← Chapters

အခန်း ၄၈၄

Vol. 25 Ch. 484

အခန်း ၄၈၄

Vol. 25 Ch. 484

အခန်း ၄၈၄ - နောက်ထပ် နှောင့်ယှက်မှုတစ်ခု

​လင်းကျင်း တစ်ယောက် ဒီည ဧည့်ခန်းမကို သွားရမည်ဟူသော အချက်ကို မေ့လုနီးပါး ဖြစ်နေခဲ့၏။

​ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အတော်လေး အလုပ်ရှုပ်နေခဲ့သည် မဟုတ်ပါလား။ ဖြစ်ပျက်ခဲ့သည့် အရာများက များပြားလှသော်လည်း ကံကောင်းထောက်မစွာပင် ထိုအရာများက ကောင်းမွန်သော တိုးတက်မှုများ ဖြစ်ခဲ့ကြသည်။

​ဥပမာအားဖြင့် ချောင်မိသားစုထံမှ သစ်သားတံဆိပ်ပြားကို လုယူပြီး မျောက်ဖြူနှင့် ရှန်းအာကို သတ်ရန် ကြံစည်ခဲ့သည့် ချူကောကို သူ သုတ်သင်နိုင်ခဲ့၏။ ထို့ပြင် မိစ္ဆာအကဲဖြတ်မှူးအသင်းနှင့် ပတ်သက်သည့် အဖိုးတန် အချက်အလက်များကိုလည်း ရရှိခဲ့သည်။ ထို့နောက်တွင်တော့ အဆင့် ၄ စစ်ဆေးမှုကို အောင်မြင်ပြီး တရားဝင် အဆင့် ၄ သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်လာခဲ့သည်။

​ဒီည ဧည့်ခန်းမ ပြန်လည်ဖွင့်လှစ်ချိန်တွင်တော့ လင်းကျင်း လုပ်ဆောင်စရာ အချို့ ရှိနေခဲ့၏။

​ပုံမှန်အတိုင်းပင် လင်းကျင်း ခန်းမထဲသို့ ဝင်ရောက်သွားချိန်တွင် ဧည့်သည်များက ကြိုတင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း ဧည့်သည်အသစ် မပါဝင်သေးပေ။

​လင်းကျင်း၏ ပင်ကိုယ်သိစိတ်အရ ဧည့်သည်အသစ်များ ရောက်လာရန် အချိန်မတန်သေးကြောင်း သိနေ၏။ ဝိညာဉ်ခန်းမ၏ ပုံစံအရ ဧည့်သည်အသစ်များ ရောက်လာရန် အနည်းဆုံး နှစ်လ သို့မဟုတ် သုံးလခန့် ကြာမြင့်တတ်သည်။

​သို့မဟုတ်ရင်လည်း အခြားအကြောင်းရင်း ရှိနိုင်ပေသည်။

​လင်းကျင်းက သူ၏ လက်ရှိအခြေအနေကို ဖုန်းဇီချန်းအား ပြောပြလိုက်၏။

​ဖုန်းဇီချန်းက ထိုသတင်းကို ကြားလျှင် ကြားချင်း အလွန် ဝမ်းသာသွားသည်။

​“ပြတိုက်မှူး ပြောချင်တာက အကဲဖြတ်မှူးလင်းက ထျန်းရွှမ်ရဲ့ တော်ဝင်မြို့တော်ကို ရောက်နေပြီပေါ့... ပြီးတော့ အဆင့် ၄ စစ်ဆေးမှုကိုတောင် အောင်မြင်သွားပြီလား”

​ပြတိုက်မှူးမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် လင်းကျင်းက ခေါင်းငြိမ့်ပြလိုက်ရင်း ပြောလိုက်၏။

​“မှန်တယ်”

​ဖုန်းဇီချန်းက ဆက်၍ မေးမြန်းလိုက်သည်။

​“ဒါဆိုရင် ပြတိုက်မှူးရော အဲဒီကို ရောက်နေပြီလား”

​“ငါလား”

​လင်းကျင်းက ခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီးမှ ပြောလိုက်၏။

​“ငါ သွားချင်တဲ့အချိန်ဆို သွားလို့ရပါတယ်”

​ဝိညာဉ်ခန်းမထဲတွင် ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် စကားကို အနည်းငယ် ပို၍ ပြောနိုင်ခွင့် ရှိပေသည်။

​ထိုအခါ ဖုန်းဇီချန်းက သူ ရင်ဆိုင်နေရသည့် သနားစရာ အခြေအနေများကို စတင် ရင်ဖွင့်လေတော့သည်။

​“ပြတိုက်မှူး... ကျွန်တော် အခုတလော တော်တော်လေး စိတ်ဆင်းရဲနေရပါတယ်... ပြင်ပလူတွေ မသိကြပေမဲ့ အခုက အိမ်ရှေ့မင်းသားကို ရွေးချယ်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတာပါ... ကျွန်တော့်ရဲ့ အစ်ကိုတွေက ရာဇပလ္လင်ကို ရဖို့အတွက် နည်းလမ်းမျိုးစုံ သုံးပြီး ရူးသွပ်နေကြပြီ... လွန်ခဲ့တဲ့ နှစ်ရက်တင်ကပဲ သူတို့က ကျွန်တော့်ရဲ့ အမှားသေးသေးလေးတစ်ခုကို ရှာပြီး ပြည်နှင်ဒဏ်ပေးဖို့အထိ ကြံစည်ခဲ့ကြသေးတယ်”

​ပြင်ပလောကတွင် ဖုန်းဇီချန်းက ထျန်းရွှမ်နိုင်ငံ၏ ယဉ်ကျေးသိမ်မွေ့ပြီး ဂုဏ်သရေရှိသော တတိယမင်းသား ဖြစ်သော်လည်း ဤဧည့်ခန်းမထဲတွင်မူ သူ၏ စိတ်ထဲရှိသမျှကို လွတ်လပ်စွာ ပြောဆိုလေ့ ရှိသည်။ သူ၏ အမြင်တွင်တော့ ဤဧည့်ခန်းမထဲ၌သာ သူ အစစ်အမှန် ဘေးကင်းသည်ဟု ခံစားရခြင်း ဖြစ်၏။ ဤနေရာတွင် သူ့ကို မည်သူမှ မခြိမ်းခြောက်နိုင်သလို တန်ခိုးကြီးလှသော ပြတိုက်မှူးကလည်း ခက်ခဲချိန်များတွင် သူတို့ကို ကာကွယ်ပေးနိုင်ပေသည်။

​“ကျွန်တော့်ရဲ့ အစ်ကိုကြီးက ရိုးသားပုံပေါ်ပေမဲ့ တကယ်တော့ ရက်စက်တဲ့သူဗျ... ဒုတိယအစ်ကိုကတော့ ပိုဆိုးတာပေါ့... သူက ကောက်ကျစ်ပြီး ပရိယာယ်များတယ်... ပြီးတော့ ဘယ်တော့မှလည်း သတိမလွတ်ဘူး... သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ... တကယ်လို့ ခမည်းတော်က ကျွန်တော့်အပေါ် မျက်နှာသာမပေးခဲ့ရင် ဒီပြိုင်ပွဲကနေ ကျွန်တော် အထုတ်ခံရလောက်ပြီ... အခုထိလည်း ကျွန်တော့်အခြေအနေက အန္တရာယ်များနေတုန်းပဲ... ကျွန်တော် ရှေ့ဆက်နိုင်မယ့် နည်းလမ်း နှစ်ခုပဲ ရှိတော့တယ်... တစ်ခုက တိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခု လုပ်ပြနိုင်ဖို့... ဒါမှမဟုတ်ရင်လည်း ကျွန်တော့်အစ်ကိုနှစ်ယောက်လုံး ကြီးမားတဲ့ အမှားတစ်ခုခု ကျူးလွန်မိဖို့ပဲ... အဲဒီလိုမှ မဟုတ်ရင်တော့ သူတို့ကို ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး”

​ဖုန်းဇီချန်းက သက်ပြင်းချရင်း ခေါင်းခါလိုက်၏။

​“အမှန်အတိုင်း ပြောရရင် ကျွန်တော် ရာဇပလ္လင်ကို သိပ်မမက်မောပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး... လူအများကြီးက သူတို့ရဲ့ ဘဝတွေ... အသက်တွေကို ကျွန်တော့်အပေါ်မှာ ပုံအောထားကြတာ... ပြီးတော့ ကျွန်တော့်အသက်အတွက်လည်း စိုးရိမ်ရတယ်... တကယ်လို့ အစ်ကိုနှစ်ယောက်ထဲက တစ်ယောက်ယောက် နန်းတက်သွားရင် ခမည်းတော် နတ်ရွာစံတာနဲ့ ကျွန်တော် ချက်ချင်း အသတ်ခံရမှာပဲ”

​သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာသည့်အလား ဖုန်းဇီချန်းက ကြောက်ရွံ့စွာ တုန်ရင်သွား၏။

​ကျန်ရှိနေသည့် လူများကလည်း သူ၏ စကားကို နားထောင်ရင်း စာနာစိတ်များ ဖြစ်ပေါ်လာကြသည်။

​ဟယ်ချန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

​“ရှင်က မိန်းကလေးတစ်ယောက်အဖြစ် လူဖြစ်လာရင် ပိုကောင်းမှာပဲ... ဒါဆိုရင် ရာဇပလ္လင်ကို လုစရာလည်း မလိုတော့သလို ဘယ်သူမှလည်း ရှင့်ကို အာရုံစိုက်မှာ မဟုတ်ဘူး”

​ထိုစကားကို ကြားသောအခါ အမြဲတမ်း အေးတိအေးစက် နေတတ်သည့် ဝိညာဉ်ကလေးငယ်မိခင်ပင်လျှင် တဟားဟား ရယ်မောလိုက်မိတော့သည်။

​ဖုန်းဇီချန်းက ထျန်းရွှမ်နိုင်ငံ၏ တတိယမင်းသား ဖြစ်သော်လည်း နေ့စဉ်ဘဝကို ကြောက်ရွံ့တုန်လှုပ်စွာ ဖြတ်သန်းနေရရှာသည်။ သူ၏ အခြေအနေက အကျဉ်းထောင်ထဲမှ လူများ သို့မဟုတ် ကျီးကန်းနက်၊ ဝိညာဉ်ကလေးငယ် သို့မဟုတ် ထျန်းအိုကြီးတို့ထက်ပင် ပို၍ ဆိုးရွားနေသေး၏။

​အခြားသူများကမူ အစွမ်းထက်သည့် လူဆိုးကြီးများ ဖြစ်ကြသဖြင့် သူတို့ သွားချင်သည့်နေရာသို့ လွတ်လပ်စွာ သွားလာနိုင်ကြသည်။ အချို့ဆိုလျှင် ကိုယ်ပိုင်တောင်ကုန်းများတွင် စိတ်တိုင်းကျ နေထိုင်နေကြသူများ ဖြစ်၏။ သူတို့၏ အဆင့်အတန်းက ဖုန်းဇီချန်းထက် များစွာ နိမ့်ကျသော်လည်း အနည်းဆုံးတော့ မိသားစုဝင်အချင်းချင်း လုပ်ကြံမည့် အန္တရာယ်ကို စိုးရိမ်စရာ မလိုပေ။

​လင်းကျင်းက ဖုန်းဇီချန်း၏ အခက်အခဲကို ကြားသော်လည်း အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း ကူညီနိုင်စွမ်း သိပ်မရှိသေးပေ။

​လင်းကျင်းအနေဖြင့် ရာဇပလ္လင်လုပွဲတွင် ဝင်ရောက်ကူညီရန် စိတ်မပါသော်လည်း ကန့်သတ်ချက်တော့ ရှိပေသည်။ ဖုန်းဇီချန်းကို သူ့အစ်ကိုများက လုပ်ကြံသတ်ဖြတ်သွားသည်အထိတော့ သူ ကြည့်နေမည်မဟုတ်ပေ။

​တကယ်လို့သာ ထိုသို့ ဖြစ်သွားခဲ့လျှင် တော်ဝင်ဘဏ္ဍာတိုက်ထဲရှိ တာအိုအရှင်၏ လျှို့ဝှက်စာအုပ်ကို ငှားရမ်းရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

​လင်းကျင်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

​“အခွင့်အရေးရရင် လင်းကျင်းနဲ့ ဆက်သွယ်လိုက်ပါ... ပြီးတော့ မင်း ဘာအကူအညီလိုလဲဆိုတာကို ငါ့ကို ပြောပြနိုင်တယ်... ဖြစ်နိုင်မယ်ဆိုရင် ငါ့ရဲ့ တပည့်ရော... ငါပါ မင်းကို တတ်နိုင်သလောက် ကူညီပေးမယ်”

​ထိုစကားက ဖုန်းဇီချန်း မျှော်လင့်နေသည့် စကားပင် ဖြစ်သည်။

​“ပြတိုက်မှူး... မကြာခင်မှာ ကျွန်တော့်ခမည်းတော်ရဲ့ မွေးနေ့ပွဲ ရောက်တော့မှာပါ... ကျွန်တော့်ရဲ့ အစ်ကိုနှစ်ယောက်လုံးက လက်ဆောင်တွေ အများကြီး ပြင်ဆင်နေကြသလို အစွမ်းထက်တဲ့ ပညာရှင်တွေကိုလည်း ဖိတ်ကြားထားကြတယ်... ကျွန်တော်ကတော့...”

​ဖုန်းဇီချန်းက စကားကို ဆက်ပြောရန် တုံ့ဆိုင်းနေပုံရ၏။

​လင်းကျင်းက သဘောပေါက်လိုက်သဖြင့် ပြောလိုက်သည်။

​“မင်းက လက်ဆောင်ပစ္စည်းကို မျှော်လင့်နေတာဆိုရင်တော့ ငါ့မှာ မရှိဘူး... ဒါပေမဲ့ ထျန်းရွှမ်မြို့တော်ကို ငါကိုယ်တိုင် လာရောက်ဖို့ မျှော်လင့်တာဆိုရင်တော့ အဲဒါက ဖြစ်နိုင်တယ်”

​ဖုန်းဇီချန်းက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွား၏။

​သူ အလိုချင်ဆုံး အရာကလည်း ထိုအချက်ပင် မဟုတ်ပါလား။

​ရာဇပလ္လင်ကို ရယူရန်အတွက် မင်းသားတစ်ပါးတွင် ကိုယ်ပိုင်အင်အားစုများ ရှိရမည်ဖြစ်ပြီး ထိုအရာက ကမ္ဘာတစ်ဝှမ်းရှိ အစွမ်းထက်သော ပညာရှင်များကို ဆိုလိုခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးက ကျယ်ပြောလှပြီး အစွမ်းထက်သည့် နိုင်ငံကြီးများစွာ ရှိနေ၏။ ထျန်းရွှမ်နိုင်ငံက တစ်ခုတည်းသော ထိပ်တန်းနိုင်ငံ မဟုတ်ပေ။ သူတို့ထက် ပို၍ အစွမ်းထက်သည့် နိုင်ငံကြီးများစွာ ရှိနေသေးသည်။

ဒါလော့ကျောင်းတော်နှင့် ဖီးနစ်နန်းတော်တို့က ဥပမာများ ဖြစ်ကြ၏။

​ရုတ်တရက် ဖုန်းဇီချန်းက ကျောက်ကျင့်ယန်ဘက်သို့ လှည့်၍ မေးလိုက်သည်။

​“စစ်သေနာပတိချုပ် ကျောက်... ဖီးနစ်နန်းတော်ရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ”

​ဖုန်းဇီချန်းက စိတ်အားထက်သန်စွာ မေးမြန်းလိုက်ခြင်း ဖြစ်၏။ တကယ်လို့သာ ကျောက်ကျင့်ယန်က ဖီးနစ်နန်းတော်၏ အရေးကိစ္စများကို ဖြေရှင်းပြီးပါက သူမအနေဖြင့် သူ့ကို လာရောက် ကူညီပေးနိုင်မည် မဟုတ်ပါလား။

​ကျောက်ကျင့်ယန်က တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်၏။

​“အဲဒါက မလွယ်လှဘူး... ပြတိုက်မှူးက ကျွန်မရဲ့ ဖီးနစ်ကို နိဗ္ဗာနလားစေဖို့ ကူညီပေးခဲ့ပေမဲ့ ဖီးနစ်နန်းတော်ကို ပြန်ပြီးသိမ်းပိုက်ဖို့က အချိန်ယူရဦးမယ်”

​ကျောက်ကျင့်ယန်က စကားကို အများကြီး မပြောသော်လည်း ကျန်ရှိသည့် အရာများကို ခန့်မှန်းရလွယ်ကူလှပေသည်။

​ကျောက်ကျင့်ယန်၏ စွမ်းအားက လျှို့ဝှက်ချက် မဟုတ်ပေ။ သူမတွင် ကာကွယ်သူ သားရဲအဖြစ် ဖီးနစ်တစ်ကောင် ရှိခဲ့ပြီး ဖီးနစ်နန်းတော်၏ စစ်သေနာပတိချုပ် ဖြစ်ခဲ့သော်လည်း ဘာတတ်နိုင်ဦးမည်နည်း။ သူမ၏ သားရဲက အသတ်ခံခဲ့ရပြီး သူမကိုယ်တိုင်လည်း အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ရခြင်း ဖြစ်သည်။ သူမ၏ အင်အားစုများကို ပြန်လည်စုစည်းပြီး တိုက်ခိုက်ရန်မှာ အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည့် အရာမဟုတ်ပေ။

​လင်းကျင်းက ကျောက်ကျင့်ယန်ကို ကြည့်ကာ ပြောလိုက်၏။

​“ဒီဧည့်ခန်းမထဲမှာတော့ ငါတို့တွေက အချင်းချင်း ကူညီကြရမှာပဲ... တကယ်လို့ မင်း အကူအညီလိုတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်”

​ကျောက်ကျင့်ယန်က ချက်ချင်းပင် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

​“လောလောဆယ်တော့ ပြတိုက်မှူး ကိုယ်တိုင် ကြွလာဖို့ မလိုသေးပါဘူး... ဒါပေမဲ့ ဝိညာဉ်ကလေးငယ်မိခင်နဲ့ ကျီးကန်းနက်တို့သာ မီးလျှံတောင်ကို တစ်ခေါက်လောက် လိုက်ခဲ့ပေးမယ်ဆိုရင်တော့ ကျွန်မ အလွန် ကျေးဇူးတင်မိမှာပါ”

​ကျောက်ကျင့်ယန်က အကူအညီ လိုအပ်နေသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်လည်း ပြတိုက်မှူးက လက်ရှိတွင် ထျန်းရွှမ်နိုင်ငံ၌ ရှိနေနိုင်ကြောင်း သိသဖြင့် သူမက ကျန်ရှိသည့် ဧည့်သည်များကိုသာ အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။

​ကျီးကန်းနက်က ပြုံးလိုက်ရင်း ပြောလိုက်၏။

​“ကျုပ်လည်း အခုတလော ဘာမှလုပ်စရာမရှိတာနဲ့ တောင်ပိုင်းတိုက်ကို သွားရမှာပေါ့”

​သူက သဘောတူလိုက်ခြင်း ဖြစ်သည်။

​ထို့နောက်တွင်တော့ ဝိညာဉ်ကလေးငယ်မိခင်ကလည်း စကားဆိုလာ၏။

​“ငါက အခုတလော တောင်ပိုင်းတိုက်မှာ ရောက်နေတာဆိုတော့ မီးလျှံတောင်ကို ရောက်ဖို့ အလွန်ဆုံး နှစ်ရက်ပဲ ကြာလိမ့်မယ်”

​ထိုသို့ဖြင့် အစီအစဉ်များက အဆင်ပြေသွားခဲ့၏။

​ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်ကဲ့သို့သော မည်သည့် တရားဝင် တာဝန်မှ မရှိသည့် လူဆိုးကြီးများသာ အလွယ်တကူ ကူညီနိုင်ခြင်း ဖြစ်သည်။

​လင်းကျင်းက ဖုန်းဇီချန်းနှင့်အတူ သူ၏ ခမည်းတော်ဖြစ်သူ ထျန်းရွှမ်နိုင်ငံ ဧကရာဇ်၏ အသက် ၇၀ ပြည့် မွေးနေ့ပွဲအကြောင်းကို ဆက်လက် ဆွေးနွေးလိုက်၏။ ထိုအချိန်ကျမှသာ ဖုန်းဇီချန်းက တာအိုအရှင်၏ လျှို့ဝှက်စာအုပ်ကို ငှားရမ်းနိုင်ရန် စီစဉ်ပေးနိုင်မည် ဖြစ်သည်။

​ဧည့်ခန်းမထဲမှ ထွက်ခွာလာပြီးနောက်တွင်တော့ လင်းကျင်း တစ်ယောက် အိပ်ပျော်သွားခဲ့တော့သည်။ သူ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကောင်းကောင်းမွန်မွန် မအိပ်စက်ရသေးပေ။

​နောက်တစ်နေ့ မနက်တွင်တော့ အပြင်၌ မိုးမလင်းသေးခင်မှာပင် လင်းကျင်းက စီနီယာမော့ကို ခေါ်ဆောင်ကာ ထျန်းရွှမ်အကယ်ဒမီသို့ ထွက်ခွာလာခဲ့၏။ အကြောင်းမှာ ယနေ့က သူ၏ ပထမဆုံး စာသင်ရက် ဖြစ်သောကြောင့်ပင်။ ဝမ်ရှင်းကလည်း စောစောစီးစီး ရောက်ရှိနေခဲ့သည်။ အကဲဖြတ်မှူးလင်းက အသစ်ဖြစ်သဖြင့် အဆင်ပြေစေရန်အတွက် ကျန့်စီဖုန်းက ဝမ်ရှင်းကို လင်းကျင်းနှင့်အတူ အတူလိုက်ပါရန် စီစဉ်ပေးထားခြင်း ဖြစ်၏။

​“အကဲဖြတ်မှူးလင်း”

​ဝမ်ရှင်းက တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သဖြင့် လင်းကျင်းကို မြင်လျှင် မြင်ချင်း ချက်ချင်းပင် လျှောက်လာခဲ့သည်။

​ယနေ့က ပထမဆုံး စာသင်ရက် ဖြစ်သဖြင့် လင်းကျင်းက အတော်လေး အလေးအနက်ထား၏။ ထို့ကြောင့် သူက ပထမစာသင်ခန်းမသို့ စာသင်ချိန်ထက် ပို၍ စောစီးစွာ ရောက်ရှိရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

​“အကဲဖြတ်မှူးလင်း သိပ်ပြီး စိုးရိမ်မနေပါနဲ့... ခင်ဗျားက အဆင့် ၄ အကဲဖြတ်မှူးတစ်ယောက်ဆိုတော့ စာသင်ခန်းထဲမှာ လူတွေ ပြည့်နှက်နေမှာ သေချာပါတယ်”

​ဝမ်ရှင်းက လင်းကျင်း တစ်ယောက် ကျောင်းသား မရှိမည်ကို စိုးရိမ်နေသည်ဟု ထင်မှတ်ကာ နှစ်သိမ့် စကားဆိုလိုက်ခြင်း ဖြစ်၏။

​လင်းကျင်းက ပြုံးလိုက်ရင်း ပြောလိုက်သည်။

​“ရပါတယ်... ကျောင်းသား တစ်ယောက်ပဲ လာရင်တောင် ငါကတော့ ဆက်ပြီး သင်သွားမှာပါ”

​ထိုသို့ ပြောလိုက်သော်လည်း လင်းကျင်းကိုယ်တိုင်လည်း သူ၏ ပထမဆုံး အတန်းသို့ ကျောင်းသား မည်မျှ လာရောက်မည်ကို သိချင်နေမိသည်မှာ အမှန်ပင် ဖြစ်သည်။

​သို့သော်လည်း လင်းကျင်းနှင့် ဝမ်ရှင်းတို့ ပထမစာသင်ခန်းမသို့ ရောက်ရှိသွားချိန်တွင်တော့ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြရ၏။

​စာသင်ခန်းမထဲတွင် ကျောင်းသားများဖြင့် ပြည့်နှက်နေသော်လည်း တစ်ဖက်တွင်မူ ရန်ပွဲတစ်ခု ဖြစ်ပွားနေပုံရသည်။

​လင်းကျင်းက သူ၏ ကောင်းမွန်သော မျက်စိဖြင့် ရန်ဖြစ်နေသည့် ကျောင်းသားနှစ်ဦးကို ချက်ချင်းပင် မှတ်မိလိုက်၏။ ထိုသူများက လီရှင်းချီနှင့် တန်လင်းတို့ မဟုတ်ပါလား။

​လီရှင်းချီက လင်းကျင်း စာသင်ကြားသည့် ဆရာ ဖြစ်လာသည့်အကြောင်းနှင့် ယနေ့ အတန်းရှိသည့်အကြောင်းကို တန်လင်းအား ပြောပြထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တန်လင်း၏ အကျင့်အတိုင်းဆိုလျှင် သူမက ဤအတန်းကို သေချာပေါက် လာတက်မည် ဖြစ်သည်။

​သို့သော်လည်း သူတို့နှစ်ဦးက ပုံမှန်အားဖြင့် တည်ငြိမ်သူများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ ရန်ဖြစ်နေကြသည်မှာ အံ့ဩစရာပင်။

​သူတို့ အနီးသို့ ရောက်ရှိသွားချိန်တွင်တော့ လင်းကျင်း၏ မျက်မှောင်များ ကြုတ်သွားခဲ့ရ၏။

​ဝမ်ရှင်း၏ မျက်နှာကလည်း ချက်ချင်းပင် ဖြူလျော်သွားခဲ့သည်။

​“ဒီက ဆရာလင်းက အရင်ဆုံး လာပြီး စာရင်းပေးထားတယ်ဆိုပေမဲ့ ဆရာရန်မင်မှာလည်း သင်ရမယ့် အရေးကြီးတဲ့ အတန်း ရှိနေတာပဲ... ဆရာလင်းအနေနဲ့ သူ့အတန်းကို တခြားအချိန်ကို ပြောင်းပေးလိုက်ရင် ဘာဖြစ်သွားမှာမလို့လဲ”

​စကားပြောနေသူက ကျန်းဖုန်းဖုန်း ဖြစ်၏။ လင်းကျင်းက လွန်ခဲ့သည့် နှစ်ရက်က တန်လင်းနှင့် သူမတို့၏ ပြိုင်ပွဲကို မြင်တွေ့ခဲ့ရသဖြင့် ထိုမိန်းကလေးနှစ်ဦးက ရန်သူများ ဖြစ်ကြကြောင်း သိနေသည်။ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ယခုကဲ့သို့ မောက်မာစွာ စကားပြောဆိုနေခြင်းက သူမ မည်မျှ ရဲတင်းကြောင်း သက်သေပြနေ၏။

​တန်လင်းကလည်း အလျှော့မပေးဘဲ ပြန်လည် ပြောဆိုလိုက်သည်။

​“အလှည့်ကျစနစ်ဆိုတာကို နင် မသိဘူးလား... ဆရာလင်းကျင်းက ဒီပထမစာသင်ခန်းမကို အရင်ဆုံး ကြိုတင်စာရင်းပေးထားတာ... ဒါကြောင့် နောက်မှလာတဲ့သူက အချိန်ပြောင်းရမှာပဲ... နင့်မှာ ဆရာလင်းကျင်းရဲ့ အတန်းကို ရွှေ့ဆိုင်းဖို့ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး”

​“ဟုတ်တယ်... နင်က ဘာမလို့ လာပြီး အမိန့်ပေးနေတာလဲ”

​လီရှင်းချီကလည်း ဒေါသတကြီးဖြင့် မတရားမှုကို ဝင်ရောက် ပြောဆိုလေတော့သည်။

​သူတို့က ကြော်ငြာသင်ပုန်းဘေးတွင် ရပ်နေကြခြင်း ဖြစ်၏။ ထိုသင်ပုန်းပေါ်တွင်မူ လင်းကျင်း၏ သင်တန်းကြေညာချက်ကို ဆုတ်ဖြဲထားပြီး အသစ်တစ်ခုဖြင့် အစားထိုးထားသည်ကို တွေ့ရသည်။

​ထိုသင်တန်းအသစ်၏ ဆရာကတော့ အခြားသူမဟုတ်ဘဲ အကဲဖြတ်မှူး ရန်မင် ပင် ဖြစ်နေတော့၏။

All Chapters