အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂) - တိုက်ခိုက်ခံရခြင်း
ဆယ်မိနစ်ခန့် ကြာပြီးနောက် လီချိုးက ကျူးလင်၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... နတ်ဘုရားစွမ်းအင်က မလောက်သေးဘူးလား..."
ကျူးလင်က သူ့ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်၏။
"မလောက်သေးဘူး... အစီအရင်ကို ကျွန်မကိုယ်တိုင် တည်ဆောက်ထားတာဖြစ်လို့ ဒီတစ်ကြိမ် ဆင့်ခေါ်ထားတဲ့ နတ်ဘုရားသားရဲတွေက ပုံရိပ်ယောင်တွေမဟုတ်ဘဲ နတ်ဘုရားသားရဲအစစ်တွေ ဖြစ်နေလို့..."
ထိုစကားကို ကြားသောအခါ လီချိုးက သူ လှည့်စားလိုက်ပြီဟု ခံစားလိုက်ရလေသည်။ သူက အံကြိတ်လိုက်ပြီး မေးလိုက်၏။
"ဒီနေရာလေးကို ကာကွယ်ဖို့အတွက် နတ်ဘုရားသားရဲ လေးကောင်ကို တစ်ပြိုင်တည်း ဆင့်ခေါ်လိုက်တယ်လို့ ပြောချင်တာလား..."
ကျူးလင်က တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် အကြည့်လွှဲကာ ပြောလိုက်သည်။
"ဟုတ်တယ်..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် လီချိုးမှာ ဆွံ့အသွားရရှာ၏။
"..."
စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က အနေခက်စွာ ပြုံးလိုက်ပြီး ပြောလိုက်ပေသည်။
"အသေးအဖွဲ ကိစ္စလေးတွေကို စိတ်မပူပါနဲ့... အခုလောလောဆယ်တော့ နတ်ဘုရားသားရဲ လေးကောင်ကို စွမ်းအင်ကျွေးမွေးပြီး အစီအရင်ကို အသက်သွင်းဖို့ပဲ အာရုံစိုက်ရအောင်..."
ရှောင်လွှဲနေသော သူမ၏ မျက်ဝန်းများကို ကြည့်ရင်း လီချိုးမှာ ထပ်မံ၍ အပြောရခက်သွားချေသည်။
"..."
အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်ကာ ပြောလိုက်၏။
"ကောင်းပြီလေ... အရင်ဆုံး သူတို့ကို စွမ်းအင် ကျွေးလိုက်ကြတာပေါ့..."
စကားပြောနေစဉ်မှာပင် လီချိုးက မျက်လုံးမှိတ်လိုက်ပြီး လေထုထဲရှိ နတ်ဘုရားစွမ်းအင်များကို အမြန်ဆုံး စုပ်ယူလိုက်ကာ ကျူးလင်ထံသို့ အလျင်အမြန် လွှဲပြောင်းပေးလိုက်လေသည်။
သူတို့နှစ်ဦး အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြရာ နှစ်နာရီတိတိ ကြာပြီးနောက်မှသာ အစီအရင်ကို အသက်သွင်းနိုင်ခဲ့ပေသည်။
ဝုန်း... ဝုန်း...
ကျူးလင်နှင့် လီချိုးတို့ နတ်ဘုရားသားရဲ လေးကောင်အား စွမ်းအင်ကျွေးမွေးခြင်း ပြီးစီးသွားသောအခါ ပတ်ဝန်းကျင်၌ တိုးညင်းသော တုန်ခါသံတစ်ခု ထွက်ပေါ်လာ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် နတ်ဘုရားသားရဲ လေးကောင်သည် အလင်းရောင်ထဲသို့ ပြန်လည်ပျံသန်းသွားကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရမှ ကျူးလင်က သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ပြီးသွားပြီ..."
သူမ စကားပြောပြီးသည်နှင့် အလင်းတန်းလေးခုကို ဆက်သွယ်ထားသော ဖောက်ထွင်းမြင်ရသည့် အကာအကွယ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ပြီးပြည့်စုံသော အတားအဆီးတစ်ခု ဖြစ်ပေါ်လာပေသည်။
ယင်ယန်အစီအရင်အထက်ရှိ ပြီးပြည့်စုံသော နတ်ဘုရားသားရဲလေးပါး အစီအရင်နှင့် ဖောက်ထွင်းမြင်ရသော အကာအကွယ်ကို ကြည့်ကာ လီချိုးက ကျူးလင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... ခင်ဗျား နည်းနည်းပါးပါးတော့ ဆင်ခြင်သင့်တယ်နော်..."
ကျူးလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အပန်းဖြေစခန်းကို ဝန်းရံထားသော အလွှာသုံးထပ် အစီအရင်ကိုပါ ထပ်ကြည့်လိုက်ကာ ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... နောက်တစ်ခါကျရင် ပိုပြီး သတိထားပါ့မယ်..."
လီချိုးက သူမကို လှမ်းကြည့်လိုက်ပြီး တွေးလိုက်မိ၏။
'နောက်တစ်ခါ ရှိသေးတယ်ပေါ့...'
အကာအကွယ်ကို တည်ဆောက်ပြီးနောက် သူတို့နှစ်ဦးသည် အိမ်ရာဆီသို့ ပြန်လျှောက်လာခဲ့ကြသည်။ တောင်ကုန်းပေါ်သို့ မရောက်မီမှာပင် အပန်းဖြေစခန်းဝန်းကျင်မှ ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဘုန်း...
ပေါက်ကွဲသံ ထွက်ပေါ်လာသည်နှင့် တံတိုင်း တည်ဆောက်နေကြသော သာမန်လူများသည် ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ မုန့်ကျယ်လန်နှင့် ဝမ်နတို့ သူတို့ဘေးမှ ပြေးဖြတ်သွားသည်ကို မြင်သောအခါ ကျူးလင်က တားလိုက်ပြီး မေးလိုက်၏။
"ဝမ်န... ဘာဖြစ်တာလဲ..."
ကျူးလင်ကို မြင်သောအခါ ဝမ်နက ကျူးလင်၏ လက်ကိုဆွဲကာ ပြောလိုက်သည်။
"အစ်မကြီး... မြန်မြန်ပြေးပါ... လဲ့ဟော်စခန်းက လူတွေ ရုတ်တရက်ကြီး ဝင်တိုက်နေကြတယ်..."
ထိုစကားကို ကြားသောအခါ လီချိုးက မေးလိုက်၏။
"သူတို့ ဘယ်မှာလဲ..."
မုန့်ကျယ်လန်က အနောက်ဘက်တံတိုင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။
"ကျွန်မတို့ အဲဒီကနေ ထွက်လာတုန်းက အလုပ်သမားတွေကို တိုက်ခိုက်နေကြတုန်းပဲ... သာမန်လူတွေ အများကြီး ဒဏ်ရာရသွားတယ်...”
“ဒါပေမဲ့ အခုတော့ မင်ဝေ ကြေးစားတပ်ဖွဲ့ဝင်တွေက သူတို့ကို ပြန်တိုက်နေကြပြီ... အခု အခြေအနေ ဘယ်လိုရှိလဲတော့ မသိဘူး..."
သူမ၏ အဖြေကို ကြားပြီးနောက် လီချိုးက ခေါင်းညိတ်လိုက်ကာ ကျူးလင်ကို ကြည့်၍ ပြောလိုက်သည်။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... ကျွန်တော် အခြေအနေ သွားစစ်ကြည့်လိုက်ဦးမယ်...”
“အခုလောလောဆယ် နတ်ဘုရားစွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးအောင် အရင်ပြန်နားလိုက်ပါ..."
ထိုသို့ပြောပြီးနောက် လီချိုးသည် ထိုနေရာမှ ပျောက်ကွယ်သွားရာ မုန့်ကျယ်လန်နှင့် ဝမ်နတို့မှာ အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြလေသည်။ သူတို့ ပြန်လည်သတိမဝင်လာမီမှာပင် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာချေသည်။
ဘုန်း... ဘုန်း...
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မြေငလျင်လှုပ်ခတ်သွားသကဲ့သို့ မြေပြင်ကြီးက တုန်ခါသွား၏။ မြေပြင်ပေါ်တွင် ရုတ်တရက် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို ကြည့်ကာ ကျူးလင်က အမျိုးသမီးငယ်နှစ်ဦးအား ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် တောင်ကုန်းပေါ်ကို မြန်မြန် တက်သွားကြ..."
သူမက အနောက်ဘက်တံတိုင်းဆီသို့ သွားမည်ကို မြင်သောအခါ မုန့်ကျယ်လန်က လက်မောင်းကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး မေးလိုက်၏။
"အစ်မကြီး... ဘယ်သွားမလို့လဲ..."
ကျူးလင်က မုန့်ကျယ်လန်၏ လက်များကို ဖွဖွလေး ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ငါ့အတွက် စိတ်မပူနဲ့... မင်းတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်က အနောက်ဘက်တံတိုင်းဆီသို့ ပြေးသွားလေသည်။
သူမ ရောက်ရှိသွားချိန်တွင် တံတိုင်းမှာ နေရာအများအပြား ပျက်စီးနေပြီး လဲ့ဟော်စခန်းမှ လူများသည် တံတိုင်းကို ရူးသွပ်စွာ ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်ပေသည်။
အရောင်အသွေးစုံလင်သော စွမ်းရည်များ ပျံဝဲနေသည်ကို ကြည့်ရင်း ကျူးလင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရှို့ဝူသည် ရင်းနှီးနေပုံရသော လူတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။
ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် အဝေး၌ ရပ်နေသော သူမကို ကျန်းဇီဟောင်က မြင်သွားလေသည်။
ရှို့ဝူမှာ သူ၏ အဖွဲ့ဝင်များနှင့် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ကျန်းဇီဟောင်က အေးစက်စွာ ပြုံးလိုက်ပြီး ကျူးလင်ထံသို့ ပြေးဝင်လာတော့သည်။
ရေနံချက်စက်ရုံမှ အရှက်ရဖွယ် တိုက်ပွဲအပြီးတွင် နောက်ဆုံးတော့ သူမကို ပြန်တွေ့လိုက်ရပြီ ဖြစ်၏။
ဤတစ်ကြိမ်တွင် သူမကို အမိဖမ်းရမည်သာ။
ကျန်းဇီဟောင်သည် ကျူးလင်၏ အနောက်ဘက်သို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး သူ့စွမ်းရည်ကို ထိန်းချုပ်ကာ မီးဖြင့်ပြုလုပ်ထားသော ရှည်လျားပါးလျသည့် ကြိုးတစ်ချောင်းကို ဖန်တီးလိုက်လေသည်။
သူ၏ စွမ်းရည်ကို တိကျစွာ ထိန်းချုပ်နိုင်ခြင်းကြောင့် မီးကြိုးအား ပစ်မှတ်ကို မလောင်ကျွမ်းစေဘဲ အလွန်ခိုင်ခံ့အောင် ပြုလုပ်နိုင်ပေသည်။
ကျန်းဇီဟောင်သည် အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကျူးလင်က ရှို့ဝူထံသို့ လျှောက်သွားသည်ကို မြင်သောအခါ သူက မီးကြိုးဖြင့် လှမ်းပစ်လိုက်၏။
ရွှစ်...
မီးကြိုးက ကျူးလင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်နှင့် ကျန်းဇီဟောင်က အနောက်သို့ ဆွဲယူလိုက်လေသည်။
မီးကြိုး၏ ဆွဲငင်မှုကြောင့် ကိုယ်ပါသွားသော်လည်း ကျူးလင်က တည်ငြိမ်စွာပင် လှည့်ကြည့်လိုက်ရာ စိတ်လှုပ်ရှားစွာဖြင့် မဲ့ပြုံး ပြုံးနေသော ကျန်းဇီဟောင်ကို တွေ့လိုက်ရပေသည်။
သူ၏ ရမ္မက်ကြီးသော အမူအရာကို ကြည့်ရင်း ဤလူကို ဘယ်နေရာတွင် မြင်ဖူးသလဲဆိုသည်ကို ကျူးလင် ရုတ်တရက် သတိရသွားသည်။
သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီး ရေခဲပန်းဆွဲသီးထဲမှ ဓားကို ဆွဲထုတ်လိုက်၏။ ဓားထွက်ပေါ်လာသည်နှင့် သူမ၏ စိတ်ထဲတွင် ပင်းကျန့်၏ အသံကို ကြားလိုက်ရလေသည်။
'သခင်မ... အခု ဘာကစားနေတာလဲ... အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ...'
ပင်းကျန့်၏ စကားကို ကြားသောအခါ ကျူးလင်မှာ ဆွံ့အသွားရရှာ၏။
"..."
သူမက သက်ပြင်းချလိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
'မင်း ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ ငါ တကယ် သိချင်မိတယ်...'
ပင်းကျန့် ပြန်မဖြေနိုင်မီမှာပင် ကျန်းဇီဟောင်က ကျူးလင်၏ ခါးဆီသို့ လက်လှမ်းလာလေသည်။
သူ၏လက်က သူမ၏ ခန္ဓာကိုယ်နှင့် ထိလုနီးပါး ဖြစ်သွားချိန်တွင် ပင်းကျန့်က လှုပ်ရှားသွားပြီး ဆန့်တန်းလာသော လက်ဆီသို့ ခုတ်ချလိုက်တော့၏။
ရွှမ်း...
"အား..."
ထိုအနေအထားမှနေ၍ ကျူးလင်က ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု ကျန်းဇီဟောင် လုံးဝ ထင်မှတ်မထားခဲ့ပေ။ ရုတ်တရက် အံ့ဩသွားမှုကြောင့် သူသည် ဓားချက်ကို အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ချေ။
သူက သွေးထွက်နေသော လက်ကို ဖမ်းဆုပ်ကာ သွားကြိတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခွေးမ... မင်းကို နောင်တရပြီး သနားခံလာအောင် ငါ သေချာပေါက် လုပ်ပြမယ်..."