အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) - မြွေကို တွင်းထဲမှ မျှားခေါ်ခြင်း
ကျန်းဇီဟောင်၏ မေးခွန်းကို ကြားသောအခါ ကျူးလင်သည် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"မင်းနောက်ကွယ်က လူက ဘယ်သူလဲ..."
ကျန်းဇီဟောင်မှာ သူမ၏ မေးခွန်းကို နားမလည်နိုင်သေးဘဲ ပြန်ဖြေလိုက်လေသည်။
"ငါ့နောက်မှာ ဘယ်သူမှ မရှိဘူး..."
ထိုသို့ပြောပြီးနောက် အခြေအနေများ ပြောင်းပြန်ဖြစ်နေကြောင်းကို သူ ရုတ်တရက် သဘောပေါက်သွားလေသည်။ ထို့ကြောင့် သူက နံရံကို ထိုးကြိတ်လိုက်ကာ အော်ဟစ်လိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့..."
ထို့နောက် ပင်းကျန့်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
"သူက ဘယ်သူလဲ... သူ ဘယ်လိုလုပ် ဝင်လာတာလဲ..."
ကျန်းဇီဟောင် စကားပြောနေသည့်အချိန်တိုင်း ရွံရှာဖွယ်ကောင်းလှသဖြင့် ပါးစပ်ကို အုပ်ထားသော ပင်းကျန့်ကို ကျူးလင်က တစ်ချက်ကြည့်လိုက်ပြီး ဖြေလိုက်၏။
"သူက ငါ့ရဲ့ ဓားဝိညာဉ်ပဲ..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် ကျန်းဇီဟောင်က သူ၏ နားအကြားအာရုံ ချို့ယွင်းသွားပြီဟု ထင်မှတ်သွားချေသည်။ သူက ခေါင်းယမ်းလိုက်ကာ နားကို ကလော်လိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်ပြန်သည်။
"မင်း ဘာပြောလိုက်တာလဲ... သူက ဘယ်သူ..."
နံရံနှင့် ဆောင့်မိပြီးနောက် သူ၏ ခေါင်းထဲတွင် တစ်ခုခု မှားယွင်းသွားပြီဟု ကျူးလင်က တွေးလိုက်မိသဖြင့် သူမ၏ စကားကို စိတ်ရှည်လက်ရှည် ထပ်ပြောပြလိုက်လေသည်။
"သူက ငါ့ရဲ့ ဓားဝိညာဉ်လို့ ပြောတာ..."
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မိုက်နေသော အခန်းငယ်လေးထဲတွင် တိတ်ဆိတ်သွားတော့၏။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းဇီဟောင်က လှောင်ပြောင်လိုက်ကာ စကားဆိုလိုက်သည်။
"ငါ့ကို တုံးအနေတယ်လို့ ထင်နေတာလား... ဘယ်သူက ယုံမှာလဲ..."
စကားဆုံးသည်နှင့် ကျန်းဇီဟောင်က မီးလုံးပေါင်းများစွာကို ကျူးလင်ထံသို့ ပစ်လွှတ်လိုက်လေသည်။
သို့သော်လည်း ထိုမီးလုံးများက သူမ၏ ဝတ်စုံအနားသတ်ကို မထိရသေးခင်မှာပင် ပင်းကျန့်က မျက်တောင်တစ်ခတ်အတွင်း သူမရှေ့၌ ရောက်ရှိလာချေသည်။ သူက လက်ကို မြှောက်လိုက်ပြီး မီးလုံးများအားလုံးကို ၎င်း၏ လက်ထဲသို့ စုပ်ယူလိုက်၏။
သူ၏ မီးလုံးများအားလုံးကို ပင်းကျန့်က စုပ်ယူလိုက်သည်ကို မြင်သောအခါ ကျန်းဇီဟောင်မှာ အလွန်အံ့အားသင့်သွားသည်။
သူ သိထားသလောက်ဆိုလျှင် အခြားသူတစ်ယောက်၏ စွမ်းရည်ကို မည်သူကမျှ စုပ်ယူနိုင်ခြင်း မရှိပေ။
အကယ်၍ ထိုကဲ့သို့သော စွမ်းရည်မျိုးသာ တကယ်ရှိခဲ့လျှင် အစိုးရနှင့် အခြေစိုက်စခန်းကြီးများက ဤလူကို အလုအယက် ခေါ်ယူကြမည်မှာ သေချာလှသည်။
ကျန်းဇီဟောင်၏ စိတ်ထဲတွင် အတွေးများ ဗြောင်းဆန်နေစဉ်မှာပင် ကျူးလင်က ညစ်ပတ်နေသော ကုတင်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"နင့်အနောက်မှာ ဘယ်သူမှ မရှိဘူးဆိုတော့ နင်က တကယ့် အရူးတစ်ကောင်ပဲ..."
"..."
အကြောင်းပြချက်မရှိဘဲ သူမ၏ ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် ကျန်းဇီဟောင်မှာ ဆွံ့အမှင်တက်သွားရလေသည်။
ထိုသို့ပြောပြီးနောက် သူမက ပွင့်နေသော တံခါးဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်ပြီး စကားဆိုလိုက်၏။
"ပင်းကျန့်... သွားကြစို့..."
မိမိ၏ သခင်ဖြစ်သူ တံခါးအပြင်သို့ ထွက်သွားသည်ကို မြင်သောအခါ ပင်းကျန့်က ကျန်းဇီဟောင်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"နှုတ်ဆက်ပါတယ် သာမန်လူသား..."
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပင်းကျန့်၏ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ကျန်းဇီဟောင်ထံသို့ ပစ်လွှတ်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူက အင်္ကျီလက်ကို ခါလိုက်ပြီး အခန်းထဲမှ တည်ငြိမ်စွာ ထွက်ခွာသွားတော့သည်။
သူ့နောက်တွင် ကျန်ရစ်ခဲ့သော ကျန်းဇီဟောင်မှာမူ ပင်းကျန့်၏ ဓားစွမ်းအင်များကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကာ မျက်လုံးကြီး ပြူးလျက် သေဆုံးသွားချေသည်။
သူမ၏ ဓားဝိညာဉ်က ကျန်းဇီဟောင်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်ပြီး အဆောက်အအုံငယ်လေးထဲမှ တည်ငြိမ်စွာ ထွက်လာခဲ့သည်ကို ကျူးလင် မသိခဲ့ပေ။
သူမက အဆောက်အအုံငယ်လေးအပြင်ဘက်တွင် ရပ်လိုက်သောအခါ သူတို့ရှိနေသော နေရာနှင့် အပန်းဖြေစခန်းမှာ သိပ်မဝေးကြောင်းကို တွေ့ရှိလိုက်ရလေသည်။
အဝေးမှ သုံးထပ်အစီအရင်များကို ကြည့်ရင်း သူမက စကားဆိုလိုက်၏။
"ငါတို့ကို လာကြိုဖို့ ထူထူ့ကို ခေါ်စရာမလိုတော့ဘူးနဲ့ တူတယ်..."
ပင်းကျန့်က အဆောက်အအုံထဲမှ ထွက်လာကာ ပြောလိုက်လေသည်။
"သခင်မ... ကျွန်တော်တို့ နောက်ကို လိုက်လာတဲ့ လူတစ်စုရှိတယ်... သူတို့ကို ဘယ်လိုလုပ်ချင်လဲ..."
ထိုလူများ ပုန်းအောင်းနေသည့် အရပ်ဆီသို့ ကျူးလင်က တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ကာ ပြောလိုက်၏။
"မြွေကို တွင်းထဲကနေ မျှားထုတ်ရမယ့် အချိန်ရောက်ပြီ..."
ထိုသို့ပြောပြီးနောက် သူမက အပန်းဖြေစခန်းနှင့် ဝေးရာ အခြားတစ်ဖက်ဆီသို့ လျှောက်သွားလိုက်လေသည်။
သူမက ဖြည်းညင်းစွာ လျှောက်သွားနေသည်ကို မြင်သောအခါ သူ၏ သခင်ဖြစ်သူက ထိုလူများကို မျှားထုတ်ချင်နေကြောင်း ပင်းကျန့်က နားလည်လိုက်ပေသည်။
ကျန်းဇီဟောင်ထံမှ မည်သည့် သတင်းအချက်အလက်ကိုမျှ မရရှိခဲ့သောကြောင့် ဤနောက်ယောင်ခံလိုက်နေသည့် အုပ်စုထံမှ သတင်းအချက်အလက်အချို့ကို ရယူလိုခြင်းလည်း ဖြစ်နိုင်ချေရှိ၏။
အခြားအဆောက်အအုံတစ်ခုထဲတွင် ပုန်းအောင်းနေသော လူများက ကျူးလင်နှင့် ပင်းကျန့်တို့ ထွက်သွားသည်ကို မြင်သောအခါ အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြပြီးနောက် ၎င်းတို့ နှစ်ဦးနောက်သို့ တိတ်တဆိတ် လိုက်သွားကြတော့သည်။
သူတို့နှစ်ဦးနောက်သို့ တစ်နာရီကျော်ခန့် လိုက်သွားပြီးနောက်တွင် နောက်ယောင်ခံလိုက်သူ တစ်ဦးက တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားလိုက်ရလေသည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ မေးလိုက်၏။
"အစ်ကိုကြီး... ဒီလမ်းက ရင်းနှီးနေသလို မထင်ဘူးလား..."
ထိုလူငယ်လေးက အစ်ကိုကြီးဟု ခေါ်လိုက်သော လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"လမ်းတွေက အတူတူချည်းပါပဲကွာ... ဒါက ဘယ်လမ်းလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ..."
လူငယ်လေးက ခေါင်းကုတ်လိုက်ပြီး ရင်းနှီးနေသော လမ်းကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
ဤသည်မှာ အက်စ်မြို့တော်သို့ သွားသည့်လမ်းဖြစ်ကြောင်းကို သူ သေချာပေါက် သိနေသော်လည်း သူ၏ အစ်ကိုကြီးကို ပြောပြသင့်၊ မပြောပြသင့် ဝေခွဲမရ ဖြစ်နေရရှာ၏။ လူငယ်လေးမှာ တုံ့ဆိုင်းနေစဉ်မှာပင် အစ်ကိုကြီးဖြစ်သူက ရုတ်တရက် လှမ်းပြောလိုက်သည်။
"ခဏနေဦး..."
အဝေးဆီတွင် သူတို့၏ ပစ်မှတ်ဖြစ်သော အမျိုးသမီးက ချောမောသော အမျိုးသားနှင့် ခေတ္တမျှ စကားပြောနေသည်ကို လူငယ်လေးက မြင်လိုက်ရသည်။
ထို့နောက် သူတို့ နှစ်ဦးက ရုတ်တရက် လမ်းခွဲလိုက်ကြပြီး အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးထွက်သွားကြတော့၏။
အစ်ကိုကြီးဖြစ်သူက သူတို့၏ ရုတ်တရက် လှုပ်ရှားမှုများကြောင့် လန့်ဖြန့်သွားပြီး အလျင်စလို ပြောလိုက်လေသည်။
"မြန်မြန်... သူမနောက်ကို လိုက်ကြ..."
အခြားသူများက ကျူးလင်နောက်သို့ လိုက်သွားကြချိန်တွင် လူငယ်လေးက တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် ပင်းကျန့်နောက်သို့ လိုက်သွားတော့သည်။
မိမိနောက်သို့ နောက်ယောင်ခံလိုက်သူ တစ်ဦးတည်းသာ ရှိနေသည်ကို မြင်သောအခါ ပင်းကျန့်က စိတ်ပျက်လက်ပျက်ဖြင့် စုတ်သပ်လိုက်မိ၏။
ပင်းကျန့်နောက်သို့ ဆယ်မိနစ်ကျော်ခန့် လိုက်ပြီးနောက်တွင်မူ လူငယ်လေးမှာ မောပန်းလွန်း၍ သတိမလစ်ရုံတမယ် ဖြစ်သွားရရှာသည်။ သူက ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေရင်း အသက်ကိုလုရှူနေရသည်။
ပင်းကျန့်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့သဖြင့် လူငယ်လေးက အမောတကောဖြင့် ကျိန်ဆဲလိုက်တော့၏။
"ကျစ်... သောက်ကျိုးနည်း... သူ ဘယ်ရောက်သွားတာလဲ..."
လူငယ်လေးနှင့် သိပ်မဝေးလှသော အဆောက်အအုံ၏ အမိုးပေါ်တွင် ရပ်နေသော ပင်းကျန့်က သူ၏ သခင်ဖြစ်သူထံသို့ တည်ငြိမ်စွာဖြင့် စိတ်ချင်းဆက်သွယ်လိုက်လေသည်။
'သခင်မ... ကျွန်တော့်နောက်ကို လိုက်လာတဲ့ လူကို ရွာလေးဆီ ရောက်အောင် ခေါ်လာခဲ့ပြီ... နောက်ထပ် ဘာဆက်လုပ်ရမလဲ... သူ့ကို သတ်ပစ်လိုက်ရမလား...'
အက်စ်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်တွင် ရှိနေသော ကျူးလင်က ပြန်လည်ပြောကြားလိုက်၏။
'သူ့ကို အဲ့ဒီမှာပဲ ထားခဲ့လိုက်... မင်း ဒီကို ပြန်လာခဲ့တော့... ဒီမြို့ထဲမှာ အဆင့်မြင့်ဖုတ်ကောင်တွေ အများကြီး ရှိနေတယ်လို့ ငါ ခံစားနေရတယ်... အခြေအနေတွေက အန္တရာယ်များလာနိုင်တယ်...'
'ဟုတ်ကဲ့ပါ သခင်မ...'
ပင်းကျန့်က အမိန့်ကို လက်ခံလိုက်ပြီး အမိုးပေါ်မှ ပျောက်ကွယ်သွားကာ သူ၏ မူလခန္ဓာကိုယ်ထံသို့ ပြန်သွားလေတော့သည်။
သူ ပြန်ရောက်လာကြောင်းကို ခံစားလိုက်ရသဖြင့် ကျူးလင်က ဆက်မပြေးတော့ဘဲ ရပ်တန့်လိုက်၏။ သူမ၏ နောက်တွင်ရှိသော နောက်ယောင်ခံလိုက်သူများက သူမ ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ကြရသည်။
အစ်ကိုကြီးဖြစ်သူက လှောင်ပြောင်လိုက်ကာ မေးလိုက်လေသည်။
"ဘာလို့ ဆက်မပြေးတာလဲ... မင်း ဘယ်လောက်ကြာကြာ ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ကျူးလင်က သူတို့ဘက်သို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် မေးလိုက်၏။
"ငါ့နောက်ကို လိုက်ဖို့ ဘယ်သူက ခိုင်းလိုက်တာလဲ..."
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်ကာ ညစ်ညမ်းသော လေသံဖြင့် စကားဆိုလိုက်သည်။
"အဖြေကို သိချင်ရင် ငါတို့ကို ကောင်းကောင်း ပြုစုပေးလေ... မင်းရဲ့ ပြုစုမှုတွေကို သဘောကျရင် အဖြေကို ပြောပြကောင်း ပြောပြလိမ့်မယ်..."