အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) - သူ၏ ဇာတ်ကြောင်း
ကျူးလင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
"ရှင်ထက်ပိုသန်မာတဲ့သူတွေကိုတောင် ကျွန်မ မကြောက်တာ... ကျွန်မအပေါ် မကောင်းတဲ့ရည်ရွယ်ချက်မရှိတဲ့ ရှင့်ကို ဘာလို့ ကြောက်နေရမှာလဲ..."
သူမ၏စကားကို ကြားသောအခါ လေ့ဟောက်ကျန့်မှာ အလွန်ဝမ်းသာသွားပြီး မေးလိုက်လေသည်။
"ကျုပ်ပြောတာကို ခင်ဗျားက ဘယ်လိုလုပ် နားလည်နေတာလဲ... ကျုပ် ဖုတ်ကောင်ဖြစ်သွားချိန်မှာ ကျုပ်ပြောတာကို နားလည်နိုင်တာဆိုလို့ ဖုတ်ကောင်တွေပဲ ရှိတာ... ခင်ဗျားက ကျုပ်စကားကို နားလည်နိုင်တဲ့ ပထမဆုံးလူပဲ..."
ကျူးလင်က သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ ရေခဲလက်ကောက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ဒီမြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းရဲ့ အကူအညီနဲ့ နှစ်ယောက်သား အပြန်အလှန် နားလည်နိုင်တာပါ... ပြီးတော့ ကျွန်မက လူသားတစ်ယောက် မဟုတ်ဘူး... နတ်ဘုရားတစ်ပါးပဲ..."
သူမ၏စကားကို ကြားပြီးနောက် သူ တွေးနေသည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်သည်။
"ရှင် ဘယ်လိုပုံစံနဲ့ ဖုတ်ကောင်ဖြစ်သွားလဲဆိုတာ သိလား...”
“အခုထိ ကျွန်မကြုံဖူးတဲ့ ဖုတ်ကောင်အများစုက ခန္ဓာကိုယ်တွေ ပုပ်သိုးနေကြတာချည်းပဲ... ဒါပေမဲ့ ရှင့်ခန္ဓာကိုယ်ကတော့ လူသားတွေနဲ့ ဘာမှမကွာခြားဘူး..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေ့ဟောက်ကျန့်၏ နှုတ်ခမ်းထက်မှ အပြုံးတို့သည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
သူက အံကြိတ်လိုက်ပြီး ပြောလာသည်။
"ကျုပ် ကလေးဘဝတုန်းက မိသားစုက ကျုပ်ကို လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဆီ စမ်းသပ်ခံလူသားအဖြစ် ရောင်းစားခဲ့ကြတယ်...”
“ကျုပ် သတိပြန်ရလာတဲ့အချိန်မှာ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ...”
“သတိပြန်ရလာပြီးနောက်မှာတော့ ဓာတ်ခွဲခန်းထဲမှာ ဆယ်နှစ်ကျော်လောက် အကျဉ်းချခံခဲ့ရပြီး နှိပ်စက်ညှဉ်းပန်းမှုတွေအများကြီး ခံစားခဲ့ရတယ်...”
“စမ်းသပ်မှုတွေအများကြီးကို သည်းခံဖြတ်သန်းပြီးနောက်မှာတော့ အဲ့ဒီလျှို့ဝှက်ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုကို နောက်ဆုံးမှာ ရှာတွေ့ခဲ့တာပဲ..."
သူက စကားကို ခေတ္တရပ်လိုက်ကာ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း ပြောလိုက်ပြန်၏။
"ကံမကောင်းစွာနဲ့ပဲ အဲ့ဒီငရဲခန်းကနေ ကျုပ် အောင်အောင်မြင်မြင် လွတ်မြောက်လာချိန်မှာတော့ လောကကြီးက နောက်ထပ် ငရဲတစ်ခုအဖြစ် ပြောင်းလဲနေခဲ့ပြီ...”
“ကျုပ်ကို သစ္စာဖောက်ပြီး နာကျင်အောင် လုပ်ခဲ့တဲ့သူတွေ အကုန်လုံး သေကုန်ကြပြီလေ... ပြီးတော့ အခု ကျုပ်ပြန်သွားစရာ အိမ်ဆိုတာလည်း မရှိတော့ဘူး..."
သူ၏ ဇာတ်ကြောင်းကို နားထောင်ရင်း ကျူးလင်က မျက်လွှာကို အနည်းငယ်ချလိုက်ကာ ယခင်က ရွာထဲတွင် သူမတွေ့ခဲ့ရသော အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသူများကို သတိရသွားပေသည်။
အကယ်၍ ဤဖုတ်ကောင် ပြောသည့်စကားများသာ မှန်ကန်နေပါက ယခင်က သူတို့ ဖမ်းမိခဲ့သော ထူးဆန်းသည့် ဖုတ်ကောင်သည်လည်း ထိုသူများ၏ စမ်းသပ်မှုရလဒ်ပင် ဖြစ်လောက်သည်။
ထိုသူများအကြောင်း တွေးမိသည်နှင့် ကျူးလင်၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းရောင်တစ်ချက် လက်ကနဲဖြစ်သွားကာ တွေးလိုက်၏။
'ဒီလောကကြီးက ဒီလိုအခြေအနေမျိုး ဖြစ်သွားတာ အံ့ဩစရာမရှိတော့ပါဘူးလေ... တကယ်တော့ ဒါတွေအားလုံးက အဲ့ဒီလူတွေရဲ့ စမ်းသပ်မှုရလဒ်တွေ ဖြစ်နေတာပဲ...'
လေ့ဟောက်ကျန့်က သူမ တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"မိန်းကလေးကျူး... အခုကစပြီး ကျုပ်အနားမှာ နေပေးလို့ ရမလား..."
သူ၏ တောင်းဆိုမှုကို ကြားလိုက်ရသဖြင့် ကျူးလင်က မျက်လုံးပင့်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ သူမက မေးလိုက်၏။
"ဘာလို့ ရှင်က ကျွန်မကို အနားမှာ နေစေချင်ရတာလဲ...ကျွန်မ ရှင့်ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား..."
လေ့ဟောက်ကျန့်က ပြုံးလိုက်ပြီး ပြောလာသည်။
"ရိုးရိုးသားသား ပြောရရင် ဖုတ်ကောင်ဖြစ်သွားပြီးနောက်မှာ ကျုပ်က လူသားတစ်ယောက်ရဲ့ ခံစားချက်အားလုံးကို ဆုံးရှုံးသွားခဲ့တာ...”
“ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ဆီကနေ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ နွေးထွေးမှုကို ကျုပ် ခံစားနိုင်တယ်...”
“ခင်ဗျားအနားမှာ ရှိနေတဲ့အခါ နေလို့ထိုင်လို့တောင် အရမ်းကောင်းပြီး အသက်ဝင်လာသလို ခံစားရတယ်..."
“ခင်ဗျားသာ ကျုပ်ကို သတ်ချင်နေရင် ဒီမှာရပ်ပြီး ကျုပ်နဲ့ အေးအေးဆေးဆေး စကားပြောနေမှာ မဟုတ်ဘူးလေ..."
ထိုသို့ပြောပြီးနောက် လေ့ဟောက်ကျန့်က ကျူးလင်၏ အနားသို့ တစ်လှမ်း တိုးကပ်လာလေ၏။
သူတို့နှစ်ဦးကြားတွင်သူတို့နှစ်ဦးကြားတွင် အကွာအဝေး ၃၀ စင်တီမီတာခန့်သာ ရှိတော့သည်။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ငြိမ်းချမ်းသော အမူအရာဖြင့် ပြန်လည် မှုတ်ထုတ်လိုက်လေသည်။
သူမ၏ ရနံ့ကို ရှူရှိုက်မိခြင်းမှ ရရှိလာသော ခံစားချက်က ထိုအနက်ရောင် သစ်ကိုင်းချောင်းငယ်လေးဆီမှ ရရှိသော ခံစားချက်ထက် များစွာ ပိုကောင်းမွန်နေပေသည်။
သူ့ခန္ဓာကိုယ်အတွင်း၌ မရပ်မနား လောင်ကျွမ်းနေခဲ့သော မီးတောက်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး သက်တောင့်သက်သာရှိလှသော နွေးထွေးမှုလေး တစ်ခုသာ ကျန်ရစ်နေခဲ့သကဲ့သို့ပင်။
သူ၏ သက်ပြင်းချသံကို ကြားသောအခါ ကျူးလင်က လေ့ဟောက်ကျန့်၏ သက်တောင့်သက်သာနှင့် ငြိမ်းချမ်းနေသော အမူအရာကို ကြည့်လိုက်သည်။
ခေတ္တမျှ တွေးတောလိုက်ပြီးနောက် အရွယ်အစား ၂ စင်တီမီတာခန့်ရှိသော အနက်ရောင် သစ်ကိုင်းချောင်းတစ်ခုကို ထုတ်ယူလိုက်၏။
ထိုအနက်ရောင် သစ်ကိုင်းချောင်းလေး သူမ၏ လက်ဝါးထက်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေ့ဟောက်ကျန့်၏ မျက်လုံးများမှာ အရောင်လက်သွားတော့သည်။
သူ၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် သူ ရရှိနေသော သက်တောင့်သက်သာရှိမှုမှာ သူမ၏ နတ်ဘုရားစွမ်းအင်မှ လာခြင်းဖြစ်ကြောင်း ကျူးလင် သေချာသွားလေသည်။
နတ်ဘုရားစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ မိစ္ဆာစွမ်းအင်များကို ချေဖျက်ပေးနိုင်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူသာ နတ်ဘုရားစွမ်းအင် အလုံအလောက် စုပ်ယူနိုင်မည်ဆိုပါက သူသည် အသိစိတ်နှင့် မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်သေးသောကြောင့် လူသားတစ်ဦးအဖြစ်ပင် ပြန်လည်ပြောင်းလဲသွားနိုင်စွမ်း ရှိလေ၏။
ကျူးလင်က ၂ စင်တီမီတာခန့် ရှည်လျားသော အနက်ရောင် သစ်ကိုင်းချောင်းလေးကို လေ့ဟောက်ကျန့်အား ပြသလိုက်ကာ မေးလိုက်၏။
"ဒီသစ်ကိုင်းနားကို ကပ်လာတဲ့အခါ ရှင် နွေးထွေးမှုကို ခံစားရလား..."
လေ့ဟောက်ကျန့်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလေသည်။
"ကျုပ်က ဆွဲဆောင်ခံရသလိုပဲ ခံစားရတာ... အဲ့ဒီထူးဆန်းတဲ့ ဆွဲဆောင်မှုကလွဲပြီး တခြား ဘာမှမခံစားရဘူး..."
ဤစကားကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ နတ်ဘုရားစွမ်းအင်ကို အသုံးပြု၍ အနက်ရောင် သစ်ကိုင်းချောင်း၏ အစွန်းတစ်ဖက်ကို မီးရှို့လိုက်သည်။
စက္ကန့် ၃၀ အကြာတွင် လောင်ကျွမ်းနေသော သစ်ကိုင်းအစွန်းမှ မီးခိုးငွေ့ပါးပါးလေးတစ်ကြောင်း ဖြည်းညင်းစွာ တက်လာလေ၏။ မီးခိုးငွေ့များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေ့ဟောက်ကျန့်၏ အမူအရာ ပြောင်းလဲသွားချေသည်။
မိန်းမောလျက်ရှိသော သူ့မျက်နှာကို ကြည့်ရင်း ကျူးလင်မှာ သူ့ကို ဆွဲဆောင်နေသည်က သူမ သို့မဟုတ် ဖီးနစ်ပင်၏ သစ်ကိုင်းချောင်း မဟုတ်ဘဲ နတ်ဘုရားစွမ်းအင်သာဖြစ်ကြောင်း ယခုအခါ သေချာသွားတော့သည်။ ထိုအကြောင်းကို သိရှိသွားသောအခါ ကျူးလင်က ပြောလိုက်၏။
"ဒီသစ်ကိုင်းက ရှင့်အတွက်ပဲ..."
လေ့ဟောက်ကျန့်သည် အနက်ရောင် သစ်ကိုင်းချောင်းငယ်လေးကို စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် ကျူးလင်ကို မျက်လုံးပင့်ကြည့်လိုက်ကာ စိတ်ပျက်အားငယ်သည့် လေသံဖြင့် မေးလိုက်သည်။
"ဒီသစ်ကိုင်းကို လက်ခံပြီးသွားရင် ခင်ဗျား ထွက်သွားတော့မှာလား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလေ၏။
"ကျွန်မမှာ လုပ်စရာတွေ ရှိနေသေးတယ်... ဒါကြောင့် ရှင့်ကို အဖော်မပြုပေးနိုင်ဘူး..."
သူမ၏စကားကို ကြားပြီးနောက် လေ့ဟောက်ကျန့်က ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလာသည်။
"ခင်ဗျားက ကျုပ်အနားမှာ နေမပေးနိုင်ရင် ကျုပ်က ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်ဆိုရင်ရော ဘယ်လိုလဲ... ခင်ဗျားနဲ့အတူ ရှိနေရသရွေ့ ဘယ်နေရာကိုပဲ သွားရသွားရ ကျုပ် ဂရုမစိုက်ဘူး..."
သူ၏ ပြတ်သားနေသော မျက်လုံးများကို မြင်သောအခါ ဤဖုတ်ကောင်သည် အတည်ပြောနေခြင်းဖြစ်ကြောင်း ကျူးလင် သိလိုက်သည်။
ဤ ၅ မိနစ်အတွင်း၌ ဖုတ်ကောင်များစွာ သူမအနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်ကို သူမ အမှန်တကယ်ပင် ခံစားမိခဲ့၏။ သို့သော် ဖုတ်ကောင်များသည် အကြောင်းအမျိုးမျိုးကြောင့် အနီးသို့ မကပ်ရဲကြခြင်းသာ ဖြစ်ပေသည်။
ကျူးလင်က လေ့ဟောက်ကျန့်ကို ကြည့်လိုက်ကာ တွေးလိုက်သည်။
'ဖုတ်ကောင်တွေက ငါ့အနားကို ချဉ်းကပ်ဖို့ ကြောက်နေကြတာ သူ့ကြောင့်များလား...'
ကျူးလင် စဉ်းစားနေဆဲဖြစ်သော်လည်း လေ့ဟောက်ကျန့်ကမူ သူမအပေါ်မှ မျက်လုံးများကို တစ်ချက်လေးမျှပင် မခွာခဲ့ပေ။
သူက သေချာစွာ စောင့်ကြည့်နေပြီး သူမ၏ အမူအရာတွင် သိမ်မွေ့သော ပြောင်းလဲမှုတိုင်းကို မြင်တွေ့နေရသော်လည်း သူမ ဘာတွေးနေသည်ကိုတော့ သူ မသိနိုင်ခဲ့ချေ။
သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် မျက်နှာချင်းဆိုင် ရပ်နေခဲ့ပြီးနောက်တွင်မှ ကျူးလင်က စကားစလိုက်သည်။
"ကောင်းပြီလေ... ရှင် ကျွန်မနောက်လိုက်ခဲ့လို့ ရတယ်...”
“ဒါပေမဲ့ တခြားလူတွေကိုတော့ ရှင် စကားသွားမပြောနဲ့နော်...”
“ရှင်က ဖုတ်ကောင်တစ်ကောင်မှန်း သူတို့သိသွားရင် ပြဿနာတက်လိမ့်မယ်... ရှင့်ရဲ့ ဖြစ်တည်မှုအမှန်ကိုသာ သူတို့ သိသွားခဲ့ရင် ရှင့်ကို တိုက်ခိုက်ပြီး သတ်ပစ်ဖို့ ကြိုးစားကြလိမ့်မယ်..."