အခန်း ၃၀၁
Vol. 27 Ch. 301
အခန်း (၃၀၁) ရွှီလီ လူကယ်ခြင်း
ညအချိန် ဖြစ်နေလင့်ကစား ဟန်ထိုက်လုပ်ငန်းစု အဆောက်အအုံသည် လင်းထိန်နေဆဲပင်။
ဟန်ထိုက်အဆောက်အအုံတစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများစွာသည် အချိန်ပို ဆင်းနေကြရ၏။ သေချာပေါက် သူတို့၏ သဘောဆန္ဒအလျောက်ရတော့ မဟုတ်ပေ။
ဤသည်မှာ ဥက္ကဋ္ဌရွှီလီ ချမှတ်ထားသော စည်းမျဉ်းအသစ် ဖြစ်၏။ မည်သည့်ရာထူးပင်ဖြစ်စေ ကုမ္ပဏီတွင် အချိန်ပိုဆင်းရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူက အထူးဂရုစိုက်ပေးမည် ဖြစ်ပေသည်။
"ဒေါက် ဒေါက် ဒေါက်..."
ထိုအချိန်၌ ရွှီလီ၏ တံခါးကို ခေါက်လိုက်သံ ထွက်ပေါ်လာ၏။အမှတ်တမ်းများကို ကြည့်ရှုနေသော ရွှီလီသည် မျက်မှောင်ကြုတ်သွား၏။ ဤအချိန် ဤနေရာ၌ မည်သူ့ကိုမျှ အနှောင့်အယှက်ပေးခွင့် သူ ပြုမထားချေ။ အလုပ်ကိစ္စ တင်ပြခြင်းဖြစ်စေ အခြားမည်သည့်ကိစ္စဖြစ်စေ ခွင့်မပြုထားခြင်း ဖြစ်သည်။
"ဝင်လာခဲ့ပါ..."
ရွှီလီက မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"သူဌေး... ကျွန်တော်..."
ယခုမှ ဝင်လာခါစဖြစ်သော လက်ထောက်ဖြစ်သူသည် စကားပြောရန် ပြင်လိုက်ချိန်တွင် ရွှီလီက သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်ကာ တားဆီးလိုက်သည်ကို မြင်လိုက်ရသည်။
ထို့နောက် သူသည် အံဆွဲထဲမှ ဆေးလိပ်တစ်လိပ်ကို ဖြည်းညင်းစွာ ထုတ်ယူကာ ပါးစပ်ထဲတွင် ကိုက်ထားလိုက်ပေ၏။
လက်ထောက်ဖြစ်သူသည် ဤသည်ကို မြင်ချိန်တွင် ကျွမ်းကျင်စွာ ရှေ့သို့တက်သွားပြီး မီးခြစ်ကိုယူကာ ဆေးလိပ်ကို မီးညှိပေးလိုက်ပြီးနောက် မီးခြစ်ကို မူလနေရာသို့ တိကျစွာ ပြန်ထားလိုက်သည်။
ထို့နောက် ပြာခွက်ကို ယူကာ လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဆေးလိပ်၏ အောက်တွင် တည်ငြိမ်စွာ ခံထားပေးလိုက်၏။
ဆယ်စက္ကန့်ကျော်ခန့် အကြာတွင် ရွှီလီက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"မင်း ငါနဲ့အတူ အလုပ်လုပ်လာတာ အတော်ကြာပြီဆိုတော့ ငါ့ရဲ့ အကျင့်တွေကို ကောင်းကောင်း သိသင့်တာပေါ့... ဒါပေမဲ့ ဒီနေ့ ဘာလို့ စည်းမျဉ်းကို ဖောက်ဖျက်ရတာလဲ..."
"ကျွန်တော်..."
လက်ထောက်ဖြစ်သူက ရှင်းပြရန် ပြင်လိုက်ချိန်တွင် ရွှီလီက လက်ကို ထပ်မံမြှောက်ကာ တားဆီးလိုက်ပြန်သည်။
"ရှင်းပြနေစရာ မလိုဘူး... အမှားက အမှားပဲ..."
"အခု ဘဏ္ဍာရေးဌာနကို သွားပြီး ဒဏ်ကြေး ယွမ်တစ်ထောင် သွားဆောင်လိုက်... ပြီးမှ ငါ့ဆီ ပြန်လာခဲ့... ကုမ္ပဏီတစ်ခုမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိရင် ဒါတွေထားတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ..."
"တကယ်လို့ လူတိုင်းသာ စည်းမျဉ်းကို ဖောက်ဖျက်နေကြရင် စည်းမျဉ်းတွေကို အမှိုက်လို သဘောထားရာ မရောက်ဘူးလား..."
ရွှီလီသည် သုံးပုံတစ်ပုံခန့် သောက်ထားသော ဆေးလိပ်ကို လွတ်ချလိုက်ပြီး ပြာခွက်ထဲသို့ တည်ငြိမ်စွာ ကျသွားစေခဲ့၏။
"ဟုတ်... ဟုတ်ကဲ့ပါ သူဌေးရွှီ..."
လက်ထောက်ဖြစ်သူက ပြာခွက်ကို ကိုင်ထားလျက် ရှေးခေတ်က မိန်းမစိုးတစ်ဦးကဲ့သို့ နောက်ဆုတ်ကာ ထွက်သွားလေသည်။
"တကယ်ပါပဲ... ဘာအမူအကျင့်မှကို မရှိဘူး..."
ရွှီလီက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီးနောက် စာရွက်စာတမ်းများကို ဆက်လက် စစ်ဆေးနေခဲ့ပေ၏။
သုံးမိနစ်ခန့် အကြာတွင် လက်ထောက်တူ ပြန်ရောက်လာခဲ့သည်။
"ဒေါက် ဒေါက် ဒေါက်..."
တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပြန်၏။
"ဝင်လာခဲ့..."
ရွှီလီက ထပ်မံပြောဆိုလိုက်သည်။
"သူဌေး... ကျွန်တော် တင်ပြစရာလေး တစ်ခုရှိလို့ပါ..."
လက်ထောက်ဖြစ်သူသည် အလောတကြီး ဖြစ်မနေတော့ချေ။
"အင်း... အသေးစိတ် ပြောပြစမ်းပါ..."
ရွှီလီက အလွန်ယဉ်ကျေးသော လေသံဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့... လွန်ခဲ့တဲ့ နာရီဝက်လောက်က သခင်လေးရွှီဟာ အသားကင်ဆိုင်ရှေ့မှာ လူတစ်ယောက်နဲ့ ပြင်းပြင်းထန်ထန် ရန်ဖြစ်ခဲ့ပါတယ်... သူ့ရဲ့ လူမိုက်တွေ အားလုံးလည်း အရိုက်ခံလိုက်ရပြီး ရဲစခန်းကို အခေါ်ခံသွားရပါတယ်..."
လက်ထောက်ဖြစ်သူက ရှင်းပြလိုက်သည်။
"ဟမ့်..."
ရွှီလီက စားပွဲကို ရိုက်ချလိုက်ပြီး လုံးလုံးလျားလျား စိတ်ပျက်သွားသည့် အမူအရာကို ပြသလိုက်ပေ၏။
"သူက အရင်တုန်းက ငါနဲ့ နည်းနည်းလေးမှ မတူဘူးပဲ..."
"သူက ငါ့ရဲ့သားဆို..."
"တကယ်ကို ပျော့ညံ့လွန်းတယ်..."
ရွှီလီက ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီးနောက် ထပ်မံပြောဆိုလိုက်၏။
"ငါ နားလည်ပြီ... မင်း သွားလို့ရပြီ..."
လက်ထောက်ဖြစ်သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် တံခါးပေါက်ဆီသို့ နောက်ဆုတ်ကာ ထွက်သွားလေသည်။
"ဟူး..."
ရွှီလီက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်ဘဲ ဖုန်းတစ်ချက်ဆက်ရုံဖြင့် ဖြေရှင်းနိုင်သော်လည်း သူ၏ အဆက်အသွယ်များနှင့် ပတ်သက်နေသလို ဤကဲ့သို့သော သားမျိုးရှိနေသည်ကို အခြားသူများ သိသွားပါက အရှက်ရစရာ ဖြစ်လာနိုင်ပေ၏။
"ဘယ်သူကများ ငါ ရွှီလီရဲ့သားကို အနိုင်ကျင့်ရဲတာလဲ... သူက အရည်အချင်း မရှိဘူးဆိုရင်တောင် လူတိုင်းက သူ့ကို မျက်နှာသာ ပေးရမှာပဲ..."
"ဘယ်က မျက်ကန်းကောင်ကများ ငါ့သားနဲ့ ရင်ဆိုင်ရဲရတာလဲ..."
ထိုသို့ရေရွတ်ရင်းရွှီလီသည် ရဲမှူးယန်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ သူ၏အမြင်တွင် ဤကိစ္စရပ်သည် အဆင့်မြင့် အဆက်အသွယ်များကို အသုံးပြုရန် မလိုအပ်ဘဲ ရဲမှူးယန် တစ်ယောက်တည်းဖြင့်ပင် ဖြေရှင်းနိုင်ပေသည်။
"ဟယ်လို... မိတ်ဆွေကြီး ရှိနေလား..."
ရွှီလီက ရုံးဖုန်းကို ခေါ်ဆိုလိုက်ခြင်း ဖြစ်၏။
"ဟယ်လို... ဘယ်သူများလဲ ခင်ဗျာ..."
ဖုန်း၏ တစ်ဖက်စွန်းမှ လူငယ်တစ်ဦး၏ အသံထွက်ပေါ်လာသည်။
"အော်... ငါက ဟန်ထိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ရွှီလီပါ... မင်းတို့ ရဲမှူးနဲ့ ကိစ္စလေးတစ်ခုလောက် ပြောစရာရှိလို့..."
ရွှီလီက ပြောလိုက်၏။
"တောင်းပန်ပါတယ်...ရဲမှူးယန် မရှိပါဘူးခင်ဗျ.."
ထိုသို့ပြောပြီးနောက် ဖုန်းချသွားတော့သည်။
ရွှီလီသည် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရပေ၏။
"သူက ဘာလို့ မရှိရတာလဲ... ပြီးတော့ ဘာလို့ တစ်ယောက်ယောက်က သူ့ရဲ့ ရုံးဖုန်းကို ဖြေဆိုနိုင်ရတာလဲ..."
ထို့နောက် ရွှီလီသည် ရဲမှူးယန်၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သော်လည်း သေချာပေါက် အကြောင်းမထူးခဲ့ချေ။
"ဒီ အဘိုးကြီးယန်... ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ဘာတွေလုပ်နေတာလဲ..."
ရွှီလီက မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
ဤအချိန်၌ သူသည် အဆင့်ပိုမြင့်သော ဌာနမှူးဝမ်ထံသို့သာ ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်တော့၏။
...
"ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း..."
"ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိရဲ့လား..."
"ငါက ဟန်ထိုက်လုပ်ငန်းစုရဲ့ ဆက်ခံသူကွ... မင်းတို့က ဘာအကြောင်းနဲ့ ငါ့ကို ဖမ်းရတာလဲ..."
"ငါ့ကို အခုချက်ချင်း လွှတ်ပေး..."
သခင်လေးရွှီသည် ထိုနေရာတွင် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေပေ၏။
စစ်ကြောရေးအခန်းထဲတွင် ဌာနမှူးဝမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ အလွန်ကြည့်ရဆိုးနေပေသည်။
"နာမည်..."
ဌာနမှူးဝမ်က တည်ကြည်လေးနက်စွာ မေးမြန်းလိုက်၏။
"ဟီးဟီး... ငါက ဟန်ထိုက်လုပ်ငန်းစုရဲ့ ဆက်ခံသူလေ... ငါ့နာမည်က ဘာလဲဆိုတာ အပြင်လူတွေ မသိရင်တောင် မင်းလို ဌာနမှူးကြီးက မသိဘဲ နေပါ့မလား..."
သခင်လေးရွှီက အထင်သေးစွာဖြင့် ပြောဆိုလိုက်ပြီး အနည်းငယ်မျှပင် ပူးပေါင်းဆောင်ရွက်လိုသော အရိပ်အယောင် မရှိချေ။
"နာမည်လို့ မေးနေတယ်လေ..."
ဌာနမှူးဝမ်က ဆက်လက်ပြောဆိုလိုက်သည်။
"ငါ့အဖေဆီ ဖုန်းဆက်ခွင့်ပေး... မဟုတ်ရင် မင်းတို့တွေ အသေဆိုးနဲ့ သေသွားလိမ့်မယ်..."
သခင်လေးရွှီက ပြင်းထန်သော ခြိမ်းခြောက်မှုကို ပြုလုပ်လိုက်၏။
ဌာနမှူးဝမ်က ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့ ပြစ်မှားမိသည်မှာ သာမန်လူမဟုတ်သော်လည်း ဤနေရာ၌ ရောင့်တက်နေဆဲပင်။
"မင်းကို ငါ သတိပေးလိုက်မယ်... သေသေချာချာ ပူးပေါင်းဆောင်ရွက်စမ်း..."
ဌာနမှူးဝမ်က သတိပေးလိုက်သည်။
"ပူးပေါင်းရမယ်... ဟားဟား... မင်းတို့က ငါ့အဖေရဲ့ အစွမ်းအစကို မသိလို့လား..."
သခင်လေးရွှီမှာ မောက်မာနေဆဲပင်။
"သတင်းပို့ပါတယ် ဌာနမှူးဝမ်... လူကြီးမင်းဆီကို ဖုန်းလာနေပါတယ်... တစ်ဖက်က ဟန်ထိုက်လုပ်ငန်းစုက ရွှီလီပါ..."
လူတစ်ယောက်က ဝင်ရောက်သတင်းပို့လိုက်၏။
သခင်လေးရွှီသည် ဤသည်ကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။
"ထင်တဲ့အတိုင်းပဲ... ငါ့အဖေက ငါ ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်လို့ ငါ့ကို လာကယ်တော့မှာပဲ..."
ဌာနမှူးဝမ်သည်လည်း အနည်းငယ် အံ့အားသင့်သွားပြီး ရွှီလီတစ်ယောက် ဤမျှလောက် သတင်းအနံ့ခံ မြန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ဖုန်းကို ဒီကို လွှဲပေးလိုက်... သူက စကားမပြောချင်မှတော့ သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်လေးကိုပါ ရိုက်ချိုးပစ်ရတာပေါ့..."
ဌာနမှူးဝမ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"မျှော်လင့်ချက်... ခဏနေရင် ဒါက မင်းတို့ရဲ့ အိပ်မက်ဆိုး ဖြစ်လာတော့မှာ... ငါ့အဖေရဲ့ အဆက်အသွယ်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်းတို့ နည်းနည်းလေးမှ မသိဘူးမလား..."
သခင်လေးရွှီက အထင်သေးစွာဖြင့် ပြောလိုက်၏။
ထို့နောက် ဖုန်းလွှဲပေးလာပြီး ဌာနမှူးဝမ်က စပီကာ ဖွင့်လိုက်သည်။
"ဟယ်လို... ဌာနမှူးဝမ်လား... ဟားဟားဟား... မတွေ့ရတာ ကြာပြီနော်... ကျွန်တော်က ဟန်ထိုက်လုပ်ငန်းစုက ရွှီလီပါ..."
ရွှီလီ၏ စကားပြောဆိုမှုသည် အလွန်ယဉ်ကျေးလှပေ၏။
"အဖေ... အဖေ... နောက်ဆုံးတော့ ကျွန်တော့်ကို လာကယ်ပြီပေါ့... ဒီတောသားတွေက ကျွန်တော့်ကို အပြင်မထွက်ခိုင်းဘူး..."
"နောက်ဆုံးတော့ အဖေ ဖုန်းဆက်လာပြီပေါ့..."
"အရမ်းကောင်းတာပဲ... ကျွန်တော့်ကို လွှတ်ပေးဖို့ ဒီလူတွေကို အမြန်ဆုံး အမိန့်ပေးလိုက်ပါဦး..."
သခင်လေးရွှီသည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
"ခွေးကောင်... မင်းက အပြင်မှာ ဒီလိုမျိုး ပြဿနာရှာနေတာလား..."
"အခု မင်း ဘယ်နေရာ ရောက်နေလဲဆိုတာ သိရဲ့လား... ဌာနမှူးဝမ်ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ... အခုချက်ချင်း ဌာနမှူးဝမ်ကို တောင်းပန်လိုက်စမ်း..."
ရွှီလီက ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒါ..."
"ဌာနမှူးဝမ်... တောင်းပန်ပါတယ်... ခုနက ကျွန်တော် စကားမှားသွားလို့ နားလည်ပေးပါ..."
"ကဲ... ကျွန်တော်လည်း တောင်းပန်ပြီးပြီ... ကျွန်တော့်အဖေလည်း ဖုန်းဆက်လာပြီ... ခင်ဗျားတို့က မျက်နှာသာ လိုချင်တာ မဟုတ်ဘူးလား... အခု ရပြီမလား..."
သခင်လေးရွှီ၏ စကားများသည် အလွန် ဦးနှောက်မဲ့လွန်းလှပေ၏။
"ဟားဟားဟား... ကျွန်တော့်သားက လောကကြီးအကြောင်း သိပ်နားမလည်လို့ ဌာနမှူးဝမ်က စိတ်ထဲမထားပါနဲ့..."
"ဒီကိစ္စက နားလည်မှုလွဲတာလို့ ကျွန်တော် ထင်ပါတယ်... ပြီးတော့ ကျွန်တော့်သားလည်း တောင်းပန်ပြီးပြီဆိုတော့ ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်ကြတာပေါ့... ဌာနမှူးဝမ်အနေနဲ့ သူ့ကို ပြန်ပို့ပေးဖို့ လူတစ်ယောက်လောက် စီစဉ်ပေးပါဦး..."
ရွှီလီ၏ လေသံသည် ဤကိစ္စကို အလေးအနက်ထားဟန် မရှိသည့်အပြင် အမိန့်ပေးသည့် လေသံပင် အနည်းငယ် ပါဝင်နေပေ၏။
"ဟားဟားဟား... မြန်မြန် လုပ်ကြစမ်းပါ... ငါ့အဖေတောင် ပြောပြီးပြီလေ..."
သခင်လေးရွှီက ရယ်မောကာ ပြောဆိုလိုက်သည်။
ငါးစက္ကန့်ခန့်ကြာသည်အထိ စစ်ကြောရေးအခန်း တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဌာနမှူးဝမ်၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း အေးစက်နေပေ၏။
"ဘာလဲ... မကျေနပ်သေးဘူးလား... ငါ့အဖေရဲ့ စကားက မင်းတို့ဆီမှာ အရာမရောက်ဘူးလား... မျက်နှာမရဘူးလား..."
သခင်လေးရွှီက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။
"မင်းပြောတာ မှန်တယ်... သူက ငါ့ဆီမှာ တကယ်ကို မျက်နှာသာမရဘူး..."
ဌာနမှူးဝမ်က ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်၏။