အခန်း ၃၁၀
Vol. 27 Ch. 310
အခန်း (၃၁၀) မင်းရဲမရဲ သက်သေပြလိုက်ကြစို့
"ဟားဟား... အစ်ကိုမင်... အစ်ကို့အဘိုးက ပညာရှင်ဆိုတော့ ဒီလူတွေက အစ်ကို့လို ကျယ်ပြန့်တဲ့ အမြင်မျိုးမှ မရှိကြတာ..."
လူတစ်ယောက်က မြှောက်ပင့်ပြောဆိုလိုက်၏။
"ဒါပေါ့... ငါ့ရဲ့ အဆင့်အတန်းက ကမ္ဘာပေါ်က လူ ၉၉ ရာခိုင်နှုန်းထက်တောင် သာလွန်နေပြီပဲ..."
"ငါ့ရဲ့ အမြင်က သဘာဝအရ တခြားသူတွေထက် ပိုကျယ်ပြန့်တာပေါ့..."
"ပြီးတော့ ဒီကားက ရိုးရိုး Lamborghini Veneno လို့ မင်း တကယ်ထင်နေတာလား..."
စုန့်မင်က လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ဟင်... မဟုတ်ဘူးလား..."
"ဒါက တကယ့်ကို Lamborghini Veneno ပါပဲ..."
ပြခန်းမှ ဝန်ထမ်းတစ်ဦးက ဝင်ပြောလိုက်၏။
"ဒါဆို မင်းတို့ မှားသွားပြီ... ဒါက သာမန် Lamborghini Veneno မဟုတ်ဘူး..."
"ဒါက အဆင့်မြှင့်တင်ထားတဲ့ Lamborghini Veneno ဗားရှင်းပဲ..."
"မင်းတို့ အမြဲခေါ်နေကျ Pro ဒါမှမဟုတ် Plus လို့ ခေါ်တဲ့အရာပေါ့..."
စုန့်မင်သည် အရာအားလုံးကို သိနေသူတစ်ဦးကဲ့သို့ ကြည့်နေခဲ့သည်။
"ကျွတ် ကျွတ် ကျွတ်... ဒါက အဆင့်မြှင့်တင်ထားတဲ့ Lamborghini Veneno ဗားရှင်းပဲ... ဒါကြောင့် ဓာတ်ပုံထဲကနဲ့ မတူဘဲ ကွဲပြားနေတာကိုး..."
"အစ်ကိုမင်... အစ်ကိုရော တစ်စီးလောက် ဝယ်မှာလား..."
နောက်လိုက်တစ်ဦးက မေးလိုက်၏။
ဤစကားကို ကြားချိန်တွင် စုန့်မင်သည် စိတ်ပျက်အားငယ်မှု တစ်ခုကို ခံစားလိုက်ရသည်။
"ဒီကားက သန်း ၃၂ တောင် တန်တာ... အဲဒီအထဲမှာ ဝယ်ယူခွင့်ခွန်တောင် မပါသေးဘူး..."
"ငါက အထက်တန်းလွှာ တစ်ယောက်ဆိုပေမဲ့ ဒီလောက် ပိုက်ဆံအများကြီးကို တစ်ကြိမ်တည်းနဲ့တော့ မထုတ်နိုင်သေးဘူး..."
"ဒါပေမဲ့ အနာဂတ်မှာတော့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ..."
စုန့်မင်က ပြောလိုက်သည်။
"အော်... နားလည်ပါပြီ... အစ်ကိုမင်က မဝယ်နိုင်ပေမဲ့ ဒီမှာ ဝယ်ချင်တယ်လို့ ပြောနေတဲ့သူ ရှိတယ်နော်..."
"ဒါက အလကား လျှောက်ပြောနေတာ မဟုတ်ဘူးလား..."
နောက်လိုက်ဖြစ်သူက စုယွမ်ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် လှောင်ပြောင်လိုက်၏။
"ဟက်... ဒီလိုလူမျိုးက ကြွားလုံးထုတ်ဖို့လောက်ပဲ သိတာ... ဘာမှ ထူးခြားတာ မဟုတ်ဘူး... တကယ်လို့ သူသာ ငါ့လို ထင်ရှားတဲ့ အဆင့်အတန်းမျိုး ရှိရင် အင်္ဂါဂြိုဟ်ပေါ်တောင် ရောက်နေလောက်ပြီ..."
စုန့်မင်က ဘေးဘက်သို့ မျက်လုံးစွေကြည့်လိုက်သည်။
"ဟားဟားဟား..."
နောက်လိုက်ငယ်က အလျင်အမြန် အတင်းအကျပ် ပြုံးပြလိုက်၏။
"လူကြီးမင်းတို့... ဒီကားက Lamborghini Veneno ဆိုတာ အားလုံးသိကြမှာပါ... ဒါပေမဲ့ အရင်မော်ဒယ်နဲ့ ဘာကွာခြားလဲဆိုရင် ဒီကားက ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ထားလို့ Lamborghini Veneno ရဲ့ အဆင့်မြှင့်ဗားရှင်း ဖြစ်လာတာပါ..."
ပြခန်းဝန်ထမ်းက စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
ထိုကားသည် အမှန်တကယ် အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်ကြောင်း ကြားချိန်တွင် စုန့်မင်၏ စကားကို ကြားခဲ့ရသူများသည် လေးစားမှုအသစ်များဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြပေ၏။ သူတို့ပြောတာ လုံးလုံးလျားလျား မှန်ကန်နေပေသည်။ ဒါက နားလည်မှုအပိုင်းမှာ တော်တော်လေး သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုပင်။ အနည်းဆုံးတော့ ဤကားက Lamborghini Veneno ရဲ့ အဆင့်မြှင့်ဗားရှင်းဆိုတာကို လူတွေက တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ချေသည်။
လူတိုင်း၏ အကြည့်များကို ခံစားရချိန်တွင် စုန့်မင်သည် အလွန်ဂုဏ်ယူနေပြီး သူ၏ အတ္တများ အကြီးအကျယ် ပြည့်ဝသွားခဲ့၏။
"မင်းတို့ မြင်လား..."
စုန့်မင်က အလွန်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"လူကြီးမင်းတို့... ဒီထဲမှာ Lamborghini ပိုင်ရှင်တွေများ ပါသေးလား..."
ဝန်ထမ်းက မေးလိုက်၏။
ထိုမေးခွန်းကို မေးပြီးချိန်တွင် လူတိုင်းက အနေရခက်စွာ ပြုံးလိုက်ကြသည်။ သူတို့ထဲမှ အများစုမှာ ပျော်ပွဲရွှင်ပွဲ ကြည့်ရန်သာ ရောက်ရှိလာကြခြင်းဖြစ်ပြီး Lamborghini ကဲ့သို့သော အဆင့်မြင့်ကားကို ပိုင်ဆိုင်ထားမည် မဟုတ်သည်မှာ သဘာဝပင်။
ဤအချိန်တွင် စုန့်မင်က မောက်မာစွာဖြင့် သူ၏လက်ကို မြှောက်လိုက်၏။
ဤသည်ကို မြင်ချိန်တွင် အစီအစဉ်မှူးက စုန့်မင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လူကြီးမင်း... ခုနက လူကြီးမင်းက ကားမော်ဒယ်ကို ပြောပြခဲ့တယ်နော်... ဒါဆို လူကြီးမင်းက Lamborghini ပိုင်ရှင်ပေါ့..."
"ဘယ်ကားမော်ဒယ်ကို မောင်းတာလဲ ခင်ဗျာ..."
အစီအစဉ်မှူးက စိတ်အားထက်သန်စွာ မေးလိုက်၏။
"ဟားဟား..."
စုန့်မင်သည် သူ Lamborghini ပိုင်ဆိုင်ကြောင်း တကယ်ပြောချင်ခဲ့သော်လည်း လက်ရှိအချိန်အထိ တကယ်တမ်း မပိုင်ဆိုင်သေးချေ။
"ငါက Lamborghini ကို တကယ် သဘောကျတာ... ဒါပေမဲ့ လက်ရှိတော့ Lamborghini ပိုင်ရှင် မဟုတ်သေးဘူး..."
စုန့်မင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အို... ဒါဆို ခုနက ဘာလို့ လက်မြှောက်လိုက်တာလဲ..."
အစီအစဉ်မှူးက ဆက်မေးလိုက်၏။
"ဘာလို့လဲဆိုတော့ အနာဂတ်မှာ ငါက Lamborghini တစ်စီး ပိုင်ဆိုင်လာမှာမို့လို့လေ..."
စုန့်မင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ဤစကားကို ကြားချိန်တွင် ဤလူငယ်မှာ သာမန်မဟုတ်ကြောင်း လူတိုင်းက အာမေဍိတ်သံများဖြင့် ပြောဆိုလိုက်ကြ၏။
အိပ်မက်တွေ ရှိတယ်... ယုံကြည်မှုတွေ ရှိတယ်။
"ဝိုး... ဒီလူငယ်လေးကို ကြည့်ပါဦး... သူက တကယ့်ကို ထူးခြားတာပဲ..."
"ဟုတ်တယ်... ဒီလူပြောတဲ့ပုံစံက သာမန်လူတွေနဲ့ တကယ့်ကို မတူဘူး..."
"မိုက်တယ်... အိပ်မက်တွေရှိတယ်... သတ္တိတွေရှိတယ်... တကယ့်ကို အမိုက်စားပဲ..."
“ဟုတ်တယ်...
တစ်ယောက်ယောက်မှာ အခုလောလောဆယ် မရှိသေးရင်လည်း ကိစ္စမရှိဘူး...
ဒါပေမဲ့ ကိုယ့်ရဲ့ ပန်းတိုင်ကို ပွင့်ပွင့်လင်းလင်း ပြောရဲပြီး Lamborghini ကို အိပ်မက်အဖြစ် သတ်မှတ်ထားတဲ့သူကတော့ တကယ်ကို ရည်မှန်းချက်ရှိတဲ့သူပဲ...
ယွမ် သန်းသုံးဆယ်ကျော်တန်တဲ့ ကားကို ဝယ်မယ်လို့ ပါးစပ်ကနေ အလွယ်တကူ ပြောနေတဲ့ လူတချို့နဲ့တော့ မတူဘူး...သူတို့ တကယ်ရော ဝယ်နိုင်လို့လား...”
"ဟုတ်တယ်... တကယ်လို့ မဝယ်နိုင်ရင် ဒီမှာ လာကြွားနေစရာ မလိုဘူး... ဘာလို့ လာကြွားနေတာလဲ... ခေတ်ဆန်ဆန် ဟန်ဆောင်ပြီး မိန်းကလေးတွေကို မြူဆွယ်လို့ရမယ်လို့ တကယ်ထင်နေတာလား..."
"ဟူး... ဒါက လူတွေရဲ့ နားလည်မှုအဆင့်အတန်း ကွာခြားချက်ပဲ... သားလေး... အိပ်မက်တွေရှိတဲ့ ဒီအစ်ကိုကြီးဆီကနေ သင်ယူနိုင်ဖို့ ဒီနေ့ သားကို မော်တော်ယာဉ်ပြပွဲဆီ ခေါ်လာခဲ့တာ... အလကား လျှောက်ပြောနေတဲ့ အဲဒီလူတွေရဲ့ စာဂျပိုး အကျင့်ဆိုးတွေကို လိုက်မလုပ်နဲ့... ကြားလား..."
ပတ်ဝန်းကျင်ရှိ လူများက ဤအကြောင်းကို စတင်ပြောဆိုလာကြသည်။
စုန့်မင်သည် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူက စုယွမ်ကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်ပြပြီး ရန်စသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
စုယွမ်သည် ကောလာဟလများနှင့် အတင်းအဖျင်းစကားများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် သူ့၌ တိကျသော အဆင့်အတန်းတစ်ခု ရှိနေပြီဖြစ်ရာ ဤစကားများသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိတော့ဘဲ ရယ်စရာကောင်းနေသည်ဟုသာ ထင်မြင်မိပေ၏။
စဉ်းစားကြည့်ပါ... ထိပ်တန်းလုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဋ္ဌက အွန်လိုင်းတွင် သူ၏အကြောင်းကို မကောင်းပြောနေကြသည်ကို မြင်ရလျှင် လုံးလုံးလျားလျား ဒေါသထွက်မည် မဟုတ်ချေ။ ဤသည်မှာ အဆင့်အတန်း ပြောင်းလဲမှုနှင့်အတူ ပါလာသော စိတ်နေသဘောထား ပြောင်းလဲမှုပင် ဖြစ်လေသည်။
သို့သော် ဘေးတွင် ရပ်နေသော စုယွဲ့မှာမူ လုံးလုံးလျားလျား စိတ်ပျက်ဒေါသထွက်နေခဲ့၏။ ဤလူများသည် ဒီလူ၏ စကားအနည်းငယ်ဖြင့် လှည့်စားခံလိုက်ရခြင်းမှာ တကယ့်ကို...
"အစ်ကိုယွန်း... အခုချက်ချင်း တစ်စီးလောက် ဝယ်လိုက်ပါလား... ဒါဆို အခုချက်ချင်း တစ်စီးရပြီလေ... ပြီးတော့ ကျွန်မလည်း အားတဲ့အခါ ငှားမောင်းလို့ရတာပေါ့..."
စုယွဲ့က ပြောလိုက်သည်။
"ရပါတယ်... တကယ်တော့ ငါ့မှာ အရင်ကလည်း Lamborghini Aventador တစ်စီး ရှိခဲ့တယ်... ဒါပေမဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကို ဆုလာဘ်အဖြစ် ပေးလိုက်ပြီလေ..."
စုယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"အို..."
စုယွမ်က အရင်က Lamborghini Aventador တစ်စီးကို အမှန်တကယ် ပေးကမ်းခဲ့ဖူးကြောင်း သိလိုက်ရသဖြင့် စုယွဲ့ အံ့သြသွားခဲ့သည်။
ဤစကားကို ကြားချိန်တွင် စုန့်မင်က ချက်ချင်း နှာခေါင်းရှုံ့လိုက်၏။
"ဟမ်... မင်းက ဘာမှမစဉ်းစားဘဲ ကြွားနေတာပဲ... Lamborghini Aventador တစ်စီးက အနည်းဆုံး ယွမ် သန်းပေါင်းများစွာ တန်တာကို မင်းက ဒီလိုမျိုး အလွယ်လေး ပေးလိုက်တယ်ပေါ့..."
"တကယ့်ကို ရယ်စရာကောင်းလွန်းတယ်..."
စုန့်မင်က ခေါင်းယမ်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း ရွံရှာသည့် အမူအရာများ ပြသလာကြ၏။ အကယ်၍ သင်က ကြွားချင်လျှင် ရှေ့ဆက်ပြီး ကြွားနိုင်သော်လည်း အချိန်တိုင်း ဆက်တိုက် ကြွားလုံးထုတ်နေရန် မလိုအပ်ဘူး မဟုတ်လော။ ဒါက ရွံစရာကောင်းလှသည်။
"ဟူး... ကယ်လို့တောင် မရတော့ဘူး..."
လူအုပ်ကြီးက ခေါင်းယမ်းကာ ပြောဆိုလိုက်ကြသည်။
"အို... လူကြီးမင်း... အရင်က လူကြီးမင်းက Lamborghini ပိုင်ရှင်လား ခင်ဗျာ..."
အခြားသူများနှင့်မတူဘဲ အစီအစဉ်မှူးက ပြုံးကာ ချဉ်းကပ်လာခဲ့၏။
"ဟုတ်တယ်... အစက ပြောခဲ့သလိုပဲ... အရင်က Lamborghini တစ်စီး ရှိခဲ့တယ်... ဒါပေမဲ့ ပေးလိုက်ရတယ်..."
စုယွမ်က ပြောလိုက်သည်။
"ဘုရားရေ... သူ ဒီမှာ ကြွားနေတုန်းပဲ..."
တစ်စုံတစ်ယောက်က စုယွမ်၏ ကြွားလုံးထုတ်မှုများကို သည်းမခံနိုင်တော့ဘဲ အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"ညီလေး... Lamborghini မဝယ်နိုင်တာက ရှက်စရာမှ မဟုတ်တာ... ဘာလို့ ငါ့ဆီကနေ မသင်ယူတာလဲ... သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်လေ..."
စုန့်မင်က လက်ပိုက်ကာ ပြောလိုက်သည်။
"အဓိကက ငါပြောတာတွေက အမှန်တွေပဲလေ..."
စုယွမ်က တည်ငြိမ်စွာဖြင့် ခေါင်းယမ်းကာ ပြောလိုက်၏။
"ဒါဆို လူကြီးမင်းရဲ့ Lamborghini ကို ဘယ်က ဝယ်ခဲ့တာလဲ..."
"ကျွန်တော်တို့ဆီမှာ အားလုံး မှတ်တမ်းတင်ထားပါတယ်..."
အစီအစဉ်မှူးက မေးလိုက်သည်။
"ငါက မင်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ကံထူးခဲ့တာ... Lamborghini Aventador လေ..."
စုယွမ်က ဆက်ပြောလိုက်၏။
“ဟွန့်...
မင်း ကြွားတာလည်း လွန်လွန်းနေပြီ...
ဒီလိုစကားမျိုးကိုတောင် ဘယ်လိုများ မျက်နှာမပူဘဲ ပြောထွက်ရတာလဲ...
Lamborghini ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ရှိတယ်ဆိုတိုင်း လူတိုင်း ယုံရမှာလား...
တကယ်ကို ရယ်စရာကောင်းလိုက်တာ...”
စုန့်မင်၏ နောက်လိုက်တစ်ဦးက အလျင်အမြန် ဝင်၍ လှောင်ပြောင်လိုက်၏။
သူသည် ထီပေါက်၍ Lamborghini Aventador တစ်စီး ရရှိခဲ့သူ ရှိသည်ဟူသော အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
“လူကြီးမင်း...
လူကြီးမင်း ပြောတာ တကယ်ပဲလား...
Lamborghini က အရင်တုန်းက ဒီလို အစီအစဉ်မျိုး တစ်ခါ ကျင်းပဖူးပါတယ်...ဒါဆို...လူကြီးမင်းက အဲဒီအစီအစဉ်မှာ Lamborghini ကို ကံထူးသွားတဲ့သူများလား...”
အစီအစဉ်မှူးက အံ့အားသင့်သွားဟန်ဖြင့် အလျင်အမြန် မေးလိုက်၏။
"ဘာ..."
စုန့်မင် ထိတ်လန့်သွားခဲ့သည်။ Lamborghini က အဲဒီလိုပွဲမျိုး တကယ်ကျင်းပခဲ့တာလား။ သူက ဘာလို့ မသိရတာလဲ။
"ဒါပေမဲ့ အဲဒီလူက ဒီလူတွေထဲက တစ်ယောက်တော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စုန့်မင် စိတ်ထဲမှ တွေးလိုက်သည်။
“ညီလေး...
ဘာလို့ ရုတ်တရက် တိတ်သွားတာလဲ...
မင်းက Lamborghini ကို ကံထူးခဲ့တဲ့သူ မဟုတ်ဘူးဆိုရင်ကော...ဒါမှမဟုတ်...အစီအစဉ်မှူးကို အမှန်အတိုင်း စစ်ဆေးခိုင်းမှာကို ကြောက်နေတာလား...”
စုန့်မင်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေ၏။