင်ဆိုဟွန်းက ဂူဂျူးချောကို အနီးကပ်တိုက်ခိုက်ရန် ကြိုးစားနေသည်။

"အရူးကောင်လေး"

ဂူဂျူးချောသည် အေးစက်သော အသံဖြင့် ဆိုလိုက်ပြီး အနက်ရောင်အရှိန်အဝါများဖြင့် ဖုံးလွှမ်းထားသော သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

ထိုအချိန်တွင်

"ဒါက..."

မည်သည့်အချိန်က ချဉ်းကပ်လာမှန်းပင် မသိလိုက်ရသော ပျံသန်းသောဓား သုံးလက်က ဂူဂျူးချော၏ ဓားသွားကို ဝန်းရံလိုက်သည်။

သူတို့ ဘယ်ကနေ ပျံလာတာလဲ။

မည်သည့်နေရာမှ ရောက်လာသည်ကို သိချင်စိတ်ရှိသော်လည်း ယခုအချိန်တွင် ထိုသို့တွေးတောနေရန် အချိန်မဟုတ်ပေ။ ဂျင်ဆိုဟွန်းက ရှေ့မှနေ၍ လက်ကို ဆန့်ထုတ်လိုက်သည်။

ဂူဂျူးချောသည် သူ၏အတွင်းအားကို ပေါက်ကွဲထွက်စေကာ ပျံသန်းသောဓား သုံးလက်ကို ခါချလိုက်သည်။ ထို့နောက် ဂျင်ဆိုဟွန်း၏ လည်ပင်းကို ချက်ချင်း လှီးဖြတ်လိုက်သည်။ သို့သော် သူ၏ဓားမှာ လေဟာနယ်ကိုသာ ဖြတ်တောက်သွားသည်။

သူ ဘယ်ရောက်သွားတာလဲ။

ဂျင်ဆိုဟွန်းကို တစ်ခဏချင်း အမှတ်တမဲ့ ဖြစ်သွားသော ဂူဂျူးချောသည် သူ၏ ဘယ်ဘက်သို့ အကြည့် ရောက်သွားသည်။ ထိုနေရာမှ ပျံသန်းသောဓားတစ်လက် ပျံသန်းလာသည်။ ဂူဂျူးချောမှာ အရေးပေါ်အခြေအနေသို့ ရောက်သွားပြီး ဓားကို အလျင်အမြန် ဝှေ့ယမ်းကာ ပျံသန်းသောဓားကို ရိုက်ထုတ်လိုက်သည်။ ထိုအချိန်မှာပင် လေဟာနယ်ထဲမှ ပျံသန်းသောဓား နောက်နှစ်လက် ထွက်ပေါ်လာသည်။

ဖျတ်

သူ၏ ဒူးခေါင်းနောက်ပိုင်းနှင့် ပေါင်တွင် ပြတ်ရှသွားသဖြင့် ဂူဂျူးချောမှာ အသက်ရှူသံ ပြင်းထန်သွားသည်။

ဒါပဲလား။

ဂူဂျူးချော နောက်ကျမှ သဘောပေါက်သွားသည်။ သူသည် ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လျင်မြန်သောဓားတွင် ပါဝင်သည့် အရှိန်အဝါများမှာ သူ့တစ်ဝိုက်တွင် အုံကြွလာသည်။ ဓားအရှိန်အဝါ မုန်တိုင်းမှာ ထိတွေ့မိသမျှကို စုတ်ပြဲသွားစေမည့်အလားပင်။

ထိမိတယ်ဆိုတဲ့ ခံစားချက် မရှိဘူး။ ဒါပေမဲ့...

ရှေ့မှ ရောက်လာသည့် ပျံသန်းသောဓားကို တားဆီးရန် ဓားကို ဝှေ့ယမ်းတော့မည့်အချိန်တွင် မြေပြင်မှ ပေါက်ထွက်လာသကဲ့သို့ ပေါ်လာသော ပျံသန်းသောဓားတစ်လက်က သူ့ဓားကို ပိတ်ဆို့ထားလိုက်သည်။

ထိုအကြောင်းကြောင့် ဂျင်ဆိုဟွန်း၏ ပျံသန်းသောဓားမှာ ဂူဂျူးချော၏ ပခုံးကို ပွတ်တိုက်သွားသည်။ တစ်ကိုယ်လုံးမှ သွေးများ စီးကျလာသည်ကို ခံစားရသော ဂူဂျူးချောသည် ထူးဆန်းသော စိုးရိမ်စိတ်တစ်ခုကို ခံစားလိုက်ရသည်။

မကြာမီပင် ထိုစိုးရိမ်စိတ်၏ အကြောင်းရင်းကို သူ သိလိုက်ရသည်။

"...အရူးဆိုတာက ငါဖြစ်နေတာပဲ"

ဂူဂျူးချော ရယ်မောလိုက်သည်။

"ဒီလိုမျိုး ဖြစ်နိုင်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး... ဒါပေမဲ့ ကိုယ်တိုင် မြင်တွေ့နေရတော့လည်း မယုံဘဲ မနေနိုင်တော့ဘူး"

ဂူဂျူးချောသည် သူ၏မျက်လုံးထဲတွင် အပြာရောင်အလင်းတန်းများ လင်းလက်နေသော ဂျင်ဆိုဟွန်းကို ကြည့်လိုက်သည်။

"မင်း... မင်း ငါ့ကို ရင်းနှီးကျွမ်းဝင်သွားပြီပေါ့"

ယခုအထိ တိုက်ခိုက်မှုများမှတစ်ဆင့် ဂျင်ဆိုဟွန်းသည် ဂူဂျူးချော၏ ပုံစံများကို ရင်းနှီးသွားခဲ့သည်။

သူ၏ ဓားနည်းစနစ်မှသည် ခြေလှမ်းလှုပ်ရှားမှုများအထိ သူ၏ အသေးအဖွဲ အလေ့အကျင့်များအထိပင်။

ယခုအခါ ဂျင်ဆိုဟွန်းသည် ဂူဂျူးချော၏ လက်ရှိလှုပ်ရှားမှုများကိုသာမက၊ အနာဂတ်တွင် မည်သို့လှုပ်ရှားမည်ကိုပါ ကြိုတင်မြင်နိုင်နေသည်။

ထူးချွန်သော သိုင်းပညာရှင်များသည် တစ်ခါတစ်ရံ ပြိုင်ဘက်၏ လှုပ်ရှားမှုကို ကြိုတင်မြင်နိုင်ကြသည်။ သို့သော် ယခုအခြေအနေမှာ ကွဲပြားသည်။

ဒီကောင်စုတ်လေးက ငါ့ကို အသားကျသွားပြီ။ ငါ ဘယ်လို လှုပ်ရှားမလဲ။ ဘယ်အချိန်မှာ ဓားကို ဝှေ့ယမ်းမလဲဆိုတာ သူ သိနေတယ်။ သူ အကုန်လုံး သိနေတာပဲ။ ဒါကြောင့်လည်း သူ ခုနကအထိ ငါ့ကို စောင့်ကြည့်နေခဲ့တာကိုး။

ဂျင်ဆိုဟွန်းက တက်ကြွစွာ တိုက်ခိုက်ခြင်းမပြုဘဲ အတွင်းအားကို ချွေတာထားခဲ့ခြင်းမှာ ဤအချိန်အတွက် ဖြစ်သည်။

"ဖြစ်နိုင်တယ်... မင်းက ငါ့ရဲ့ ကြာရှည်စွာ ဖြစ်တည်နေတဲ့ ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်သူ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ဂူဂျူးချောသည် သူ၏စိတ်ထဲတွင် ခက်ခက်ခဲခဲ ထိန်းချုပ်ထားခဲ့ရသော ကြိုးမျှင်လေး ပြတ်တောက်သွားသလို ခံစားလိုက်ရသည်။

"ဟားဟားဟားဟား"

ဂူဂျူးချော၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော အတွင်းအားများနှင့်အတူ ရေနွေးငွေ့ကဲ့သို့ အနက်ရောင် အရှိန်အဝါများ တက်လာသည်။

"ငါ့ကို သတ်ကြည့်စမ်း ဂျင်ဆိုဟွန်း အခုကစပြီး ဒါ ငါတို့ရဲ့ တကယ့်တိုက်ပွဲပဲ"

နောက်ထပ် ချုပ်တည်းမှု မရှိတော့ပေ။

သူ၏ ဖိနှိပ်ထားသော ပင်ကိုယ်သဘာဝများ ပြန်လည်လွတ်မြောက်လာချိန်တွင် သူ၏ အစွမ်းအစများအားလုံး ပေါ်ထွက်လာသည်။ ကြမ်းတမ်းသော အရှိန်အဝါများမှာ ဓားကဲ့သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်တောက်နေသော်လည်း ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်ဖက်မှာမူ အပြာရောင်အလင်းဖြင့် တောက်လောင်နေဆဲပင်။

မိစ္ဆာခုနှစ်ပါးဘဝသို့ ပြန်လည်ရောက်ရှိသွားသော ဂူဂျူးချောသည် မိစ္ဆာတစ်ကောင်၏ အသွင်ဖြင့် ပြေးဝင်လာသည်။ ထိန်းချုပ်မှု လွတ်မြောက်သွားသော မိစ္ဆာဆီသို့ ဂျင်ဆိုဟွန်းသည် ပျံသန်းသောဓားများကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ ယခုအချိန်သည် သူ၏ နောက်ဆုံး အသက်ရှူသံကို ထုတ်လွှတ်ရမည့်အချိန်ပင်။

"ဟူး"

"ဒါ ဘာတွေ ဖြစ်ပျက်နေတာလဲ..."

မှောင်မိုက်သောဂူထဲတွင် ဖြစ်ပေါ်နေသည့် ကြီးမားသော စွမ်းအင်များ၏ တိုက်ပွဲမှာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဂွမ်မြောင်ကိုပင် အံ့အားသင့်စေခဲ့သည်။

တစ်ခါတစ်ရံ သူ၏ အရေပြားများ တဆတ်ဆတ်တုန်ခါလာပြီး သူ၏ အလိုအလျောက် တုံ့ပြန်မှုက ဓားကို ဆွဲထုတ်ရန် တိုက်တွန်းနေသည်။

မှောင်မိုက်သောဂူအတွင်းမှ တိုက်ပွဲကို စိတ်ကူးယဉ်ရန်ပင် မဝံ့ရဲသည့် ဂွမ်မြောင်သည် အချိန်ကို တွက်ချက်လိုက်သည်။ မကြာမီပင် သူတို့နှစ်ဦး ဂူထဲသို့ ဝင်သွားသည်မှာ ခြောက်နာရီပြည့်တော့မည်ပင်။

"တံခါးဖွင့်ဖို့ ဒီလောက်တောင် ကြောက်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ"

ဂွမ်မြောင်သည် သူ၏ ရင်ခွင်ထဲမှ မှောင်မိုက်သောဂူကို သော့ခတ်ထားသည့် သော့ကို ထုတ်လိုက်သည်။ တုံ့ဆိုင်းနေသော လက်ဖြင့် သော့ခတ်ထားသည့်နေရာတွင် ထားရှိကာ သော့ကို လှည့်လိုက်သည်။

ဘုန်း…..

မှောင်မိုက်သောဂူ၏ အဝင်ဝ ပွင့်လာသည့်အခါ အတွင်းဘက်မှ ထွက်ပေါ်လာသော ရွံရှာဖွယ်ကောင်းသည့် သွေးနံ့ကြောင့် ဂွမ်မြောင် မျက်မှောင်ကြုတ်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ၏မျက်စိရှေ့တွင် ပေါ်လာသည့် မြင်ကွင်းမှာ ဂွမ်မြောင် စိတ်ကူးပင် မယဉ်ခဲ့သည့် မြင်ကွင်းတစ်ခုဖြစ်သည်။

လဲကျနေသည့် ဂူဂျူးချော၏ ရှေ့တွင် ဂျင်ဆိုဟွန်း ရပ်နေသည်။

"တာဝန်ခံ... ကျွန်တော့်ကို... ဆရာဝန်တစ်ယောက်လောက်... ခေါ်ပေးနိုင်မလား"

All Chapters