အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄) ဝိညာဉ်စုဆောင်းခြင်းဖြင့် ကြီးမားသော ရိတ်သိမ်းမှု။
"ဘုန်း…."
လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်နှင့် အမျိုးသမီး သူရဲကောင်းမှာ သူမ၏ အရိပ်သံချပ်ကာကို အလျင်အမြန် ဆင့်ခေါ်ထုတ်လိုက်ရသည်။
ကံမကောင်းစွာဖြင့် သူမ၏ သံချပ်ကာမှာ ခုခံနိုင်စွမ်း အလွန်အမင်း မရှိလှပေ။ အထူးသဖြင့် ကျန့်အန်းမှာ သခင်အဆင့် ကျွမ်းကျင်သူဖြစ်သဖြင့် ပို၍ပင် အားနည်းသွားသည်။ (ဤနေရာ၌ နတ်ဘုရားနွယ်ဝင်လူသားများ၏ ကျင့်ကြံခြင်းအဆင့်ကို အခုထိ သတ်မှတ်ပြ ခြင်း မရှိသေးပေ။ နဂါးများ၏ အဆင့်သတ်မှတ်ချက်များအတိုင်း ဖြစ်ပုံရပါသည်။ ဉပမာ နဂါးသခင်အဆင့်ကို နဂါးဖြုတ်၍ သခင်အဆင့်ဟု သတ်မှတ်ပုံရသည်။ ပါသည့်အတိုင်း ပြန်ဆိုထားပါသည်။)
အရိပ်သံချပ်ကာမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သူမ၏ ဖောင်းကားနေသော ခန္ဓာကိုယ်မှာ ထိုလက်သီးချက်ကြောင့် ချိုင့်ဝင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာ သည်။
မိုးပြာရောင် လျှပ်စီးနဂါးက ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော ရက်စက်သည့် လျှပ်စီးတန်းများမှာ အနီရောင်ရင့်ရင့် ကြိမ်လုံးကြီးများနှယ် ကျန့်အန်းထံသို့ ရိုက်ခတ်သွားသည်။
ကျန့်အန်းမှာ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် နဂါးစစ်သူကြီးအဆင့် နဂါးနှစ်ကောင်က ခုန်အုပ်လိုက်ရာ ကျန့်အန်း၏ လက်တစ်ဖက် ပြတ်လုနီးပါး ဖြစ်သွားရ သည်။
ရှည်လျားသော အော်ဟစ်သံတစ်ခု ပေါ်ထွက်လာပြီးနောက် ငြိမ်းချမ်းသော လရောင်များ မှာ မသိလိုက်မသိဘာသာနှင့် အောက်သို့ ဖြာကျလာသည်။ အစပိုင်းတွင် အလွန်နူးညံ့သည် ဟု ထင်ရသော်လည်း မကြာမီမှာပင် ကောင်းကင်ယံမှ မြေပြင်သို့ ထိုးစိုက်ကျလာသော မရေတွက်နိုင်သည့် လရောင်ဓားသွားများ ဖြစ်လာကြသည်။
မိုးပြာရောင် လျှပ်စီးနဂါးမှာ ကောင်းကင်ယံ အနိမ့်ပိုင်းတွင် ဝဲပျံနေသည်။ လရောင်ဓားသွား များမှာ သူ၏ကျောက်သားကဲ့သို့ မာကျောသော အသားအရေပေါ်သို့ ကျရောက်သွားသည်။ ၎င်းတို့မှာ ကမ္ဘာမြေကြီးကိုပင် စုတ်ဖြဲပစ်နိုင်သည့် ဓားများဖြစ်သော်လည်း နဂါး၏ အသား အရေပေါ်တွင်မူ အမှတ်အသား သို့မဟုတ် သွေးစက်များ မကျန်ရစ်ခဲ့ပေ။
အလွန်တရာ မာကျောသန်မာသော မိုးပြာရောင် လျှပ်စီးနဂါး၏ ခုခံနိုင်စွမ်းမှာ ထင်ထား သည်ထက် ပို၍ပင် သာလွန်နေသည်။
"ဝှီး…….."
ရုတ်တရက် အရိပ်တစ်ခုက လရောင်ဓားသွား ထောင်ပေါင်းများစွာကြားမှ ဖောက်ထွက် လာပြီး မိုးပြာရောင် လျှပ်စီးနဂါး၏ ကျောရိုးကို ထိုးဖောက်လိုက်သည်။
ထိုအရိပ်မှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အမြီးစူး ဖြစ်သည်။ မိုးပြာရောင် လျှပ်စီးနဂါး၏ ဆန်းကြယ်မှော်ပညာ လရောင်ဓားသွားများနောက်တွင် ပုန်းကွယ်နေပြီး လရောင်စွမ်းအင် အားလုံးကို ခံနိုင်ရည် ရှိသည့် အမြီးစူးပင်။ မိုးပြာရောင် လျှပ်စီးနဂါးမှာ ဤမျှ အရေးမပါဟု ထင်ရသော နဂါးအမြီးက သူ၏ ကျောက်သားကဲ့သို့ မာကျောသော အသားအရေကို မည်သည့် အတားအဆီးမျှမရှိ ထိုးဖောက်နိုင်လိမ့်မည်ဟု လုံးဝ တွေးမထင်ထားခဲ့ပေ။
မာကျောသော အသားအရေနှင့် ကြွက်သားများမှာ ဤအမြီးစူးရှေ့တွင် စက္ကူကဲ့သို့ ဖြစ်သွားရသည်။
ခုခံမှု မည်မျှပင် ခိုင်မာနေပါစေ၊ ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် အခွင့်အရေးနှင့် မှန်ကန် သော တိုက်ခိုက်ရေးအချက်ချာကို ရရှိသွားပါက ချက်ချင်း ထိုးဖောက်နိုင်စွမ်းရှိသည်။
အပေါက်မှာ မကြီးမားသော်လည်း သွေးများမှာ ထိန်းမနိုင်သိမ်းမရ ပန်းထွက်လာသည်။ မိုးပြာရောင် လျှပ်စီးနဂါးမှာ ဒေါသတကြီး ဟိန်းဟောက်ရင်း လျှပ်စီးစွမ်းအားများကို ရူးသွပ် စွာ ပေါက်ကွဲထုတ်လွှတ်ကာ ငွေနှင်းအရုဏ်ဦး နဂါးဖြူထံသို့ တိုးဝင်လာသည်။
ငွေနှင်းအရုဏ်ဦး နဂါးဖြူမှာ လိပ်ပြာတစ်ကောင်ကဲ့သို့ လေထဲတွင် ကခုန်ရင်း မိုးပြာရောင် လျှပ်စီးနဂါး၏ ရမ်းကားသော တိုက်ခိုက်မှုများကို လွတ်အောင် ရှောင်တိမ်းနေသည်။
မိုးပြာရောင် လျှပ်စီးနဂါးက ပို၍ ရမ်းကားလေလေ၊ သူ၏ အားနည်းချက်များ ပို၍ ထင်ရှား လာလေလေပင်။ ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် မုဆိုးတစ်ဦး၏ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး မိုးပြာရောင် လျှပ်စီးနဂါး အနီးသို့ ကပ်လာသည့်အခါတိုင်း လျင်မြန် သော အမြီးစူးဖြင့် တိုက်ခိုက်မှုကို ပြုလုပ်လေသည်။
အေးစက်စက် အရိပ်တန်းများက အမာကျောဆုံးသော နဂါးအရေပြားကို ဖောက်ထွင်းပြီး အရိုးများထဲထိပင် ထိုးစိုက်သွားသည်။
ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် မိုးပြာရောင် လျှပ်စီးနဂါးမှာ ခံနိုင်ရည်ရှိပြီး အရေပြားနှင့် ကြွက်သားများမှာ သံမဏိကဲ့သို့ မာကျောကြောင်း သိထားပုံရသည်။ သာမန် ဆန်းကြယ် မှော်ပညာရပ်နှင့် မှော်ပညာများမှာ သူ့ကို ပြင်းထန်စွာ ဒဏ်ရာမရစေနိုင်သဖြင့် ဤနည်းဗျူ ဟာကို အသုံးပြုခြင်း ဖြစ်သည်။
သွေးများမှာ စမ်းရေကဲ့သို့ စီးကျလာသည်။ မိုးပြာရောင် လျှပ်စီးနဂါး၏ ခန္ဓာကိုယ်တွင် အပေါက်များ ပိုများလာသည်နှင့်အမျှ သွေးများမှာလည်း မရပ်တန့်နိုင်တော့ပေ။
အဖြူလေး၏ အမြီးစူးကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှာ သွေးလွန်မှုကို ဖြစ်စေပြီး မိုးပြာရောင် လျှပ်စီးနဂါးမှာလည်း အထူးကုသနိုင်သည့် စွမ်းရည်မျိုး မရှိသည့်အတွက် အနီရင့်ရောင် လျှပ်စီးများကိုသာ ရူးသွပ်စွာ ထုတ်လွှတ်နေ၏။ လျှပ်စီးများမှာ လေထဲတွင် အဆက်မပြတ် ပေါက်ကွဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အသံဟိန်းလှိုင်းများကို ဖန်တီးနေသည်။
မိုးပြာရောင် လျှပ်စီးနဂါး လွှမ်းမိုးနိုင်စွမ်းကို ထုတ်ဖော်ပြသနေသည့် အချိန်တိုင်းမှာပင် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် အားနည်းချက်တစ်ခု ပေါ်လာသည်အထိ အဝေးသို့ ဆုတ်ခွာ ရှောင်တိမ်းပြီး နောက်ထပ် ဒဏ်ရာတစ်ခု ထပ်မံပေးလိုက်သည်။
"ဝှီး……."
ဤတစ်ကြိမ်တွင် ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ အမြီးစူးသည် မိုးပြာရောင် လျှပ်စီးနဂါး၏ အရေးကြီးဆုံးနေရာဖြစ်သော လည်ပင်းကို ထိမှန်သွားသည်။
မိုးပြာရောင် လျှပ်စီးနဂါး၏ လည်ပင်းအောက်မှ သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာ သည်ကို မြင်နိုင်သည်။
ဤတစ်ကြိမ်တွင် သွေးများ အမြောက်အမြား ဆုံးရှုံးလိုက်ရခြင်းကြောင့် မိုးပြာရောင် လျှပ်စီးနဂါး၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး လျှပ်စီးစွမ်းအားများလည်း သိသိသာသာ အားနည်းသွားသည်။
အခြား နဂါးစစ်သူကြီးအဆင့်ရှိ နဂါးသတ္တဝါများမှာ အဖြူလေး၏ အမြီးစူးနှင့် ထိမှန်ပါက ချက်ချင်း သေဆုံးလေ့ရှိသော်လည်း မိုးပြာရောင် လျှပ်စီးနဂါးမှာမူ ပြင်းထန်သော ဒဏ်ရာ ရရှိသည်အထိ ကြာရှည်စွာ ရုန်းကန်နိုင်ခဲ့သည်။
အဖြူလေး၏ ခန္ဓာကိုယ်တွင်လည်း အနီရောင် လျှပ်စီးဒဏ်ရာများ ရှိနေသည်။ ကျန့်အန်း မှာမူ မိုးပြာရောင် လျှပ်စီးနဂါးနှင့် ပို၍ပင် ကြာရှည်စွာ ပူးကပ် တိုက်ခိုက်နေရသည်။
"ဦးလေး၊ အဆင်ပြေရဲ့လား" နဂါးစစ်သူကြီးအဆင့် ငါးကောင် ခြောက်ယောက်၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် ကျန့်အန်းကို ကြည့်ပြီး ကျူးမင်လန်က မေးလိုက်သည်။
"နည်းနည်းတော့ ခက်ခဲတယ်၊ ဘယ်ဘက်လက်က လျှပ်စီးကြောင့် ထုံကျင်နေတယ်၊ ဒါပေမဲ့ ငါ မသေလောက်ပါဘူး။ မင်းအရင်ဆုံး မိုးပြာရောင် လျှပ်စီးနဂါးကို ရှင်းလိုက်၊ ကျန်တာကိုတော့ နောက်မှပဲ ဖြေရှင်းကြမယ်" ကျန့်အန်းက နဂါးများကြားတွင် ရောထွေး တိုက်ခိုက်နေရင်း အဖြေပေးသည်။
"ဝါးစိမ်းလေး၊ သူ့ကို သွားကူလိုက်" ကျူးမင်လန်က ဝေဟင်ရှိ နတ်ဘုရားသူတော်စင် နဂါးစိမ်းကို ညွှန်ကြားလိုက်သည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် ဝေဟင်တွင် အဆိပ်နှင့်မီးလျှံစွမ်းအားကို ပိုင်ဆိုင် သော ပတယ်ရိုဆောလ်နဂါးနှင့် တိုက်ခိုက်မှုကို အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။ ထိုသူရဲကောင်း သာ သူပတယ်ရိုဆောလ်နဂါးကို ပြန်မခေါ်ခဲ့လျှင် ဝါးစိမ်းလေးက ၎င်းကို သတ်ဖြတ်နိုင်လိမ့် မည်။
မမျှော်လင့်ထားသည့် အခြေအနေများ မဖြစ်လာစေရန် ကျူးမင်လန်သည် သွားမည်းကြီး ကို ဆင့်ခေါ်ပြီး ငွေပြာရောင်ရိုင်းစိုင်းနဂါးသံချပ်ကာကို တပ်ဆင်ခိုင်းလိုက်သည်။
အဆင့်မြင့်မားခြင်း မရှိသော်လည်း သူ၏ ထူထဲသော ကိုယ်ခန္ဓာဖြင့် နဂါးစစ်သူကြီးအဆင့် နဂါးတစ်ကောင်ကို ချုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
ယခုအခါ ကျန့်အန်းမှာ နတ်ဘုရားသူတော်စင်နဂါးစိမ်း၏ အကူအညီ ရရှိသွားပြီဖြစ်၍ မိုးပြာရောင် လျှပ်စီးနဂါးကို အလွယ်တကူ ရင်ဆိုင်နိုင်တော့မည် ဖြစ်သည်။
"သူ့ကို သတ်လိုက်၊ မိုးပြာရောင် လျှပ်စီးနဂါးရဲ့ ဝိညာဉ်ပုလဲက သွားမည်းကြီးအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်" ကျူးမင်လန်က အဖြူလေးကို ပြောလိုက်သည်။
'အဖြူလေးမှာလည်း ညီငယ်၊ ညီမငယ်များ ကြီးထွားလာသည်ကို မြင်ရသည်မှာ ဝမ်းသာ လှသည်။ အထူးသဖြင့် သစ္စာရှိပြီး ကြီးမားသော သွားမည်းကြီးကဲ့သို့ အသားဒိုင်းနဂါး အတွက် ပို၍ပင် ဖြစ်သည်။
ထို့အပြင် မိုးပြာရောင် လျှပ်စီးနဂါးမှာ ရှေးဟောင်းနဂါးသွေးမျိုးဆက်ကို ဆက်ခံထားသူ ဖြစ်သည်။
အမျိုးသမီး သူရဲကောင်းမှာ ကျန့်အန်း၏ လက်သီးချက်ကြောင့် မူးဝေနေသည်။ သူမ အနည်းငယ် သတိပြန်ရလာသောအခါ သူမ၏ မိုးပြာရောင် လျှပ်စီးနဂါးမှာ ငွေနှင်းအရုဏ် ဦး နဂါးဖြူကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို သိလိုက်ရသည်။
သွေးများ အဆက်မပြတ် စီးကျနေပြီး စွမ်းအင်များ ကျဆင်းလာသည်။ မိုးပြာရောင် လျှပ်စီးနဂါးမှ ထုတ်လွှတ်သည့် လျှပ်စီးများနှင့် မိုးချုန်းသံများမှာ သူ၏ လျှပ်စီးသွေးအပေါ် မူတည်နေသည်။ သွေးဆုံးရှုံးမှု များလေလေ၊ သူ၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်မှာ အားနည်းလာလေ ဖြစ်သည်။
သို့သော်လည်း အမျိုးသမီးသူရဲကောင်းမှာ မိုးပြာရောင် လျှပ်စီးနဂါးကို ဝိညာဉ်နယ်မြေသို့ ပြန်မခေါ်ရဲပေ။
အကယ်၍သာ ပြန်ခေါ်လိုက်ပါက ငွေနှင်းအရုဏ်ဦး နဂါးဖြူမှာ ရပ်တန့်နိုင်တော့မည် မဟုတ်ဘဲ ဗိမာန်ဂိုဏ်းမှ သူရဲကောင်းအားလုံး သေဆုံးသွားလိမ့်မည် ဖြစ်သည်။
"အစိမ်းရောင် တောင်ကုန်းတွေကို ထိန်းသိမ်းထားမှ ဖြစ်မယ်" အလောင်းအုပ်စိုးရှင်နဂါး နှင့်အတူရှိနေသော သူရဲကောင်းက ပြောလိုက်သည်။
"တတိယတစ်ယောက်ကတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူး၊ ပြီးတော့ သခင်လည်း သေဆုံးသွားပြီ။ ငါတို့အနေနဲ့ ငွေနှင်းအရုဏ်ဦး နဂါးဖြူကို ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်။"
"မဖြစ်နိုင်တာ၊ ဒီနဂါးထိန်းက ဘယ်ကနေ ရောက်လာတာလဲ၊ ပြီးတော့ ငါတို့ထဲက ဘယ်သူမှ မသိထားတဲ့ နဂါးသခင်အဆင့်ရှိ နဂါးဖြူကို သူ ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာ လဲ" အမျိုးသမီး သူရဲကောင်းမှာ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
"စကားတွေ အများကြီး မပြောနဲ့တော့၊ မင်းရဲ့ မိုးပြာရောင် လျှပ်စီးနဂါးကို ငါတို့ ဆုတ်ခွာ နိုင်ဖို့ အကာအကွယ် ပေးခိုင်းလိုက်စမ်း၊ မဟုတ်ရင် ငါတို့အားလုံး ဒီမှာပဲ သေကုန်လိမ့်မယ်" အရိုးခြောက်ပုံစံ ပိန်ပိန်ပါးပါး သူရဲကောင်းက ပြောသည်။
အမျိုးသမီး သူရဲကောင်းမှာ သွားများကို တင်းတင်းစေ့ထားလိုက်သည်။ မိုးပြာရောင် လျှပ်စီးနဂါးမှာ ဤနယ်မြေတွင် သူမ၏ အကြီးမားဆုံး အားကိုးရာ ဖြစ်သည်၊ သူမ စွန့်လွှတ် ရန် လုံးဝ မလိုလားပေ။
ငွေနှင်းအရုဏ်ဦး နဂါးဖြူ၊ ဒီငွေနှင်းအရုဏ်ဦး နဂါးဖြူ……။
နဂါးသခင်အဆင့်ရှိသူတစ်ဦးသည် ဘိုးဘေးနဂါး မြို့တော်တွင်သာမက ဤကျယ်ပြန့်သော နယ်မြေတစ်ခွင်လုံးတွင်ပင် လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးလှသည်။
ကျူးမင်လန်ဆိုတာ အတိအကျ ဘယ်သူလဲ၊ ပြီးတော့ သူက ဒီလို မြင့်မြတ်တဲ့ နဂါးဖြူ တစ်ကောင်ကို ဘယ်လိုများ အမိန့်ပေးနိုင်ရတာလဲ……။
"သွားကြစို့။ ဒီနေ့ခံလိုက်ရတဲ့ အရှက်တကွဲ ဖြစ်ရပ်အတွက် နှစ်ဆ ပြန်ဆပ်ပေးမယ်" အမျိုးသမီး သူရဲကောင်းက ခက်ထန်စွာ ပြောလိုက်သည်။
"ငါတို့ရဲ့ စတုတ္ထမြောက်သခင်အတွက် ဝမ်းနည်းကြောင်းပြဖို့ ဘိုးဘေးနဂါး မြို့တော်က လူတိုင်းရဲ့ သွေးတွေကို အသုံးပြုရလိမ့်မယ်"……
သူတို့၏ ကြွေးကြော်သံများမှာ ခမ်းနားလှသော်လည်း၊ အသက်လုထွက်ပြေးရန်အတွက် သူတို့၏ ဝိညာဉ်ပဋိညာဉ် ချုပ်ဆိုထားသည့် နဂါးသားရဲများကို စွန့်ပစ်သွားသည့် မြင်ကွင်း မှာ တကယ်ကို ရယ်စရာကောင်းလှသည်။
ကံမကောင်းစွာဖြင့်၊ သူတို့သည် နဂါးသားရဲများကို စတေးလိုက်ခြင်းဖြင့် လီအင်ပါယာ နန်းတော်မှ လွတ်မြောက်နိုင်မည်ဟု ထင်မှတ်နေကြသည်။ နန်းတော်အတွင်း၌ နတ်ဘုရား အနွယ်ဝင်လူသားတစ်ဦး ရှိနေသည်ကိုမူ သူတို့ မသိလိုက်ကြပေ။
ထိုလူမှာ လီယွင်ဇီပင် ဖြစ်သည်။
သူမသည် ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး’ ဟူသော (အပြန်အလှန် လက်စား ချေခြင်း) ကို အမြဲတမ်း ယုံကြည်သူဖြစ်သည်။
ပြီးတော့ သူမသည် ရန်သူများအပေါ် လုံးဝ ကရုဏာမထားခဲ့ဖူးပေ….။
ဓားများမှာ ငွေရောင်ချည်မျှင်များကဲ့သို့ ဖြစ်ပေါ်လာပြီး ရေခဲဟင်းလင်းပြင်ကမ္ဘာကို ဖြတ် တောက်သွားသည်။ အမျိုးသမီး သူရဲကောင်း၏ ရင်ဘတ်မှာ ထိုဓားချည်မျှင်များကြောင့် ရက်စက်စွာ အပေါက်ဖောက်ခံလိုက်ရပြီး အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ချိတ်ဆွဲထားခြင်း ခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် မိုးပြာရောင် လျှပ်စီးနဂါးအပေါ်သို့ ပျံသန်းသွားပြီး သူ၏အမြီးရှည်ကို အောက်သို့ လွှတ်ချကာ လေကဲ့သို့ လည်ပတ်လိုက်၏။
"ဝှီး……."
လည်ပတ်နေသော တိုက်ခိုက်မူက နှလုံးသားကို ထိုးဖောက်သွားသည်။
နဂါးအမြီး၏ စွမ်းအားမှာ မည်မျှကြီးထွားလာမှန်း မသိနိုင်တော့ဘဲ၊ သူ၏ အရှိန်မှာလည်း ခန့်မှန်းရခက်လောက်အောင် မြန်ဆန်နေကာ မိုးပြာရောင် လျှပ်စီးနဂါး၏ ခေါင်းထိပ်မှ တစ်ဆင့် အောက်သို့ ရုတ်ချည်း ထိုးစိုက်ကျသွားသည်။ ငွေရောင်အလင်းတန်းမှာ မြေပြင်ပေါ်သို့ ပြိုကျသွားပြီး သွေးများ ပန်းထွက်လာကာ ဤစွန့်ပစ်ခံလိုက်ရသော မိုးပြာ ရောင် လျှပ်စီးနဂါးမှာ ရုန်းကန်ရန် အခွင့်အရေး မရှိတော့ပေ။
မျောလွင့်နေသော ခန္ဓာကိုယ်မှာ ငွေရောင်အလင်းတန်းနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှာ သွေးများ ဆက်လက် စီးကျနေသော် လည်း၊ ခေါင်းထိပ်နှင့် လည်ပင်းအောက်မှ ဟောက်ပက်ဖြစ်နေသော ဒဏ်ရာများမှာ ၎င်းကို ပျံသန်းနိုင်စွမ်း၊ ရေကူးနိုင်စွမ်းပင် မရှိတော့အောင် လုပ်ဆောင်လိုက်သည်။
ကမ်းတင် ဝေလငါးတစ်ကောင်ကဲ့သို့ ကျောက်ဆောင်များပေါ်တွင် လဲလျောင်းနေရင်း သူ၏ရေဓာတ်ကို ဖြည်းဖြည်းချင်း အငွေ့ပျံစေရန်၊ အသက်ဓာတ်ကို ကုန်ဆုံးစေရန်၊ သူ၏ အလောင်းပုပ်စပ်သွားရန်ကိုသာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် သူရဲကောင်းနှစ်ဦးမှာ ကြောက်လန့် တုန်လှုပ်သွားကြပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အဆင့်နိမ့် နဂါးသားရဲများကို အလောတကြီး ဆင့်ခေါ်လိုက်ကြသည်။
သို့သော်လည်း ပိုးချည်မျှင်ကဲ့သို့သော ဓားများမှာ ဆက်လက် ပျံသန်းထွက်ပေါ်လာပြီး သူတို့၏ နဂါးသားရဲများနှင့် သူတို့ကိုယ်တိုင်ကိုပါ ဖြတ်တောက်လိုက်ရာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သွေးများမှာ မြူခိုးများကဲ့သို့ ပွင့်လန်းလာသည်။
ကျန့်အန်းသည် ကာကွယ်ထားသော ခြံဝင်းအတွင်းသို့ အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရေခဲတံတိုင်းများနှင့် နံရံများခြားနေသဖြင့် အတွင်းတွင် ပျံသန်းနိုင်သောဓားကိုကို စိတ်ဖြင့် ထိန်းချုပ်နေသူကို သူ မမြင်နိုင်သော်လည်း၊ ထိုသူ၏ ကျင့်စဉ်အဆင့်မှာ သူထက် များစွာ သာလွန်နေပြီး ထွက်ပြေးနေသူများကို အလွယ်တကူ သတ်ဖြတ်နိုင်နေသည်။
ထို့အပြင် သူမမှာ ဒဏ်ရာရထားသေးသည်။
ခြံဝင်းအတွင်းတွင် လီယွင်ဇီသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီး ငွေရောင်ဓားချည်မျှင် များမှာ ပြတ်သွားသော ချည်မျှင်များကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားအနွယ်ဝင်လူသား၏ စွမ်းအားကို အတင်းကြပ် အသုံးပြုလိုက် ရသဖြင့် ပြန်လည်သက်သာလာရန် ရက်အနည်းငယ် နားနေရလိမ့်မည်။
သို့သော်လည်း လီယွင်ဇီသည် ထိုသူရဲကောင်းသုံးဦးကို ထွက်သွားခွင့် လုံးဝ မပေးလိုပေ။ သူတို့သည် သူတို့၏ နဂါးသခင်အဆင့် နဂါးသားရဲကို စွန့်ပစ်ရန် ဝန်မလေးကြသော်လည်း၊ ဗိမာန်ဂိုဏ်းသို့ ပြန်သွားနိုင်ရန် အသက်ရှင်ခွင့် ပေးစရာ အကြောင်းမရှိပေ။
လီယွင်ဇီက ဗိမာန်ဂိုဏ်း၏ လက်စားချေမှုကို ကြောက်ရွံ့၍ မဟုတ်ဘဲ၊ ကျူးမင်လန် သူ၏ စွမ်းအားကို ထုတ်ပြပြီးနောက် သူတို့သည် ကျူးမင်လန်ကို ပစ်မှတ်ထားလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကျူးမင်လန် ထုတ်ပြခဲ့သော စွမ်းအားမှာ လီယွင်ဇီကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်၊ အထူးသဖြင့် ဗိမာန်ဂိုဏ်းမှ စတုတ္ထမြောက်သခင် ဒူချန်းမှာ သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ သည်ဖြစ်ရာ........
သာမန် ပိုးစာကျွေးသူတစ်ဦးအဖြစ်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ ဖြစ်လာ သည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။
လီအင်ပါယာနန်းတော်၏ တဲအိမ်များမှာ အကုန်လုံးကို ပြန်လည် တည်ဆောက်ရန် လိုအပ်လိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ဤဖြစ်ရပ်အပြီးတွင် လူအများအပြား နယ်နှင်ဒဏ်ပေးခံရမည် ဖြစ်သဖြင့် နေထိုင်ရန် အိမ်များမှာ များစွာ ကျန်ရှိနေသေးသည်။
သူ့ဘေးတွင် ကျန့်အန်းသည် ကျူးမင်လန်တစ်ယောက် ဝိညာဉ်ပုလဲများကို စုဆောင်းနေ သည်ကို မနာလိုစွာဖြင့် ငေးကြည့်နေမိသည်။
နတ်ဘုရားအနွယ်ဝင်လူသားများတွင် ဝိညာဉ်များကို ရိတ်သိမ်းပြီး ပုလဲအဖြစ် သန့်စင်နိုင် သည့် စွမ်းရည်မျိုး မရှိပေ။ နဂါးထိန်းများမှာ တိုက်ပွဲများကို ရေရှည်ဆင်နွှဲနိုင်ရန် တိုက်ခိုက် ရင်း ဝိညာဉ်စုဆောင်းနိုင်သော်လည်း နတ်ဘုရားအနွယ်ဝင် လူသားများမှာမူ တိုက်ပွဲ ရွေးချယ်ရာတွင် အလွန်သတိထားရသည်။ အချို့သော တိုက်ပွဲများမှာ မိမိတို့ ရရှိမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် ဆုံးရှုံးမှုများက ပိုများနေတတ်သောကြောင့် ဖြစ်သည်။
"ဒီကောင်တွေကိုတော့ ဦးလေး သတ်လိုက်တာပဲ၊ စိတ်မကောင်းစရာပဲ၊ ကျွန်တော် ဝိညာဉ် တွေကို စုဆောင်းလို့မရဘူး" ကျူးမင်လန်က အနည်းငယ် နှမြောတသစွာ ပြောလိုက် သည်။
ဝိညာဉ်များကို စုဆောင်းပြီး ဝိညာဉ်ပုလဲအဖြစ် သန့်စင်ခြင်းမှာ အလောင်းတစ်ခုအနားသို့ သွားရောက်ကာ လက်ကိုဆန့်ထုတ်ပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူရုံဖြင့် ပြီးသွားသည် မဟုတ်ပေ။
ထိုလွင့်မျောနေသော ဝိညာဉ်များကို နဂါးထိန်း၏ ဝိညာဉ်စွမ်းအားဖြင့် စုစည်းရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးသားရဲတစ်ကောင်သည် တိုက်ခိုက်ရေးပညာရပ်၊ ဆန်းကြယ်မှော်ပညာရပ်၊ သို့မဟုတ် မှော်ပညာကို အသုံးပြုသည့်အခါ ရန်သူ၏ ခန္ဓာကိုယ် ပေါ်တွင် အမှတ်အသား အမျိုးမျိုးကို ချန်ထားခဲ့သောကြောင့် ဖြစ်သည်။
ရန်သူ သေဆုံးသွားပြီးနောက် ပြင်ပအင်အားစု၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ဝိညာဉ်များ ပြန့်ကျဲသွားသည့်အခါ ဤအမှတ်အသားများသည် နဂါးထိန်း၏ ဝိညာဉ်စွမ်းအင် လက်ဖဝါး နှင့် ပဲ့တင်ထပ်ကာ တဖြည်းဖြည်းချင်း စုစည်းသွားခြင်း ဖြစ်သည်။
ထို့ကြောင့် အခြားသူများ သတ်ဖြတ်လိုက်သည့် သတ္တဝါများမှ ဝိညာဉ်ကို စုဆောင်းပြီး ဝိညာဉ်ပုလဲအဖြစ် စုစည်းရန်မှာ မဖြစ်နိုင်ပေ။
နတ်ဘုရားအနွယ်ဝင်လူသားများတွင် ရန်သူကို အမှတ်အသားပြုပေးနိုင်မည့် ဝိညာဉ် ချိတ်ဆက်ထားသော နဂါးများ မရှိသည့်အပြင် ဝိညာဉ်နယ်မြေ သို့မဟုတ် ဝိညာဉ်စွမ်းအား မျိုးလည်း မရှိကြပေ။ ထို့ကြောင့် တိုက်ပွဲအပြီးတွင် အဖိုးတန်ရတနာများစွာမှာ မြေပြင် ပေါ်၌ ပြန့်ကျဲကျန်ရစ်နေခဲ့သည်။
နဂါးအလောင်းများမှာ ရတနာများပင် ဖြစ်သည်။
ကျန့်အန်းမှာမူ ကျူးမင်လန် တစ်ယောက်တည်း ဝိညာဉ်ပုလဲ အားလုံး လိုက်လံ ကောက်ယူ နေသည်ကို ငေးကြည့်ရင်း ပါးစပ်ကိုသပ်လျှက်သာ ရပ်ကြည့်နေနိုင်တော့သည်။