ပြန်လည်မွေးဖွားခြင်းစက်ဝန်း အိပ်မက်
Vol. 021 Ch. 1035
“ငါ့ညီက ကြည့်မကောင်းဘူးနော်။ ဒါ့ကြောင့် ကောင်မလေး နင် သူ့ကို မသိလောက်ဘူး…” စစ်ထူနန်က ထိုသို့ ရယ်မောပြောဆိုရင်း သူ့လက်ဖြင့် ညှို့အားပြင်းသည့်အမျိုးသမီး၏ ခါးကို ဆွဲဖက်လိုက်လေသည်။
အမျိုးသမီးက စစ်ထူနန် သူ့ရင်ဘက်ထဲသို့ သူမကို ဆွဲခေါ်သွင်းသည့်အခါ ရုန်းကန်ရန် ပြင်လိုက်သေးသည်။ စစ်ထူနန်က ရယ်မောကာ ထျန်ယွမ်ဂြိုဟ်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
“ကောင်မလေး…အလျင်မလိုပါနဲ့…။ ငါ နင့်ကို ဘယ်နှစ်ကြိမ်များ ကျေနပ်ပြီးစေခဲ့ပြီလဲ…။နင် ပြောပုံအရ ပန်းရောင်နန်းတော်မှာ နင့်ညီမတွေ အများကြီး ရှိတယ်ဆို။ ဒီနန်းတော်က နင် ပြောသလောက် ဟုတ်ရဲ့လာ်း အရင် သွားကြည့်ကြတာပေါ့…”
ထိုအမျိုးသမီးက ပြုံး၍ စစ်ထူနန်ကို ညှို့မျက်လုံးနှင့်ကြည့်ကာ ပြောသည်။ “စီနီယာ…သင် လုံးဝ ကျေနပ်ပါလိမ့်မယ်…”
စစ်ထူနန်က ထိုစကားကို ကြားသည့်အခါ သူ့စိတ်နှလုံးသည် ကိုက်ခဲမိ၏။ သူက ဖန်လန်ဂြိုဟ်ပေါ်ရှိ မင်သက်ဖွယ်အလှလေးများအကြောင်း မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။တနေ့ သူသာ ဖန်လန်ဂြိုဟ်ကို အုပ်စိုးပါက သူနှင်သူ့ညီ ဝမ်လင်းတို့သည် လက်တစ်ဖက်စီ၌ မိန်းမလှတစ်ယောက်စီကို ထွေးပွေ့ထားနိုင်မည် မဟုတ်လော။ထိုအရာက ဘဝ၏ အကြီးကျယ်ဆုံး ပျော်ရွှင်မှု ဖြစ်ပေလိမ့်မည်။
“ကံမကောင်းစွာနဲ့ ဒီကောင်လေးဝမ်လင်းက သစ်သားတုံး ဖြစ်နေတာပဲ။ ငါ တစ်ရာနှစ်ရာ သူ့ကို သင်ပေးလည်း အချည်းနှီးပဲ…”
ဤအခိုက်၌ စစ်ထူနန်နှင့် ဝေးကွာသောနေရာရှိ ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ ဝမ်လင်း၏ညာမျက်လုံးထံမှ အပြာရောင်အလင်းတစ်ခု ထုတ်လွှတ်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ထို့နောက် သူက တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားတော့၏။
အနီးအနားရှိလူများသည်လည်း ပြန်၍ လူစုခွဲသွားကြ၏။ရေစိတ်ဝိညာဉ်ဂြိုဟ်၏ တည်ငြိမ်မှုသည် ပြန်လည် အစားထိုးလာတော့သည်။
လူတော်တော်များသည် ထိုည၌ ဝမ်လင်း၏ ဒိုင်းရတနာအဖြစ်သနစ်ကြောင့် အိပ်မပျော်နိုင် ဖြစ်ကုန်သည်။ချန်ညီကိုသုံးယောက်သည်လည်း ထိုသို့ပင်။ အရှင်ချိုင့်လေသည်လည်း ဤသို့ပင်။ လင်းအားသည်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။
သူမက ကောင်းကင်ယံထိ ထွင်းဖောက်၍ တင်ပလွေထိုင်နေသည့် ပုံရိပ်ကြီးကို တွေးနေမိကာ မမေ့ပျောက်နိုင် ဖြစ်နေသည်။သူမက ကျင့်ကြံမှုပင် မပြုနိုင်ဘဲ အိပ်ယာထဲ၌ ဟိုလှိမ့်ဒီလှိမ့်နှင့် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေသည်။
“ငါ မြင်ခဲ့တဲ့ ပုံရိပ်ကြီးက ဘာများလဲ။ငါက ဒါကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုမှာ အိပ်မက်မက်နေသလို ခံစားနေရတယ်။ အဲ့အခိုက်မှာ ငါက ငါအရင်တန်းက တစ်ခါမျှ မဖြစ်ပေါ်ဖူးခဲ့တဲ့ လေးစားမှုမျိုးကိုလည်း ခံစားမိတယ်…” လင်းအာသည် ထိုအဖြစ်ကို ဘာကြောင့်မှန်း နားမလည်နိုင် ဖြစ်နေသည်။နေအလင်းရောင်လာမှ သူမသည် ခဏမှေးသွားတော့၏။
သို့သော် သူမသည် ကြာကြာအိပ်မပျော်ပေ။အိပ်မက်တစ်ခုလိုသာ အိပ်ပျော်နေစဉ် ခံစားနေရသည်။
သူမ၏အိပ်မက်ထဲ၌ သူမသည် မတူခြားနားသည့်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ ထူးဆန်းသောဝတ်စုံများကို ဝတ်ဆင်ထားသည်။သူမက မရင်းနှီးသော လောကတစ်ခု၌ ရှိနေသည်။ ကောင်းကင်သည်အပြာရောင် ဖြစ်ကာ လူများ ရင်ဖိုလောက်အောက် လုံလောက်သည့်အထိ လှပနေ၏။
သူမက မိုးထိထိုးတက်နေသည့် မျှော်စင်ပလ္လင်တစ်ခုပေါ်၌ မားမားရပ်နေ၏။သူမအောက်၌ ထူးဆန်းသောဝတ်စုံများဖြင့် ယောက်ျား၊မိန်းမများ ရှိနေကြသည်။သူတို့က ထူးဆန်းသောမန္တာန်များကို ရွတ်ဆို၍ လောက၌ ပဲ့တင်ထပ်နေစေကြသည်။
သူမက ကောင်းကင်ထက်သို့ လက်ဆန့်တန်းကာ မော့ကြည့်ချိန်၌ သူမ၏မျက်လုံးထဲ၌ လေးစားသမှုတို့ ပြည့်နေသည်။ သူမက ခေါ်သံတစ်ခုကြားရသည့်အလား၊ ကောင်းကင်နှင့် ချိတ်ဆက်သွယ်နေသည့်အလား ထင်မှတ်နေရသည်။
အချိန်အတန်ကြာပြီးနောက် တိမ်တိုက်၊လေနှင့်ကောင်းကင်တို့သည် ပြောင်းလဲသွား၏။တိမ်တိုက်များက ကောင်းကင်ကို ဖုံးအုပ်ကာ လူများသည် မန္တာန်ကို ပို၍ ကျယ်ကျယ်လောင်လောင် ရွတ်ဆိုနေကြ၏။သူတို့၏မျက်နှာထက်၌လည်း စိတ်လှုပ်ရှားမှုနှင့်အဆုံးစွန်လေးစားမှုတို့ ဖြစ်ပေါ်နေသည်။
သူမက ထိုပလ္လင်ပေါ်၌ ဒူးတစ်ဖက်ထောက်ထားသည်။ သူမက ခေါင်းမော့ကြည့်အခါ ပိန်ပါးပါးခန္ဓာကိုယ်၊ အဖြူရောင်လည်တိုင်နှင့် ထူးဆန်းသော ကိုယ်နေဟန်ထားက သူမထံ၌ ဖြစ်ပေါ်နေကာ သူမပါးစပ်ကနေလည်း အသံတစ်ခု ထွက်ပေါ်လာသည့်ပုံပင်။
ချက်ခြင်းပင် ကောင်းကင်ထက်ရှိ တိမ်တိုက်များက ပြင်းပြင်းထန်ထန် တဝီဝီ ဖြစ်လာကာ အလင်းတန်းနှစ်ခုသည် တိမ်များကို ထွင်းဖောက်၍ မြေပြင်ထက်သို့ တိုက်ရိုက်ဆင်းသက်လာသည်။
ထိုတိမ်များကို ထူးဆန်းသောအားတစ်ခုက ဝန်းရံထားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင်စေသည်။သို့ရာတွင် ဤအခိုက်၌ တိမ်တိုက်များနောက်၌ ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။
ထိုပုံရိပ်မှာ ရှေးဟောင်းနတ်ဘုရားပင်။
၎င်းပုံရိပ်က ခန္ဓာကိုယ်တစ်ဝက်ကိုသာ ထုတ်ဖော်ထားသည့်ပုံပင်။သို့သော် ၎င်းခန္ဓာကိုယ်ပုံရိပ်ကြီးက ကောင်းကင်နှင့်မြေကြီးကို စိုးမိုးထားသည့်အလား။ ထိုရှေးဟောင်းနတ်ဘုရား၏မျက်ခုံးနှစ်ခုကြား၌ မြန်ဆန်စွာလှည့်လည်နေသော ကြယ်ရှစ်လုံးရှိနေသည်။
ထိုရှေးဟောင်းနတ်ဘုရားပေါ်လာသည်နှင့် ပလ္လင်အောက်ရှိ လူတိုင်းသည် စတင် ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်ကြ၏။
ရုတ်တရက် လင်းအာ၏ အိပ်မက်က ထိုနေရာတွင် အဆုံးသပ်သွားတော့သည်။
လင်းအာက မျက်လုံးဖွင့်လာကာ မျက်နှာကြက်ကို မော့ကြည့်နေမိ၏။သူမက အခုလိုအိပ်မက်မက်သည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါ။
ထိုအိပ်မက်က သူမစိတ်နှလုံးထဲ၌ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေ၏။သူမက ထိုအကြောင်းအရာကို မည်သူကိုမျှ ဘာကြောင့် မပြောမိမှန်း သူမကိုယ်သူမပင် မသိပေ။သူမ၏ အကောင်းဆုံးသူငယ်ချင်း အမကျောက်ရွှဲ့ပင် ထိုအိပ်မက်အကြောင်း မသိပေ။သူမ၏ အဘိုးဖြစ်သူ အရှင်ရီချန်ပင် ထိုအကြောင်းကို မသိခဲ့ပေ။
ပုံမှန်အားဖြင့် လင်းအာသည် ထိုအိပ်မက်အကြောင်းကို သူမ၏စိတ်ကူးသပ်သပ်ဟုသာ အမြဲတွေးထင်ခဲ့သည်။သူမက အကြိမ်များစွာ ထိုအိပ်မက်ကို တွေ့မြင်ခဲ့သော်လည်း တစ်ခုခုပိတ်ကာထားသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူမအဖို့ အမြဲမက်တတ်သည့် ထိုအိမ်မက်အကြောင်း အစအဆုံး ရှင်းလင်းစွာ တွေ့မြင်ရသည်မှာ စီနီယာဝမ်လင်းနှင့် တွေ့ဆုံခဲ့ရသည့် ညတွင် ဖြစ်သည်။
သူမက ထိုအဖြစ်ကို အနည်းငယ် ထူးဆန်းသည်ဟူ၍ပင် သိထင်ခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ သူမက ထိုအကြောင်းနှင့် ပတ်သတ်၍ အများကြီး ဂရုစိုက်မနေခဲ့ပေ။သူမ စိတ်ထဲ၌ ထိုအဖြစ်အပျက်များကို အိပ်မက်တစ်ခုမျှ ဟူ၍သာ ထင်ထားခဲ့၏။ သို့ရာတွင် ခုချိန်၌မူ သူမ၏ထိုအိမ်မက်သပ်သပ် အတွေးသည် ယနေ့ည၌ တစစီပျောက်သွားတော့သည်။
ယနေ့တွင် သူမက ကောင်းကင်ထက်၌ ဆန်းကြယ်ထည်ဝါသည် ပုံရိပ်ကြီးကို တွေ့မြင်ခဲ့ရ၏။ ဤပုံရိပ်က သူမအိပ်မက်ထဲရှိပုံရိပ်နှင့် တစ်ထေရာတည်း မတူသော်လည်း ၎င်းပုံရိပ်၏မျက်ခုံးနှစ်ခုကြားရှိ ကြယ််များကမူ အိပ်မက်ထဲကလို သူမနှလုံးသားအား ထိုးထွင်းစေသည့် ခံစားချက် ပေးစွမ်းနေသည်။
သူမသည် အိပ်မက်ထဲမှ ပုံရိပ်ကြီးက အခုလို အပြင်တွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့ပေ။ဤအဖြစ်က သူမ၏စိတ်နှလုံးကို အတော်လေး ရှုပ်ထွေးစေသည်။
ယနေ့ မနက်အာရုံခင်းအစောပိုင်း အချိန်၌ လင်းအာ၏အခန်းထံမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။အချိန်အတန်ကြာထိ အခန်းအတွင်းမှ တုန့်ပြန်မှု မရှိသည့်အခါ ကျောက်ရွှဲ့က အံ့အားသင့်သွားသည်။သူမက လင်းအားအခန်းတံခါးကို တွန်းဖွင့်၍ ဝင်လာရာ အခန်းက ဗလာကင်းမဲ့ကာ လင်းအာ ရှိမနေပေ။
"ခုမှ အာရုံလင်းတယ်...ဒီကောင်မလေး ဘယ်များသွားနေတာလဲ..." ကျိုးရွှဲ့က မျက်မှောင်ကြုတ်သွားပြီး အခန်းကို ဝေ့ကြည့်၍ ပြန်ထွက်သွားတော့သည်။
ဝမ်လင်းသည် ညအချိန်အတွင်း နန်းတော်အတွင်း၌ ထိုင်နေ၏။သူ့မျက်လုံးထဲရှိ အပြာရောင်အလင်းမှာလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်သွားကာ အခြားလူများ သာမန်မဟုတ်သည်ကို တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။
"ရှေးဟောင်းနတ်ဘုရားရဲ့ အသက်ကယ်မန္တာန်ကို အသုံးပြုနိုင်ဖို့အတွက် မူလစွမ်းအင်အများအပြား လိုအပ်တယ်။ဒီလိုအပ်တဲ့စွမ်းအင်တွေက တိုက်ပွဲတွေအတွင်း စုဆောင်းနိုင်မှု အပေါ်မှီခိုရုံ သပ်သပ်ဆို လုံလောက်မှာ မဟုတ်ဘူး..."
ဝမ်လင်းက စဉ်းစားနေရင်း အစီအစဉ်တစ်ခု ချမှတ်သည်။
ခဏတာ ကျင့်ကြံပြီးသည့်နောက် သူသည် သူ့သိုလှောင်အိတ်ထဲမှ ခမ်းနားထည်ဝါသော သရဖူတစ်ခုကို ထုတ်ယူသည်။
ထိုသရဖူထဲ၌ အနီရောင်အရိပ်တစ်ခု ပါဝင်နေသည်။၎င်းအနီရောင်အရိပ်ပတ်လည်၌ လှည့်ပတ်နေသော ရွှေရောင်လိုင်းတစ်ခု ရှိနေ၏။အမှန်တော့ ၎င်းရွှေရောင်လိုင်းသည် အတော်လေး ကျုံ့ဝင်နေသော ရွှေရောင်နဂါးတစ်ကောင် ဖြစ်နေသည်။
ထိုရွှေရောင်လိုင်းက အနီရောင်အရိပ်ကို ကြောက်ရွှံ့ထိတ်လန့်နေသည့်အလား အနီရောင်အရိပ်နှင့်အတူ လုံးဝရွှေ့လျားသွားနေသည်။
ဝမ်လင်းက ထိုသရဖူကို စူးစိုက်ကြည့်နေရင်း အတိတ်တုန်းက အနီရောင်ပုံရိပ်တစ်ခုသည် သူ့ဉီးနှောက်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။
"အနီရောင်လိပ်ပြာ..."
အနီရောင်လိပ်ပြာ သေဆုံးခဲ့ချိန်က ဝမ်လင်းသည် သူမအပေါ်လေးစားသမှုဖြင့် သူမ၏မွေးရပ်မြေသို့ သူမအလောင်းအား ယူဆောင်ပေးခဲ့သည်။ထိုနေရာ၌ ဝမ်လင်းသည် အပြာရောင်နှင်းဆီပန်းကို ရှာတွေ့ခဲ့သည်။၎င်းပန်းမှ ပေးစွမ်းခဲ့သည် မွှေးရနံ့သည် အနီရောင်လိပ်ပြာ၏ကိုယ်သင်းရနံ့နှင့် တူတူဖြစ်သည်။
ထို့နောက် ထိုရနံ့နှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားပြီးနောက် ဝမ်လင်းက သရဖူကို ရရှိခဲ့လေ၏။အစပိုင်းတွင် ဝမ်လင်းက ထိုသရဖူအကြောင်း နားမလည်ခဲ့ပေ။
ရွှေရောင်နဂါးသည် လေဟာနယ်ဟင်းလင်းပြင်နေရာ အတွင်း၌ ၎င်း၏အားအကောင်းဆုံး မန္တာန်ကို အသုံးပြုခဲ့ချိန်၌ သရဖူပုံစံအသွင် ယူဆောင်သွားခဲ့၏။ထိုအခိုက်အတန့်ကြာမှ ဝမ်လင်းသည် တစ်ခုခုကို နားလည်သွားကာ သူ့ထံရှိ အစစ်အမှန်သရဖူကို ထုတ်ယူခဲ့တော့သည်။
ဝမ်လင်းအဖို့ ထိုမြင်ကွင်းကို ခုထိ မမေ့နိုင်ပေ။ထိုအချိန်က သရဖူမှ ထွက်ပေါ်သည့် အော်ရာမှာ အနီရောင်လိပ်ပြာ၏အော်ရာနှင့် တူတူ ဖြစ်နေခဲ့သည်။
ဝမ်လင်းက တိုးညင်းစွာ ရေရွတ်မိ၏။ "အနီရောင်လိပ်ပြာ နင်လား..."
အနီရောင်လိပ်ပြာသည် ဝမ်လင်းဘဝ၌ ပထမဆုံးလေးစားခဲ့ဖူးသည့် သူပင်။ ရွှမ်ယွဲ့တိုင်းပြည်မှ မောက်ပါရမီရှင် အနီရောင်လိပ်ပြာ၊၏ မောက်မာမှုကို မေ့ဖျောက်ပစ်ဖို့က ခက်ခဲပေလိမ့်မည် မဟုတ်လား။
ဝမ်လင်းက ထိုသို့ ခပ်တိုးတိုးရေရွတ်နေရင်း သရဖူအတွင်းမှ အနီရောင်အရိပ်သည် တုန်ခါလာ၏။သို့ရာတွင် ထိုအရိပ်က ဝမ်လင်းစကားကို ပြန်မတုန့်ပြန်ပေ။၎င်းအရိပ်က သူ့ကို ရှောင်လိုသည့်အလား တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားသည်
ဝမ်လင်းက သက်ပြင်းချမိ၏။ သူက သူ့ရှေ့ရှိ သရဖူကို သေချာကြည့်သည်။ ထို့နောက် သူသည် သရဖူကို ပြန်သိမ်းဆည်း၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အလေးအနက်ဟန်ပန် ဖြစ်လာ၏။
ထို့နောက် ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ ဝမ်လင်းရှေ့၌ ငွေရောင်အလင်း ထုတ်လွှတ်ပေးနေသော အမျိုးသမီးအလောင်းကောင် ပေါ်ထွက်လာ၏။
အလုံးစုံကောင်းကင်နှင့် မဟာမိတ်တို့ကြား စစ်ပွဲအတွင်း၌ မဟာမိတ်ဘက်မှ မွန်းမံသန့်စင်ထားသော အလောင်းကောင်များကို ထုတ်သုံးခဲ့သည်။ အခု အမျိုးသမီးအလောင်းကောင်က ၎င်းအလောင်းကောင်များကြား စွမ်းအားအကောင်းဆုံး သုံးယောက်တွင် ပါဝင်ပေသည်။စစ်ပွဲအတွင်း သူမ ဒဏ်ရာရသွားသည့်နောက် ဝမ်လင်းက ထိုအမျိုးသမီးအလောင်းကောင်ကို ရယူနိုင်ခဲ့ပေသည်။
သူမ၏ကိုယ်ပေါ်ရှိ ငွေရောင်ဝတ်စုံက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ဖော်ကျူးနေသည်။ သူမက အသက်ရှင်စဥ်က အတော်လေး ဆွဲဆောင်မှု ရှိသူ ဖြစ်ခဲ့ရပေမည်။သို့ရာတွင် ခု သူမ၏မျက်နှာက ဖြူဖပ်ဖြူရော ဖြစ်နေကာ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ယင်စွမ်းအင်များ ထွက်ပေါ်နေသည်။
သူမ ခန္ဓာကိုယ်ပေါ်၌ ချိန်းကြိုးနှစ်ခုလည်း ရှိနေသည်။တစ်ခုက သူမ၏ လက်မောင်းရိုးဖြင့် တွယ်ဆက်၍ ကျန်တစ်ခုက တင်ပါးဆုံရိုးကို တွယ်ဆက်ထားသည်။ထို ထိုးခွင်းချိတ်ဆက်ထားသည့် ချိန်ကြိုးနှစ်ခုက ခရမ်းနက်ရောင်ရှိကာ အနံ့ခပ်ပြင်းပြင်း ပေးစွမ်းနေသည်။
“ငါသာ ဒီမွန်းမံအလောင်းကောင်ကို ထိန်းချုပ်နိုင်ရင် ငါ့ရှိမှာ နာက်ထပ် နိဗ္ဗာနသန့်စငခြင်းအစောပိုင်းအဆင့် တစ်ယောက်ရဲ့ စွမ်းအားတစ်ခု ထပ်ရရှိလာလိမ့်မယ်…” ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက အတိတ်တုန်းက ထိုအလောင်းကောင်ကို စွန့်စား၍ အရယူခဲ့ခြင်း ဖြစ်ကာ ခုချိန်၌ ထိုအတွက် အကျိုးအမြတ်ကို ရိတ်သိမ်းရမည့် အချိန်ပင်။
သူက ယင်းအလောင်းကောင်ကို သေချာစမ်းစစ်ကြည့်ပြီးနောက် သူ့အသွင်က ပြောင်းလဲသွား၏။ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းကာ အလောင်းကောင်ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းထားလိုက်တော့သည်။ထိုအခါ အခန်းထဲရှိ ယင်စွမ်းအင်နှင့်အဆိပ်ဓာတ်တို့သည် အလျင်အမြန် ပြန်ပျောက်ကွယ်လို့သွား၏။
သိပ်မကြာခင်တွင် ချီတုံ့ချတုံ့နှင့်မိန်းမဆန်လှသောအသံတစ်ခုသည် နန်းတော်အပြင်ကနေ ထွက်ပေါ်လာ၏။
“ဝမ်…စီနီယာဝမ်…လင်းအာပါ…”
ခုချိန်သည် အာရုံဦးစအချိန်ဖြစ်ကာ ညအမှောင်အရိပ်အယောင် ကျန်ရှိနေသေးသည်။ ရေစိတ်ဝိညာဉ်ဂြိုဟ်၌ လေအေးများ တိုက်ခတ်နေ၏။လင်းအာသည်လည်း သူမ၏ကျင့်ကြံမှုကြောင့် ထိုအေးစိမ့်မှုကို အများကြီး မခံစားရသော်လည်း အအေးဓာတ်ကိုမူ ခံစားနေရဆဲပင်။
သူမက သူမရှေ့ရှိ မြေပြင်ထက်၌ ထိုင်နေသော ခေါင်းကြီးကောင်လေးကို ရှက်ရွှံ့ဟန်ဖြင့် ကြည့်၏။သူမက ထိုလူသည် ဝမ်လင်းနောက်ကနေ လိုက်ပါလာခဲ့သည့်သူမှန်း မှတ်မိပေ၏။ခုချိန်၌ ခေါင်းကြီးကောင်လေးက သူမကို အေးစက်စက်မျက်လုံးနှင့် ကြည့်နေရာ သူမအဖို့ ကြောက်လန့်နေစေသည်။
သူမက အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ နူးညံ့စွာ ပြောသည်။ “ကျွန်မ…ကျွန်မက စီနီယာဝမ်နဲ့ တွေ့ချင်လို့ပါ။ စီနီယာ ခွင့်ပြုပေးနိုင်မလား…”
ထာရှန်ကမူ စကားမဆိုဘဲ သူ့ရှေ့ရှိ မိန်းကလေးကို အေးစက်စွာသာ ကြည့်နေ၏။ထိုမိန်းကလေးသည် ရှေ့သို့ ခြေတစ်လှမ်းထပ်လှမ်းသည်နှင့် သူက တိုက်ခိုက်ပစ်တော့မည်ပုံပင်။
***