ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ နောက်တစ်ကြိမ် ပွင့်လာခြင်း(၃)
Vol. 021 Ch. 1028
ထိုအနီရောင်မြူထုသည် တဖြည်းဖြည်းချင်း လှည့်လည်နေ၏။၎င်းက တဖြည်းဖြည်း အားကောင်းလာကာ အလင်းများကို စုပ်ယူသည်။
သူ့မူလစိတ်ဝိညာဉ်သာမက သူ့ခန္ဓာကိုယ်သည်ပင် တဖြည်းဖြည်း ၎င်းအလင်းအောက်၌ ပြောင်းလဲလာသည်။သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် အလွန်သန်မာပြီး ဖြစ်၏။ထိုအလင်းကို စုပ်ယူပြီးသည့်နောက် သန်မာသည်ထက်ပိုသန်မလာခဲ့သည်။
အချိန်ကုန်လာသည်နှင့်အမျှ ဝမ်လင်း၏အရေပြားသည် အနီရောင်သန်းလာသည်။
ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းရှိ လေထုသည် ပူပြင်းလာ၏။သူ့အနားသို့ တိုးလာသည့် မည်သူမဆို ထိုအပူဓာတ်၏ ရပ်တန့်ခြင်းကို ခံရပေမည်။အတင်းတိုးဝင်လာပါက သူတို့၏မူလစိတ်ဝိညာဉ်သည်ပင် အပူဓာတ်ကြောင့် ချက်ခြင်း ဖျက်စီးခံရပေလိမ့်မည်။
တမ်လင်းသည် ဆယ်ရက်လုံးလုံး တိတ်ဆိတ်စွာ ရှိနေ၏။သည်ဆယ်ရက်အတွင်း သူက လှုပ်ရှားမှုကင်းမဲ့ကာ သူခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများတွင်သာ နစ်မြုပ်နေသည်။
သူ့ကျင့်ကြံမှုအဆင့်သည် အလုံးစုံကောင်းကင်နှင့်မဟာမိတ်တို့ကြား စစ်ပွဲပြီးသည့်နောက် သူ့နားလည်မှုဉာဏ်အလင်းမှာ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်သို့ ရောက်ရန် ခပ်ရေးရေးသာ လိုတော့ပေသည်။သည်ဆယ်ရက်အတွင်း သူ့ကျင့်ကြံမှုအဆင့်က မည်သည့်ပြောင်းလဲမှုမှ မရှိပေ။တကယ်တော့ ဉာဏ်အလင်းသည် အတင်းလုပ်ယူ၍ ရသည့်အရာ မဟုတ်ပေ။
သို့ရာတွင် ဆယ့်တစ်ရက်မြောက်နေ့၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် တစ်ဖန် ပြောင်းလဲလာပြန်သည့်အတွက် အခြေအနေမှာလဲ ပြောင်းလဲလာခဲ့သည်။
ပုတီးစေ့ပေါ်ရှိ နေသင်္ကေတသည် မြန်ဆန်စွာ လှည့်ပတ်နေရာကနေ အရှိန်လျော့လာ၏။ ဆယ့်တစ်ရက်နေ့ နေ့လယ်ပိုင်း၌ ၎င်းလှည့်ပတ်မှုက လုံးဝ တန့်သွားသည်။ထို ရပ်တန့်သွားသည့်အခိုက်၌ ဝမ်လင်း၏တတိယမျက်လုံးသည် သူ့ဟာသူ ပွင့်လာခဲ့လေသည်။
အနီရောင်အလင်း လက်ဖြာသွားမှုနှင့်အတူ မူလစွမ်းအင်ရင်းမြစ်သည် ထွက်ပေါ်လာကာ ပုတီးစေ့ပေါ်ရှိ နေသင်္ကေတပုံစံကွက်ထဲသို့ ဝင်ရောက်သွား၏။
ဝမ်လင်း၏စွမ်းအင်ရင်းမြစ်သည် အစိတ်အပိုင်းတော်တော်များများသည် တိုက်ပွဲစာလိပ်များမှ လာခြင်း ဖြစ်၏။ သေးငယ်သောအစိတ်အပိုင်းကိုသာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ တက်တူးကလန်၏ မီးတောက်ကနေ စုပ်ယူထားခဲ့ခြင်း ဖြစ်သည် ထိုမူလစွမ်းအင်ရင်းမြစ်နှစ်ခုလုံးသည် လွယ်ကူစွာ ပေါင်းစပ်၍ တတိယမျက်လုံးအဖြစ် တည်ရှိနေခြင်းပင်။ထိုအရာက တိုက်ပွဲအတွက် ဝမ်လင်း၏နောက်ဆုံးဝှက်ဖဲလည်း မည်သည်။
အခုအခိုက်အတန့်၌ ရှားပါးလှသည့်မူလစွမ်းအင်ရင်းမြစ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲသို့ ဝင်ရောက်သွားခဲ့လေ၏။ထိုအခါ ပုတီးစေ့က တုန်ခါကာ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာသည်။ထိုအားက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ပုတီးစေ့ထဲသို့ ခေါ်ဆောင်သွားချေ၏။
ဝမ်လင်း၏အမြင်သည် ဝေဝါးသွား၏။သူ့ အမြင်ပြန်ကြည်လာလာချိန်၌ သူက ရင်းနှီးဖူးသော မြင်ကွင်းကို တွေ့မြင်လိုက်ရသည်။
သည်လေဟာနယ်ဟင်းလင်းပြင်ကဲ့သို့ နေရာအတွင်း၌ တံခါးချပ်ကြီးတစ်ခု ရှိလေ၏။ထိုတံခါးသည် ကောင်းကင်ဘုံလောက်ထိ ရှည်လျားကာ ၎င်းတံခါးချပ်ရှေ့၌ ဝမ်လင်းမှာ ပုရွတ်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
ဝမ်လင်းက ထိုတံခါးကို စူးစိုက်ကြည့်နေသည်။ သူက ၎င်းတံခါးကို တွေ့မြင်ချိန်တိုင်း သူသည် လုံးဝ တုန်လှုပ်မှုကို ခံစားရပေသည်။ပြီးခဲ့သော အခေါက် သူက တံခါးချပ်အတွင်းသို့ အကြည့်တစ်ချက်မျှ ကြည့်ရကာ သူနိုးထလာချိန်၌ မူလရင်းမြစ်၏ အသိသညာကို ခပ်ရေးရေး တွေ့မြင်လာနိုင်ခဲ့သည်။
အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်းက ရှေ့သို့ ပျံသန်းသွားကာ တံခါးနားသို့ တိုးလာ၏။ ဝမ်လင်း နီးကပ်လာသည်နှင့် တံခါးက တုန်ယင်ကာ အဟ တစ်ခု ပွင့်လာသည်။
ထိုအဟ ပေါ်လာသည်နှင့် အတွင်းထဲမှ အံ့မခန်းဖိအားသည် ထွက်ပေါ်လာသည်။ထိုဖိအားက ခံစားနိုင်ရုံသာ ခံစားရ၍ မြင်ရနိုင်ခြင်း မရှိပါ။၎င်းဖိအားက ဝမ်လင်းကို ထိမိသည့်အချိန် သူက မင်သက်သွားကာ လှုပ်ရှားမှု တန့်သွားသည်။အရင်တုန်းကကဲ့သို့ သူသည် မိန်းမောသည့်အနေအထားသို့ ရောက်ရှိသွားချေသည်။
သို့ရာတွင် သည်တစ်ကြိမ်၌ ဝမ်လင်း မိန်းမောသွားသည့်အခိုက် တံခါးထံမှ အပူအော်ရာတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်လာ၏။ထိုအဖြစ်က သူ့စိတ်ကို တုန်ယင်စေကာ နိုးထလာရသည်။
“အဆုံးစွန်ယန်…” ဝမ်လင်းက ထိုအပူအော်ရာသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ စုပ်ယူခဲ့သော အဆုံးစွန်ယန်ဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမိသည်။
တွေးတောနေရင်းဖြင့် ဝမ်လင်း၏မျက်လုံးထဲ၌ ဉာဏ်အလင်းအငွေ့အသက်အချို့ ပေါ်လာသည်။
“ဒြပ်စင်ငါးခု ပြီးပြည့်စုံစေခဲ့တာဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းတံခါးချပ်ကို ပွင့်စေခဲ့တယ်။ဒါပေမဲ့ အထဲကို ဝင်ရောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး။အတိတ်တုန်းက ငါဟာ တံခါးထဲကို ဝင်နိုင်စွမ်း မရှိခဲ့ဘူး…”
“ဒြပ်စင်ငါးခု ပြီးပြည့်စုံတဲ့နောက် ယင်နဲ့ယန်အမှတ်အသားပုံစံကွက်တွေ ပေါ်လာခဲ့တယ်။ အခု ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က အဆုံးစွန်ယန်ကို စုပ်ယူပြီးတဲ့နောက် ယင်နဲ့ယန်လိုအပ်ချက်မှာ တစ်ဝက် ပြည့်သွားပြီ ဖြစ်တယ်။ ငါက အဆုံးစွန်ယင်ကို ဘယ်လို ပိုင်ဆိုင်အောင် လုပ်ရမလဲတော့ မသိဘူး…။ယင်နဲ့ယန်ဟာ ပြည့်စုံသွားခဲ့ရင် ဘာများ ဆက်ဖြစ်မလဲ…” ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် တံခါးချပ်ရှေ့ကို ကြည့်ကာ တိုးဝင် ပျံသန်းလာသည်။
သည်တစ်ကြိမ်၌ သူက တံခါးအဟကို ကြည့်မိသည့်အခါ မိန်းမောသည့်အနေထားသို့ ဝင်ရောက်သွားရခြင်း မရှိတော့ပေ။သူက အနားသို့ ရောက်လာပြီး ထိုတံခါးအဟနှင့် ခြေတစ်လှမ်းအကွာသို့ ရောက်လာ၏။ဤအခိုက်၌ သူ့စိတ်နှလုံးထဲ၌ သူ့ကိုယ်သူပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားမှုမျိုး ထပ်ပေါ်လာသည်။
ဝမ်လင်းက သူ့ခြေထောက်ကို ပင့်မြှောက်ကာ တံခါးချပ်အတွင်းသို့ လှမ်း၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားခိုင်မာမှုတို့ ပြည့်နှက်နေသည်။
“ငါ ဒီပုတီးစေ့ရဲ့ အစစ်အမှန် လျှို့ဝှက်ချက်ကို သိချင်တယ်…” ဝမ်လင်း၏ ညာခြေထောက်က ထိုတံခါးအဟထဲသို့ ခြေလှမ်းလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ လေပြင်းအေးစက်စက်က သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်သွားသည့်အလား။
ရုတ်တရက် ဝမ်လင်းသည် သူ့စိတ်ဝိညာဉ်မှာ ဆွဲယူခြင်းခံရသည်ဟု ခံစားရပြီး တခြားဘက်မှာလည်း အေးစက်စက်လေပြင်းက တွန်းကန်လိုက်သည်။သူက အဆုံးမဲ့လေဟာနယ်ထဲ၌ ပျောက်ကွယ်လို့သွားသည်။
သူက နောက်သို့ ဆုတ်နေရင်း ဝမ်လင်းသည် သူ့ကိုယ်သူ မိန်းမောမှုထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားရ၏။သူက သူ့နှစ်ထောင်ချီကျင့်ကြံမှုအဆင့်သည်လည်း ပြောင်းပြန်စီးဆင်းကာ အရာအားလုံးသည် နောက်ပြန်ဆုတ်၍ သူ့ကိုယ်သူ သူ့မိခင် ဝမ်းကြားတိုက်ထဲရှိ ကလေးငယ်တစ်ယောက်ကဲ့သို့ ခံစားမိသည်။
သူ့နှလုံးခုန်သံသည် ဝမ်လင်းနားထဲသို့ ရှင်းရှင်းလင်းလင်း တိုးဝင်နေ၏။ သူ့မိဘများကို ဆုံးရှုံးခဲ့ရသည့် ပျောက်ကွယ်နေသည့် ခံစားချက်မှာ သူ့စိတ်ထဲသို့ ပြန်ဝင်ရောက်လာသည်။ သို့ရာတွင် ထိုအဖြစ်က ခဏတာသာ ကြာမြင့်၍ အေးစက်စက်လေပြင်းက သူ့အား တိုက်ခတ်သွားသည်။
ဝမ်လင်းသည် နောက်သို့ ထပ်ဆုတ်ရန် ကြိုးစား၏။သို့သော် သည်တစ်ကြိမ်၌ ဆန်းကြယ်အားတစ်ခုက သူ့အား ဟန့်တားသည်။သို့ရာတွင် ၎င်းအားက အေးစက်စက်လေပြင်းနှင့် ယှဉ်ပါက မထင်ရှားလှတော့ပေ။
သူ့အား နောက်ဆုတ်ဖို့ ဟန့်တားပေးသည့် ဆန်းကြယ်သည့်အားသည် ပျက်စီးသွား၏။တမ်လင်းက သူတွေ့မြင်လိုက်ရသည့်အရာကြောင့် ကြီးစွာ တုန်လှုပ်မိရသည်။
“ဒါ…ဒါက…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်၏။ သူက အပြာရောင်ကောင်းကင်၊အဖြူရောင်တိမ်စုများနှင့် တိမ်များအောက်၌ ပျံဝဲနေကြသည့် ကျေးငှက်ကို တွေ့မြင်၏။
ထိုငှက် အလွန်လှ၏။၎င်းက ကောင်းကင်နှင့်မြေကြီးကို ပန်းချီချယ်သကဲ့သို့ ပျံသန်းနေရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ထိုငှက် အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားသည်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် ထိုငှက်မှာ သူကိုယ်တိုင် ဖြစ်သကဲ့သို့ ပုံရိပ်ယောင်လိုလို ဖြစ်နေသည်။ ၎င်းငှက်က သူနှင့်အလွန်ရင်းနှီး၏။အလွန့်အလွန် ရင်းနှီးနေ၏။
သူက ထိုငှက်၏ တိုတောင်းသောဘဝကို တွေ့မြင်၏။ အခြားလူများအဖို့ ဤအရာမှာ ပျင်းစရာ ကောင်းလှပေမည်။ ဝမ်လင်းအဖို့ကမူ ၎င်းအဖြစ်အပျက်သည် အလွန့်အလွန်ကြာမြင့်ခဲ့သော မှတ်ဉာဏ်များပင်။သည်ဘဝ၏မှတ်ဉာဏ်များက ထိတွေ့ခြင်းခံရကာ ပွင့်ဟလာသည့်အလား။
“မူလရင်းမြစ်…ဒါ…ဒါက မူလရင်းမြစ်ပဲ…” ဝမ်လင်း၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား။ သူက ပင့်သက်ရှိုက်မိနေသည်။
ထိုငှက်၏ သက်တမ်းသည် ရှည်ကြာခြင်းမရှိပါ။ ဆယ်စုနှစ်အနည်းငယ်မျှသာ ဖြစ်၏။ ဝမ်လင်းက ထိုငှက် စပါးအုံးမြွေကြီး၏ ပါးစပ်ဝ၌ သေဆုံးသည်ကို တွေ့မြင်ရချိန်၌ သူ့စိတ်နှလုံးသည် နာကျင်စွာ ခံစားရသည်။ထိုငှက်၏ သေအံမူးမူးအကြည့်က ဝမ်လင်း၏ မျက်လုံးထဲသို့ ကျရောက်စွဲထင်နေသည့်အလား။ မည်သည့်စွမ်းအားနှင့်မျှ ဖွင့်ဟမရသည့် ဖုံးကွယ်နေသည့်မှတ်ဉာဏ်များသည် အခုချိန်၌ ပွင့်ဟလာခဲ့လေသလား။
ဝမ်လင်းသည် နောက်သို့ ဆုတ်သွားရ၏။အေးစက်စက်လေပြင်းက သူ့ကို ရိုက်ခတ်နေသည်။ သို့ရာတွင် သူ နောက်ဆုတ်မှုကို ဟန့်တားပေးသည် ထူးဆန်းဆန်းကြယ်သောအားက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
သည်တစ်ကြိမ်၌ ထိုစွမ်းအားသည် အရင်ထက် အဆများစွာ ပိုအားကောင်းနေသည်။လေပြင်းက ထိုအားပေါ်သို့ သက်ရောက်နိုင်ခြင်း မရှိတော့ပေ။
အချိန်အတန်ကြာပြီးနောက် ဆန်းကြယ်လှသောအားကြောင့် ဖြစ်ပေါ်လာသည့် အတားအဆီး၌ အက်ကြောင်းတစ်ခု ဖြစ်လာသည်။ဝမ်လင်း၏ခန္ဓာကိုယ်က ထိုအက်ကြောင်းထဲကနေ ဖြတ်သန်းထွက်လာသည်။ သည်အခိုက်၌ သူက အနီရောင်အလင်းကို တွေ့မြင်ရ၏။ သူက ၎င်းအလင်းကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ခင်မှာပင် အက်ကြောင်းအတွင်းမှ အံ့မခန်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို တွန်းထုတ်သည်။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသကဲ့သို့ ခံစားရ၏။သူက နောက်သို့ လွင့်စင်လာရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးသွားသည်။
ထိုသို့ ပျက်စီးသွားသည့်အခိုက်၌ ဝမ်လင်းသည် မိန်းမောနေသည့်အခြေအနေကနေ နိုးထ၍ မျက်လုံးဖွင့်လာလေ၏။သူက အခုထိ ဧရာမကောင်းကင်ဆုံဆန့်ကျင်ခြင်းတံခါးဝ အဟ၌ ခြေလှမ်းထားတုန်း ရှိနေသေးသည်။ သူ့ညာခြေထောက်သည် လေထဲ၌ တန်းလန်း ပင့်ထားကာ တံခါးအတွင်းထဲသို့ ခြေချရန် ဟန်ပြင်နေသည့်အတိုင်း ရှိနေဆဲပင်။
ဝမ်လင်းက အသက်ဝဝရှိုက်သွင်း၏။သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုသည် တဖြည်းဖြည်း အထိုင်ပြန်ကျလာသည်။ သူ့ခြေထောက်ကို တံခါးချပ်အတွင်းသို့ ခြေချရန် ပင့်မြှောက်လိုက်သည့်အခိုက်၌ ဤအရာများအားလုံး ခဏတာအတွင်း ဖြစ်ပျက်သွားခဲ့လေခြင်းပင်။
သည်အခိုက်အတန့်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေါ်ရှိ အက်ကြောင်းသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။ထို့နောက် ၎င်းတံခါးချပ်ကြီးက ပုံရိပ်ယောင်အလား ဝေဝါးကာ ဝမ်လင်းရှေ့တွင်ပင် ပြန်ပျောက်ကွယ်သွားတော့သည်။
တာလော့ဓားကလန်အတွင်း၌ ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လာ၏။ သူက သူ့ပတ်လည်ရှိ အစစ်အမှန်ဝန်းကျင်ကို ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချ၍ မတ်တပ်ထရပ်လာ၏။
သူမတ်တပ်ရပ်လိုက်သည့်အခိုက်၌ သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ထိုအော်ရာသည် အလွန်အားကောင်းကာ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်၏ အထွတ်အထိပ်ကို ပိုင်ဆိုင်ထားနေသည်။
“ဒီတော့…ဒါက မူလရင်းမြစ်ပေါ့…”
***