ဖြစ်ရပ် (၃)ခု
Vol. 36 Ch. 505
အခန်း (၅၀၅) ဖြစ်ရပ် (၃)ခု
ဖူအန်းစုက...
“ကျောက်ကဲ... ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ အချိန်ဘယ်လောက် ကြာဦးမှာလဲ”
ရန်ကျောက်ကဲက...
“စန့်ချုန်ကြေးမုံမှန် အားပြန်ပြည့်လာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကျွန်တော်တို့ ပြန်လို့ရမှာ ၊ အောင်မြင်မယ်လို့တော့ ယုံကြည်ရတာပဲ”
သူက သက်ပြင်းတစ်ချက်ချရင်း စိတ်သက်သာရာရဟန်ဖြင့်...
“သမုဒ္ဒရာကမ္ဘာက အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ငါးဆလောက်မြန်တယ် ၊ ကျွန်တော်တို့ ဒီမှာ အချိန်နည်းနည်းကြာသွားရင်တောင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ရောက်ရင် အချိန်သိပ်ကုန်မှာ မဟုတ်လောက်သေးဘူး”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အင်း... ငါလည်း မြန်နိုင်သမျှမြန်မြန် ဒဏ်ရာတွေက်သာလာအောင် ကြိုးစားရမယ်”
ရန်ကျောက်ကဲမျက်ဝန်းများက အေးစက်သွားပြီး...
“ဒီတစ်ခေါက် ပြန်ရောက်ရင်တော့ နေသူတော်စင်ဂိုဏ်းက တောင်းရမယ့်အကြွေးတွေ အများကြီးရှိတယ်”
ဖူအန်းစုက...
“အမှန်ပဲ... ဒါနဲ့ မင်းက အရှေ့ပင်လယ်နဲ့ သမုဒ္ဒရာကမ္ဘာက အခြေအနေတွေကိုပဲ ပြောပြနေတာ ၊ မြေကမ္ဘာနယ်မြေက ငရဲကိုးထပ်အခြေအနေရော ဘယ်လိုရှိလဲ ၊ ဆရာနဲ့ ဂိုဏ်းတူဦးလေးတွေရော... ပြီးတော့ ဒုတိယဂိုဏ်းတူအစ်ကိုရော ဘယ်လိုနေလဲ”
ဖူအန်းစုမေးခွန်းကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ မှိန်ဖျော့သွားသည်။
သူက ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနှင့် မြေကမ္ဘာနယ်မြေထဲဝင်ရောက်သူများအားလုံး ဘာဖြစ်သွားကြသည်ကို အလျှင်အမြန်ပင် ရှင်းပြလိုက်သည်။
ဖူအန်းစုက အနည်းငယ် ပျောက်ဆုံးသွားဟန်ဖြင့်...
“ဒါဖြင့်... ဆရာ...”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ဆရာဘိုးဘိုးက လှိုင်းလေပြင်းထန်တဲ့ အခြေအနေတွေကို ဘဝတစ်လျှောက်လုံး ကျော်လွှားနိုင်ခဲ့သူပါ ၊ ကံကြမ္မာက သူ့ကို မျက်နှာသာပေးမှာပါ”
ဖူအန်းစု ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သို့သော် သူမမျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကတော့ ဖုံးမနိုင်ဖိမရပေ။
သူမနှင့် ယွမ်ကျန်းဖုန်းဆိုသည်က သာမန်ဆရာတပည့်များပမာမဟုတ်ဘဲ သားအဖများပမာ ရင်းနှီးချစ်ခင်ကြသူများ ဖြစ်၏။ သူမငယ်ရွယ်စဉ်ကပင် ယွမ်ကျန်းဖုန်းက ကြည့်ရှုစောင့်ရှောက်ခဲ့သည်ဖြစ်ရာ ယခု ဆရာဖြစ်သူအခြေအနေကို ကြားသိရတော့ သူမနှလုံးသားထဲမှ ဝမ်းနည်းကြေကွဲရခြင်းများကို ထိန်းမထားနိုင်ပေ။ သူမရင်ထဲ စိတ်မအေးနိုင်ရှိရသည်။
ဖူအန်းစုထိုအကြောင်းများပြန်စဉ်းစားရင်း မျက်ဝန်းထဲတွင် ဒေါသအရောင်များ တောက်ပလာသည်။
“ချန်လီက သေသင့်တယ်”
ဒေါသတကြီးကျိန်ဆဲလိုက်မိပြီးမှ ယွမ်ကျန်းဖုန်းကို စိုးရိမ်ပူပန်မှုများက ပိုမိုကြီးထွားလာပြန်သည်။
ဖူအန်းစုက မျက်ခုံးများတွန့်ချိုးထားရင်း ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“ဗလာနယ်အက်ကွဲကြောင်း ဝဲဂယက်ထဲကို ဆရာက ကျသွားတာဆိုတော့... ဆရာ ဘယ်အချိန်မှ ပြန်ရောက်လာမလဲဆိုတာ မသိနိုင်ဘူး ၊ ပြီးတော့ ဂိုဏ်းတူမောင်လေး’ရန်တိ’ ကလည်း အရှေ့ပင်လယ်က စည်းတံဆိပ်ထဲမှာ ပိတ်မိနေတော့... ငါတို့ဂိုဏ်းရဲ့ သိုင်းသူတော်စင်တွေအကုန်လုံး တောင်ပေါ်မှာ မရှိတဲ့သဘော ဖြစ်နေတာပေါ့”
“ပြီးတော့ မင်းပြောသလိုဆိုရင် ဂိုဏ်းတူအစ်ကို’ဖန်ကျွင်း’ ရဲ့ ဒဏ်ရာတွေကို ကုစားဖို့အတွက် ကြယ်တာရာသန့်စင်ချီဝတ်ရုံကလည်း အသုံးပြုထားရတယ် မဟုတ်လား”
သူမက ဆက်ပြောသည်။
“နေသူတော်စင်ဂိုဏ်းက အရှေ့အရပ်ကထွက်သောနေသူတော်စင် ‘ဟွမ်ကွမ်လီ’ လည်း အရှေ့ပင်လယ်မှာ ပိတ်မိနေတယ်ဆိုပေမယ့် ဟို ထွက်ပြေးတဲ့ ချီးထုပ်ချန်လီက ရှိနေသေးတယ်လေ ၊ သူက ငါတို့ဂိုဏ်းကို လာမွှေရင် ဘယ်လိုလုပ်မလဲ”
ရန်ကျောက်ကဲက...
“အရှေ့ပင်လယ်ကစည်းတံဆိပ်ချိတ်ပိတ်လိုက်တဲ့အချိန် ထွက်ပေါ်လာတဲ့စွမ်းအားတွေက ပြင်းထန်လွန်းလို့ ကျွန်တော်တောင် ခံနိုင်ရည်မရှိလို့ ကမ္ဘာဖြတ်လမ်းကြောင်းဖွင့်ပြီး သမုဒ္ဒရာကမ္ဘာကို ရောက်လာတာလေ ၊ ဟိုဘက်မှာ ဘာတွေ ဖြစ်ကျန်ခဲ့မလဲဆိုတာ ပြောရခက်တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့... ကောင်းကင်မိုးကြိုးခန်းမက ချန်လီအပြင် လှိုင်းနက်ဂေဟာက သခင်မ အန်းချင်လင်လည်း အပြင်မှာ ရှိနေပါသေးတယ်”
“လှိုင်းနက်ဂေဟာက အမြဲတမ်း ကြားနေဝါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးတယ်ဆိုပေမယ့် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ဘောင်ကျော်လာမယ်ဆိုရင်တော့ ဂေဟာသခင်မအန်းချင်လင်လည်း ကြည့်နေမယ် မထင်ဘူး ဝင်ပါမှာပဲ... ၊ အခြေအနေတစ်ဖက်စောင်းနင်းဖြစ်သွားမှာမျိုးကိုတော့ လှိုင်းနက်ဂေဟာကလည်း သေချာပေါက် လက်ခံမှာ မဟုတ်ပါဘူး”
“ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်းလက်ထဲမှာ ရှိနေသေးပေမယ့် အဆုံးမဲ့တောင်တန်းမှာလည်း မိုးဖြိုပုဆိန် ရှိတယ်လေ ၊ မိုးဖြိုပုဆိန်က တိုက်ပွဲမှာ အတော်လေးထိခိုက်ထားပေမယ့် စွမ်းအားရှိနေဆဲပါပဲ ၊ ပြီးတော့ ကျွန်တော်သိသလောက် မန်ဝမ်လည်း ဒဏ်ရာအပြင်းအထန် ရထားတယ်ထင်တယ်”
ရန်ကျောက်ကဲက ဖြည်းညင်းသည့်လေသံဖြင့်...
“နောက်ဆုံးဗျာ... အချိန်အကြာကြီးနေလို့မှ ဆရာဘိုးဘိုးပြန်မလာဘူးဆိုရင်... သူ ပျောက်ဆုံးနေတဲ့ကိစ္စ လျှို့ဝှက်ထားနိုင်မှာ မဟုတ်တော့ဘူး ၊ ဒါပေမဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံက တောင်ပေါ်မှာရှိနေသေးတော့ အနည်းနဲ့အများတော့ ရန်သူတွေကို ခြိမ်းခြောက်နိုင်ဦးမှာပဲ”
“ကြယ်တာရာသန့်စင်ချီဝတ်ရုံက ဒုတိယဆရာဦးလေးကို ကုစားပေးနေရတဲ့အကြောင်းသိတဲ့သူက အကြီးအကဲနည်းနည်းလောက်ပဲ ရှိတာ ၊ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမဆီ သတင်းမပေါက်ကြားနိုင်ဘူး ၊ ဒီတော့ သူတို့ အရမ်းကာရော တိုက်ခိုက်ရဲမှာ မဟုတ်ဘူး ၊ သတိထားကြမှာပဲ”
“ဒီအတိုင်းဆိုရင် ဆရာဘိုးဘိုး ၊ ပန်းချီဆရာသူတော်စင် ၊ အဖေ ၊ ဟွမ်ကွမ်လီနဲ့ မြို့တော်သခင်’စုန့်ဝူလျန်’ တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကနေ ခဏပျောက်နေကြပေမယ့် အခြေအနေတွေက သိပ်ကြီးကြီးမားမား ဖြစ်မလာနိုင်ပါဘူး ၊ အင်း... ကြီးမားတဲ့အဖြစ်အပျက်ကြီးတွေမဖြစ်ဘူးဆိုရင် တည်ငြိမ်မယ်လို့ ယူဆရတာပဲ”
ရန်ကျောက်ကဲလေသံက ပြတ်သားပြီး သံတစ်ချောင်းပမာ စူးရှလျှက် ရှိသည်။
“မန်ဝမ် ဒဏ်ရာက အပြည့်အဝ ပြန်မကောင်းနိုင်သေးဘူးဆိုရင် ... တကယ်လို့ ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ လည်း ဘာမှမဖြစ်ဘူးဆိုရင် သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ မန်ဝမ်အနေနဲ့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဖူအန်းစုက...
“ဒါနဲ့... စောစောက မင်းပြောတဲ့ ‘ကြီးမားတဲ့အဖြစ်အပျက်ကြီးတွေမဖြစ်ဘူးဆိုရင်’ ဆိုတာက... ဘာအဓိပ္ပါယ်လဲ”
ရန်ကျောက်ကဲက အနည်းငယ် အာရုံစူးစိုက်လိုက်ပြီး...
“အဓိကဖြစ်ပျက်လာနိုင်တဲ့ ကိစ္စကြီး (၃)ခု ရှိတယ်”
သူက ဆက်ပြောသည်။
“ပထမတစ်ခုက စောစောကပြောခဲ့သလိုပဲ နေသူတော်စင်ဂိုဏ်းက ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေကြရင်း... အရှေ့ပင်လယ်ကို ချိတ်ပိတ်တဲ့စည်းတံဆိပ်ထဲမှာ ဟွမ်ကွမ်လီကပိတ်မိနေတော့ သူတို့အင်အား အတော်လေးနည်းသွားတယ် ၊ သူတို့လက်ထဲမှာသာ ထူးကဲယင်သရဖူမရှိရင် ကောင်းကင်မိုးကြိုးခန်းမတောင် သူတို့ခေါင်းပေါက် တက်ခုန်လိမ့်မယ်”
ရန်ကျောက်ကဲက သုံးသပ်ပြသည်။
“ဒီလိုအခြေအနေဖြစ်လာရင် သူတို့ရဲ့ နောက်ခံဖြစ်တဲ့ အထက်ဘုံကမ္ဘာက သူတို့ကို စိတ်ပျက်သွားမလား ၊ ဒါမှမဟုတ် ဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်ထားရာကနေ စိတ်ပြောင်းပြီး အကူအညီပေးမလား ၊ အဲဒါ မသေချာဘူး”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ဒီကိစ္စကို ငါတို့ သတိထားရမယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒုတိယတစ်ခုကတော့ အဆုံးမဲ့တောင်တန်းက မိုးဖြိုပုဆိန်ပဲ”
“ကျောက်စိမ်းပင်လယ်မြို့တော်က ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ပြုလုပ်ပြီးတဲ့နောက်... အရှေ့ပင်လယ်နဲ့ ငရဲမှာ ပြဿနာတွေမဖြစ်ခင် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမ ပူးပေါင်းပြီး ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ခဲ့ကြတယ်လေ ၊ ကျွန်တော်တွေးတာက ရန်သူက ကျောက်စိမ်းပင်လယ်မြို့တော်ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ဟန်ပြပြီး တစ်ဖက်က မိုးဖြိုပုဆိန်ကို လျှို့ဝှက်ပြီး ပစ်မှတ်ထားမှာကိုပဲ”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“ဆရာနဲ့ ဂိုဏ်းတူမောင်လေး’ရန်တိ’ မလှုပ်ရှားခင်မှာ အဲဒီအကြောင်း အဆုံးမဲ့တောင်တန်းကို သတိပေးခဲ့ဖူးတယ် ၊ အဆုံးမဲ့တောင်တန်းကလည်း ရန်သူကို အမြဲတမ်း သတိထားနေပါတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“နောက်တော့လည်း ငရဲမှာ ပြဿနာတက်တော့ အားလုံး ဆက်မတိုက်ကြရတော့ဘူး မဟုတ်လား”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီတစ်ခေါက် အရှေ့ပင်လယ်တိုက်ပွဲမှာ ချူးယန် ဒဏ်ရာအပြင်းအထန်ရသွားလို့ အဆုံးမဲ့တောင်တန်းကို ပြန်ပို့လိုက်ရတယ် ၊ မိုးဖြိုပုဆိန်ကို သူတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်က ထိန်းချုပ်ထားတာ ၊ အဆုံးမဲ့တောင်တန်းက လူအတော်များများလည်း ဒဏ်ရာတွေရထားကြတော့... နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမအတွက် အခွင့်အရေးရသွားနိုင်တယ်”
“မိုးဖြိုပုဆိန်သာ သူတို့လက်ထဲရောက်သွားလို့ကတော့ သူတို့ဘက်မှာ အားတစ်ခုတိုးပြီး ကျွန်တော်တို့ဘက်က တစ်ခုလျော့သွားမှာပဲ”
ဖူအန်းစုက သက်ပြင်းချရင်း...
“ဒီလိုဖြစ်လာရင်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး ၊ ငါတို့အားလုံး မီးတာက်မိစ္ဆာတွေကို ရင်ဆိုင်ဖို့ပဲ အာရုံစိုက်ခဲ့ရတော့ အင်အားချည့်နဲ့ကုန်ကြတာပေါ့”
ရန်ကျောက်ကဲက ရယ်မောရင်း...
“နေသူတော်စင်ဂိုဏ်းကတော့ တကယ့်ကို အကြံကြီးခဲ့တာပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ သတိထားရမယ့် တတိယအချက်ကတော့ လှိုင်းနက်ဂေဟာ စိတ်ပြောင်းသွားမှာကိုပဲ”
ရန်ကျောက်ကဲက ကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်ရင်း...
“အဖေ သိုင်းသူတော်စင်ဖြစ်လာပြီးတဲ့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ပြိုင်ဘက်ကင်းဖြစ်လာတယ် ၊ တခြားသူတွေပူးပေါင်းတိုက်ခိုက်ရင်တောင် သူက တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိတယ် ၊ ဆရာဘိုးဘိုးနဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဝါဒတောင်က ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီရှိစဉ်အချိန်ကလို ရွှေခေတ်ကို ပြန်ရောက်သွားမှာပဲ”
သူက ဆက်ပြောသည်။
“ဆရာဘိုးဘိုး ပြန်မလာသေးရင်တောင် အဖေတစ်ယောက်တည်းနဲ့တင် ကျွန်တော်တို့ဂိုဏ်းက လောကပထမထိပ်သီးသိုင်းဂိုဏ်းကြီးအဖြစ် ရပ်တည်နိုင်ပါတယ်”
ဖူအန်းစု၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားပြီး...
“အင်း... ဂိုဏ်းတူမောင်လေး’ရန်တိ’ က ရှေ့လျှောက် တိုးတက်မယ့်အလားအလာတွေ အများကြီး ရှိနေသေးတယ် ၊ တစ်ယောက်တည်းနဲ့တောင် ကမ္ဘာကြီးတစ်ခုလုံးကို ခါးစောင်းတင်မလားပဲ”
ရန်ကျောက်ကဲမှာ ဖူအန်းစုကိုလှမ်းကြည့်ရင်း ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားသည်။
ယခုလောလောဆယ်မှာတော့ ရန်တိက အရှေ့ပင်လယ်ရှိ စည်းတံဆိပ်ထဲတွင် ပိတ်မိနေပြီး ရုန်းမထွက်နိုင်ဖြစ်နေသဖြင့် လှိုင်းနက်ဂေဟာ၏ အထင်အမြင် မည်သို့ရှိမည်ကို ခန့်မှန်းရခက်ခဲသည်။
ရန်ကျောက်ကဲက...
“အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ အချိန်တစ်ခုအထိ စောင့်ရဦးမယ် ၊ အခု စဉ်းစားတာတွေက ဘာမှလက်တွေ့မကျပါဘူး ၊ အရာအားလုံးတည်ငြိမ်ပြီး ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ နဲ့ တခြားသူတွေ အန္တရယ်ကင်းဖို့ပဲ မျှော်လင့်ပါတယ် ၊ ဘာအမှားအယွင်းမှမရှိဘူးဆိုရင် အေးအေးဆေးဆေးပဲ ကျော်ဖြတ်နိုင်မှာပါ”
ဖူအန်းစုက ရန်ကျောက်ကဲကိုကြည့်ရင်း...
“အမှန်ပဲ ၊ လျှောက်တွေးနေတာတွေက လောလောဆယ် အသုံးမဝင်ဘူး”
သူမက ဆက်ပြောသည်။
“ဒါနဲ့ မင်းစောစောကပြောသလိုဆိုရင်... ဒီကမ္ဘာမှာ ရွှီဖေးနဲ့ ရှီကျွင်းလေးတို့သားအမိ ရှိနေတယ် မဟုတ်လား ၊ ငါတို့ သူတို့ကိုသွားရှာတာက ပိုကောင်းလိမ့်မယ် ၊ ဖြစ်နိုင်ရင် သူတို့ကို အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ခေါ်သွားကြမယ်လေ”
သူမက ခဏမျှစဉ်းစားပြီးမှ...
“ဒါပေမဲ့... မင်းက ဒီကမ္ဘာက မြွေခေါင်းနှစ်ခုကို သွားထိလိုက်မိပြီ ၊ ဒီတော့... သူတို့က မင်းကို လက်တုံ့ပြန်တဲ့အနေနဲ့ ရွှီဖေးတို့ကို ဒုက္ခပေးလာနိုင်မလား”