အခန်း ၄၈၂
Vol. 25 Ch. 482
အခန်း ၄၈၂ - သားရဲအကဲဖြတ်မျှော်စင်အတွင်းဝယ်
“အကဲဖြတ်မှူးလင်း… ဒီဘက်ကို ကြွပါ”
ဝမ်ရှင်းက ယခင်အတိုင်းပင် တက်ကြွထက်သန်စွာ ဦးဆောင်ခေါ်သွားခဲ့၏။ ထိုမြင်ကွင်းက လီရှင်းချီနှင့် သူမ၏ သူငယ်ချင်းကို အံ့အားသင့်ပြီး ဆွံ့အသွားစေခဲ့ရသည်။
“ရှင်းချီ… အဲဒါ ဘယ်သူလဲ... တို့ကျောင်းတော်က ကထိကလား… ငါ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး”
အရပ်ရှည်ရှည်နှင့် ကျောင်းသူတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“သူ့နာမည်က လင်းကျင်း… တန်လင်းရဲ့ နေရပ်တူ သူငယ်ချင်းလေ… သူက အဆင့် ၄ စစ်ဆေးမှု ခံယူဖို့ ဒီကို လာတာ… နေဦး… နေဦး… မဟုတ်မှလွဲရော သူက…”
ရုတ်တရက် အရာတစ်ခုကို သတိပြုမိသွားပြီးနောက် လီရှင်းချီသည် လင်းကျင်း၏ လက်မောင်းစွပ်ဆီသို့ လှမ်းကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင်ပင်။
သူမ၏ အသက်ရှူသံများက ကယောက်ကယက် ဖြစ်သွားခဲ့ရတော့သည်။
လက်စွပ်လေးကွင်းပါဝင်သော သားရဲပုံစံ။
သူမ၏ မျက်လုံးများက သူမကို လှည့်စားနေခြင်း မဟုတ်ကြောင်း သေချာစေရန် မျက်လုံးကို အသာအယာ ပွတ်သပ်ကြည့်လိုက်၏။ သေချာပေသည်၊ သူ့လက်မောင်းစွပ်ပေါ်တွင် ကွင်းလေးကွင်း ရှိနေခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လီရှင်းချီ ဆွံ့အသွားခဲ့ရပြီး ထိုနေရာ၌တင် ကျောက်ရုပ်ပမာ တောင့်ခဲသွားခဲ့ရတော့၏။
ယခုအကြိမ်တွင်မူ သူမ၏ သူငယ်ချင်းများလည်း ယင်းကို မြင်တွေ့သွားကြပြီ ဖြစ်သည်။
“အဆင့် ၄ သားရဲအကဲဖြတ်မှူးလား… အို ဘုရားသခင်… သူက ငါတို့နဲ့ အသက်အတူတူလောက်ပဲ ရှိဦးမှာ… ငါတို့ကတော့ အဆင့် ၁ ပဲ ရှိသေးတာကို”
“သူက စာသင်ဖို့ ဒီကို လာတာလို့ ပြောတာ… သူ နောက်နေတာ မဟုတ်ဘူး ထင်တယ်… အဆင့် ၄ အကဲဖြတ်မှူးတစ်ယောက်က ကျောင်းတော်မှာ စာသင်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိတာပေါ့… ရှင်းချီ… နင်တော့ တကယ့် ကျောထောက်နောက်ခံအကြီးကြီး ရသွားပြီပဲ… ဒါနဲ့ သူက ကိုယ်ပိုင်ကျောင်းသားတွေ လက်ခံလား… ရှင်းချီ… ငါ့အတွက် မေးပေးပါဦး… ငါ ကျောင်းတော်ကို ရောက်တာ ဒီလောက်ကြာနေပေမဲ့ ကိုယ်ပိုင်ဆရာတစ်ယောက်မှ မရှိသေးဘူး”
“ကထိကဝမ်က ဘာလို့ ဒီလောက်အထိ အလေးအနက်ထားပြီး ပြုမူနေလဲဆိုတာ မဆန်းတော့ဘူး… တောက်.… ဒါက အဲဒီလူက အဆင့် ၄ အကဲဖြတ်မှူး ဖြစ်နေလို့ကိုး… ရှင်းချီ… ဒီအကဲဖြတ်မှူးလင်းက တကယ်ပဲ တန်လင်းရဲ့ နေရပ်တူ သူငယ်ချင်း ဟုတ်လို့လား”
လီရှင်းချီ ၎င်းတို့၏ မေးခွန်းများကို မကြားရတော့ပါချေ။ အမှန်စင်စစ် သူမ တွေးတောငေးမောနေရာကနေ ပြန်လည်သတိဝင်လာရန် အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ရခြင်း ဖြစ်သည်။ အမှန်အတိုင်း ထုတ်ဖော်ပြောရလျှင် ယမန်နေ့က အကဲဖြတ်မှူးလင်း ရောက်ရှိလာခဲ့စဉ်တုန်းက လီရှင်းချီအနေဖြင့် သူ အဆင့် ၄ စစ်ဆေးမှုကို အောင်မြင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးတောခဲ့မိပါချေ။
သူမ ယင်းသို့ ကောက်ချက်ချမိခြင်းမှာ ၎င်းက အဆင့် ၄ အကဲဖြတ်မှူး စစ်ဆေးမှု ဖြစ်ခြင်းကြောင့် ဖြစ်၏။ ထိုစစ်ဆေးမှု၏ စံနှုန်းက အလွန်အမင်း မြင့်မားလှသဖြင့် အကဲဖြတ်မှူးများ စစ်ဆေးမှုအောင်မြင်ခြင်းက တစ်နှစ်လျှင် တစ်ဦးထက် မပိုတတ်ပါချေ။
အဆင့် ၃ သားရဲအကဲဖြတ်မှူး အမြောက်အမြားသည် နှစ်စဉ်နှစ်တိုင်း အဆင့် ၄ စစ်ဆေးမှုကို လာရောက်ဖြေဆိုကြသော်လည်း ၎င်းတို့သည် သားရဲအကဲဖြတ်ခြင်းလုပ်ငန်းတွင် ဝါရင့်သူများ ဖြစ်နေခဲ့လျှင်ပင် အများစုက ကျရှုံးခဲ့ကြရခြင်း ဖြစ်သည်။
လီရှင်းချီကိုယ်တိုင် မြင်တွေ့ခဲ့ဖူး၏။ သူမထံတွင် အသိမိတ်ဆွေ ဝါရင့်သားရဲအကဲဖြတ်မှူးတစ်ဦး ရှိပြီး သူသည် အဆင့် ၄ စစ်ဆေးမှုကို သုံးကြိမ်ဆက်တိုက် ဖြေဆိုခဲ့သော်လည်း အကြိမ်တိုင်းတွင် ကျရှုံးခဲ့ရသည်။
ထိုအကဲဖြတ်မှူးအိုကြီးသည် ကြီးမားသော ကျွမ်းကျင်မှုနှင့် ကျယ်ပြန့်သော ဗဟုသုတများ ရှိထားသူ ဖြစ်၏။ ယင်းသို့ ဖြစ်သော်လည်း သူသည် အဆင့် ၄ အကဲဖြတ်မှူးတစ်ဦး ဖြစ်မလာခဲ့ပါချေ။ အကဲဖြတ်မှူးလင်းကမူ ပထမဆုံးအကြိမ် ဖြေဆိုရုံမျှဖြင့် အောင်မြင်သွားခဲ့ရခြင်း ဖြစ်ပေသည်။
သူ့ကို ထျန်းရွှမ်အကယ်ဒမီတွင် စာသင်ကြားပြသခွင့်ပင် ပေးအပ်ထားသေး၏။
တကယ်ကို အံ့ဩစရာကောင်းပေသည်။
ထို့နောက်တွင် လီရှင်းချီသည် သူမ၏ သူငယ်ချင်းကောင်းဖြစ်သူ တန်လင်းက အကဲဖြတ်မှူးလင်းအပေါ် မှတ်ချက်ပြုခဲ့ဖူးသည်ကို သတိရသွားခဲ့၏။
‘တန်လင်းက ဒီအကဲဖြတ်မှူးလင်းကို ဒီလောက်အထိ အထင်ကြီး လေးစားနေတာ မဆန်းတော့ပါဘူး… မှန်သားပဲ… အကဲဖြတ်မှူးလင်းက မနက်ဖြန်မှာ အများပြည်သူဆိုင်ရာ ဟောပြောပွဲတစ်ခု ကျင်းပမယ်လို့ ပြောခဲ့တယ်… ငါ သေချာပေါက် တက်ရမယ်’
လီရှင်းချီ စိတ်ထဲကနေ ဆုံးဖြတ်လိုက်သည်။
သူမက တန်လင်းကဲ့သို့ ပါရမီပါသူတစ်ဦး မဟုတ်ပါချေ။ ကျောင်းတော်ရှိ အခြားသော ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် လီရှင်းချီက သာမန်ကျောင်းသူတစ်ဦးသာ ဖြစ်ပေသည်။
သူမကဲ့သို့သော လူတစ်ဦးအနေဖြင့် အဆင့် ၄ အကဲဖြတ်မှူးတစ်ဦးထံတွင် တပည့်အဖြစ် လက်ခံခြင်းခံရရန်မှာ မဖြစ်နိုင်သလောက် နီးပါး ဖြစ်၏။
သို့သော်လည်း ယခုအခါ သူမ မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
‘ငါ မနက်ဖြန်ကျရင် အများပြည်သူဆိုင်ရာ ဟောပြောပွဲကို သေချာပေါက် တက်ရောက်ရမယ်’
သူမက စိတ်ထဲကနေ ထပ်တလဲလဲ ရေရွတ်နေမိ၏။
လင်းကျင်းအနေဖြင့်မူ လီရှင်းချီ၏ ရည်ရွယ်ချက်ကို သေချာပေါက် သိရှိခြင်း မရှိပါချေ။ သူ ယမန်နေ့က သားရဲအကဲဖြတ်စင်မြင့်ကို တွေ့ရှိခဲ့စဉ်က အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသော်လည်း ထိုနေရာသို့ ဝင်ရောက်ခွင့်မရှိသဖြင့် စိတ်ပျက်ခဲ့ရသေးသည်။ ယခုအခါတွင်မူ သူသည် ထိုနေရာသို့ ဝင်ရောက်ပိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်၏။
“အကဲဖြတ်မှူးလင်း… ဒါက သားရဲအကဲဖြတ်စင်မြင့်ပဲ… ဖြစ်နိုင်တာကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ယှဉ်မယ်ဆိုရင်တောင် ဒီလောက် ကြီးမားတဲ့ မျှော်စင်မျိုး ရှိမှာမဟုတ်ဘူး… စင်မြင့်မှာ အထပ်လေးထပ် ရှိပြီး စုစုပေါင်း အခန်း ခုနစ်ဆယ့်နှစ်ခန်း ရှိတယ်… အဲဒီထဲက ဆယ်ခန်းကတော့ ထူးခြားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်"
ဝမ်ရှင်းက ရှင်းပြလိုက်၏။
လင်းကျင်း ထိုရှင်းပြချက်ကို ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်လုံးများကမူ ထိုနေရာတစ်ခုလုံးကို လောဘတကြီး ဝေ့ဝဲကြည့်ရှုနေခဲ့သည်။
သူသည် အမျိုးမျိုးသော သားရဲများ၏ အရှိန်အဝါများကို ခံစားနေရခြင်း ဖြစ်၏။
“သားရဲအကဲဖြတ်စင်မြင့်မှာ သားရဲနမူနာပုံစံပေါင်းသောင်းချီပြီး စုဆောင်းထားရှိတယ်… ကျွန်တော်တို့ဆီမှာ စင်မြင့်သခင်အဆက်ဆက် စုဆောင်းပြုစုထားခဲ့တဲ့ ‘သားရဲအကဲဖြတ်ခြင်းဆိုင်ရာ အစီရင်ခံစာအပြည့်အစုံ’ လည်း ရှိတယ်… ငါးနှစ်တစ်ကြိမ်မှာ အကြောင်းအရာအသစ်တွေကို ထပ်မံဖြည့်စွက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေကို ဖယ်ရှားပစ်တယ်… ဒါက ကျွန်တော်တို့ ထျန်းရွှမ်အကယ်ဒမီ ပိုင်ဆိုင်ထားတဲ့ အရေးအကြီးဆုံး ရတနာပဲ”
ဝမ်ရှင်းသည် သားရဲအကဲဖြတ်စင်မြင့်အကြောင်း ပြောဆိုသည့် အခါတိုင်းတွင် အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေတတ်၏။
သေချာလှပေသည်၊ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ အစီရင်ခံစာအပြည့်အစုံတွင် အနည်းဆုံး စာအုပ် အုပ်ရေ ရာဂဏန်းခန့် ပါဝင်ပေသည်။ ထိုစာအုပ်များထဲတွင် လူတစ်ဦးအနေဖြင့် အမျိုးမျိုးသော နယ်ပယ်အသီးသီးက သားရဲများ၏ အကဲဖြတ်ချက်များနှင့် မိတ်ဆက်မှတ်စုများကို တွေ့ရှိနိုင်ပေလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ၎င်းက စွယ်စုံကျမ်းများထဲက စွယ်စုံကျမ်းတစ်ခု ဖြစ်၏။
လင်းကျင်း ဤအရာကို သိရှိထားပေသည်။ အမှန်စင်စစ် သူသည် ထိုသားရဲအကဲဖြတ်ခြင်းဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကို သားရဲပြတိုက်ကဲ့သို့သော အရာမျိုးဟု ထင်မြင်မိခြင်း ဖြစ်၏။
သို့သော်လည်း ပြတိုက်က များစွာ ပိုမိုလျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားထည်ဝါကာ စုံလင်ပေသည်။
အနည်းဆုံးတော့ ပြတိုက်က သတ္တဝါများ မည်မျှအထိ ရှားပါး သို့မဟုတ် ပုံမှန်မဟုတ်နေပါစေ သူ့ကို အကဲဖြတ်ခွင့် ပေးအပ်ထားခြင်း ဖြစ်၏။ ၎င်းက သူ့အတွက် လိုအပ်သော အသေးစိတ် အချက်အလက်များအားလုံးကို ရှင်းလင်းပြတ်သားစွာ ဖြေကြားပေးနိုင်သည်။
အခြားမည်သည့်အရာကမှ ဤအရာကို မယှဉ်နိုင်ပါချေ။
“ယေဘုယျအားဖြင့်တော့ ဆရာကြီးကျန့်က သားရဲအကဲဖြတ်ခြင်းဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကို ဖြည့်စွက်ဖို့အတွက် သားရဲအကဲဖြတ်စင်မြင့်မှာ ရှိနေတတ်တယ်… တခြားသော အကဲဖြတ်မှူးတွေလည်း တစ်ခါတရံ လာတတ်ကြပါတယ်”
ဝမ်ရှင်းက ဒုတိယထပ်ကို လက်ညှိုးထိုးပြလိုက်၏။
“ဒါပေမဲ့ ဆရာကြီးကျန့်က အခု ဒီမှာ မရှိဘူး… အချိန်ကို ကြည့်ရသလောက်ဆိုရင်တော့ သူက အခုအချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်တပည့်တွေကို စာသင်ကြားပေးနေလောက်ပြီ”
လင်းကျင်း ခေါင်းညိတ်ပြလိုက်သည်။
သူ စိတ်ထဲကနေ ရေရွတ်လိုက်၏။
‘ဒါက အခွင့်အရေးကောင်းပဲ’
“အကဲဖြတ်မှူးဝမ်… ငါ စင်မြင့်ပတ်ပတ်လည်ကို လိုက်လံကြည့်ရှုချင်လို့… မင်း မင်းအလုပ်ရှိရင် သွားနိုင်ပါတယ်… ငါ့ကို အားနာမနေနဲ့”
လင်းကျင်းက ပြောဆိုလိုက်၏။ ဝမ်ရှင်းလည်း ၎င်းနှင့် ပတ်သက်၍ များစွာ တွေးတောမနေပါချေ။
မည်သို့ပင်ဖြစ်စေ လင်းကျင်းက ဤနေရာသို့ ပထမဆုံး ရောက်ရှိလာခဲ့သော လူ မဟုတ်ပါချေ။ ကထိကအသစ်များ အားလုံးသည် သားရဲအကဲဖြတ်ခြင်း အသိုင်းအဝိုင်းအတွင်း ဤနေရာ၏ ကျော်ကြားလှသော အဆင့်အတန်းကြောင့် လာရောက်ကြည့်ရှုလေ့ ရှိကြပေသည်။
“ဒါဆိုရင်တော့ အကဲဖြတ်မှူးလင်း… ကျုပ် ခင်ဗျားကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး”
ယင်းသို့ ပြောဆိုပြီးနောက် ဝမ်ရှင်းသည် လင်းကျင်းကို ဂါရဝပြုကာ ထွက်ခွာသွားခဲ့တော့သည်။
ကျယ်ဝန်းသော သားရဲအကဲဖြတ်စင်မြင့်အတွင်းဝယ် လင်းကျင်းတစ်ဦးတည်းသာ ကျန်ရှိတော့၏။
သူ တစ်ဦးတည်း ရှိနေသော်လည်း လင်းကျင်းအနေဖြင့် ဤနေရာကို စောင့်ကြပ်နေသော လုံခြုံရေးစနစ်တစ်ခု သေချာပေါက် ရှိနေမည်ကို သိရှိထားပေသည်။
လင်းကျင်း ထူးခြားသော အရှိန်အဝါတစ်ခုကို ဝေဝေဝါးဝါး ခံစားလိုက်ရ၏။ ၎င်းက သတိမမူမိလောက်အောင် သိမ်မွေ့လှသော်လည်း သေချာပေါက် တည်ရှိနေခြင်း ဖြစ်သည်။
ဤအရှိန်အဝါက မိစ္ဆာသတ္တဝါတစ်ကောင်၏ စွမ်းအားနှင့် ဆင်တူလှပေသည်။
သို့သော်လည်း လင်းကျင်းက ပြင်ပလူတစ်ဦး မဟုတ်သဖြင့် ယင်းကို လျစ်လျူရှုထားနိုင်၏။ ယခုအခါ သူက ထျန်းရွှမ်အကယ်ဒမီ၏ တရားဝင် ကထိကတစ်ဦး ဖြစ်နေပြီဖြစ်သဖြင့် သားရဲအကဲဖြတ်စင်မြင့်တွင် သူ ရှိနေခြင်းက သဘာဝကျပေသည်။
မိမိကိုယ်ကို ထပ်မံမထိန်းချုပ်နိုင်တော့ဘဲ လင်းကျင်း ပထမထပ်ကနေ စတင်ကာ နမူနာပုံစံများကို စတင်စုဆောင်းလိုက်တော့၏။
ပထမထပ်တွင် အခန်းဆယ့်ငါးခန်း ရှိပြီး ၎င်းတို့သည် သိပ်သည်းစွာ စီရီထားသော ဗီဒိုများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းတို့က ဆေးခန်းများတွင် မြင်တွေ့ရတတ်သော အကန့်လေးများပါသည့် အံဆွဲငယ်လေးများနှင့် ဆင်တူသော်လည်း ဆေးဖက်ဝင်အပင်များအစား အံဆွဲများထဲတွင် သားရဲနမူနာပုံစံများ ထည့်သွင်းထားခြင်း ဖြစ်၏။
ဗီဒိုများ၏ အပြင်ဘက်တွင်မူ အံဆွဲများအတွင်း၌ ဘာရှိနေကြောင်း မှတ်တမ်းတင်ထားသော စာအုပ်များ ရှိနေသည်။ သေချာသည်မှာ ၎င်းက အသေးစိတ် အချက်အလက်များစွာ မပါဝင်သော အကြမ်းဖျင်း မှတ်တမ်းတစ်ခုသာ ဖြစ်ပေသည်။
လင်းကျင်း ယင်းတို့ကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ လက်ဖြင့် ထိတွေ့လိုက်၏။
အချို့က အမွှေးအမျှင်များ ဖြစ်ပြီး အချို့ကမူ သွားများ သို့မဟုတ် လက်သည်းများ ဖြစ်ကြကာ အမြီးများနှင့် အကြေးခွံအစအနများပင် ရှိနေခဲ့သည်။ လင်းကျင်း ဤနမူနာပုံစံများ၏ ဘေးတွင် ထားရှိထားသော မှတ်စုများကို လုံးဝ လျစ်လျူရှုထားခဲ့၏။ လက်ဖြင့် ထိတွေ့ပြီးနောက် လင်းကျင်း ယင်းတို့ကို အံဆွဲများအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ရုံသာ ပြုလုပ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ယင်းတို့သည် လင်းကျင်းနှင့် ထိတွေ့မိသည်နှင့် သားရဲပြတိုက်အတွင်းသို့ မှတ်တမ်းတင်ပြီးသား ဖြစ်သွားကြမည် ဖြစ်ခြင်းကြောင့်ပင်။
“စွယ်စွယ်ပါးစပ်ဝက်… အဆင့် ၃…”
“လက်လေးဖက်ပါ မျောက်လွှဲကျော်ကြီး… အဆင့် ၄…”
“မြေကမ္ဘာနွားသိုး… အဆင့် ၂…”
“…”
လင်းကျင်း ယင်းတို့ကို တစ်ခုပြီးတစ်ခု မှတ်တမ်းတင်လိုက်သည်။ ၎င်းက အချိန်ကုန်လူပင်ပန်းလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း ပြတိုက်အတွင်း မှတ်တမ်းတင်ထားသော သားရဲအရေအတွက်ကို တိုးတက်စေမည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။ မကြာမီအချိန်အတွင်းမှာပင် လင်းကျင်း ပြတိုက်အတွင်းသို့ အချက်အလက်အသစ် ပေါင်းတစ်ရာကျော်ကို ထည့်သွင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းက ပြင်ပတွင် လိုက်လံစုဆောင်းရသည်ထက် များစွာ ပိုမိုမြန်ဆန်လှပြီး ထိုအထဲတွင် ရှားပါးသားရဲ အမြောက်အမြားလည်း ပါဝင်နေခဲ့၏။
“တကယ်ကို အံ့ဩစရာကောင်းတဲ့ နေရာပဲ”
လင်းကျင်း ဝမ်းသာအားရဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်မိသည်။
ပြင်ပလူများအတွက်မူ လင်းကျင်းက ပစ္စည်းများကို ဟိုမွှေသည်မွှေ ပြုလုပ်ရင်း လျှောက်ဆော့နေသည်ဟု ထင်မြင်ကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူက အံဆွဲများကို ဖွင့်လှစ်ကာ အတွင်းသို့ ကြည့်ရှုပြီး နမူနာပုံစံကို လက်ဖြင့် ထိတွေ့ကာ ပြန်လည်ထည့်သွင်းခြင်းကိုသာ အခြားပစ္စည်းများအတွက်ပါ ထပ်ခါတလဲလဲ ပြုလုပ်နေခြင်းကြောင့် ဖြစ်၏။ သာမန် သားရဲအကဲဖြတ်မှူးများသည် ၎င်းတို့ နမူနာပုံစံများကို တကယ်လေ့လာစူးစမ်းနေချိန်တွင် ယခုကဲ့သို့ အလောတကြီး ပြုမူကြလိမ့်မည် မဟုတ်ပါချေ။
အကြမ်းဖျင်းအားဖြင့် တစ်နာရီခန့် ကုန်လွန်သွားပြီးနောက် လင်းကျင်း ပထမဆုံး အခန်းရှိ နမူနာပုံစံအားလုံးကို မှတ်တမ်းတင်ခြင်း ပြီးဆုံးသွားခဲ့ရသည်။ အချိန်ဖြုန်းမနေဘဲ လင်းကျင်း ဒုတိယမြောက် အခန်းအတွင်းသို့ အလျင်အမြန် တိုးဝင်သွားခဲ့၏။
လင်းကျင်း စိတ်ကျေနပ်အားရစွာဖြင့် သားရဲနမူနာပုံစံများကို မှတ်တမ်းတင်နေစဉ်အတွင်း စတုတ္ထထပ်ရှိ အခန်းတစ်ခန်းအတွင်း၌ ရှိနေသော တစ်စုံတစ်ဦးသည် အောက်ထပ်က ဆူညံသံများကြောင့် မိမိဖတ်ရှုနေသော စာအုပ်အပေါ် အာရုံစူးစိုက်မှု ပျောက်ဆုံးသွားခဲ့ရတော့သည်။
၎င်း၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ ထိုသူသည် တံခါးအပြင်ဘက်တွင် ချက်ချင်း ပေါ်လာခဲ့တော့၏။