← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) - လေ့ဟောက်ကျန့်

ထိုသို့ပြောပြီးနောက် လူလတ်ပိုင်းအရွယ်အမျိုးသားက သူ၏လက်အောက်ငယ်သားများကို အချက်ပြလိုက်၏။

သူ၏အချက်ပြမှုကြောင့် လူမိုက်များက စိတ်လှုပ်ရှားစွာဖြင့် လက်ပွတ်ကာ ရယ်မောလိုက်ကြသည်။ သူတို့၏ တပ်မက်မှုအပြည့်ပါသော မျက်နှာထားများကို ကြည့်ရင်း ကျူးလင်က သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်လေသည်။

"သာမန်လူသားတွေအနေနဲ့ သူတို့ရဲ့ တပ်မက်မှုတွေကို ထိန်းချုပ်ဖို့ တကယ်သင်ယူသင့်တာပဲ..."

သူမ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကျူးလင်က နေရာမှ ပျောက်ကွယ်သွားလေ၏။ ထို့နောက် ပတ်ဝန်းကျင်မှ သွေးနံ့များနှင့် ရောထွေးနေသော စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"အား..."

"အွတ်..."

ဒုန်း... ဒုန်း... ဒုန်း...

အချိန်သိပ်မကြာလိုက်ဘဲ သူတို့ထဲမှ အများစုမှာ နာကျင်စွာ ညည်းတွားရင်း မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။

သွေးများယိုစီးနေသည့် ဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေကြသော တပည့်များကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားမှာ မှင်တက်သွားရရှာသည်။ သူရရှိထားသော သတင်းအချက်အလက်များထဲတွင် သူတို့၏ပစ်မှတ်က ဤမျှအထိ သန်မာနေလိမ့်မည်ဟု ပါမလာခဲ့ပေ။

သူက ကျူးလင်ကို အလန့်တကြား ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်းဆီမှာ စွမ်းရည်နှစ်ခုတည်း ရှိတာမဟုတ်ဘူးပဲ... တကယ်တော့ မင်းဆီမှာ စွမ်းရည်သုံးခုတောင် ရှိနေတာကိုး..."

ကျူးလင်က လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကိုသတ်ဖို့ ဘယ်သူက ပိုက်ဆံပေးခိုင်းတာလဲဆိုတာကို ပြောပြရင် မင်းတို့ကို ငါလွှတ်ပေးမယ်..."

သူမ၏စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားက လှောင်ပြုံးပြုံးလိုက်ပြီး တွေးလိုက်လေသည်။

'သူက တစ်ယောက်တည်း... ငါတို့ဆီမှာက လူလေးဆယ်ကျော်တောင် ရှိတာ... ပြဿနာတစ်စုံတစ်ရာ မဖြစ်လာခင် သူ့ကို အမြန်ဆုံး သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ... အဲ့ဒါပြီးရင် သူ့အလောင်းကို ဟိုနေရာမှာသွားရောင်းပြီး အပိုပိုက်ဆံ ရှာလို့ရသေးတယ်...'

ဤအတွေးဖြင့် လူလတ်ပိုင်းအရွယ်အမျိုးသားက သူ၏တပည့်များကို လှုပ်ရှားရန် အချက်ပြကာ အမိန့်ပေးလိုက်၏။

"သူ့ကို သတ်ကြစမ်း..."

လူမိုက်များမှာ မိန်းမလှလေးကို သတ်ပစ်ရမည်ကို နှမြောနေမိကြသော်လည်း အမိန့်ကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

သူတို့က ကျူးလင်ကို ဝန်းရံလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏စွမ်းရည်များဖြင့် တိုက်ခိုက်ကြတော့သည်။ နောက်တစ်စက္ကန့်တွင် ရောင်စုံစွမ်းရည်များက သူမအပေါ်သို့ တစ်ချိန်တည်း မိုးရွာချလိုက်သကဲ့သို့ ကျဆင်းလာလေ၏။

ရွှီး... ရွှီး... ရွှီး...

ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကြည့်ရင်း ကျူးလင်က ထိုနေရာတွင် တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။ တိုက်ခိုက်မှုများ သူမအပေါ် ကျရောက်မလာမီ တစ်စက္ကန့်အလိုတွင်တော့ သူမက ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ဝုန်း... ဝုန်း... ဝုန်း...

စွမ်းရည်များ ပေါက်ကွဲသွားပြီးနောက် ဖုန်မှုန့်များ လွင့်စင်သွားလေသည်။ ဖုန်မှုန့်များက သူတို့၏ အမြင်အာရုံကို ကွယ်ဝှက်ထားသဖြင့် လူလတ်ပိုင်းအရွယ်အမျိုးသားနှင့် သူ၏လူများမှာ ကျူးလင် သေသလား၊ ရှင်သလား မမြင်နိုင်ကြတော့ပေ။

ထိုသူများထဲမှ တစ်ယောက်က အပေါ်သို့ မော့ကြည့်လိုက်ရာ လေထဲတွင် ဝဲပျံနေသော ဓားတစ်လက်ပေါ်၌ ရပ်နေသည့် ကျူးလင်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရရှာသည်။

သူက လေထဲသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"ဟိုးအပေါ်မှာ... သူ ဟိုးအပေါ်မှာ ရောက်နေတယ်..."

ထိုလူ၏အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှိနေသူအားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

နတ်သမီးတစ်ပါးကဲ့သို့ လေထဲတွင် ဓားပေါ်၌ရပ်ကာ ဝဲပျံနေသော ကျူးလင်ကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားက တိတ်တဆိတ် ကျိန်ဆဲလိုက်လေသည်။

"ကျစ်... တကယ်ကြီးလားကွ... သူ့မှာ လေဓာတ်စွမ်းရည်ပါ ရှိနေသေးတာလား... တကယ်တမ်း သူ့ဆီမှာ စွမ်းရည်ဘယ်နှခုတောင် ရှိနေတာလဲ..."

သူ၏စကားကို ကြားသောအခါ အခြားသူအားလုံးက ကျူးလင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

စွမ်းရည်နှစ်ခုထက်ပိုရှိသော သူတစ်ယောက်ကို လုပ်ကြံရန် ရဲဝံ့ခြင်းက သေလမ်းရှာခြင်းနှင့် အတူတူပင်။

ထို့ပြင် ဤအမျိုးသမီးက တကယ်တော့ စွမ်းရည်သုံးခုထက်ပိုသော သဘာဝလွန်စွမ်းအားရှင်တစ်ဦးဖြစ်ပြီး သူမတွင် စွမ်းရည်မည်မျှရှိသည်ကို မည်သူကမျှ မသိကြချေ။

ကျူးလင်ကို သတ်ရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ထိုလူများက လူလတ်ပိုင်းအရွယ်အမျိုးသားကို အထိတ်တလန့် ကြည့်ကာ ပြောလိုက်ကြ၏။

"ဘော့စ်... ဒီတာဝန်က ထောင်ချောက်တစ်ခုပဲ..."

လက်အောက်ငယ်သားများ တွေးမိသည်ကို လူလတ်ပိုင်းအရွယ်အမျိုးသားကလည်း သဘာဝကျကျပင် တွေးမိပေသည်။ ဤလုပ်ကြံမှုတာဝန်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း တွေးမိသွားသဖြင့် သူက အံကိုကြိတ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

“ကောင်းတယ်... အရမ်းကောင်းတယ်... မင်းက ငါ့ကိုတောင် ကြံစည်ရဲမှတော့ မင်း ပြန်ပေးဆပ်ဖို့ ပြင်ထားပေတော့... ဟွမ်ရိဟန်..."

ဤသို့ပြောပြီးနောက် လူလတ်ပိုင်းအရွယ်အမျိုးသားက ကျူးလင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး အမိန့်ပေးလိုက်၏။

"ဆုတ်ခွာကြ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့က အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။ ဓားပေါ်တွင် ရပ်နေသည့် ကျူးလင်က သူတို့ လွတ်မြောက်သွားသည်ကို တည်ငြိမ်စွာပင် စောင့်ကြည့်နေခဲ့သည်။ ပင်းကျန့်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်လေသည်။

"သခင်မ... ဘာလို့ သူတို့ကို လွှတ်ပေးလိုက်တာလဲ..."

ကျူးလင်က အောက်သို့ ခုန်ဆင်းလိုက်ပြီး ပြောလိုက်၏။

"လူအသတ်အဖြတ် နည်းတာက ပိုကောင်းပါတယ်... ပြီးတော့ ဒီလုပ်ကြံမှုနောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ငါသိသွားပြီလေ... အဲ့ဒီလူတွေကလည်း ဟွမ်ရိဟန်ဆိုတဲ့လူရဲ့ လှည့်စားခြင်းကို ခံလိုက်ရမှန်း ငါပြောနိုင်တယ်..."

သူမ၏စကားကို ကြားသောအခါ ပင်းကျန့်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောတော့ပေ။

ဓားဝိညာဉ်တစ်ပါးအနေဖြင့် သူက လူသတ်ပြီး သွေးကို စုပ်ယူလေလေ၊ ပို၍သန်မာလာလေလေ ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ သူ၏သခင်မက နတ်ဘုရားတစ်ပါးဖြစ်နေပြီး လူသတ်ရသည်ကို မနှစ်သက်ခြင်းပင်။

မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီးနောက် ကျူးလင်က ပင်းကျန့်ကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

သူမ မော့ကြည့်လိုက်သောအခါ သူမရှေ့တွင် ရပ်နေသော အလွန်ချောမောသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။

အနီရောင်မျက်လုံးများကို မြင်လိုက်ရသဖြင့် ကျူးလင်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားခဲ့သည်။ သူမသိထားသလောက်ဆိုလျှင် မိစ္ဆာများတွင်သာ အနီရောင်မျက်ဆန်များ ရှိပေသည်။

ဤအမျိုးသား သူမရှေ့တွင် မည်သည့်အချိန်က ရပ်နေခဲ့သည်ကို သတိမထားမိခဲ့သဖြင့်လည်း သူမ အနည်းငယ် အံ့ဩသွားရသေးသည်။

ထို့ပြင် သူက အားကောင်းသော မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းခံနေရသည်ကို မြင်ရသော်လည်း သူ့ထံမှ မည်သည့် မိစ္ဆာစွမ်းအင်ကိုမျှ သူမ မခံစားရချေ။

သူ၏ ထူးဆန်းသော အခြေအနေက သူမ ယခင်က ရွာထဲမှ ကယ်တင်ခဲ့သော ကလေးများနှင့် ဆင်တူနေပေသည်။

ကျူးလင်က ချောမောသော အမျိုးသားကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် မေးလိုက်၏။

"မင်းက ဘယ်သူလဲ... ငါ့ဆီကနေ ဘာလိုချင်လို့လဲ..."

သူမ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ချောမောသော အမျိုးသား၏ မျက်လုံးများက အနည်းငယ် တုန်ခါသွားလေသည်။

သူ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာက အနည်းငယ် လှုပ်ရှားသွားပြီး အနီရောင်မျက်လုံးများထဲမှ အံ့ဩမှုကို ကျူးလင် မြင်လိုက်ရ၏။ အမျိုးသားက စကားပြောရန် သူ၏အနီရောင်နှုတ်ခမ်းများကို မဖွင့်မီ တွေဝေနေသဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။

အသံထဲတွင် စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်အရိပ်အယောင်များ ပါဝင်နေလျက် သူက မေးလိုက်လေသည်။

"မင်းက ဘယ်သူလဲ..."

သူ၏ မျှော်လင့်နေသော မျက်နှာထားကို ကြည့်ရင်း ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်၏။

"ငါ့နာမည်က ကျူးလင်... လောကဘုံခြောက်ပါးက စစ်မှန်တဲ့ နတ်ဘုရားမတစ်ပါးပဲ... မင်းကရော ဘယ်သူလဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချောမောသော အမျိုးသား၏ မျက်လုံးများက အရောင်လက်သွားလေသည်။

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်စဉ် သူ၏ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့သည်။ ကျူးလင်က သူ့ကို မကြောက်ကြောင်း မြင်သောအခါ အမျိုးသားက နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်တိုးလာပြီး ကျူးလင်နှင့် ခြေနှစ်လှမ်းအကွာသို့ ရောက်မှသာ ရပ်တန့်လိုက်တော့သည်။

သူက သူမကို ထိချင်သော်လည်း သူမ ထွက်ပြေးသွားမည်ကို ကြောက်သဖြင့် သူ၏လက်ကို ပြန်ချလိုက်လေသည်။ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် အမျိုးသားက ပြောလိုက်၏။

"ငါ့နာမည်က လေ့ဟောက်ကျန့်ပါ... ငါက ဖုတ်ကောင်တစ်ကောင်ပဲ..."

သူ၏စကားကို ကြားသောအခါ ကျူးလင်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ သူမ၏ တည်ငြိမ်နေသော တုံ့ပြန်မှုကို ကြည့်ရင်း လေ့ဟောက်ကျန့်က ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်လေသည်။

"မင်းက ငါ့ကို မကြောက်ဘူးလား..."

All Chapters