အခန်း ၄၉၈
Vol. 25 Ch. 498
အခန်း ၄၉၈ - သိုလှောင်ခြင်း အတတ်နှင့် စကြဝဠာမင်
ရှုရှောင်လိုသည် လင်းကျင်း၏ အံ့ဩမှင်တက်စရာ ကောင်းလှသော အပ်စိုက်အတတ်ပညာအပေါ် စိတ်ဝင်စားနေသည်မှာ ထင်ရှားပေသည်။ သို့သော်လည်း ၎င်းကို တိုက်ရိုက် တောင်းဆိုခြင်းက လောဘကြီးရာကျပြီး မသင့်တော်ကြောင်း သူ သိရှိထားခဲ့၏။ ထို့ကြောင့် သူက လင်းကျင်း၏ အချက်အလက်များနှင့် လဲလှယ်ရန်အတွက် သူ၏ မန္တန်အတတ်တစ်ခုကို ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
လင်းကျင်းလည်း စိတ်ဝင်စားသွားခဲ့ရ၏။
သေချာတာပေါ့... ရစ်ပတ်အပ်နည်းစနစ်က အံ့ဩစရာ ကောင်းသော အပ်စိုက်ကုထုံးတစ်ခု ဖြစ်သည်။ သို့သော်လည်း ဆရာရှုသည် အဆင့် ၅ အကဲဖြတ်မှူးတစ်ဦး ဖြစ်သည့်အတွက် သူ၏ အတတ်ကလည်း ထပ်တူထူးခြားလိမ့်မည်ဟု လင်းကျင်း တွေးတောလိုက်မိ၏။
တိုက်ဆိုင်ချင်တော့ လင်းကျင်းသည် မန္တန်အတတ် အများအပြားကို မသိရှိချေ။ စိတ်ဝိညာဉ်စွမ်းအင်လက်ချောင်းက တစ်ခုဖြစ်ပြီး ထို့နောက်တွင်မူ အသုံးပြုရန် သူ၏ သွေးကတိကဝတ် လိုအပ်သော မီးဝိညာဉ်ပူးကပ်ခြင်းနှင့် မန္တန် ပယ်ဖျက်ခြင်းတို့ ရှိသည်။
၎င်းအပြင် သူသည် တိမ်တိုက်သယ်ဆောင်ခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်းအတတ်၊ ဓာတ်ကြီးငါးပါး အမိန့်ပြန်တမ်း အဆောင်လက်ဖွဲ့များနှင့် သူကိုယ်တိုင် ဖန်တီးထားသည့် နဂါးမီးလျှံအတတ်တို့ကိုလည်း သိရှိထားခဲ့၏။
အခြားသော အဆင့် ၄ အကဲဖြတ်မှူးများနှင့် နှိုင်းယှဉ်ပါက လင်းကျင်း အသုံးပြုနိုင်သော မန္တန် အရေအတွက်က များပြားလှသည်တော့ မဟုတ်ချေ။ လင်းကျင်းသည် အရေအတွက်ထက် အရည်အသွေးကိုသာ ပိုမို တန်ဖိုးထားသူဖြစ်ရာ မန္တန်အတတ်များနှင့် ပတ်သက်လာလျှင် သူသည် ၎င်းတို့ကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိအောင် အသုံးပြုမည်ဖြစ်ပြီး သို့မဟုတ်ပါက လုံးဝ သင်ယူလိမ့်မည် မဟုတ်ပေ။
လင်းကျင်းသည် အဆင့် ၅ သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်သူ ဆရာရှုက သူ့ကို မည်သည့်အရာ ကမ်းလှမ်းမလဲဆိုသည့် အချက်ကို မျှော်လင့်နေမိတော့သည်။
“အဘိုးရှု... ဘယ်လို မန္တန်နဲ့ လဲလှယ်ဖို့ ကမ်းလှမ်းချင်တာလဲ"
လင်းကျင်း သူ၏ အနေအထားကို ပြုပြင်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်စောင့်စားရိပ်များ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့၏။ အဘိုးအိုရှုက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ့ဆီမှာ သိုလှောင်ခြင်း အတတ်အသေးလေးတစ်ခု ရှိတယ်... တကယ်လို့ ဆရာလင်း.. မင်း စိတ်ဝင်စားတယ်ဆိုရင် ငါတို့ လဲလှယ်လို့ရတာပေါ့”
သိုလှောင်ခြင်း အတတ်အသေး ဟုတ်လား။
လင်းကျင်း၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့ရသည်။
သိုလှောင်ခြင်းအတတ်များက အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး လင်းကျင်းအတွက် အမှန်တကယ်ပင် အသုံးဝင်လိမ့်မည် ဖြစ်၏။
နောက်ဆုံးတော့ သူပိုင်ဆိုင်ထားသည့် မှော်လက်နက်ကိရိယာ အရေအတွက်က တိုးပွားလာနေခဲ့ပြီး သူ့ထံ၌ မှော်ရတနာတစ်ခုလည်း ရှိနေခဲ့ပြီ မဟုတ်ပါလား။ ၎င်းတို့ကို အမြဲတမ်း သယ်ဆောင်သွားရခြင်းက အတော်လေး အဆင်မပြေလှချေ။ သူ၏ အပ်များကိုတော့ များသောအားဖြင့် အင်္ကျီလက်အင်္ကျီအောက်တွင် ဝှက်ထားလေ့ရှိပြီး နတ်ဘုရားချည်နှောင်ကြိုးကိုမူ သူ၏ လက်ကောက်ဝတ် သို့မဟုတ် ခါးတွင် ရစ်ပတ်ထားလေ့ ရှိသည်။ တကယ်လို့ သူ နောက်နောင်တွင် ပစ္စည်းအများအပြားကို ရရှိလာခဲ့ပါက ၎င်းတို့ကို ထိရောက်စွာ သိုလှောင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။
သိုလှောင်ခြင်း အတတ်တစ်ခု ရှိနေပါက သူ ဤကိစ္စအတွက် စိုးရိမ်နေစရာ လိုအပ်တော့မည် မဟုတ်ချေ။
ထို့ကြောင့် လင်းကျင်း ကမ်းလှမ်းချက်ကို လက်ခံရန် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သို့သော်လည်း လင်းကျင်း သူ၏ စိတ်လှုပ်ရှားမှုကို မပြသမိအောင် ထိန်းချုပ်လိုက်၏။ ဤအရာများက ထူးခြားဆန်းပြားသော်လည်း ၎င်းက ဈေးဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်နေဆဲပင်။ လင်းကျင်းအနေဖြင့် မိမိက ဤသိုလှောင်ခြင်းအတတ်ကို လိုအပ်နေသည်ဟူသော အချက်ကို မပြသသင့်ချေ။ သို့မဟုတ်ပါက သူ ရရှိနိုင်မည့် အကျိုးအမြတ်များ ဆုံးရှုံးသွားနိုင်ပေသည်။
အဘိုးအိုရှုဘက်မှ လဲလှယ်မှု ကမ်းလှမ်းချက်ကို စတင်ခဲ့ခြင်းက သူသည် ဤအပ်စိုက်အတတ်ပညာကို မည်မျှအထိ တန်ဖိုးထားသလဲဆိုသည့် အချက်ကို သက်သေပြနေခဲ့၏။ ထို့ကြောင့် လင်းကျင်းသည် သူ့ထံမှ ပိုမို ရရှိနိုင်လိမ့်မည်ဟု ခံစားမိနေခဲ့သည်။
လင်းကျင်း ပြုံးလိုက်၏။
“အဘိုးရှု... အမှန်အတိုင်း ပြောရရင် ဒီအပ်စိုက်အတတ်ပညာက တိုက်ခိုက်ရေးရော ကာကွယ်ရေးမှာပါ အသုံးပြုနိုင်စွမ်း ရှိပါတယ်... သူ့ရဲ့ အကြီးမားဆုံး အသုံးဝင်မှုကတော့ ဆေးကုသတာ၊ သွေးကြောတွေကို ပြုပြင်ပေးတာနဲ့ အပ်စိုက်ကုသခြင်းတွေမှာပဲ... သူ့ရဲ့ အသုံးဝင်ပုံ ကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အဲဒါက သိုလှောင်ခြင်း အတတ်အသေးလေးတစ်ခုနဲ့ တန်ဖိုးတူညီနိုင်ဖို့ မဖြစ်နိုင်ပါဘူးဗျာ”
တစ်နည်းအားဖြင့် ပြောရလျှင် အဘိုးအိုရှုအနေဖြင့် သူ၏ ကမ်းလှမ်းချက်ကို မြှင့်တင်ရမည် ဖြစ်၏။
ရှုရှောင်လိုသည် လင်းကျင်း၏ အပ်စိုက်အတတ်ပညာအပေါ် ယခင်ကထက် ပိုမို စိတ်ဝင်စားသွားခဲ့ရသည်။ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သူက ပြောလိုက်၏။
“ငါ မင်းကို သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ပညာရပ်တွေကို သင်ပေးနိုင်တယ်”
လင်းကျင်း ခေါင်းခါပြလိုက်သည်။
သေချာတာပေါ့... အဘိုးရှု၏ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုက သူ့ထက် သာလွန်နေသော်လည်း လင်းကျင်းထံ၌ သားရဲပြတိုက် ရှိနေခဲ့ပြီ ဖြစ်၏။ အချိန်တန်လျှင် သူက အဘိုးအိုရှုကို ကျော်လွန်သွားရန်အတွက် အများကြီး ကြိုးစားရလိမ့်မည် မဟုတ်ချေ။
ဤအကြောင်းရင်းကြောင့်ပင် လင်းကျင်း သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
ရှုရှောင်လို စိုးရိမ်ပူပန်သွားခဲ့ရ၏။ သူ ထပ်မံ တွေးတောလိုက်ပြန်ပြီးနောက် သူ၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားခဲ့သည်။
“ဆရာလင်း... ဒါကို ကြည့်လိုက်စမ်းပါဦး”
ထိုသို့ ပြောပြီးနောက် သူက သူ၏ လက်ဖဝါးကို ဖြန့်ပြလိုက်၏။ ၎င်းပေါ်တွင် သေးငယ်သောအရာတစ်ခု ရှိနေခဲ့သည်။
လင်းကျင်း ၎င်းကို မြင်လိုက်ရသည့် ခဏမှာတင် မှင်တက်သွားခဲ့ရတော့၏။
အဘိုးရှု၏ လက်ဖဝါးပေါ်တွင် ရှိနေသည်မှာ အမည်းရောင် ပုတီးစေ့လေးတစ်ခု ဖြစ်သည်။ ထိုပုတီးစေ့က အလွန်အမင်း သေးငယ်လှပြီး မင်ရောင်ရှိသော ပုလဲလုံးလေးတစ်ခုနှင့် အသွင်သဏ္ဌာန် တူညီသော်လည်း ပိုမို လုံးဝန်းကာ ညီညာလှပေသည်။
“ဒါက ဘာလဲ”
လင်းကျင်း ပထမဆုံးအကြိမ် ကြည့်ရုံဖြင့် မပြောနိုင်ခဲ့ချေ။ သို့သော်လည်း အဘိုးအိုရှုက ဤမျှအထိ ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြလာခဲ့သည့်အတွက် ၎င်းက အတော်လေး ထူးခြားသည့်အရာ ဖြစ်နေပေလိမ့်မည်။
အဘိုးရှုက နှမြောတသဖြစ်နေသော မျက်နှာပေးဖြင့် ရှင်းပြလိုက်၏။
“ဒါက ငါ့ရဲ့ စကြဝဠာမင်ပဲ... ဒီမင်က အရမ်း တန်ဖိုးကြီးလွန်းလို့ ငါ့ဆီမှာလည်း အများကြီး မရှိဘူး”
“သူက ဘာလုပ်နိုင်လို့လဲ”
ဤစကားကို ကြားရသောအခါ လင်းကျင်း၏ စိတ်ဝင်စားမှုက မြင့်တက်သွားခဲ့ရသည်။
“ဒါကို ကြည့်လိုက်”
အဘိုးအိုရှုက လက်လှမ်းကာ လင်းကျင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ နောက်တစ်စက္ကန့်တွင် သူတို့၏ ခြေထောက်အောက်မှ အမည်းရောင် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုလူနှစ်ဦးလုံး ပျောက်ကွယ်သွားခဲ့ကြတော့သည်။
လင်းကျင်း၏ အမြင်အရ သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးတစ်ခုလုံးက ခဏမျှ မှောင်မိုက်သွားခဲ့ရ၏။ သူ၏ အမြင်အာရုံကို နောက်ဆုံးတွင် ပြန်လည် ရရှိလိုက်သည့် အခါတွင်မူ သူသည် မက်မွန်ပွင့်အိမ်ဂေဟာ၌ ရှိမနေတော့ဘဲ မျှော်စင်တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ဒါက...”
ရင်းနှီးနေသည်ဟု ခံစားရသဖြင့် လင်းကျင်း အောက်သို့ ငုံ့ကြည့်ကာ သူတို့အောက်ရှိ သုံးထပ်တည်ဆောက်ပုံကို စစ်ဆေးကြည့်လိုက်၏။
သားရဲအကဲဖြတ်မျှော်စင်။
သူတို့သည် အမှန်တကယ်ပင် သားရဲအကဲဖြတ်မျှော်စင်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
လင်းကျင်း သိသိသာသာ ထိတ်လန့်သွားခဲ့ရ၏။
မက်မွန်ပွင့်အိမ်ဂေဟာသည် သားရဲအကဲဖြတ်စင်္ကြံနှင့် အလွန်အမင်း ဝေးကွာလှသည်မဟုတ်သော်လည်း ၎င်းက မီတာရာဂဏန်းမျှ ကွာဝေးသော အကွာအဝေးတစ်ခု ဖြစ်နေဆဲပင်။ ဤကဲ့သို့သော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာတင် ဖြတ်ကျော်နိုင်ခြင်းက လင်းကျင်းအတွက် အသစ်အဆန်းဖြစ်နေခဲ့ပြီး သူ ယခင်က ဤကဲ့သို့သော အရာမျိုးကို တစ်ကြိမ်မျှ မကြုံတွေ့ခဲ့ဖူးချေ။
“ဘယ်လိုလဲ... အံ့ဩစရာ ကောင်းတယ်မဟုတ်လား”
ရှုရှောင်လိုက မိမိကိုယ်ကိုယ် ကျေနပ်နေပုံရ၏။
“ဒီစကြဝဠာမင်က အလွန်အမင်း အသုံးဝင်တယ်... မင်း အဲဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျွမ်းကျင်သွားတာနဲ့ ဘယ်စာရွက်ပေါ်မှာမဆို အသုံးပြုနိုင်စွမ်း ရှိသွားလိမ့်မယ်... ဒင်္ဂါးပြားအရွယ်အစားလောက် ရှိတဲ့ သေးငယ်တဲ့ အမှတ်အသားလေးတစ်ခုတည်းနဲ့တင် အခန်းတစ်ခန်းစာ ပစ္စည်းတွေကို သိုလှောင်ထားနိုင်ပြီး သယ်ဆောင်ရတာ အရမ်း အဆင်ပြေစေတယ်... ဒါတင်မကသေးဘူး... မင်း ပန်းချီကားချပ်ကတစ်ဆင့် တည်နေရာရွှေ့ပြောင်းနိုင်စွမ်းလည်း ရှိသွားလိမ့်မယ်... မိုင်ပေါင်း ထောင်ချီဝေးကွာနေရင်တောင် မင်း မျက်စိတစ်မှိတ်အတွင်းမှာတင် အဲဒီနေရာကို ရောက်ရှိသွားနိုင်တယ်... ကဲ... အခု မင်း ဘာပြောချင်လဲ... ဒါက မင်းရဲ့ အပ်စိုက်အတတ်ပညာနဲ့ လဲလှယ်ဖို့ ထိုက်တန်ရဲ့လား”
ပန်းချီကားချပ်ကတစ်ဆင့် တည်နေရာရွှေ့ပြောင်းနိုင်တာ ဟုတ်လား။
လင်းကျင်း အရာအားလုံးကို နားလည်သွားခဲ့တော့သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သူနှင့်အဘိုးအိုရှုတို့သည် သားရဲအကဲဖြတ်မျှော်စင်၏ စတုတ္ထထပ်တွင် ရှိနေကြောင်း သတိပြုမိလိုက်၏။ ဤနေရာတွင် ပန်းချီကားချပ် အများအပြား ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
ဒါက သူသည် အဘိုးရှုနှင့်အတူ ပန်းချီကားချပ်တစ်ခုကို ဖြတ်ကျော်ကာ ဤနေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်နေသည် မဟုတ်ပါလား။
ထိုအချိန်တွင် လင်းကျင်းသည် နံရံပေါ်ရှိ အတော်လေး ထူးဆန်းသော ပန်းချီကားချပ်တစ်ခုကို သတိပြုမိလိုက်၏။ ၎င်းက အခန်းတစ်ခန်း၏ ပုံရိပ်ဖြစ်ပြီး ဤအခန်းအတွင်း၌ အခြားသော ပန်းချီကားချပ် အနည်းငယ် ရှိနေခဲ့သည်။ ၎င်းတို့ထဲမှ တစ်ခုက လုံးဝ အလွတ်ဖြစ်နေပြီး ဒုတိယ ပန်းချီကားချပ်ကမူ အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ် ဖြစ်နေခဲ့၏။
သူမက ရင်းနှီးနေသလို ခံစားရပေသည်။
ထိုခဏမှာတင် ဆရာရှုက လင်းကျင်း၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး သူတို့ကို မက်မွန်ပွင့်အိမ်ဂေဟာဆီသို့ နောက်တစ်ကြိမ် တည်နေရာ ပြန်လည် ရွှေ့ပြောင်းပေးလိုက်တော့၏။
သူတို့ ပျောက်ကွယ်သွားသည့် ခဏမှာတင် သားရဲအကဲဖြတ်မျှော်စင်၏ ဒုတိယထပ်မှ တံခါးတစ်ချပ် ပွင့်ဟလာခဲ့သည်။ ကျန့်စီဖုန်း ထွက်ပေါ်လာခဲ့ပြီး အပေါ်ထပ်သို့ သိလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။
မည်သည့်အရာမျှ ရှိမနေသည်ကို သိရှိသွားပြီးနောက် သူ ခေါင်းခါလိုက်ပြီး သူ၏ အခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့တော့သည်။
လင်းကျင်းသည် ရှေးဟောင်းကျမ်းစာများထဲတွင် မသေမျိုး ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ပျံသန်းနိုင်စွမ်းရှိပြီး မြေအောက်သို့ တိုးဝင်နိုင်ကာ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာများသို့ တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်း ရှိကြောင်း ဖတ်ရှုခဲ့ဖူး၏။ လင်းကျင်းသည် ထိုစာအုပ်များက ချဲ့ကားရေးသားထားခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ဖူးသော်လည်း ဤအတွေ့အကြုံကို ကြုံတွေ့ရပြီးနောက်တွင်မူ သူသည် ဤကမ္ဘာတွင် ထိုကဲ့သို့သော ဆန်းကြယ်လှသည့် မသေမျိုးစွမ်းရည်များ အမှန်တကယ် တည်ရှိနေနိုင်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ရတော့သည်။
သူ အဘိုးအိုရှု၏ ကမ်းလှမ်းချက်ကို လက်ခံသင့်သလား။
သေချာတာပေါ့... လက်ခံရမည် ဖြစ်၏။
ရစ်ပတ်အပ်နည်းစနစ်က တန်ဖိုးကြီးနိုင်သော်လည်း ၎င်းက ဤတည်နေရာရွှေ့ပြောင်းခြင်း စွမ်းရည်နှင့် နှိုင်းယှဉ်နိုင်ရန် မဖြစ်နိုင်ချေ။ အတိအကျ ပြောရလျှင် လင်းကျင်းသည် ဤအလဲအလှယ်တွင် အမြတ်ထွက်နေခဲ့ခြင်း ဖြစ်သည်။
နောက်ထပ်အနေဖြင့် အဓိက အစီအစဉ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူသည် ဤစကြဝဠာမင် အနည်းငယ်ကို မည်သို့ အသုံးပြုရမည်နည်း။
“သိုလှောင်ခြင်း အမှတ်အသားအတွက်ကတော့ အဲဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ကြားပေးမယ့် စာအုပ်ငယ်တစ်အုပ် ငါ့ဆီမှာ ရှိတယ်... ဒါက အဲဒီလောက်အထိ မခက်ခဲပါဘူး”
ရှုရှောင်လိုသည် သူ၏ အင်္ကျီလက်ထဲမှ ပါးလွှာသော စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လင်းကျင်းထံသို့ ကမ်းပေးလိုက်၏။
“စကြဝဠာမင်ကို အသုံးပြုပြီး တည်နေရာရွှေ့ပြောင်းဖို့ အပိုင်းကတော့ နည်းနည်း ပိုပြီး ခက်ခဲလိမ့်မယ်... မင်းက ဒီမင်နဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲရမှာဖြစ်ပြီး မင်းရဲ့ စိတ်ဝိညာဉ်ကို မသန့်စင်ဘဲ အဲဒီ ပန်းချီကားထဲကို မထည့်သွင်းခင်မှာတင် အဲဒါကို တည်နေရာရွှေ့ပြောင်းဖို့ အသုံးပြုနိုင်စွမ်း ရှိဦးမှာမဟုတ်ဘူး"
ထိုသို့ ပြောပြီးနောက် ရှုရှောင်လိုသည် စကြဝဠာမင်ကို စာပွဲပေါ်သို့ တင်ထားလိုက်၏။
လင်းကျင်း တွေးတောလိုက်မိသည်။
‘အဘိုးရှုက မက်မွန်ပွင့်အိမ်ဂေဟာမှာ သူ တည်နေရာရွှေ့ပြောင်းလာနိုင်ဖို့ ပန်းချီကားတစ်ချပ်ကို ဝှက်ထားခဲ့တာ နေမှာပဲ’
သူသည် အဓိက ခန်းမ၏ နံရံပေါ်တွင် ပန်းချီကားတစ်ချပ်နှင့် သူ၏ စာကြည့်ခန်းအတွင်း၌ အခြားသော ပန်းချီကားတစ်ချပ်ကို မြင်တွေ့ခဲ့ရသည်ကို ပြန်လည် မှတ်မိလိုက်၏။
ဘယ်တစ်ခုက သူ၏ ပန်းချီကား ဖြစ်မလဲဆိုသည့် အချက်ကိုတော့ လင်းကျင်း ယခုအချိန်တွင် လိုက်လံ စဉ်းစားမနေတော့ချေ။ ဤနေရာတွင် အဓိကအချက်မှာ သူသည် အကျိုးအမြတ်ရှိသော အလဲအလှယ်တစ်ခုကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
လင်းကျင်းသည် ပထမဦးစွာ သိုလှောင်ခြင်း အမှတ်အသားကို လေ့လာလိုက်၏။ စာအုပ်ငယ်တွင် စာမျက်နှာ အနည်းငယ်သာ ရှိသည့်အတွက် သူ အလျင်အမြန်ပင် ဖတ်ရှုပြီးစီးသွားခဲ့သည်။ လင်းကျင်း၏ နားလည်နိုင်စွမ်းဖြင့် ဆိုပါက ထိုအချက်အလက်များကို နားလည်ရန် သူ့အတွက် အများကြီး မလိုအပ်ခဲ့ချေ။ တစ်ဆယ့်ငါးမိနစ်မပြည့်မီ အချိန်အတွင်းမှာတင် သူသည် မန္တန်အတတ်၏ နောက်ကွယ်မှ သဘောတရားကို နားလည်သွားခဲ့တော့သည်။
သူက စားပွဲပေါ်ရှိ စကြဝဠာမင်ကို ကြည့်လိုက်ပြီး အပ်တစ်စင်းကို ပစ်လွှတ်လိုက်၏။ ထိုအပ်က မင်အနည်းငယ်ကို တို့ယူလိုက်ပြီးနောက် လင်းကျင်း၏ အင်္ကျီလက်ပေါ်တွင် အမှတ်အသားတစ်ခုကို အလျင်အမြန်ပင် ပုံဖော်လိုက်တော့၏။