အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) သင်ရှိနေလို့ ကံကောင်းတာပဲ။
တောင်တန်းများမှာ မြင့်မားထူထပ်စွာ တည်ရှိနေပြီး ဘိုးဘေးနဂါး မြို့တော်၏ ဂုဏ်ယူ ဝံ့ကြွားဖွယ် မြောက်ပိုင်းတောင်တန်းများထက် ဆယ်ဆမက ပိုမိုခမ်းနားပေလိမ့်မည်။
သို့သော် လမ်းမများပေါ်မှ ကောင်းကင်ယံကို မော့ကြည့်လိုက်သောအခါ ထိုတောင်တန်း များမှာ တိမ်တိုက်တစ်ခုပေါ်ရှိ အရေးအကြောင်းသာသာမျှသာ ဖြစ်နေသည်။
ထိုဧရာမ ကုန်းမြေကြီး၏ အစွန်းဖျားတွင် စိတ်ကူး၍ပင် မရနိုင်သော ချောက်ကမ်းပါးကြီး များနှင့် မြေလွှာပြတ်ကြောများ ရွေ့လျားပေါ်လွင်နေ၏။ လူတို့သည် ခိုင်မာသော မြေပြင် ပေါ်တွင် ရပ်တည်နေကြသော်လည်း ကောင်းကင်ယံရှိ ကုန်းမြေကြီး၏ ရွှေ့လျားပြတ် ကြော အပိုင်းအစများကို မြင်တွေ့နေရသည်။
၎င်းမှာ ကမ္ဘာမြေကြီး၏ ကြမ်းတမ်းသော သွေးကြောများ၊ နက်ရှိုင်းလှသော မြေလွှာများ နှင့် ကြယ်တာရာတို့ စုဝေးရာ ကောင်းကင်ယံတွင် ရောယှက်နေသော ဥက္ကာပျံ ဖုန်မှုန့်များ ပင် ဖြစ်သည်။
ထိုဖုန်မှုန့်များသည် ဧရာမကုန်းမြေကြီး၏ နှေးကွေးသော ရွေ့လျားမှုအတွင်း လေထုနှင့် ပွတ်တိုက်မိကာ တုန်ခါသွားပြီး မဟာစကြဝဠာ၏ အင်အားစုတစ်ခုကြောင့် အောက်သို့ ကျဆင်းလာတော့မည်။
အလွန်သေးငယ်သော ဥက္ကာပျံ အမှုန်အမွှားလေး တစ်ခုမျှသာ ဖြစ်ပါစေဦး၊ ထိုကြမ်းတမ်း သော မြေသားသွေးကြောများမှ ကပ်ပါလာပြီး မိုးပြာရောင် ကောင်းကင်ကို ဖြတ်သန်း ကျဆင်းလာပါက၊ ၎င်းတို့သည် တောက်ပသော မီးတောက်ကြယ်များကဲ့သို့ လင်းလက် လာကာ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းကို ယူဆောင်လာပေလိမ့်မည်။
ကောင်းကင်ယံတွင် ဖြစ်ပေါ်ခဲ့သော မီးတောက်များမှာ မည်သည့်နေရာမှ လာသနည်းဆို သည်ကို လူတို့ ရုတ်တရက် သဘောပေါက်သွားကြသော်လည်း၊ သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကြရသည်မှာ အဘယ်ကြောင့်နည်း…..။
နေရောင်ခြည် ပျောက်ကွယ်သွားခြင်းသည် မည်သည့်အရာကြောင့် ဖြစ်ပေါ်လာသနည်း။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် လူတို့မှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားကြ တော့သည်။
ဘိုးဘေးနဂါး မြို့တော် လမ်းမများပေါ်တွင် လူပေါင်းသောင်းနှင့်ချီ၍ ရုပ်တုများသဖွယ် ရပ်တန့်နေကြ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ဝိညာဉ်များမှာ ကြေကွဲ ပျက်စီးသွားသကဲ့သို့ပင်…..။
မီးတောက်ကြယ်များ ကျဆင်းလာခဲ့သည်...
ပြီးတော့ ရှည်လျားသော ညဉ့်အမှောင်ထုကြီးလည်း ရှိနေခဲ့သည်…..။
ကောင်းကင်ယံမှ ထူးခြားဖြစ်စဉ်များမှာ နတ်ဘုရားတို့၏ အပြစ်ပေးခြင်း လက္ခဏာပင်။
သို့သော် စစ်မှန်သော နတ်ဘုရားတို့၏ အပြစ်ပေးခြင်းမှာ အနောက်ဘက် ကောင်းကင်ယံ ဆီသို့ ဖြည်းညင်းစွာ ဆင်းသက်လာကာ၊ ဖြည်းညင်းစွာ ကျရောက်လာမည့် လျှို့ဝှက် ဆန်းကြယ်သော ကုန်းမြေကြီးတစ်ခု ဖြစ်လိမ့်မည်ဟု မည်သူကများ စိတ်ကူးယဉ်ကြည့် နိုင်ပါမည်နည်း။
ကောင်းကင်ယံတွင် တွဲလောင်းခိုနေသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေကြီးက ပင် ဂုဏ်ယူဝံ့ကြွားဖွယ် နေမင်းကို ပိတ်ဖုံးထားခဲ့ပြီး၊ တစ်လတာလုံး ထာဝရ အမှောင်ထု ကြီးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ဤကုန်းမြေကြီး၏ မြေသားသွေးကြောများမှ တုန်ခါ၍ ကွဲထွက်လာသော ဧရာမ ကျောက် ဆောင်ကြီးများမှာ ပျက်သုဉ်းခြင်းကို ယူဆောင်လာမည့် မီးတောက်ကြယ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။'ဘိုးဘေးနဂါး မြို့တော် သာမက အခြားသော မြို့တော်များမှာ လည်း ထိုဘေးအန္တရာယ်မှ မလွတ်မြောက်ခဲ့ပေ...
သို့သော် အဘယ်ကြောင့်၊ အဘယ်ကြောင့် ဤအရာများ ဖြစ်ပျက်နေရသနည်း……။
လူဟွာမျှော်စင်ပေါ်တွင် ကျူးမင်လန်နှင့် လီယွင်ဇီတို့သည် အမိုးခုံးပေါ်သို့ ခုန်တက်လိုက် ကြသည်။ သူတို့သည် ဘိုးဘေးနဂါး မြို့တော်၏ အမြင့်ဆုံးမျှော်စင်ပေါ်တွင် ရပ်တည်နေ ကြသည်ဟု ဆိုနိုင်သည်။
အရှေ့ဘက်တွင်မူ ကောင်းကင်ယံမှာ လှပကြည်လင်သော မိုးပြာရောင် ဖြစ်နေပြီး ဘိုးဘေး နဂါး မြို့တော်မှာ ပုံမှန်အတိုင်း အေးချမ်းတည်ငြိမ်နေသယောင် ရှိသည်။
သို့သော် အနောက်ဘက်တွင်မူ ကမ္ဘာဦးဖန်တီးခြင်း၏ ကြောက်မက်ဖွယ် မြင်ကွင်းကို မျက်ဝါးထင်ထင် ကြည့်ရှုနေရသကဲ့သို့ပင်။ ကြည့်မိလေလေ၊ ဝိညာဉ်ကိုပင် ပို၍တုန်လှုပ် ချောက်ချားလေ ဖြစ်ရသည်။
ပို၍အရေးကြီးသည်မှာ လူတိုင်းသည် လက်ရှိရရှိထားသည့် ငြိမ်းချမ်းတည်ငြိမ်မှုမှာ မည်မျှ အရေးမပါသေးကြောင်း နားလည်သဘောပေါက်သွားကြခြင်းပင်။
ဤအရေးမပါမှုမှာ လူတိုင်း၏ အတွင်းစိတ်ကမ္ဘာကို ပြင်းထန်စွာ ရိုက်ချိုး ဖျက်ဆီးပစ်လိမ့် မည်။
နားလည်သဘောပေါက်မှုများ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် မိမိတို့၏ အသေးအဖွဲဖြစ်မှု ထာဝရ ကြောက်ရွံ့ခြင်းကမ္ဘာအတွင်း၌သာ အသက်ရှင်နေထိုင်သွားကြရ တော့မည်။
"ဒါဆိုရင် ဘိုးဘေးနဂါး မြို့တော်က အမှောင်ထုကနေ လွတ်မြောက်သွားတာပေါ့။ ဒါပေမဲ့ အနောက်ဘက်မှာရှိတဲ့ လင်ရှောင် မြို့တော်နဲ့ တခြားမြို့ငယ်လေးတွေကတော့ ထာဝရ အမှောင်ထုထဲကို စတင်ကျရောက်နေပြီ..." ကျူးမင်လန်သည် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့၏ ဝိညာဉ်များမှာ လွင့်စင်ပျောက်ဆုံးသွားကြပြီး၊ သနားစရာကောင်းလောက်အောင် ပင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမျှသာ ကျန်ရှိတော့သည်။
"ဒီလိုနဲ့ ဝူထူနယ်မြေဆိုတာ ဖြစ်ပေါ်လာတာလား" နောက်ဆုံးတွင် လီယွင်ဇီက သူမ၏ အတွေးကို အသံထွက်၍ ပြောလိုက်သည်။
ဝူထူနယ်မြေ မည်သည့်နေရာမှ ရောက်ရှိလာသနည်းဆိုသည့် အချက်က လီယွင်ဇီကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
လေဟာနယ်ပင်လယ် အထက်တွင် မျောလွင့်နေသည်မှာ အမှန်ပင်လော။
ဝူထူနယ်မြေပေါ်တွင် နေထိုင်သူများပင်လျှင် ဤအချက်ကို ရှင်းရှင်းလင်းလင်း မသိရှိကြ ပေ။ သူတို့၏ အမြင်တွင် ဘိုးဘေးနဂါး မြို့တော်နှင့် လီချွမ်းလွင်ပြင်သည် ပိုမိုကျယ်ပြောပြီး ပိုမိုမြေဩဇာကောင်းမွန်သော အခြားကုန်းမြေကြီးတစ်ခုမှ မျောပါလာကာ သူတို့၏ နယ်မြေနှင့် လျှို့ဝှက်ဆန်းကြယ်စွာ လာရောက် ထိစပ်နေသည်ဟုသာ ယူဆကြလိမ့်မည်။
ကျူးမင်လန် ခေါင်းလှည့်၍ လီယွင်ဇီကို ကြည့်လိုက်သည်။
လီယွင်ဇီမှာလည်း သူ့ကို ပြန်လည်ကြည့်ရှုနေသည်။
ဘိုးဘေးနဂါး မြို့တော် အတွင်းရှိ လူအများမှာမူ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဒူးထောက်၍ တစ်စုံတစ်ခုကို ဆုတောင်းနေကြသည်။
ကျူးမင်လန်နှင့် လီယွင်ဇီတို့မှာမူ ထိုမြင့်မားသော အဆောက်အအုံ၏ အမိုးခုံးပေါ်တွင် ခိုင်မာစွာ ရပ်တည်နေကြပြီး၊ သူတို့၏ စိတ်ထဲတွင် အပိုင်းအစများ ဖြစ်နေသည့် အချက် အလက်များကို ပေါင်းစပ်ကာ အမှန်တရား၏ ပုံရိပ်ကို အပြည့်အစုံ ဖော်ထုတ်နေကြသည်။
အမှန်တရားမှာ ဝူထူနယ်မြေ၏ ပေါ်ပေါက်လာမှုမှာ မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ ပေ။
လီယွင်ဇီသည်လည်း ကမ္ဘာကြီး၏ ပုံသဏ္ဌာန်နှင့် ပတ်သက်၍ အတွေးနက်နေမိသည်။
အရှေ့ဘက် မြို့တော်၏ အစွန်းတွင် ဝူထူနယ်မြေ ပေါ်လာသည့်အခါ သူမသည် ဤကမ္ဘာ ကြီးသည် လေဟာနယ်ပင်လယ်ထဲတွင် မျောလွင့်နေသော ကုန်းမြေများဖြင့် ဖွဲ့စည်းထား ခြင်း ဖြစ်နိုင်သည်ဟု ရဲရဲဝံ့ဝံ့ ခန့်မှန်းခဲ့ဖူးသည်။
ဤကုန်းမြေများသည် ဖြည်းညင်းစွာ ရွေ့လျားနေကြပြီး၊ သတ်မှတ်ထားသော အချိန် ကာလနှင့် ခေတ်အခါများတွင် အခြားသော ကုန်းမြေများနှင့် ချိတ်ဆက်မိကာ ပိုမိုကြီးမား သည့် နယ်မြေတစ်ခုကို ဖွဲ့စည်းကြလိမ့်မည်။
ဝူထူနယ်မြေပေါ်လာခြင်းဆိုသည်မှာ တစ်နေ့နေ့တွင် လေဟာနယ်ပင်လယ်ထဲ၌ ပေါ်လာ မည့် အခြားကုန်းမြေများ ရှိနေသေးပြီး၊ နောက်ဆုံးတွင် သံလိုက်များကဲ့သို့ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ပူးကပ်သွားကြလိမ့်မည်ဟု ဆိုလိုသည်။
သို့သော်လည်း လီယွင်ဇီသည် သူမ၏ စိတ်ကူးယဉ် အိမ်မက်ထဲတွင်ပင် ကောင်းကင်ယံရှိ ကုန်းမြေကြီးများကို မည်သည့်အခါကမျှ မတွေးထင်ခဲ့မိပေ။
၎င်းတို့သည် ကြယ်များကဲ့သို့ပင် ပြုတ်ကျလာလိမ့်မည်။
ဝူထူနယ်မြေ ပေါ်လာသည့်အချိန်က ဘိုးဘေးနဂါး မြို့တော်နှင့် အရှေ့တောင်ဘက် မြို့တော်များတွင် နေကြတ်ခြင်း ဖြစ်ပေါ်ခဲ့သည်။ ညဉ့်အမှောင်ထုက နောက်တစ်နေ့၏ နံနက်ခင်းနှင့် နေ့လယ်ခင်းအထိ စိုးမိုးထားခဲ့ပြီး ညနေစောင်းခါနီးမှသာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အမှောင်ထုသည် တစ်လတိုင်တိုင် လွှမ်းမိုးထားခဲ့သည်။
လီယွင်ဇီသည် ကောင်းကင်ယံကို ငေးမောကြည့်နေသည်။ သူမ၏ မျက်ဝန်းတို့တွင် ကျူးမင်လန် တစ်ခါမျှ မတွေ့ဖူးသေးသော မှိန်ဖျော့မှုနှင့် ဝမ်းနည်းခြင်းတို့ ကြီးစိုးနေသည်။
"ဒါကပဲ မင်းကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်း လား" ကျူးမင်လန်က မေးမြန်းလိုက်သည်။
"ဟုတ်တယ်" လီယွင်ဇီ ခေါင်းညိတ်လိုက်သည်။
အောင်ပွဲခံနေရသည့်တိုင် ထိုစိုးရိမ်ပူပန်မှုမှာ လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။
ဖြစ်ရပ်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှသော်လည်း လီယွင်ဇီသည် သူမ၏ လူများ အားလုံးနှင့် အကြီးအကဲနန်တို့အား လေဟာနယ်ပင်လယ်ထဲမှ လွင့်မျောလာမည့် အခြား ကုန်းမြေများ ရှိလာဦးမည်ဟု တစ်ကြိမ်မက ပြောပြခဲ့ဖူးသည်။ သို့သော် သူတို့အားလုံးက သူမ၏ လုပ်ရပ်များကို ရယ်စရာဟုသာ သတ်မှတ်ခဲ့ကြသည်။ ယခုတွင်မူ အမှန်တရားက သူမ၏ စကားကို သက်သေပြလိုက်ပေပြီ။
သို့သော် သူမ ခန့်မှန်းချက်မှာ တစ်ချက် လွဲချော်ခဲ့သည်။
ကုန်းမြေကြီးသည် ကောင်းကင်ယံမှ ရောက်ရှိလာခြင်းပင်။
ဥက္ကာပျံတစ်စင်း ပြုတ်ကျလာသကဲ့သို့ ဖြစ်သော်လည်း၊ ဥက္ကာပျံ၏ ခဏတာ တောက်ပမှုနှ င့် မတူဘဲ မြေပြင်နှင့် ထိတွေ့မိသည့်အခါတွင်မူ မီးလောင်ကျွမ်းထားသော ချိုင့်ခွက်ကြီး တစ်ခုကိုသာ ချန်ရစ်ခဲ့လိမ့်မည်…
၎င်းတို့သည် ဝူထူနယ်မြေကဲ့သို့ပင် လေဟာနယ်ပင်လယ်ထဲသို့ ပြုတ်ကျလာပြီးနောက်၊ ဤကုန်းမြေ၏ ဝေးလံသော အစွန်းတစ်နေရာ၌ ဖြည်းညင်းစွာ လာရောက် ပူးကပ်သွားကြ လိမ့်မည်။
"ကျွန်မနဲ့အတူ ဝါးပင်တွေကို ငေးမောရူစားပြီး လက်ဖက်ရည် သောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ သွားတော့မယ်" လီယွင်ဇီက ကျူးမင်လန်ကို ဦးညွတ်ကာ ပြောလိုက်သည်။
"ယွင်ဇီ..." ကျူးမင်လန် သူမကို တားဆီးချင်မိသည်။ သူ ပြောပြချင်သည့် စကားအချို့ ရှိနေသေးသည်။
လီယွင်ဇီ ခေါင်းခါပြလိုက်ပြီး ကျူးမင်ဇာတ် ဆက်ပြောခွင့် မပေးတော့ပေ။
အရာအားလုံးမှာ မပြီးဆုံးသေးပေ။
ဧရာမ မြို့တော်ကြီးတစ်ခုကပင် မည်သူ့ကိုမျှ လုံခြုံမှုပေးနိုင်ခြင်း မရှိတော့သည့်အခါ၊ မည်သည့် နူးညံ့သိမ်မွေ့မှုမျိုးမဆိုမှာ ပွင့်ဖူးစ ပွင့်ဖူးစ ရှားစောင်းလက်ပတ်ပန်းလေးကဲ့သို့ ခဏတာမျှသာ ဖြစ်ပြီး၊ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သည်နှင့် လွင့်စင်သွားမည့် တိမ်တိုက်များနှယ် ဖြစ်ပေလိမ့်မည်။
လီယွင်ဇီ ဤအရာများကို မလိုချင်ပေ။
နာကျင်ဖွယ်ကောင်းသော ဆုံးရှုံးမှုများ မတိုင်မီ ခဏတာ နွေးထွေးမှုထဲတွင် နစ်မွန်းနေမည့် အစား၊ အရာအားလုံး ဆုံးရှုံးမသွားမီ သူမတွင် ရှိသမျှအရာအားလုံးကို အသုံးချကာ ထိန်းသိမ်းထားလိုသည်။
သူမသည် ထာဝရအသက်ရှည်ခြင်းကို လိုလားသည်။
"ကျွန်မ အရာအားလုံးကို ကောင်းကောင်း စောင့်ရှောက်သွားမှာပါ" သူမက ဆိုသည်။
"မင်လန်... မင်းနဲ့တွေ့ရသာ ငါ ကံကောင်းပါတယ်..."
ဤစကားကို ပြောကြားပြီးနောက် လီယွင်ဇီသည် ဘိုးဘေးနဂါး မြို့တော် အဆောက် အအုံများ၏ မြင့်မားသော အမိုးခုံးများပေါ်သို့ ခြေလှမ်းတင်လိုက်ပြီး အနောက်ဘက်သို့ ပျံသန်းသွားလေသည်။
သူမ၏ ပုံရိပ်မှာ တောငန်းတစ်ကောင်ကဲ့သို့ ကျော့ရှင်းလှပနေသည်။ အနောက်ဘက် ကောင်းကင်ယံမှာမူ မဟာတွင်းနက်တစ်ခုကဲ့သို့ မှောင်မိုက်နေသည်။ ကျူးမင်လန်သည် တဖြည်းဖြည်း ဝေးကွာသွားသော ထိုအလှတရားကို ငေးမောကြည့်နေမိသည်။ သူ၏ စိတ်နှလုံးထဲတွင် မှင်ရည်များ ရေကန်ထဲသို့ ဖိတ်စင်ကျလာသကဲ့သို့ပင်။ အရောင်အသွေး တို့သည် အရသာ အမျိုးမျိုးကို ကိုယ်စားပြုကာ မူလက ကြည်လင်နေသော သူ၏ စိတ်ရေကန် အတွင်းသို့ ဖြန့်ကျက် ပျံ့နှံ့သွားသည်။
ဖော်ပြရန် ခက်ခဲလှသလို နားလည်ရလည်း ခက်လှသည်။
အလွန်ရင်းနှီးသယောင် ရှိသော်လည်း၊ အခုမှ စတင် သိကျွမ်းကြရသူများနှယ် ဖြစ်နေပြန် သည်။
အရေပြားချင်း ထိတွေ့ခဲ့ကြသော်လည်း သူတို့နှစ်ဦးကြားတွင် ပါးလွှာသော ပိတ်စတစ်ခု ခြားထားသကဲ့သို့ ခံစားနေရသည်။
သူ ထိုပိတ်စကို ဖယ်ရှားလိုက်တော့မည် အပြုတွင်၊ လွှမ်းခြုံလာသော အမှောင်ထုကြီးက အရာအားလုံးကို ထပ်မံ ဖုံးအုပ်သွားပြန်သည်။ သူမ၏ ပြိုင်ဘက်ကင်းသော ကျော့ရှင်း လှပမှုကို နောက်တစ်ကြိမ် မြင်တွေ့ရဖို့ ဝေးကွာသွားခဲ့ရပြီ။
ကျူးမင်လန် သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်ယံတွင် အလွန်ပင် ခမ်းနားကြီးကျယ်စွာ တည်ရှိနေသော အနောက်ဘက်မှ လျှို့ဝှက်ဆန်းကြယ် သော ကုန်းမြေကြီးကို မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းတို့တွင် ပိုမို၍ ပြတ်သားသော ခံစားချက်များ ပြည့်နှက်နေသည်။
"မင်းတို့ ဘာအတွက်ပဲ ရောက်လာရောက်လာ၊ ငါ့မိန်းမကို စိတ်မဆင်းရဲစေနဲ့၊" သူက ရေရွတ်လိုက်သည်။ "မဟုတ်ရင်တော့ မင်းတို့ကို တစ်ခါပြန်ပြီး ဖုန်မှုန့်တွေ ဖြစ်သွားတဲ့ အထိ ကြိတ်ချေပစ်မယ်"
ခဏလေးကမှ ကျူးမင်လန်သည် လီယွင်ဇီကို သူဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်တစ်ခု ပြောပြချင်ခဲ့သည်။
ဝူထူနယ်မြေသည် အမှန်တကယ်တွင် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဆိုသည်ကို သူ သိထားသည်။
အကြောင်းမှာ အနောက်ဘက် ကောင်းကင်ယံရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေ ကြီး၏ မြေသားသွေးကြော တစ်စကို အပိုင်းပိုင်း ဖျက်ဆီးပစ်ခဲ့သူမှာ သူကိုယ်တိုင် ဖြစ်သောကြောင့်ပင်။
ယခင်က သီးခြားကင်းကွာနေခဲ့သည့် ဝူထူနယ်မြေကို လေဟာနယ်ပင်လယ်ထဲသို့ ပြုတ်ကျ သွားစေရန် သူကိုယ်တိုင်ပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူသည် ယခင်သူ့နေရပ်သို့ ပြန်လမ်းကို ဘယ်တော့မှ မတွေ့တော့ဟု၊ ဤစိမ်းသက်သက် ကုန်းမြေပေါ်တွင်သာ လမ်းပျောက်နေတော့မည်ဟု ကျူးမင်လန် ထင်မှတ်ခဲ့သည်။
သို့သော်လည်း သူတစ်ချိန်က နေထိုင်ခဲ့ဖူးသော ကမ္ဘာကြီးမှာ ဘိုးဘေးနဂါး မြို့တော်၏ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး၊ အနောက်ဘက်ဆီသို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့ တော့သည်။
ကမ္ဘာကြီးများ ပျက်စီးပြိုလဲခြင်း အကြောင်းကို သူ ကြားဖူးခဲ့သည်။
ရှန်ကုန်းတရားစီရင်ရေး တိုက်ကြီးသည် နေရာတစ်ခုဆီသို့ နှစ်ပေါင်းများစွာ ကြာအောင် ပြုတ်ကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုနေရာမှာ ဘိုးဘေးနဂါး မြို့တော် တည်ရှိရာ လီချွမ်းတိုက်ကြီးအထိပင် ဖြစ်သည်။
သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီး၏ မြေသားသွေးကြောကို ဖျက်ဆီးပစ်ခဲ့ သဖြင့် ဝူထူနယ်မြေကို မျှော်လင့်ထားသည်ထက် စောစီးစွာ လေဟာနယ်ပင်လယ်ထဲသို့ ပြုတ်ကျသွားစေခဲ့သည်။
ထို့ကြောင့် ဝူထူနယ်မြေသည် လီချွမ်းတိုက်ကြီးနှင့် မျှော်လင့်ထားသည်ထက် ပိုမိုစောစီးစွာ ပူးကပ်သွားခဲ့ခြင်း ဖြစ်ပေသည်။