အခန်း ၄၉၇
Vol. 25 Ch. 497
အခန်း ၄၉၇ - အဘိုးရှု တစ်ခေါက် ပြန်လာပြန်ပြီ
လင်းကျင်းသည် အဘိုးရှု နောက်တစ်ကြိမ် လာလည်မည့် အချိန်ကို မျှော်လင့်နေမိတော့၏။ သို့မှသာ ထိုအဘိုးအို အကဲဖြတ်မှူးအား သူ၏ နောက်ခံအကြောင်းကို အနည်းဆုံး မေးမြန်းနိုင်မည် ဖြစ်သည်။
လင်းကျင်းထံမှ ထိုကဲ့သို့သော ဝေခွဲမရနိုင်သည့် မေးခွန်းကို မေးမြန်းခြင်းခံရပြီးနောက် တန်လင်းသည် ယခင်ကထက် ပိုမို ဇဝေဇဝါ ဖြစ်လျက်ဖြင့် နွေဦးအိမ်တော်သို့ ပြန်လာခဲ့၏။
နွေဦးအိမ်တော်သည် ကျန့်စီဖုန်း နေထိုင်ရာ နေရာ ဖြစ်သည်။ သူသည် အချိန်အများစုတွင် သားရဲအကဲဖြတ်မျှော်စင်၌ ရှိနေတတ်သော်လည်း သူ၏ ကိုယ်ပိုင် တပည့်များကို သင်ခန်းစာ ပို့ချရန်အတွက် အိမ်တော်သို့ ပြန်လာလေ့ ရှိဆဲပင်။
ကျန့်စီဖုန်းတွင် တပည့်အများအပြား ရှိပြီး ၎င်းတို့သည် အကယ်ဒမီအတွင်းရှိ အထူးချွန်ဆုံး ကျောင်းသားအချို့ ဖြစ်ကြသည်။ အမှန်တရားအတိုင်း ပြောရလျှင် သူ၏ လက်အောက်တွင် ပညာသင်ယူနေသော အဆင့် ၃ လက်ထောက် ကထိက အနည်းငယ်ပင် ရှိ၏။
ဆရာကြီးကျန့်၏ တပည့်ဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနိုင်ခြင်းက ကြီးမားလှသော ဂုဏ်ယူစရာတစ်ခု ဖြစ်ပေသည်။
တန်လင်းသည် ဆရာကြီးကျန့် နောက်ဆုံး လက်ခံခဲ့သည့် တပည့်ဖြစ်သော်လည်း သူမက သူ အလွန်အမင်း တန်ဖိုးထားသော အနည်းငယ်ထဲတွင်လည်း ပါဝင်နေခဲ့သည်။
သူမ နွေဦးအိမ်တော်သို့ ရောက်ရှိလာသောအခါ ဆရာကြီးကျန့်က သူမအား သူ၏ အခန်းထဲတွင် သီးသန့် တွေ့ဆုံရန် ချက်ချင်း တောင်းဆိုခဲ့၏။
“တန်လင်း... မင်းက ကျောက်စိမ်းနဂါးနိုင်ငံက လာတာဆိုတော့ ငါ မင်းကို မေးချင်တဲ့ သီးသန့် လူတစ်ယောက် ရှိတယ်”
ကျန့်စီဖုန်းက စကားကို ဝေ့လည်ကြောင်ပတ် ပြောမည့် ပုံစံမပေါ်ချေ။
မနေ့ညနှောင်းပိုင်းက ရှုရှောင်လို၏ မေးမြန်းမှုက သူ့ကို စိတ်မအေး ဖြစ်စေခဲ့သည်။ စီနီယာရှုက ဤ ‘ပြတိုက်မှူး’ ဆိုသူကို စိတ်ဝင်စားနေသရွေ့ ကျန့်စီဖုန်းအနေဖြင့် ထိုလူကို မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ်၏။
သူ၏ ပြတိုက်မှူးအကြောင်း သိရှိထားမှုက အလွန်အမင်း အကန့်အသတ် ရှိလှပေသည်။ သူသည် ထိုလူ ဒါလော့ကျောင်းတော် ဝန်းအတွင်းသို့ တစ်ဦးတည်း အတင်းအဓမ္မ ဝင်ရောက်ခဲ့သည့် ဖြစ်ရပ်ကိုသာ သိရှိထားခြင်း ဖြစ်၏။ ၎င်းအပြင် ကျန့်စီဖုန်းသည် ထိုလူက မည်သူလဲဆိုသည့် အချက်ကို လုံးဝ မသိရှိချေ။
ပြတိုက်မှူးသည် ယခင်က ကျောက်စိမ်းနဂါးနိုင်ငံတွင် ပေါ်လာခဲ့ဖူးကြောင်း သူ ကြားသိထားခဲ့ရသည်။ အချို့ကမူ ပြတိုက်မှူးသည် ထိုနိုင်ငံမှ လာသူဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသဖြင့် ကျန့်စီဖုန်းက တန်လင်းအား ထိုလူအကြောင်း မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ အကြောင်းမှာ သူမသည်လည်း ကျောက်စိမ်းနဂါးနိုင်ငံမှ လာသူဖြစ်သောကြောင့်ပင်။
“ဆရာ... ဆရာ ဒီလောက် သိချင်နေတဲ့သူက ဘယ်သူလဲဟင်... တကယ်လို့ ကျွန်မ သိတဲ့အရာ ဖြစ်နေရင် ဆရာ့ကို အကုန် ပြောပြဖို့ ဝန်မလေးပါဘူး"
သူမ၏ စကားများအရ သူမသည် ကျန့်စီဖုန်းအပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိကြောင်း ထင်ရှားလှပေသည်။
“မင်း ပြတိုက်မှူးလို့ ခေါ်တဲ့ လူအကြောင်း ကြားဖူးလား”
မိတ်ဆွေကြီးကျုံးက မေးမြန်းလိုက်၏။
“ပြတိုက်မှူး ဟုတ်လား”
တန်လင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သေချာတာပေါ့... သူမ ထိုနာမည်ကို ကြားဖူးတာထက်မကချေ။
သူမ မေပယ်မြို့တွင် ရှိစဉ်က ထိုနာမည်ကို တစ်ကြိမ်ထက်မက ကြားဖူးခဲ့ခြင်း ဖြစ်၏။ အမှန်တရားအတိုင်း ပြောရလျှင် ပြတိုက်မှူးသည် လူဆိုးကျွမ်းကျင်သူ အနည်းငယ်ကို အမိန့်ပေး စေခိုင်းနိုင်သည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သူမ သိရှိထားခဲ့သည်။ ၎င်းအပြင် သူက လင်းကျင်း၏ ဆရာဖြစ်ပြီး ထူးခြားဆန်းကြယ်သော သားရဲအကဲဖြတ်မှူးတစ်ဦးလည်း ဖြစ်ပေသည်။
ဤအရာများက လျှို့ဝှက်ချက်များ မဟုတ်သည့်အတွက် တန်လင်းက ကျန့်စီဖုန်းအား သူမ သိရှိသမျှ အရာအားလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောပြလိုက်တော့၏။
“ဒီလောက်အထိ ထူးခြားတဲ့ ပုဂ္ဂိုလ်မျိုး ဒီလောကမှာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး”
ကျန့်စီဖုန်း ရေရွတ်လိုက်မိသည်။ အမှန်တရားအတိုင်း ပြောရလျှင် သူသည် ပြတိုက်မှူးအကြောင်းကို တန်လင်း တစ်ယောက်တည်းကိုသာ မေးမြန်းခဲ့ခြင်း မဟုတ်ချေ။ သူက အခြားသော လူအနည်းငယ်ကိုလည်း မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ဤအကြောင်းရင်းကြောင့်ပင် သူသည် တစ်ရက်မပြည့်မီ အချိန်အတွင်းမှာတင် ပြတိုက်မှူးအကြောင်းကို အများအပြား ကြားသိနိုင်ခဲ့ခြင်း ဖြစ်၏။
လုံလောက်သော အချက်အလက်များကို စုဆောင်းပြီးနောက် ကျန့်စီဖုန်းသည် စတုတ္ထထပ်ရှိ ရှုရှောင်လိုထံ သူ ရှာဖွေတွေ့ရှိထားသည့် အချက်အလက်များကို တင်ပြရန် သားရဲအကဲဖြတ်မျှော်စင်သို့ ပြန်လာခဲ့တော့သည်။
“ဒီလောက်အထိ ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်မျိုး ဒီလောကမှာ ရှိနေတာလား”
ရှုရှောင်လိုကလည်း ကျန့်စီဖုန်း ယခင်က ပြောခဲ့သည့် စကားအတိုင်း နီးပါး ပြန်လည် တုံ့ပြန်လိုက်၏။
သေချာတာပေါ့... ရှုရှောင်လို၏ ရေရွတ်သံထဲတွင် နောက်ပြောင်လိုသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေခဲ့သည်။
ယခုအခါ ကျန့်စီဖုန်း၏ ရှေ့တွင် မတ်တပ်ရပ်နေသူမှာ မနေ့က အဘိုးအို မဟုတ်တော့ဘဲ နတ်သက်ကြွေထားသည့် ပန်းချီကားတစ်ချပ်အလား ထူးခြားသော အသွင်သဏ္ဌာန် ရှိပြီး တိုင်းပြည် ပျက်လုမတတ် လှပလွန်းသော အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးငယ် ဖြစ်နေခဲ့သည်။
သူမက လက်ထဲတွင် တစ်စုံတစ်ခုကို ကစားနေခဲ့၏။ အနီးကပ် ကြည့်ရှုလိုက်သည့် အခါတွင်မူ ၎င်းက သေးငယ်ပြီး ပါးလွှာသော အပ်တစ်စင်း ဖြစ်နေသည်ကို တွေ့ရှိရသည်။
“မှန်ပါတယ်... ပြီးတော့ ကျွန်တော်တို့ အကယ်ဒမီက မကြာသေးခင်ကမှ ဆရာအသစ်တစ်ယောက်ကို ခန့်အပ်ခဲ့ပါတယ်... သူက ပြတိုက်မှူးရဲ့ တိုက်ရိုက်တပည့်လည်း ဖြစ်ပါတယ်... အဲဒီ ဆရာအသစ်ရဲ့ နာမည်က လင်းကျင်းပါ”
ကျန့်စီဖုန်းသည် သူ စုဆောင်းရရှိထားသည့် အချက်အလက် တစ်ခုချင်းစီကို တစ်ခုမျှ မချန်ဘဲ ပြန်လည် ပြောပြလိုက်၏။
ရှုရှောင်လို ခေါင်းညိတ်လိုက်သည်။ အကြောင်းမှာ သူမက ထိုအချက်ကို သိရှိထားပြီး ဖြစ်သောကြောင့်ပင်။
“ကျန့်လေး... ကျေးဇူးပါပဲ”
အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးငယ်က ပြုံးလိုက်၏။ ကျန့်စီဖုန်းက သူမအား ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။
“ဆရာကြီးရှုကလည်း အားနာစရာကြီးဗျာ... ဒီလို ကိစ္စအသေးအမွှားလေးက ပြောပလောက်စရာ မရှိပါဘူး”
ကျန့်စီဖုန်း ပြန်လည် မော့ကြည့်လိုက်သည့် အခါတွင်မူ အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးကို ဘယ်နေရာမှာမျှ ရှာမတွေ့တော့ချေ။
သူ အံ့ဩမနေခဲ့ပါ။ ဤအကယ်ဒမီအတွင်းရှိ ဆရာအနည်းငယ်သာ ရှုရှောင်လို၏ တည်ရှိမှုကို သိရှိကြခြင်း ဖြစ်သည်။ မိမိကိုယ်တိုင်အပြင် ကျန်ရှိနေသူများမှာ သားရဲအကဲဖြတ်မျှော်စင်၏ မျှော်စင်မှူးဟောင်းများ ဖြစ်ခဲ့ကြဖူးသော ကထိကများသာ ဖြစ်၏။
သူတို့သည် ရှုရှောင်လို၏ လှုပ်ရှားမှုများက မည်မျှအထိ ခန့်မှန်းရခက်ခဲသလဲဆိုသည့် အချက်နှင့် သူ၏ အဝင်အထွက်ကို သိရှိရန် မည်မျှအထိ မဖြစ်နိုင်သလဲဆိုသည့် အချက်ကို သိရှိထားကြပေသည်။
ကျန့်စီဖုန်းက ပန်းချီကားချပ်ကို ကြည့်လိုက်၏။
အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေး၏ ပုံရိပ်က ကတ္တီပါကားချပ်ပေါ်တွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့ပြီး အဘိုးအို၏ ပုံရိပ်ကတော့ ပျောက်ကွယ်သွားခဲ့သည်။
၎င်းက ထိုလူသည် ပန်းချီကားချပ်ထဲမှ လုံးဝ ကွယ်ပျောက်သွားသည့်အလား အသွင်သဏ္ဌာန် ရှိနေခဲ့၏။
မမှောင်ခင်မှာတင် လင်းကျင်းသည် အဘိုးရှုသည် သူ၏ ရင်ပြင်ရှိ ကျောက်ခုံတန်းလျားပေါ်တွင် ထိုင်လျက် သူ့ကို ပြုံးပြနေသည်ကို တွေ့ရှိလိုက်ရပြန်သည်။
လင်းကျင်း ခေါင်းကိုက်သလို ခံစားလိုက်ရတော့၏။
ဤလူက ဖိတ်ခေါ်ခြင်းမခံရဘဲ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။ ထိုအချိန်တွင် လင်းကျင်း၏ တပည့်များက အဓိက ခန်းမအတွင်း၌ သူတို့၏ အိမ်စာများကို ပြန်လည် လေ့လာနေကြဆဲပင် ဖြစ်၏။
လင်းကျင်း သူ၏ အနီးသို့ စိုးရိမ်တကြီး အပြုံးဖြင့် ချဉ်းကပ်သွားခဲ့သည်။
“အဘိုးရှု... နောက်တစ်ခေါက် ရောက်လာပြန်ပြီလား”
ရှုရှောင်လိုက ရှက်ရွံ့ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။
“အကဲဖြတ်မှူးလင်း... နောက်ထပ် လက်ဖက်ရည်တစ်အိုးလောက် ပြင်ဆင်ပေးပါဦး"
လင်းကျင်းအနေဖြင့် မတတ်နိုင်တော့သည့်အဆုံး သူ၏ မန္တန်များကို အသုံးပြုကာ နောက်ထပ် လက်ဖက်ရည်တစ်အိုးကို ပြင်ဆင်ပေးလိုက်ရတော့သည်။ အဘိုးရှုက စကားကို အလျင်အမြန်ပင် စတင်လိုက်၏။ လင်းကျင်းသည် အစပိုင်းတွင် စကားပြောရန် ဝန်လေးနေခဲ့သော်လည်း သူ သတိမပြုမိခင်မှာတင် ရှုရှောင်လို၏ နက်ရှိုင်းလှသော ဗဟုသုတများအပေါ် အံ့ဩမှင်တက်သွားခဲ့ရပြီး သူတို့ ဆက်လက် စကားပြောဆိုကြစဉ်မှာပင် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
ဤအချက်က သာမန်လူများနှင့် ကျွမ်းကျင်သူများကို ကွဲပြားစေသည့် အချက်ပင် ဖြစ်၏။ သာမန်လူများသည် ရာသီဥတုအကြောင်းကိုသာ စကားစမြည် ပြောဆိုတတ်ကြသော်လည်း ကျွမ်းကျင်သူများကမူ အကြောင်းအရာတစ်ခုကို အသေးစိတ် ဆွေးနွေးတတ်ကြပေသည်။
ယခုအချိန်တွင် လင်းကျင်းသည် ရှုရှောင်လိုနှင့်အတူ ကျင့်ကြံခြင်းအကြောင်းကို ဆွေးနွေးနေခြင်း ဖြစ်၏။ ရှုရှောင်လို၏ အရှိန်အဟုန်ကို လိုက်မှီရန်အတွက် လင်းကျင်းသည် သားရဲပြတိုက်ကို မှီခိုအားထားနေခဲ့ရသည်။ ဤသို့ဖြစ်သည့်တိုင်အောင် သူသည် အခြားတစ်ယောက်၏ လွှမ်းမိုးခြင်းကို ခံနေရသလို ခံစားချက်မျိုးကို မရေမရာ ခံစားနေရဆဲပင်။
သေချာတာပေါ့... ဤအချက်က လင်းကျင်း၏ ပြိုင်ဆိုင်လိုစိတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ရေကန်ထဲရှိ ငါးသိုင်းကြီးသည် သူတို့ စတင် စကားပြောကတည်းက သူတို့၏ ဆွေးနွေးမှုကို တိတ်တဆိတ် နားထောင်နေခဲ့ခြင်း ဖြစ်၏။ ထို့အတူပင် ကြိုးကြာငှက်နှင့် သိမ်းငှက်တို့သည်လည်း ဤနေရာတွင် ရှိနေခဲ့ကြပြီး မြွေဖြူကြီးသည်လည်း လင်းကျင်း၏ ရင်ပြင်အတွင်းသို့ ဖြည်းညှင်းစွာ တွားသွားဝင်ရောက်လာခဲ့သည်။
ခန်းမအတွင်း၌ လီရှင်းချီနှင့် အခြားသူများသည် အပြင်ဘက်မှ အသံများကို ကြားရသဖြင့် သိလိုစိတ်ဖြင့် ရင်ပြင်အတွင်းသို့ ချောင်းကြည့်လိုက်ကြ၏။ သူတို့သည် သူတို့၏ ဆရာလင်းက ထူးခြားသော အသွင်သဏ္ဌာန်ရှိသည့် အဘိုးအိုတစ်ဦးနှင့် သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ပညာရပ်များကို ဆွေးနွေးနေသည်ကို တွေ့ရှိလိုက်ရသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တိတ်တဆိတ် နေကာ သူတို့ မတ်တပ်ရပ်နေသည့် နေရာမှနေ၍ အာရုံစိုက် နားထောင်ရန် အပြန်အလှန် နားလည်မှု ယူလိုက်ကြ၏။
မကြာမီမှာတင် သူတို့၏ ဆွေးနွေးမှုက မည်မျှအထိ လျှို့ဝှက်ဆန်းကြယ်သလဲဆိုသည့် အချက်ကြောင့် သူတို့၏ ဦးခေါင်းများ မူးဝေလာသလို ခံစားလိုက်ကြရတော့သည်။ သူတို့သည် ထိုအချက်အလက်များကို နားလည်ရန် အပြင်းအထန် ကြိုးစားခဲ့ကြသော်လည်း သူတို့ အာရုံအနည်းငယ် လွတ်သွားသည်နှင့် နောက်ဆက်တွဲ စကားလုံးများကို လိုက်ပါနားထောင်ရန် မဖြစ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။ ဤအချက်က သူတို့၏ အတွေးများကို ရှုပ်ထွေးသွားစေပြီး နာကျင်ဖွယ်ရာ ဝေခွဲမရ ဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
လင်းကျင်းသည် သူ၏ တပည့်များ စိတ်မသက်မသာ ဖြစ်နေသည်ကို ချက်ချင်း သတိပြုမိလိုက်၏။
သူ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
‘ဒုက္ခပါပဲ’
ဆွေးနွေးမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီးနောက် လင်းကျင်းသည် သူ၏ လက်ကောက်ဝတ်ကို ခါယမ်းကာ အပ်အနည်းငယ်ကို ပစ်လွှတ်လိုက်၏။ ၎င်းတို့က သူ၏ တပည့်များ၏ စိတ်ဝိညာဉ် အပ်စိုက်မှတ်ဆီသို့ တစ်စင်းချင်းစီ ထိုးစိုက်သွားခဲ့သည်။ သူတို့၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်နှက်ခံလိုက်ရသလို သို့မဟုတ် အေးစက်လှသော ရေတစ်ပုံးဖြင့် ပက်ဖျန်းခံလိုက်ရသလိုမျိုး သူ၏ တပည့်များ တုန်လှုပ်သွားခဲ့ကြရ၏။
“ပြန်ပြီး နားလိုက်ကြတော့... အများကြီး လျှောက်မတွေးနဲ့ဦး”
လင်းကျင်း ညွှန်ကြားလိုက်သည်။ လီရှင်းချီနှင့် အခြားသူများသည် အရိုအသေ ပေးလိုက်ကြပြီးနောက် ထိုနေရာတွင် နောက်ထပ် တစ်စက္ကန့်မျှပင် မနေရဲကြတော့ဘဲ အလျင်အမြန် ထွက်ပြေးသွားခဲ့ကြတော့၏။
လင်းကျင်း၏ အပ်စိုက်ကုထုံး လုပ်ဆောင်ချက်ကို မြင်တွေ့ခဲ့ရသဖြင့် ရှုရှောင်လို၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ လင်းကျင်း ပြန်လည် ထိုင်လိုက်ပြီးနောက် သူက သူ ကိုင်ဆောင်ထားခဲ့သော ငွေအပ်ကို ထုတ်ယူလိုက်၏။
“အကဲဖြတ်မှူးလင်း... ဒီအပ်က မင်းရဲ့ အပ်လား”
တစ်ချက်ကြည့်ရုံဖြင့် လင်းကျင်း အရာအားလုံးကို နားလည်သွားခဲ့တော့သည်။
သေချာတာပေါ့... လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူ၏ ဟောပြောပွဲများကို လာရောက် နားထောင်ခဲ့သည့် အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးငယ်သည် အဘိုးရှု၏ တိုက်ရိုက်တပည့် ဖြစ်နေခဲ့ခြင်းပင်။ ဤအပ်ပေါ်မှ သူ၏ စိတ်ဝိညာဉ်ချည်နှောင်မှုက ဖယ်ရှားခြင်းခံရသည်မှာ မဆန်းတော့ချေ။ အဘိုးရှူ၏ စွမ်းဆောင်ရည်များနှင့်ဆိုလျှင် ဤကဲ့သို့သော လှုပ်ရှားမှုမျိုးက အလွန်အမင်း လွယ်ကူလှပေသည်။
သို့သော်လည်း လင်းကျင်းအတွက်မူ အချက်တစ်ခုက ထူးဆန်းနေဆဲပင် ဖြစ်၏။
သူ လိုက်လံ မေးမြန်းကြည့်ပြီးနောက် မည်သူမျှ ဆရာရှုက မည်သူလဲဆိုသည့် အချက်ကို မသိရှိကြချေ။ သို့ဆိုလျှင် သူက သူ၏ ကိုယ်ပိုင် တပည့်များကို ဘယ်လိုလုပ်ပြီး ရှိနေအောင် စီမံနိုင်ရတာလဲ။
သို့သော်လည်း လင်းကျင်းအနေဖြင့် ထိုလူ၏ တပည့်ပေါ်သို့ အပ်ကို ထိုးစိုက်ခဲ့သည့်အတွက် မိမိတွင် အပြစ်ရှိကြောင်း သိရှိထားခဲ့၏။ နောက်ဆုံးတော့ ထိုမိန်းကလေးငယ်က ဘာအမှားမှ မလုပ်ဘဲ သူ၏ သင်ခန်းစာကို လာရောက် နားထောင်ခဲ့ရုံသာ မဟုတ်ပါလား။
ထို့ကြောင့် လင်းကျင်းက အားနာစရာ အပြုံးတစ်ခု ပြုံးလိုက်မိသည်။
ရှုရှောင်လိုကလည်း ဤကိစ္စကို အတင်းအကျပ် ဆက်လက် မမေးမြန်းတော့ချေ။ ထိုအစား သူက အပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဆရာလင်း... ဒီအပ်စိုက်အတတ်ပညာအတွက် အလဲအလှယ်အနေနဲ့ ငါ မင်းကို မန္တန်အတတ်တစ်ခု သင်ပေးမယ်... မင်း ဘယ်လိုထင်လဲ”