အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) - မြင့်မြတ်သော သားရဲလေးကောင် အစီအရင်
ရှို့ဝူ ထိုသို့ပြောပြီးနောက် လီချိုးက ပြောလိုက်သည်။
"ဒါဆိုရင်လည်း အပန်းဖြေစခန်းနားမှာ ကာကွယ်ရေး အတားအဆီးတစ်ခု တည်ဆောက်လိုက်ကြတာပေါ့...”
“လက်ရှိ ကျွန်တော့်ရဲ့ ခွန်အားရယ် စစ်မှန်သောနတ်ဘုရားမ ကျူးလင်ရဲ့ ခွန်အားရယ် ပေါင်းလိုက်မယ်ဆိုရင် ကျူးကျော်သူတွေကို ခဏတဖြုတ် တားဆီးထားနိုင်မယ့် ခိုင်မာတဲ့ အတားအဆီးတစ်ခု တည်ဆောက်နိုင်မယ်လို့ ထင်တယ်..."
ကျူးလင်သည် လီချိုး၏ အကြံပြုချက်ကို စဉ်းစားကြည့်ပြီးနောက် ဖြစ်နိုင်ချေရှိကြောင်း တွေးမိလေ၏။ သူမက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ကာကွယ်ရေး အစီအရင်တချို့ကိုတော့ ကျွန်မ သိတယ်... ဒါပေမဲ့ ကျွန်မရဲ့ ဓားအစီအရင်လောက်တော့ အစွမ်းမထက်ဘူး...”
“အဆင့်မြင့်နတ်ဘုရား လီချိုးရော နဂါးနတ်ဘုရားမျိုးနွယ်က ကာကွယ်ရေးအစီအရင် တစ်ခုခုကို သိလား..."
လီချိုးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"မင်းရဲ့ အစီအရင်ကိုပဲ သုံးလိုက်ပါ...”
“နဂါးအစီအရင်က အရမ်းအစွမ်းထက်လွန်းတော့ ဒီလိုကမ္ဘာငယ်လေးမှာ သုံးဖို့ သိပ်အဆင်မပြေဘူး...”
“တကယ်လို့ မင်းရဲ့ ကာကွယ်ရေး အတားအဆီးက သူတို့ကို မတားနိုင်တော့ဘူးဆိုရင် တိုက်ပွဲထဲ ဝင်ပါလိုက်ကြတာပေါ့..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။
"ဒါဆိုရင် မနက်စာစားပြီးတာနဲ့ အတားအဆီးကို သွားလုပ်ကြတာပေါ့..."
လီချိုးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ..."
သူတို့နှစ်ဦး စကားပြော၍ ပြီးသွားသည်ကို မြင်သောအခါ ရှို့ဝူက ဝင်ပြောလိုက်သည်။
"အစားအသောက်တွေ ပူနေတုန်း အရင်စားကြတာပေါ့..."
သူ ထိုသို့ပြောပြီးနောက် သူတို့သည် မနက်စာကို မြန်မြန်ဆန်ဆန် စားသောက်လိုက်ကြလေ၏။ ကျူးလင်က တူနှင့် ပန်းကန်အလွတ်ကို ချထားလိုက်ပြီးနောက် ကုလားထိုင်မှထကာ လီချိုးကို ကြည့်ရင်း ပြောလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား လီချိုး... သွားကြရအောင်..."
လီချိုးက ခေါင်းညိတ်ပြကာ မတ်တပ်ရပ်လိုက်ပြီး ကျီယန်ကို ပြောလိုက်၏။
"သခင်လေးကျီ... နောက်မှ မင်းကိုလာရှာလိုက်မယ်..."
သူ့ကို ကြည့်ရင်း ကျီယန်က ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ..."
ထိုစကားများ ပြောပြီးနောက် လီချိုးသည် ကျူးလင်နှင့်အတူ ထွက်သွားလေ၏။
သူတို့နှစ်ဦး စကားပြောရင်း လျှောက်သွားသည်ကို မြင်သောအခါ ထန်ဝေ့က ရှို့ဝူကို လှမ်းကြည့်လိုက်သည်။ ရှို့ဝူတစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့် အစားကို ဆက်စားနေသေးသည်ကို မြင်လိုက်ရသဖြင့် သူက မေးလိုက်၏။
"လောင်ရှို့... သူတို့နှစ်ယောက်တည်း သွားတာကို မင်း တကယ် ကိစ္စမရှိဘူးလား..."
ထန်ဝေ့၏စကားကို ကြားပြီးနောက် ရှို့ဝူက မျက်လုံးပင့်ကာ ကြည့်လိုက်လေသည်။ သူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မေးလိုက်၏။
"ငါက ဘာလို့ ဂရုစိုက်ရမှာလဲ... ရှောင်လင်က ငါ့မိန်းမလည်း မဟုတ်ဘူး... ငါ့ချစ်သူလည်း မဟုတ်ဘူးလေ... သူ ဘယ်သူနဲ့သွားသွား သွားချင်တဲ့သူနဲ့ လွတ်လွတ်လပ်လပ်သွားခွင့်ရှိတာပဲ..."
သူ ဤသို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် ထန်ဝေ့က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း တကယ်ပြောနေတာလား... မင်း လက်လျှော့လိုက်ပြီလား..."
ကျီယန်က ရှို့ဝူကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်လေ၏။
"လောင်ရှို့... မင်း တကယ် နောင်တမရဘူးမလား... ရှောင်လင်နဲ့ လီချိုးသာ တကယ်လက်တွဲသွားခဲ့ရင် မင်း ငိုဖို့တောင် နောက်ကျသွားလိမ့်မယ်နော်..."
ရှို့ဝူက သူ့ကို ပြန်မဖြေဘဲ မနက်စာကိုသာ တည်တည်ငြိမ်ငြိမ် ဆက်စားလိုက်သည်။ အစားစား၍ ပြီးသွားသောအခါ ရှို့ဝူက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။
"ငါ ကင်းလှည့်ဖို့ သွားတော့မယ်..."
ထန်ဝေ့က သူ ထမင်းစားခန်းထဲမှ ထွက်သွားသည်ကို ကြည့်နေရင်း နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"သူတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား...”
“လွန်ခဲ့တဲ့ နှစ်ရက်ကတောင် သူတို့ ဆက်ဆံရေးက ကောင်းနေသေးတာ မဟုတ်ဘူးလား...”
“ဘာလို့ ဒီနေ့ကျမှ တစ်ယောက်နဲ့တစ်ယောက် အေးတိအေးစက်တွေ ဖြစ်နေကြတာလဲ..."
ကျီယန်က သူ၏ နားမလည်နိုင်ဖြစ်နေသော အမူအရာကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"လောင်ရှို့နဲ့ ရှောင်လင်တို့ရဲ့ ဆက်ဆံရေးကို သူတို့ဘာသာသူတို့ ရှင်းပါစေ... သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ငါတို့ ဝင်မစွက်ဖက်သင့်ဘူး..."
သူ၏စကားကို ကြားပြီးနောက် ထန်ဝေ့က သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ..."
ထမင်းစားခန်းထဲမှ ထွက်လာပြီးနောက် ရှို့ဝူသည် စံအိမ်မှ ထွက်ခွာလာခဲ့ရာ အဝေးတွင် ကျူးလင်နှင့် လီချိုးတို့ စကားပြောနေကြသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ဦး အလွန်နီးကပ်စွာ ရပ်နေကြသည်ကို မြင်သောအခါ သူက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သဝန်တိုမှုကို ထိန်းချုပ်ကာ အမြန်ထွက်သွားလေ၏။
သူ ရှိနေသည်ကို သတိထားမိလိုက်သဖြင့် ကျူးလင်က လှည့်ကြည့်လိုက်ရာ ရှို့ဝူ ခပ်သုတ်သုတ် ထွက်သွားသည်ကို မြင်လိုက်ရသည်။
ယနေ့ သူမအပေါ် သူ မည်မျှ အေးစက်စွာ ဆက်ဆံခဲ့သည်ကို တွေးမိသောအခါ ကျူးလင်မှာ သက်ပြင်းသာ ချနိုင်တော့၏။
လီချိုးက သူမဘေးတွင် ရပ်နေရင်း သူမ၏ သက်ပြင်းချသံကို ကြားသွားကာ မေးလိုက်လေသည်။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... အခက်အခဲ တစ်ခုခုရှိလို့လား... ကျွန်တော့်ရဲ့ အကူအညီ လိုအပ်လား..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။
"မလိုပါဘူး... ဆက်လုပ်ကြတာပေါ့..."
လီချိုးက သူမကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကောင်းပါပြီ... ဒါဆိုရင် အနောက်ဘက်နဲ့ တောင်ဘက်ခြမ်းကို ကျွန်တော်သွားလိုက်မယ်... မင်းက မြောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းကို တာဝန်ယူလိုက်လေ..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ရေခဲပန်းပွင့်ဆွဲကြိုးလေးထဲမှ အစီအရင်ပြား လေးပြားကို ထုတ်ယူလိုက်၏။ သူမက အစီအရင်ပြား နှစ်ပြားကို လီချိုးထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ဒီအစီအရင်ပြားတွေကို မြေကြီးထဲမှာ မြှုပ်လိုက်ပါ... ပြီးသွားရင် ကျွန်မကို ပြောလေ..."
လီချိုးက သူမလက်ထဲမှ အစီအရင်ပြားများကို ယူလိုက်ပြီး ပြောလိုက်လေ၏။
"ကောင်းပါပြီ..."
တာဝန်ခွဲဝေမှု ပြီးဆုံးသွားပြီးနောက် ကျူးလင်နှင့် လီချိုးတို့သည် အစီအရင်ပြားများကို အရပ်လေးမျက်နှာတွင် မြှုပ်နှံရန် ထွက်သွားကြလေသည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် လီချိုးက ကျူးလင်ထံသို့ စိတ်ချင်းဆက်သွယ်၍ စကားလှမ်းပြောလိုက်၏။
‘စစ်မှန်သောနတ်ဘုရားမ ကျူးလင်... ကျွန်တော့်ဘက်မှာတော့ ပြီးသွားပြီ... မင်းဘက်ကရော ဘယ်လိုနေလဲ...’
ကျူးလင်က သူမလက်ပေါ်မှ ဖုန်များကို သုတ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
‘ကျွန်မဘက်မှာလည်း ပြီးသွားပြီ... အခု အစီအရင်ကို စပြီး အသက်သွင်းလိုက်တော့မယ်...’
သူမ ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် လီချိုး၏ အသံ ထွက်ပေါ်လာ၏။
‘ကောင်းပြီလေ... ကျွန်တော် အခု ပြန်လာခဲ့မယ်...’
ကျူးလင်သည် အစီအရင်၏ အလယ်ဗဟိုတွင် ရပ်ကာ တည်ငြိမ်စွာဖြင့် လက်သင်္ကေတတစ်ခုကို ဖော်လိုက်လေသည်။ လက်သင်္ကေတများ ပြီးမြောက်သွားသောအခါ သူမက ပြောလိုက်၏။
"နိုးထလော့..."
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အပန်းဖြေစခန်းပတ်လည် အရပ်လေးမျက်နှာမှ အလင်းတန်းလေးခု ကောင်းကင်သို့ ထိုးတက်သွားလေသည်။
နောက်တစ်စက္ကန့်တွင် မြောက်ဘက်ရှိ အမည်းရောင်အလင်းတန်းထဲမှ အနက်ရောင်လိပ်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် အရှေ့ဘက်ရှိ စိမ်းပြာရောင်အလင်းတန်းထဲမှ စိမ်းပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်အကြာတွင် အနောက်ဘက်ရှိ အဖြူရောင်အလင်းတန်းထဲမှ ကျားဖြူတစ်ကောင် ခုန်ထွက်လာလေ၏။
ထိုမြင့်မြတ်သော သားရဲသုံးကောင်လုံး အစီအရင်ပြားများအထက်တွင် ဝဲပျံနေကြချိန်၌ တောင်ဘက်မှ ဖီးနစ်ငှက်၏ အော်မြည်သံတစ်ခု ထွက်ပေါ်လာပေသည်။
နောက်တစ်စက္ကန့်တွင် တောင်ဘက်ရှိ အနီရောင်အလင်းတန်းထဲမှ ဧရာမမီးဖီးနစ်ငှက်ကြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာချေပြီ။
မြင့်မြတ်သော သားရဲလေးကောင်လုံး အစီအရင်ပြား လေးပြား၏ အထက်တွင် ဝဲပျံနေသည်ကို မြင်သောအခါ ကျူးလင်က နောက်ထပ် လက်သင်္ကေတတစ်ခုကို ဖော်လိုက်ပြန်၏။
လက်သင်္ကေတ ပြီးမြောက်သွားချိန်တွင် သူမ၏ ခြေဖဝါးအောက်၌ အစီအရင်ငယ်တစ်ခု ထွက်ပေါ်လာလေသည်။
သူမ၏ ခြေဖဝါးအောက်ရှိ အစီအရင်ထံမှ ပြင်းထန်သော စုပ်ယူအားကို ခံစားလိုက်ရသဖြင့် ကျူးလင်က လီချိုးထံသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။
‘အဆင့်မြင့်နတ်ဘုရား လီချိုး... အခု လာလို့ရမလား... အစီအရင်ကို အသက်မသွင်းခင် နတ်ဘုရားစွမ်းအင်တွေ ဖြည့်တင်းဖို့ လိုအပ်နေလို့...’
‘လာပြီ...’
နောက်တစ်စက္ကန့်တွင် လီချိုးသည် သူမဘေး၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့နဖူးဖြင့် သူမနဖူးကို ထိကပ်လိုက်လေ၏။
သက်တန့်ရောင်ရှိသော သူ၏ဦးချိုလေး လင်းလက်သွားချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားစွမ်းအင်များသည် ကျူးလင်၏ ဒန်တျန်ထံသို့ စီးဆင်းသွားပြီး သူတို့အောက်ရှိ အစီအရင်သည်လည်း ကျူးလင်၏ နတ်ဘုရားစွမ်းအင်များကို ဆက်လက်စုပ်ယူနေတော့သည်။