အခန်း ၄၉၄
Vol. 25 Ch. 494
အခန်း ၄၉၄ - ငါ့မျိုးရိုးက ရှု
“ငါ့အထင်သာ မှန်ရင်... အဲဒီသခင်လေးနဲ့ ချူကောကို သတ်သွားတဲ့သူက လင်းကျင်းပဲ ဖြစ်ရမယ်”
အနက်ရောင်တမန်တော်က ပြောလိုက်၏။
ကျိုးဝမ်နှင့် အကြီးအကဲယဲ့တို့နှစ်ဦးစလုံး ထိုစကားကြောင့် ဆွံ့အသွားခဲ့ကြရသည်။
“လင်းကျင်းက ကျောက်စိမ်းနဂါးနိုင်ငံမှာ ရှိနေတာ မဟုတ်ဘူးလား... ခန်းမသခင်ချူက သူ့ကို သတ်ဖို့အတွက်ပဲ ကျွန်တော်တို့ကို စုစည်းခဲ့တာလေ”
ကျိုးဝမ်က ပြန်လည် တုံ့ပြန်လိုက်၏။
“လင်းကျင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဒီထျန်းရွှမ်မြို့တော်ကို ရောက်နေခဲ့တာ... ဒါပေမဲ့ မင်းတို့ကတော့ ဘာမှမသိဘဲ အိပ်ပျော်နေခဲ့ကြတာလေ ... သူ ဘယ်လို သိသွားလဲဆိုတာ ငါသေချာမသိပေမဲ့ ချူကောနဲ့ အဲဒီသခင်လေးကို သူ သတိပြုမိသွားခဲ့တယ်... မင်းတို့တွေ လှုပ်ရှားဖို့ ပြင်နေတုန်းမှာပဲ အဲဒီနှစ်ယောက်က အသက်ပျောက်သွားခဲ့ပြီ”
အနက်ရောင်တမန်တော်၏ လေသံမှာ မကျေမနပ် ဖြစ်နေပုံရသည်။
ကျိုးဝမ်နှင့် အကြီးအကဲယဲ့တို့သည် မိမိတို့၏ သဘောထားကို ထုတ်ဖော်ပြသရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်ကြ၏။
ထို့ကြောင့် သူတို့နှစ်ဦးစလုံး ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
“သခင် အနက်ရောင်တမန်တော်... ခန်းမသခင်ချူအတွက် ကလဲ့စားချေဖို့ ကျွန်တော်တို့ နှစ်ယောက် အခုပဲ ထွက်ခွာပြီး လင်းကျင်းကို သတ်ပစ်ပါ့မယ်”
သို့သော်လည်း အနက်ရောင်တမန်တော်က သူ့လက်ကို ရမ်းကာ ငြင်းပယ်လိုက်၏။
“မင်းတို့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး... အဲဒီလင်းကျင်းက ပျော့ညံ့တဲ့ကောင် မဟုတ်ဘူး... ချူကောကို ထားလိုက်ဦး... အဲဒီသခင်လေးရဲ့ ကိုယ်ခံပညာက အတော်လေး မြင့်မားတယ်... ဒါပေမဲ့ သူ့ရဲ့ဆရာ သီယွမ်တောက်တောင်မှ အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ရတယ်... သီယွမ်တောက်ကို သတ်ဖို့ဆိုတာ ငါ့အတွက်တောင် မလွယ်ကူဘူးဆိုတာ မင်းတို့ သိထားသင့်တယ်... အဲဒီတော့ လင်းကျင်းက သူတို့နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ရှင်းပစ်နိုင်ခဲ့တယ်ဆိုရင် သူ့မှာ ငါတို့မသိတဲ့ လက်နက်တစ်ခုခု ရှိနေရမယ်”
ကျိုးဝမ်နှင့် အကြီးအကဲယဲ့တို့ ထိုစကားကြောင့် အသက်ရှူပင် မှားသွားခဲ့ကြရ၏။
သူတို့သည် သီယွမ်တောက်က မည်သူလဲဆိုသည်ကို ကောင်းစွာ သိကြသည်။
ထိုလူက နာမည်ကျော် လူဆိုးကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး သိုင်းပညာတစ်ခုတည်းဖြင့်တင် သူတို့အသိုင်းအဝိုင်းတွင် ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ဖြစ်၏။ ထိပ်တိုက်တွေ့ဆုံလျှင်ပင် ကျိုးဝမ်နှင့် အကြီးအကဲယံတို့အနေဖြင့် သီယွမ်တောက်ကို အနိုင်ယူနိုင်စွမ်း မရှိကြချေ။
သို့သော်လည်း ထိုကဲ့သို့သော သိုင်းသူတော်စင်တစ်ဦးပင် သေဆုံးသွားခဲ့ပြီလား။
လင်းကျင်းက သူတို့ ထင်ထားသည်ထက် များစွာ ပိုမို အင်အားကြီးမားနေသည်မှာ ထင်ရှားလှပေသည်။ ဤအခြေအနေကြောင့် ကျိုးဝမ်နှင့် အကြီးအကဲယဲ့တို့ နှုတ်ဆိတ်သွားခဲ့ကြရ၏။ ဖြစ်ပျက်သမျှက သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“မင်းတို့နှစ်ယောက် လင်းကျင်းကိစ္စကို စိတ်ပူနေစရာ မလိုတော့ဘူး... သူ့ကို ငါ့လက်ထဲသာ အပ်ထားလိုက်”
အနက်ရောင်တမန်တော်က ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ လူနှစ်ဦးက သူတို့ အကောင်းဆုံး လုပ်ဆောင်နိုင်သည့် ဖားခြင်း အလုပ်ကို စတင်လိုက်ကြတော့သည်။
“သခင် စနက်ရောင်တမန်တော်ကိုယ်တိုင် လှုပ်ရှားမှတော့ လင်းကျင်းက သေချာပေါက် သေရုံပဲ ရှိတော့တာပေါ့... သူ့လိုကောင်က သခင်နဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး”
အနက်ရောင်တမန်တော်က ထိုတုံ့ပြန်မှုအပေါ် နှာခေါင်းရှုံ့လိုက်၏။
“မြှောက်ပင့်နေတာတွေကို ရပ်လိုက်စမ်း... ငါက အသုံးဝင်တဲ့လူကိုပဲ လိုချင်တာ... ဖားတတ်တဲ့လူကို လိုချင်တာ မဟုတ်ဘူး... တကယ်လို့ မင်းတို့ အလုပ်ကို သေသေချာချာ မလုပ်နိုင်ရင် မင်းတို့အသက်ကို ချန်ထားဖို့ အကြောင်းပြချက် မရှိဘူး”
သူတို့နှစ်ဦး၏ မျက်နှာများမှာ စက္ကူဖြူကဲ့သို့ ဖြူလျော်သွားခဲ့ရသည်။
“ငါ့မှာ မင်းတို့နှစ်ယောက် လုပ်ရမယ့် တာဝန်တစ်ခု ရှိတယ်... အဲဒါကလည်း အခုကိစ္စလိုပဲ အရေးကြီးပြီး ဘယ်လို အမှားအယွင်းမျိုးမှ အဖြစ်မခံဘူး”
အနက်ရောင်တမန်တော်က သူတို့အနီးသို့ လျှောက်လှမ်းသွားပြီး သူတို့၏ နားအနီးသို့ ကပ်ကာ တိုးတိုးတိတ်တိတ် အမိန့်ပေးလိုက်၏။
“မင်းတို့နှစ်ယောက် အခုချက်ချင်း မဟာသမင်နိုင်ငံကို သွားရမယ်...”
ကျိုးဝမ်နှင့် အကြီးအကဲယဲ့တို့သည် အနက်ရောင်တမန်တော်၏ ညွှန်ကြားချက်များကို နားထောင်ရင်း မျက်နှာပျက်သွားခဲ့ကြရသော်လည်း ချက်ချင်းပင် ဦးညွှတ်လိုက်ကြ၏။
“စိတ်ချပါ သခင် အနက်ရောင်တမန်တော်... ကျွန်တော်တို့ သေသေချာချာ ဆောင်ရွက်ပါ့မယ်”
“မှတ်ထားပါ... ဘာအမှားမှ အဖြစ်မခံဘူး... တကယ်လို့ အမှားအယွင်း အနည်းငယ်လေး ရှိခဲ့ရင်တောင် မင်းတို့နှစ်ယောက်စလုံး အသက်နဲ့ လျော်ရလိမ့်မယ်”
အနက်ရောင်တမန်တော်၏ စကားလုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရောနှော ပါဝင်နေခဲ့သည်။ ထိုလူနှစ်ဦးသည် သူ၏ သတိပေးချက်ကို ခေါင်းညိတ်လက်ခံလိုက်ပြီးနောက် မဟာသမင်နိုင်ငံဆီသို့ ဦးတည်ကာ ညအမှောင်အတွင်းသို့ အလျင်အမြန် ထွက်ခွာသွားခဲ့ကြတော့၏။
ဤအဆောက်အအုံအတွင်း၌ အနက်ရောင်တမန်တော် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
သူက မိမိကိုယ်ကိုယ် တိတ်တဆိတ် ရေရွတ်လိုက်၏။
“တခြားတစ်ယောက်ရဲ့လက်ကို ငှားပြီး ရှင်းလို့ရနေတဲ့ကိစ္စပဲ... ငါကိုယ်တိုင် လင်းကျင်းကို သတ်နေဖို့ မလိုပါဘူး”
......
မက်မွန်ပွင့်အိမ်ဂေဟာအတွင်း၌မူ စီနီယာမော့သည် သင်ခန်းစာကို နားထောင်ဆဲ ဖြစ်သည်။ ဤမြို့တော်သို့ လာရာလမ်းတွင် သင်ကြားခဲ့ရသည့် သင်ခန်းစာနှင့် မတူဘဲ ဤနေရာက များစွာ ပိုမို အေးချမ်းဆိတ်ငြိမ်လှ၏။ နှောင့်ယှက်မှုများ မရှိသည့်အတွက် သူသည် လင်းကျင်း သင်ကြားပြသပေးသော နက်ရှိုင်းသည့် အသိပညာများကို အပြည့်အဝ အာရုံစိုက်ကာ စုပ်ယူနိုင်ခဲ့သည်။
စီနီယာမော့သည် သူ၏ အတွေးများကို စီစဉ်နေရင်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေခဲ့၏။ ဤသည်ကို မြင်သောအခါ လင်းကျင်းက တိတ်တဆိတ် ထရပ်လိုက်ပြီး တစ်စုံတစ်ခုသော အရပ်မျက်နှာဆီသို့ စိုက်ကြည့်လိုက်တော့သည်။
သူသည် မြွေဖြူနှင့် ငါးသိုင်းကြီးတို့ ရှိနေခြင်းကို သတိပြုမိထားပြီး ဖြစ်၏။
သူတို့အပြင် သူ၏ အိမ်ခေါင်မိုးပေါ်တွင် သိမ်းငှက်တစ်ကောင် ရှိနေသလို ဝင်းထရံပေါ်တွင်လည်း ကြိုးကြာငှက်တစ်ကောင် ဝပ်စင်းနေခဲ့သည်။
သိမ်းငှက်ကတော့ လမ်းကြုံ၍ ရောက်ရှိလာခြင်း ဖြစ်နိုင်သော်လည်း ကြိုးကြာငှက်ကိုမူ လင်းကျင်း အရင်က တွေ့ဖူးခဲ့၏။ ၎င်းက အကယ်ဒမီအတွင်းရှိ အိုင်ကြီးအနီးတွင် ရှင်သန်နေထိုင်ရန် ကျောင်းတော်က ခွင့်ပြုထားသည့် တောရိုင်းငှက်အနည်းငယ်ထဲမှ တစ်ကောင် ဖြစ်သည်။ သူ၏ သင်ကြားပြသမှုက မျှော်လင့်မထားသော ဧည့်သည်လေးဦး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ခြင်းအပေါ် လင်းကျင်းအနေဖြင့် အံ့ဩမိသွားခဲ့ရ၏။
စီနီယာမော့ကဲ့သို့ပင် သူတို့အားလုံးသည် နက်ရှိုင်းသော တွေးတောမှုများအတွင်းသို့ နစ်မြုပ်နေခဲ့ကြသည်။ သူတို့ ဤကဲ့သို့သော အခြေအနေမျိုး ရှိနေခြင်းက သာမန် တိရစ္ဆာန်များ မဟုတ်ကြကြောင်း လင်းကျင်းအား သိရှိစေခဲ့၏။
အနည်းဆုံးတော့ သူတို့က လူသားတို့၏ စကားကို နားလည်နိုင်ကြသည်။
ငါးသိုင်းကြီးက ကျင့်ကြံခြင်း အတွေ့အကြုံ ရှိပြီးသားဖြစ်ရုံတင်မက ဆရာတစ်ဦးလည်း ရှိနေသဖြင့် လင်းကျင်း အံ့ဩမနေခဲ့ပေ။ မြွေဖြူသည်လည်း ငါးသိုင်း၏ မိတ်ဆွေဖြစ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို အလိုရှိနေသူ ဖြစ်သဖြင့် လူသားစကား နားလည်ခြင်းက ဆန်းကြယ်မနေခဲ့ချေ။ ကြိုးကြာငှက်ကြီးနှင့် ပတ်သက်လျှင်တော့ ၎င်းက ကျောင်းဝန်းအတွင်း လွတ်လပ်စွာ သွားလာခွင့် ရရှိထားသဖြင့် သင်ကြားမှုများနှင့် ဆွေးနွေးမှုများကို နားထောင်နိုင်ခွင့် ရှိခဲ့သည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ ဉာဏ်ပညာ ဖွံ့ဖြိုးလာခြင်းက သဘာဝကျလှပေသည်။ ဤနေရာတွင် ထူးခြားနေသည်မှာ ဘယ်ကမှန်းမသိ ရောက်ရှိလာသည့် သိမ်းငှက်သာ ဖြစ်၏။ ၎င်းက သူ၏ သင်ခန်းစာကို နားလည်နိုင်စွမ်း ရှိနေသဖြင့် ရေစက်ကြောင့်သာ ဤအိမ်ဂေဟာသို့ ရောက်ရှိလာခြင်း ဖြစ်ရမည်ဟု လင်းကျင်း ယူဆလိုက်သည်။
၎င်းက ပျံသန်းလာရင်း လင်းကျင်း၏ သင်ကြားပြသသံကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရကာ ဤနေရာသို့ သက်ဆင်းလာခဲ့ခြင်း ဖြစ်ရမည်။
“မင်းတို့အားလုံး ငါ့စကားတွေကို ကြားနိုင်ပြီး နားလည်နိုင်ကြမှတော့... ဒီည ငါတို့ ဆုံတွေ့ကြရတာက ရေစက်ကြောင့်လို့ပဲ သတ်မှတ်ရမှာပေါ့”
ဤအကြောင်းရင်းကြောင့် လင်းကျင်းက သူတို့အား သင်ခန်းစာကို ဆက်လက် နားထောင်ခွင့် ပြုထားလိုက်ပြီး တားဆီးခြင်း မပြုခဲ့ပေ။
သူသည် ရှန်းအာနှင့် အခြားမြေခွေးများ တောရိုင်းထဲတွင် ကျင့်ကြံခြင်း သင်ခန်းစာများကို မည်သို့ တွေ့ရှိခဲ့ကြသလဲဆိုသည့် အချက်ကို သတိရသွားခဲ့၏။ ထိုသင်ခန်းစာများကို သင်ကြားပေးခဲ့သူက မြေခွေးများ ရှိနေခြင်းကို သတိမပြုမိဘဲ နေမည်မဟုတ်သော်လည်း သူတို့ကို ဆက်လက် နေထိုင်ခွင့် ပြုခဲ့သည်။ သင်ခန်းစာများက နေ့စဉ် ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ရှန်းအာက အလင်းပွင့်သွားကာ လူသားအသွင် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
တကယ်လို့ ထိုသူက ပြုလုပ်ပေးနိုင်ခဲ့လျှင် လင်းကျင်းအနေဖြင့်လည်း ပြုလုပ်ပေးနိုင်စွမ်း ရှိပေသည်။
“ဒီလောက် ရှည်လျားတဲ့ ညကြီးမှာ ငါ လုံးဝ အိပ်ချင်စိတ် မရှိဘူး ဖြစ်နေတယ်”
လင်းကျင်းက ဖန်ယွမ်၏ ဟောက်သံကို နားထောင်ရင်း မတတ်သာသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။ သူက လမင်းကြီးကို မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခုကြောင့် သူ၏ အတွေးများ ပြတ်တောက်သွားခဲ့ရသည်။
“အကဲဖြတ်မှူးလင်း အိပ်မပျော်ဘူးဆိုရင်... ငါနဲ့ စကားစမြည် ပြောကြမလား”
“ဘယ်သူလဲ”
လင်းကျင်း ထိတ်လန့်သွားခဲ့ရ၏။
ခုနကတင် လင်းကျင်း၏ အာရုံခံစားမှုနှင့် စိတ်ဝိညာဉ်စွမ်းအားက အမြင့်မားဆုံး သတိအနေအထားတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူသည် မြွေဖြူ၊ ငါးသိုင်း၊ ကြိုးကြာငှက်နှင့် သိမ်းငှက်တို့ သူ၏ သင်ခန်းစာကို နားထောင်နေသည်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
သူသည် အပြင်ဘက်တွင် ရှိနေသောအရာများကိုပင် အာရုံခံနိုင်သော်လည်း အနီးနားတွင် မည်သူမျှ ရှိမနေခဲ့ဟု ယူဆခဲ့ခြင်း ဖြစ်၏။ ယခုပင် တစ်စုံတစ်ဦး၏ အသံကို ကြားလိုက်ရသော်လည်း လင်းကျင်းအနေဖြင့် ထိုလူ၏ အော်ရာကို ရှာဖွေနိုင်ခြင်း မရှိသေးချေ။
၎င်းက တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း လင်းကျင်းအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် မကြုံတွေ့ဖူးသေးချေ။ တကယ်လို့ သူ၏ အတွေ့အကြုံများက သူ့ကို သင်ကြားပေးခဲ့သည့် အရာတစ်ခု ရှိပါက ၎င်းက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပင် ဖြစ်၏။ သူ ထိတ်လန့်သွားခဲ့သော်လည်း လင်းကျင်းက သူ၏ တည်ငြိမ်မှုကို အလွယ်တကူပင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
လင်းကျင်း၏ မေးခွန်းအပြီးတွင် သူ၏ နောက်ဘက်မှ ညင်သာသော ချောင်းဟန့်သံတစ်ခုကို ကြားလိုက်ရ၏။
“နောက်ကလား”
လင်းကျင်း ချက်ချင်း လှည့်ကြည့်လိုက်သောအခါ ပိန်လှီပြီး နတ်သက်ကြွေလာသည့်အလား အသွင်သဏ္ဌာန်ရှိသော အဘိုးအိုတစ်ဦးကို တွေ့ရှိလိုက်ရတော့သည်။ လင်းကျင်းသည် ဤအဘိုးအိုနှင့် လွန်ခဲ့သည့် ညက သားရဲအကဲဖြတ်မျှော်စင်တွင် တွေ့ဆုံခဲ့ဖူး၏။ ထိုစဉ်က အဘိုးအိုက သူ့အား အကဲဖြတ်နည်းစနစ်အကြောင်း မေးမြန်းခဲ့ပြီး လင်းကျင်းက ၎င်းသည် ထူးခြားမှုမရှိကြောင်း လှည့်ဖြားပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က လင်းကျင်းက ၎င်းသည် အကယ်ဒမီတွင် အလုပ်လုပ်နေသော အင်အားကြီး စီနီယာတစ်ဦး ဖြစ်လိမ့်မည်ဟုသာ ယူဆခဲ့သည်။ ယခုတော့ သူ၏ သံသယက အတည်ပြုခြင်း ခံလိုက်ရပြီ ဖြစ်ပုံရ၏။ ဤအဘိုးအိုက လင်းကျင်း မရိပ်မိအောင် သူ၏ နောက်ဘက်တွင် ရုတ်တရက် ပေါ်လာနိုင်လောက်အောင် စွမ်းရည် မြင့်မားလွန်းလှပေသည်။
‘ဒါကတော့ မဖြစ်ချေဘူး’
တကယ်လို့ အခြေအနေက ဤအတိုင်း ဆက်သွားနေပါက လင်းကျင်းအနေဖြင့် သူ၏ လျှို့ဝှက်ချက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
“အကဲဖြတ်မှူးလင်း... မင်း အိပ်မပျော်ဘူးဆိုရင်... ငါတို့ ဒီလှပတဲ့ လရောင်အောက်မှာ စကားစမြည် ပြောကြတာပေါ့”
အဘိုးအိုက သူ၏ ကမ်းလှမ်းချက်ကို ထပ်မံ ပြောဆိုလိုက်၏။ လင်းကျင်းကလည်း ထိုလူအပေါ် စူးစမ်းလိုစိတ် ရှိနေသဖြင့် ငြင်းပယ်ခြင်း မပြုခဲ့ပေ။
‘စကားပြောမလို့လား... ရတာပေါ့... ငါက မင်းကို ကြောက်နေရမှာမို့လို့လား’
“ကျုပ်နာမည်က လင်းကျင်းပါ... စီနီယာ့ကို ဘယ်လို ခေါ်ရမလဲခင်ဗျာ”
လင်းကျင်းက အဘိုးအိုအား အရိုအသေပေးရင်း မေးမြန်းလိုက်၏။ သူက သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ ပြသခြင်း မရှိခဲ့ချေ။ အဘိုးအိုက ပြုံးလိုက်ပြီး အရိုအသေ ပြန်ပြုလိုက်သည်။
“ငါ့မျိုးရိုးက ရှုပါ... အဲဒါကြောင့် ငါ့ကို ရှု လို့ပဲ ခေါ်နိုင်ပါတယ်”