← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

Chapter 219

~

အခန်း ၂၁၉ : အမှိုက်လား

~

​ယန်ကျီဝမ်က ထိုသုံးယောက်ကို အိမ်သို့ ခေါ်လာခဲ့သည် ။ အခန်းထဲသို့ ဝင်ဝင်ချင်းပင် သူက ယွီလီအား ပြောလိုက်၏ ။

​" လီလီ.. ကိုယ်တို့ဆီ ဧည့်သည်တွေ ရောက်နေတယ် .. "

​" အို.. လာပြီ .. "

​ချင်ယိုတဲနှင့် အခြားနှစ်ယောက်ကို ထိုင်ရန် နေရာပေးပြီးနောက် ယွီလီက သိတက်စွာဖြင့် ပန်းကန်လုံးများနှင့် ရေနွေးအိုး တစ်လုံးကို ယူလာခဲ့သည် ။

​သူမက သူတို့သုံးဦးအတွက် ရေနွေးငဲ့ပေးရင်း ပြုံးကာ ပြောလိုက်သည် ။

​" ဦးလေးတို့နဲ့ ညီမလေး.. နွေးသွားအောင် ရေနွေးတစ်ခွက်လောက် အရင်သောက်လိုက်ကြပါဦး .. "

​" ကျေးဇူးပါပဲကွယ် .. "

​ချင်ယိုတဲက ကျေးဇူးတင်စကား ပြောလိုက်သည် ။ ရေနွေးတစ်ခွက် ဗိုက်ထဲရောက်သွားချိန်တွင် သူ အတော်လေး နွေးထွေးသွားသလို ခံစားလိုက်ရ၏ ။

​ချင်ကျင်းရုသည်တော့ ယွီလီကိုသာ စူးစိုက်၍ ကြည့်နေလေသည် ။

​ယွီလီက သတိထားမိသွားပြီး ပြုံးကာ ...

​" ညီမလေး.. ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ.. မမ မျက်နှာမှာ တစ်ခုခု ပေနေလို့လား .. "

​ချင်ကျင်းရု၏ မျက်နှာက နီရဲသွားသည် ။ သူမက အမြန်လက်ကာပြရင်း ....

​" မဟုတ်ပါဘူး.. အဲ့ဒါ.. မမက အရမ်းလှတယ်လို့ တွေးနေမိလို့ပါ.. မမက သမီး တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ .. "

​' အစ်ကိုယန်က သူ့မိန်းမအကြောင်းပြောရင် အမြဲတမ်း ပြုံးနေတတ်တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ .. '

​အကိုယန်၏ မိန်းမက ဤမျှအထိ လှနေလိမ့်မည်ဟု ထင်မထားခဲ့ပေ ။ သူမကိုပင် ယုံကြည်မှု အနည်းငယ် ကင်းမဲ့သွားစေလောက်သည်အထိ လှပလွန်းနေသည် ။

​" ညီမလေးက စကား အရမ်းတတ်တာပဲ .. "

​ယွီလီက ပြုံး၍ ယန်ကျီဝမ်အား ...

​" ကျီဝမ်.. ဧည့်သည်တွေကို အရင် ဧည့်ခံပေးထားဦးနော်.. ကျွန်မ အမေ့ကို ဟင်းသွားကူချက်ပေးလိုက်ဦးမယ် .. "

​ထိုသို့ပြောပြီးနောက် သူမက ချင်ယိုတဲတို့အား ...

​" ဦးလေးတို့နှစ်ယောက်နဲ့ ညီမလေး.. ညစာစားပြီးမှပဲ ပြန်ကြပါနော် .. "

​သူတို့ ငြင်းမည်ကိုပင် မစောင့်တော့ဘဲ သူမက အိမ်မကြီးဘက်သို့ ထွက်သွားလေသည် ။

​" ယန်လေး.. ညစာ မစားတော့ပါဘူး.. မင်းမိန်းမကို ဒုက္ခမခံ ပါနဲ့လို့.. "

​ချင်ယိုချိုက်က အားနာဟန်ဖြင့် ပြောလိုက်သည် ။

​သူ ချက်ချင်း ငြင်းချင်ခဲ့သော်လည်း ယွီလီက အပြင်သို့ အမြန်ထွက်သွား၏ ။

​ချင်ယိုတဲကလည်း ဝင်ပြောသည် ။

​" ဟုတ်တယ်.. အချိန်ကလည်း နည်းနည်းလင့်နေပြီ.. ဦးလေးတို့က ပစ္စည်းလေးလာပို့ရုံသက်သက်ပါ... ပြီးရင် ချက်ချင်း ပြန်ကြမှာ .. "

​ချင်မိသားစုရွာမှ ပေကျင်းသို့ လာရသော ခရီးမှာ မနီးလှ ။ နောက်ကျမှ ပြန်လျှင် မှောင်သွားနိုင်သည် ။ နှင်းကျရပ်သွားပြီ ဖြစ်သော်လည်း လမ်းခရီးက သွားလာရ ခက်ခဲနေဆဲပင် ။

​" ဒါက အရေးမကြီးပါဘူး .. အဆိုးဆုံး အခြေအနေဆိုရင်တောင် ဦးလေးတို့အတွက် တည်းခိုခန်းမှာ အခန်းငှားပေးလို့ ရတာပဲ... "

​ယန်ကျီဝမ်က လက်ဝှေ့ယမ်းကာ ပြောပြီးနောက် မေးလိုက်သည် ။

​" ပစ္စည်းကောင်းတွေ ထပ်ရခဲ့သေးလား .. "

​အရင်တစ်ခေါက် ချင်မိသားစု ရွာသူကြီးက ပန်းကန်လုံးများကို ဆက်၍ ဝယ်မည်လောဟု မေးခဲ့ဖူးပြီး ယန်ကျီဝမ်ကလည်း ရှိသမျှ အကုန်လက်ခံကြောင်း ပြောခဲ့သည် ။ သတင်းအစအန မကြားရသည်မှာ ကြာပြီဖြစ်၍ ထပ်မရနိုင်တော့ဟု သူ ထင်ထားခဲ့သော်လည်း ယခုလို ရုတ်တရက် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ ။

​ချင်ယိုတဲက အိတ်ကြီးကို ယူလိုက်ပြီး ...

​" အဲ့ဒီနောက်ပိုင်း ရွာနောက်ဘက်က တောင်ပေါ်မှာ ငါတို့ တစ်ရွာလုံး အကြာကြီး လိုက်ရှာခဲ့တာ နည်းနည်းတော့ ထပ်ရလာခဲ့တယ် .. "

​ယန်ကျီဝမ်က အိတ်ကို ဖွင့်ကြည့်လိုက်ရာ အတော်လေး များပြားသည်ကို တွေ့လိုက်ရသော်လည်း အချို့မှာ အနည်းငယ် ပဲ့နေ၏ ။

​ချင်ယိုတဲက အားနာဟန်ဖြင့် ...

​" အထဲက တချို့ဟာတွေက နည်းနည်း ပျက်စီးနေတယ် ယန်လေး.. မင်း ဘယ်လိုသဘောရလဲ .. "

​ယန်ကျီဝမ်က စနစ်၏ ပြန်လည်အသုံးပြုခြင်း လုပ်ဆောင်ချက်ဖြင့် စမ်းသပ်ကြည့်လိုက်သည် ။ အမှတ်အနည်းငယ် လျော့သွားသော်လည်း အခြား ထိခိုက်မှု မရှိပေ ။

​သူက ပြုံးလိုက်ပြီး...

​" ရပါတယ်.. အကုန်လုံးကို ကျွန်တော် ယူပါ့မယ်.. ဒါပေမဲ့ ပေးရမယ့် ရိက္ခာ ကတော့ နည်းနည်း လျော့သွားလိမ့်မယ်နော် .. "

​" ရပါတယ် ရပါတယ်.. မင်း ယူမယ်ဆိုရင်ပဲ ရပါပြီ .. "

​ချင်ယိုတဲ ယခုမှ သက်ပြင်း ချလိုက်နိုင်သည် ။

​အရင်တစ်ခေါက်က ရခဲ့သော ရိက္ခာများ ကုန်သွားပြီ ဖြစ်ပြီး သူတို့ရွာက ယန်ကျီဝမ်ထံမှ ကြွေထည်များနှင့် ပြောင်းဖူးမှုန့်လဲလှယ်ကာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပရန် မျှော်လင့်နေကြခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်က အရေအတွက်ကို တွက်ချက်ပြီးနောက် သူတို့ကို ပြောလိုက်သည် ။

​" ဦးလေးတို့ ဒီမှာ ခဏစောင့်ကြအုံးနော်... ကျွန်တော် ပြောင်းဖူးမှုန့် သွားယူလိုက်အုံးမယ် .. "

​" ရပါတယ်.. မင်းကို ဒုက္ခပေးသလို ဖြစ်သွားပြီ .. "

​ချင်ယိုတဲက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည် ။

​ထို့နောက် ယန်ကျီဝမ် ထွက်သွားသည် ။

​သူက အိမ်မကြီးသို့ ရောက်လာပြီး သူ၏ မိခင်ကို မေးလိုက်သည် ။

​" အမေ.. အိမ်မှာ ပြောင်းဖူးမှုန့် ဘယ်လောက်လောက် ကျန်သေးလဲ .. "

​" ဘာလုပ်ဖို့ မေးတာလဲ .. "

​ရန်ရွေ့ဟွားက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာပြီး နားမလည်ဟန်ဖြင့် မေးကာ ....

​" အရင်တစ်ခေါက်က နင် ယူလာပေးတဲ့ ရိက္ခာ ကူပွန်တွေက အများကြီးလေ..အဲ့တာနဲ့ မင်းအဖေက အကုန်လုံးကို ပြောင်းဖူးမှုန့်နဲ့ သွားလဲထားတယ်.. အရင်က ကျန်တာတွေနဲ့ပါ ပေါင်းလိုက်ရင် ကျင်းသုံးရာလောက် ရှိသေးတယ် .. "

​" အဲ့လောက်ဆို လောက်ပါပြီ ...အမေ.. ကျွန်တော် အရင်ယူသွားမယ်.. နောက်နေ့မှ ထပ်ရှာလာပေးမယ် .. "

​ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်က ပြောင်းဖူးမှုန့်အိတ်ယူကာ အပြင်သို့ ပြန်ထွက်လာခဲ့သည် ။

​ရန်ရွေ့ဟွားက နှမြောဟန်ဖြင့် ...

​" ဒုတိယသားက ဘာလို့ ပြောင်းဖူးမှုန့်တွေ အများကြီး ယူသွားရတာလဲ.. အဘိုးကြီးယန်.. သူ့နောက်ကို မြန်မြန် လိုက်ကြည့်စမ်းပါအုံးတော်... "

​" ဟ.. ဒုတိယသားက အမြဲတမ်း ချင့်ချိန်ပြီးမှ လုပ်တတ်တာပဲဟာ.. သွားကြည့်နေစရာ မလိုပါဘူး .. "

​ယန်ဖူကွေ့က ရေနွေးကြမ်း သောက်နေပြီး သိပ်မသွားချင်ပေ ။

​ရန်ရွေ့ဟွားက မျက်စောင်းထိုး၍ မေးလိုက်သည် ။

​" ရှင် သွားမှာလား.. မသွားဘူးလား .. "

​" အေးပါ..အေးပါ.. ငါသွားပါ့မယ်.. ရပြီမလား .. "

​ယန်ဖူကွေ့ ရွေးချယ်စရာ မရှိတော့၍ ထိုင်ရာမှထကာ ထွက်သွားရတော့သည် ။

​အခြားတစ်ဖက်တွင်....

​ချင်ကျင်းရုက အိမ်ငယ်လေးကို စူးစမ်းလိုစိတ်ဖြင့် လေ့လာကြည့်ရှုနေ၏ ။

​" ဒီအခန်းက တကယ်ကောင်းတာပဲ.. မိုးမယိုတဲ့အပြင် နွေးလည်း နွေးတယ် .. "

​သူမက အိမ်သာရှိရာနေရာသို့ ရောက်သွားပြီး အံ့သြစွာဖြင့် ရေရွတ်လိုက်သည် ။

​" ဟယ်.. အဖေ.. ဒီအခန်းလေးက ဘာအတွက် လုပ်ထားတာလဲ .. "

​ချင်ယိုတဲက အကူအညီမဲ့ဟန်ဖြင့် ...

​" ကျင်းရု.. ဒါ သူများအိမ်နော်.. လျှောက်မသွားနဲ့ .. "

​" ရပါတယ် ဦးလေး .. "

​ထိုအချိန်တွင် ယန်ကျီဝမ်က ပြောင်းဖူးမှုန့်များသယ်ကာ အပြင်မှ ဝင်လာခဲ့သည် ။ ထို့နောက် သူက ချင်ကျင်းရုကို ပြုံးပြကာ ပြောလိုက်သည် ။

​" ကျင်းရု.. အဲ့ဒါ အိမ်သာလေ .. "

​' အိမ်သာ.. '

​ချင်ကျင်းရုက အံ့သြတကြီး မေးလိုက်သည် ။

​" အိမ်သာကို အိမ်ထဲမှာ ဆောက်ထားတာလား.. အဲ့ဒါဆို အရမ်း နံနေမှာပေါ့.. ဒါပေမဲ့ ဘာအနံ့မှ မရပါဘူး .. "

​" ရေဆွဲချလိုက်ရင် အဆင်ပြေသွားပြီလေ .. "

​ယန်ကျီဝမ်က ပြုံး၍ ရှင်းပြပြီးနောက် ချင်ယိုတဲအား ပြောလိုက်သည် ။

​" ဦးလေး.. အရေအတွက် မှန် မမှန် စစ်ကြည့်လိုက်ပါဦး .. "

​ချင်ယိုတဲက လက်ဝှေ့ယမ်းကာ ...

​" စစ်စရာ မလိုပါဘူး.. မင်းကို ယုံပါတယ် .. "

ရိက္ခာ ရသွားသောအခါ သူတို့နှစ်ဦးစလုံး စိတ်အေးသွားကြတော့သည် ။

​ချင်ယိုတဲက ....

​" ယန်လေး.. အချိန် နည်းနည်း လင့်နေပြီ.. ဦးလေးတို့ ခရီးသွားရဦးမှာဆိုတော့ အရင် ပြန်နှင့်တော့မယ် .. "

​" ညစာစားပြီးမှ ပြန်ကြပါ.. ဟင်းကျက်တော့မှာ သိပ်မကြာပါဘူး .. "

​" မစားတော့ပါဘူး.. ရပါတယ် .. "

​ချင်ယိုတဲနှင့် သူ၏အစ်ကိုတို့က မည်သို့ပင်ပြောပြော လက်မခံကြချေ ။

​ယန်ကျီဝမ်သည် သူတို့ကို ဆက်၍ မဖြောင်းဖျနိုင်တော့သဖြင့် မန်ထိုအချို့ကို သူတို့လက်ထဲသို့ အတင်း ထည့်ပေးလိုက်ပြီးနောက် သူတို့ ထွက်ခွာသွားကြသည် ။

​ယန်ဖူကွေ့သည် စောစောကတည်းက ယန်ကျီဝမ်၏နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည် ။ လူများ ထွက်သွားပြီးနောက် သူ မေးလိုက်၏ ။

​" ဒုတိယသား.. ဘာလို့ ပြောင်းဖူးမှုန့်တွေ အကုန်လုံး သူတို့ကို ပေးလိုက်ရတာလဲ .. "

​ယန်ကျီဝမ်က ပြန်ဖြေလိုက်သည် ။

​" သူတို့ဆီက ပစ္စည်းတွေနဲ့ လဲလိုက်တာပါ .. "

​ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး..

​" ငါ မေးချင်တာ မဟုတ်ဘူး.. မင်းအမေက ငါ့ကို အတင်း လာခိုင်းနေတာ .. "

​ယန်ကျီဝမ်က နားလည်ကြောင်း ပြသရန် ခေါင်းညိတ်လိုက်ပြီးနောက် ကြွေထည်များကို ရှင်းလင်းရန် သူ့အိမ်ထဲသို့ ပြန်ဝင်သွားသည် ။ ယန်ဖူကွေ့လည်း သူ၏နောက်မှ လိုက်ဝင်လာ၏ ။

​ပဲ့နေသော ပန်းကန်လုံးများနှင့် ပုလင်းကွဲများကို မြင်သောအခါ သူက အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည် ။

​" ဒုတိယသား.. မင်းက အရမ်း အသုံးအဖြုန်း ကြီးတာပဲ.. ဒီလောက်များတဲ့ ပြောင်းဖူးမှုန့်တွေကို ဒီအမှိုက်တွေနဲ့ လဲလိုက်တာလား .. "

​ယန်ကျီဝမ်က သူ၏စကားကို ကြားသောအခါ မျက်လုံးလှန်ပြလိုက်ပြီး ....

​" အဖေက ဘာသိလို့လဲ.. ဒါတွေအကုန်လုံးက ရှေးဟောင်းပစ္စည်းတွေဗျ .. "

​" ရှေးဟောင်းပစ္စည်း.. ဒီအစုတ်တွေကလား .. "

​ယန်ဖူကွေ့က ဆက်ပြောသည် ။

​" ဒီဟာတွေ အားလုံးပေါင်းတောင် နှစ်ယွမ် ရပါ့မလား.. အလကားပေးရင်တောင် ငါကတော့ မယူဘူး .. "

​" အဖေ နှစ်ယွမ်နဲ့ရဖို့ အိပ်မက်သာ မက်နေလိုက်တော့ .. "

​ယန်ကျီဝမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည် ။

​" ကျွန်တော့်ကို တစ်ခု ယွမ်နှစ်ဆယ် ပေးရင်တောင် ရောင်းပေးမှာ မဟုတ်ဘူး .. "

​" ဘာ .. "

​ယန်ဖူကွေ့ လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့်....

​" ဒီအမှိုက်တွေက တကယ်ပဲ အဲ့ဒီလောက် တန်ဖိုးရှိတာလား .. "

​" ရှိတာပေါ့ ...ကျွန်တော်က အရူးမို့လို့ ပြောင်းဖူးမှူန့်တွေအများကြီးကို အမှိုက်တွေနဲ့ လဲလာမယ် ထင်နေတာလား .. "

​ယန်ဖူကွေ့က တွေးကြည့်လိုက်ရာ ထိုစကားက အမှန်ပင်ဖြစ်ကြောင်း သဘောပေါက်သွားသည် ။ သူ၏ ဒုတိယသားက မသေချာလျှင် ခြင်တောင် မရိုက်ပေ ။

​ထိုအကြောင်းကို တွေးမိသောအခါ သူက လက်နှစ်ဖက်ကို ပွတ်သပ်ကာ စပ်ဖြီးဖြီးနှင့်....

​" ဒုတိယသား.. အဖေက အိမ်မှာ ဘာမှလုပ်စရာ မရှိဘူးလေ.. အဲ့ဒါ အဖေ ကစားဖို့ နှစ်ခုလောက် ပေးပါလား .. "

​ယန်ကျီဝမ်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး...

​" အဖေက ဒီအကြောင်းတွေကို နားလည်လို့လား.. ပြီးတော့ အဖေ့ဆီမှာ ရောင်းမယ့်သူရော ရှိလို့လား .. "

​ယန်ဖူကွေ့က ပြန်ပြောသည် ။

​" အဲ့ဒါအတွက် စိတ်မပူပါနဲ့.. အဖေက အမှတ်တရ သိမ်းထားချင်လို့ပါ .. "

​ယန်ကျီဝမ် ရွေးချယ်စရာ မရှိတော့သဖြင့် ...

​" သဘောကျရင်လည်း ယူသွားလေ.. ဒါပေမဲ့ နှစ်ခုပဲ ရမယ်နော် .. "

​" အေးပါဟ.. သိပါပြီ .. "

​ချက်ချင်းပင် ယန်ဖူကွေ့သည် အချိန်အတော်ကြာ ရွေးချယ်ပြီးနောက် အကောင်းပကတိအတိုင်း ရှိနေသေးသော ပုလင်းတစ်လုံးနှင့် ပန်းကန်တစ်လုံးကို ယူလိုက်သည် ။

​သူက ထိုပစ္စည်းများကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း သတိပေးလိုက်သည် ။

​" ဒုတိယသား.. မင်းအမေ့ကို ဘယ်လို ရှင်းပြမလဲ .. "

​ရန်ရွေ့ဟွားအတွက် ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် ဆိုသည်က အရေးမကြီး ။ ပြောင်းဖူးမှုန့် အများကြီး ပေးလိုက်ရသဖြင့် ရှင်းပြရန် လိုအပ်ပေမည် ။

​ယန်ကျီဝမ်က လက်ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည် ။

​" ရပါတယ်.. မနက်ဖြန်ကျရင် ပြောင်းဖူးမှုန့်နည်းနည်း ထပ်ရှာလာခဲ့မယ် .. "

​" မင်းမှာ အစီအစဉ် ရှိရင် ပြီးတာပါပဲ .. "

Chapter 220

~

အခန်း ၂၂၀ : နှစ်သစ်ကူး ပစ္စည်းများ ဝယ်ယူခြင်း ...

~

​ပြောင်းပြန်အိမ်ထဲတွင် ယန်ကျီဝမ်သည် မှန်ရှေ့၌ ကော်လာကို သေသပ်စွာ ပြင်ဆင်နေပြီး ဆံပင်များကို သပ်ရပ်စွာ ဖြီးထားကာ ပျော်ရွှင်စွာဖြင့် သီချင်းတစ်ပုဒ်ကို ညည်းနေလေ၏ ။

​" ကျီဝမ်.. ပြီးပြီလား..အမေတို့က စောင့်နေပြီနော် .. "

​ယွီလီ၏ အသံက အခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည် ။

​" လာပြီ.. လာပြီ.. အခုပဲ ထွက်လာတော့မယ် .. "

​ယန်ကျီဝမ်က ပြန်ဖြေလိုက်ပြီး သူ၏ ထူထဲသော စစ်အနွေးထည်အင်္ကျီကို ဝတ်ဆင်ကာ တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်ခဲ့လိုက်သည် ။

​ယနေ့ ရာသီဥတုက အလွန်ပင် သာယာလှပ၏ ။ အေးစက်သော လေပြင်းများ တိုက်ခတ်နေသော်လည်း နေရောင်ခြည်မှာမူ အလွန်ပင် တောက်ပနေလေသည် ။

​နှစ်သစ်ကူးအကြိုနေ့က နှစ်ရက်သာ လိုတော့သဖြင့် တစ်မိသားစုလုံး နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူရန် ပြင်ဆင်နေကြခြင်း ဖြစ်သည် ။

​အိမ်မကြီး၏ အဝင်ဝတွင် မိသားစုဝင်များအားလုံး ထွက်ခွာရန် အသင့်ဖြစ်နေကြပေပြီ ။

​ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့က ရှေ့ဆုံးတွင် ရပ်နေပြီး မျက်နှာတွင် အပြုံးများ ကိုယ်စီရှိနေကြကာ ယန်ကျီဖန့်နှင့် အခြားသူများကလည်း နောက်ပိုင်းတွင် ဝယ်ယူလိုသော ပစ္စည်းများအကြောင်းကို ဆွေးနွေးရင်း စကားစမြည် ပြောနေကြသည် ။

​ယန်ကျီဝမ်သည် သူတို့ကို မုန့်ဖိုးအနည်းငယ် ပေးလေ့ရှိပြီး သူတို့အားလုံး နှစ်သစ်ကူးတွင် သုံးရန်အတွက် စုဆောင်းထားကြ၏ ။

​ယန်ကျီဝမ်တို့လင်မယား ရောက်လာသည်ကို မြင်သောအခါ ယန်ဖူကွေ့က လက်ကိုဝှေ့ယမ်းကာ ပြုံး၍ ....

​" အားလုံး ရောက်ပြီဆိုတော့ သွားကြစို့ .. "

​" ဟေး..သွားမယ်.. သွားမယ် .. "

​ကလေးငယ်များက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပြီး မိသားစုလိုက် ကြီးမားသော ခရီးတစ်ခုအဖြစ် ထွက်ခွာလာခဲ့ကြသည် ။

​စက်ရုံမှ လစာထုတ်ပေးပြီး ဖြစ်သော်လည်း ယခင်နှစ်များနှင့် မတူ ။ လမ်းမပေါ်တွင် လူသွားလူလာ နည်းပါးလှပြီး ခြောက်ကပ်နေသည် ။

​ခဏကြာပြီးနောက် ယန်မိသားစု ကုန်တိုက်သို့ ရောက်ရှိလာကြသည် ။

​ကုန်တိုက်တွင်လည်း အလွန်ပင် တိတ်ဆိတ်နေပြီး စျေးဝယ်သူ အရေအတွက်ကို လက်ချိုးရေတွက်နိုင်လောက်အောင်ပင် နည်းပါးလှ၏ ။

​ခက်ခဲသော အချိန်ကာလ ဖြစ်နေ၍ အစားတစ်နပ် စားရန်ပင် ပြဿနာ ဖြစ်နေရချိန်တွင် မည်သူက နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူရန် ငွေကြေး တက်နိုင်ပါမည်နည်း ။

​ကုန်တိုက်ထဲသို့ ရောက်ပြီးနောက် ယန်ကျီဝမ်က အကြံပြုလိုက်သည် ။

​" အမေနဲ့ အဖေ.. ကလေးတွေအတွက် အနွေးထည်တွေ အရင် ဝယ်ပေးရအောင်.. ရာသီဥတုက အရမ်းအေးနေတာ သူတို့ရဲ့ အင်္ကျီဟောင်းတွေကလည်း သိပ်မနွေးတော့ဘူး .. "

​ထိုစကားကို ကြားသောအခါ ရန်ရွေ့ဟွားက မျက်မှောင်ကြုတ်သွားပြီး တိုးတိုးလေး ညည်းလိုက်သည် ။

​" ဘာလို့ အသစ်ဝယ်ရမှာလဲ.. အသစ်တွေက ပိုက်ဆံကုန်တာပေါ့.. အဟောင်းတွေက ဝတ်လို့ မရတာမှ မဟုတ်တာ.. အဲ့ဒီ ပိုက်ဆံတွေကို ဘာလို့ အလကားဖြုန်းတီးရမှာလဲ .. "

​ဤခေတ်ကာလက သူမ ပြောသည့် အတိုင်းပင် ။ အဝတ်အစားများကို ဖာထေးရင်းဖြင့် မဆွေးမခြင်း ဝတ်ကြသည် ။

​ဝတ်၍ ရနေသေးသရွေ့ အသစ်မဝယ်ကြချေ ။

​ဆွေးသွားသည့် အခါမှသာ အထည်စများ ဝယ်ယူပြီး ကိုယ်တိုင် ချုပ်ကြ၏ ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" ဒါက နှစ်သစ်ကူးလေ.. ကလေးတွေကိုတော့ နွေးနွေးထွေးထွေး ဝတ်ခွင့် ပေးသင့်တာပေါ့.. ပြီးတော့ ကျွန်တော်တို့ မိသားစုမှာ ငွေကြေး မခက်ခဲတော့ပါဘူး .. "

​ရန်ရွေ့ဟွားက တစ်ခုခု ပြောချင်နေသေးသော်လည်း ကလေးများ၏ မျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းများကို မြင်လျှင် သူမ၏ စိတ် ပျော့ပြောင်းလာသည် ။ သို့သော်လည်း သူမက ခေါင်းမာစွာဖြင့် ဆက်ပြောသေး၏ ။

​" ဟမ့်.. ဘာပဲဖြစ်ဖြစ်.. ဒီပိုက်ဆံတွေက ငါ့ပိုက်ဆံတွေ မဟုတ်တော့ နင် ဘယ်လိုသုံးသုံး ငါ မတားနိုင်ဘူး .. "

​ယန်ကျီဝမ်က သူမ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကလေးငယ်များကို ခေါ်ယူကာ အဝတ်အစားများ ရွေးချယ်စေလိုက်သည် ။

​" အစ်ကိုနှစ်.. သမီး ဒါလေး လိုချင်တယ် .. "

​ယန်ကျီတိက အနီရောင် အနွေးထည်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည် ။

​" အစ်ကိုနှစ်.. ကျွန်တော် ဒါလေး လိုချင်တယ် .. "

​ယန်ကျီခွမ်းကလည်း တစ်ခုကို လက်ညိုးထိုးပြကာ ပြောပြန်သည် ။

​ယန်ကျီဖန့်သည်တော့ ရှက်ရွံ့နေသဖြင့် ဘာမှ မပြောရဲပေ ။

​ယန်ကျီဝမ်က သူ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အရောင်းစာရေးမအား ကြည့်ကာ မေးလိုက်သည် ။

​" ရဲဘော်... ဒါတွေကို စမ်းဝတ်ကြည့်လို့ ရမလား .. "

​အမျိုးသမီး အရောင်းစာရေးက အသက်သုံးဆယ် ဝန်းကျင်ခန့် ရှိပြီး ယန်ကျီဝမ်၏ စစ်တပ်သုံး ကုတ်အင်္ကျီကို ကြည့်ပြီး အထင်မသေးရဲချေ ။

​" ရပါတယ်.. စမ်းဝတ်ကြည့်လို့ ရတယ် .. "

​အရောင်းစာရေးမက သဘောတူလိုက်ပြီး ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ စမ်းဝတ်ကြည့်နိုင်ရန်အတွက် အင်္ကျီများကိုပင် ချပေးလိုက်သည် ။

​ယန်ကျီဝမ်က ယန်ကျီဖန့်ကို ကြည့်ကာ မေးလိုက်သည် ။

​" တတိယညီ.. မင်း ဘယ်တစ်ခု လိုချင်လဲ .. "

​ယန်ကျီဖန့်သည် သူလည်း အဝတ်အသစ် ရတော့မည် ဖြစ်ကြောင်း သိလိုက်ရ၍ အလွန်ပင် စိတ်လှုပ်ရှားသွားသည် ။

​သူ အရင်ကတည်းက စိတ်ကူးထားသည့် မီးခိုးရောင် အင်္ကျီကို လက်ညိုးထိုးပြလိုက်သည် ။

​"ရဲဘော်... အဲ့ဒီ မီးခိုးရောင် အင်္ကျီလေးကိုလည်း ယူပေးပါ .. "

​အရောင်းစာရေးမက ချက်ချင်းပင် အောက်ချပေးလိုက်သည် ။

( တန်းတွေနဲ့ အပေါ်မှာ ချိတ်ထားတာ.. )

​မကြာမီ ကလေးငယ်များအားလုံး စမ်းဝတ်ကြည့်ပြီးနောက် အလွန်ပင် ပျော်ရွှင် နေကြလေသည် ။

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး အရောင်းစာရေးမအား ပြောလိုက်သည် ။

​" ဒါတွေ အကုန်လုံး ယူမယ်.. ထုပ်ပေးပါ .. "

​" ဟုတ်ကဲ့.. ရပါတယ်ရှင့် .. "

​အရောင်းစာရေးမက ထိုစကားကို ကြားသောအခါ အမြန် ထုတ်ပေးလိုက်သည် ။

​ထိုအချိန်တွင် ယန်ကျီဝမ်က ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားအား ပြောလိုက်သည် ။

​" အမေနဲ့ အဖေ.. တစ်ထည်စီ ရွေးလိုက်ပါလား .. "

​ယန်ဖူကွေ့၏ မျက်ဝန်းများ တောက်ပသွားပြီး..

​" အာ.. အဖေတို့လည်း ရမှာလား .. "

​" ဘာကို ရမှာလားလို့ မေးနေရတာလဲ .. "

​ရန်ရွေ့ဟွားက သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် ယန်ကျီဝမ်အား လှည့်ကြည့်ကာ...

​" သူတို့ကိုပဲ ဝယ်ပေးလိုက်ပါ.. ​အမေတို့က ဒီအရွယ် ရောက်နေပြီဆိုတော့ ဘာဝတ်ဝတ် အတူတူပါပဲ.. ပိုက်ဆံတွေ အလကား မကုန်ပါစေနဲ့ .. "

​ယန်ကျီဝမ်က သူမ၏ စကားကို နားမထောင်ပေ ။ သူက အရောင်းစာရေးမအား သူတို့၏ အသက်အရွယ်နှင့် ကိုက်ညီမည့် အင်္ကျီနှစ်ထည်ကို ယူခိုင်းလိုက်ပြီး သူတို့ကို စမ်းဝတ်ကြည့်ရန် တိုက်တွန်းလိုက်သည် ။

​သူတို့နှစ်ဦးစလုံး ယန်ကျီဝမ်ကို မငြင်းနိုင်တော့သဖြင့် သဘောတူလိုက်ရသည် ။

​ယွီလီသည် ယန်ကျီဝမ်က သူ၏မိသားစုအတွက် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်တစ်ခု ဖြတ်သန်းသွားသည် ။

​အဘယ်ကြောင့်ဆိုသော် သူမက သူမ၏ မိဘများ ၊ ညီမငယ်နှင့် မောင်ငယ်တို့ကို ပြေးမြင်မိသွား၍ပင် ။ သူမလည်း သူတို့ကို အနွေးထည်များ ဝယ်ပေးချင်မိ၏ ။

​သို့သော်လည်း သူမတို့ လက်ထပ်သည်က တစ်နှစ်ပင် မပြည့်သေးသည့်အပြင် ယန်ကျီဝမ်က သူမ၏ မိသားစုကိုလည်း အများကြီး ကူညီပေးထားပြီး ဖြစ်၍ သူမ ထပ်ပြီး တောင်းဆိုရန် ခက်ခဲနေသည် ။

​ယန်ကျီဝမ်က သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရပြီး သူမ တွေးနေသည်ကို ချက်ချင်းပင် ခန့်မှန်းမိသွားသည် ။

​သူက အရောင်းစာရေးမအား ပြုံး၍ ပြောလိုက်သည် ။

​" ရဲဘော်... နောက်ထပ် လေးထည်လောက် ထပ်ယူပေးပါ.. ကျွန်တော့်ရဲ့ ယောက္ခမ တွေနဲ့ ကျွန်တော့်မိန်းမရဲ့ မောင်နှမတွေအတွက်ပါ .. "

​အရောင်းစာရေးမက ခေါင်းညိတ်လိုက်ပြီး..

​" လူငယ်လေး.. မင်းက တကယ်ကို သိတက်တာပဲ... "

​ယွီလီက ယန်ကျီဝမ်ကို ကြောင်တောင်တောင်လေးဖြင့် ကြည့်နေမိသည် ။

​" ကျီဝမ်.. ရှင်.. "

​သူမ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်စကားများ ပြည့်နှက်နေ၏ ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" ကိုယ်တို့အားလုံးက မိသားစုတွေပဲလေ.. မင်းရဲ့ မိဘတွေကလည်း ကိုယ့်ရဲ့ မိဘတွေပဲ.. ကိုယ့်ကို ဘာလို့ အားနာနေတာလဲ .. "

​ယွီလီသည် စကားပင် မပြောနိုင်တော့အောင် ထိမိသွားပြီး ယန်ကျီဝမ်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ သူမ၏ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းလာချေသည် ။

​ငွေနှင့် ကူပွန်များ ပေးချေပြီးနောက် ယန်မိသားစုသည် အထုတ်များကို ဆွဲ၍ စကားတပြောပြော ရယ်ရယ်မောမောနှင့် အိမ်သို့ ပြန်လာခဲ့ကြသည် ။

​ခြံဝင်းအတွင်းသို့ ပြန်ရောက်သည့်အခါတွင် ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့ လင်မယား အပြင်မှ ပြန်လာသည်ကို မတော်တဆ တွေ့လိုက်ရ၏ ။

​ကျားဒုံရွှီက မြေပဲနှင့် သကြားလုံး အနည်းငယ် ပါသော အိတ်ကို ကိုင်ထားသည် ။

​သူတို့လည်း နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် အပြင်သို့ ထွက်သွားခဲ့ပုံရ၏ ။

​သို့ပေသိ ယန်မိသားစု၏ အိတ်ကြီးအိတ်ငယ်များဖြင့် ပြန်လာခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည် ။

​ချင်ဟွိုင်ရုသည် ယွီလီ ဝတ်ဆင်ထားသော အနွေးထည်အသစ်နှင့် အသားအရေ ထိန်းသိမ်းသော ခရင်မ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများတွင် မနာလိုမှုတို့ ဖြတ်ပြေးသွားသည် ။

​သူမက အကြိမ်အနည်းငယ် စိုက်ကြည့်နေမိပြီး ရင်ထဲတွင် တဆစ်ဆစ်နာကျင်လျက် တွေးမိသည် ။

​'ငါ ဘာလို့ ယန်ကျီဝမ်လိုမျိုး အရည်အချင်းရှိ.. ပိုက်ဆံရှာနိုင်.. မိန်းမအပေါ်ကို အရမ်းကောင်းတဲ့ ယောကျာ်းမျိုးကို မရခဲ့ရတာလဲ... '

​အထူးသဖြင့် ယွီလီ၏ ယောက္ခမများသည်လည်း ယွီလီအပေါ် အလွန်ပင် ကောင်းမွန်နေသည် ။

သို့သော် သူမ၏ ဘဝ သည်ကရော ။

​ကျားမိသားစုထဲတွင် တိရစ္ဆာန်တစ်ကောင်လို အလုပ်လုပ် ရသည့်အပြင် အဘွားကြီးကျား၏ ဆူပူမှုကို နေ့တိုင်း ခံနေရသည် ။

​ကျားဒုံရွှီက သူမအပေါ် မဆိုးသော်လည်း အလွန်ပင် မိခင်ကို ရိုသေသူ ဖြစ်နေသည် ။

​အဆူအဆဲ ခံရတိုင်းတွင် ကျားဒုံရွှီက အနည်းငယ်သာ ဝင်ပြောပေးတတ်ပြီး အဘွားကြီးကျား နားမထောင်လျှင် သူ ထပ်ပြီး မပြောတော့ပေ ။

​အထူးသဖြင့် မကြာသေးမီက အဘွားကြီးကျားသည် သူမ၏ အဖေနှင့် ဒုတိယဦးလေးကို အိမ်ထဲဝင်ခွင့်မပေးဘဲ တားဆီးထားခဲ့သည် ။

​သူမက ကျားဒုံရွှီကို ပြောပြသော်လည်း ကျားဒုံရွှီက တုံ့ပြန်မှု မရှိဘဲ မိသားစု ခက်ခဲနေ၍ သူမ အများကြီး တွေးမနေသင့်ကြောင်းသာ ပြောကာ နှစ်သိမ့်ပေးခဲ့၏ ။

​ထိုအချိန်တွင် ချင်ဟွိုင်ရု အလွန်ပင် စိတ်ထိခိုက် ခဲ့ရသည် ။

​သူမ လိုချင်သည်မှာ လက်တွေ့ မဟုတ်လျှင်ပင် သဘောထား ဖြစ်သည် ။ ကျားမိသားစု ခက်ခဲနေမှန်း သူမ သိသော်လည်း အိမ်ထဲသို့ အဝင်မခံဘဲ ရေနွေးတစ်ခွက်ပင် မတိုက်ရလောက်အောင်အထိ ဖြစ်နေရမည်လော ။

​နောက်ပိုင်းတွင် ယန်ကျီဝမ်က သူတို့ကို ဖိတ်ခေါ်ခဲ့ပြီး သူတို့ပြန်ခါနီးတွင်ပင် အစားအစာအချို့ ပေးလိုက်သေးသည် ။

​နှိုင်းယှဉ်ကြည့်လျှင် ကျားမိသားစု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြင်လူဖြစ်သည့် ယန်ကျီဝမ် လုပ်ဆောင်ပေးခဲ့သည်ထက်ပင် ပို၍ ဆိုးရွားနေလေသည် ။

​ဤအရာကို သူမ မည်သို့ လက်ခံရမည်နည်း ။

​သို့သော် သူမ ဘာမှ မတက်နိုင် ။

​ဤသည်က သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မည်မျှပင် ခါးသီးနာကျင်နေပါစေ အံကြိတ်ပြီး ကြံ့ကြံ့ခံနေရပေဦးမည် ။

​ထိုအကြောင်းကို စဥ်းစားရင်း ချင်ဟွိုင်ရုသည် ခေါင်းငုံ့လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ကျားဒုံရွှီနောက်သို့ လိုက်ကာ အလယ်ခြံဝင်းဘက်သို့ လျှောက်သွားလေတော့သည် ။

All Chapters