အခန်း ၃၉၁
Vol. 33 Ch. 391
အခန်း (၃၉၁)
"ဟူး"
အသစ်စက်စက် နတ်ဆိုးကတ်ပြားတွင် ထိုပုန်ကန်လိုသောဆန္ဒများ မရှိတော့ချေ။
ရဲချီယန်က ကတ်ပြားကို လက်ထဲတွင်ကိုင်ကာ ညင်သာစွာပွတ်သပ်လိုက်ရင်း မျက်နှာထက်၌ အပြုံးရိပ်တစ်ခု သန်းသွားလေ၏။
"လွှမ်းမိုးဖိနှိပ်ခြင်း ဟုတ်လား၊ နာမည်က တော်တော်လေး ခမ်းနားပေမဲ့ စွမ်းရည်ကတော့"
ဘုရားစူးကတ်ပြားမှလွဲ၍ ကျန်ကတ်ပြားအစီအစဉ်တိုင်း၌ စွမ်းရည်နှစ်ခုစီ ပါဝင်ပေသည်။
လွှမ်းမိုးဖိနှိပ်ခြင်းကလည်း ချွင်းချက်မဟုတ်ပေ။
ပထမစွမ်းရည်နှင့်ပတ်သက်၍ ရဲချီယန်က အကြမ်းဖျင်း စမ်းသပ်ကြည့်ပြီးလေပြီ၊ ထိုစွမ်းရည်က နတ်ဆိုးကတ်ပြားမှတစ်ဆင့် အရာဝတ္ထုအချို့ကို လွှမ်းမိုးနိုင်ကာ အချိန်အတိုင်းအတာတစ်ခုအထိ သူ့အား သခင်အဖြစ် သတ်မှတ်လာစေခြင်းဖြစ်သည်။
၎င်းတွင် လူများလည်း ပါဝင်လေ၏။
ထိုစွမ်းရည်က တော်တော်လေး ကောက်ကျစ်ဆိုးယုတ်သော်လည်း ကိုယ်ခံစွမ်းအား ပမာဏအများအပြား သုံးစွဲရန် လိုအပ်ပေသည်။
ဒုတိယစွမ်းရည်ကမူ၊
ရွှီး
လေဟာနယ်ထဲမှ အနက်ရောင် ဓားကျယ်ကြီးတစ်လက် ထွက်ပေါ်လာလေတော့သည်။
ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင်လွင့်မျောနေသော ပြောင်းပြန်ကြက်ခြေခတ်က သံကြိုးများဆန့်ထုတ်ကာ ဓားကို တင်းကြပ်စွာ ချည်နှောင်လိုက်ပြီး အက်ကွဲကြောင်းများ ပေါ်လာသည်အထိ ရစ်ပတ်ချည်နှောင်ပြီးမှ ရပ်တန့်သွားလေ၏။
၎င်းက ပုန်ကန်မှုနှင့် ချိတ်ဆက်သွားပြီး ပုန်ကန်မှု၏ လက်နက် ဖြစ်သွားခဲ့သည်လား။
"စိတ်ဝင်စားစရာပဲ"
ရဲချီယန်က လက်ဖျစ်တီးလိုက်ရာ မျက်ရည်နီမှလွဲ၍ ကျန်ကတ်ပြားအစီအစဉ်များအားလုံး ၎င်းတို့၏မူလနေရာများဆီသို့ အသီးသီး ပြန်လည်ရောက်ရှိသွားကြလေသည်။
အမြဲတမ်းသက်ဝင်လှုပ်ရှားနေသော နတ်ဆိုး ကတ်ပြား · မာနတရား ကိုပါ ရပ်ဆိုင်းလိုက်လေ၏။
မနီးမဝေးတွင် စောင့်ဆိုင်းနေပြီး ရဲချီယန်၏ရထားတွဲအတွင်း၌ မည်သည်တို့ဖြစ်ပျက်နေသည်ကို လုံးဝမသိသော ကျောက်လင်က နောက်ဆုံးတွင် စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လာတော့သည်။
သို့သော် သူမက စူးစမ်းချင်ရုံသက်သက်သာဖြစ်ပြီး ဘာမှမမေးမြန်းခဲ့ချေ။
အကြောင်းမှာ ရဲချီယန်သာ သူမကို သိစေချင်ပါက စောစောကတည်းက မြင်တွေ့ခွင့်ပေးထားမည်ကို သူမ ကောင်းကောင်းသိထားသောကြောင့်ဖြစ်သည်။
သို့ရာတွင် ကျောက်လင် မေးကိုမေးရမည့် ကိစ္စတစ်ခု ရှိနေလေ၏။
"အစ်ကိုချီယန်၊ ကျွန်မတို့ နေ့လယ်စာ စားကြဦးမှာလား"
"..."
အုပ်ချုပ်ရေးဌာန။
အချိန်၊ ၁၉:၀၇:၁၃
ချိုင်မင်က ခေါင်းတွင် ပတ်တီးများစည်းထားလျက် ဒဏ်ရာများကိုကြိတ်မှိတ်ခံစားရင်း သူ၏ရုံးခန်းထဲ၌ ထိုင်နေလေသည်။
"မင်းဆိုလိုတာက အဲဒီလူနာမည်က အော်တိုစ် ဆိုပါတော့"
သူ၏ရှေ့မှောက်ရှိ အုပ်ချုပ်ရေးဌာန၏ တပ်ဖွဲ့ခေါင်းဆောင် ကုန်းဖေးယွီက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ သူက အင်ပါယာအမိန့်တော် အဖွဲ့အစည်းကနေလာမယ်လို့ မျှော်လင့်မထားခဲ့ဘူး၊ ပြီးတော့ သူက သိပ်အစွမ်းထက်တာပဲ၊ ဘော့စ်၊ ဘာလို့ သူ့ကိုဖမ်းဖို့ထုတ်ထားတဲ့ ဆုကြေးငွေကို မရုပ်သိမ်းလိုက်တာလဲ၊ သူက လူဆိုးတစ်ယောက်လို့ ကျွန်မတော့မထင်ဘူး"
ချိုင်မင်၏ မျက်နှာထက်တွင် အမည်းစက်များ ကျဆင်းသွားတော့သည်။
"မဖြစ်နိုင်ဘူး၊ အင်ပါယာအမိန့်တော် အဖွဲ့အစည်းဆိုတာ မြို့တော် မဟာမိတ်အဖွဲ့က သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းပဲ၊ အဲဒီအထဲက အဖွဲ့ဝင်တိုင်းက မကောင်းဆိုးဝါးတွေနဲ့ အတူတူပဲ၊ ဒီနှစ်တွေအတွင်းမှာ အင်ပါယာအမိန့်တော် အဖွဲ့အစည်းကြောင့် အဓိကမြို့ကြီးတွေမှာ ဆုံးရှုံးမှုတွေ အများကြီးကြုံတွေ့ခဲ့ရတယ်၊ မင်း သူတို့လူတွေနဲ့ သိပ်ပြီးအဆက်အသွယ်မလုပ်နဲ့၊ ကြားလား"
ကုန်းဖေးယွီက ပေါ့ပေါ့ဆဆပင် အို ဟုသာ တုံ့ပြန်လိုက်လေ၏။
"ဒါဆို ကျွန်မ ထွက်သွားတော့မယ်"
"...ထွက်သွားရင် တံခါးပါ ပိတ်သွား"
ကုန်းဖေးယွီ ရုံးခန်းထဲမှ ထွက်သွားပြီးနောက် ချိုင်မင်၏အကြည့်များက အနီးနားရှိ ဆိုဖာပေါ်တွင်ထိုင်ကာ ဆေးပြင်းလိပ်ခဲထားသော လူထံသို့ တိတ်ဆိတ်စွာ ကျရောက်သွားလေသည်။
"အော်တိုစ်၊ အရင်က တစ်ခါမှမပေါ်လာဖူးတဲ့ နာမည်တစ်ခုပဲ၊ မင်းတို့ အင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူတွေက ပုန်းကွယ်ဖို့ သိပ်တော်ကြတာပဲ"
ဖန်ဟော့က ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ရာ သူ၏ အံ့မခန်း အဆုတ်စွမ်းရည်ကြောင့် ဆေးပြင်းလိပ်တစ်ခုလုံး ပြာအဖြစ်သို့ လောင်ကျွမ်းသွားလေတော့သည်။
သူက ပြာများကို တောင်လိုပုံနေသော ပြာခွက်ထဲသို့ ခါချလိုက်ပြီး နောက်တစ်လိပ်ကို ထပ်မံမီးညှိကာ ပြောလိုက်၏။
"ဒါဆို ဘာဖြစ်လဲ၊ ငါတို့ဖန်တီးခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေက ဟို အိမ်ပြန်ချင်သူများ ဖန်တီးခဲ့တဲ့ ကိစ္စတွေလောက်တော့ မများလောက်ပါဘူး ဟုတ်တယ်မလား၊ ဒါတွေအားလုံးက စွမ်းအားအတွက်ပဲ၊ ဒါက ရထားမောင်းနှင်သူတိုင်း မလွဲမသွေ လျှောက်လှမ်းရမယ့် လမ်းစဉ်ပဲလေ"
ချိုင်မင်က အဖြေမပေးခဲ့သော်လည်း သူ၏အကြည့်များက ပြတင်းပေါက်ဆီသို့ ရောက်ရှိသွားကာ အပိုင်းပိုင်းအစစ ပျက်စီးနေသော အပြင်ဘက်ကောင်းကင်ပြင်ကြီးကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
"ရှာယာလို အရူးမကတောင် ဘာလို့ ရောက်လာရတာလဲ၊ မင်းတို့ အင်ပါယာအမိန့်တော် အဖွဲ့အစည်းက ဒီတစ်ခေါက် နတ်ဆိုးကတ်ပြားကို လုယူဖို့သက်သက် ရောက်လာတာလား၊ ပြီးတော့ ကောင်းကင်ယံဥယျာဉ်က အဘိုကာဒို ကို နှိမ်နင်းရာမှာ ကူညီပေးဖို့လား"
"ငါတော့ မယုံဘူး ဖန်ဟော့၊ မင်းတို့ရဲ့ အစီအစဉ်က တကယ်တော့ ဘာလဲ"
ဖန်ဟော့က တိတ်ဆိတ်နေဆဲပင်။
ချိုင်မင်က စားပွဲကို လက်ဖြင့်ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ကာ မျက်မှောင်များကို တင်းကြပ်စွာ ကုပ်ထားလိုက်၏။
"မင်းတို့သာ သူတို့ကို ဆက်ပြီးတိုက်ခိုက်ခွင့်ပေးထားရင် ကောင်းကင်ယံဥယျာဉ် ဖျက်ဆီးခံရဖို့ သိပ်မလိုတော့ဘူး၊ မင်းနားလည်လား"
"ဒါဆို ဘာဖြစ်လဲ၊ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ဖန်ဟော့က သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။
"မင်းက ငါ့သူငယ်ချင်းပဲ၊ ငါက မင်း ဒီစစ်ပွဲကို အနိုင်ရဖို့ ကူညီပေးရုံသက်သက်နဲ့ လမ်းကြုံရင်း အသုံးဝင်မယ့် ရထားဒင်္ဂါးတချို့ ရှာဖွေဖို့ ရောက်လာတာ၊ ဟို လူလိမ်မ ကျူရှင်းထူရဲ့ အစီအစဉ်ကို ငါမသိသလို သိလည်းမသိချင်ဘူး"
"ချိုင်မင်၊ မြို့တော်နဲ့ မင်းကိုယ်မင်း သိပ်ပြီး တင်းတင်းကျပ်ကျပ် နှောင်ဖွဲ့မထားပါနဲ့"
"မင်း ရှေ့ဆက်မလျှောက်တာ ဘယ်လောက်တောင်ကြာနေပြီလဲ"
"မင်းဒီလိုပဲ ဆက်ပြီးရပ်တန့်နေမယ်ဆိုရင် မင်း... ဒီခေတ်သစ်ကြီးရဲ့ နောက်မှာ အဝေးကြီးကျန်ရစ်ခဲ့လိမ့်မယ်"
ချိုင်မင်၏ မျက်မှောင်များ ပို၍တင်းကြပ်သွားတော့သည်။
"မင်း ဘာကိုဆိုလိုတာလဲ"
ဖန်ဟော့က ခေါင်းခါယမ်းလိုက်ပြီး ဆက်လက်မရှင်းပြတော့ချေ။
သူက ချက်ချင်းထရပ်လိုက်ကာ တံခါးဆီသို့ လျှောက်သွားပြီး ခေတ္တရပ်တန့်သွားလျက် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စကားဆိုလိုက်၏။
"ခေတ်ကြီး ပြောင်းလဲသွားပြီ"
"အခုခေတ် ရထားမောင်းနှင်သူတွေရဲ့ တိုးတက်နှုန်းက အတိတ်ကထက် အများကြီးသာလွန်နေပြီ၊ ဘူတာရုံကမ္ဘာတွေ အသီးသီးမှာ ပုန်းအောင်းနေခဲ့ကြတဲ့ တစ်ချိန်က အစွမ်းထက်ခဲ့တဲ့ ရထားမောင်းနှင်သူတွေတောင် ပြန်လည် ထွက်ခွာဖို့ စတင်နေကြပြီ"
"ချိုင်မင်"
"အဲဒီ အမိန့်ကတ်ပြားတွေ ထွက်ခွာသွားတာနဲ့အမျှ မြို့တော်ထဲက အရာရာတိုင်းကို ထိန်းချုပ်ဖို့ ပိုပိုပြီး ခက်ခဲလာတယ်လို့ မင်းမခံစားရဘူးလား"
"ရထားမောင်းနှင်သူတွေ လွတ်လပ်ခွင့်ရပြီ"
"မြို့တော်မှာနေထိုင်ပြီး ရထားမောင်းနှင်သူဖြစ်လာဖို့ တောင့်တနေကြတဲ့ ဌာနေလူသားတွေလည်း အတူတူပဲ"
"သူတို့ကို ဆက်ပြီးမတားဆီးပါနဲ့တော့"
"ကမ္ဘာကြီးက ပြောင်းလဲနေတယ်၊ မင်း မပြောင်းလဲဘူးဆိုရင်တော့ သေချာပေါက် သေရလိမ့်မယ်"
ဖန်ဟော့က အပြင်သို့ ထွက်သွားလေ၏။
သို့သော် ဖန်ဟော့ ထွက်ခွာသွားချိန်မှာပင် ချိုင်မင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ကောင်းကင်ယံဥယျာဉ်မှာ နေထိုင်ကြတဲ့ ရထားမောင်းနှင်သူတွေကို ကာကွယ်ပေးဖို့ ငါအကောင်းဆုံး ကြိုးစားသွားမယ်၊ ဒါက ငါသေရမယ်ဆိုရင်တောင် ငါရွေးချယ်ထားတဲ့ လမ်းပဲ"
"ဖန်ဟော့၊ ငါလည်း မင်းကို သတိပေးချင်သေးတယ်"
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက ပိုပိုပြီး အစွမ်းထက်လာနေတယ်၊ မင်းတို့က အကြမ်းဖက်အဖွဲ့အစည်း အစစ်အမှန် မဟုတ်ရင်တောင်မှ အလယ်မှာရပ်တည်နေတဲ့သူတွေက တစ်ခါတလေ နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ခံရလေ့ရှိတယ်"
"လူဖြစ်ဖြစ်၊ နတ်ဘုရားဖြစ်ဖြစ်၊ မင်းတို့ ကတ်ပြားအစီအစဉ် ပိုင်ရှင်တွေကို မဖျက်ဆီးချင်တဲ့သူဆိုတာ မရှိဘူး"
ဒိုင်း
တံခါးကြီး ပိတ်သွားလေတော့သည်။
ရုံးခန်းထဲတွင် ချိုင်မင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။
သူက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။
"ငါပါ ရှေ့ဆက်လျှောက်ဖို့ စတင်လိုက်ရင်... ဒီမှာရပ်တန့်နေကြတဲ့ လူတွေကို ဘယ်သူက ကာကွယ်ပေးတော့မှာလဲ"
ကောင်းကင်ယံဥယျာဉ်၏ အပြင်ဘက်။
ရှာယာ၏ ပတ်လည်တွင် လွှမ်းခြုံနေသော မြင့်မြတ်သောအလင်းတန်းများက ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်နေလေသည်။
သူမ၏ မျက်နှာချင်းဆိုင်တွင်မူ၊
အဘိုကာဒို၏ ထိပ်တန်း ရထားမောင်းနှင်သူ ထုဖေးပိုင်က သွေးများဖြင့် ရွှဲရွှဲစိုနေလေ၏။
"မင်း ရှုံးသွားပြီ"
ရှာယာက နှုတ်ခမ်းဟ၍ မပြောခဲ့ချေ။
သူမ၏အနောက်ဘက်ရှိ ကောင်းကင်တမန်တစ်ပါးက ထုဖေးပိုင်၏ စိတ်ထဲသို့ အသံကို ပို့လွှတ်လိုက်ခြင်းသာဖြစ်သည်။
ထုဖေးပိုင်က သွားဖြဲကာ ပြုံးလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ တောက်ပသော ငွေရောင်သံချပ်ကာများက အစိတ်စိတ်အမွှာမွှာ ပျက်စီးနေလေပြီ။
သူက လှံသွားကို ဝှေ့ယမ်းလိုက်ရင်း ဖော်ပြ၍မရနိုင်သော အော်ဟစ်သံကြီးတစ်ခုကို ပြုလုပ်လိုက်လေ၏။
သူ၏လှံရှည်ကြီးကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်မြေပြင်၏ သူရဲကောင်းဆန်သော စိတ်ဓာတ်များက ထိုနေရာလွတ်တွင် ထင်ဟပ်လာတော့သည်။
"ဟား ဟား... အင်ပါယာအမိန့်တော် အဖွဲ့အစည်းရဲ့ ကောင်းကင်တမန်သခင် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်"
"မင်းရဲ့ ရှင်သန်ထမြောက်ခြင်း စွမ်းရည်ကြောင့် ငါက မင်းရဲ့အသက်တစ်ချောင်းကိုတောင် မယူနိုင်ခဲ့ဘူးလား၊ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲပဲ၊ မှန်တယ်၊ ငါ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ တိုက်ပွဲမှာ သေဆုံးရတာက ငါ ထုဖေးပိုင်ရဲ့ ကံကြမ္မာပဲ"
သူမထံသို့ တည့်မတ်စွာ ချိန်ရွယ်ထားသော လှံသွားနှင့်အတူ ရှာယာက တစ်ဖက်လူ၏ စကားများအပေါ် မည်သည့်အတွေးမှ မရှိခဲ့ချေ။
သူမက လက်ဝါးကို အမှုမဲ့အမှတ်မဲ့သာ ဝှေ့ယမ်းလိုက်လေသည်။
သူမ၏လက်ပေါ်ရှိ သံလက်အိတ်က နောက်ကျောဘက်ရှိ အလင်းတောင်ပံတစ်ခုနှင့် နေရာချင်း ဖလှယ်သွား၏။
သူမ၏လက်ထဲတွင် ရွှေရောင်ဦးချိုခရာတစ်ခု ထွက်ပေါ်လာလေတော့သည်။
သူမက ၎င်းကို မှုတ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏နားထဲ၌ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"အစ်မကြီးရှာယာ၊ ဟိုကောင်မ ကျူရှင်းထူက ဘူတာရုံကမ္ဘာကနေ ထွက်ခွာပြီး ကောင်းကင်ယံဥယျာဉ်ကို ရောက်နေပြီ၊ ဒုတိယအစ်မကြီး မွန်ရိုးဂျီနာကလည်း အဘိုကာဒိုရဲ့ နောက်ဆုံးအစီအစဉ်ကို ငါတို့ဆီ ပို့ပေးထားသလို အိမ်ပြန်ချင်သူများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုပါ ပို့ပေးထားတယ်၊ တိုက်ခိုက်နေတာကို ရပ်ပြီး ဟော့ပေါ့လာစားရင် မကောင်းဘူးလား"
အသံပိုင်ရှင်မှာ တက်ကြွမှုအပြည့်ရှိနေသော မိန်းကလေးတစ်ဦးဖြစ်သည်။
သူမကလည်း အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးပင် ဖြစ်လေတော့သတည်း။