အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃) - ပြန်ပေးဆွဲခံရခြင်း
ကျန်းဇီဟောင် ပြောပြီးသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော မီးကြိုးမျှင်များက ကျူးလင်၏ ခန္ဓာကိုယ်အား ပိုးအိမ်သဖွယ် ရစ်ပတ်သွားလေသည်။
သူမ လှုပ်ရှား၍မရတော့သည်ကို မြင်သောအခါ သူက ကျူးလင်ကို ပခုံးပေါ် အမြန်ထမ်းတင်လိုက်ပြီး အပန်းဖြေစခန်းဧရိယာမှ ထွက်ခွာသွားတော့၏။ မီးကြိုးမျှင်များဖြင့် ရစ်ပတ်ခံထားရသော ကျူးလင်ကမူ ပင်းကျန့်နှင့် တည်ငြိမ်စွာ စကားပြောဆိုနေလေသည်။
'သခင်မ... ဒီသာမန်လူသားကို သတ်မယ့်ကိစ္စ ဘာလို့ တားလိုက်ရတာလဲ...'
ပင်းကျန့်က ဒေါသတကြီးဖြင့် မေးလိုက်သည်။
သူ၏ အသံထဲမှ မကျေနပ်မှုကို ကြားလိုက်ရသဖြင့် ကျူးလင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
'အရင်တစ်ခေါက် ဒီလူကို တွေ့တုန်းက ရှို့ဝူ ရိုက်တာခံရပြီး ထွက်ပြေးသွားတာလေ... ဒါပေမဲ့ ဒီနေ့ ပြဿနာလာရှာရဲသေးတယ်ဆိုတော့ သူက ငတုံးတစ်ယောက်မဟုတ်ရင် ကျောထောက်နောက်ခံ ကောင်းကောင်းရှိနေလို့ပဲ...’
‘မဟုတ်ရင်တော့ ရှို့ဝူကို သူ ထပ်ပြီး ရန်စရဲမှာ မဟုတ်ဘူး... သူက ငတုံးမဟုတ်မှန်း သိသာနေတော့ သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရှိနေတယ်ဆိုတဲ့ သဘောပဲ...'
သူမ၏ စကားများကို ကြားပြီးနောက် ပင်းကျန့်က ပြန်ပြောလိုက်သည်။
'အာ... ဒါဆို သခင်မက ဒီလူ့နောက်ကွယ်က ကျောထောက်နောက်ခံ ဘယ်သူလဲဆိုတာ သိချင်နေတာကိုး...'
'အင်း... ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ဇစ်မြစ်ကိုပါ ဖယ်ရှားပစ်မှ ရမယ်...'
ကျူးလင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
သူမ၏ စကားကို ကြားသောအခါ ပင်းကျန့်မှာ သက်ပြင်းချလိုက်ပြီး ပြောလာလေသည်။
'သခင်မ... ဒီကမ္ဘာငယ်လေးဆီ ရောက်လာပြီးနောက် သခင်မများ တုံးအသွားပြီလားလို့ ကျွန်တော် ထင်နေတာ... ကံကောင်းတာက ဦးနှောက်ရှိနေသေးတာပဲ...'
သူ့စကားကို ကြားလိုက်ရသဖြင့် ကျူးလင်မှာ မည်သို့ပြန်ပြောရမည်ကို မသိတော့ချေ။
"..."
သူတို့နှစ်ဦး စကားပြောနေစဉ် ကျန်းဇီဟောင်မှာ ယာယီပုန်းခိုရာနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက ကျူးလင်ကို မြေပြင်ပေါ်ချလိုက်ပြီး ပြောလိုက်လေသည်။
"ဒီမှာ လိမ်လိမ်မာမာနေစမ်း... ခဏနေရင် မင်းကို ညင်ညင်သာသာလေး ဆက်ဆံပေးမယ်... မဟုတ်ရင်တော့ မင်း နာကျင်ရလိမ့်မယ်..."
ထိုစကားများ ချန်ရစ်ခဲ့ပြီးနောက် သူက အခန်းငယ်လေးထဲမှ ထွက်ခွာသွားကာ တံခါးကို သော့ခတ်သွားတော့သည်။ ခြေသံများ ပျောက်ကွယ်သွားပြီးနောက် ကျူးလင်က တည်ငြိမ်စွာ ဆိုလိုက်၏။
'ပင်းကျန့်... ကြိုးတွေကို ဖြတ်လိုက်တော့...'
'ဟုတ်ကဲ့ပါ သခင်မ...'
နောက်တစ်စက္ကန့်တွင် ပင်းကျန့်သည် ဓားထဲမှ ထွက်ပေါ်လာလေသည်။ သူ၏ ခြေဖဝါးများ ဖုန်ထူနေသော မြေပြင်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် သူက ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်လိုက်ပြီး ပြောလိုက်၏။
"ဒီကမ္ဘာက သာမန်လူသားတွေ တကယ်ပဲ ဒီလိုနေကြတာလား... ဒီနေရာက ကြွက်တွေ နေဖို့တောင် မသင့်တော်ဘူး..."
ထိုသို့ပြောပြီးနောက် သူက မီးကြိုးမျှင်များဖြင့် ပြုလုပ်ထားသော ပိုးအိမ်ကို မြင်လိုက်ရသဖြင့် လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်သည်။
ဓားစွမ်းအင်က မီးကြိုးမျှင်များကို အလွယ်တကူ ပြတ်တောက်သွားစေပြီးနောက် ပင်းကျန့်မှာ ကျူးလင်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မီးကြိုးမျှင်များကို ခွာချရန် ကူညီပေးလိုက်လေသည်။
ကျူးလင် ပိုးအိမ်ထဲမှ လွတ်မြောက်သွားသောအခါ ပင်းကျန့်က သူမ၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး ပြောလာ၏။
"ကံကောင်းလို့ ဒီမီးကြိုးမျှင်တွေက သခင်မကို မထိခိုက်မိတာ... မဟုတ်ရင် အဲဒီသာမန်လူသားကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်လိုက်ပြီ..."
ပင်းကျန့်၏ ကြမ်းတမ်းသော စကားပြောဆိုပုံများကို ရိုးအီနေပြီဖြစ်သော ကျူးလင်မှာ ‘အင်း’ ဟူ၍သာ အသံပြုလိုက်ပြီး မြေပြင်ပေါ်မှ ထရပ်လိုက်သည်။
သူမက အခန်းငယ်လေးထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း အသုံးဝင်မည့် သဲလွန်စတစ်စုံတစ်ရာမှ မတွေ့ရပေ။ မိနစ်အနည်းငယ်ခန့် စစ်ဆေးပြီးနောက် သူမက ပြတင်းပေါက်ငယ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။
ပြတင်းပေါက်မှာ အပြင်ဘက်မှ ပိတ်ဆို့ခံထားရသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်၏။
"ဒီလူက တော်တော်လေး သတိကြီးပုံရတယ်..."
မိမိသခင်မသည် ပြန်ပေးဆွဲသူကိုပင် တည်ငြိမ်စွာ ချီးကျူးနေနိုင်သေးသည်ကို မြင်လိုက်ရသဖြင့် ပင်းကျန့်က မျက်လုံးလှန်ကြည့်လိုက်ပြီး မေးလိုက်သည်။
"သခင်မ... အခု ဘယ်ရောက်နေလဲဆိုတာ အပြင်ထွက်ကြည့်ရအောင်လား..."
ကျူးလင်က သူမ၏ ဓားဝိညာဉ်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"အပြင်ထွက်ကြည့်ရင်တောင် ငါတို့တွေ ဘယ်ရောက်နေလဲဆိုတာ ငါသိမှာ မဟုတ်ဘူး..."
သူမ၏စကားကို ကြားလိုက်ရသဖြင့် ပင်းကျန့်မှာ ဆွံ့အသွားရလေသည်။
"..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်မံမေးမြန်းလိုက်၏။
"ဒါဆို ခဏနေရင် ဘယ်လိုပြန်မလဲ..."
ကျူးလင်က အမှောင်ထုဖုံးလွှမ်းနေသော အခန်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ညစ်ပတ်နေသော ကုတင်ပေါ်တွင် ထိုင်ချကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါတို့ဆီမှာ ထူထူ ရှိနေသေးတယ် မဟုတ်လား... ဒီလူ့နောက်ကွယ်က ကျောထောက်နောက်ခံ ဘယ်သူလဲဆိုတာ သိရပြီးရင် ထူထူ့ကို ဆက်သွယ်ပြီး လာကြိုခိုင်းလို့ ရတာပဲ..."
သူမ၏စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ပင်းကျန့်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး ငြင်းဆန်လိုက်လေ၏။
"မရဘူး... အဲဒီယုန်စုတ်က သူ့အကူအညီ လိုအပ်နေတယ်ဆိုတာကိုများ သိသွားရင် ကျွန်တော့်ကို အကြာကြီး လှောင်ရယ်နေတော့မှာ... မျက်နှာတော့ အပျက်မခံနိုင်ဘူးဗျ..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"နင်တို့နှစ်ယောက် ဘာလို့များ မတည့်နိုင်ကြတာလဲဆိုတာ နားမလည်နိုင်တော့ဘူး..."
ပင်းကျန့်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုလာ၏။
"သခင်မ... အရင်တုန်းက အဲဒီယုန်စုတ် ကျွန်တော့်အပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ သူ့ကို သွားမေးကြည့်သင့်တယ်..."
သူ့စကားကြောင့် ကျူးလင်မှာ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်သွားသည်။ သို့သော် သူမ မေးမြန်းရန် ပြင်လိုက်ချိန်တွင်ပင် အပြင်ဘက်မှနေ၍ တံခါးပွင့်လာလေ၏။
ရှေးဟောင်းဝတ်စုံနှင့် ခန့်ညားသော အမျိုးသားတစ်ဦးနှင့် ကုတင်ပေါ်တွင်ထိုင်ကာ တည်ငြိမ်စွာ စကားပြောဆိုနေသည့် ကျူးလင်ကို မြင်လိုက်ရသောအခါ ကျန်းဇီဟောင်မှာ အလန့်တကြား ဖြစ်သွားတော့သည်။
ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ကျန်းဇီဟောင်မှာ သတိပြန်ဝင်လာခဲ့သည်။ သူ သဘောကျနေသော အမျိုးသမီးကို တစ်စုံတစ်ယောက်က လုယူလိုသည်ဟု ထင်မှတ်သွားသဖြင့် အလွန်ဒေါသထွက်သွားကာ အော်ဟစ်လိုက်လေ၏။
"မင်းက ဘယ်သူလဲ... ဘယ်လိုဝင်လာတာလဲ..."
ပင်းကျန့်က ဒေါသတကြီးဖြစ်နေသော သူ၏ မျက်နှာကို ကြည့်ကာ မျက်လုံးလှန်လိုက်ပြီး ရွံရှာစွာဖြင့် ပြောလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ မင်းနဲ့ မဆိုင်ပါဘူး..."
ပင်းကျန့် ပြောဆိုပြီးသည်နှင့် ကျန်းဇီဟောင်မှာ ပို၍ ဒေါသထွက်သွားချေသည်။ သူက အံကြိတ်လျက် ပြောလိုက်၏။
"သေချင်နေတာပဲ..."
ထိုသို့ပြောပြီးနောက် သူ၏ စွမ်းအားများကို ထိန်းချုပ်ကာ မီးလုံးသုံးလုံးကို တစ်ပြိုင်နက် ပစ်ခတ်လိုက်တော့သည်။
မိမိထံသို့ ဦးတည်လာသော လက်သီးဆုပ်ခန့်ရှိသည့် မီးလုံးသုံးလုံးကို ကြည့်ကာ ပင်းကျန့်က လှောင်ပြုံးပြုံးလိုက်ပြီး လက်ကို ပျင်းရိစွာ ဝှေ့ယမ်းလိုက်လေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ဖုန်မှုန့်များ မငြိမ်သက်မီမှာပင် ကျန်းဇီဟောင်က သူ့ထံသို့ လေထုကိုဖောက်ထွင်းကာ ပြေးဝင်လာသော အေးစက်သည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်၌ သူက အလိုအလျောက် တုံ့ပြန်လိုက်ပြီး ဘေးသို့ ရုတ်တရက် ရှောင်တိမ်းလိုက်၏။
ဘုန်း... ခွပ်...
လွန်ခဲ့သောခဏက သူရပ်နေခဲ့သည့်နေရာတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်းဇီဟောင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။
သူ သတိမဝင်မီမှာပင် ပင်းကျန့်၏ လက်ဝါးက သူ၏ ရင်ဘတ်ဆီသို့ ရိုက်ခတ်ပြီးနေပြီဖြစ်ရာ လွင့်စင်သွားကာ နံရံနှင့် ဝင်တိုက်မိသွားလေသည်။
ဘုန်း... ခွပ်...
"အဟွတ်..."
မြေပြင်ပေါ်သို့ ပြုတ်ကျသွားစဉ် ကျန်းဇီဟောင်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထရပ်ကားတစ်စီးနှင့် ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်တွင်းအင်္ဂါများပါ နေရာရွေ့သွားသလို ဖြစ်သွားရသည်။
သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ပင်းကျန့်က လက်ကိုင်ပဝါတစ်ထည်ဖြင့် မိမိလက်များကို သုတ်သင်နေသည်ကို မြင်လိုက်ရ၏။
"အဟွတ်..."
ပင်းကျန့်၏ ခန့်ညားသော မျက်နှာပေါ်မှ သိသာထင်ရှားသည့် ရွံရှာမှုကို မြင်လိုက်ရသောအခါ ကျန်းဇီဟောင်မှာ ဒေါသထွက်လွန်းသဖြင့် နောက်တစ်ကြိမ် သွေးအန်ချလိုက်လေသည်။ ကျန်းဇီဟောင်က အံကြိတ်လိုက်ပြီး မြေပြင်ပေါ်မှ ထရပ်နိုင်ရန် ရုန်းကန်လိုက်သည်။
သူ မတ်တတ်ရပ်နိုင်သေးသည်ကို မြင်သောအခါ ကျူးလင်က တည်ငြိမ်စွာ မေးလိုက်၏။
"နင့်သခင်က ဘယ်သူလဲ..."
ကျန်းဇီဟောင်က သူမကို ကြည့်ကာ နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
"မင်း ဘာတွေလာပြောနေတာလဲ..."