← Chapters

အခန်း ၄၀၆

Vol. 34 Ch. 406

အခန်း ၄၀၆

Vol. 34 Ch. 406

အခန်း ၄၀၆

အုပ်ချုပ်ရေးဌာန။

ချိုင်မင်သည် ကောင်းကင်ယံဥယျာဉ်တစ်ခုလုံး၌ အကောင်းပကတိအတိုင်း ကျန်ရစ်နေသေးသော အမြင့်မားဆုံး အဆောက်အအုံထက်တွင် ထိုင်နေလေ၏။

ဤဧရာမ လေပျံယာဉ်ကြီးမှာ ကောင်းကင်ယံဥယျာဉ်၏ ပထမရပ်ကွက်ဖြစ်သော အုပ်ချုပ်ရေးဌာန ပိုင်ဆိုင်သည့် သီးသန့်ယာဉ်ကြီးဖြစ်ပေသည်။

အနီးနားတွင် ရေခဲမုန့် ခိုးစားနေသော ကုန်းဖေးယွီကို သူက အမူအရာကင်းမဲ့စွာ ကြည့်လိုက်ရာ နဖူးထက်၌ ဒေါသကြောင့် အကြောများ ထောင်တက်လာချေပြီ။

"ကုန်းဖေးယွီ... မင်းဆီက အစီရင်ခံစာ လာတောင်းတာ၊ မင်း မုန့်စားနေတာ ထိုင်ကြည့်ဖို့ မဟုတ်ဘူး"

ကုန်းဖေးယွီက မင်တက်တက်နှင့် ရေခဲမုန့်ကို ပါးစပ်ထဲ အလျင်အမြန် ထိုးထည့်လိုက်ပြီး ခွက်ကို လွှင့်ပစ်ကာ ပျင်းရိပျင်းတွဲဖြင့် သန်းဝေလိုက်လေသည်။

"ဌာနမှူး... ကျွန်မ မအိပ်ရတာ တစ်ရက်နဲ့ တစ်ညတောင် ရှိနေပြီ၊ အစီရင်ခံစာကတော့လေ... ထူးထူးခြားခြား တင်ပြစရာ မရှိပါဘူး၊ အရာအားလုံးက အပျက်အစီးတွေချည်းပဲ၊ ပြီးတော့ ဥယျာဉ် အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသား နှစ်ယောက်ကို ထပ်ဖမ်းမိထားတယ်"

"ပြီးတော့ရော"

"ပြီးတော့ ဘာမှမရှိတော့ဘူး"

"ငါ စုံစမ်းခိုင်းထားတဲ့ အင်ပါယာအမိန့်တော် အဖွဲ့အစည်းနဲ့ အဘိုကာဒိုက လူတွေအကြောင်းကရော ဘယ်လိုနေလဲ"

ကုန်းဖေးယွီက ပုခုံးတွန့်လိုက်၏။

"ဌာနမှူးရယ် ကျွန်မကို အကျပ်မကိုင်ပါနဲ့၊ အင်ပါယာအမိန့်တော်အဖွဲ့ကတော့ ပြောရ ပိုလွယ်ပါတယ်၊ သူတို့က တမင် ဖုံးကွယ်ထားတာမျိုး မရှိဘူးလေ၊ အလိုရှိစာရင်းထဲက အာချွမ်းလို့ ခေါ်တဲ့ အမျိုးသား အဖွဲ့ဝင်တစ်ယောက်ကတော့ ထွက်သွားပြီ၊ ကျန်တဲ့လူတွေကတော့ တစ်ခုခုကို စောင့်ဆိုင်းနေသလိုမျိုး ဒီမှာ ရှိနေကြတုန်းပဲ"

"အဘိုကာဒို အဖွဲ့ကတော့..."

"ဖျော်ဖြေပွဲမှာ အဆိပ်ကင်းခြေများ သုံးခဲ့တဲ့ မိန်းမလေ... ဘာစိတ်ကူးပေါက်သွားမှန်း မသိပေမဲ့ အင်ပါယာအမိန့်တော်က ကောင်းကင်တမန်ကို သွားပြီး ရန်စတယ်၊ အခုတော့ ဘယ်ဆီ လွင့်စင်သွားမှန်းတောင် မသိတော့ဘူး"

ကုန်းဖေးယွီက သိပ်ပြီး အားကိုးရမည့်ပုံ မပေါ်သော်လည်း...

အပေါ်ယံ အသွင်အပြင်ကသာ ထိုသို့ ဖြစ်နေခြင်းတည်း။

ချိုင်မင် လိုချင်သည့် သတင်းအချက်အလက်ကို သူမက အမှန်တကယ်ပင် စုံစမ်းရှာဖွေနိုင်ခဲ့သည်။

"ဌာနမှူး... ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ၊ မြို့တော်ကြီးကလည်း ဒီလောက်တောင် ပျက်စီးယိုယွင်းနေပြီဆိုတော့ ဒီအတိုင်းပဲ စွန့်ပစ်လိုက်ကြရင် မကောင်းဘူးလား"

"ထွက်သွားစမ်း"

"ဟုတ်ကဲ့..."

ကုန်းဖေးယွီက ထိုနေရာမှ လျှောက်ထွက်သွားလေ၏။

ကျယ်ဝန်းလှသော ကုန်းပတ်ပြင်ထက်သို့ မီးခိုးငွေ့တစ်လိပ် လွင့်မျောလာသည်။

တောက်... တောက်...

စစ်ဖိနပ်သံများ ပဲ့တင်ထပ်လာချေ၏။

မနီးမဝေးမှ ဖန်ဟော့၏ ပုံရိပ်က လျှောက်လှမ်းလာလေသည်။

သူက ဆေးပြင်းလိပ်တစ်လိပ်နှင့် မီးခြစ်ကို ချိုင်မင်ထံသို့ ပစ်ပေးလိုက်၏။

"တစ်လိပ်လောက် သောက်မလား"

ချိုင်မင်က ငြင်းဆန်ခြင်း မရှိခဲ့ချေ။

"ငါ နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ မင်း ထင်လဲ"

ဆေးလိပ်ကို မီးညှိလိုက်ကာ ပြင်းပြင်းတစ်ချက် ဖွာရှိုက်လိုက်သည်။

ချိုင်မင်၏ စိတ်အစဉ်က ဖြည်းညင်းစွာ တည်ငြိမ်လာခဲ့၏။

ဖန်ဟော့က ဘာစကားမျှ မဆိုဘဲ သူ၏ ဆေးလိပ်ကိုသာ ဖွာနေလေသည်။

"နောက်ဆုံးတော့ ငါ ဘာတစ်ခုကိုမှ မကာကွယ်နိုင်ခဲ့ဘူး၊ မြို့တော်ကို ကာကွယ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ နတ်ဘုရား လေးပါးထဲမှာ တစ်ပါးကိုတောင် ငါ မသတ်နိုင်ခဲ့ဘူးလေ၊ အင်ပါယာအမိန့်တော်က မင်းတို့တွေသာ မရှိခဲ့ရင် အဲဒီမကောင်းဆိုးဝါးတွေ အရာအားလုံးကို ဖျက်ဆီးပစ်တာကို ငါ လက်ပိုက်ကြည့်နေရုံကလွဲပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."

"ငါ အားနည်းသွားပုံရတယ်"

ဖန်ဟော့က နှုတ်ခမ်းမှ ဆေးလိပ်ကို ဖယ်လိုက်ပြီး ချိုင်မင်၏ မေးခွန်းကို ဩရှသောအသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"အားနည်းသွားပုံရတယ် မဟုတ်ဘူး ချိုင်မင်... မင်းက အရင်ကထက် အများကြီး ပိုပြီး အားနည်းနေတာ"

"ရထားမောင်းနှင်သူ တစ်ယောက်ဟာ ရပ်တန့်သွားပြီဆိုတာနဲ့ တဖြည်းဖြည်း အားနည်းလာတတ်စမြဲပဲ၊ မင်းပဲဖြစ်ဖြစ်၊ တခြား ဘယ်သူပဲဖြစ်ဖြစ်ပေါ့... ချိုင်မင်၊ မင်း တစ်နေရာတည်းမှာ ရပ်တန့်နေခဲ့တာ အရမ်း ကြာလွန်းနေပြီ၊ ရှေ့ကို ပြန်ပြီး ခရီးဆက်ရမယ့် အချိန်တန်ပြီ"

"ဒါပေမဲ့..."

"လူတွေက ကိုယ့်ထွက်ပေါက်ကို ကိုယ် အမြဲတမ်း ရှာတွေ့တတ်ကြတယ်၊ မင်း တစ်ထစ်ချ မှတ်ယူပြီး ပေးစွမ်းနေတဲ့ ကာကွယ်မှုဆိုတာက သူတို့ရဲ့ နှလုံးသားထဲမှာတော့ ချုပ်နှောင်ထားတဲ့ သံကြိုးခလောက်တွေသက်သက် ဖြစ်နေတတ်တယ်၊ သူတို့ကို လွှတ်ပေးလိုက်ရမယ့် အချိန်တန်ပါပြီ"

ချိုင်မင်က ခေါင်းငုံ့ကာ တိတ်ဆိတ်သွားပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည့်အလား ပင်တည်း။

————

ပွက်... ပွက်...

ဟော့ပေါ့က အရသာရှိလှ၏။ သို့တည်းမဟုတ် အရသာမရှိရန်ပင် ခက်ခဲလွန်းလှသည်ဟု ဆိုရပေမည်။

အထူးသဖြင့် ရှာယာ ဘယ်ကမှန်းမသိ ရရှိလာသော မကောင်းဆိုးဝါး အသားလွှာပါးပါးလေးများနှင့် အခြားသော ပါဝင်ပစ္စည်း မျိုးစုံတို့ကို ပေါင်းစပ်လိုက်သောအခါ မွန်မြတ်သည့် ဟင်းလျာတစ်ခွက် ဖြစ်လာခဲ့ချေပြီ။

သို့သော်လည်း အတော်လေး အံ့အားသင့်စရာ ကောင်းသည်မှာ ကျူရှင်းထူကပါ ဤစုဝေးစားသောက်မှုတွင် ပါဝင်နေခြင်းပင် ဖြစ်သည်။

ဤလူလိမ်မက ရဲချီယန် အနားယူနေစဉ်အတွင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့ပုံရသော်လည်း မည်သည့်အရာကို လုပ်ဆောင်ခဲ့မှန်းမူ သေချာ မသိရချေ။

ရှာယာက သူမကို အကြည့်ကောင်းဖြင့် မကြည့်သေးသော်ငြား ယခင်ကကဲ့သို့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းမျိုးတော့ မပြုလုပ်တော့ပေ။

"ဟူး... ကဲ အကယ်၍ နင် ဖြေရှင်းလို့ မရတဲ့ ကိစ္စမျိုး ကြုံလာခဲ့ရင် ငါ့ကို ပြောဖို့ မမေ့နဲ့... အစ်မက နင့်ကို ကူညီနိုင်မယ့် နည်းလမ်း ရှာပေးမယ်"

ယာယီ တည်ဆောက်ထားသော ဘူတာရုံတစ်ခုထက်တွင် ရှာယာက သူမ၏ ညဉ့်ယံ ကောင်းကင်တမန်ပေါ်သို့ တက်ရောက်သွားလေ၏။

တီနာလေးက ရထားပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး ရဲချီယန်ကို လက်ဝှေ့ယမ်း နှုတ်ဆက်လေသည်။

"တာ့တာ... အစ်ကိုကြီး"

သူမသည် စတေစီယာနှင့်အတူ ထွက်ခွာသွားခဲ့ချေပြီ။

ရဲချီယန်နှင့် ကျူရှင်းထူ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

"ငါလည်း သွားတော့မယ်"

သူ၏ ရထားကလည်း အနီးနားတွင် ရပ်နားထားသည်။ သူ တက်ရောက်ပြီး ထွက်ခွာတော့မည့် အခိုက်အတန့်တွင် ညစာစားပွဲ စတင်ကတည်းက စကားသိပ်မပြောခဲ့သော ကျူရှင်းထူက ရုတ်တရက် နှုတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

"မေးခွန်းတစ်ခုလောက် မေးလို့ ရမလား"

ရဲချီယန်က ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည်။

"ကျွန်တော့်ကို မေးမလို့လား၊ ဘောစ့်... ခင်ဗျား မသိတဲ့အရာဆိုတာ မရှိလောက်ဘူး မဟုတ်လား၊ မမေးတာ ပိုကောင်းမယ် ထင်တယ်"

ကျူရှင်းထူက ခေါင်းခါယမ်းလိုက်ပြီး အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

"ရော့"

"ကုသိုလ်ကံ မပါဘဲနဲ့ ဆုလာဘ်ကို ငါ လက်မခံတတ်ဘူး... နေပါစေ"

"ဒါက ဆိုးရွားတဲ့အရာ မဟုတ်ပါဘူး၊ အစ်မကို နည်းနည်းလေးလောက် ယုံကြည်ပေးပါ... အင်း ဟုတ်ပါပြီလေ၊ အစ်မ နည်းနည်းလေး လွန်သွားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်"

နည်းနည်းလေး ဟုတ်လား။

ရဲချီယန် ရယ်တောင် ရယ်ချင်သွားရ၏။

"အို... ဒါက အခကြေးငွေပါ၊ အခကြေးငွေဆိုတာထက် ကတိအတိုင်း ပေးတာပါ၊ ကောင်းကင်ယံဥယျာဉ်ထဲ မဝင်ခင်က အကြောင်းကို မှတ်မိသေးလား... အဲဒီ ဆီမီးအိမ်ကို ထွန်းညှိပေးသရွေ့ အချိန်စီးဆင်းမှု ထိန်းညှိခြင်း ခွင့်ပြုချက်ကို ပေးမယ်လို့ အစ်မ ပြောခဲ့တယ်လေ... အဲဒါကြောင့်..."

"ရပ်လိုက်တော့"

ရဲချီယန်က လက်ကို ကန့်ကွက်သလို ဝှေ့ယမ်းလိုက်သည်။

"ဘာ ဆီမီးအိမ်လဲ၊ ကျုပ်မမြင်ဖူးသလို မရခဲ့ဘူး၊ ဘောစ့်... ဒီ အချိန်စီးဆင်းမှု ထိန်းညှိခြင်း ခွင့်ပြုချက်က ကောင်းမွန်ပေမဲ့ ရထားမောင်းနှင်သူ တစ်ယောက်ဟာ လက်ဆောင်တွေကို အလကား လက်မခံတတ်ဘူးဆိုတာ ခင်ဗျား နားလည်သင့်တယ်၊ ကျွန်တော် လုပ်ခဲ့တဲ့အရာက ခင်ဗျားရဲ့ အဲဒီခွင့်ပြုချက်လောက် တန်ဖိုးမရှိဘူး"

သူမက ပေးချင်လေလေ ရဲချီယန်က လက်ခံရန် ငြင်းဆန်လေလေ ဖြစ်၏။

ကျူရှင်းထူကို သူ မယုံကြည်ပေ။

သို့တည်းမဟုတ် ဤလူလိမ်မက ယုံကြည်ထိုက်သူ မဟုတ်သောကြောင့် ပင်တည်း။

သူမ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အမြဲတမ်း ရည်ရွယ်ချက် တစ်ခုခု ရှိနေတတ်စမြဲ ဖြစ်သည်။

"ကောင်းပါပြီလေ... ဒါဆိုရင်လည်း အဲဒီ ဆီမီးအိမ်အကြောင်း အစ်မ ပြောပြပါမယ်၊ မောင်လေး မရခဲ့ဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး"

"မှတ်ထားပါ... အကယ်၍ တစ်နေ့နေ့မှာ မောင်လေး သူ့ကို ရရှိပြီး ထွန်းညှိခဲ့မယ်ဆိုရင် ကမ္ဘာ့အဆုံးသတ်ရဲ့ မီးတောက် ငြိမ်းသတ်သွားတဲ့ အခိုက်အတန့်မှာ ဆီမီးအိမ်ရဲ့ မီးစာဟာ အပိုင်းအစတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ အဲဒါက အထူး အပိုင်းအစတစ်ခုပဲ"

ကျူရှင်းထူက သူမ၏ ပါးပြင်ကို တတို့ထိုးလိုက်ပြီး ခွင့်ပြုချက်ကတ်ပြားကို သိမ်းဆည်းလိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား လက်ကောက်ဝတ်ရှိ အာကာသသိုလှောင်ရေး ကိရိယာထဲမှ အဝတ်စဖြင့် ထုပ်ပိုးထားသော ရှည်လျားသည့် အရာဝတ္ထုတစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ချထားလိုက်လေသည်။

"ဒါကို ယူမလား... မယူဘူးလားဆိုတာ မောင်လေးသဘောပါပဲ... ဟီဟိ"

သူမက ထွက်ခွာရန် လှည့်ထွက်လိုက်၏။ ရဲချီယန်၏ ဟန်ဆောင်အပြုံးတို့ ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်လျက် ဩရှလေးနက်သော အသံဖြင့် မေးလိုက်သည်။

"ခင်ဗျား ကျုပ်ကို ဘာမေးချင်တာလဲ"

ကျူရှင်းထူ၏ ခြေလှမ်းတို့ တန့်ရပ်သွား၏။ သူမက ထိုနေရာတွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလာသည်။

"မောင်လေးရဲ... အကယ်၍ တစ်နေ့နေ့မှာ ကြိုတင် သတ်မှတ်ထားတဲ့ ကံကြမ္မာတစ်ခုကို ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြောင်းပြန်လှန်ပစ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် ဘာလုပ်မလဲ"

"လုံးဝ မဖြစ်နိုင်ဘူး"

သူ၏ အဖြေစကားမှာ တုံ့ဆိုင်းမှု အလျဉ်းမရှိဘဲ ပြတ်သားကာ လုံးဝ ရိုးသားမှန်ကန်နေပေ၏။

"ကံကြမ္မာဆိုတာ လူတွေ ကိုယ်တိုင် ဖန်တီးရမယ့်အရာပဲ... ကံကြမ္မာကိုပြောင်းပြန်လှန်တာပဲဖြစ်ဖြစ်၊ လိုက်လျောတာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက ငါ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုတွေချည်းပဲ... ခင်ဗျား ပြောတဲ့ ကံကြမ္မာ ဆိုတာကြီး မဟုတ်ဘူး"

"ပြောင်းပြန်လှန်တာကိုလည်း ငါ ဂရုမစိုက်သလို ကံကြမ္မာဆိုတာကိုလည်း ငါ ဂရုမစိုက်ဘူး၊ ငါ့ကိုယ်ငါပဲ ဂရုစိုက်တယ်၊ ဒီအဖြေကို ခင်ဗျား ကျေနပ်ရဲ့လား"

ကျူရှင်းထူက တိတ်ဆိတ်စွာ ဆက်ရပ်နေဆဲ ပင်တည်း။

သူမ၏ အကြည့်တို့က အောက်ဘက်သို့ စိုက်ကျနေပြီး ဗေဒင်ဆရာမဟု အမည်ရသော ဘုရားစူးကတ်ပြားသည် ယင်းအခိုက်အတန့်တွင် မျက်စိကျိန်းလောက်အောင် တောက်ပစွာ လင်းလက်လာခဲ့လေ၏။

အလွန်တရာ ရှည်လျားသော အချိန်ကာလတစ်ခုတိုင်အောင် သူမသည် ဘာစကားမျှ မဆို၊ ဘာလှုပ်ရှားမှုမျှ မပြုလုပ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ထိုနေရာမှ လျှောက်ထွက်သွားခဲ့လေတော့သတည်း။

All Chapters