အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) - သူမကိုယ်သင်းနံ့က အရမ်းမွှေးတာပဲ
ကျူးလင်၏ စကားကို ကြားသောအခါ လေ့ဟောက်ကျန့်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ကောင်းပါပြီ... ကျုပ်က မိန်းကလေးကို ဒုက္ခမပေးပါဘူးလို့ ကတိပေးပါတယ်... ကျေးဇူးတင်ပါတယ် မိန်းကလေးကျူး..."
သူ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ရင်း ကျူးလင်က တွေးလိုက်သည်။
‘သူ့ရဲ့ မျက်လုံးနီနီတွေနဲ့ ခန္ဓာကိုယ်ကို ဝန်းရံနေတဲ့ ပြင်းထန်တဲ့ မိစ္ဆာစွမ်းအင်တွေသာ မရှိဘူးဆိုရင် သူက လူသားတစ်ယောက်မဟုတ်ဘူးဆိုတာကို ငါ သိနိုင်မှာမဟုတ်ဘူး...’
‘အဲဒီလူတွေက သူ့ကို ဘယ်လိုများ ဖုတ်ကောင်ဖြစ်အောင် လုပ်ခဲ့ကြတာလဲ... သူက စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရမှာ သေချာတယ်...’
လေ့ဟောက်ကျန့်က သူမ အတွေးနယ်ချဲ့နေသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"မိန်းကလေးကျူး... ဘာဖြစ်လို့လဲ..."
ကျူးလင်က အတွေးထဲမှ သတိပြန်ဝင်လာပြီးနောက် ခေါင်းခါယမ်းလိုက်ကာ ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး... ဟွမ်ရိဟန်ကို ဘယ်မှာရှာရမလဲဆိုတာ ရှင် သိလား..."
လေ့ဟောက်ကျန့်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလေသည်။
"သိတယ်... သူက လဲ့ဟော်စခန်းရဲ့ ပိုင်ရှင်လေ... မိန်းကလေးက အဲဒီကို သွားချင်လို့လား..."
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"အင်း... ငါ အကြွေးလေးတစ်ခု တောင်းစရာရှိလို့..."
သူမ၏ စကားကို ကြားသောအခါ လေ့ဟောက်ကျန့်မှာ နားမလည်နိုင် ဖြစ်သွားရသော်လည်း ဤသို့သာ ပြောလိုက်ပေသည်။
"ဒါဆိုရင် ကျုပ်က မိန်းကလေးကျူးအတွက် လမ်းပြပေးပါ့မယ်..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးပဲ..."
ထိုသို့ ပြောပြီးနောက် ၎င်းတို့နှစ်ဦးသည် အက်စ်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်မှ ထွက်ခွာလာခဲ့ကြပြီး လဲ့ဟော်စခန်းဆီသို့ ဦးတည်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် စံအိမ်၏ ဧည့်ခန်းထဲ၌ကား ရှို့ဝူက ထူထူ၏ လည်ကုပ်ကို ဆွဲကိုင်ထားပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။
"သူမ ဘယ်မှာလဲ..."
ထူထူက သူ၏ အေးစက်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ရင်းနှီးနေသော ခံစားချက်တစ်ခုက ၎င်း၏ ခန္ဓာကိုယ်လေးထံ လွှမ်းခြုံသွားပေသည်။ ယုန်လေးမှာ တစ်ကိုယ်လုံး တုန်ယင်နေလျက် သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်လေ၏။
သူက ထူထူကို မြှောက်ကိုင်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ထူထူ... ငါက စိတ်ရှည်တဲ့ နတ်ဘုရားတစ်ပါး မဟုတ်ဘူးဆိုတာ မင်း သိတယ်မလား... တစ်စက္ကန့်အတွင်း ငါ့ကို မဖြေဘူးဆိုရင် ဒီညစာအတွက် မင်းကို ကင်စားပစ်မယ်..."
ရင်းနှီးနေသော ထိုခြိမ်းခြောက်စကားများကို ကြားလိုက်ရချိန်တွင် ထူထူ၏ မျက်လုံးနီနီလေးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားရလေသည်။
နှစ်ပေါင်း သုံးထောင်ကျော် အသက်ရှင်နေထိုင်လာခဲ့သည့်တိုင် ၎င်းကို ညစာအဖြစ် ကင်စားချင်သူဟူ၍ မိစ္ဆာနတ်ဘုရား တစ်ပါးတည်းသာ ရှိပေသည်။
ယုန်လေးက သူ့ကို စိုက်ကြည့်နေရုံသာ ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူက စုပ်သပ်လိုက်ပြီး ပြောလိုက်၏။
"ဒီညစာကတော့ ယုန်ကင်ဖြစ်မယ့်ပုံပဲ..."
ထိုသို့ ပြောပြီးနောက် ရှို့ဝူက မီးဖိုချောင်ရှိရာသို့ လျှောက်သွားလေသည်။ သူသွားနေသည့် ဦးတည်ရာကို ကြည့်ရင်း ထူထူမှာ သတိပြန်ဝင်လာပြီး အထိတ်တလန့် အော်ဟစ်လိုက်တော့သည်။
"ဟင့်အင်း... ကျေးဇူးပြုပြီး ကျွန်တော့်ကို မကင်စားပါနဲ့... ကျွန်တော့်အသားတွေက အရမ်းမာပြီး နည်းနည်းမှ စားလို့မကောင်းပါဘူး..."
ရှို့ဝူက ခြေလှမ်းတန့်သွားပြီး ယုန်လေးကို မြှောက်ကိုင်ကာ ၎င်း၏ မျက်လုံးနီနီ တစ်စုံကို စိုက်ကြည့်ရင်း မေးလိုက်၏။
"သူမ ဘယ်မှာလဲ..."
ထူထူက တုန်တုန်ယင်ယင်ဖြင့် ဖြေလေသည်။
"သခင်မလေးက အကြွေးသွားတောင်းချင်တယ်လို့ ပြောတယ်... ဒါပေမဲ့ ဘယ်ကိုသွားမလဲဆိုတာကိုတော့ မပြောသွားပါဘူး..."
ထူထူ၏ အဖြေကို ကြားလိုက်ရသဖြင့် ရှို့ဝူက မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး မေးလိုက်သည်။
"အကြွေး... လင်အာက ဒီလောကမှာ ဘယ်လိုအကြွေးမျိုး ရှိနေလို့လဲ..."
သခင်မဖြစ်သူအပေါ် သုံးနှုန်းလိုက်သော ရှို့ဝူ၏ ခေါ်ဝေါ်ပုံကို ကြားလိုက်ရသောအခါ ထူထူ၏ ခန္ဓာကိုယ်လေးမှာ အင်အားမဲ့သွားတော့၏။ ထူထူက ၎င်း၏ အမွေးပွလက်ဖဝါးလေးများဖြင့် မျက်နှာကို အုပ်လိုက်ပြီး တွေးလိုက်ပေသည်။
'ပြီးသွားပြီ... သူက တကယ့် မိစ္ဆာနတ်ဘုရား အစစ်ပဲ...'
အအေးမိသွားသော ခရမ်းသီးကဲ့သို့ ညှိုးနွမ်းသွားသည့် ထူထူ၏ အမူအရာကို မြင်သောအခါ ရှို့ဝူက လှောင်ပြုံးပြုံးလိုက်ပြီး မေးလိုက်သည်။
"ငါနဲ့ ပြန်တွေ့ရတာကို မင်းက မုန်းနေတာလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူထူက ခေါင်းငယ်လေးကို အမြန်ခါယမ်းလိုက်ရာ ၎င်း၏ ရှည်လျားသော နားရွက်နှစ်ဖက်မှာ တဖျပ်ဖျပ် ခါရမ်းသွားလေသည်။
ချစ်စရာ ယုန်လေး၏ ထိတ်လန့်နေသော မျက်နှာကို မြင်သောအခါ ရှို့ဝူက ၎င်းကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်ပြီး တင်ပါးသေးသေးလေးကို ဖွဖွလေးပုတ်ကာ ပြောလိုက်၏။
"လမ်းပြစမ်း..."
ထူထူက သူဆိုလိုသည်ကို နားမလည်သဖြင့် သူ့ကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဘယ်ကိုသွားမလို့လဲ..."
ရှို့ဝူက မျက်မှောင်အနည်းငယ် ကုတ်လိုက်ရင်း ဖြေလေ၏။
"လင်အာ့ကို သွားရှာမလို့လေ..."
နောက်တစ်စက္ကန့်တွင် သူက နားမလည်နိုင်စွာဖြင့် ကိုယ့်ဘာသာ ရေရွတ်လိုက်ပေသည်။
"ဒီယုန်က ဘာလို့ အရင်ကထက် ပိုတုံးလာမှန်းကို ငါ နားမလည်နိုင်တော့ဘူး..."
“ယွီထူမျိုးနွယ်စုက အရမ်းထက်မြက်တယ်လို့ ကြားဖူးပေမဲ့ ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် တုံးအနေရတာလဲ... ငါတို့ပဲ မှားမွေးမိတာလား... ဒါမှမဟုတ် အစာပဲ မှားကျွေးမိတာလား..."
ထူထူက သူ့ကို ကန်ပစ်ချင်နေသော်လည်း မိမိရှေ့ရှိ လူသည် မိစ္ဆာနတ်ဘုရားဖြစ်ကြောင်းကို ယုန်လေး တွေးမိလိုက်သောအခါ ဒေါသကို မြိုသိပ်လိုက်ပြီး ချစ်စရာကောင်းသည့် လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ မိစ္ဆာနတ်ဘုရား..."
စံအိမ်ထဲမှ ထွက်ခွာလာချိန်တွင် ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့ကို ပုံမှန်အတိုင်း ရှို့ဝူလို့ပဲ ခေါ်... ငါ မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတာကို လင်အာသာ သိသွားခဲ့ရင် မင်းကို ညစာအတွက် ကင်စားပစ်မယ်..."
"ဟုတ်ကဲ့ပါ..."
ရှို့ဝူ၏ ခြိမ်းခြောက်မှုအောက်တွင် ထူထူမှာ ခေါင်းငုံ့ကာ သူ၏ အမိန့်ကို နာခံရန်သာ တတ်နိုင်တော့သည်။
ထူထူတစ်ကောင် ရှို့ဝူအတွက် လမ်းပြပေးနေချိန်တွင် ကျူးလင်နှင့် လေ့ဟောက်ကျန့်တို့သည် အက်စ်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်မှ ထွက်ခွာသွားကြပြီ ဖြစ်လေသည်။
လေ့ဟောက်ကျန့်က သူမနှင့်အတူ လိုက်ပါလာသဖြင့် မည်သည့်ဖုတ်ကောင်၊ သန္ဓေပြောင်းများကမှ ၎င်းတို့အနီးသို့ မချဉ်းကပ်ဝံ့ကြချေ။
နှစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက် ကျူးလင်မှာ ပင်ပန်းလာသည်ဟု ခံစားလိုက်ရသဖြင့် ပြောလိုက်သည်။
"အရင်ဆုံး နားကြရအောင်..."
လေ့ဟောက်ကျန့်က ခေါင်းညိတ်ပြလိုက်ရာ သူတို့နှစ်ဦးသည် စွန့်ပစ်ထားသော ဘတ်စ်ကားဂိတ်တစ်ခုကို ရှာတွေ့သွားပြီး ခေတ္တမျှ အနားယူလိုက်ကြ၏။
သူတို့ အနားယူနေစဉ်တွင် အဝေးမှ ဖုတ်ကောင်တစ်စုက သူတို့နှစ်ဦးထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရပေသည်။
ထိုဖုတ်ကောင်များက သူမအား ကြည့်နေသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုဖုတ်ကောင်များသည်လည်း လေ့ဟောက်ကျန့်ကဲ့သို့ပင် အသိစိတ်များ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ကျူးလင် သိလိုက်လေသည်။
ကျူးလင်သည် ခုံတန်းရှည်ပေါ်တွင် ထိုင်နေရင်း ထိုအဆင့်မြင့်ဖုတ်ကောင်များကို တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်သည်။
သူမနှင့် သူမဘေးတွင် ထိုင်နေသည့် ထိုကြောက်မက်ဖွယ် ဖုတ်ကောင်ကြီးတို့က မည်သည့်လှုပ်ရှားမှုမှ မလုပ်သည်ကို မြင်သောအခါ အဆင့်မြင့်ဖုတ်ကောင်များက သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာကြတော့၏။
ဆယ်မိနစ်အကြာတွင် အဆင့်မြင့်ဖုတ်ကောင် ဆယ်ကောင်ကျော်သည် ဘတ်စ်ကားဂိတ်ရှေ့၌ ရပ်တန့်သွားကြပြီး ကျူးလင်နှင့် လေ့ဟောက်ကျန့်တို့ကို စိုက်ကြည့်နေကြသည်။ သူတို့အချင်းချင်း အချိန်အတန်ကြာ အကဲခတ်နေကြပြီးနောက် လေ့ဟောက်ကျန့်က မေးလိုက်လေသည်။
"မင်းတို့အားလုံး အက်စ်မြို့တော် ဆင်ခြေဖုံးကနေ ငါတို့နောက်ကို လိုက်လာကြတယ်... ဘာလိုချင်လို့လဲ..."
ထိုအဆင့်မြင့်ဖုတ်ကောင်များထဲမှ အသန်မာဆုံးသော ဖုတ်ကောင်က ကျူးလင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ငါတို့ သူမကို လိုချင်တယ်... သူမကိုယ်သင်းနံ့က အရမ်းမွှေးတာပဲ..."
ဖုတ်ကောင် စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လေ့ဟောက်ကျန့်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုငွေ့များ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုအဆင့်မြင့်ဖုတ်ကောင်များ အားလုံးကို တွန်းထုတ်ပစ်လိုက်လေ၏။
ဘုန်း... ဒိုင်း...
ထိုအဆင့်မြင့်ဖုတ်ကောင်များသည် သူ၏ သတ်ဖြတ်လိုစိတ်များကြောင့် လွင့်စင်သွားကြပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြတော့သည်။ ထိုဖုတ်ကောင်များ၏ ခန္ဓာကိုယ်အောက်ရှိ မြေပြင်မှ နက်ရှိုင်းသော အက်ကွဲကြောင်းများကို ကြည့်ရင်း လေ့ဟောက်ကျန့်က တည်ငြိမ်စွာ ပြောလိုက်ပေသည်။
"ထွက်သွားကြစမ်း..."
မြေပြင်ပေါ်မှ ထရပ်လိုက်ကြပြီးနောက် ဤအဆင့်မြင့်ဖုတ်ကောင်အုပ်စုသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ညစ်ပေနေသော ဖုန်မှုန့်များကို တည်ငြိမ်စွာ ခါထုတ်လိုက်ကြသည်။
သူတို့က ဖုတ်ကောင်များဖြစ်သောကြောင့် မည်သည့် နာကျင်မှုကိုမျှ မခံစားနိုင်ကြဘဲ ဤအရှက်ရမှုမှ ဒေါသတရားသာ ပေါ်ထွက်လာကြတော့၏။