အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) နီးကပ်သော အခြေအနေ။
ဒီရေလှိုင်းတို့မှာ တည်ငြိမ်မှု မရှိတော့ပေ။
နံနက်စောစောအချိန်တွင် ခမ်းနားထည်ဝါသော ရှေးဟောင်းတောင်ကြီးတစ်ခုက လှိုင်းလုံး များ ကင်းမဲ့နေသည့် စိုစွတ်သော ကမ်းခြေပေါ်တွင် မားမားမတ်မတ် တည်ရှိနေသည်။
ညအချိန်ရောက်လျှင်မူ ရှေးဟောင်းတောင်ကြီး တစ်ခုလုံးမှာ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားတော့မည်အလား၊ အချိန်မရွေး သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာသို့ နစ်မြုပ် သွားရန် အသင့်ဖြစ်နေသည့်ဟန်ဖြင့် ပင်လယ်ရေပြင်အောက် ရောက်ရှိသွားသည်။
ထိုရှေးဟောင်းတောင်ကြီးအတွင်းမှ ငှက်များနှင့် သားရဲများမှာ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။ နတ်ဘုရားတို့၏ တောက်ပသော အငွေ့အသက်များဖြင့် တဖျပ်ဖျပ် လင်းလက်နေသည့် ရှေးဟောင်းနဂါးတစ်ကောင်ဖြစ်သော အလွန်ရှားပါးသည့် ဖီးနစ်နဂါးပင်လျှင် ထိုရှေးဟောင်းတောင်ကြီးမှ ထွက်ပြေးသွားခဲ့ရသည်။
ကောင်းကင်ယံကို ဓားတစ်လက်ကဲ့သို့ ထိုးဖောက်ထားသည့် ရှေးဟောင်းတောင်ကြီး၏ အမြင့်ဆုံး တောင်ထွတ်မှာ ယခုအခါ တောင်ထိပ်မှစ၍ တောင်တစ်ဝက်အထိ၊ ထို့နောက် ရှေးဟောင်းတောင်ကြီး၏ ပင်မတောင်တန်းကြီးအထိ ဖြည်းညင်းစွာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
ကောင်းကင်ယံ၌ ရေကန်တစ်ခုကဲ့သို့ ရောင်ပြန်ဟပ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ကုန်းမြေကြီးသည် နောက်ဆုံး၌ ပြုတ်ကျလာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ကောင်းကင်ယံရှိ အထိမ်းအချုပ်မဲ့ လှုပ်ရှားမှုများမှာ လေဟာနယ် ပင်လယ်ထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက် တိုက်ခိုက်လိုက်ပြီး ကောင်းကင်အမိုးခုံးပေါ်သို့ လှိုင်းလုံးများ ရိုက်ခတ်သွားစေသည်။
လီချွမ်းတိုက်ကြီး၏ အနောက်ဘက်ကုန်းမြေတွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်လိုက်သဖြင့် ရှေးဟောင်းမြို့တော်များမှာ ပြိုကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
လေဟာနယ်ပင်လယ်သည် ကမ္ဘာမြေကြီး၏ အစွန်းတစ်နေရာ ဖြစ်သော်လည်း၊ လူတို့အား ကန့်သတ်ထားသော လှောင်အိမ်တစ်ခုအဖြစ် ယခင်က အမုန်းပွားခဲ့ကြသည့် နေရာတစ်ခု ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ အနောက်ဘက်ကုန်းမြေရှိ လူတို့သည် လေဟာနယ်ပင်လယ်ကို ကျေးဇူးတင်ကြရတော့မည်။ အကယ်၍သာ ထိုပင်လယ်မရှိခဲ့ပါက၊ လျှို့ဝှက်ဆန်းကြယ် သော ကုန်းမြေကြီး အပြင်းအထန် တိုက်မိမှုကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းလုံးများမှာ အနောက်ဘက်ကုန်းမြေပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်မည် ဖြစ်သောကြောင့်ပင်။
တစ်လခန့် ကြာမြင့်ပြီးနောက်တွင် လေဟာနယ်ပင်လယ်၏ ရေပြင်တို့မှာ လုံးဝအငွေ့ပျံ သွားခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေကြီးသည် ယခင်က ပင်လယ်ရေမျက်နှာပြင် ဖြစ်ခဲ့သည့်နေရာတွင် အပြည့်အဝ ပူးကပ် ပေါင်းစပ်သွားခဲ့တော့သည်။
အနောက်ဘက်ကုန်းမြေနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီးတို့ အကြားတွင် ဖြစ်ပေါ်လာသည့် ကြီးမားသော အက်ကြောင်းသည် ယခုအခါ လင်ရှောင်မြို့တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီဖြစ်ပြီး၊ ထိုနေရာရှိ နဂါးထိန်းသူများက ဤဆက်သွယ်နေသည့် အက်ကြောင်းကို အနောက်ဘက် ချောက်ကမ်းပါးဟု ခေါ်ဆိုလိုက်ကြသည်။
အနောက်ဘက် ချောက်ကမ်းပါးသည် လျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေကြီး၏ အစိတ် အပိုင်းငယ်တစ်ခုမျှသာ ဖြစ်သော်လည်း၊ တိုက်ကြီဂနှစ်ခုကို ဆက်သွယ်ပေးထားသည့် တံတားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အနောက်ဘက် ချောက်ကမ်းပါး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မီးတောင်ချော်ရည်များ က မြစ်ချောင်းများပမာ အဆုံးမရှိ စီးဆင်းနေကြပြီး၊ ထိုအနီရောင် မီးလျှံအရည်များ လုံးဝ ကွယ်ပျောက်သွားရန် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။
ထို့အပြင် လေဟာနယ်ပင်လယ် အငွေ့ပျံသွားခြင်းကြောင့် ဖြစ်ပေါ်လာသော မြူခိုးများ သည် အနောက်ဘက် ချောက်ကမ်းပါး ပတ်ပတ်လည်တွင် လွှမ်းခြုံထားသဖြင့် မည်သည့် သက်ရှိမျှ အသက်ရှင်လျက် ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးပေ။ ထိုမြူခိုးများ တဖြည်း ဖြည်း လွင့်စင်သွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။
ဤသို့ဖြင့် အနောက်ဘက် ချောက်ကမ်းပါးသည် ယခင်ကရှိခဲ့ဖူးသည့် တုံးရွှီတောင်တန်း နှင့် ဂုဏ်ကျက်သရေချိုင့်ဝှမ်းတို့ကဲ့သို့ပင် တိုက်ကြီးနှစ်ခု ဆက်သွယ်နိုင်မည့် တစ်ခုတည်း သော “တံတား” ဖြစ်လာခဲ့သည်။
သို့သော်လည်း မီးတောင်ချော်ရည်များ ကွယ်ပျောက်သွားပြီး မြူခိုးများလည်း ကင်းစင်သွား သည့်အခါ၊ လီချွမ်းတိုက်ကြီး၏ အနောက်ဘက်ကုန်းမြေသည် ထိုလျှို့ဝှက်ဆန်းကြယ် သော ကမ္ဘာကြီးနှင့် လုံးဝ ပေါင်းစပ်သွားတော့မည်ဟု ခန့်မှန်းရသည်။
နတ်ဘုရားနွယ်ဝင် လူသားများနှင့် နဂါးထိန်းတို့မှာ အနောက်ဘက် ချောက်ကမ်းပါးတွင် စုဝေးရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။
လီချွမ်းတိုက်ကြီးတွင် နေထိုင်သူများအတွက်မူ ၎င်းတို့သည် မတူညီသော ဟင်လင်းပြင် နယ်မြေမှ လာရောက်သည့် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်များ ဖြစ်ကြသည်။ ထိုလူတို့မှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပါသည့် နတ်ဆိုးနတ်ဘုရားများ ဖြစ်ကြသ လော၊ သို့မဟုတ် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် သားရဲများ ဖြစ်ကြသလောဟူသော စူးစမ်းလိုစိတ်တို့မှာလည်း အလွန်ပင် ကြီးမားလ,ပေသည်။
အရေးအကြီးဆုံး အချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေကြီးသည် နတ်ဘုရား နယ်မြေမှ ပြုတ်ကျလာခြင်းပင် ဖြစ်သည်။ ထိုကုန်းမြေတွင် လီချွမ်းတိုက်ကြီး၌ တစ်ခါမျှ မမြင်ဖူးသည့် အရင်းအမြစ်များ ရှိနေနိုင်သည်၊ ရွှေဖြင့်တည်ဆောက်ထားသော လမ်းမများ ပင် ဖြစ်စေ၊ ကောင်းကင်ဝိညာဉ် အရင်းမြစ် စိုက်ခင်းများပင် ဖြစ်စေ... မည်သည့်အရာမဆို ဖြစ်လာနိုင်သည်။
အမှန်စင်စစ် ထိုလျှို့ဝှက်ဆန်းကြယ်သော ကုန်းမြေကြီးမှ သတ္တဝါတို့မှာလည်း အလားတူ အတွေးများ ရှိနေကြသည်။
အနောက်ဘက် ချောက်ကမ်းပါး၏ ရေပြင်များ လုံးဝအငွေ့ပျံသွားပြီး တိုက်ကြီးနှစ်ခုကြား ဖြတ်သန်းသွားလာနိုင်သည့် အချိန်တွင် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးမှ လူများသည် လည်း စောင့်ကြည့်နေကြပြီး၊ ဤအသစ်စက်စက် ပေါင်းစပ်သွားသည့် ကုန်းမြေပေါ်သို့ ခြေချရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။
ထိုအချိန်တွင် လူတစ်ယောက် ရောက်ရှိလာလေသည်။ သူသည် ကြီးကျယ်ခမ်းနားပြီး နတ်ဘုရားတို့၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် သူတော်စင်ခရမ်းရောင် ခြင်္သေ့နဂါးကို စီးနင်းလျက် ရောက်ရှိလာခြင်း ဖြစ်သည်။
တောက်ပလွန်းသည့် သံချပ်ကာဝတ်စုံကို ဆင်မြန်းထားသူသည် မြူခိုးငွေ့များကို ဖြတ်သန်းကာ အနောက်ဘက် ချောက်ကမ်းပါး၏ အစွန်းသို့ ချဉ်းကပ်လာခဲ့သည်။
နတ်ဘုရား သူတော်စင် ခရမ်းရောင်ခြင်္သေ့နဂါးသည် အနောက်ဘက် ချောက်ကမ်းပါးပေါ် မှ ခုန်ချလိုက်ရာ မီးတောင်ချော်ရည်တို့၏ ပြင်းထန်သော အပူချိန်ကိုပင် လုံးဝမမှုဘဲ၊ ချော်ရည်မြစ်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ချော်ရည်စက်များမှာ လေထဲတွင် မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ပန်းပွင့်များအလား တောက်ပစွာ ပွင့်ထွက်သွားလေ သည်။
"ဒီတော့... ဒီမှာ လူသားတွေလည်း ရှိနေတာပဲကိုး" နတ်ဘုရား သူတော်စင် ခရမ်းရောင် ခြင်္သေ့နဂါးကို စီးနင်းသူက နှုတ်ခမ်းတစ်ဖက်ကို အနည်းငယ်တွန့်၍ ပြုံးလိုက်ကာ ပြောဆို လိုက်သည်။ သူ၏မျက်လုံးများက စုရုံးနေကြသော အနောက်ဘက်ကုန်းမြေမှ နဂါးထိန်း များနှင့် နတ်ဘုရားမျိုးနွယ်ဝင် လူသားတို့အပေါ်သို့ အေးစက်စက် အကြည့်လွှဲ၍ ရောက်ရှိ သွားသည်။
"နဂါးထိန်းတွေလည်း ရှိနေတာပဲပေါ့" ထိုနဂါးစီးသူက ဆက်လက်၍ ဆိုလိုက်သည်။
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏နောက်တွင် ဆံထုံးမြင့်မြင့် ထုံးထားသည့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။ သူမသည် ရိုးရှင်းသော်လည်း ခန့်ညားသည့် ကျင့်ကြံသူဝတ်ရုံကို ဆင်မြန်းထားပြီး၊ လျော့ရဲသော အဝတ်အစားများကြားတွင်ပင် သူမ၏ ပုံကျသော ခန္ဓာကိုယ်အလှကို ထင်ရှားစွာ မြင်နိုင်ပေသည်။
သူမ၏ မျက်နှာသွင်ပြင်မှာ အေးစက်နေသော်လည်း၊ မိတ်ကပ်ကင်းစင်သော သူမ၏ မျက်နှာပေးမှာ ကြည်လင်သန့်စင်သည့် အရိပ်အယောင်ကို ဆောင်နေသည်။
သို့သော်လည်း သူမ၏ ပင်ကိုယ်ဟန်ပန်မှာ အလွန်ပင် မာနကြီးလွန်းလှရာ၊ လျော့တိ လျော့ရဲနှင့် ပေါ့ပေါ့ပါးပါးရှိသည့် နဂါးစီးသူနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် ကုန်းမြေသစ်မှ လူများအား မြင်တွေ့လိုက်သည့်အခါ အထင်အမြင်သေးသည့် အကြည့်များ ဖြင့် ရွံရှာမုန်းတီးစွာ ကြည့်ရှုလိုက်သည်။
"မင်းတို့ဆီမှာ ဂိုဏ်းတွေ ရှိရဲ့လား" ထိုဆံထုံးမြင့်မြင့်နှင့် ကျင့်ကြံသူ အမျိုးသမီးက ဂရုမစိုက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
"ဂိုဏ်းဆိုတာ ဘာလဲ"
"ဗိမာန်ဂိုဏ်းက ဂိုဏ်းတစ်ခုလို့ ရေတွက်လို့ ရမလား" လင်ရှောင်မြို့တော်မှ နဂါးထိန်း တစ်ဦးက ပြန်လည်မေးမြန်းလိုက်သည်။
ဘာသာစကားမှာ တစ်ထပ်တည်းပင် ဖြစ်နေပြီး၊ မည်သည့်နေရာမှ ရောက်လာမှန်းမသိရ သော ဝူထူနယ်မြေလေသံနှင့်လည်း တူညီနေသည်။
လီချွမ်းတိုက်ကြီးမှ လူတို့သည် စိတ်သက်သာရာ ရသွားကြသည်။ လျှို့ဝှက်ဆန်းကြယ် သော ထိုတိုက်ကြီးသည် ကြောက်မက်ဖွယ် သားရဲကောင်များဖြင့် ပြည့်နှက်နေသည် မဟုတ်ဘဲ၊ အနောက်ဘက် ချောက်ကမ်းပါးတွင် မကြာမီပင် မြို့တော်ကြီးတစ်ခု ပေါ်ပေါက် လာတော့မည်ဟု ထင်မြင်မိကြသည်။
"မင်းတို့ဆီမှာကော မြို့တော်တွေပဲ ရှိတာလား" လင်ရှောင်မြို့တော်မှ နဂါးထိန်း လင်ဟွှာ က မေးမြန်းလိုက်သည်။
"မြို့တော် ဟုတ်လား" ထိုနဂါးစီးသူသည် ထိုစကားကို ကြားလိုက်ရသော် ရယ်မောလိုက် သည်။
"ဒါဆို မင်းတို့က ဘာတွေလဲ..."
"ငါတို့က မင်းတို့ ခေါ်နေကြတဲ့ ကောင်းကင်ဘုံတွေပဲ"
ကောင်းကင်ဘုံ……။
ထိုစကားလုံးမှဦ လုံးဝ အထင်အမြင်မသေးသင့်သည့် စကားလုံးပင်…..။
ဘိုးဘေးနဂါး မြို့တော်၊ လီချွမ်းနဂါးထိန်းအကယ်ဒမီ…..။
ကျူးမင်လန်သည် ပြီးခဲ့သည့် တစ်လလုံးလုံး အလုပ်နှစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။ ငွေကုန်ကြေးကျခံခြင်းနှင့် ငွေကို အကုန်အကျခံခြင်းပင် ဖြစ်သည်။
ပထမဆုံး ငွေကုန်ကြေးကျခံရသည့် အကြောင်းအရင်းမှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ကျွေးမွေးရန် ဖြစ်သည်။
နဂါးသခင်အဆင့်စွမ်းရည်ကို ပိုင်ဆိုင်ထားသော သတ္တဝါတစ်ကောင်အတွက် တစ်ပတ်စာ စားသုံးမှုကုန်ကျစရိတ်ကို ရွှေခြင်းတောင်းများဖြင့်သာ တွက်ချက်ရပေလိမ့်မည်။
အကယ်၍ ပတ်ဝန်းကျင်ရှိ ကီလိုမီတာ ထောင်ပေါင်းများစွာသော နယ်မြေများသည် သူ၏ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် နယ်မြေများ မဟုတ်ခဲ့ပါက၊ ကျူးမင်လန်သည် အခွန်ကောက်ခံ ရန် မြို့များကို သိမ်းပိုက်မည့်အကြောင်းကိုပင် စဉ်းစားမိခဲ့လောက်သည်။ အလွန်ပင် ကုန်ကျစရိတ်များလွန်းလှသည်၊ အဖြူလေးသည် ယခုအခါတွင် ဈေးကြီးလှသော ပျားပန်း ဝတ်ရည်များကို ရေကဲ့သို့ သောက်သုံးရုံတင်မကဘဲ၊ ကြယ်အပိုင်းအစ သလင်းကျောက် များကိုပါ စားသုံးရန် လိုအပ်နေပြီဖြစ်သည်။
ကြယ်အပိုင်းအစ သလင်းကျောက်ဆိုသည်မှာ အဘယ်နည်း။
သာမန်လူတို့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို ဝယ်ယူနိုင်ကြပါမည်လော……။
ကောင်းကင်မှ ကြွေကျလာသော ဉက္ကာခဲများသည် ဤကမ္ဘာလောကတွင် အပူချိန်အမြင့် ဆုံး မီးတောက်များကို ဖြစ်ပေါ်စေပြီး၊ ထိုပြင်းထန်သော အပူရှိန်အတွင်းတွင် အချို့သော ကျောက်တုံးထူးများသည် ပုံသွင်းခံရကာ ကြယ်အပိုင်းအစ သလင်းကျောက်တုံးများ အဖြစ် သို့ ပြောင်းလဲသွားကြသည်။
နဂါးတစ်ကောင်ကို ပြုစုပျိုးထောင်ဖို့အတွက် ညစဉ်ညတိုင်း ကြယ်တာရာများကို စောင့်ကြည့်ပြီး ဉက္ကာခဲများကို လိုက်လံရှာဖွေနေရဦးမှာလား….။
ယခင်က နတ်ဘုရားမျိုးနွယ်ဝင်လူသားတို့၏ စွမ်းအားများဖြင့်ပင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲလှပေလိမ့်မည်။ ကုန်းမြေကြီးမှာ ကျယ်ပြောလွန်းသဖြင့် မည်သည့်နေရာတွင် ဉက္ကာ ခဲများ ကျရောက်မည်ကို မည်သူက သိနိုင်မည်နည်း။ နေ့ရောညပါ စောင့်ဆိုင်းနေ၍လည်း မရနိုင်ပေ။
ကံကောင်းထောက်မစွာပင် လီယွင်ဇီသည် အလွန်စဉ်းစားပေးတတ်သူ ဖြစ်သည်။ အဖြူလေး၏ အစာမှာ ထိုမျှရှားပါးသော အရာဖြစ်ကြောင်း သိရှိလိုက်သည့်အခါ သူမသည် သူမလူများကို စုဆောင်းခိုင်းခဲ့သည်။ နောက်ပိုင်းတွင် မြို့တော်ကြီး လေးခုမှ မြို့သခင်များ၊ မျိုးနွယ်စုကြီးများနှင့် ချမ်းသာကြွယ်ဝသော ကုန်သည်များသည် ဧကရီဘုရင်မက ထို ကြယ်အပိုင်းအစ သလင်းကျောက်တုံးများကို နှစ်သက်ကြောင်း ကြားသိလိုက်ရသောအခါ သူမ၏အလိုကို ဖြည့်ဆည်းရန်နှင့် သူမစိတ်ကျေနပ်စေရန် ယှဉ်ပြိုင်၍ ဆက်သကြတော့ သည်။
ဤသို့ဖြင့် သုံးလစာအတွက် လုံလောက်သော အစာကို စုဆောင်းရရှိရန်ပင် တစ်လလုံးလုံး အချိန်ယူခဲ့ရသည်။
အခြားရွေးချယ်စရာ မရှိပေ။ အကြောင်းမှာ အဖြူလေး၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာ ရပ်မှာ ကြယ်တာရာများနှင့် လမင်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ပင်။
ထိုဆန်းကြယ်မှော်ပညာရပ်ကို ကျင့်ကြံရန်အတွက် ကြယ်အပိုင်းအစ သလင်းကျောက်တုံး များကို စားသုံးရန် မဖြစ်မနေ လိုအပ်နေပေသည်။
အဖြူလေးက ရွှေထက် အဆတစ်ရာကျော် ဈေးကြီးသည့် ကြယ်အပိုင်းအစ သလင်း ကျောက်တုံးများကို ထင်းရှူးသီးများသဖွယ် ဝါးစားနေသည်ကို မြင်လိုက်ရတိုင်း သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေရသလိုပင်။
"အနောက်ဘက် ချောက်ကမ်းပါး ပတ်လည်မှာ အဲဒီကျောက်တုံးတွေ အတော်လေးရှိနေ ပုံရပေမယ့်၊ အခုလောလောဆယ်တော့ အဲဒီနေရာကို သွားလို့မရသေးဘူး။ အဲဒီမှာ မကြာသေးခင်ကမှ ပြဿနာတွေ အတော်များများ ဖြစ်ပျက်နေတာလေ။”
"နှစ်လစာအပြည့် ကျွေးနိုင်ရင် အဖြူလေးရဲ့ စွမ်းအားက အဆင်မြင့် နဂါးသခင်အဆင့် စွမ်းအားမှာ တည်ငြိမ်သွားလိမ့်မယ်။"
“တကယ်လို့ တခြားအရာတွေကို အစားထိုးပြီး ကျွေးမွေးမယ်ဆိုရင် စွမ်းအားတွေက အဆင့်နိမ့် နဂါးသခင်အဆင့်စွမ်းအာမှာပဲ ရပ်တန့်သွားနိုင်ရုံတင်မကဘဲ၊ အဖြူလေးရဲ့ စတုတ္ထအဆင့်ကို (ပြီးပြည့်စုံသောအဆင့်) ရောက်ဖို့အတွက်လည်း မျှော်လင့်ချက် ကုန်ဆုံး သွားလိမ့်မယ်။”
“ကောင်းကောင်းမွန်မွန်သာ ပြုစုပျိုးထောင်ပေးနိုင်မယ်ဆိုရင် အဖြူလေးဟာ စတုတ္ထ အဆင့်သို့ ဝင်ရောက်ဖို့အတွက် ခြောက်လလောက်ပဲ အချိန်ယူရလိမ့်မယ်”
စတုတ္ထအဆင့် ဆိုသည်မှာ ရေကို စုဆောင်းထားသည့် ဆည်ကြီးတစ်ခုနှင့် တူပေသည်။ ဆည်ရိုးတွင် အက်ကြောင်းတစ်ခုခု ရှိနေပါက ရေကို အပြည့်ဖြည့်၍ ရတော့မည် မဟုတ်ပေ။
လိုအပ်သည်များမှာ - အစားအစာ အာဟာရဓာတ်များ။
ဝိညာဉ်နယ်မြေမှ အာဟာရဓာတ်များ။
တိုက်ပွဲများမှတစ်ဆင့် စွမ်းရည်များကို လေ့ကျင့်ပေးခြင်း။
ဝိညာဉ်အရိုးကို ခိုင်မာအောင် ပြုလုပ်ရခြင်းတို့ပင်။
ဤအရာတစ်ခုချင်းစီသည် ရေလှောင်ကန်ထဲသို့ စီးဝင်နေသည့် ရေအရင်းအမြစ်တစ်ခုချင်း စီနှင့် တူသည်။
အရည်အသွေးညံ့သည့် အစားအစာများကို ကျွေးမွေးခြင်းမှာ ရေအနည်းငယ်မျှသာ စီးဝင် သည့် အပေါက်ငယ်တစ်ခုနှင့် တူပြီး၊ အရည်အသွေးမြင့် ဝိညာဉ်ပုလဲများကို ပံ့ပိုးပေးခြင်း မှာမူ မြစ်ရေစီးကြောင်းကြီးတစ်ခု ရေလှောင်ကန်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာခြင်းနှင့် တူပေသည်။
အဖြူလေးသည် ပျားပန်းဝတ်ရည်များကိုသာ သောက်သုံးနေမည်ဆိုပါက ငတ်သေသွား မည် မဟုတ်သော်လည်း၊ ကြီးထွားမှုအတွက်မူ အထောက်အကူပြုမည် မဟုတ်ပေ။
ထို့ကြောင့် မည်မျှပင် ခက်ခဲပင်ပန်းပါစေ၊ နဂါးထိန်းများသည် သူတို့နဂါးကလေးများကို ဆင်းရဲဒုက္ခရောက်အောင် မထားရပေ။
လီယွင်ဇီက အရေးပေါ်အခြေအနေတွင် ကူညီပေးခဲ့သော်လည်း၊ ယခုအချိန်မှစ၍ ကိုယ့်အားကိုယ် ကိုးရတော့မည်။ ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် နဂါးအရှင်အဆင့်သို့ ရောက်ရှိသွားသည့်အခါ နေနှင့်လတို့မှ သလင်းကျောက်တုံးများကို စားသုံးရန် လိုအပ်ဦးမ လားဆိုသည်ကို ကောင်းကင်ဘုံသာ သိနိုင်ပေတော့မည်။
လေ့လာသူတစ်ယောက်၏ သဘောထားကို ဆက်လက် ထိန်းသိမ်းလျက် ကျူးမင်လန် သည် သင်တန်းသို့ သွားရောက်ခဲ့သော်လည်း၊ ယနေ့သင်ခန်းစာကို ပို့ချပေးရမည့် လက်ထောက် ကျောင်းအုပ်ကြီးမှာ နောက်ဆုံးမိနစ်တွင် အတန်းကို ဖျက်သိမ်းလိုက် ကြောင်း သိရှိလိုက်ရသည်။
လက်ထောက်ကျောင်းအုပ်ကြီးသည် အလွန်လေးစားရသူတစ်ဦး ဖြစ်ပြီး လီချွမ်းတိုက်ကြီး တွင် ရှားပါးလှသည့် နဂါးထိန်းသူတော်စင်တစ်ပါး ဖြစ်သောကြောင့် သူ၏ အတန်းချိန်မှာ အလွန်ပင် ရှားပါးလှသည်။ ထို့ကြောင့် သူသင်ကြားပေးသည့် အချိန်တိုင်းတွင် ကျောင်းသားများမှာ သူတို့၏ တန်ဖိုးရှိသော အကယ်ဒမီခရစ်ဒက်အမှတ်များကို စွန့်လွှတ် ကာ တက်ရောက်ကြခြင်း ဖြစ်သည်။
"ကျူးမင်လန်၊ မင်းကို ဝါးတောအုပ်စင်မြင့်ကို လာခဲ့ဖို့ တစ်ယောက်ယောက်က မှာလိုက် တယ်" ဟုန်ဟောက်က ပြေးလာပြီး ပြောပြသည်။
ကျူးမင်လန်သည် နားမလည်နိုင်ဖြစ်သွားသော်လည်း၊ မည်သို့ပင်ဆိုစေ ဝါးတောဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ဝါးတောအုပ်စင်မြင့်သို့ ရောက်သောအခါ ကျူးမင်လန်သည် လှေကားထစ်များကို တက်လှမ်းသွားရင်း၊ ထိုညက နန်လင်းရှာ ပန်းချီဆွဲနေခဲ့သည့် မြင်ကွင်းကို အမှတ်ရသွား သည်။
အခန်းတံခါးကို ဖွင့်လိုက်သောအခါ အတွင်း၌ လူအချို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့ထဲတွင် ဝိညာဉ်သတ္တဝါခန်းမမှ အသက်အရွယ်ကြီးရင့်သူ ဆရာဝူနှင့် ရတနာတိုက် စောင့် အဘွားအိုတို့ ပါဝင်နေသည်။ ထို့အပြင် အတန်းမပို့ချခဲ့သည့် လက်ထောက် ကျောင်းအုပ်ကြီး ပိုင်ဟုန်ဘိုလည်း ထိုနေရာတွင် ရှိနေလေသည်။
ပို၍ အကဲခတ်ကြည့်လိုက်သောအခါ ကျူးမင်လန်၏ မျက်လုံးများမှာ ခဏတာ တောက်ပ သွားသော်လည်း၊ မကြာမီပင် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို တွန့်ရွဲ့လိုက်မိ၏။ သူမတို့နှင့် အတူရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူမတို့၏ ရုပ်ရည် သွင်ပြင်ကို မည်သို့မျှ ကွဲပြားအောင် မခွဲခြားနိုင်သေးပေ။
သူမမှာ နန်လင်းရှာ ဖြစ်သည်။ သူမသည် တည်ငြိမ်အေးဆေးပြီး လျစ်လျူရှုသည့် ပုံစံမျိုး ပေါ်လာတိုင်း ကျူးမင်လန်သည် လီယွင်ဇီ လက်ဖက်ရည်ကို ခန့်ညားစွာ သောက်သုံးနေ သည့် မြင်ကွင်းကို အမြဲအမှတ်ရမိသည်။
"ထိုင်ပါ" နန်လင်းရှာက ဆိုလိုက်သည်။
ကျူးမင်လန်က ထိုင်ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်ပြီး အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ လီချွမ်းနဂါးထိန်းအကယ်ဒမီမှ လက်ထောက် ကျောင်းအုပ်ကြီးအဆင့်ရှိသူများကို ဤနေရာတွင် စုစည်းထားရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။
ပြီးတော့ သူကိုယ်တိုင်ကကော ဘာကြောင့် ပါဝင်နေရတာလဲ။ အဆင့်အတန်းအရဆိုလျှင် သူသည် နဂါးထိန်းအကယ်ဒမီ၏ စံပြကျောင်းသားတစ်ယောက်သာသာ ရှိသေးသည် မဟုတ်လော။
"အကယ်ဒမီက နဂါးသခင်အဆင့်ရှိသူတွေ အားလုံး ဒီမှာရောက်နေကြပြီပဲ၊ ကျောင်းအုပ် ကြီး မရှိတဲ့အတွက် ငါပိုင်ဟုန်ဘိုကပဲ ဦးဆောင်ပေးမယ်" ပြောဆိုရင်း ပိုင်ဟုန်ဘိုက ကျူးမင်လန်ကို တစ်ချက်မျှ အကဲခတ်ကြည့်လိုက်သည်။ မေးစရာ မေးခွန်းအချို့ ရှိနေ သော်လည်း ထိုကိစ္စကို သူ အလေးအနက် မလုပ်ခဲ့ပေ။
ဆရာဝူကလည်း ကျူးမင်လန်ကို နားမလည်နိုင်သည့် မျက်နှာပေးဖြင့် ကြည့်နေသည်။
ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်လာတာလဲ။
သူက နဂါးသခင်အဆင့် တကယ် ဖြစ်သွားလို့လား…..။
ကျူးမင်လန်သည် နန်လင်းရှာကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ ဤနေရာသို့ ရောက်ရှိ နေခြင်းမှာ သူမကြောင့်သာ ဖြစ်ကြောင်း သူကောင်းစွာ သိလိုက်သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူမှာ နဂါးအရှင်အဆင့် ဖြစ်နေမှန်း သူမ သိထားပြီးသား ဖြစ်သည်။ (ဤနေရာ၌ နဂါးအရှင်အဆင့်ဆိုသည်မှာ လက်ရှိနေသည့်အဆင့် မဟုတ်ဘဲ အနာဂတ် အလားလာကို ရည်ညွှန်းခြင်း ဖြစ်ဟန်တူပါသည်။)
"ဗိမာန်ဂိုဏ်း လုံးဝ ပျက်သုဉ်းသွားပြီ၊ လင်ရှောင်မြို့တော်ရဲ့ အနောက်ဘက်ကုန်းမြေက မြို့ကြီးခြောက်မြို့လုံး အသတ်ခံလိုက်ရပြီး၊ လင်မျိုးနွယ်စုတွေကလည်း မြို့တော်ကို စွန့်ခွာ ကာ လီချွမ်းလွင်ပြင်ထဲကို ထွက်ပြေးပြီး ငါတို့ နဂါးထိန်းအကယ်ဒမီဆီ အကူအညီ လာ တောင်းနေတယ်" ပိုင်ဟုန်ဘိုက စတင်ပြောကြားလိုက်သည်။
"ဘာ... ဗိမာန်ဂိုဏ်း ပျက်သုဉ်းသွားတယ် ဟုတ်လား" ဆရာဝူက သူထိုင်နေသည့် နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"လက်ထောက်ကျောင်းအုပ်ကြီး ပိုင်….၊ ခင်ဗျား ကျွန်မတို့ကို နောက်နေတာ မဟုတ်ပါဘူး နော်" ရတနာတိုက်စောင့် အမျိုးသမီးက မေးမြန်းလိုက်သည်။
ပိုင်ဟုန်ဘိုက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် "ကျွန်တော် ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ နောက်ပြောင်နေတာ မဟုတ်ဘူး" ပြတ်သားစွာ ပြောဆိုလိုက်သည်။
"ဗိမာန်ဂိုဏ်းရဲ့ 'အဓိပတိနှစ်ပါး'၊ အကြီးအကဲနှစ်ပါး၊ ဗိမာန်ဂိုဏ်းရဲ့ သခင်နဲ့ တခြားအစွမ်း ထက် ပုဂ္ဂိုလ်တွေအားလုံး စစ်ပွဲအတွင်းမှာ ကျဆုံးသွားကြပြီ။ ဗိမာန်ဂိုဏ်းရဲ့ အထက်ပိုင်း ကနေ အောက်ပိုင်းအထိ၊ နဂါးထိန်း ရာဂဏန်းနဲ့ နတ်ဘုရားမျိုးနွယ်ဝင်လူသား ပညာရှင် တစ်ရာနီးပါးလောက် ရှိတဲ့အထဲမှာ တချို့က သေဆုံးသွားပြီး၊ တချို့က ထွက်ပြေးသွား ကြတယ်။ ဗိမာန်ဂိုဏ်းဆိုတာ မရှိတော့ဘူး၊ မနေ့ကတင်ပဲ ပျက်သုဉ်းသွားခဲ့တာ။"
ပိုင်ဟုန်ဘို၏ ဤစကားများကြောင့် နေရာတွင် ရှိနေကြသော နဂါးသခင်အဆင့် စွမ်းအား ရှင် အနည်းငယ်၏ ကျောရိုးများပင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဗိမာန်ဂိုဏ်းဆိုသည်မှာ... အဲဒါက ဗိမာန်ဂိုဏ်းလေ။ ဗိမာန်ဂိုဏ်းသည် လီချွမ်းတိုက်ကြီး၏ ဤဒေသတွင် အာဏာအပြည့်အဝ ရှိထားသည့်နေရာတစ်ခုဖြစ်ပြီး၊ ယခုမူ တစ်ညတည်း ဖြင့် အမြစ်ပြတ်သွားခဲ့ပြီ။
ဤစကားကို လွန်ခဲ့သည့် တစ်လက ပြောခဲ့မည်ဆိုလျှင်၊ ပြောသူကို ရူးသွပ်နေသူဟုပင် သတ်မှတ်ကြပေလိမ့်မည်။