အခန်း ၄၀၃
Vol. 34 Ch. 403
အခန်း ၄၀၃ 【ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ】
"ဆီမီးအိမ် တစ်လုံးလား"
ရဲချီယန်က ကျူရှင်းထူနှင့် သူမ၏အဖော်များ ရှိနေသည့် အရပ်ဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်လေ၏။
"ဒါက ဟိုဆီမီးအိမ်လား"
"နောက်ဆုံးတော့ တကယ် ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ကျူရှင်းထူ ပြောခဲ့ဖူးရုံနှင့် ရဲချီယန်မှာ စက်ဆုပ်ရွံရှာသွားခြင်း မရှိခဲ့ပေ။ သူက လက်ဆန့်ထုတ်လိုက်ကာ ဝေါလီ ပလက်ဖောင်းထက်တွင် ရှာဖွေတွေ့ရှိခဲ့သော အဖိုးတန်ဆုံး ရတနာကို လှမ်းယူလိုက်ချေ၏။
【ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ】
【အသက်အိုးအိမ်ကို ပူဇော်၍ ကမ္ဘာ့အဆုံးသတ်ကို ထွန်းညှိပါ】
【မှတ်ချက် ကမ္ဘာတိုင်းတွင် ကိုယ်ပိုင် ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ ရှိကြသော်လည်း ၎င်းက ကမ္ဘာတိုင်း နိဂုံးချုပ်ခြင်းကို ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ】
【မှတ်ချက် ၂ ဤအရာကို ရရှိခြင်းဖြင့် သင်သည် ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်သော ခလုတ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဤနေရာ၊ ထိုနေရာ၊ ဤကမ္ဘာရှိ သက်ရှိအားလုံး၏ ကံကြမ္မာသည် ယခုအခိုက်အတန့်တွင် သင်၏လက်ထဲသို့ ကျရောက်သွားခဲ့ချေပြီ】
သို့ဆိုလျှင် ဤဥယျာဉ်ကြယ် လက်ရှိအခြေအနေသို့ ကျရောက်နေရခြင်းမှာ ဤဆီမီးအိမ်ကြောင့်ပေလော။
ရဲချီယန်က ဆီမီးအိမ်၏ အဖုံးကို တိတ်ဆိတ်စွာ ဖွင့်လိုက်၏။ လေညင်းလေး တစ်ချက် တိုက်ခတ်လိုက်ရုံနှင့် ငြိမ်းသွားနိုင်လောက်သည့် မီးတောက် သေးသေးလေးတစ်ခုက အတွင်း၌ တိတ်ဆိတ်စွာ တောက်လောင်နေပေသည်။
"ဝူး..."
ထိုသို့ဖြင့် သူက မီးတောက်လေးဆီသို့ လေတစ်ချက် မှုတ်ထုတ်လိုက်လေ၏။
【— —...】
မီးတောက်လေး ငြိမ်းသတ်သွားသည့် အခိုက်အတန့်၌ပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော ဥယျာဉ်ကြယ်သည် ပြိုလဲကျဆင်းမှုတို့ ရပ်တန့်သွားလေတော့သည်။
【စိတ်စွမ်းအား ၁ (ကမ္ဘာ့အဆုံးသတ်၏ အရိပ်အယောင်လော) (အမှန်တရားကို မျက်မြင်တွေ့ရှိခြင်း)】
【အခြေအနေ စိတ်စွမ်းအား အလွန်အမင်း ကုန်ခမ်းခြင်း】
【သင်သည် ကမ္ဘာ့အဆုံးသတ်ကို တန့်ရပ်သွားစေခဲ့ပါပြီ။ ကမ္ဘာ့အဆုံးသတ်၏ အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော်လည်း ဤအရာများက သင် ရှေ့ဆက်မည့် ခရီးကို မတားဆီးနိုင်ခဲ့ပါ】
"အု..."
ဤလွင်တီးခေါင်ပြင် ကမ္ဘာသို့ ရောက်ရှိလာချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ရဲချီယန်သည် ထူးဆန်းလှသော မူးဝေနောက်ကျိမှုကို ခံစားလိုက်ရချေ၏။
သို့သော်လည်း ဤခံစားချက်မှာ တစ်ခဏမျှပင် မကြာလိုက်ချေ။
【စိတ်စွမ်းအား ၂ (ကမ္ဘာ့အဆုံးသတ်၏ အရိပ်အယောင်) (အမှန်တရားကို မျက်မြင်တွေ့ရှိခြင်း)】
အမှန်တရားကို မျက်မြင်တွေ့ရှိခြင်း၏ ဘေးရှိ သူ၏ စိတ်စွမ်းအား ကဏ္ဍတွင် အခြေအနေအသစ်တစ်ခု ထွက်ပေါ်လာပေသည်။
"ခုနက ဘာကြီးလဲ"
ရဲချီယန်က ခေါင်းကို ကုတ်လိုက်ကာ လက်ထဲရှိ ငြိမ်းသွားသော ဆီမီးအိမ်ကို ငုံ့ကြည့်လိုက်ပြီး စနစ်၏ အကဲဖြတ်မှုကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။
【ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ】
【၎င်းကို ငြိမ်းသတ်လိုက်ပါပြီ။ အကယ်၍ တစ်နေ့တွင် သင်က ကမ္ဘာ့အဆုံးသတ် ရောက်ရှိလာရန် ဆန္ဒရှိပါက အသက်အိုးအိမ်ကို ပူဇော်ပါ၊ လွတ်လပ်မှုကို ပူဇော်ပါ၊ အရာအားလုံးကို ပူဇော်လိုက်ပါ... သို့တည်းမဟုတ် သင်၌ ၎င်းကို ပြန်လည် ထွန်းညှိနိုင်မည့် အခြားနည်းလမ်းများ ရှိနေသေးလား】
"ဒါတွေက ဘာတွေလဲ၊ ယဇ်ပူဇော်ရမယ်... ပြီးရင် ကမ္ဘာ့အဆုံးသတ်တဲ့လား၊ ငါ့မှာ အလုပ်မရှိ အလုပ်ရှာပြီး ဘာလို့ ကမ္ဘာ့အဆုံးသတ်ကို ဖန်တီးရမှာလဲ"
ရဲချီယန်က လက်ထဲရှိ ဆီမီးအိမ်ကို အမှုမဲ့အမှတ်မဲ့ နှစ်ချက်၊ သုံးချက်မျှ မြှောက်ကြည့်လိုက်ပြီးနောက် အနီးတွင် ရပ်နေသော လီဆက်ထံသို့ ပစ်ပေးလိုက်လေ၏။
"နောက်မှ ဖုန်တက်သွားအောင် သိုလှောင်ခန်း ရထားတွဲထဲ ထည့်ထားလိုက်ပါ"
သူက ဤအရာကို ဘယ်တော့မှ လိုအပ်လိမ့်မည်ဟု မထင်ထားသော်လည်း ဝန်ခံရပေမည်။ ဤဆီမီးအိမ်မှာ ကောင်းကင်ယံဥယျာဉ်ထက်၌သာမက ဥယျာဉ်ကြယ်တစ်ခုလုံးတွင်ပါ အဖိုးတန်ဆုံး ရတနာဟု ခေါ်ဆိုနိုင်ပေသည်။
ရဲချီယန်က တစ်ခဏမျှ တွေဝေသွားရင်း တိတ်ဆိတ်စွာ တွေးတောနေမိ၏။
အကယ်၍ ဝေါလီသာ ဤဆီမီးအိမ်ကို ရှာမတွေ့ခဲ့လျှင် ဘာတွေ ဖြစ်သွားနိုင်မလဲ။
သူကတော့ ဘာမှဖြစ်မည် မဟုတ်ချေ။ နေရာရွှေ့ပြောင်းအမှတ်အသား ရှိနေသဖြင့် သူ လိုချင်သည့် အချိန်မရွေး ထွက်ခွာသွားနိုင်ပေသည်။
သို့သော် ဤမှတ်တိုင်ရှိ အခြားသူများအတွက်မူ တူညီနိုင်မည် မဟုတ်ပေ။
ထိပ်တန်း ရထားမောင်းနှင်သူ အချို့မှာ ဤကမ္ဘာအတွက် ထွက်ခွာခွင့် ရွေးချယ်စရာကို စနစ်က ပြန်လည်မချပေးမီအထိ တောင့်ခံထားနိုင်လောက်သော်လည်း လူအများစုမှာမူ ဤနေရာတွင် သေချာပေါက် သေဆုံးသွားကြရမည် ဖြစ်ပေသည်။
"ဝေါလီ"
ရဲချီယန်က စက်ရုပ်ငယ်လေး၏ အမည်ကို ညင်သာစွာ ခေါ်လိုက်၏။ သူက ထိတွေ့ရ အလွန်ကောင်းမွန်လှသော ဝေါလီ၏ သတ္တုခေါင်းလေးကို နောက်တစ်ကြိမ် ပွတ်သပ်ပေးလိုက်လေသည်။
ဝေါလီ၏ မျက်လုံးလေးများ ပြုံးယောင်သန်းသွားကာ ခေါင်းလေး စောင်းသွား၏။ သခင်ဖြစ်သူက ဘာကြောင့် ရုတ်တရက် ခေါင်းကို ထပ်ပွတ်သပ်ပေးနေမှန်း နားမလည်သော်လည်း ဤခံစားချက်လေးကို ၎င်းက သဘောကျလှပေသည်။
"မင်းက သူရဲကောင်းတစ်ယောက်ပဲ၊ သူတို့ မသိကြရင်တောင် ငါ သိနေတာနဲ့တင် လုံလောက်နေပါပြီ"
ဝေါလီက ဥယျာဉ်ကြယ်ထက်မှ လူသားများကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။
၎င်းက ဥယျာဉ်ကြယ်ကြီး ကိုယ်တိုင်ကိုပင် ကယ်တင်ပေးခဲ့ခြင်းပေတည်း။
— — — —
"ဖြန်း"
ကြည်လင်ပြတ်သားသော ပါးရိုက်သံတစ်ခု မြည်ဟည်းသွား၏။
မျက်နှာထက်တွင် နီရဲနေသော လက်ဝါးရာတစ်ခု ထင်ကျန်နေသည့် ကျူရှင်းထူက သူမရှေ့ရှိ ရွှေရောင်ဆံပင်နှင့် သီလရှင်ကို အပြုံးမပျက် ဆက်လက် ကြည့်ရှုနေဆဲ ဖြစ်ပေသည်။
"ဒေါသ မထွက်ပါနဲ့ဟာ၊ ငါက အားလုံးရဲ့ အသက်ကို နည်းနည်းလေး အသုံးချကြည့်ရုံပါပဲ၊ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆုံးသတ် တကယ် ရောက်လာခဲ့ရင်တောင် ငါ တစ်ယောက်တည်းပဲ သေလောက်တာပါ"
"အဲဒါအပြင်... ရှာယာ၊ နင်က ဘာပဲဖြစ်ဖြစ် မသေနိုင်တဲ့သူပဲဟာကို... ဟီဟိ"
ရှာယာ၏ မျက်လုံးများက အလွန်တရာ အေးစက်နေချေပြီ။ သူမဘေးရှိ တက်ကြွရွှင်လန်းတတ်သော ကောင်မလေး စတေစီယာပင်လျှင် ယခုအခါ မကျေမနပ် ဖြစ်နေသည့် အမူအရာ ပေါ်လွင်နေပေသည်။
"ကျူရှင်းထူ... နင် တော်တော် လွန်နေပြီပဲ၊ ဘယ်လိုလုပ် အဲဒီလိုစကားမျိုး ပြောထွက်ရတာလဲ"
"ငါတို့ရဲ့ အသက်တွေကို အသုံးချရုံလေး ဟုတ်လား၊ ငါကတော့ သေချာပေါက် သေမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရဲချီယန်နဲ့ စတေစီယာတို့ကရော ဘယ်လိုလုပ်မလဲ"
စတေစီယာက မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ကာ ရှာယာကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
ပြီးတော့ စတေစီယာ ဆိုတာက ဘာအဓိပ္ပာယ်လဲ။
စကားပြောရင်း အလယ်မှာ တစ်ခဏ ရပ်သွားပုံထောက်ရင် သူမကို မေ့တောင် နေခဲ့တာများလား။
"အဟမ်း... ငါ ဝင်နှောင့်ယှက်မိသလိုများ ဖြစ်နေပြီလား"
ထိုစဉ် လမ်းသရဲကို စီးနင်း၍ ရောက်ရှိလာသော ရဲချီယန်က သူတို့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်လေသည်။
ဆီမီးအိမ်ကို ရရှိပြီးနောက်မှသာ ရဲချီယန်မှာ ရှာယာ ပေးပို့ထားသည့် သတင်းစကားကို စစ်ဆေးရန် အချိန်ရခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ လက်ရှိ ဖြစ်ပေါ်နေသော မြင်ကွင်းကိုလည်း တိုက်ဆိုင်စွာ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။
ရှာယာ၏ အမူအရာက အတော်လေး ပြေလျော့သွားချေပြီ။ သူမက တည့်တည့် လျှောက်လာပြီး ရဲချီယန်ကို ခေါင်းမှခြေဖျားအထိ အကဲခတ် စစ်ဆေးလိုက်ရာ အရာအားလုံးကို ဖောက်ထွင်းမြင်ရသည့် မျက်လုံးများဖြင့် သူ့ကို လုံးဝ ထိုးဖောက်ကြည့်ရှုချင်နေသည့်အလား ပင်ဖြစ်၏။
"ငါ့မှာ တစ်ခုခု ထူးဆန်းနေလို့လား"
"မဟုတ်ပါဘူး... အဟမ်း၊ နင် ဒဏ်ရာများ ရထားသေးလားလို့ စစ်ဆေးကြည့်ရုံပါ၊ ဒါက စီနီယာတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုပဲ"
ရှာယာက အကြည့်ကို လွှဲဖယ်လိုက်ကာ နှလုံးသားထဲမှ ရေတွက်မရနိုင်သော မေးခွန်းများကို မြှုပ်နှံပစ်လိုက်၏။
သူမက ရဲချီယန်ကို မကြည့်ချင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ ကြည့်မိပါက သူမ၏ မျက်လုံးများထဲရှိ စူးစမ်းလေ့လာလိုမှုဟူသော ဆန္ဒကို သူ သတိထားမိသွားနိုင်သောကြောင့် ဖြစ်ပေသည်။
【မီလင်းမြို့တော်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း သူ့ဆီမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ တကယ် သိချင်မိတယ်... သူ ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ။ သူ့ရဲ့ ပါရမီ၊ သူ့ရဲ့ ဘုရားစူးကတ်ပြား၊ သူ့ရဲ့ နတ်ဆိုး... သူ့ရဲ့ အရာအားလုံးက ဘာကြောင့် ဒီလောက်တောင် ထူးခြားဆန်းကြယ်နေရတာလဲ】
လက်ရှိအသုတ် ရထားမောင်းနှင်သူများထဲတွင် တစ်စုံတစ်ယောက်သည် အမျိုးအစားတူ ကတ်ပြားအစီအစဉ် ခုနစ်ခုအထိ စုဆောင်းမိနေပြီဖြစ်ကာ နတ်ဘုရားတစ်ပါးကိုပင် သတ်ဖြတ်နိုင်ခဲ့ပြီဟု ယခု ထုတ်ပြောလိုက်လျှင်တောင် မည်သူက စိတ်ကူးယဉ် ရဲပါမည်နည်း။
ထိုနတ်ဘုရားက အဆင့် C များထဲတွင် အားအနည်းဆုံး ဖြစ်နေလျှင်တောင်မှ...
၎င်းက နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပေတည်း။
သာမန်လူများ မည်သို့မျှ မဖျက်ဆီးနိုင်သော မြင့်မြတ်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော မကောင်းဆိုးဝါးကြီးပင် မဟုတ်ပါလော။
သူက ဘုရားစူးကတ်ပြားတစ်ခု ပိုင်ဆိုင်ထားလျှင်တောင်... နားလည်နိုင်စွမ်း မရှိအောင် ဖြစ်နေဆဲပင်။ သို့သော် သူမ သိချင်နေမိသည်။
ရှုပ်ထွေးဆန်းကြယ်လှသော စိတ်ခံစားချက် မျိုးစုံက ရှာယာ၏ နှလုံးသားအတွင်း ကစဉ့်ကလျား ယှက်နွယ်နေတော့၏။
စတေစီယာ၏ အနည်းငယ် နောက်ပြောင်လိုသော အကြည့်များအောက်တွင် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် သူမက ချောင်းတစ်ချက် ခပ်ဖွဖွ ဟန့်လိုက်ကာ ပြောလိုက်သည်။
"ကျူရှင်းထူ... ဒီကိစ္စ မပြီးသေးဘူး၊ ဘာပဲဖြစ်ဖြစ် နောက်နောင် နင့်ကို ငါ ဘယ်တော့မှ ကူညီတော့မှာ မဟုတ်ဘူး"
"ဒေါသ မထွက်ပါနဲ့ဟာ၊ နောက်စရာလေး နည်းနည်း နောက်လိုက်တာပါ"
သူတို့နှစ်ဦး နောက်တစ်ကြိမ် စကားများရန်ဖြစ်ကြပြန်ချေ၏။
ယင်းအခိုက်အတန့်တွင် စတေစီယာက ရဲချီယန်၏ အနီးသို့ ကပ်လာပြီး ယုန်ရုပ်ချိတ်ဆွဲထားသော သူမ၏ဖုန်းလေးကို မြှောက်ပြရင်း ရယ်မောလိုက်လေသည်။
"ဟယ်လို... ငါ့နာမည်က စတေစီယာပါ၊ နင်က ရဲချီယန် ပေါ့၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်အတွင်း အစ်မရှာယာ နင့်အကြောင်း ခဏခဏ ပြောနေတာ ငါ ကြားခဲ့ရတယ်... ဟီဟိ"
သူငယ်ချင်းဖွဲ့ရန် တောင်းဆိုမှုတစ်ခု ရောက်ရှိလာ၏။
ငြင်းပယ်စရာ အကြောင်းပြချက် မရှိသဖြင့် ရဲချီယန်၏ သူငယ်ချင်းစာရင်းထဲသို့ နောက်ထပ် လူတစ်ယောက် တိုးလာခဲ့ပေသည်။
"စီနီယာ စတေစီယာ... သူတို့တွေ ဘာဖြစ်နေကြတာလဲ"
"ဟွန့်..."
စတေစီယာ၏ မျက်နှာထက်တွင် မှုန်ကုပ်ကုပ် အရိပ်အယောင်တစ်ခု ပေါ်လာကာ ကျူရှင်းထူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြောပြလေတော့သည်။
"ဒါဆို... ဒီဥယျာဉ်ကြယ်ကြီး ကမ္ဘာ့အဆုံးသတ်ထဲ ကျရောက်သွားလိမ့်မယ်ဆိုတာကို သူ အစကတည်းက သိနေခဲ့တာလား"