← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) လွင့်ပျံနေသော အမွှေးတောင်ပံများ။

မိုးပြာရောင် လျှပ်စီးနဂါးမှာ ရုတ်တရက် အနိမ့်သို့ ပျံသန်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လျှပ်စီးတိမ်တိုက်များမှာ အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားပြီး၊ အနီရောင်ရင့်ရင့် လျှပ်စီး တန်းပေါင်းများစွာမှာ ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပလာသည်။

ကောင်းကင်နှင့် မြေပြင်တို့မှာ မှောင်မိုက်ပြီး ဝါးမြိုခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ၊ နီရဲနေသော လျှပ်စီးကြောင်းများမှာ နတ်ဆိုးတို့၏ လက်သည်းများနှယ် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရက်ရက်စက်စက် ဆွဲဖြဲဖျက်ဆီးပစ်လိုက်သည်။

နဂါးသခင်အဆင့်၏ စွမ်းအားမှာ အမှန်ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။ နတ်ဘုရား သူတော်စင်နဂါးစိမ်းသည် လျှပ်စီးနဂါးနှင့် အကွာအဝေးတစ်ခုထိ ရောက်ရှိနေသော်လည်း ထိုပြင်းထန်သော လျှပ်စီးကြောင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရသွားခဲ့ရသည်။

"ညီငယ်လေး... နဂါးတွေကို သတ်ဖို့က ငါ့အလုပ်။ အဲဒီဗိမာန်ဂိုဏ်းက ကံကြမ္မာသားတော် ဆိုတဲ့ကောင်ကို မင်းပဲ ကိုင်တွယ်ပေးလိုက်တော့" လက်သီးသခင် ကျန့်အန်းက ပြောလိုက် သည်။

ကျူးမင်လန်၏ အဖြေကိုပင် မစောင့်တော့ဘဲ သူသည် အစွမ်းထက်ဆုံးဖြစ်သည့် မိုးပြာ ရောင်လျှပ်စီးနဂါးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ကျူးမင်လန်က အပျက်အစီးများကြားတွင် ရပ်နေသည့် ဒူချန်းကို ကြည့်လိုက်၏။ ဒူချန်း၏ မျက်နှာမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ရှင်သန်နေထိုင်ခဲ့သည့် အနက်ရောင်ငရဲတမန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသည်။

ထိုအချိန်တွင် ခေါင်းနှစ်လုံးပါတောင်ပံနဂါးတစ်ကောင်မှာ ကောင်းကင်ယံမှ အရှိန်ဟုန်ဖြင့် ငုပ်ဆင်းလာကာ လျှပ်စီးထိမှန်ထားသော နတ်ဘုရားသူတော်စင်နဂါးစိမ်းကို တိုက်ခိုက် သည်။

ဤခေါင်းနှစ်လုံးပါတောင်ပံနဂါး၏ ဘယ်ဘက်ခေါင်းတွင် နီရဲသော မီးလျှံအမောက်နှင့် ညာဘက်ခေါင်းတွင် မြစိမ်းရောင် အဆိပ်အမောက် ပါရှိရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသော ရှေးဟောင်းနဂါးတစ်ကောင် ဖြစ်သည်။

နတ်ဘုရားသူတော်စင်နဂါးစိမ်းက သံမဏိရွက်များကဲ့သို့ ခိုင်ခံ့သော တောင်ပံများကို ခတ်လိုက်ရာ ခန္ဓာကိုယ်မှ စိမ်းလန်းသော အလင်းရောင်များ ဖြာထွက်လာ၏။ သတိပေး ခြင်းမရှိဘဲ သူ၏အောက်ခြေမှ နွယ်ပင်များမှာ ထွက်ပေါ်လာသည်။

နွယ်ပင်များမှာ ရစ်ပတ်၊ ကွေးညွတ်ပြီး တိုးပွားလာရာ အချိန်ကြာမြင့်စွာပင် မစောင့်လိုက်ရ ဘဲ နွယ်ပင်နှင့် အမြစ်များဖြင့် တောင်ငယ်တစ်ခုကဲ့သို့ ဖြစ်လာ၏။ နတ်ဘုရား သူတော်စင် နဂါးစိမ်းသည် ဝေဟင်အမြင့်တွင် အဆိပ်နှင့် မီးလျှံစွမ်းအားကို ပိုင်ဆိုင်သော ပတယ်လ်ရို ဆောနဂါးနှင့် အပြင်းအထန် တိုက်ခိုက်နေစရာ မလိုတော့ပေ။ ဤနွယ်ပင်များကို အမှီသပြု၍သာ တိုက်ခိုက်မည်ဆိုပါက သူသည် နဂါးစစ်သူကြီးအဆင့် ပတယ်လ်ရိုဆော နဂါးကို လုံးဝ ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။

ကျူးမင်လန်၏ ပတ်ပတ်လည်တွင် မုန်တိုင်းအရိပ်အမွှေးများမှာ လည်ပတ်နေပြီး သူ့ကို မြေပြင်ပေါ်သို့ ညင်သာစွာ ပို့ဆောင်ပေးသည်။

ထိုအမွှေးတောင်ပံများမှာ တစ်ခါတစ်ရံ ဓားသွားကဲ့သို့ ထက်ရှပြီး၊ တစ်ခါတစ်ရံတွင်မူ ဒိုင်းလွှားကဲ့သို့ ခိုင်ခံ့ကာ တစ်ခါတစ်ရံ အရွက်များကဲ့သို့ နူးညံ့သည်။

အလားတူပင်၊ အဖြူလေးတွင်လည်း မုန်တိုင်းအရိပ်အမွှေးများ ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် ဝိညာဉ်ချိတ်ဆက်မှုအရ နဂါးထိန်းများသည် သူတို့၏ နဂါးသားရဲများ အသုံးပြု သည့် စွမ်းအားမြှင့် အသုံးဆောင်ပစ္စည်းများကို တူညီစွာ အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။

လက်သီးသခင် ကျန့်အန်း တိုက်ပွဲထဲသို့ ဝင်ရောက်လာသောအခါ အဖြူလေးသည် နဂါးတို့ ၏ ဝိုင်းရံမှုမှ လွတ်မြောက်လာပြီး ကျူးမင်လန်ထံသို့ ပြန်လာသည်။ သူ၏ အကြည့်တို့မှာ ဗိမာန်ဂိုဏ်းမှ နတ်ဘုရားမျိုးနွယ်ဝင် လူသားတို့၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ ဒူချန်းထံသို့ ကျရောက်နေသည်။

ရုတ်တရက် အဖြူလေးမှာ အဖြူရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒူချန်း၏ အနီးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ဒူချန်းသည် လျင်မြန်စွ လှုပ်ရှားနိုင်သူဟု ကျော်ကြားသော်လည်း ငွေနှင်းအရုဏ်ဦး နဂါးဖြူ ၏ ကြောက်မက်ဖွယ် အရှိန်ဟုန်နှင့် ပေါက်ကွဲအားကို မြင်လိုက်ရသောအခါ ထိတ်လန့်တ ကြား ဆုတ်ခွာလိုက်ရသည်။

အဖြူလေးက လက်သည်းဖြင့် ဒူချန်း၏ နှလုံးသားကို တည့်တည့်ချိန်ရွယ်၍ ထိုးနှက်လိုက် ရာ ဒူချန်းမှာ ကပ်သီလေးဖြင့် လူးလိမ့်ရှောင်တိမ်းနိုင်ခဲ့သည်။

နောက်ထပ် လက်သည်းတစ်ချက်က သူ၏ မျက်နှာကို ဦးတည်၍ ဝှေ့ယမ်းလာပြန်သည်။ ဒူချန်းသည် နတ်ဘုရားမျိုးနွယ်ဝင်လူသားများထဲတွင် သန်မာသူဟု သတ်မှတ်ခံထားရ သော်လည်း နဂါးသခင်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသော အဖြူလေးနှင့် ရင်ဆိုင်ရချိန် တွင်မူ ကျားရဲကြီးတစ်ကောင်နှင့် ရုန်းကန်နေရသည့် ကလေးငယ်တစ်ဦးနှယ် ဖြစ်နေတော့ သည်...

"သခင်ကို ကာကွယ်ကြ" အမျိုးသမီး သူရဲကောင်းက အော်ဟစ်လိုက်သည်။

ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ စွမ်းအားမှာ မိုးပြာရောင် လျှပ်စီးနဂါးထက်ပင် သာလွန်နေ သည်။ အကြောင်းမှာ မိုးပြာရောင် လျှပ်စီးနဂါးနှင့် အခြား နဂါးစစ်သူကြီးအဆင့် နဂါး ခြောက်ကောင်တို့ ပူးပေါင်းတိုက်ခိုက်စဉ်မှာပင် ငွေနှင်းအရုဏ်ဦးနဂါးဖြူမှာ အားနည်းချက် တစ်စုံတစ်ရာ မရှိခဲ့သောကြောင့် ဖြစ်သည်။

အဆင့်တူချင်း ယှဉ်ပြိုင်ရာတွင် နတ်ဘုရားအမျိုးနွယ်ဝင် လူသားများသည် နဂါးသားရဲ တစ်ကောင်ကို တစ်ဦးတည်း ရင်ဆိုင်နိုင်ရန် အတွေ့အကြုံ အလွန်အမင်း လိုအပ်လှသည်။ ထိုသို့သော အခြေအနေမျိုးတွင် နဂါးသခင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကြွေးကြော်ထားသော ဒူချန်းနှင့်ပတ်သက်၍ ပြောရလျှင် ပုဂ္ဂိုလ်အစွဲများစွာ ပါဝင်နေပြီး လက်တွေ့တွင်မူ ထိုကဲ့သို့ ဖြစ်လာရန်မှာ အလွန်ပင် ခက်ခဲလှသည်။

သူ၏တစ်ခုတည်းသော အားကိုးရာမှာ သူဝတ်ဆင်ထားသည့် မှော်အရိပ်ဝတ်ရုံပင် ဖြစ်သည်။ ဤဗိမာန်ဂိုဏ်း၏ ရတနာသာ မပါဝင်လျှင် သူသည် နဂါးစစ်သူကြီးအဆင့်၏ အထွတ်အထိပ် နတ်ဘုရားမျိုးနွယ်ဝင် လူသားတစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။

မှော်အရိပ်ဝတ်ရုံသည် အရှိန်နှေးကွေးသော နဂါးများကို ရှောင်တိမ်းရာတွင် အနည်းငယ် အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

သို့သော် ငွေနှင်းအရုဏ်ဦး နဂါးဖြူမှာမူ အလွန်လျင်မြန်သွက်လက်သော ဝိညာဉ်သတ္တဝါ တစ်ကောင် ဖြစ်သည်။ နဂါးစစ်သူကြီးအဆင့် နဂါးခြောက်ကောင်နှင့် အဆင့်နိမ့် နဂါးသခင် အဆင့် မိုးပြာရောင် လျှပ်စီးနဂါးတို့ ဝိုင်းရံထားစဉ်ကပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ သည်မှာ သူ၏ ထူးခြားသော လျင်မြန်သွက်လက်မှုကို သက်သေပြနေသည်။ ထို့ကြောင့်ပင် မှော်အရိပ်ဝတ်ရုံမှာ သူ့ရှေ့တွင် စွမ်းအားမဲ့နေပြီး အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။

"ဝှီး……."

ဒူချန်း၏ ရှေ့တွင် မြေပြင်မှ ပုံဆောင်ခဲအချွန်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး နဂါးစစ်သူကြီးအဆင့် နဂါးတစ်ကောင်ကို ဖောက်ထွက်သွားကာ သွေးများ ပန်းထွက်သွား စေသည်။ ဒူချန်းက ထိတ်လန့်စွာ ရှောင်တိမ်းလိုက်ပြီး မြေပြင်ကို ငုံ့ကြည့်မိသည်။

တွင်းပေါက်များဖြင့် ပြည့်နေသော မြေပြင်မှာ ရုတ်တရက် ကွဲအက်သွားပြီး အက်ကြောင်း များထဲမှ ကြောက်မက်ဖွယ်ကောင်းသော မြေအောက် ရေခဲပုံဆောင်ခဲများ ပေါ်ထွက်လာ သည်။ ၎င်းတို့သည် သခင်ကို ကာကွယ်ရန် ရောက်ရှိလာသော နဂါးစစ်သူကြီးအဆင့်များ ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသည်။

နဂါးစစ်သူကြီးအဆင့်သာ ရှိသည်ဟု ထင်ရသော 'ယင်နဂါး' တစ်ကောင်မှာ လည်ပင်းနှင့် ဝမ်းဗိုက်တွင် ရေခဲပုံဆောင်ခဲ နှစ်ခု တပြိုင်နက် ဖောက်ထွက်ခံလိုက်ရသည်။ မြေအောက်မှ ပေါ်ထွက်လာသော ရေခဲပုံဆောင်ခဲများ၏ အရှိန်အဟုန်ကြောင့် ထိုယင်နဂါးသည် ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

အဆင့်နိမ့် နဂါးစစ်သူကြီးအဆင့်တွေ...

ဘိုးဘေးနဂါး မြို့တော်တွင် သူတို့မှာ အတော်လေး အဆင့်မြင့်သော သူရဲကောင်းများ ဖြစ်ကြသည်။

သို့သော် ငွေနှင်းအရုဏ်ဦး နဂါးဖြူ ရှေ့တွင်မူ ၎င်းတို့မှာ အမြောက်စာများသာ ဖြစ်နေကြ သည်။

'ယင်နဂါး' သေဆုံးသွားသည့်အခါ သူ၏ပိုင်ရှင်မှာ ဝိညာဉ်ပဋိညာဉ်ကြောင့် ပြင်းထန်စွာ တန်ပြန်သက်ရောက်မူဒဏ် ခံလိုက်ရပြီး တိုက်ပွဲဆက်လက်ဆင်နွှဲနိုင်စွမ်း မရှိတော့ပေ။

ဒူချန်း၏ အသက်မှာ အမှန်ပင် အဖိုးတန်လွန်းပုံရသည်။

ကျန့်အန်း၏ လက်သီးချက်ဒဏ်ကို အကြိမ်ကြိမ် ခံနေရသည့် မိုးပြာရောင် လျှပ်စီးနဂါးကို ကူညီမည့်သူ မည်သူမျှ မရှိပေ။ ယင်းအစား နဂါးစစ်သူကြီးအဆင့်ခုနစ်၊ ရှစ်ကောင်ခန့်မှာ ဒူချန်းကို နဂါးသခင်အဆင့်စွမ်းရည်ကို ပိုင်ဆိုင်ထားသော ငွေနှင်းအရုဏ်ဦး နဂါးဖြူက သတ်ပစ်လိုက်မည်ကို အလွန်ကြောက်ရွံ့နေပြီး သူ့ကို ဝိုင်းရံကာကွယ်နေကြသည်။

တကယ်တမ်းတွင် ထိုနဂါးစစ်သူကြီးများသာ မနှောင့်ယှက်ပါက ငွေနှင်းအရုဏ်ဦး နဂါးဖြူ မှာ ဒူချန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ငွေနှင်းအရုဏ်ဦး နဂါးဖြူ သည် ဤနဂါးစစ်သူကြီးများကို တစ်ကောင်ချင်းစီ ဖြည်းဖြည်းချင်း ရှင်းလင်းပစ်ရန် လိုအပ်လာသည်။

ထိုနဂါးစစ်သူကြီးများထဲတွင် အလောင်းအုပ်စိုးရှင်နဂါး တစ်ကောင်မှာ အထွတ်အထိပ် နဂါးစစ်သူကြီးအဆင့်ဖြစ်ပြီး အလွန်ပင် ကြံ့ခိုင်သန်မာသည်။ သူသည် ကြောက်ရွံ့နေသော နဂါးအုပ်စုထဲမှ ရဲရင့်စွာ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

၎င်း၏ ကြီးမားလှသော ကိုယ်ခန္ဓာမှာ ပိုးကောင်တို့၏ ပါးစပ်ပေါက်များနှယ် ဟောက်ပက် ဖြစ်နေသည့် အပေါက်များဖြင့် ပြည့်နှက်နေပြီး အဆစ်တိုင်းတွင် နောက်ပြန် လှည့်နေသော အရိုးများ ထွက်ပေါ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် အုပ်စိုးရှင်နဂါးမှာ ဉီးခေါင်းမရှိ ဘဲ လည်ပင်းနေရာတွင်မူ ဟောက်ပက်ဖြစ်နေသော ပါးစပ်ပေါက်ကြီးသာ ရှိသည်။ ထိုပါးစပ်အတွင်းရှိ သွားများမှာ အစာအိမ်နံရံမှ ပေါက်ထွက်လာသကဲ့သို့ ပြင်ပသို့ ငေါထွက် နေကြသည်။

ဤအလောင်းကောင် အုပ်စိုးရှင်နဂါးမှာ အလွန်ရုပ်ပျက်ဆင်းပျက် ရှိလှသည်။ ၎င်းမှာ အုပ်စိုးရှင်နဂါးတစ်ကောင်၏ ဖျက်ဆီးခံထားရသော အရိုးစုတစ်ခုကို ကပ်ပါးပိုးကောင် တစ်မျိုးမျိုးက ဝင်ရောက်အခြေချထားခြင်း ဖြစ်ပြီး၊ ကိုယ်ခန္ဓာ တစ်ခုလုံးတွင် အလောင်းပိုး လောင်းများနှင့်အတူ အကျိအချွဲများဖြင့် ပြည့်နှက်နေသည်။

ကျူးမင်လန်မှာ ဤအခိုက်အတန့်တွင် မျက်လုံးပြူးသွားမိသည်။ ဤကမ္ဘာတွင် ဤကဲ့သို့ သော နဂါးမျိုးကိုပင် မွေးမြူတတ်ကြသည်တကား။

ငွေနှင်းအရုဏ်ဦး နဂါးဖြူမှာမူ ငြိမ်သက်စွာ ရပ်နေ၏။ ဤသို့သော အရာမျိုးနှင့် နီးကပ်စွာ တိုက်ခိုက်ရန် သူ လုံးဝ စိတ်မပါပေ။ အကိုက်မခံရလျှင်ပင် ထိုသတ္တဝါ၏ ရုပ်ပုံသဏ္ဌာန် ကြောင့်ပင် သူ ရွံရှာနေမိသည်။

သန့်ရှင်းမှုနှင့် ပတ်သက်လာလျှင် အဖြူလေးမှာ ကျူးမင်လန်၏ အကယ်ဒမီအဆောင်နေ အပေါင်းအပါအချို့ထက်ပင် ပိုမိုသန့်ရှင်းသပ်ရပ်သလို၊ ဂုဏ်သိက္ခာနှင့် လှပတင့်တယ်ခြင်း အတွက်မူ သန့်စင်မှုမှာ မရှိမဖြစ် လိုအပ်လှသည်။

ပတ်ပတ်လည်ရှိ မုန်တိုင်းအရိပ်အမွှေးများမှာ တဖြည်းဖြည်းချင်း ပေါက်ကွဲထွက်လာပြီး အဖြူလေး၏ အကြည့်ဆုံရာဆီသို့ ဒီရေလှိုင်းများကဲ့သို့ တဟုန်ထိုး တိုးဝင်သွားသည်။

မျက်ဝန်းများ ပြောင်းလဲသွားပြီး အမွှေးတောင်ပံများ အသာအယာ မော့တက်လာသည်နှင့် အမျှ အဖြူလေးသည် မုန်တိုင်းအရိပ်အမွှေးများကို ထက်မြက်သော ဓားသွားလိပ်ပြာများ အဖြစ် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေပြင်ကြားရှိ တည်ငြိမ်မှုမရှိသော လေစီးကြောင်းများကိုပါ စုစည်းလိုက်သည်။

ထိုလေစီးကြောင်းများကို အမွှေးတောင်ပံလှိုင်းလုံးကြီးများထဲသို့ ထည့်သွင်းလိုက်ရာ၊ လေပြင်းမုန်တိုင်းမှာ အော်ဟစ်ဆူညံနေသည့် ပင်လယ်ရေပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွား တော့သည်။ ‘လွင့်ပျံသော အမွှေးတောင်များ၊ အရိုးတို့ကို ခြစ်ထုတ်မည့် ဓားလှိုင်း'…….။

အထွတ်အထိပ် နဂါးစစ်သူကြီးအဆင့်တွင် ရှိသော အလောင်းကောင် အုပ်စိုးရှင်နဂါးမှာ အနီးမကပ်နိုင်ခင်မှာပင် ပြင်းထန်သော လေစီးကြောင်းများအတွင်းသို့ အကြမ်းပတမ်း ဆွဲခေါ်ခံလိုက်ရသည်။ အားကောင်းသော လေစီးကြောင်းများကြောင့် ထက်မြက်သည့် အရိပ်အမွှေးများမှာ ထိုနဂါး၏ အသားအရေနှင့် အရိုးများကို အကြိမ်ကြိမ် အပိုင်းပိုင်း ဖြတ်တောက်သွားသည်။

အလောင်းကောင် အုပ်စိုးရှင်နဂါးသာမက ဒူချန်း ပတ်ပတ်လည်ရှိ အခြား နဂါးစစ်သူကြီး များမှာလည်း အထိအခိုက် ခံလိုက်ရပြီး အသားအရေများ ပေါက်ပြဲကာ သွေးများ ပန်းထွက် ကုန်ကြသည်။

ဒူချန်းမှာမူ သူ၏မှော်အရိပ်ဝတ်ရုံဖြင့် ရှောင်တိမ်းနိုင်သေးသည်ဟု ထင်မှတ်နေဆဲဖြစ် သည်။ သို့သော် ထက်မြက်သော အရိပ်အမွှေးများကြားတွင် အစွန်းထက်သော ရေခဲ ပုံဆောင်ခဲများပါ ရောနှောပါဝင်နေသည်။ သူသည် အမွှေးတောင်ပံများ၏ ဓားချက်ကို ရှောင်တိမ်းနိုင်မည် ဖြစ်သော်လည်း၊ နေရာအနှံ့ ပျံ့နှံ့နေသော ဤရေခဲဓားသွားများကို မည်သို့လျှင် ရှောင်လွှဲနိုင်ပါမည်နည်း…..။

All Chapters