← Chapters

ဝင်္ကပါပင်လယ်ကရလာတဲ့ပစ္စည်းကောင်းတစ်ခု

Vol. 36 Ch. 506

ဝင်္ကပါပင်လယ်ကရလာတဲ့ပစ္စည်းကောင်းတစ်ခု

Vol. 36 Ch. 506

အခန်း (၅၀၆) ဝင်္ကပါပင်လယ်ကရလာတဲ့ပစ္စည်းကောင်းတစ်ခု

ဖူအန်းစုငယ်စဉ်က အတော်လေးဆိုးသွမ်းသော မိစ္ဆာမလေး ဖြစ်ခဲ့သည်။ သူမကြောင့် ဝါဒတောင်မှ အကြီးအကဲများရော တပည့်များပါ ခေါင်းကိုက်ခဲ့ကြရသည်။

ယွမ်ကျန်းဖုန်းက သူမ၏ ဆရာဖြစ်သော်လည်း ဖခင်တစ်ယောက်ပမာ သူမကို အလိုလိုက်ချစ်ခင်လေရာ သူမ ကြောက်ရွံ့သူက ယွမ်ကျန်းဖုန်း မဟုတ်ခဲ့ပေ။ သို့သော် ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ ကိုတော့ သူမက ကြောက်ရွံ့လေ၏။

စည်းကမ်းတင်းကြပ်ပြီး မျက်နှာထားတည်သော ‘ရှီတိ’ က ဖူအန်းစု စည်းလွတ်ဝါးလွတ် ဆိုးသွမ်းခြင်းမရှိစေရန် ထိန်းထားနိုင်ခဲ့သည်။ သို့သော် ဖူအန်းစုက ရှီတိကို မုန်းတီးခြင်းမရှိဘဲ အလွန်တရာ ချစ်ကြောက်ရိုသေသည်။

ဝါဒတောင်တိုက်ပွဲတွင် ရှီတိကျဆုံးသွားသည့်အခါ ဖူအန်းစု အတော်လေး နာကျင်ခံစားရပြီး ဖြေမဆည်နိုင် ဖြစ်ခဲ့ရသည်။ ထို့နောက် ရွှီဖေးနှင့် ရှီကျွင်းလေးတို့သားအမိ သမုဒ္ဒရာကမ္ဘာသို့ ထွက်ခွာသွားသည်ဆိုပြန်တော့ သူမ အတော်လေး စိတ်ပူပန်ခဲ့ရပြန်သည်။

ယခု ရန်ကျောက်ကဲ ပြောပြချက်အရ သူမကိုယ်တိုင် သမုဒ္ဒရာကမ္ဘာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရွှီဖေးတို့အခြေအနေကို စိုးရိမ်ပူပန်နေသေး၏။

ရန်ကျောက်ကဲက...

“စိတ်မပူပါနဲ့ ဆရာဒေါ်လေး ၊ ဒီရက်တွေအတွင်း သမုဒ္ဒရာကမ္ဘာက သိုင်းကျင့်ကြံသူတွေနဲ့ ဒီနေရာက အခြေအနေတွေကို ကျွန်တော် အတော်လေး လေ့လာထားပါတယ် ၊ ချန်လီတောင်က လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ထိပ်ဆုံးအဆင့်မရှိပေမယ့် သူ့ရဲ့ စွမ်းအားက ကြံ့ဝိညာဉ်ကျွန်းနဲ့ ရှားလော်ဂိုဏ်းထက် မနိမ့်ကျပါဘူး”

ရန်ကျောက်ကဲက ဖြည်းညင်းသည့်လေသံဖြင့်...

“လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ရေသလင်းနန်းတော်က စွမ်းအားအမြင့်မားဆုံးပဲ ၊ ဒါပေမဲ့ သွေးနီနဂါးဂိုဏ်းနဲ့ ဓားအသင်္ချေရေကန်ကလည်း သူ့ကို အမှီလိုက်နိုင်ကြတယ် ၊ အဲဒီ သိုင်းဂိုဏ်း (၃) ဂိုဏ်းကတော့ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ထိပ်ဆုံးအဆင့် ရပ်တည်နေကြတယ်”

“သိုင်းသူတော်စင် ဒါမှမဟုတ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ မရှိတာကြောင့် ကျန်တဲ့ လမ်းမှန်ဂိုဏ်း (၄) ဂိုဏ်းက အင်အားနည်းပါးတယ်လို့ သတ်မှတ်ကြတယ် ၊ ဒါပေမဲ့ သူတို့က စွမ်းအားကြီးမားတဲ့ လမ်းမှန်သိုင်းဂိုဏ်း (၃) ဂိုဏ်းနဲ့ မဟာမိတ်ပြုထားကြတယ်”

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“အင်း... ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလိုပဲပေါ့”

ရန်ကျောက်ကဲက...

“အဲဒီ စွမ်းအားအမြင့်မားဆုံး သိုင်းဂိုဏ်း (၃) ဂိုဏ်းက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး ၊ ဒီတော့ ချန်လီတောင် ၊ ကြံ့ဝိညာဉ်ကျွန်း ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနဲ့ လေ့ဖုန်းဂိုဏ်းတို့ကိုလည်း သူတို့ဘက်ဆွဲသွင်းဖို့ ကြိုးစားကြတယ် ၊ ကျန်တဲ့ လမ်းမှန်ဂိုဏ်း (၄) ဂိုဏ်းက သီးခြားလွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကြပေမယ့် အနည်းနဲ့အများဆိုသလို အင်အားကြီး (၃) ဂိုဏ်းကို အားကိုးနေကြရတယ်”

သူက ဆက်ပြောသည်။

“အဲဒီသိုင်းဂိုဏ်းတွေကြားမှာ ကြံ့ဝိညာဉ်ကျွန်းက ဓားသင်္ချေရေကန်နဲ့ ပူးပေါင်းထားတယ် ၊ လေ့ဖုန်းဂိုဏ်းကတော့ သွေးနီနဂါးဂိုဏ်းဘက်မှာ ရပ်တည်ပြီး ချန်လီတောင်နဲ့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက ရေသလင်းနန်းတော်နဲ့ မဟာမိတ်ဖွဲ့ထားကြတယ်”

“ဒီ သိုင်းဂိုဏ်း (၃) ဂိုဏ်းမဟာမိတ်က စွမ်းအားအကြီးမားဆုံးဘဲ ၊ အခြား မဟာမိတ် (၂)ဖွဲ့က အချင်းချင်း တိုက်ခိုက်မယ်ဆိုရင် (၂)ဂိုဏ်းစီညီမျှနေပေမယ့် (၃) ဂိုဏ်းမဟာမိတ်ကို တိုက်ခိုက်မယ်ဆိုရင်တော့ မဟာမိတ် (၂)ဖွဲ့ သိုင်းဂိုဏ်း (၄)ဂိုဏ်းပေါင်းပြီးမှ တိုက်ခိုက်နိုင်လိမ့်မယ် ၊ ဒါပေမဲ့ အဲဒီလိုကလည်း မဖြစ်နိုင်ဘူး”

ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ရင်း...

“ပြီးတော့ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းလည်း ရှိသေးတယ်ဆိုတော့... လမ်းမှန်သိုင်းဂိုဏ်း (၇) ဂိုဏ်းကြားမှာ ကြီးကျယ်တဲ့ပြဿနာတွေ ဖြစ်လေ့ဖြစ်ထ မရှိကြဘူး ၊ ပြီးတော့... မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းကလည်း သူတို့အချင်းချင်း သဟဇာတသိပ်မဖြစ်ကြဘူး ၊ သူတို့ထဲမှာလည်း အခြေအနေတင်းမှာမှုတွေ ရှိနေကြတယ်”

“ဂိုဏ်းတူအစ်ကို’ရွှီဖေ’ နဲ့ ရှီကျွင်းလေးတို့ ချန်လီတောင်မှ အဆင်ပြေပြေရှိနေတယ်လို့ ကျွန်တော် သတင်းကြားထားတယ် ၊ စောစောက ကြံ့ဝိညာဉ်ကျွန်းကသိုင်းသမားတွေနဲ့ဆုံတော့ ချန်လီတောင်ကို သွားမယ်လို့ပဲ ပြောခဲ့တာ ၊ တခြားကိစ္စတွေ ဘာမှမပြောလိုက်ဘူးဆိုတော့ ဂိုဏ်းတူအစ်ကို’ရွှီ’ နဲ့ ရှီကျွင်းလေးတို့နဲ့ပတ်သက်ပြီး ဘယ်သူမှ သံသယဝင်ကြမှာ မဟုတ်ပါဘူး”

ရန်ကျောက်ကဲက ခဏမျှနားပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့... ကျွန်တော် အသုံးပြုတဲ့သိုင်းပညာကို ကြည့်မယ်ဆိုရင်တော့ ဂိုဏ်းတူအစ်ကို’ရွှီဖေး’ တို့ရဲ့ သိုင်းပညာနဲ့ တူညီတာကို သတိပြုမိသွားနိုင်တယ်”

ဖူအန်းစုက....

“နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ဆိုရင်တော့... တစ်ဖက်လူရဲ့ ခန္ဓာကိုယ်မှာ ထင်သာမြန်သာ အရိပ်အယောင်မကျန်ခဲ့ဘူးဆိုရင် ရိပ်မိနိုင်မှာ မဟုတ်ဘူး”

သူမက ဆက်ပြောသည်။

“ပြီးတော့ ငါတို့ဂိုဏ်းရဲ့ သိုင်းပညာတွေမှာ မင်းက ရွှီဖေးတို့ကျင့်ကြံထားတဲ့ မဟာမိုးမြေဓားသိုင်းကို ကျင့်ကြံတဲ့သူ မဟုတ်ဘူး ၊ မင်းကျင့်ကြံထားတဲ့ သိုင်းပညာတွေကိုလည်း ရွှီဖေးတို့က ကျင့်ကြံထားတာ မရှိဘူး ၊ ဒါပေမဲ့ ခုနစ်စဉ်ကြယ်ဓားသိုင်းကတော့ ချွင်းချက်ပေါ့”

ရန်ကျောက်ကဲက ပြုံးရင်း..

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော်က ခုနစ်စဉ်ကြယ်ဓားသိုင်းအသုံးပြုပြီး ရန်သူတွေကို သတ်ပစ်လိုက်တာ ၊ ဒါပေမဲ့ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ဘူး”

ဖူအန်းစုက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“အဲဒါဆို အဆင်ပြေပါတယ်”

ရန်ကျောက်ကဲက...

“ကျွန်တော်နဲ့ ချန်လီတောင်ပတ်သက်တာကို ကြံ့ဝိညာဉ်ကျွန်းက ရိပ်မိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ အဲဒီ ယန်ချူးဖန်နဲ့ တခြားသူတွေက ကျွန်တော့်ကို မိစ္ဆာသူတော်စင်ဂိုဏ်းကလူလို့ ထင်နေကြတယ် ၊ အဲဒီလို ထင်လိုက်ဖို့လည်း သူတို့မှာ အကြောင်းပြချက်ကောင်းကောင်းရှိနေတယ် ၊ ဘာကြောင့်များ သူတို့ အဲဒီလို အထင်ရောက်သွားရတာလဲ မသိဘူး”

“မိစ္ဆာသူတော်စင်ဂိုဏ်းက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင်ပဲ ၊ ဒီကိစ္စက လမ်းမှန်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေကြားက တိုက်ပွဲနဲ့သက်ဆိုင်နေတယ်ဆိုရင်တော့ သက်ဆိုင်သည်ဟုဆိုပါက ကြံ့ဝိညာဉ်ကျွန်းနဲ့ ဓားအသင်္ချေရေကန်တို့က တရားမျှတမှုအတွက် ရှာဖွေကြမှာပဲ”

ဖူအန်းစုက ပင်လယ်ရေပြင်အဝေးတစ်နေရာသို့ စူးစိုက်ကြည့်ရင်း...

“ဘာပဲဖြစ်ဖြစ် ချန်လီတောင်ကိုပဲ အရင်သွားကြရအောင် ၊ ဒါနဲ့ မင်းပြောတာ ချန်လီတောင်ကိုသွားဖို့ အမြန်ဆုံးလမ်းက ကြံ့ဝိညာဉ်ကျွန်းပိုင်နက်ကို ဖြတ်ရမယ် မဟုတ်လား”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ ချန်လီတောင်ရှိတဲ့ တည်ရာမဲ့ပင်လယ်ဒေသကိုသွားချင်ရင် ဝင်္ကပါပင်လယ်နဲ့ ကြံ့ဝိညာဉ်ပင်လယ်ပြင်ကို ဖြတ်ကျော်ရမှာ ၊ ကျွန်တော်တို့ ကြံ့ဝိညာဉ်ပင်လယ်ကို မဖြတ်ဘူးဆိုရင် လိပ်ပျံပင်လယ်ဒေသကို ဖြတ်ပြီး ခရီးပိုရှည်တဲ့လမ်းကြောင်းကနေ သွားရလိမ့်မယ်”

ဖူအန်းစုက မျက်မှောင်ကြုတ်ရင်း...

“ကြံ့ဝိညာဉ်ကျွန်းသခင်က သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်သိုင်းဆရာသခင်လို့ မင်း ပြောတယ်နော် ၊ ဒါဆိုရင်တော့ တကယ် အခက်တွေ့ပြီပဲ ၊ မင်းက သူ့သားကို သတ်လိုက်တာဆိုတော့ အခုလောက်ဆို သူ သေချာပေါက် မင်းကို သတ်ချင်နေလောက်ပြီ ၊ ကြံ့ဝိညာဉ်ပင်လယ်ဒေသတစ်ခုလုံး မင်းကိုဖမ်းဖို့ အစောင့်အကြပ်တွေ အပြည့်ချထားလိမ့်မယ်”

ဖူအန်းစုက ခေါင်းမာပြီး စိတ်ဓာတ်ပြင်းထန်သူဖြစ်သော်လည်း ရန်သူများနှင့် သူတို့၏ အင်အားကွာဟမှုကိုတော့ ပိုင်းခြားနိုင်သည်ပင်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ကြံ့ဝိညာဉ်ကျွန်းမှာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် နှစ်ယောက်ရှိတယ်လို့ သတင်းကြားထားတယ် ၊ ကျွန်းသခင် ‘ဖန်းခန်း’ က သမုဒ္ဒရာကမ္ဘာက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တွေထဲမှာ အဆင့် (၇) ရှိတယ်”

ထိုစကားကြားတော့ ဖူအန်းစုမျက်ခုံးများ ပိုမိုတွန့်ချိုးသွားသည်။

သို့သော် အေးဆေးနေသည့်ရန်ကျောက်ကဲမျက်နှာအမူအရာကို အကဲခတ်ရင်း တစ်စုံတစ်ခု တွေးမိသွားပြီး...

“ငါက မကြာခင်ကပဲ အမတလက်ဖွဲ့နောက်ဆုံးအဆင့်ကို တက်ရောက်ထားတာ ၊ အချိန်တိုအတွင်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ပြီးတော့ ဒဏ်ရာတွေကလည်း မသက်သာသေးတော့... အပြင်းအထန် ကျင့်ကြံလိုက်မယ်ဆိုရင် အခြေအနေပိုဆိုးလာတာပဲရှိမယ် ၊ ဆိုတော့... မင်းမှာရော နည်းလမ်းရှိလို့လား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ကာ ပြုံးရင်း...

“အမှန်အတိုင်းပြောရရင်... ကျွန်တော့်မှာလည်း ဘာအစီအစဉ်မှ မရှိသေးဘူး ၊ ဒါပေမဲ့ ရက်အနည်းငယ်အတွင်း တစ်ခုခုတော့ ရှိလာနိုင်ပါတယ်”

ဖူအန်းစုက...

“မင်း အမတလက်ဖွဲ့အဆင့်ကိုတက်ဖို့ စဉ်းစားနေတာလား ၊ မင်းက ရန်တိလိုပဲ မိုးကောင်းကင်ကို စိန်ခေါ်ဝံ့တဲ့ ပါရမီရှင်တစ်ယောက်ပါ ၊ ကျင့်ကြံခြင်းအဆင့်တူတွေကြားထဲမှာလည်း ပြိုင်ဘက်ကင်းတစ်ယောက်ဆိုတာ ငါ သိတယ် ၊ အဆင့်တူတဲ့လူတွေတင်မကဘူး မင်းထက်အဆင့်မြင့်တဲ့လူတွေကိုပါ မင်းက အနိုင်ယူနိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ မင်း အမတလက်ဖွဲ့ ကနဦးအဆင့်ရောက်ရုံနဲ့တော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ကို ယှဉ်နိုင်မယ် မထင်ဘူးနော်”

သူမက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“ဒါမှမဟုတ်... အချိန်တိုလေးအတွင်း ကျင့်ကြံခြင်းအဆင့်တွေ ဆက်တိုက်မြင့်တက်သွားဖို့ စဉ်းစားထားတာတော့ မဟုတ်ဘူးမလား”

သူမစကားကြောင့် ရန်ကျောက်ကဲက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း...

“ပြောရရင်တော့... ကြံ့ဝိညာဉ်ကျွန်းကလူတွေကိုပဲ ကျေးဇူးတင်ရမယ် ၊ သူတို့ကြောင့် ဝင်္ကပါပင်လယ်ဒေသမှာ ပစ္စည်းကောင်းတစ်ခု ကျွန်တော် ရလာခဲ့တယ် ၊ ဒါပေမဲ့ အဲဒါကို အသုံးချနိုင်ဖို့ တစ်နေရာသွားပြီး ပြင်ဆင်မှုတွေ လုပ်ဖို့လိုတယ်”

ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ လက်ညိုးထိုးပြရင်း...

“ကျွန်တော်တို့ အခု အဲဒီနေရာကို သွားကြမယ် ၊ ချန်လီတောင်ကို တန်းမသွားသေးဘဲ ကြားဖြတ်ခရီးလေးတစ်ထောက်ပေါ့ ဆရာဒေါ်လေးရာ ၊ သစ်ခုတ်ဖို့အတွက် ဓားသွေးတယ်ဆိုတာ အမှားမရှိတဲ့ကိစ္စပါ ၊ နည်းနည်းလောက် အချိန်ယူလိုက်ရင် နောက်ပိုင်းခရီးလမ်းတစ်ခုလုံး ဖြောင့်ဖြူးနေလိမ့်မယ်”

ဖူအန်းစု မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ရင်း...

“ဟုတ်လား ၊ ဘယ်နေရာကို သွားမှာလဲ”

ရန်ကျောက်ကဲက...

“ကြံ့ဝိညာဉ်ပင်လယ် ၊ လိပ်ပျံပင်လယ်နဲ့ ဝင်္ကပါပင်လယ်တို့ ဆုံတဲ့နေရာ ၊ ပင်လယ်နက်စင်္ကြံလို့ ခေါ်တယ်”

သူက ဆက်ပြောသည်။

“ဝင်္ကပါပင်လယ်ဒေသက သိုင်းကျင့်ကြံသူတွေကို ကျွန်တော် မေးမြန်းခဲ့တာလေ ၊ အဲဒီနေရာမှာ ကျွန်တော်လိုချင်တာတစ်ခုလည်း ရှိနေတယ် ၊ မျှော်လင့်မထားတဲ့ အံ့အားသင့်စရာလို့ ယူဆလို့ရတယ်”

ဖူအန်းစုက...

“ဒါဖြင့် လေးတိလေးကန်လုပ်မနေနဲ့ ၊ မြန်မြန်သွားကြရအောင်”

သူတို့နှစ်ယောက် ပင်လယ်နက်စင်္ကြံနှင့် တဖြည်းဖြည်းနီးကပ်လာသည်။

အကွာအဝေးကို တွက်ချက်ကြည့်ပြီးနောက် ရန်ကျောက်ကဲက သူတို့သွားလိုသည့်နေရာသို့ ရောက်ရှိပြီဟု အာရုံခံမိ၏။

“ဆရာဒေါ်လေး... သွားကြစို့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကောင်းကင်ထက်ပျံသန်းနေရာမှ ပင်လယ်ရေပြင်ထက်ဆင်းသက်သွားလေရာ ဖူအန်းစုလည်း ရန်ကျောက်ကဲနောက်မှ လိုက်ပါသွား၏။

ပင်လယ်ရေပြင်ထက်သို့ရောက်ရှိသည်နှင့် ထိုနေရာတွင် တူးမြောင်းကဲ့သို့အရာတစ်ခုကို ယောင်ဝါးဝါး တွေ့မြင်ရသည်။ ထိုတူးမြောင်းအတွင်းသို့ လမ်းကြောင်း (၃)သွယ်မှ ပင်လယ်ရေများ တဖွဲဖွဲ စီးဝင်နေကြ၏။

“ဟမ်...”

ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သိုင်းသမားများစွာ စုရုံးနေကြသောကြောင့်ပင်။

ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။

စုရုံးနေသောသိုင်းသမားများထဲတွင် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများလည်း ပါဝင်သည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်းမရှိသဖြင့် ရန်ကျောက်ကဲကို ဝိုင်းဝန်းဖမ်းဆီးရန် မဖြစ်နိုင်ပေ။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများသာမက အခြားသောဂိုဏ်းပေါင်းစုံမှ သိုင်းသမားများစွာလည်း ရှိနေကြပြီး သူတို့က အရေးကြီးကိစ္စတစ်ခုအတွက် ဤနေရာတွင် စုရုံးနေကြဟန်ပင်။

All Chapters