အရှင်ချိုင့်လေ (၂)
Vol. 021 Ch. 1031
အဘိုးအိုက ဒိုင်းကိုထုတ်ယူလိုက်သည်နှင့် ဝမ်လင်း၏မျက်လုံးက တောက်ပသွား၏။သူက ထိုဒိုင်းငယ်ထံမှ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခပ်ဖျော့ဖျော့အော်ရာတစ်ခုကို ခံစားမိနိုင်သည်။
“ရှေးဟောင်းနတ်ဘုရားရတနာ…” အဘိုးအို ထွက်ပြေးနေသည်ကို ကြည့်နေရင်း နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားသည်။ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူက ခြေလှမ်းလိုက်၏။ထိုအခါ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာသည်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလိုက်ခြင်းပင်။
ရုတ်တရက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့သည်။
အဘိုးအိုက ထိုမြင်ကွင်းကို တွေ့သည့်အခါ သူ့စိတ်နှလုံးသည် တုန်ယင်မိ၏။သူ့ဦးရေပြားပင် ထုံထိုင်းသွားရသည်။ ချက်ခြင်းပင် သူက သွေးများစွာ ဆက်အန်ထုတ်ကာ သွေးလွတ်မြောက်ခြင်းကို ဆက်တိုက်အသုံးပြု၍ ပြေးလေ၏။
သူ့နှဖူးထက်၌လည်း ချွေးပြန်နေချေပြီ။ သူက စိတ်ထဲကနေ အော်ဟစ်မိနေ၏။ “ဟင်းလင်းပြင်ကွေးညွတ်ခြင်း…ဒီဝမ်လင်းက ဒီနည်းစနစ်ကို သိနေတာပဲ…”
ဟင်းလင်းပြင်ကွေးညွတ်ခြင်းသည် လူတိုင်း သိရှိနိုင်သည့်အရာ မဟုတ်ပါ။ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို နားလည်ထားသည့်သူကို သူနှင့်အဆင့်တူများကြား ပြိုင်စံရှားသည်ဟု သတ်မှတ်နိုင်သည်။
အဘိုးအို၏မျက်နှာက ဖြူရောနေ၏။သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။
သူက နောက်ဆုတ်နေရင်း သူ့ဘေး၌ လှိုင်းတွန့်များပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာ၏။ဝမ်လင်းက သူ့ညာလက်ဖြင့် လက်သီးစုပ်ဟန်ပြုကာ လက်သီးချက်တစ်ချက် ပစ်သွင်းသည်။
သူက သိသာစွာပင် အဘိုးအိုနှင့် နီးကပ်စွာ ရှိနေပြီ မဟုတ်လား။
ထိုလက်သီးချက်မှ ရှေးဟောင်းနတ်ဘုရားအော်ရာသည် မုန်တိုင်းတစ်ခုကို ဖြစ်စေကာ အဘိုးအိုကို စီးမိုးရန် ပြင်၏။အဘိုးအို၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားရကာ သူက ခပ်သွက်သွက်လှမ်းအော်သည်။
“ရောင်းရင်းကျင့်ကြံသူ…ငဲ့ညှာပါ။ ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးပါ…”
အဘိုးအို၏ နှလုံးက ခုန်ပေါက်နေသည်။ သူက ထိုသို့ သေရေးရှင်ရေး အခိုက်အတန့်မျိုး မကြုံရသည်မှာ ကြာမြင့်လှခဲ့ပေပြီ။
ဝမ်လင်း၏ ညာလက်သီးချက်က အဘိုးအို၏နှာခေါင်းဝနှင့် တစ်လက်မအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။
အဘိုးအိုက သူ့ရှေ့ရှိ လက်သီးချက်ကို ကြည့်ကာ နှဖူးထက်၌ ချွေးပြန်နေလေပြီ။ သူက ထိုလက်သီးထဲရှိ စွမ်းအားကို ကောင်းစွာ ခံစားမိ၏။ ထိုလက်သီးချက်သာ သူ့ပေါ်သို့ ကျရောက်လာပါက သူ့ခန္ဓာကိုယ် ပျက်စီးသွားဖို့ သေချာပေပြီ။
“ရောင်းရင်းကျင့်ကြံသူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ ကောင်းကင်ဘုံလှိုဏ်ဂူကို သွားရင် အကူအညီ ကျိန်းသေလိုမှာပါ။ ငါက ဒီနေ့ကိစ္စအတွက် သင့်ကို အကောင်းဆုံး ပြန်ကူညီပေးပါ့မယ်…”
ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။ အဘိုးအိုက ဆက်၍ ပြောလာပြန်သည်။ “ဒါ့အပြင် ငါက သင့်ကို ဒီအံ့ဖွယ်ဒိုင်းကိုလည်း ပေးပါ့မယ်။ဒါက ငါ့မှာ ရှိတဲ့ အားအကောင်းဆုံး အကွာအကွယ်ရတနာတစ်ခုပဲ။ ရောင်းရင်းကျင့်ကြံသူသာ ဒီဒိုင်း ပိုင်ဆိုင်ထားခဲ့ရင် ဒါဟာ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာ သင့်အတွက် အကူအညီအများကြီး ရနိုင်မှာပါ…”
အဘိုးအိုက ထိုသို့ ပြောနေရင်း သူက သူ့ဒိုင်းပေါ်ရှိ သူ့အမှတ်အသားကို ပက်သယ်လိုက်ကာ ဝမ်လင်းထံသို့ လှမ်းပေးသည်။
ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူ့လက်သီးချက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းသည်။ သူက ဒိုင်းကို လှမ်းယူကာ သေချာကြည့်သည်။
အဘိုးအိုက ဝမ်လင်း၏လက်သီးချက် ပြန်ရုတ်မှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ထို့နောက် သူက ဝမ်လင်းကို ဂရုတစိုက် ကြည့်၏။
ဝမ်လင်းက သူ့ညာလက်ကိုပင့်မြှောက်၍ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူ့လက်တစ်ချက်ဝေ့ယမ်းလိုက်ရာ အတားအဆီးတစ်ခု ပျံသန်းထွက်သွားသည်။ထိုအတားအဆီးချိပ်တံဆိပ်က ခေါင်းကြီးကောင်လေး အပေါ် သူ့အသုံးပြုခဲ့သည့် အရာနှင့် တူတူပင်။၎င်းက အဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လို့သွားသည်။
အဘိုးအိုက မခုခံဝံ့ပေ။ အဘိုးအိုမျက်ခုံးနှစ်ခုကြား၌ ချိပ်တံဆိပ်တစ်ဖျပ်ဖျပ် ဖြစ်ပေါ်ပြီးနောက် ပျောက်ကွယ်လို့သွားသည်။
“မင်းကိစ္စတွေ သေချာရှင်းပြီးရင် ငါ့နောက်လိုက်ခဲ့…” ဝမ်လင်းသည် အဘိုးအိုကို ကြည့်ပင်မကြည့်တော့ဘဲ ပျောက်ကွယ်သွား၏။ ထို့နောက် သူက လိုင်ဂျီ၏ကျောပေါ်၌ ပြန်ပေါ်လာသည်။ ဝမ်လင်းက လိုင်ဂျီ၏ကျောပေါ်၌ ထိုင်ချလိုက်၏။
အနက်ရောင်ဝတ်စုံနှင့်လူခုနစ်ယောက်ကမူ ခေါင်းကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေပြီ။ သူက လျှာသပ်ကာ ဝမ်လင်းဘေးနားသို့ ပြန်လာ၏။
အဘိုးအိုက သက်ပြင်းချ၏။ထို့နောက် သူက ဖျပ်ခနဲ သူ့လှေပေါ်သို့ ပြန်ရောက်သွားသည်။သူက သူ့တပည့်အားလုံးကို ဆင့်ခေါ်ကာ အမိန့်တစ်ချို့ ပေးပြီးနောက် လှေပေါ်ကနေ ပြန်ထွက်ခွာလာခဲ့၏။သူက လိုင်ဂျီ၏ ကျောပေါ်သို့ ရောက်ရှိလာသည်။ထိုအဘိုးအိုက မချိပြုံးပြုံးရုံသာ တက်နိုင်တော့၏။
“ရောင်းရင်းကျင့်ကြံသူ အမိန့်အရ ငါက ငါ့ကိစ္စတွေကို ဖြေရှင်းပြီးပါပြီ။ ငါ့နာမည်အမှန်က ချန်ဖန်ပါ။ ငါ့ကို အများကတော့ အရှင်ချိုင့်လေ လို့ခေါ်ကြပါတယ်။ ဒီနေ့ ငါက ရောင်းရင်းကျင့်ကြံသူကို ရှုံးနိမ့်ခဲ့ရတဲ့အပေါ် နောင်တမရပါဘူး။ငါ ချန်ဖန်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ သင့်ကို ကူညီပေးမယ့် ကတိကို တန်ဖိုးထားမှာပါ။ ဒါပေမဲ့လည်း ငါတို့ ကုန်းမြေကနေ ပြန်ရောက်လာရင်တော့ ရောင်းရင်းက ငါ့ကိုယ်ပေါ်က ချိပ်ပိတ်မှုကို ဖြေလျှော့ပေးဖို့ မျှောလင့်မိပါတယ်။ ဒါဆို ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြှိုးမှ ရှိတော့မှာ မဟုတ်ပါဘူး…”
ဝမ်လင်းက ချန်ဖန်ကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ “ငါ့ချိပ်ပိတ်မှုက အားကောင်းခြင်းမရှိဘူး။ မင်း ဒါကို ဖြေလျော့ချင်ရင် လွယ်လွယ်လေးနဲ့ လုပ်နိုင်လိမ့်မယ်…’
ချန်ဖန်က ခါးသီးစွာပြုံး၍ ခေါင်းယမ်း၏။သူက ထိုချိပ်ပိတ်မှုကို စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။ထို့အတွက် သူက ၎င်းအရာသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများ ပြုလုပ်နိုင်သည့် တစ်စုံတစ်ခု ဖြစ်မှန်း သိထားပေသည်။သူက ထိုချိပ်ပိတ်မှုကို ချိုးဖျက်လိုပါက သူ့အတွက် အချိန်သိပ်ယူရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက မစွန့်စားဝံ့ပေ။ သူက ဝမ်လင်းကို ကြောက်လန့်နေပြီ မဟုတ်လား။သူ့အမြင်၌ ထိုချိပ်ပိတ်မှုက ထောင်ချောက်တစ်ခု ဖြစ်နေ၏။ သူက ဝမ်လင်းစကားကို ယုံကြည်၍ ၎င်းချိပ်ပိတ်မှုကို ချိုးဖျက်လိုက်ပါက နောက်ဆက်တွဲ တုန့်ပြန်မှုများဖြစ်လာ၍ ၎င်းချိပ်ပိတ်မှုက ပို၍ အသက်ဝင် အားကောင်းလာလိမ့်မည်ဟု ထင်နေမိသည်။
“ဝမ်လင်းက ဒီလိုကိစ္စမှာ ခပ်ပေါ့ပေါ့လုပ်လိမ့်မှာ မဟုတ်ဘူး။ဒီလူရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ဆိုရင် ငါက သူ့ကို လျှော့တွက်လို့ကို မရဘူး။ဒါ့ကြောင့် သူ့ငါ့အပေါ်မှာ ချမှတ်ထားတဲ့ ချိပ်ပိတ်မှုရဲ့ နောက်ကွယ်ကလည်း ရိုးရှင်းနေမှာ မဟုတ်ဘူး။ဒါ့ကြောင့် ငါက ဒီချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ရင်တောင် ဘယ်လိုလုပ် ချိုးဖျက်ဝံ့မှာလဲ…
အဘိုးအိုချန်ဖန်က ခါးသီးစွာ ပြုံးနေမိ၏။
ထိုအရာကပင် ဝမ်လင်း၏ရည်ရွယ်ချက်အမှန်ပင်။တကယ်တော့ သူ့ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်အဆင့်တွင်သာ ရှိသေး၏။ထို့ကြောင့် သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို မည်သို့ ချိပ်ပိတ်နိုင်ပါ့မည်နည်း။သူက အကြံအစည်ဖြင့် ထိုချိပ်ပိတ်မှုကို ပြုလုပ်လိုက်ခြင်းမျှသာ ဖြစ်သည်။
ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ “သင် ငါ့စကားကို နားထောင်နေရင် ငါက သင့်ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ပြန်ထွက်လာတာနဲ့ လွတ်လပ်မှု ပြန်ပေးမယ်…”
ချန်ဖန်က ခေါင်းညိတ်၏။သူက စကားဆက်ဆို၍ အချိန်ဖြုန်းမနေတော့ဘဲ ထိုင်ချလိုက်၏။ အခုချိန်၌ သူ့ခန္ဓာကိုယ်က အရိုးခြောက်ကဲ့သို့ ပိန်ပါးနေသည်။ သို့သော် ခဏတာ ကျင့်ကြံပြီးသည့်နောက် သူ့အသားအရေသည် ပြန်ပြည့်ဖောင်းလာတော့သည်။
“ဒီကျင့်ကြံခြင်းနည်းလမ်းက အတော်လေး ထူးဆန်းတာပဲ…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ချန်ဖန် ကျင့်ကြံနေခြင်းမှာ သူ့စိတ်သဘောကို ဖော်ပြလိုခြင်းဖြစ်မှန်း သိထား၏။ ချန်ဖန်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွက် သူ့ကိုယ်သူ ပြင်ဆင်ထားခြင်းက သူ့လွတ်လပ်မှုအတွက် အလုပ်လုပ်နေခြင်းဟုလည်း ဆိုနိုင်ပေသည်။
“ဒီလူရဲ့ အကူအညီနဲ့ဆိုရင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါ့အခွင့်အရေးက ထပ်တိုးတာလာနိုင်ပြီ။ ကံမကောင်းစွာနဲ့ ငါ့မှာ လုံလောက်တဲ့လူဦးရေ မရှိသေးဘူး…”
လိုင်ဂျီသည် ကြယ်များကြား၌ ဖြတ်သန်းသွားလာနေရင်း ဝမ်လင်းက သက်ပြင်းချမိ၏။
လမ်းတစ်လျှောက်၌ သူတို့က တိတ်ဆိတ်နေကြ၏။ သိပ်မကြာခင်တွင် အပြာရောင်ဂြိုဟ်တစ်လုံး သူတို့ရှေ့၌ ပေါ်လာသည်။ထိုဂြိုဟ်မှာ အလွန်လှကာ စိတ်ဝိညာဉ်စွမ်းအင် အော်ရာများစွာကို ပေးစွမ်းနေသည်။
"ဒီဂြိုဟ်ဟာ ရေစိတ်ဝိညာဉ်ပဲ။ချန်ညီကိုသုံးယောက်က ဒီဂြိုဟ်ကို ပိုင်ဆိုင်တယ်..."
ချန်ဖန်က ထိုသို့ပြောလာ၏။သူ့မျက်လုံးထဲ၌ မကောင်းဆိုးဝါးဆန်သည့် အငွေ့အသက်တို့ ဖြစ်ပေါ်သွားသည်။
သူက ရီချန်၏မြေးဖြစ်သူ ရေစိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် အမျိုးသမီးကို အတော်လေး လိုချင်နေခဲ့သည် မဟုတ်လား။ ချန်ညီကိုသုံးယောက်နောက်ကွယ်ရှိ ပုဂ္ဂိုလ်ကို ထိတ်လန့်ခြင်းကြောင့်သာ မဟုတ်ပါက သူမကို ကျင့်ကြံခြင်းကိုယ်လုပ်တော် အဖြစ် သိမ်းပိုက်ပြီး ဖြစ်နေလေပြီ။
"ချန်ညီကိုသုံးယောက်" ဝမ်လင်းက ထိုအပြာရောင်ဂြိုဟ်ကို ကြည့်နေသည်။ သို့သော် အနည်းငယ်စဉ်းစားပြီးနောက် သူက ထွက်ခွာသွားရန်သာ ဆုံးဖြတ်လိုက်သည်။ဤဂြိုဟ်က သူ့အတွက် တံခါးပိတ်ကျင့်ကြံဖို့ သင့်တော်လှသော်လည်း သည်ဂြိုဟ်ကို လုယူဖို့ကမူ သူ့အတွက် မသင့်တော်ပေ။ အကြောင်းမှာ သူနှင့်ချန်ညီကို သုံးယောက်က သိကျွမ်းဖူးသည် မဟုတ်လား။
သူက ထွက်ခွာရန် ဟန်ပြင်စဉ် ထိုအပြာရောင်ဂြိုဟ်ကနေ အလင်းတန်းသုံးခု ပျံသန်းလာကြသည်။.
"ရောင်းရင်းကျင့်ကြံသူတို့...ဘာကြောင့်များ ငါတို့ဂြိုဟ်နားမှာ ရစ်သိသိ လုပ်နေကြတာလဲ..."
အရှင်ရီချန်က ထိုသို့လှမ်းမေး၏။
"အယ်..." အရှင်ရီချန်က လှမ်းမေးပြီးနောက် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။
တိုးဝင်လာသည့် အလင်းတန်းသုံးခါထဲကနေ လူသုံးယောက် လှမ်းထွက်လာကြသည်။ သူတို့က ချန်ညီကို သုံးယောက်ပင်။
သူတို့သုံးယောက်က တစ္ဆေမျက်လုံးမြို့ လေလံပွဲ မတော်တဆမှုကြောင့် သတ်မှတ်ချိန်ထက်စောပြီးသွားသည့် အတွက် ဂြိုဟ်သို့ပြန်ရောက်ရှိနေကြခြင်းပင်။
သူတို့က ဂြိုဟ်ပေါ်၌ ကျင့်ကြံနေရင်း ဂြိုဟ်အပြင်ဘက်၌ ဒုတိယအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အော်ရာကို ခံစားမိ၍ ချက်ခြင်းပျံသန်းထွက်လာကြခြင်း ဖြစ်သည်။
သူတို့က လိုင်ဂျီ၏ဧရာမခန္ဓာကိုယ်ကြီးကို တွေ့မြင်သည့်အခါ အပြင်ပိုင်းဟန်ပန်က ပုံမှန်အတိုင်းသာ ရှိသော်လည်း စိတ်ထဲကမူ တုန်လှုပ််မိနေသည်။မဟာမိတ်ကြယ်အဖွဲ့အစည်း၌ ဘီလူးနတ်ဆိုးကလန်ဝင် စီးတော်ယာဥ်ကို ပိုင်ဆိုင်နိုင်ကြသူများမှာ လင်းထျန်ဟူနှင့် ရှေ့ဖြစ်ဟောသူတို့ကဲ့သို့ မွန်းစတားအိုကြီးများသာ ရှိကြသည် မဟုတ်လား။
သူတို့သုံးယောက်က လိုင်ဂျီ၏ကျောပေါ်ရှိ ဝမ်လင်းတို့ကို တွေ့မြင်သည့်အခါ မင်သက်သွားကြသည်။အရှင်ရီချန်က ဝမ်လင်းနှင့်ရှေ့ဖြစ်ဟောသူတို့ကြားရှိ တိုက်ပွဲကို တွေ့မြင်ဖူးရာ သူသည်ဝမ်လင်းအပေါ် အတော်လေး ထိတ်လန့်နေမိပေသည်။ခုချိန်၌ သူသည် ဝမ်လင်းကို ထပ်တွေ့ရချိန် အစပိုင်း တုန်လှုပ်မိသွားရာကနေ လေးစားသည့်ဟန်ပန် ထွက်ပေါ်လာသည်။
"သူ့ကြောင့် လင်းထျန်ဟူကတောင် ရှေ့ဖြစ်ဟောသူနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီအရှင်နတ်ဆိုး(ဝမ်လင်း) က တကယ့်ကို မရိုးရှင်းဘူးပဲ..."
သို့ရာတွင် သူတို့က ဝမ်လင်းနှင့်အတူ ချန်ဖန်ကိုပါ တွေ့လိုက်ရသည့်အတွက် စိတ်ရှုပ်ထွေးမိနေကြသည်။
ချန်ဖန်က ထျန်ယွမ်ဂြိုဟ်ပေါ်၌ ကျော်ကြားလှသူ တစ်ယောက်ပင်။သူသည် အတိတ်တုန်းက သွေးဘိုးဘေးနှင့် မယှဉ်သာသော်လည်း ကျော်ကြားသောမွန်းစတားအို တစ်ယောက်ဟု ယူဆ၍ ရသည်။ထိုလူက ဇိမ်ခံတတ်သည့် လူစားမျိုး ဖြစ်ကာ သူသည် လင်းအာကိုပင် မျက်စိကျနေသေး၏။ နောက်ပိုင်းတွင် သူက လင်းအာ အပေါ် လက်လျော့ခဲ့သော်လည်း ချန်ညီကို သုံးယောက်ကို အချိန်အတန်ကြာ ပူပန်စေခဲ့ပေသည်။
ချန်ဖန်က အရင်ထက် အတော်လေး ပိန်သွားသော်လည်း သူတို့သုံးယောက်က သူ့ကို မှတ်မိဆဲ ဖြစ်၏။တုန်လှုပ်မိနေသည့်အပြင် လက်ရှိအခြေအနေက သူတို့အဖို့ ကောင်းမလား၊ဆိုးမလား မသိရဘဲ ရှိနေသည်။
ထို အခိုက်မှာပင် ချန်ဖန်က မသတီစရာ ပြုံး၍ စကားဆိုလာ၏။
"ချန်ညီကိုတွေ...ဒီရေစိတ်ဝိညာဉ်ဂြိုဟ်ကို ဒီအဘိုးအိုရှိ ပေးနိုင်မလား..."
ချန်ညီကိုများ၏ အသွင်က ပြောင်းလဲသွားကြသည်။သူတို့က ဝမ်လင်းကို စကားလှမ်းပြောရန် ဟန်ပြင်လိုက်ကြ၏။ ထိုအခိုက်မှာပင် ဝမ်လင်းက တည်ငြိမ်စွာဆိုလာသည်။
"ဆူလိုက်တာ..."
ချန်ဖန်၏စိတ်က တုန်ယင်သွားသည်။ဝမ်လင်းအသံက တည်ငြိမ်သော်လည်း သူသည် ၎င်းအသံထဲရှိ အလိုမကျမှုကို ခံစားမိသည်။အခုချိန်၌ သူက ဝမ်လင်းကို ရန်မပြုဝံ့ပေ။သူက အလျင်အမြန်ပြုံး၍ စကားဆက်မဆိုဝံ့တော့ပေ။
ထိုမြင်ကွင်းက ချန်ညီကိုသုံးယောက်ကို မင်သက်သွားစေ၏။
"ရောင်းရင်းကျင့်ကြံသူရီချန်...ငါတို့ ခုလို သိပ်မကြာခင်မှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ဒီဂြိုဟ်ကိုလည်း သင်ပိုင်ဆိုင်ထားလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ငါ တံခါးပိတ်ကျင့်ကြံဖို့ အခြားဂြိုဟ်တစ်ခုခုကို ရှာဖို့အတွက် ထွက်သွားပါမယ်..."
ဝမ်လင်းက ချန်ညီကိုသုံးယောက်ကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန် ပြုသည်။
အရှင်ရီချန်ကလဲ အလျင်အမြန်လက်ယှက်၍ လေးစားသမှု ပြသည်။ သို့သော် သူက စိတ်ထဲ၌ တုန်လှုပ်နေသည်။ ဝမ်လင်း၏စကားတစ်ခွန်းဖြင့် ချန်ဖန် ခုလို ထိတ်လန့်သည့်အသွင် ဖြစ်ပေါ်သွားလိမ့်မည်ဟု သူ မထင်ထားမိပေ။
အရှင်ရီချန်က လက်နှစ်ဖက်ယှက်၍ ဆို၏။ "ရောင်းရင်းဝမ်နဲ့ စီနီယာအရှင်ချိုင့်လေ တို့ ဘယ်လိုများ အတူ ရှိနေကြလဲ ငါ မသိဘူး..."
"သူက ငါ့အစေခံပါ..." ဝမ်လင်းက ထိုထက် ပိုမပြောတော့ပေ။သူက အရှင်ရီချန်ကို ခေါင်းညိတ်ပြ၍ ပြန်ထွက်ခွာရန် ပြင်သည်။
ထိုစကားကို ကြားသည့်အခါ ချန်ညီကို သုံးယောက်၏ စိတ်ထဲ၌ ပင့်သက်ရှိုက် တုန်လှုပ်မိသွားကြသည်။
အရှင်ရီချန်က ခပ်သွက်သွက်ဆိုသည်။ "ညီကိုဝမ်လင်း...အလျင်စလို ထွက်သွားဖို့ မလိုပါဘူး။ရေစိတ်ဝိညာဥ်ဂြိုဟ်က ကြီးမား ကျယ်ပြန့်ပါတယ်။ အစ်ကိုဝမ်သာ စိတ်မရှိရင် ဒီမှာနေပြီး ကျင့်ကြံနိုင်ပါတယ်..."
"ဒီလူက ဘီလူးနတ်ဆိုးကလန်၀င် စီးတော်ယာဉ်လည်း ပိုင်ဆိုင်ထားသလို ကျော်ကြားလှတဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကိုလည်း သူ့ အစေခံ ဖြစ်နေစေတယ်။ သူ့ဘေးက ခေါင်းကြီးကျင့်ကြံသူကလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၊ရုပ်သေး(တာရှန်)ကလည်း အားနည်းပုံ မရဘူး။ ဒီလိုလူမျိူးနဲ့ ငါ မိတ်ဆွေဖြစ်အောင် လုပ်ရမယ်..."
***