အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉) ကျူးရွှဲ့ဟန်။
"သူတို့က လျှို့ဝှက်ဆန်းကြယ် တိုက်ကြီးကလာတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေလား" ရတနာ တိုက်စောင့် အမျိုးသမီးက မေးမြန်းလိုက်သည်။
လက်ထောက်ကျောင်းအုပ်ကြီး ပိုင်ဟုန်ဘိုက ခေါင်းညိတ်ပြလိုက်သည်။
"သူတို့က ဘယ်မျိုးနွယ်စုကလဲ၊ ပြီးတော့ သူတို့ဆီမှာ သခင်အဆင့် စွမ်းအားရှင် ဘယ်နှစ် ယောက်လောက် ရှိလဲ" ဆရာဝူက အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် အရေးကြီးလှ သည့် ထိုမေးခွန်းကို မေးမြန်းလိုက်သည်။
ပိုင်ဟုန်ဘိုက ချက်ချင်းမဖြေဘဲ နန်လင်းရှာကို တစ်ချက်ကြည့်လိုက်သည်။
"လူတစ်ယောက်ပဲ၊ နဂါးထိန်းသူတစ်ဦးပေါ့" နန်လင်းရှာက နှေးကွေးစွာ ပြောဆိုလိုက် သည်။ သူမလေသံမှာ သူမကိုယ်တိုင်ပင် မယုံနိုင်စရာ ဖြစ်နေသယောင် ရှိသည်။
"နတ်ဘုရား သူတော်စင် ခရမ်းရောင်ခြင်္သေ့နဂါးကို စီးထားတဲ့ နဂါးထိန်း တစ်ယောက်ပဲ" ပိုင်ဟုန်ဘိုက ဖြည့်စွက် ပြောဆိုလိုက်သည်။
ဤဖြည့်စွက်ချက်ကြောင့် နေရာတွင် ရှိနေသော သခင်အဆင့် စွမ်းအားရှင်များမှာ လွန်စွာ တုန်လှုပ်ချောက်ချားသွားကြသည်။
လူတစ်ယောက်တည်းက ဗိမာန်ဂိုဏ်းကို ဖျက်ဆီးလိုက်တာ ဟုတ်လား…..။
ဒီနဂါးထိန်းက နတ်ဘုရားတစ်ပါးများ ဖြစ်နေမလား…..။
သူတစ်ယောက်တည်းနဲ့ အဲဒီလောက် ဩဇာကြီးမားတဲ့ ဗိမာန်ဂိုဏ်းကို ဘယ်လိုလုပ်ပြီး အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တာလဲ….။
ပိုပြီး အရေးကြီးသည်မှာ ဗိမာန်ဂိုဏ်းတွင် အရှင်အဆင့် စွမ်းအားရှင်တစ်ဦး ရှိနေသည်။ သူရှိနေခြင်းကြောင့်သာလျှင် ဗိမာန်ဂိုဏ်းသည် တခြားမြို့တော်အားလုံးထက် ပိုမိုမြင့်မား စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးမှ စွမ်းအားရှင်တစ်ဦးက ဗိမာန်ဂိုဏ်းကို ဖျက်ဆီး နိုင်ခဲ့သည်ဆိုလျှင်၊ သူတို့အနေဖြင့် ဤလီချွမ်းတိုက်ကြီးသည် အရေးမပါသည့် နေရာတစ်ခု သာသာ ဖြစ်နေတော့မှာ မဟုတ်လား…..။
"ဒီမြို့ကို ဘယ်သူ အုပ်ချုပ်တာလဲ"
"ဒီမြို့ကို ဘယ်သူ အုပ်ချုပ်တာလဲ"
ရုတ်တရက်၊ နဂါးထိန်းအကယ်ဒမီ အပြင်ဘက် ကောင်းကင်ယံမှ အသံတစ်ခု ထွက်ပေါ် လာသည်။
ထိုအသံမှာ ကျယ်လောင်ခြင်း မရှိသလို၊ အလွန်ဝေးကွာသော နေရာမှ လာခြင်းဖြစ်သော် လည်း၊ သူမ ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီကို လူတိုင်းက ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
လူအချို့သည် ဝါးတောစင်မြင့်မှ ချက်ချင်း ထွက်ခွာသွားကြသည်။ နန်လင်းရှာက ပျံသန်းနိုင်သော သက်ရွက်လှေငယ် တစ်စင်းကို ထုတ်ယူကာ လူတိုင်းကို ဝါးတောထိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သို့သော် ထိုအသံမှာ နဂါးထိန်းအကယ်ဒမီဆီမှ လာခြင်း မဟုတ်ပေ။
ထိုအသံမှာ ဘိုးဘေးနဂါးမြို့တော်၊ မြို့ရိုးတံတိုင်းမျှော်စင်အထက် တည့်တည့်မှ လာခြင်း ဖြစ်သည်။ ၎င်းနေရာမှနေ၍ ကြည့်လိုက်လျှင် ကောင်းကင်ယံတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တန့်နေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့ရသည်။
"သွားကြည့်ကြရအောင်" ပိုင်ဟုန်ဘိုက ဆိုလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့် မှုများ အရိပ်အယောင် ထင်ဟပ်နေသည်။
ပန်းချီကားတစ်ချပ်သဖွယ် လှပသော လှေငယ်သည် ဘိုးဘေးနဂါး မြို့တော်၏ မြို့ရိုး တံတိုင်းဆီသို့ ပျံသန်းသွားခဲ့သည်။ သို့သော် လူတိုင်း၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည် လေးနက်နေကြသည်။ ပို၍ နီးကပ်လာလေလေ၊ မြို့တော်မျှော်စင်ပေါ်တွင် ခွေလိမ်လျက်ရှိနေသည့် နတ်ဘုရား သူတော်စင် ခရမ်းရောင်ခြင်္သေ့နဂါးကို ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့လာရလေလေ ဖြစ်သည်။
၎င်း၏ ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသော ကိုယ်ဟန်မှာ ဤလောကရှိ မည်သည့်သတ္တဝါ နှင့်မျှ မတူညီဘဲ ရှေးဟောင်းဒဏ္ဍာရီလာ အင်မော်တယ်နဂါး တစ်ကောင်နှင့် ပို၍ဆင်တူနေ သည်။ ၎င်းသည် ငွေရောင်မီးခိုးရောင်သမ်းနေသည့် ဘိုးဘေးနဂါးမြို့တော် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေပြီး၊ မြို့တော်တစ်ခုလုံးရှိ သာမန်ဝိညာဉ်သတ္တဝါအပေါင်းကို အောက်တန်းကျသူများသဖွယ် အထင်သေးစွာ ကြည့်ရှုနေပေသည်။
သူသည် ဗိမာန်ဂိုဏ်းကို ဖျက်ဆီးခဲ့သော ခရမ်းရောင်နဂါးထိန်းပင် ဖြစ်သည်။
သူ့အနားတွင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်ယူဝံ့ကြွားနေသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမက မေးခွန်းထုတ်လိုက်သူ ဖြစ်ပြီး၊ သူမ၏ အသံမှာ မိုင်ပေါင်းရာနှင့်ချီ၍ ပျံ့နှံ့နိုင်စွမ်းရှိသဖြင့် ဘိုးဘေးနဂါး မြို့တော်ရှိ လူတိုင်းက ကြားနိုင်စေရန် ပြုလုပ်ထား သည်။
ကောင်းကင်ယံတွင် ကြီးမားထည်ဝါစွာ ရပ်တည်နေသည့် ခရမ်းရောင်နဂါးမှာ နတ်ဘုရား တစ်ပါးပမာ တောက်ပနေပြီး သူ၏ အကြေးခွံများမှာ ရွှေနှင့် ကျောက်မျက်ရတနာတို့ထက် ပင် ပိုမိုတောက်ပနေ၏။ ထိုနဂါးကို စီးနင်းလိုက်ပါလာသူမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ သူ၏မျက်ဝန်းတို့တွင် အခြားသူအားလုံးထက် သာလွန်သည့် အာဏာစက်ကို ပိုင်ဆိုင်ထား ပြီး၊ သူသည် ကြမ်းတမ်းရက်စက်သောပုံစံမျိုး မရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးနေ သော်လည်း၊ သူ့ကို မြင်လိုက်ရသူတိုင်းမှာ ရိုသေလေးစားမှုဖြင့် အလိုအလျောက်ပင် တုန်လှုပ်ချောက်ချားသွားရတော့သည်။
ပန်းချီကားကဲ့သို့ လှပသော လှေငယ်က ဆက်လက်၍ ပျံသန်းသွားခဲ့သည်...
လက်ထောက်ကျောင်းအုပ်ကြီး ပိုင်ဟုန်ဘို၊ ဆရာဝူနှင့် ရတာတိုက်စောင့် အမျိုးသမီးတို့မှာ ထိုလူနှစ်ဦးကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေး တုန်လှုပ်နေကြသည်။
ဤလူနှစ်ဦးမှာ မနေ့ကမှ ဗိမာန်ဂိုဏ်းကို ဖျက်ဆီးခဲ့သော တရားခံများပင် ဖြစ်သည်။
သူတို့အတွက် ဗိမာန်ဂိုဏ်းကို ဖျက်ဆီးခြင်းမှာ ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်သကဲ့သို့ လွယ်ကူလွန်းနေသလား၊ ထို့ကြောင့်ပင် နောက်တစ်နေ့မှာ ဘိုးဘေးနဂါး မြို့တော်သို့ တိုက်ရိုက်ပျံသန်းလာခဲ့ခြင်း ဖြစ်ပေမည်။
"သူတို့နဲ့ ကျွန်မပဲ ညှိနှိုင်းကြည့်ပါ့မယ်။ အခြေအနေ မကောင်းဘူးဆိုရင် ဘာမှ အလျင်စလို မလုပ်ကြပါနဲ့" နန်လင်းရှာက ပြောလိုက်သည်။
သူမက အခြားသူများကို လှေပေါ်မှ ဆင်းစေခဲ့ပြီး ထိုအစွမ်းထက်သည့် သတ္တဝါနှစ်ဦးနှင့် တစ်ဦးတည်း ရင်ဆိုင်တွေ့ရန် စီစဉ်လိုက်သည်။
"ကျွန်တော်လည်း လိုက်ခဲ့ပါမယ်" ကျူးမင်လန်က ပန်းချီလှေငယ်ပေါ်မှ မဆင်းဘဲ ပြောလိုက်သည်။
ထိုခရမ်းရောင်နဂါး စီးနင်းသူသည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း သူ့ထံမှ ထွက်ပေါ်နေသည့် အန္တရာယ်ရှိသော အရှိန်အဝါတို့မှာ ပြင်းထန်လှသည်။ သူသည် ဗိမာန်ဂိုဏ်းမှ လူအမြောက်အမြားကို သတ်ဖြတ်ခဲ့သော်လည်း သူ၏မျက်ဝန်းတွင် နာကျည်းမုန်းတီးမှု၏ အရိပ်အယောင်မျှပင် မရှိပေ။ ဖြစ်နိုင်သည်မှာ သူ့အမြင်တွင် ဤ လီချွမ်းတိုက်ကြီးရှိ သက်ရှိသတ္တဝါတို့မှာ ပုရွက်ဆိတ်များထက် မပိုသော အရာများ ဖြစ်နေ ခြင်းပင် ဖြစ်ပေလိမ့်မည်။
ကျူးမင်လန်သည် နန်လင်းရှာကို ထိုသို့သော အန္တရာယ်ကြီးမားသူနှင့် တစ်ဦးတည်း ညှိနှိုင်းခွင့်ပေးရန် မဖြစ်နိုင်ပေ။
နန်လင်းရှာအနေဖြင့် ကျူးမင်လန်ကို ဤအန္တရာယ်ထဲသို့ ဆွဲထည့်လိုသည့် ရည်ရွယ်ချက် မရှိသော်လည်း၊ သူက တင်းမာစွာ ငြင်းဆိုလိုက်သည့် အခါတွင်မူ သူမတွင် အခြား ရွေးချယ်စရာ လမ်းမရှိတော့ပေ။
ခရမ်းရောင်နဂါး စီးနင်းသူသည် မြို့တော်မျှော်စင်ထိပ်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်နေရင်း သူ၏အကြည့်တို့မှာ ဘိုးဘေးနဂါး မြို့တော်ရှိ ပြည်သူများထံသို့ ဖြတ်သန်းသွားသည်။
လမ်းမများ၊ လမ်းကြားများ၊ ပြတင်းပေါက်များမှတစ်ဆင့် လူပေါင်းမြောက်မြားစွာသည် သူ့ကို မော့ကြည့်နေကြပြီး သူတို့၏မျက်နှာများမှာ အံ့အားသင့်မှုနှင့် ဝေခွဲမရသည့် အရိပ် အယောင်များဖြင့် ပြည့်နှက်နေသည်။
ရှည်လျားလှသည့် ကာလရှည်ကြာအတွင်း လူအများအပြားမှာ ရေကန်အောက်ခြေမှ ဖားသူငယ်ကဲ့သို့ပင် နေထိုင်ခဲ့ကြပြီး ကောင်းကင်၏ အစိတ်အပိုင်းငယ်လေးကိုသာ မြင်ဖူး ခဲ့ကြသည်။ ဤကမ္ဘာကြီးသည် သူတို့ထင်မှတ်ထားသည်ထက် ပိုမိုကျယ်ဝန်းကြောင်း၊ သူတို့ သိထားသည်ထက် ပိုမိုအစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိနေသေးကြောင်းကိုမူ လုံးဝ သူတို့ သတိမပြုမိခဲ့ကြပေ။
အိုး၊ သူတို့အနေဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် လူသားဟူသော အမျိုးအစားထဲတွင် မပါဝင်တော့ပေ။
သူသည် ကောင်းကင်ဘုံ ဖြစ်ပြီး နတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေသည်။
ပန်းချီလှေငယ်တစ်စင်း ချဉ်းကပ်လာသည်ကို ခရမ်းရောင်နဂါး စီးနင်းသူက ချက်ချင်း သတိပြုမိလိုက်သည်။ လှေပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှင့် အမျိုးသားတစ်ဦးကို သူ မြင်လိုက်ရသည်။
မိန်းမပျိုမှာ စုတ်တံနှင့် မှင်ကို အသုံးပြု၍ ထူးခြားသည့်အရာများကို ဖန်တီးနိုင်စွမ်းရှိသည့် နတ်ဘုရားနွယ်ဝင်လူသား ပန်းချီဆရာမ ဖြစ်ပုံရပြီး၊ အမျိုးသားမှာမူ...
"ဒီမြို့ဟာ ဘိုးဘေးနဂါး မြို့တော် ဖြစ်ပြီး၊ ကျွန်မကတော့ နန်လင်းရှာပါ၊ ဒီမြို့ကို တာဝန်ယူ အုပ်ချုပ်သူပေါ့" ပျံသန်းနေသော လှေငယ်ပေါ်မှနေ၍ နန်လင်းရှာက ကြေညာလိုက်သည်။
"မင်းတို့က ဂိုဏ်းတစ်ခုလား"
"မဟုတ်ပါဘူး၊ မြို့တော်က မျိုးနွယ်စုတွေပါ" နန်လင်းရှာက ပြန်လည်ဖြေကြားလိုက် သည်။
"ဂိုဏ်းတစ်ခု မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြပေတော့" ခရမ်းရောင် နဂါး စီးနင်းသူက လျှစ်လျူရူသည့် လေသံဖြင့် ပြောလိုက်သည်။
နန်လင်းရှာမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
သူတို့က ဂိုဏ်းဂဏတွေကို ဖျက်ဆီးဖို့ လာကြတာလား…..။
ဤလီချွမ်းတိုက်ကြီးတွင် ဗိမာန်ဂိုဏ်းကိုသာ ဂိုဏ်းဟု ခေါ်ဆိုပါက ဂိုဏ်းဟူ၍ ပြောစမှတ် ပြုစရာ သိပ်မရှိချေ။ ထိုနေရာသည် နဂါးထိန်းများနှင့် နတ်ဘုရားနွယ်ဝင် လူသားများ စုဝေးရာဌာန ဖြစ်သင့်ပြီး၊ ထိုမှလွဲလျှင် မြို့တော်နှင့် မြို့ငယ်များသာ အဓိက ရှိသည်။
ခရမ်းရောင်နဂါး စီးနင်းသူတွင် မြို့တော်များကို အုပ်ချုပ်သူများအပေါ် သတ်ဖြတ်လိုသည့် အငြိုးအတေး မရှိသလို၊ မြို့သူမြို့သား သာမန်လူတန်းစားများအပေါ်တွင်လည်း အနည်း ငယ်မျှ စိတ်ဝင်စားမှု မရှိပေ။
သူသည် လူ့လောကထဲသို့ အလည်အပတ် ရောက်လာသည့် အင်မော်တယ်နတ်ဘုရား တစ်ပါးကဲ့သို့သာ ဖြစ်ပြီး မေးခွန်းကို အပေါ်ယံမျှသာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"စည်းကမ်းမဲ့ပြီး သေးနုပ်တဲ့ ဂိုဏ်းငယ်လေးတွေ၊ သယံဇာတ အနည်းငယ်သာရှိတဲ့ မြို့တော်တွေ၊ ဒီနယ်မြေက ဒီလောက်ပါပဲလား။ ငါမျှော်လင့်ထားတာထက်တောင် ပိုပြီး စိတ်ဝင်စားစရာ မကောင်းလှဘူး။ အရှင်မ….. ကျွန်တော်တို့ ပြန်ကြရအောင်" ခရမ်းရောင် နဂါး စီးနင်းသူက အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။
"ခဏစောင့်ဦး" ဆံထုံးကို တာအိုဝတ်စုံနှင့် လိုက်ဖက်အောင် ထုံးဖွဲ့ထားသော အမျိုးသမီး က ပြောလိုက်သည်။
"အရှင်မ၊ ဒါက ဒီဒေသမှာ အသာယာဆုံး မြို့တော်ပါပဲ၊ တခြားနေရာတွေကို သွားကြည့်ဖို့ မလိုတော့ပါဘူး..." ခရမ်းရောင်နဂါး စီးနင်းသူက ဆိုသည်။
ဆံထုံးထုံးထားသော ထိုအမျိုးသမီးသည် လေပေါ်တွင် လမ်းလျှောက်လာသည်။ သူမ၏ ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ တည်ငြိမ်လှသည်။ မြို့တော် မျှော်စင်မှာ အလွန်ပင် မြင့်မားလှသော်လည်း၊ သူမသည် လေကို စီးနင်းခြင်း သို့မဟုတ် မည်သည့်အရာကိုမျှ နင်းခြင်းမရှိဘဲ လေထုပေါ်တွင် လမ်းလျှောက်လာနိုင်ခြင်းမှာ အမှန် တကယ်ပင် စိတ်ကူးယဉ်ရုံမျှပင် မယုံနိုင်စရာ ဖြစ်သည်။
ဆံထုံးနှင့် တာအိုဝတ်စုံ ဝတ်ဆင်ထားသော ထိုအမျိုးသမီးသည် နန်လင်းရှာထံသို့ ချဉ်းကပ် လာသည်။
ရိုးရှင်းစွာ ဝတ်ဆင်ထားသော်ငြား သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ နန်လင်းရှာ ကို လွှမ်းမိုးထားနိုင်ပြီး၊ သူမသည် အလွန်အစွမ်းထက်သည့် ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေ ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအမျိုးသမီး၏ ကျင့်စဉ်အဆင့်မှာ...
သူမကိုယ်တိုင်၏ အဆင့်ထက် အနည်းဆုံး တစ်ဆင့်ထက်မက ပိုမြင့်နေလိမ့်မည်ဟု ခန့်မှန်းရသည်။ ဗိမာန်ဂိုဏ်း၏ ဂိုဏ်းသခင် ကိုယ်တိုင်ပင်လျှင် ဤမျှ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး မပိုင်ဆိုင်သည်မှာ အသေအချာပင်။
နန်လင်းရှာသည် ဤအစွမ်းထက်သည့် နတ်ဘုရားနွယ်ဝင် လူသား အမျိုးသမီးမှာ သူမကို အင်အားပြသည့် အနေဖြင့် သတ်ဖြတ်ရန် ရည်ရွယ်နေသည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့ သည်။ သို့သော် မကြာမီပင် ထိုအမျိုးသမီး၏ အကြည့်များမှာ သူမထံတွင် မရှိကြောင်း သတိပြုမိလိုက်သည်။
သူမ၏ မျက်ဝန်းများက နန်လင်းရှာကို ကျော်လွန်သွားကာ သူမ၏ နောက်ကွယ်တွင် ရှိနေသူ တစ်ဦးထံသို့သာ စူးစိုက်ကြည့်နေသည်။
"ကျူးမင်လန်"
ဆံထုံးထုံးထားသော တာအိုဝတ်စုံနှင့် အမျိုးသမီးက ထိုအမည်ကို ခေါ်လိုက်သည်။
နန်လင်းရှာက အံ့အားသင့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်…
ကြယ်တာရာတို့ဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ယံတစ်ဖက်ကမ်း၊ လျှို့ဝှက်ဆန်းကြယ် သော တိုက်ကြီးမှ လာသည့် ထိုအစွမ်းထက်ပုဂ္ဂိုလ်မှာ ကျူးမင်လန်၏ နာမည်ကို မည်သို့ သိရှိနိုင်ပါမည်နည်း….။
"ဒေါ်လေး… ရွှဲ့ဟန်" ကျူးမင်လန်က ခါးသက်သက် ပြုံးလိုက်ရင်း သက်ကြီးရွယ်အို တစ်ဦးအား ပြုလုပ်သင့်သည့် ရိုသေမှုဖြင့် ဦးညွတ်လိုက်သည်။
ခရမ်းရောင်နဂါး စီးနင်းသူမှာလည်း အံ့အားသင့်သွားရတော့သည်။
သူက ကျူးရွှဲ့ဟန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ပန်းချီလှေငယ်ပေါ်တွင် ရပ်နေသည့် ကျူးမင်လန်ထံသို့ အကြည့်ရောက်သွားသည်။ ဤမျှ ဂုဏ်အရှိန်အဝါကြီးမားသူ တစ်ဦးက အသိအမှတ်ပြုထားသည့် သူတစ်ယောက်က ဤနေရာတွင် ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာ လဲ…..။
"မင်း မသေဘူးဆိုရင်လဲ ပြန်ပြီး အကြောင်းကြားပေးလိုက်၊ မင်း ဘေးကင်းကြောင်းကိုပေါ့" ဆံထုံးထုံးထားသော ထိုတာအိုဝတ်စုံနှင့် အမျိုးသမီးသည် အစပိုင်းတွင် စကားအများကြီး ပြောချင်ပုံရသော်လည်း၊ နောက်ဆုံးတွင်မူ ကျူးမင်လန်ကို ထိုသို့သော လျစ်လျူရှုသည့် စကားကိုသာ ပြောလိုက်သည်။
ဘေးကင်းကြောင်း အကြောင်းကြားပေးရန်။
ကျူးမင်လန်သာ အကြောင်းကြားနိုင်ပါက အကြောင်းကြားချင်လှပါပြီ…..။
သူကိုယ်တိုင်ပင် ပြန်လမ်းကို ပျောက်ဆုံးနေခဲ့သည် မဟုတ်ပါလား။
"ဒေါ်လေး ရွှဲ့ဟန်၊ တူလေးကို ငဲ့ညှာတဲ့အနေနဲ့ စစ်ပွဲကို ရပ်တန့်ပေးလို့ မရနိုင်ဘူးလား။ မြို့ခြောက်မြို့ကို သတ်ဖြတ်လိုက်တယ်လို့ ကြားသိထားရပါတယ်။ သူတို့က သာမန် အရပ်သူ အရပ်သားတွေပါ၊ ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ" ကျူးမင်လန်က မေးမြန်းလိုက်သည်။
"စစ်ပွဲက ငါနဲ့ ဘာမှမဆိုင်ဘူး။ မင်းက ဝင်စွက်ဖက်ချင်တယ်ဆိုရင် ဘုရင်နဲ့ မင်းကိုယ်တိုင်ပဲ ပြောကြည့်ပါလား... အော်၊ မင်းရဲ့ နတ်ဘုရားနွယ်ဝင် လူသား စွမ်းအားတွေကို ဆုံးရှုံးသွား ပြီး ဒီဘေးအန္တရာယ်ကို မခံရပ်နိုင်တော့တဲ့အတွက် အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲကို ခုန်ချပြီး အဆုံးစီရင်သွားတယ်လို့ သတင်းတွေ ကြားရတယ်။ အခုကြည့်ရတာ အဲဒီသတင်း တွေက တစ်ဝက်လောက်တော့ အမှန်ဖြစ်နေပုံပဲ" ကျူးရွှဲ့ဟန်က လျစ်လျူရှုသော လေသံ ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အခု နဂါးထိန်း ဖြစ်နေပါပြီ" ကျူးမင်လန်က ဆိုလိုက်သည်။
"နဂါးထိန်း…. ဟုတ်လား" ကျူးရွှဲ့ဟန်က ရုတ်တရက် ရယ်မောလိုက်သည်။ သူမ၏ ရယ်သံထဲတွင် လှောင်ပြောင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူမဘေးမှ ခရမ်းရောင်နဂါး စီးနင်းသူမှာမူ အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်နေတော့သည်။
နဂါးထိန်း ဖြစ်တာ ဘာများ မှားနေလို့လဲ...
ဘာပဲဖြစ်ဖြစ်၊ သူတို့ဂိုဏ်းအတွင်းမှာ နဂါးထိန်းတွေကပဲ အဆင့်အမြင့်ဆုံး နေရာတွေကို ရယူထားကြတာ မဟုတ်ပါလား။
ပြီးတော့ ဒီလူက အတိအကျ ဘယ်သူလဲ….။
ကျူးမင်လန်တဲ့လား….။
ဤနာမည်က သူ့နားထဲမှာ ရင်းနှီးနေသလိုရှိသည်။ အမှန်ပင်၊ လွန်ခဲ့သော နှစ်ပေါင်းများ စွာက ကျူးမျိုးနွယ်စုထဲတွင် အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ဖူးသည်။
"သူမက မင်းခရီးသွားရင်း တွေ့ခဲ့တဲ့ မင်းရဲ့ဇနီးလား၊ မင်းတို့မှာ ကလေးတွေရော ရှိပြီလား" ကျူးရွှဲ့ဟန်က နန်လင်းရှာကို အကဲခတ်ကြည့်လိုက်သည်။ သူမသည် နန်လင်းရှာ၏ နတ်ဘုရားနွယ်ဝင် လူသားစွမ်းအားများကို အလွန်စိတ်ဝင်စားနေပုံရသည်။
"ဘာ…." နန်လင်းရှာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"သူက ကျွန်တော့်နဲ့ စေ့စပ်ထားသူရဲ့ ညီမ…… နန်လင်းရှာပါ" ကျူးမင်လန်က အမှန် အတိုင်း ဖြေလိုက်သည်။
"အိမ်ကိုပြန်ပြီး မင်းဘေးကင်းကြောင်း အကြောင်းကြားလိုက်၊ ဒီမိန်းကလေးနဲ့ ကလေးယူ လိုက်ပါ။ ပြီးရင် စိတ်အေးချမ်းသာနဲ့ ကလေးကို ပြုစုပျိုးထောင်လိုက်။ သူတို့က မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ဆီကနေ နတ်ဘုရားနွယ်ဝင် လူသား စွမ်းအားတွေ ကို ဆက်ခံနိုင်မယ်ဆိုရင်၊ ဒါက ငါတို့မျိုးနွယ်စုဝင်တွေရဲ့ နောင်တတွေကို အများကြီး ပြေပျောက်စေနိုင်လိမ့်မယ်" ကျူးရွှဲ့ဟန်က ဆက်ပြောလိုက်သည်။
“ကျွန်တော်တော့ ဒီအခြေအနေကို ခုထိ ကယ်တင်နိုင်သေးတယ်လို့ ထင်တာပဲ၊ ဟုတ်တယ်မလား…”
“အဒေါ်အနေနဲ့ ကျွန်တော့်အပေါ် ဒီလောက်ထိတောင် စိတ်ပျက်ပြနေဖို့ လိုအပ်လို့လား ဗျာ”
“မှန်ပါတယ်။ ကျွန်တော့်ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့ပြီးနောက်၊ အဆုံးသတ် မှာတော့ ကျွန်တော်ဟာ နတ်ဘုရားနွယ်ဝင် လူသားစွမ်းအား အစအန မကျန်တော့တဲ့အထိ ဆုံးရှုံးသွားခဲ့ရတယ်”
သူမ၏အမြင်တွင် သူသည် လွန်ခဲ့သော အချိန်ကပင် သေဆုံးသွားခဲ့သူ ဖြစ်ပေလိမ့်မည်။ ယခုကဲ့သို့ ဤနယ်မြေပေါ်တွင် ရုတ်တရက် ပေါ်လာခြင်းက သူမ၏ စိတ်နှလုံးထဲတွင် မည်သည့် လှိုင်းထန်မှုမျှ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပေ။
ကျူးရွှဲ့ဟန်သည် အမြဲတမ်း ဤအတိုင်းပင်။ သူမသည် သဘာဝအားဖြင့် အေးစက်တည် ငြိမ်ပြီး၊ မိသားစုဟူသည်ကို စိတ်အနှောင့်အယှက်ပေးသည့် အရာ၊ အလိုရှိသည့် အချိန်၌ အချိန်မရွေး ဖြတ်တောက်နိုင်သည့် အရာမျှသာဟု သဘောထားတတ်သူ ဖြစ်သည်။ သူမ ဂရုစိုက်သည်မှာ အထွတ်အထိပ် စွမ်းအားတစ်ခုတည်းသာ ဖြစ်သည်။
"ဒေါ်လေး ရွှဲ့ဟန်၊ ခုနက ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့၊ တူလေး တောင်းဆိုချင်တာ က အဒေါ် အဲဒီကိစ္စကို ထည့်သွင်းစဉ်းစားပြီး ဖြေရှင်းပေးပါဦး" ကျူးမင်လန်က စိတ်ရင်း အတိုင်း တောင်းဆိုလိုက်သည်။
"ငါ့ဘက်ကတော့ ဘယ်ဂိုဏ်းဂဏမှ အခွင့်ကောင်းယူပြီး တခြားလူတွေကို အနိုင်ကျင့်တာ ဒါမှမဟုတ် အပြစ်မဲ့သူတွေကို မဆင်မခြင် သတ်ဖြတ်တာမျိုး မဖြစ်စေရအောင် စောင့်ကြည့်ပေးသွားမယ်၊ ဒါက ငါ့တာဝန်လည်း ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတွေ၊ မြို့တော် တွေကြားက အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင်တော့ ကံကြမ္မာအတိုင်းပဲ ထားလိုက်ပါ တော့။"
"ဒါဆိုရင်ပဲ လုံလောက်ပါပြီ၊ ကျေးဇူးတင်ပါတယ် အဒေါ်။ မကြာခင်မှာပဲ ကျွန်တော် အိမ်ကိုပြန်ပြီး ကျွန်တော့်ဘေးကင်းကြောင်း သတင်းပို့ပါ့မယ်၊" ကျူးမင်လန်က ကျေးဇူးတင်သည့် အမူအရာဖြင့် နောက်တစ်ကြိမ် ဦးညွတ်လိုက်သည်။
ကျူးရွှဲ့ဟန်သည် နန်လင်းရှာကို အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်ပြီးမှ သူမ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူမ၏ ဘေးတွင်ရှိသော ခရမ်းရောင်နဂါး စီးနင်းသူသည် ရှေ့သို့ တိုးလာကာ ကျူးမင်လန် ကို အလေးအနက် စိုက်ကြည့်လိုက်ပြီးနောက်၊ နန်လင်းရှာထံသို့လည်း အကြည့်တစ်ချက် ရပ်တန့်သွားသည်။
"နဂါးထိန်းလို့ ပြောတာပဲ၊ ကျူးမျိုးနွယ်စုထဲမှာ နဂါးထိန်းဆိုတာ သိပ်မရှိလှဘူး၊ အခွင့် အရေးရရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ မိတ်ဖြစ်ဆွေဖြစ် ယှဉ်ပြိုင်ကြည့်ကြရအောင်၊" ခရမ်းရောင်နဂါးစီးနင်းသူက ကျူးမင်လန်ကို ပြုံးပြရင်း ပြောလိုက်သည်။
ထိုသူသည် ဦးညွတ်ကာ ဖော်ရွေသော အမူအရာကို ပြသလိုက်သည်။
ကျူးမင်လန်လည်း ပြန်လည်၍ ရိုသေမှုပြုလိုက်သည်။
ပူရှီမင်သည် နတ်ဘုရား သူတော်စင်ခြင်္သေ့ ခရမ်းရောင်နဂါးကို စီးနင်းကာ ထွက်ခွာ သွားစဉ်တွင် ကျူးရွှဲ့ဟန်၏ မျက်နှာတဖက်ခြမ်းကို အကဲခတ်ကြည့်ရန်လည်း မမေ့ခဲ့ပေ။
ကျူးရွှဲ့ဟန်နှင့် ထိတွေ့ဆက်ဆံရစဉ် ကာလတစ်လျှောက် ပူရှီမင်သည် သူမ၏ မျက်ဝန်း တွင် မည်သည့်အရာအတွက်မျှ၊ မည်သူ့အတွက်မျှ အရေးတယူရှိသည့် အရိပ်အယောင်မျိုး ကို တစ်ခါမျှ မတွေ့မြင်ခဲ့ရပေ။ ဤလောကရှိ အရာရာတိုင်းမှာ သူမအတွက် အရေးမပါ သော ဖုန်မှုန့်မျှသာ ဖြစ်နေသကဲ့သို့ပင်။
သို့သော် ကျူးမင်လန်ဟု အမည်ရသော ထိုလူကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ မျက်ဝန်း၌ စိတ်ခံစားချက်များ တုန်ခါသွားသည်ကို ထင်ရှားစွာ မြင်လိုက်ရသည်။
ထိုအကြည့်များမှာ စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေသည်ဆိုဦးတော့...
လူတစ်ဦးအပေါ်၌ စိတ်ပျက်မိသည်ဆိုသည်မှာ သူမသည် တစ်ချိန်က ထိုသူ၏အပေါ်၌ ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိခဲ့ဖူးသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
သူသည် တကယ်ပင် အရေးမပါသောသူ ဖြစ်ပါက၊ သူမ အဘယ်ကြောင့် ဤကဲ့သို့ တုံ့ပြန် နေရသနည်း။
ပူရှီမင်သည် ကျူးရွှဲ့ဟန်၏ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုများကို တွေ့မြင်ရခဲသည်။ သို့သော် ထိုအချိန်မှစ၍ ကျူးရွှဲ့ဟန်၏ စိတ်အခြေအနေတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်စုံ တစ်ရာ ရှိနေသည်ကို သူ ခံစားလိုက်ရသည်။
သူမ၏ နေ့စဉ်ဘဝတွင် သူမသည် မည်သည့်အရာကိုမျှ တမင်သက်သက် ဟန်ဆောင်နေ စရာ မလိုဘဲ၊ လောကီအာရုံတို့မှ ကင်းရှင်းကာ စိတ်နှလုံးသန့်စင်ပြီး လောဘတပ်မက်မှု နည်းပါးသူတစ်ဦးအဖြစ် အမြဲတမ်း ပေါ်လွင်နေတတ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ကျူးရွှဲ့ဟန်သည် ထိုအတွေးများကို ဂရုတစိုက်ပင် ရှောင်ဖယ်နေရသည်။ သူမ၏ စိတ်နှလုံးထဲတွင် ရှိနေသော ထိုစိတ်ပျက်မှုတို့သည် ဝမ်းနည်းခြင်းအဖြစ်သို့ ပြောင်းလဲမသွားစေရန်၊ ထို့အတူ သူမ၏ မျက်ဝန်းနှင့် အမူအရာတို့ တွင် ပေါ်လွင်မလာစေရန်အတွက် တင်းကျပ်စွာ ထိန်းချုပ်ဖုံးကွယ်ထားရလေတော့သည်။