အခန်း (၂၂၁-၂၂၂)
Vol. 22 Ch. 221-222
Chapter 221
~
အခန်း ၂၂၁ : အဖေယွီ.. 'လီလီက ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ..'
~
နှစ်သစ်ကူး အကြိုနေ့....
ဤသည်က ယန်ကျီဝမ် ကူးပြောင်းလာပြီးနောက် ဖြတ်သန်းရသော ဒုတိယမြောက် နှစ်သစ်ကူးဖြစ်သည် ။
သို့သော် ယခုနှစ်က အရင်နှစ်များနှင့် မတူ ။ မိသားစုထဲတွင် လူတစ်ယောက် ပိုတိုးလာခဲ့သည် ။ ထိုသူက သူ၏ ဇနီး ယွီလီပင် ။
မနက်စောစောတွင် လင်မယားနှစ်ယောက်စလုံး အစောကြီးထကာ အိမ်သန့်ရှင်းရေး လုပ်ကြသည် ။
ယန်ကျီဝမ် အိပ်ရာမှ မထချင်သေးသော်လည်း ယွီလီက သူ့ကို အိပ်ရာထဲမှ အတင်းဆွဲခေါ်လာခဲ့၏ ။
အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးလုပ်ပြီးနောက် ယွီလီက အိမ်မကြီးဘက်သို့ ကူညီရန် သွားသည် ။
ကြီးမားသော သန့်ရှင်းရေးလုပ်ငန်းကြီးက မွန်းတည့်ချိန်လောက်မှ ပြီးဆုံးသွားလေသည် ။
ခြံဝင်းတစ်ခုလုံး အနည်းငယ် စည်ကားနေပြီး ဘဝက ခက်ခဲကြမ်းတမ်းနေကြသော်လည်း နှစ်သစ်ကူးကိုတော့ ကျင်းပရမည်သာ ။
လူကြီး လူငယ်မရွေး အားလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြ၏ ။
ထိုကဲ့သို့သော အမူအရာမျိုးက နှစ်သစ်ကူး အချိန်လေးတွင်သာ ပေါ်လာတတ်ခြင်း ဖြစ်နိုင်သည် ။
သန့်ရှင်းရေး ပြီးသွားသောအခါ ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့က ဆော့ကစားရန် အပြင်သို့ ပြေးထွက်သွားကြသည် ။
ထိုသည်ကိုမြင်လျှင် ယန်ကျီဖန့်က မျက်လုံးများ ကလည်ကလည်လုပ်ကာ...
" အငယ်နှစ်ယောက်ကို သွားထိန်းလိုက်အုံးမယ် .. "
" ရပ်လိုက်စမ်း .. "
ယန်ကျီဝမ်၏ အသံထွက်ပေါ်လာ၍ ယန်ကျီဖန့် ရပ်တန့်သွားပြီးနောက် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် လှည့်လာကာ...
" အစ်ကိုနှစ်.. တခြား ခိုင်းစရာ ရှိသေးလို့လား .. "
" ကလေးနှစ်ယောက်အတွက် စိတ်ပူမနေနဲ့.. လာ ငါ ကြက်သတ်တာ ကူလုပ်ပေး .. "
ထိုစကားကို ကြားလျှင် ယန်ကျီဖန့်၏ မျက်နှာက အီးမှန်သလို ရှုံ့မဲ့ သွားသော်လည်း မငြင်းဆန်ရဲချေ ။
နှစ်သစ်ကူးနှင့် ပွဲတော်ရက်တိုင်းတွင် ယန်ကျီဝမ်က ဟင်းကို ကိုယ်တိုင်ချက်သည် ။
ရန်ရွေ့ဟွားက အနည်းငယ် မလိုလားသော်လည်း ဘာမှတော့ ဝင်မပြောပေ ။
ယန်ကျီဝမ်က ဟင်းချက်ရန် တာဝန်ယူပြီး ရန်ရွေ့ဟွားနှင့် ယွီလီတို့က ဝိုင်းကူကြသည် ။
သူတို့ ညနေ လေးနာရီကျော်သည်အထိ အလုပ်ရှုပ်နေပြီး နှစ်သစ်ကူး အကြို ညစာက အဆင်သင့် ဖြစ်သွားလေပြီ ။
ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ကိုလည်း ပြန်ခေါ်လာပြီး မိသားစုတစ်ခုလုံး ရှစ်ယောက်ထိုင် စားပွဲဝိုင်းကို ဝိုင်းထိုင်လိုက်ကြသည် ။
အထူးသဖြင့် အငယ်ဆုံးနှစ်ယောက်နှင့် ယန်ကျီဖန့်တို့က စားပွဲပေါ်ရှိ ပေါများလှသော ဟင်းလျာများကို ကြည့်ကာ တံတွေးမြိုချနေကြ၏ ။
နေ့စဥ်ရက်ဆက် ငတ်မွတ်နေကြသည် မဟုတ်သော်လည်း ဤမျှ ကောင်းကောင်းမွန်မွန် မစားရသည်မှာ အတော်ကြာပေပြီ ။
ကြက်သား ၊ ငါး ၊ ဝက်သားနှင့် ဖက်ထုပ်များ စသည်ဖြင့် ယန်ကျီဝမ်က ဟင်းလျာ စုစုပေါင်း ရှစ်မျိုး ပြင်ဆင်ထားသည် ။
ရန်ရွေ့ဟွား၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်အချို့ သန်းနေပြီး သူမက ညည်းတွားလိုက်သည် ။
" ဒီနှစ် နှစ်သစ်ကူးကို သားကြီး ပြန်မလာတော့ဘူးလား .. "
စကားများပြီး အဆင်မပြေဖြစ်ခဲ့စဥ်က အခြေအနေများ အနည်းငယ် ဆိုးရွားခဲ့သော်လည်း ယန်ကျီချန်းက ကိုးလလွယ်၍ ဆယ်လဖွားသော သူမ၏ သားပင် ။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ယန်ကျီဝမ်တို့ လင်မယား၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည် ။
သို့သော် ယန်ကျီဖန့်နှင့် အခြား အငယ်များကတော့ မည်သို့မှ မတုံ့ပြန်ဘဲ ဂရုမစိုက်သည့်ဟန် ပေါ်နေ၏ ။
" တတိယသားကို သွားခေါ်ခိုင်းလိုက်တယ် မဟုတ်ဘူးလား .. "
ယန်ဖူကွေ့က ယန်ကျီဖန့်ကို ကြည့်ကာ ပြောသည် ။
" သား သွားပြောလိုက်တယ်လေ.. ဒါပေမဲ့ အစ်ကိုကြီးက ပြန်လာမယ် မလာဘူးဆိုတာ ဘာမှ မပြောဘူး .. "
ယန်ကျီဝမ်က အပြစ်ကင်းဟန်ဖြင့် ဖြေလိုက်သည် ။
" ဟူး .. "
ရန်ရွေ့ဟွားက သက်ပြင်းချလိုက်သည် ။
ယန်ဖူကွေ့က...
" ဒီလို အထူးအမြတ်နေ့လေးမှာ ဘာလို့ သက်ပြင်းချနေတာလဲ.. သားကြီးမှာလည်း သူ့အလုပ်နဲ့သူ ရှိနေတာပဲ.. သူ မငတ်ပါဘူး .. "
ထိုသို့ ပြောပြီးနောက် သူက လက်ဝှေ့ယမ်းကာ...
" ကဲ.. အားလုံး စစားကြတော့.. ဟင်းတွေ အေးကုန်လိမ့်မယ် .. "
အိမ်ထောင်ဦးစီးဖြစ်သော ယန်ဖူကွေ့က ပြောလိုက်သဖြင့် အားလုံးက တူများကို စတင် ကောက်ကိုင်လိုက်ကြသည် ။
၅၉ ခုနှစ်က ဤသို့ဖြင့် ကုန်လွန်သွားခဲ့လေပြီ ။
......
နှစ်သစ်ကူး ဒုတိယနေ့...
ယန်ကျီဝမ်တို့ လင်မယားက ယောက္ခမများဖြစ်သည့် အဖေယွီနှင့် အမေယွီတို့အား နှစ်သစ်ကူး ဂါရဝပြုရန် ယွီလီ၏ မိဘအိမ်သို့ ပြန်ကြမည် ဖြစ်သည် ။
သူတို့နှစ်ယောက် အစောကြီး ထကြသည် ။
တံခါးပေါက်ဝ၌ ယန်ကျီဝမ်က သုံးဘီးစက်ဘီးပေါ်တွင် ထိုင်ရင်း အိမ်ထဲသို့ လှမ်းအော်လိုက်သည် ။
" လီလီ.. အဆင်သင့်ဖြစ်ပြီလား .. "
" ဖြစ်ပြီ .. "
များမကြာမီ ယွီလီက ပစ္စည်းအထုပ်ကြီး တစ်ထုပ်ကို သယ်ကာ ထွက်လာပြီး သုံးဘီးစက်ဘီးပေါ်သို့ တင်လိုက်သည် ။
ယန်ကျီဝမ်က သတိပေးလိုက်သည် ။
" နှစ်သစ်ကူးမတိုင်ခင်က ကိုယ်တို့ ဝယ်ထားတဲ့ အနွေးထည်တွေ မေ့မယ်နော် .. "
ယွီလီက ခေါင်းညိတ်ပြကာ...
" အကုန် ယူလာခဲ့ပါတယ်.. အထဲမှာ အကုန်ပါပါတယ် .. "
" အာ့ဆို သွားကြစို့ .. "
လင်မယားနှစ်ယောက် စက်ဘီးစီး၍ ယွီမိသားစုထံသို့ ရယ်မော စကားပြောရင်း ဖြည်းဖြည်းချင်း နင်းလာကြသည် ။
ယွီမိသားစု နေထိုင်ရာ ခြံဝင်းသို့ ရောက်သောအခါ ယွီဟိုက်တန်နှင့် ယွီလျန်တို့က စောင့်ကြိုနေကြ၏ ။
ယန်ကျီဝမ်တို့ လင်မယား ရောက်လာသည်ကို မြင်လျှင် သူတို့က ချက်ချင်းပင် အနားသို့ လျှောက်လာပြီး...
" မမနဲ့ ခဲအို.. ရောက်လာကြပြီပဲ.. သမီးတို့ စောင့်နေတာ ကြာလှပြီ.. အေးလွန်းလို့ သေတော့မယ် .. "
ယွီဟိုက်တန်က ပစ္စည်းများ ကူသယ်ရန် ရှေ့သို့ တိုးလာရင်း သူမ၏ လေသံတွင် ညည်းတွားသံ အနည်းငယ် ပါနေသည် ။
" မင်္ဂလာပါ အစ်မ.. မင်္ဂလာပါ ယောက်ဖ .. "
ယွီလျန်က နှုတ်ဆက်ရင်း ရှေ့သို့ တိုးကာ ပစ္စည်းများကို ကူယူပေးသည် ။
ယွီလီက ရယ်၍ ပြောလိုက်သည် ။
" ဟီးဟီး...နင်တို့ကို စောင့်ခိုင်းထားတာမှ မဟုတ်တာ.. ငါတို့ဘာသာ လာတက်ပါတယ်အေ .. "
ယွီဟိုက်တန်က နှုတ်ခမ်းဆူလိုက်ပြီး...
" အဖေနဲ့ အမေက အပြင်ထွက် စောင့်ခိုင်းနေလို့ပါ .. "
ယန်ကျီဝမ်က နောက်ပြောင်လိုက်သည် ။
" သြော်.. ကြည့်ရတာ သိပ်မပျော်ဘူးထင်တယ်.. ဒီမှာ လက်ဆောင်တွေတောင် ယူလာပေးတာကို .. "
ထိုစကားကို ကြားသောအခါ ယွီဟိုက်တန်၏ မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်စွာဖြင့်...
" ခဲအို.. ဘာလက်ဆောင်တွေလဲ .. "
သူမက ပြောရင်း ရှေ့သို့တိုးကာ ယန်ကျီဝမ်၏ လက်မောင်းကိုပင် ဖက်လိုက်သည် ။
" သိချင်လို့လား .. "
ယွီဟိုက်တန်က ခေါင်းကို တရစပ် ညိတ်ပြသည် ။
ယန်ကျီဝမ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး...
" မပြောပြပါဘူး .. "
ထိုသို့ပြောပြီးနောက် သူက သုံးဘီးစက်ဘီးကို ခြံထဲသို့ တွန်းဝင်သွားလေသည် ။
" အာ.. ခဲအိုကတော့ ဒီလိုကြည့်ပဲ.. "
ယွီဟိုက်တန်က ဒေါသထွက်ကာ ရိုက်ရန်ရွယ်ရင်း သူ့နောက်သို့ လိုက်သွားသည် ။
ထိုမြင်ကွင်းကို ကြည့်ရင်း ယွီလီက အကူအညီမဲ့စွာ ခေါင်းခါလိုက်သည် ။
သူမ၏ ယောက်ျားက တကယ်ကို တစ်မျိုးပင် ။ အဖေတစ်ယောက် ဖြစ်လာတော့မည်ကိုပင် ယခုအထိ ကလေးဆန်နေဆဲ ။
ထို့နောက် ယွီလျန်က ပြောလိုက်သည် ။
" မမ.. ပစ္စည်းတွေ သယ်ဖို့ သား ကူညီပေးမယ် .. "
ယွီလီ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုများ ပေါ်လာပြီး ယွီလျန်၏ ခေါင်းကို ပွတ်သပ်လိုက်ကာ...
" ငါ့ရဲ့ လျန်လေးက အသိဉာဏ်အရှိဆုံးပဲ .. "
ယွီလျန်၏ မျက်နှာလေး ရဲတွတ်သွားပြီး အနည်းငယ် ရှက်သွား၏ ။
စက်ဘီးရပ်ပြီးနောက် ယန်ကျီဝမ်က အိမ်ထဲသို့ အမြန် ဝင်သွားသည် ။
" အဖေ.. အမေ.. လီလီနဲ့ ကျွန်တော် နှစ်သစ်ကူး ဂါရဝပြုဖို့ လာခဲ့တယ် .. "
အသံကြားလျှင် အမေယွီက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာပြီး ပြုံးကာ...
" ကျီဝမ် ရောက်လာပြီကိုး.. အရင်ထိုင်ပြီး နွေးသွားအောင် မင်းအဖေနဲ့ ရေနွေးကြမ်း တစ်ခွက်လောက် သောက်လိုက်အုံး.. နေ့လယ်စာက ပြင်နေပြီ .. "
" အမေက အလုပ်ရှုပ်နေတာကိုး.. ကျွန်တော့်ကို ဂရုစိုက်မနေနဲ့ .. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ သဘောထားကာ အဖေယွီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည် ။
ယွီဟိုက်တန်က ထိုအချိန်မှ ဝင်လာသော်လည်း အဖေယွီ ရှိနေသဖြင့် သူမ ဘာမှမပြောရဲဘဲ ယန်ကျီဝမ်ကို ဒေါသတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည် ။
ယွီလီနှင့် ယွီလျန်တို့လည်း ဝင်လာကြသည် ။
ယွီလီက ပစ္စည်းထုပ်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး ဆေးလိပ်နှင့် အရက်များကို ထုတ်ယူကာ အဖေယွီကို ပြုံး၍ ...
" အဖေ.. ဒါက ကျီဝမ် ယူလာပေးတဲ့ ဆေးလိပ်နဲ့ အရက်တွေပါ.. အရက်ကို ဖြည်းဖြည်းချင်း သောက်လို့ရပေမဲ့ ဆေးလိပ်ကိုတော့ လျှော့သောက်နော် .. "
" ဟေး.. လာရင် ရနေပြီကို.. ဘာလို့ ပစ္စည်းတွေ ယူလာရတာလဲ .. "
အဖေယွီက ညည်းတွားလိုက်သော်လည်း သူ၏ နှုတ်ခမ်းထက်မှ အပြုံးကိုမူ ဖုံးကွယ်မထားနိုင်ဘဲ သူ အရမ်းပျော်နေကြောင်း သက်သေပြနေသည် ။
ယွီဟိုက်တန်က မစောင့်နိုင်တော့ဘဲ...
" အစ်မ.. ခဲအိုက ကျွန်မအတွက် လက်ဆောင် ပြင်ထားတယ်ဆို.. ဘာကြီးလဲ .. "
" နင့်အတွက်ချည်းပဲ မဟုတ်ပါဘူး.. အားလုံးအတွက် ပါပါတယ် .. "
ယွီလီက ပြောရင်း ပစ္စည်းထုပ်ထဲမှ ဂွမ်းထည့်ထားသော အနွေးထည်တစ်ထည်ကို ထုတ်ယူကာ...
" ဒါက နင့်အတွက် .. "
ယွီဟိုက်တန်၏ မျက်လုံးများက အရောင်လက်သွားပြီး အနွေးထည်ကို လုယူကာ ဝမ်းသာအားရဖြင့်....
" ဝါး.. ဂွမ်းအနွေးထည် အသစ်ကြီးပဲ.. ကျေးဇူးတင်ပါတယ် ခဲအို .. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" အခုကျတော့ ငါ့ကို စိတ်မဆိုးတော့ဘူးလား .. "
ယွီဟိုက်တန်က နောက်ပြောင်သည့်အနေဖြင့် လျှာထုတ်ပြလိုက်သည် ။
ယွီလီက ယွီလျန်အတွက် နောက်ထပ်တစ်ထည် ထုတ်ယူလိုက်ပြီး...
" လျန်လေး.. ဒါက နင့်အတွက် .. "
ယွီလျန်က လိမ္မာစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည် ။
" ကျေးဇူးတင်ပါတယ် ယောက်ဖ.. ကျေးဇူးတင်ပါတယ် မမ .. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" လျန်လေးက အမြဲ ယဥ်ကျေးတာပဲ .. "
" ဟွန့် .. "
ယွီဟိုက်တန်က နှုတ်ခမ်းဆူလိုက်သည် ။ ယန်ကျီဝမ်က သူမကို ရည်ရွယ်ပြီး ပြောနေမှန်း သူမ သိ၏ ။
သို့သော် သူမက သဘောထားကြီးသူဖြစ်၍ သူ့ကို ဂရုမစိုက်တော့ပေ ။
အဖေယွီက ဝင်ပြောလိုက်သည် ။
" ဟေ့.. ယန်ကျီဝမ်.. မင်းလည်း သိသားနဲ့ သူတို့မှာ ဝတ်စရာ အင်္ကျီမရှိတာမှ မဟုတ်တာ.. ဘာလို့ အဲ့ဒီလောက် အကုန်အကျခံနေရတာလဲ .. "
ယန်ကျီဝမ်က ပြုံးကာ...
" ကျွန်တော့် မိဘတွေဆီမှာလည်း အကုန်ရှိပါတယ်.. ကျွန်တော်တို့ အားလုံးက မိသားစုတွေပဲလေ.. မျက်နှာလိုက်လို့မှ မရတာ .. "
အဖေယွီက အံ့သြသွားပြီး...
" ဘာ.. ဒါဆို ငါနဲ့ မင်းအမေအတွက်ရော ဝယ်လာတာလား .. "
ထိုအချိန်တွင် ယွီလီက ဂွမ်းအနွေးထည် နောက်ထပ် နှစ်ထည်ကို ထုတ်ယူလိုက်ပြီး ...
" အဖေ.. အမေ.. ဒါတွေက သမီးတို့ရဲ့ သိတက်တဲ့ စေတနာ လေးပါ.. ငြင်းတော့ မငြင်းပါနဲ့ .. "
ယန်ကျီဝမ်က ဝင်ထောက်ခံလိုက်သည် ။
" ဟုတ်တယ်.. ကျွန်တော့်အပေါ်ကို အခုလို အားနာနေတုန်းဆိုရင် နောက်ဆို ဘယ်ပွဲတော်မှာမှ လာတော့မှာ မဟုတ်ဘူး .. "
" မင်း...ကောင်စုတ်လေး .. "
အဖေယွီက အကူအညီမဲ့ဟန်ဖြင့် ယန်ကျီဝမ်ကို လက်ညှိုးထိုးရင်း ဆွံ့အနေသည် ။
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို ဤကလေးက သူ့ကို ခြိမ်းခြောက်နေသေး၏ ။
သို့သော် သူ့ရင်ထဲတွင်မူ အတိုင်းမသိ ပျော်ရွှင်နေပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည် ။
' လီလီက ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ .. '
Chapter 222
~
အခန်း ၂၂၂ : ဒီအစ်မကြီးက သူ့ကို ရှင်းပေးမယ်...
~
နှစ်သစ်ကူး ပထမနေ့အပြီး ဆွေမျိုးများထံ လည်ပတ်ရန် ဖြစ်သော်လည်း ယန်မိသားစုတွင် ပေကျင်း၌ ဆွေမျိုး မရှိပေ ။
သူတို့က ယွီလီ၏ မိသားစုထံသို့ နှစ်သစ်ကူး ဂါရဝပြုရန် သွားရောက်ခဲ့ပြီးဖြစ်၍ ကိစ္စများ အားလုံး ပြီးစီးသွားပြီဟု ဆိုနိုင်သည် ။
သို့သော် အဘိုးဝမ်နှင့် အဘွားလင်းတို့ မိသားစုက သူ့အပေါ် တကယ်ကို ကောင်းမွန်ခဲ့ကြသဖြင့် သူတို့ လင်မယားနှစ်ယောက် နှစ်သစ်ကူး ဂါရဝပြုရန် သွားသင့်ပေသည် ။
ထို့ကြောင့် တတိယနေ့တွင် ယန်ကျီဝမ်နှင့် ယွီလီတို့က အစောကြီးထကာ ကြိုတင်ပြင်ဆင်ထားသော လက်ဆောင်များကို ယူဆောင်ပြီး အဘိုးဝမ်နှင့် အဘွားလင်းတို့ထံသို့ နှစ်သစ်ကူး ဂါရဝပြုရန် ထွက်လာခဲ့ကြသည် ။
သူတို့ သုံးဘီးစက်ဘီးကို ပင်မတံခါးဝသို့ တွန်းလာစဉ် သူတို့ဆီသို့ လျှောက်လာသော မာဟွာနှင့် ဆုံလေ၏ ။
မာဟွာက သူ၏လက်ထဲတွင် အသက်ရှင်နေဆဲဖြစ်သော ကြက်တစ်ကောင်ကို ကိုင်ထားပြီး သူတို့ကို မြင်သောအခါ မေးလိုက်သည် ။
" ဆရာ.. ဘယ်သွားမလို့လဲ .. "
ယန်ကျီဝမ်က မာဟွာ၏ လက်ထဲရှိ ကြက်ကို လှမ်းကြည့်ကာ ...
" ငါ လူကြီးတစ်ယောက်ဆီ နှစ်သစ်ကူး ဂါရဝပြုဖို့ သွားမလို့လေ.. မင်းက ငါ့ဆီ နှစ်သစ်ကူး ဂါရဝပြုဖို့ လာတာလား .. "
မာဟွာက ခေါင်းညိတ်ကာ ခေါင်းကုတ်ရင်း ရယ်လိုက်သည် ။
" ဟီးဟီး ..ကျွန်တော် ဘာဝယ်ရမှန်း မသိလို့ပါ... "
ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်ပြီး အကူအညီမဲ့စွာဖြင့် ...
" မင်းက အရမ်းတွေ ချမ်းသာနေတာလား ကောင်လေး .. "
မာဟွာက အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် ...
" ဗျာ .. "
ယန်ကျီဝမ်၏ ဘေးတွင် ရပ်နေသော ယွီလီက တိုးတိုးလေး ရယ်ကာ ရှင်းပြလိုက်သည် ။
" နင့်ဆရာ ဆိုလိုချင်တာက နင် လာတာနဲ့တင် ရနေပြီ... ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းတွေ ယူလာစရာ မလိုဘူးလို့ ပြောတာ.. "
မာဟွာ၏ မိသားစုတွင် ကျွေးမွေးရမည့်သူ တော်တော်များများ ရှိပြီး မာဟွာက နှစ်သစ်ကူးမတိုင်မီ ကန်တင်း၏ ခေါင်းဆောင်စားဖိုမှူးအဖြစ် ရာထူးတိုးခံခဲ့ရသော်လည်း လစာ အနည်းငယ်သာ တိုးလာခြင်း ဖြစ်သည် ။
သူ၏ မိသားစု အခြေအနေအတွက်တော့ ထိုပမာဏက ပင်လယ်ထဲ ရေတစ်စက် ချလိုက်သကဲ့သို့ပင် ။
ယခု ဈေးကွက်ထဲတွင် ကြက်တစ်ကောင်လျှင် နှစ်ယွမ်ထက် မနည်းပေးရပြီး တစ်ခါတစ်ရံ နောက်ကျမှသွားလျှင် ဝယ်၍ပင် မရနိုင်ပေ ။
ထို့ကြောင့် ယန်ကျီဝမ်က သူ့ကို ချမ်းသာနေသလားဟု ပြောလိုက်ခြင်း ဖြစ်သည် ။
ယွီလီ၏ ရှင်းပြချက်ကို ကြားပြီးနောက် မာဟွာက နားလည်သွားသည် ။ သူက ရိုးသားစွာဖြင့် ပြောလိုက်၏ ။
" ဒါတွေအားလုံးက ထိုက်တန်ပါတယ်.. ဆရာက ကျွန်တော့်အပေါ် အရမ်းကောင်းပြီး ပညာတွေကို သင်ပေးခဲ့တာပါ.. ဆရာသာ မရှိခဲ့ရင် ဒီနေ့ မာဟွာဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး .. "
" ဆရာ.. ကျေးဇူးတင်ပါတယ် .. "
ယန်ကျီဝမ်က လက်ဝေ့ယမ်းလိုက်ပြီး ...
" ကျေးဇူးတင်စရာ မလိုပါဘူး.. နှစ်သစ်ကူး ဂါရဝပြုဖို့ လာတယ်ဆိုမှတော့ မင်္ဂလာရှိတဲ့ စကားလေးတွေ ပြောတာကမှ ပိုပြီး လက်တွေ့ကျအုံးမယ် .. "
" ဆရာနဲ့ ဆရာကတော်တို့ ကျန်းမာရေးကောင်းပြီး အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်.. ကျွန်တော်က အပြောအဆို မတတ်တော့ ဒါတွေပဲ ပြောတတ်လို့ပါ..ဟီးဟီး .. "
ပြောပြီးနောက် မာဟွာ၏ မျက်နှာရဲသွားပြီး ရိုးအစွာ ရယ်လိုက်သည် ။
ထိုအချိန်တွင် ယွီလီက ယန်ကျီဝမ်၏ အင်္ကျီလက်စကို ဆွဲကာ မေးငေါ့ပြလိုက်သည် ။ ယန်ကျီဝမ်က သူမ၏ ဆိုလိုရင်းကို နားလည်သွား၏ ။
သူတို့သည် အဘိုးဝမ်နှင့် အဘွားလင်းတို့ထံသို့ ယနေ့ နှစ်သစ်ကူး ဂါရဝပြုရန် သွားကြရမည် ဖြစ်သော်လည်း မာဟွာ ရုတ်တရက် ရောက်လာခြင်းက သူတို့၏ အစီအစဉ်များကို နှောင့်နှေးသွားစေသည် ။
မာဟွာက ယွီလီ၏ အကြည့်ကို သတိပြုမိသွားပုံရသည် ။ သူက ကြက်ကို ကမ်းပေးရင်း...
" ဆရာ.. လူကြီးတွေဆီ သွားဖို့ရှိတယ်ဆိုတော့ ကျွန်တော် အရင် ပြန်လိုက်ပါအုံးမယ်.. ဒီကြက်ကိုတော့ ယူထားလိုက်ပါ .. "
" အဓိပ္ပာယ်မရှိတာ .. "
ယန်ကျီဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ...
" နှစ်သစ်ကူး ဂါရဝပြုဖို့ လာတဲ့သူတစ်ယောက်ကို အိမ်ထဲတောင် မထိုင်ခိုင်းဘဲ ဘယ်လိုလုပ် ပြန်လွှတ်ရမှာလဲ.. တခြားသူတွေ သိရင် ဆရာတစ်ယောက်အနေနဲ့ ငါ မင်းကို ကြိုဆိုချင်စိတ် မရှိဘူးလို့ ထင်သွားကြလိမ့်မယ် .. "
ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်က ယွီလီကို လှည့်ပြောလိုက်သည် ။
" မာဟွာလည်း ရောက်လာပြီဆိုတော့ ဝမ်မိသားစုဆီ နှစ်သစ်ကူး ဂါရဝပြုဖို့ မနက်ဖြန်မှပဲ သွားကြတာပေါ့.. တစ်ရက်လောက် နောက်ကျသွားလည်း ဘာမှ မကွာခြားသွားပါဘူး .. "
ယွီလီက ခေါင်းညိတ်လိုက်သည် ။ သူမတွင် မည်သည့် ကန့်ကွက်စရာမှ မရှိချေ ။
သူမ အိမ်ထဲသို့ ပြန်လှည့်ဝင်ရန် ပြင်လိုက်စဉ် အကိုဝေ့နှင့် မော်ရှောင်ဖန်းတို့ တခြားလမ်းတစ်ဖက်မှ လျှောက်လာသည်ကို မြင်လိုက်ရသည် ။ ယန်ကျီဝမ်က သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး အကူအညီမဲ့စွာဖြင့် ပြောလိုက်၏ ။
" ဒီနှစ်ယောက်ကရော ဒီနေ့ ဘာလို့ ရောက်လာကြပြန်တာလဲ .. "
တိုက်ဆိုင်စွာပင် ကျန်းဝေ့ကော၏ လက်ထဲတွင်လည်း ကြက်တစ်ကောင် ကိုင်ထားသည် ။
သူနှင့် မော်ရှောင်ဖန်းတို့က လျှောက်လာကြပြီး ကျန်းဝေ့ကောက ပြုံး၍....
" ယန်ကျီဝမ်.. ယွီလီ.. ငါ မင်းတို့ဆီ နှစ်သစ်ကူး ဂါရဝပြုဖို့ လာတာ .. "
မော်ရှောင်ဖန်းကလည်း နှုတ်ဆက်လိုက်သည် ။
" အစ်ကိုယန်.. အစ်မ.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ .. "
" ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ .. "
ယန်ကျီဝမ်က ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ညည်းတွားလိုက်မိ၏ ။
" ကျုပ်ပြောမယ် အစ်ကိုကျန်း... ခင်ဗျားနဲ့ မာဟွာက တိုင်ပင်ထားကြတာလား.. ဘာလို့ နှစ်သစ်ကူး ဂါရဝပြုဖို့လာတာ နှစ်ယောက်စလုံး ကြက်တွေ ကိုင်လာကြတာလဲ.. ခင်ဗျားတို့ ဘဝတွေက အရမ်း သာယာနေတယ်လို့ ထင်နေကြတာလား .. "
ကျန်းဝေ့ကောက ခေါင်းကုတ်လိုက်ပြီး ...
" နှစ်သစ်ကူး ဂါရဝပြုဖို့လာတာ လက်ဗလာကြီးနဲ့တော့ လာလို့ မရဘူးလေ .. "
ယွီလီက ရှေ့ထွက်ကာ အခြေအနေကို ဝင်ထိန်းပေးလိုက်သည် ။
" ကဲပါ.. တံခါးပေါက်ဝမှာ ရပ်ပြီး စကားပြောမနေကြနဲ့တော့.. အိမ်ထဲ အရင် ဝင်ကြအောင် .. "
ထို့နောက် အကုန်လုံး ခြံဝင်းထဲသို့ ဝင်လာကြသည် ။
........
နေ့လယ်စာ စားပြီးနောက် ...
ယန်ကျီဝမ်တို့ လင်မယားက မာဟွာနှင့် ကျန်းဝေ့ကော ဇနီးမောင်နှံတို့ကို တံခါးပေါက်အထိ လိုက်ပို့ပေးလိုက်ကြသည် ။
ထိုအချိန်တွင် မာဟွာနှင့် ကျန်းဝေ့ကောတို့ နှစ်ယောက်စလုံး၏ လက်ထဲတွင် အိတ်အကြီးအသေးများကို ကိုင်ထားကြပြီး အားလုံးက ယန်ကျီဝမ်၏ တုံ့ပြန်လက်ဆောင်များ ဖြစ်သည် ။
ပေးကမ်းခြင်းနှင့် ပြန်လည်လက်ခံခြင်းက ဓလေ့တစ်ခုပင် ။
မူလက ကျန်းဝေ့ကောနှင့် မာဟွာတို့က မယူလိုသော်လည်း ယန်ကျီဝမ်က ပြောလိုက်သည် ။
" တကယ်လို့ မင်းတို့ မယူဘူးဆိုရင် နောက်ဆို ငါနဲ့ လာမပတ်သက်ကြနဲ့တော့ .. "
တခြားရွေးချယ်စရာ မရှိသဖြင့် မာဟွာနှင့် ကျန်းဝေ့ကောတို့လည်း လက်ခံခဲ့ရလေသည် ။
......
နှစ်သစ်ကူး လေးရက်မြောက် မနက်ခင်း..
ယန်ကျီဝမ်နှင့် ယွီလီတို့က ဝမ်မိသားစု၏ အိမ်သို့ အစောကြီး ရောက်လာခဲ့ကြသည် ။
ယန်ကျီဝမ်က ရှေ့သို့တိုးကာ တံခါးကို ခေါက်လိုက်၏ ။
တံခါးလာဖွင့်ပေးသူက ဝမ်မြောင်မြောင် ။
ယန်ကျီဝမ်တို့ လင်မယားက သူမကို နှုတ်ဆက်လိုက်ကြသည် ။
" အစ်မမြောင်မြောင် .. "
ယန်ကျီဝမ်က ယွီလီကို အရင်က နှစ်ကြိမ်ခေါ်လာဖူးသဖြင့် ယွီလီ နှင့် ဝမ်မြောင်မြောင် ဆုံခဲ့ဖူးသည် ။
သူတို့ကို မြင်လျှင် ဝမ်မြောင်မြောင်က ပြုံးလိုက်ပြီး...
" နင်တို့ နောက်ဆုံးတော့ ရောက်လာပြီ.. ငါ့အဘွားက ပြီးခဲ့တဲ့ နှစ်ရက်လုံး နင်တို့အကြောင်းပဲ ပြောနေတာ.. မြန်မြန် အိမ်ထဲ ဝင်ကြ .. "
ခြံဝင်းထဲ ဝင်သွားပြီးနောက် အဘိုးဝမ်နှင့် အဘွားလင်းတို့ စကားထိုင်ပြောနေကြသည်ကို တွေ့လိုက်ရသည် ။
ယန်ကျီဝမ်က တက်ကြွစွာဖြင့် ....
" အဘိုးဝမ်.. အဘွား.. ကျွန်တော်တို့ နှစ်သစ်ကူး ဂါရဝပြုဖို့ ရောက်လာပြီဗျ.. ကျန်းမာရေးကောင်းပြီး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် .. "
" ကောင်းတယ် ကောင်းတယ်.. မင်းတို့ ရောက်လာတာ ကောင်းတယ် .. "
အဘွားလင်းက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည် ။ သူမက ယန်ကျီဝမ်ကို လျစ်လျူရှုကာ ယွီလီထံသို့ သွားပြီး သူမ၏ ဗိုက်ကို ကိုင်ကြည့်လိုက်သည် ။
" အို.. ဗိုက်လေး ထွက်လာပြီပဲ.. နောက်ထပ် လနည်းနည်းကြာရင် ငါ မြစ်လေး ရတော့မယ် ထင်တယ် .. "
ယွီလီက ပြုံး၍...
" အဘွား.. စောပါသေးတယ်.. မေလလောက်မှ မွေးမယ်လို့ ဆရာဝန် တွေက ပြောထားတယ် .. "
" ဒါဆို သိပ်တောင် မလိုတော့ဘူးပဲ.. ငါ့မြစ်လေး မွေးလာတဲ့အခါကျရင် ငါ ကိုယ်တိုင် လာကြည့်ရမယ် .. "
" ဘာလို့ ကိုယ်တိုင် လာကြည့်နေရမှာလဲ.. ကလေး တစ်လပြည့်သွားတဲ့အခါ အဘွားဆီ ကျွန်မတို့ လာပြမှာပေါ့ .. "
အဘွားလင်းက သီးသန့် စကားပြောရန်အတွက် ယွီလီကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ယန်ကျီဝမ်က လက်ဖက်ရည်သောက်ရင်း အဘိုးဝမ်နှင့် စကားပြောရန် ဝင်ထိုင်လိုက်သည် ။
ဝမ်မြောင်မြောင်က မျက်လုံးလှန်ပြလိုက်သည် ။
ယန်ကျီဝမ်ကသာ မြေးအစစ် ဖြစ်နေသလားဟု သူမ ခံစားနေရ၏ ။
ဤသည်က သူမ မနာလိုဖြစ်နေခြင်းတော့ မဟုတ် ။
သူမ၏ မိဘများတွင် ကလေးက သူမတစ်ယောက်သာ ရှိပြီး မိဘများကလည်း အလုပ်များနေကြသဖြင့် အဘိုးအဘွားများထံ ပြန်လာလည်လေ့ သိပ်မရှိကြ ။ ထို့ကြောင့် အဘိုးအိုနှင့် အဘွားအိုနှစ်ယောက်က အနည်းငယ် အထီးကျန်နေခဲ့ရသည် ။
ဤသည်ကပင် သူမ အားလပ်ချိန်ရတိုင်း ပြန်လာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည် ။
ယခု ယန်ကျီဝမ်တို့ လင်မယားက သူတို့ထံ မကြာခဏ လာရောက်လည်ပတ်ပေးနိုင်သဖြင့် သူမ ပျော်ရွှင်နေမိ၏ ။
ယန်ကျီဝမ်က အိမ်သားတစ်ယောက်လို ရင်းနှီးနေသဖြင့် ခွက်တစ်ခွက်ကို ကောက်ကိုင်ကာ လက်ဖက်ရည်ကို သူ့ဘာသာသူ ငှဲ့သောက်လိုက်သည် ။
အဘိုးဝမ်က ပြုံးကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည် ။
" ယန်လေး.. လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းကို ပြဿနာလာရှာတဲ့သူ ရှိတယ်လို့ ကြားလိုက်တယ် .. "
ယန်ကျီဝမ် အံ့ဩသွားပြီး ...
" သတင်းက အဘိုးဆီတောင် ရောက်နေပြီလား .. "
ဝမ်မြောင်မြောင်၏ ဖီးနစ်မျက်လုံးများ ပြူးကျယ်သွားပြီး အေးစက်စွာဖြင့် ...
" ငါ့ညီလေးကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ.. ဟမ့် သူတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်.. ယန်လေး.. ပြောစမ်း ဒီအစ်မကြီး အဲ့ကောင်ကို ရှင်းပေးမယ် .. "
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်၏ နှုတ်ခမ်းထောင့်များ တဆက်ဆက် တုန်ရီသွား၏ ။
သူ မည်သည့်အချိန်က သူမ၏ ညီလေးဖြစ်သွားမှန်း သူကိုယ်တိုင်ပင် မသိလိုက်ပေ ။
ရုတ်တရက် ယန်ကျီဝမ်ထံတွင် ကောက်ကျစ်သော အကြံတစ်ခု ရလာခဲ့သည် ။ သူက ဝမ်မြောင်မြောင်ကို ကြည့်ကာ နောက်ပြောင်သည့်ဟန်ဖြင့် ...
" အဲ့ဒါ အစ်မအဖေရဲ့ လက်အောက်က လူတစ်ယောက်လေ.. အစ်မက ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးမှာ သေချာလား .. "
" အာ .. "
ဝမ်မြောင်မြောင် ချက်ချင်းပင် ဆွံ့အသွားလေသည် ။
ယန်ကျီဝမ်က ရယ်လိုက်သည် ။
အဘိုးဝမ်က သူ၏ မြေးမလေးကို ကယ်တင်ရန် ဝင်ပြောလိုက်သည် ။
" မြောင်မြောင်.. ဒီကောင်စုတ်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့.. အဲ့ဒါက သမီးအဖေနဲ့ ဘာမှမဆိုင်ဘူး.. ပြီးတော့ ဒီကောင်လေး ဘာမှ နစ်နာသွားတာမှ မရှိတာ .. "
ဝမ်မြောင်မြောင်က ထိုစကားကို ကြားသောအခါ မကျေနပ်သည့်ဟန်ဖြင့် ယန်ကျီဝမ်ကို ထပ်မံ စိုက်ကြည့်လိုက်သည် ။
ယန်ကျီဝမ်က အပြစ်ကင်းဟန်ဖြင့် ...
" ဘာလို့ မနစ်နာရမှာလဲ.. ကျွန်တော့်ဆီမှာသာ လှည့်ကွက်လေး နည်းနည်း မရှိခဲ့ရင် ခြေထောက်တောင် အချိုးခံရလောက်တယ် .. "
ထိုစကားကို ကြားသောအခါ ဝမ်မြောင်မြောင်က ထပ်ပြီး မျက်လုံးလှန်ပြလိုက်သည် ။
သူမသည် ယန်ကျီဝမ်၏ စွမ်းရည်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူး၏ ။ သူမကိုယ်တိုင်ပင် သူ့ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ သူက လှည့်ကွက်အချို့ သာ ရှိသည်ဟု ပြောနေသေးသည် ။
ဒါဆို သူမသည် ကရော ။ အလှပြရုံသက်သက် လေ့ကျင့်ထားသူဟု ဆိုနေသည်နှင့် တူ၏ ။