အခန်း ၄၉၁
Vol. 25 Ch. 491
အခန်း ၄၉၁ - မက်မွန်ပွင့်အိမ်ဂေဟာ
အကယ်ဒမီ၏ စည်းကမ်းချက်များအရ တရားဝင်ဆရာများအတွက် တည်းခိုနေထိုင်ရန် နေရာများကို ကျောင်းဝန်းအတွင်း၌ပင် စီစဉ်ပေးလေ့ ရှိသည်။
ထျန်းရွှမ်အကယ်ဒမီသည် အလွန်အမင်း ကြီးမားလှသဖြင့် ၎င်း၏ နယ်မြေအတွင်း၌ သီးခြား အိမ်ကြီးအိမ်ကောင်း ပေါင်းများစွာ တည်ရှိနေပြီး သီးခြားလွတ်လပ်သော မြို့တစ်မြို့နှင့်ပင် တူလှပေသည်။ လင်းကျင်းကဲ့သို့သော ဆရာများသည် ထိုကဲ့သို့သော အိမ်တစ်လုံးကို ရရှိရန် အရည်အချင်း ပြည့်မီကြသဖြင့် ၎င်းက သူ၏ သီးသန့်တပည့်များကို စာသင်ကြားပေးနိုင်ရုံတင်မကဘဲ ကိုယ်တိုင်လည်း နေထိုင်နိုင်မည် ဖြစ်၏။
ဤအချက်ကြောင့် လင်းကျင်းအနေဖြင့် အကယ်ဒမီပြင်ပတွင် တည်းခိုရန်နေရာ ရှာဖွေပေးရန် အကဲဖြတ်မှူး ကျန်းထျန်းဟယ်ကို ဒုက္ခပေးနေစရာ မလိုတော့ပေ။ လင်းကျင်းအတွက်မူ ကျောင်းဝန်းအတွင်း၌ နေထိုင်ခြင်းက ပိုမို အဆင်ပြေပြီး ဘေးကင်းလုံခြုံပေသည်။
ဝမ်ရှင်းသည် လင်းကျင်း ဤနေရာသို့ မပြောင်းရွှေ့မီ နေရာထိုင်ခင်းများကို စီစဉ်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် အလွန်အမင်း ကူညီပေးခဲ့၏။ လင်းကျင်းက အတော်လေး အားနာမိသဖြင့် အားလပ်ချိန် ရှိသည့်အခါတိုင်း ဝမ်ရှင်းကို လမ်းညွှန်ချက်အချို့ ပေးကာ သူ၏ ကြိုးစားအားထုတ်မှုကို ပြန်လည် ပေးဆပ်ရန် စီစဉ်ထားလိုက်သည်။
အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦးအနေဖြင့် လင်းကျင်းသည် အဆင့် ၃ လက်ထောက်ဆရာတစ်ဦးကို သင်ကြားပြသပေးရန် သေချာပေါက် အရည်အချင်း ပြည့်မီပေသည်။
မွန်းတည့်ချိန် ရောက်သောအခါ ဝမ်ရှင်းက စီစဉ်စရာ ရှိသည်များကို အားလုံးနီးပါး ဆောင်ရွက်ပြီးစီးသွားခဲ့၏။
သူက လင်းကျင်းအား ကျယ်ဝန်းသော အိမ်ကြီးတစ်လုံးကို ခွဲဝေချထားပေးကြောင်း အသိပေးလာခဲ့သည်။ ထိုအိမ်၏ ဝင်းထဲတွင် ကြီးမားသော ဥယျာဉ်၊ ရေကန်နှင့် တစ်ကြိမ်တည်းတွင် ကျောင်းသား ငါးဆယ်ခန့်ကို ဆံ့နိုင်သည့် ပင်မစာသင်ခန်းမကြီးတစ်ခု ပါဝင်၏။ ထို့အပြင် ပင်မခန်းမကြီး၏ ရှေ့တွင် မက်မွန်ပင် ဆယ်ပင်ခန့်ကို စိုက်ပျိုးထားသဖြင့် ၎င်းတို့ ဖူးပွင့်လာမည့် ရာသီတွင် ဤဝင်းသည် အကယ်ဒမီ၌ အလှပဆုံး ရှုခင်းများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း မက်မွန်ပွင့်များ ပွင့်မည့်ရာသီသို့ မရောက်သေးသဖြင့် တစ်လ သို့မဟုတ် နှစ်လခန့် စောင့်ဆိုင်းရဦးမည် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ လင်းကျင်းက ဤအိမ်ကို အတော်လေး သဘောကျမိသည်။
ဝင်းအတွင်း၌ မက်မွန်ပင်များ စိုက်ပျိုးထားသဖြင့် ဤနေရာကို ‘မက်မွန်ပွင့်အိမ်ဂေဟာ’ ဟု အမည်ပေးထားခြင်း ဖြစ်၏။
လင်းကျင်းသည် ဤနေရာသို့ ရောက်ရှိလာသည့် ပထမဆုံး အခိုက်အတန့်မှာပင် ၎င်းကို ချက်ချင်း သဘောကျသွားခဲ့ရသည်။ ဝမ်ကျီက လူများကို သန့်ရှင်းရေး လုပ်ခိုင်းထားသဖြင့် အခန်းများ သို့မဟုတ် ဥယျာဉ်ဖြစ်စေ အိမ်ကြီးတစ်ခုလုံးက အပြစ်ပြောစရာမရှိအောင် သန့်ရှင်းသပ်ရပ်နေခဲ့၏။ အထူးသဖြင့် ပင်မခန်းမကြီးမှာ ဖုန်တစ်မှုန်မျှပင် မရှိဘဲ စင်ကြယ်နေခဲ့ရသည်။
“ဆရာလင်း... နောက်နှစ်လဆိုရင် ဒီက မက်မွန်ပွင့်တွေ အပြည့်အဝ ပွင့်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ရှုခင်းက တကယ့်ကို နတ်ဘုရားတွေ ဖန်တီးထားသလို လှပနေမှာပါ... အကယ်ဒမီရဲ့ ဘယ်နေရာကနေမဆို မက်မွန်ပွင့်တွေရဲ့ ရနံ့ကို ရရှိနိုင်လိမ့်မယ်”
ဝမ်ရှင်းက ပြုံးလျက် ရှင်းပြလိုက်၏။ သူက လင်းကျင်း၏ စိတ်ကျေနပ်မှု ရရှိစေရန်အတွက် အတော်လေး ကြိုးစားအားထုတ်ထားကြောင်း ထင်ရှားလှပေသည်။
လင်းကျင်းက ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်စကား ပြောကြားလိုက်၏။
“အကဲဖြတ်မှူး ဝမ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်... နောက်နောင် တစ်ခုခု အကူအညီ လိုအပ်တာ ရှိရင်လည်း ကျုပ်ကို အားမနာတမ်း အသိပေးပါ”
၎င်းက ကျေးဇူးကို ကျေးဇူးဖြင့် တုံ့ပြန်ခြင်း ဖြစ်၏။ လင်းကျင်းက ဝမ်ရှင်းကို ကူညီရန် စစ်မှန်သော စိတ်ဆန္ဒ ရှိနေခဲ့သည်။ တကယ်လို့ သူက ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရပါက လင်းကျင်းအနေဖြင့် ကူညီရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
တည်းခိုမည့် နေရာကိစ္စ ပြေလည်သွားသဖြင့် လင်းကျင်းက ပိုမို စိတ်အေးသွားခဲ့ရ၏။ အနည်းဆုံးတော့ နောက်လာမည့် သုံးလအတွင်း သူ နေထိုင်ရန် နေရာတစ်ခု ရှိသွားခဲ့ပြီ မဟုတ်ပါလား။
“ဆရာလင်း... နောက်ပိုင်းကျရင် ဆရာ့ရဲ့ တပည့်တွေကို ဒီနေရာမှာ စုဝေးပြီး စာသင်လို့ ရပါပြီ”
ဝမ်ရှင်းက စကားပြောရုံတင် ရှိသေးသော်လည်း အပြင်ဘက်မှ ပျော်ရွှင်စရာ အသံတစ်ခုက လှမ်းအော်လိုက်၏။
“အကဲဖြတ်မှူး လင်း... အကယ်ဒမီက မင်းကို မက်မွန်ပွင့်အိမ်ဂေဟာကို ခွဲဝေပေးလိုက်တယ်လို့ ငါ အခုတင်ပဲ ကြားတယ်... ဒါက ငါ့ကို တကယ် မနာလို ဖြစ်စေတာပဲ... ငါ အကယ်ဒမီကို ပထမဆုံး ဝင်တုန်းက ဒီလောက် လှပတဲ့ အိမ်မျိုး မရခဲ့ဘူး”
လင်းကျင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့ကို တွေ့လိုက်ရသည်။
သူတို့ ရောက်ရှိလာခြင်းကြောင့် ဝမ်ရှင်းက အံ့ဩသွားခဲ့ရပြီး အမြန်ပင် ဦးညွှတ် နှုတ်ဆက်လိုက်၏။
သူတို့နှစ်ဦးစလုံးက အဆင့် ၄ အရည်အချင်းရှိသော အကယ်ဒမီ၏ တရားဝင်ဆရာများ ဖြစ်ကြသဖြင့် ရာထူးအဆင့်အတန်းအရ ဝမ်ရှင်းထက် များစွာ ပိုမို မြင့်မားကြပေသည်။ လင်းကျင်းက သူတို့ကို သူ၏ အိမ်အသစ်အတွင်းသို့ အမြန် ကြိုဆိုလိုက်တော့၏။
“မင်္ဂလာပါ အကဲဖြတ်မှူးတို့"
လင်းကျင်းက လေးစားစွာ နှုတ်ဆက်လိုက်သည်။
အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့သည် အဆင့် ၄ စစ်ဆေးစဉ်အတွင်းက လင်းကျင်းကို များစွာ ကူညီပေးခဲ့ကြသူများ ဖြစ်သည်။ အမှန်တော့ သူတို့က သူ့ကို အပြည့်အဝ ထောက်ခံမှု ပေးခဲ့ကြသည်ကို လင်းကျင်းက အမှတ်ရနေဆဲ ဖြစ်၏။
“အို... ငါတို့ကြားထဲမှာ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး... ငါတို့က အဆင့်တူ အကဲဖြတ်မှူးတွေ ဖြစ်ပြီး အကယ်ဒမီတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်တွေပဲလေ... ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် တတ်နိုင်သမျှ ကူညီပေးကြရမှာပေါ့”
အကဲဖြတ်မှူး အုန်းယန်က တဟားဟား ရယ်မောလိုက်၏။ သူက အနည်းငယ် ဝဝတုတ်တုတ် ဖြစ်သဖြင့် သူ၏ ရယ်မောသံက ပိုမို နွေးထွေး ဖော်ရွေသော စရိုက်ကို ပေါ်လွင်စေသည်။
ဝမ်ရှင်းက လင်းကျင်းကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ မထွက်ခွာမီ လင်းကျင်းက သတိပေးလိုက်၏။
“အကဲဖြတ်မှူး ဝမ်... အားလပ်ချိန် ရှိရင်လည်း ဒီကို လာခဲ့ပါဦး... ကျုပ်တို့ သားရဲအကဲဖြတ်ခြင်း ပညာရပ်တွေကို အတူတူ ဆွေးနွေးကြတာပေါ့”
သူ၏ စကားလုံးများသည် ဝမ်ရှင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ဝမ်ရှင်းကလည်း ထိုအချက်ကို သတိပြုမိပေသည်။ ထို့အပြင် လင်းကျင်းက အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့၏ ရှေ့တွင် တမင်သက်သက် ပြောဆိုခဲ့ခြင်း ဖြစ်သဖြင့် တစ်နည်းအားဖြင့် သူက ဝမ်ရှင်းအား စီနီယာများအကြားတွင် လူသိရှင်ကြား အသိအမှတ်ပြုမှု ရရှိအောင် ကူညီပေးလိုက်ခြင်း ဖြစ်၏။
ဝမ်ရှင်းက အလွန်အမင်း ဝမ်းသာသွားခဲ့ရသည်။ သူက ယနေ့ သူ၏ ကြိုးစားအားထုတ်မှုများသည် အလဟဿ မဖြစ်ခဲ့ဟု တွေးတောလိုက်မိ၏။
သူက ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားခဲ့သည်။
လင်းကျင်းသည်လည်း ဤနေရာသို့ ခုတင်တင်ပဲ ရောက်ရှိလာခြင်း ဖြစ်သော်လည်း သူက အခြေခံ မန္တန်အချို့ကို အသုံးပြုကာ လက်ဖက်ရည်ကို အဆင်သင့် ပြင်ဆင်နိုင်ခဲ့သဖြင့် ဧည့်သည်များကို ပစ်ပယ်ထားခြင်းမျိုး မရှိခဲ့ပေ။
“အကဲဖြတ်မှူး လင်း... မင်းရဲ့ မန္တန်အသုံးပြုပုံက တကယ့်ကို အံ့ဩစရာပဲ”
ထက်မြက်သော မျက်လုံးများ ရှိသည့် အကဲဖြတ်မှူး ယန်က လင်းကျင်း၏ မန္တန်များသည် သာမန် လှည့်ကွက်များသာ ဖြစ်သော်လည်း အလွန် သိမ်မွေ့လှကြောင်း သတိပြုမိလိုက်၏။ သာမန်လူတစ်ယောက်အနေဖြင့် ၎င်းတို့ကို ဤမျှလောက် လွယ်ကူချောမွေ့စွာ ပြုလုပ်ရန် ခက်ခဲလှပေသည်။
“ဟုတ်တယ်... အထူးသဖြင့် ဒီမီးကူးမန္တန်က တကယ့်ကို အံ့ဩစရာပဲ”
အကဲဖြတ်မှူး အုန်းယန်ကလည်း ချီးမွမ်းလိုက်၏။ လင်းကျင်းက ပြုံးလျက် ပြန်လည် တုံ့ပြန်လိုက်သည်။
“ဒါက သေးငယ်တဲ့ လှည့်ကွက်လေးတွေပါ... ကျွန်တော့်ကို မရယ်ကြပါနဲ့”
လက်ဖက်ရည် အဆင်သင့် ဖြစ်ပြီ ဖြစ်သဖြင့် အကဲဖြတ်မှူး သုံးဦးစလုံးသည် မက်မွန်ပင်များအောက်တွင် ထိုင်ကာ သောက်သုံးရင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုလိုက်ကြတော့၏။
“အကဲဖြတ်မှူး လင်း... အကဲဖြတ်မှူး အုန်းယန်နဲ့ ငါက အခုပဲ အကဲဖြတ်မှူး ရန်မင်ဆီကို သွားခဲ့ကြတာ”
အကဲဖြတ်မှူး ယန်က လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် စကားစတင်လိုက်သည်။
လင်းကျင်းက ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် သူတို့ ဤနေရာသို့ လာရောက်ရသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့သည် တကယ့်ကို စိတ်ကောင်းရှိသော သူများ ဖြစ်ကြသည်။ သူတို့က ယနေ့မနက်က ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို စေ့စပ်ညှိနှိုင်းပေးရန်အတွက် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်ရပေမည်။
စကားမစပ်... လင်းကျင်းက ဤကိစ္စအပေါ် အများကြီး ဂရုမစိုက်ပေ။ သို့သော်လည်း အကဲဖြတ်မှူး ရန်မင်သည် သူတို့ အချင်းချင်း တစ်ကြိမ်မျှပင် မဆုံတွေ့ဖူးသေးဘဲနှင့် သူ့ကို အဘယ်ကြောင့် ဤမျှလောက်အထိ အခက်အခဲဖြစ်အောင် လုပ်နေရသလဲဆိုသည်ကိုတော့ အတော်လေး စူးစမ်းလိုစိတ် ဖြစ်မိ၏။
လင်းကျင်းသည် အကဲဖြတ်မှူး ရန်မင်အား မိစ္ဆာအကဲဖြတ်မှူးအသင်းနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သည်ဟုပင် သံသယဝင်မိသည်။
သေချာပါသည်... ၎င်းက သာမန် ခန့်မှန်းချက်တစ်ခုသာ ဖြစ်၏။ အမှန်တရားက လင်းကျင်း တွေးတောထားသည်နှင့် အလှမ်းဝေးနေနိုင်ပေသည်။
“အကဲဖြတ်မှူး လင်း... မင်းက ဒီကို ရောက်ခါစဆိုတော့ အကဲဖြတ်မှူး ရန်ရဲ့ စရိုက်ကို သိဦးမှာ မဟုတ်ဘူး... အဲဒီလူက ခပ်အေးအေး နေတတ်ပြီး မချဉ်းကပ်ရဲစရာ ပုံစံမျိုး ရှိပေမဲ့ နောက်ပိုင်းကျရင် မင်းလည်း ကျင့်သားရသွားမှာပါ”
အကဲဖြတ်မှူး အုန်းယန်က ရယ်မောရင်း ရှင်းပြလိုက်၏။
သူ၏ လေသံအရ လင်းကျင်းက အကဲဖြတ်မှူး ရန်မင်နှင့် သူတို့၏ စကားပြောဆိုမှုသည် ကျရှုံးမှုဖြင့် ပြီးဆုံးသွားခဲ့ရကြောင်း ခန့်မှန်းမိလိုက်သည်။ အမှန်တော့ ရန်မင်က သူတို့အပေါ် ရုန့်ရင်းဆန်ခတ် တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ထိုအကဲဖြတ်မှူး နှစ်ဦးစလုံးက စေတနာကောင်းဖြင့် ငြိမ်းချမ်းရေးကို လိုလားကြသဖြင့် လင်းကျင်းကလည်း သူတို့ကို အခြေခံ လေးစားမှု ပြသရပေမည်။
လင်းကျင်းက အရိုအသေပေးလိုက်၏။
“လုပ်ဖော်ကိုင်ဖက်တို့... ကျွန်တော်နဲ့ အကဲဖြတ်မှူး ရန်မင်ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... ကျွန်တော်တို့က အရင်က သိကျွမ်းခဲ့ကြတာလည်း မဟုတ်တော့ ဒါက နားလည်မှုလွဲတာတစ်ခုပဲလို့ ထင်ပါတယ်”
“ဟုတ်တာပေါ့... နားလည်မှုလွဲတာပဲ... ငါတို့က အကယ်ဒမီရဲ့ ဆရာတွေ ဖြစ်ကြတာမို့လို့ နေရာတိုင်းမှာ ခဏခဏ ဆုံတွေ့နေကြရမှာဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ဒီလိုမျိုး အနေခက်အောင် လုပ်နေဖို့ မလိုပါဘူး... ငါတို့ ရန်မင်ဆီ သွားတုန်းကလည်း ဒါကို ပြောခဲ့ပြီးသားပါ... သူကလည်း သဘောတူပါတယ်”
အကဲဖြတ်မှူး ယန်က ပြောလိုက်၏။ ထို့နောက် သူက မက်မွန်ပွင့်အိမ်ဂေဟာကို လှည့်ပတ်ကြည့်ရှုရင်း ထပ်ပြောလိုက်သည်။
“အကဲဖြတ်မှူး လင်း... မင်းက နေရာထိုင်ခင်း မရွှေ့ရသေးတဲ့ ပုံပဲ... ငါ့တပည့်တွေကို လွှတ်ပြီး မင်းရဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို ပြင်ဆင်ပေးခိုင်းရမလား... ဒါဆိုရင် မင်းအတွက် အချိန်ကုန် သက်သာတာပေါ့”
လင်းကျင်းအနေဖြင့် အကဲဖြတ်မှူး ယန်ကို ဒုက္ခမပေးလိုသဖြင့် သူကိုယ်တိုင်သာ ဆောင်ရွက်နိုင်ကြောင်း ချက်ချင်း ငြင်းပယ်လိုက်၏။ ထို့အပြင် သူ၏ လက်ရှိ သီးသန့်တပည့်များ ရှိနေပြီ ဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို သူတို့ထံ လွှဲအပ်ထားနိုင်ပေသည်။
ဤအချက်ကို ကြားလိုက်ရသောအခါ အကဲဖြတ်မှူး ယန်က ထပ်မံ အတင်းအကျပ် မတောင်းဆိုတော့ပေ။
သူတို့ သုံးဦးစလုံးသည် ခဏမျှ ထပ်မံ စကားပြောဆိုကြပြီးနောက် အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့က နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
“ဒီနေရာက တကယ် ကောင်းတာပဲ... အကဲဖြတ်မှူး အုန်းယန်နဲ့ ငါက နောက်ပိုင်းကျရင် မင်းကို လာပြီး နှောင့်ယှက်ဦးမှာ... စကားမစပ်... အကဲဖြတ်မှူး လင်းက စတုရန်းနယ်မြေ (စစ်တုရင်) ကစားနည်းကို ကျွမ်းကျင်လား... ငါတို့ အချိန် ရှိရင် ကစားကြတာပေါ့”
“အကဲဖြတ်မှူး ယန်နဲ့ အကဲဖြတ်မှူး အုန်းယန်တို့က ကစားချင်တယ်ဆိုရင်တော့ ကျွန်တော်က အဖော်ပြုပေးဖို့ အဆင်သင့်ပါပဲ"
လင်းကျင်းက ရယ်မောလိုက်၏။ သူတို့ကို လိုက်လံ ပို့ဆောင်ပြီးနောက်မှသာ လင်းကျင်းသည် မက်မွန်ပွင့်အိမ်ဂေဟာကို လှည့်ပတ်ကြည့်ရှုရန် အချိန်ရရှိတော့သည်။
အကဲဖြတ်မှူး ယန်နှင့် အကဲဖြတ်မှူး အုန်းယန်တို့က သူ့ကို ဘာလို့ မနာလို ဖြစ်နေကြသလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။ ဤအိမ်ကြီးသည် တကယ့်ကို ခံ့ညားလှပပြီး လင်းကျင်းက နေရာအနှံ့ လှည့်ပတ်ကြည့်ရှုလေလေ ၎င်းကို ပိုမို သဘောကျလေလေ ဖြစ်လာခဲ့ရ၏။ သူက ဝင်းတံခါးကို ပိတ်လိုက်သောအခါ ဘာဆူညံသံမျှ မရှိဘဲ အေးချမ်းဆိတ်ငြိမ်လှသော သူ၏ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖြစ်သွားခဲ့တော့သည်။