အခန်း (၂၂၃-၂၂၄)
Vol. 22 Ch. 223-224
Chapter 223
~
အခန်း ၂၂၃ : ဒုစက်ရုံမှူးလီ ..
~
နွေဦးနှင့် နွေရာသီတို့ အလှည့်ကျ ပြောင်းလဲလာပြီး အချိန်များက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည် ။
စူးရှသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး ယန်ကျီဝမ်၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် ယန်ကျီဝမ် အိပ်ရခက်လာ၏ ။ ထို့နောက် နေရောင်မကျရောက်သော ကုတင်ခြေရင်းဘက်သို့ လှိမ့်သွားကာ ဆက်အိပ်နေလိုက်သည် ။
" ကျွီ...."
မြည်သံနှင့်အတူ တံခါးပွင့်လာပြီး စုဘူးအကြီးကြီးနှင့် ယွီလီက ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည် ။
အခုဆိုလျှင် မတ်လသို့ ရောက်နေပြီဖြစ်၍ ယွီလီ၏ ဗိုက်ကလည်း တစ်နေ့တခြား ပို၍ကြီးလာခဲ့ပြီ ။
ယန်ကျီဝမ်က ယွီလီကို လစဥ် ဆေးရုံသို့ ပုံမှန်ဆေးစစ်ရန် ခေါ်သွားလေ့ရှိပြီး သူမ၏ မီးဖွားမည့်ရက်က မေလတွင် ဖြစ်သည် ။
ယန်ကျီဝမ်၏ ပြင်းပြင်းထန်ထန် တောင်းဆိုမှုကြောင့် ယွီလီက အလုပ်နားထားပြီး ကလေးမီးဖွားရန် အိမ်တွင်သာ စောင့်ဆိုင်းနေရသည် ။
ယွီလီက ဗိုက်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကုတင်စွန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ထိုင်လိုက်သည် ။ ထို့နောက် ယန်ကျီဝမ်ကို လှမ်းတွန်းလိုက်ပြီး...
" ကျီဝမ်.. ထတော့.. မွန်းတည့်နေပြီ.. "
" ခဏလောက် ထပ်အိပ်ပါရစေအုံး.. ဘာပဲဖြစ်ဖြစ် ဒီလအတွက် သတ်မှတ်ထားတဲ့ ပမာဏက ပြည့်သွားပြီ.. စက်ရုံသွားလည်း လက်ဖက်ရည်သောက်ပြီး အိပ်နေရုံပဲ ရှိတာကို.. "
ယန်ကျီဝမ်က ပျင်းရိစွာ ပြန်ဖြေလိုက်သည် ။
သူ့ကို နှိုး၍ မရနိုင်မှန်း သိလိုက်ရသဖြင့် ယွီလီက မျက်လုံးလေး ကစားကာ စနောက်လိုက်သည် ။
" ကောင်းပြီလေ.. ရှင်ရဲ့ ကလေးက မကြာခင် မွေးလာတော့မှာ.. သူ့အဖေက လူပျင်းကြီးဆိုတာ သိသွားရင် သူ့အဖေကို မုန်းသွားမလား မသိဘူးနော်.. "
" အို.. သူက မမုန်းဘူးဆိုရင်တောင် ရှင့်ဆီက သင်ယူပြီး နောက်ကျရင် လူပျင်းလေး ဖြစ်လာမှာလား.. "
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယန်ကျီဝမ်က ချက်ချင်းပင် ငေါက်ခနဲ ထထိုင်လိုက်သည် ။
" ငါ့ကလေးအတွက် စံပြလူကောင်း တစ်ယောက် ဖြစ်အောင် လုပ်ရမယ်.. "
ယန်ကျီဝမ်က ကုတင်ပေါ်မှ အမြန်ဆင်းကာ အဝတ်အစားများ လဲလိုက်သည် ။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် သူက...
" ကိုယ် အခုချက်ချင်း အလုပ်သွားတော့မယ်.. "
" ဟိဟိ.."
ယွီလီသည် သူ၏ ကပျာကယာ နိုင်လှသော ပုံစံကြောင့် ရယ်ချင်သွားသည် ။ သူမက လက်ဝှေ့ယမ်းပြကာ...
" ဟေ့.. သွားမလို့ဆိုရင်တောင် အရင်စားသွားအုံးလေ.. "
သို့သော် ယန်ကျီဝမ်က တံခါးပေါက်မှ ပြေးထွက်သွားလေပြီ ။
ယွီလီက အကူအညီမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်၏ ။
သို့ပေသိ ကိစ္စတော့ မရှိ ။ သူမ ယောက်ျား၏ တပည့်က မီးဖိုချောင်တွင် အလုပ်လုပ်နေသည်ဖြစ်၍ သူ ဗိုက်ဆာနေမည်တော့ မဟုတ်ချေ ။
...
" မနက်ခင်းပါ အစ်ကိုလီ.. "
ဝယ်ယူရေးဌာန ရုံးခန်းသို့ သူရောက်သွားချိန်တွင် လီရှန်းလီက အစာစားနေပြီး ယန်ကျီဝမ်က သူ့ကို နှုတ်ဆက်လိုက်သည် ။
ပုံမှန်အားဖြင့် ရုံးခန်းထဲတွင် သူနှင့် လီရှန်းလီ နှစ်ယောက်တည်းသာ ရှိနေတတ်ပြီး ဤသည်က ထုံးစံလို ဖြစ်နေသည် ။ တခြားသူများ အားလုံးက ပစ္စည်းများ ဝယ်ယူရန် အပြင်သို့ မအားမလပ် ထွက်နေကြရသည် ။
ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှန်းလီက သူ၏ ပါးစပ်ထဲရှိ အစားအစာများကို မျိုချလိုက်ပြီး မျက်လုံးလှန်ပြကာ စိတ်တိုဟန်ဖြင့် ...
" ညီလေး.. အခု မွန်းတည့်နေပြီလေ.. ဘာကို မနက်ခင်းပါလဲ.. "
ယန်ကျီဝမ်က အားရပါးရ သမ်းလိုက်ပြီး လက်ဝှေ့ယမ်းကာ...
" ကျွန်တော့်အတွက်ကတော့ အတူတူပါပဲ.. အိပ်ဖို့ နေရာပြောင်းလာရုံတင်ပဲကို.. "
" ငပျင်းကောင်... "
လီရှန်းလီက သူ၏ တူဖြင့် ထိုးပြကာ စိတ်ပျက်ဟန်ဖြင့် ...
" ငါ့ဦးလေးနဲ့ ဌာနမှူးလျောင်တို့ နှစ်ယောက်စလုံးက မင်းကို တာဝန်တွေ ပိုပေးချင်တယ်လို့ ပြောနေတာကို မင်းကမှ မလိုချင်တာ.. "
ယန်ကျီဝမ်က သက်ပြင်းချလိုက်ပြီး...
" ကျွန်တော် မလိုချင်တာ မဟုတ်ပါဘူး.. လူနှစ်ယောက်စာ အလုပ်ပမာဏကို ပြီးအောင် လုပ်ရတာက ကျွန်တော့်အတွက် နည်းနည်း ပင်ပန်းနေပြီလေ.. "
လီရှန်းလီနှင့် သဘောတူညီချက်က လွန်ခဲ့သော အချိန်အတန်ကြာ ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လီရှန်းလီ၏ အလုပ်တာဝန်များကို ယန်ကျီဝမ်ကပင် ဆက်လက် ကိုင်တွယ်ပေးနေဆဲ ဖြစ်သည် ။
" တော်စမ်းပါ.."
လီရှန်းလီက ထိုစကားကို မယုံကြည်ချေ ။ ယန်ကျီဝမ် ငါးဖမ်းထွက်သည်ကို သူအရင်က မြင်ဖူးခဲ့သည် ။
သူ၏ ငါးဖမ်းနိုင်စွမ်းက ငါးမျှားသည်ဟု မပြောဘဲ ငါးကောက်ထွက်သည်ဟုပင် ဆိုရပေမည် ။
သူက ခဏရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ညီလေး.. ငါ့ဦးလေး ပြောတာတော့ ဝယ်ယူရေးဌာနကို အပိုင်းခွဲဖို့ ပြင်ဆင်နေကြတယ်တဲ့.. တကယ်လို့ မင်းသာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ဌာနခွဲမှူးတောင် ဖြစ်လာနိုင်တယ်နော်.. "
ယန်ကျီဝမ်က နှုတ်ခမ်းမဲ့လိုက်ပြီး...
" ဘာတွေ ခွဲမှာလဲ.. အခုလို အခြေအနေမျိုးမှာ အဲ့ဒါက လိုအပ်လို့လား.. သူတို့ ခွဲမယ်ဆိုရင်တောင် အခုအချိန်တော့ မဟုတ်လောက်သေးဘူး.. "
အနည်းဆုံးတော့ အငတ်ဘေးနှစ်များ ကုန်လွန်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ အကောင်အထည် ဖော်နိုင်ပေမည် ။
လီရှန်းလီက စဥ်းစားကြည့်လိုက်သည် ။ သူပြောသည်က မှန်သည်ဟု ခံစားလိုက်ရ၏ ။ သူကလည်း သူ၏ ဦးလေး ပေါ့ပေါ့ပါးပါး ပြောပြသည်ကိုသာ ကြားခဲ့ရခြင်း ဖြစ်သည် ။
သို့သော်လည်း အကယ်၍သာ ဌာနခွဲများ ခွဲမည်ဆိုပါက သူကိုယ်တိုင် ဌာနခွဲမှူး ရာထူးတစ်ခုကို သေချာပေါက် ယူမည် ။
ထိုမှသာ ဌာနမှူးလျောင် ထွက်သွားပြီးနောက်တွင် သူက ဌာနမှူးနေရာကို ယူနိုင်ပေလိမ့်မည် ။
သို့မဟုတ်ပါက အလုပ်တာဝန်များ ပြီးမြောက်အောင် ကူညီပေးရန်အတွက် ယန်ကျီဝမ်ကို လစဥ် ငွေပေးရန် သူဘာကြောင့် လိုလားနေမည်ဟု ထင်သနည်း ။ ဌာနမှူး ရာထူးအတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည် ။
" ရှောင်လီ.. ယန်လေး ရှိလား.. "
ထိုအချိန်တွင် အတွင်းရေးမှူးကျိုး၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပြီး အခန်းထဲသို့ ဝင်လာသည် ။
ယန်ကျီဝမ်ကို မြင်လိုက်ရချိန်တွင် အတွင်းရေးမှူးကျိုး၏ မျက်လုံးများက တောက်ပသွား၏ ။
" ယန်လေး.. မင်း ရှိနေတာ တော်သေးတယ်.. ဒုစက်ရုံမှူးလီက မင်းကို ရှာနေတာ.. "
" ဒုစက်ရုံမှူးလီ ... သူဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ.. "
ယန်ကျီဝမ်က နားမလည်နိုင်သည့်ဟန်ဖြင့် ကြည့်လိုက်သည် ။
သူ စက်ရုံတွင် အလုပ်လုပ်နေသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ဒုစက်ရုံမှူးလီကို အကြိမ်အနည်းငယ်သာ မြင်ဖူးခဲ့သည် ။
လီရှန်းလီက ဝင်ရှင်းပြလိုက်သည် ။
" သူ ပြောနေတာ ငါ့ဦးလေး ဒုစက်ရုံမှူးလီ အကြောင်းကို ပြောတာ.. "
ယန်ကျီဝမ်က အံ့သြသွားဟန်ဖြင့်...
" ဌာနမှူးလီက ဘယ်တုန်းက ရာထူးတိုးသွားတာလဲ.. "
အတွင်းရေးမှူးကျိုးက ပြုံးလိုက်ပြီး..
" တကယ်တော့ ပြီးခဲ့တဲ့လကတည်းက ဆုံးဖြတ်ထားခဲ့တာ.. ဒါပေမဲ့ ရာထူးခန့်အပ်လွှာက ဒီရက်ပိုင်းမှပဲ ကျလာတာလေ.. "
" သြော်.."
' သူက ဒီအချိန်မှာ ဒုတိယစက်ရုံမှူးအဖြစ် ရာထူးတိုးသွားတာလား..'
ဤကိစ္စတွင် သူကိုယ်တိုင်က အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်ကို ယန်ကျီဝမ် လုံးဝ သတိမထားမိပေ ။
သူက မေးလိုက်သည် ။
" အစ်ကိုကျိုး.. စက်ရုံမှူးလီက ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ.. "
အတွင်းရေးမှူးကျိုးက ပြန်ဖြေလိုက်သည် ။
" ဒီနေ့ ညနေခင်း ညီနောင်စက်ရုံက ခေါင်းဆောင်တွေ လာကြမှာမလို့လေ.. စက်ရုံမှူးလီက မင်းကို ဧည့်ခံပွဲအတွက် ဟင်းချက်ပေးစေချင်နေတာ.. တာဝန်ခံဝမ်က ပါဝင်ပစ္စည်းတွေကို ပြင်ထားပြီးပြီ.. သူတို့က မင်းကိုပဲ စောင့်နေကြတာ.. "
" ပြဿနာမရှိပါဘူး.. ကျွန်တော် ခဏနေရင် သွားလိုက်ပါ့မယ်.. "
" ကောင်းပြီ.. ဒါဆိုရင်လည်း ငါ အရင်ပြန်နှင့်မယ်.. "
....
ခဏကြာအောင် အနားယူပြီးနောက် ယန်ကျီဝမ်က ကန်တင်းသို့ ထွက်လာခဲ့သည် ။
နောက်ဘက် မီးဖိုချောင်သို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှာကျူးနှင့် ဆုံလေ၏ ။
ရှာကျူးက ထိုင်ခုံတစ်ခုပေါ်တွင် ခြေချိတ်ထိုင်ကာ လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားသည် ။ ယန်ကျီဝမ် ဝင်လာသည်ကို မြင်လျှင် သူက မကျေမနပ်ဖြင့် ပြောလိုက်သည် ။
" ဟေ့.. ယန်လောင်အာ.. မီးဖိုချောင်က အရေးကြီးတဲ့ နေရာလေ အပြင်လူတွေ ဝင်ခွင့်မရှိဘူး ဆိုတာ မင်း မသိဘူးလား.. "
" အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ.. "
ယန်ကျီဝမ်က သူ့ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး သူ့ဘာသာ လျှောက်ဝင်သွားသည် ။
ယန်ကျီဝမ်၏ အမူအရာကို မြင်သောအခါ ရှာကျူးက အလွန် မကျေနပ်ဖြစ်သွားသော်လည်း သူ တတ်နိုင်သည်က ဘာမှမရှိ ။
ကန်တင်း၏ တာဝန်ခံဝမ်ကိုယ်တိုင်ကပင် ဘာမှမပြောသဖြင့် သူ့အနေဖြင့် ဘာများ ပြောပိုင်ခွင့် ရှိနေမည်နည်း ။
" ဆရာယန်.. "
" မင်္ဂလာပါ ဆရာယန်.. "
ယန်ကျီဝမ် မီးဖိုချောင်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မီးဖိုချောင်ထဲရှိ လူတိုင်းက သူ့ကို နှုတ်ဆက်ကြသည် ။
ဤကြိုဆိုမှုက တာဝန်ခံဝမ် ဝင်လာချိန်ထက်ပင် ပို၍ လူကြိုက်များလှ၏ ။
ထိုသို့ဖြစ်ရခြင်းက အဓိကအားဖြင့် ယန်ကျီဝမ်က စကားပြောရ လွယ်ကူပြီး အကျင့်စရိုက် ကောင်းမွန်သောကြောင့် ဖြစ်သည် ။
မာဟွာက ကမန်းကတန်း ပြေးလာပြီး....
" ဆရာ.. ဘာလာလုပ်တာလဲ.. ထမင်းစားပြီးပြီလား.. မစားရသေးရင် ကျွန်တော် အခု မီးမွှေးပြီး တစ်ခုခု ချက်ပေးရမလား.. "
" ဒုက္ခခံစရာ မလိုပါဘူး.. "
ယန်ကျီဝမ်က ရမှတ်စတိုးမှ အစားအစာအချို့ကို လဲလှယ်ကာ စားသောက်ပြီးပြီ ဖြစ်သည် ။
သူက လက်ဝှေ့ယမ်းပြလိုက်ပြီး ....
" ခဏနေရင် ဒုစက်ရုံမှူးလီအတွက် ဧည့်ခံပွဲ ဟင်းတွေ ပြင်ပေးရမယ်.. မာဟွာ.. မင်း ငါ့ကို ကူညီပေး.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
ထို့နောက် ယန်ကျီဝမ်နှင့် မာဟွာတို့က သီးသန့်မီးဖိုချောင်လေးဆီသို့ ထွက်လာခဲ့ကြသည် ။
ပါဝင်ပစ္စည်းများကို ထိုနေရာတွင် ပြင်ဆင်ထားပြီးသားဖြစ်ကာ ပုံမှန်အတိုင်း ကြက်တစ်ကောင်၊ အသားတစ်တုံးနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်တို့သာရှိ၏ ။
ယန်ကျီဝမ်က ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး ညွှန်ကြားလိုက်သည် ။
" မာဟွာ.. ဒီနေ့ ဧည့်ခံပွဲအတွက် ဟင်းတွေကို မင်း ချက်ရမယ်.. "
" ဗျာ.. "
ထိုစကားကို ကြားသောအခါ မာဟွာ အံ့အားသင့်သွားပြီး ကမန်းကတန်း လက်ဝှေ့ယမ်းပြကာ ....
" ဆရာ.. ကျွန်တော် မလုပ်တတ်ဘူး.. အရင်က ဧည့်ခံပွဲ ဟင်းတွေ တစ်ခါမှ မချက်ဖူးဘူး.. "
သူ အိုးကြီးဟင်းများ ချက်ပြုတ်လာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသည် ။
ဤမျှ အချိန်တိုတိုအတွင်း ဧည့်ခံပွဲ ဟင်းလျာများကို ချက်ပြုတ်ခိုင်းခြင်းက သူ့အတွက် မဖြစ်နိုင်ပေ ။
" ငါ မင်းဘေးမှာ ကြည့်နေပေးမှာကို ဘာကြောက်စရာ ရှိလို့လဲ.. "
ယန်ကျီဝမ်က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ဆူပူလိုက်သည် ။
" မင်းက တစ်သက်လုံး အိုးကြီးဟင်းတွေကိုပဲ ချက်ချင်နေတာလား.. "
မာဟွာက တီးတိုး ရေရွတ်လိုက်သည် ။
" အဲ့ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. "
" ဟမ်... "
" ... ကျွန်တော် ဘာမှ မပြောပါဘူး.. "
" ဒါဆို ဘာလို့ ရပ်နေသေးတာလဲ.. မြန်မြန် သွားပြင်တော့လေ.. "
" ... ဟုတ်ကဲ့ပါ.. "
Chapter 224
~
အခန်း ၂၂၄ : လျှိုလန် ..." မာဟွာ... နင်ဘာလို့ ဟင်းချက်နေတာလဲ... "
~
မာဟွာက ပါဝင်ပစ္စည်းများကို သေချာစွာ စစ်ဆေးပြီးနောက် ယန်ကျီဝမ်ဘက်သို့ လှည့်ကာ...
" ဆရာ.. ကျွန်တော်တို့ ဘာဟင်း ချက်ကြမလဲ.. "
ယန်ကျီဝမ်က ခဏ စဥ်းစားလိုက်ပြီး...
" ငါ တရုတ်ရိုးရာ အဓိကဟင်းလျာ ရှစ်မျိုးစလုံးကို ချက်တတ်ပေမဲ့ ပေကျင်းက ခေါင်းဆောင်အများစုက စီချွမ်နဲ့ ချုံချင့်ဘက်က လာကြတာဆိုတော့ စီချွမ်ဟင်းလျာက အကြိုက်အတွေ့ဆုံး ဖြစ်လိမ့်မယ်.. အဲ့ဒါကြောင့် မင်းကို စီချွမ်ဟင်းလျာ အရင်သင်ပေးမယ်.. "
" ဒါကို သေချာ တတ်သွားရင် နောင်တစ်ချိန်မှာ မင်း နာမည်ကောင်းရဖို့ သေချာသွားပြီ.. "
မာဟွာက အလေးအနက် ခေါင်းညိတ်လိုက်သည် ။
ရှာကျူးသည် စီချွမ်ဟင်းလျာကို ချက်ပြုတ်တတ်ပြီး ဟင်းချက်စွမ်းရည် ကောင်းမွန်သောကြောင့် စက်ရုံတွင် လူကြိုက်များလာနိုင်ခြင်း ဖြစ်သည် ။
သူ၏ ပါးစပ်ကြောင့်သာ မဟုတ်ခဲ့လျှင် ယခုအချိန်တွင် သူသည် စားဖိုမှူး တစ်ယောက်သာ ဖြစ်နေမည် မဟုတ်ပေ ။
ရှာကျူးက တန်မိသားစု ဟင်းလျာ ဟူသော အခြား ဟင်းလျာတစ်မျိုးကိုလည်း သိထားသေးသည် ။ သူ့အဖေက တန်ဟင်းလျာ စားဖိုမှူးပင် ။
( တန်မိသားစု ဟင်းလျာတွေက ဇိမ်ခံ အစားအစာတွေ.. အဓိက ရှစ်မျိုးက ဒေသအရသာတွေ.. ရှေးခေတ်က အဆင့်မြင့် အရာရှိကြီးတွေ အတွက် ချက်ရတဲ့ စားဖိုမှူးတွေပေါ့... )
သို့သော် တန်မိသားစု ဟင်းလျာက အလွန် ဈေးကြီးသည့် ပါဝင်ပစ္စည်းများ လိုအပ်သောကြောင့် ချက်ပြုတ်ရန် အခွင့်အရေး သိပ်မရတတ် ။
မချက်ဖြစ်သောကြောင့် ရှာကျူး၏ တန်မိသားစုဟင်းလျာ ကျွမ်းကျင်မှုက စီချွမ်ဟင်းလျာလောက် ကောင်းမွန်မည် မဟုတ်ချေ ။
" ခုက စီချွမ်ဟင်းလျာကို မင်း တကယ့်လက်တွေ့ ပထမဆုံး စတင် ထိတွေ့ရတာဆိုတော့ ရိုးရှင်းတာလေး နည်းနည်း ငါ သင်ပေးမယ်.. "
ယန်ကျီဝမ်က ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည် ။
" ကြက်ကုန်းပေါင်ရယ်.. မာပိုတိုဖူးရယ်.. ဝက်သားနှစ်ပြန်ချက်ရယ် ပြီးတော့ ဂေါ်ဖီထုပ်ဟင်းချို.. အဲ့ဒီ လေးမျိုး လုပ်ကြမယ်.. "
" မင်း အရင် ကြက်သား ပြင်ထားလိုက်.. ပြီးရင် ငါ ဘယ်လို ချက်ရမလဲဆိုတာ သင်ပေးမယ်.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
မာဟွာက ပြန်ဖြေလိုက်ပြီး ကြက်ကိုသတ်ရန် ရေနွေးသွားတည်သည် ။
အချိန်အတန်ကြာပြီးနောက် ကြက်သားကို ပြင်ဆင်ပြီးသွား၏ ။
မာဟွာက...
" ဆရာ.. နောက်ထပ် ဘာလုပ်ရမလဲ.. "
ယန်ကျီဝမ်က ညွှန်ကြားလိုက်သည် ။
" ကြက်ကုန်းပေါင်က ကြက်ရင်ပုံသားကို သုံးတာ.. ဒါကြောင့် ကြက်ရင်ပုံသားကို အရင်လှီးထုတ်လိုက်.. "
မာဟွာက ပြောသည့်အတိုင်း လုပ်လိုက်သည် ။
ရေရှည် လေ့ကျင့်မှုများကြောင့် သူ၏ ဓားစွမ်းရည်က အလွန် တိုးတက်နေခဲ့ပြီး ကြက်ရင်ပုံသားကို အချက်အနည်းငယ်ဖြင့် လျင်မြန်စွာ လှီးထုတ်လိုက်နိုင်သည် ။
ယန်ကျီဝမ်က ဆက်ပြောသည် ။
" ကြက်ရင်ပုံသားကို အတုံးလေးတွေ တုံးလိုက်.. ပြီးရင် ဟင်းချက်ဝိုင်..ဆား..ငရုတ်ကောင်းနဲ့ ကော်မှုန့် ထည့် နယ်ပြီး ခဏလောက် နှပ်ထားလိုက်မယ်.. "
ဤအဆင့်ကိုတော့ ယန်ကျီဝမ် ကိုယ်တိုင် လုပ်ပြလိုက်သည် ။
သူ လုပ်နေစဥ်အတွင်းမှာပင် လက်ဖြင့် ဟန်အမူအရာပြကာ ရှင်းပြလိုက်သည် ။
" ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အချိုးအစားကို မှတ်ထား.. အချိုးအစား မညီဘူးဆိုရင် အရသာကို ထိခိုက်စေလိမ့်မယ်.. "
မာဟွာက ခေါင်းညိတ်လိုက်ပြီး နေရာတစ်နေရာမှ မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ဆွဲထုတ်ကာ မှတ်စုများ စတင် ရေးမှတ်လေသည် ။
ယန်ကျီဝမ်က မာဟွာ၏ လုပ်ရပ်ကို တိတ်တဆိတ် သဘောကျကာ ခေါင်းညိတ်လိုက်သည် ။
မာဟွာ၏ မှတ်ဉာဏ်က သိပ်မကောင်းပေ ။ အကယ်၍ သူ မှတ်မိရန် ဦးနှောက်ကိုသာ အားကိုးနေမည်ဆိုပါက မြန်မြန် မေ့သွားလောက်သည် ။
ထို့ကြောင့် သူက ရိုးရှင်းသော နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဤသည်က အလွန်ကောင်းမွန်၏ ။
ထို့အပြင် မာဟွာက အလုပ်လုပ်ရာတွင် လုံ့လဝီရိယ ရှိသူဖြစ်၍ သူသာ ကြိုးကြိုးစားစား လုပ်ဆောင်နေသရွေ့ အနာဂတ်တွင် သေချာပေါက် အောင်မြင်လာပေလိမ့်မည် ။
အလုပ်ပြီးသွားသောအခါ ယန်ကျီဝမ်က ကြက်သားကို ဘေးဖယ်ထားလိုက်ပြီး မာဟွာကို ပြောလိုက်သည် ။
" အသားနှပ်ထားတုန်း မင်း ဘေးက အရံဟင်းခတ်တွေကို ပြင်ဆင်ထားလို့ရတယ်.. ငရုတ်သီးခြောက်တွေကို အပိုင်းလေးတွေ ဖြတ်ထားလိုက်.. "
ထိုနေရာအရောက်တွင် ယန်ကျီဝမ်က စကားပြော ရပ်လိုက်သည် ။
မာဟွာက ရှုပ်ထွေးဟန်ဖြင့် မော့ကြည့်၏ ။
ယန်ကျီဝမ်က မျက်မှောင်ကြုတ်ကာ ဆူလိုက်သည် ။
" မင်း ဘာရပ်လုပ်နေတာလဲ.. ငရုတ်သီးခြောက်တွေ လှီးလို့ ငါ ပြောနေတယ်လေ.. "
" ဟုတ်ကဲ့.. ဟုတ်ကဲ့.. "
မာဟွာ သတိပြန်ဝင်လာပြီး သူ၏ မှတ်စုစာအုပ်ကို ကမန်းကတန်း သိမ်းကာ အလုပ်စလုပ်သည် ။
ငရုတ်သီးခြောက်များ လှီးပြီးသွားသောအခါ ယန်ကျီဝမ်က ဆက်ပြောသည် ။
" ကြက်သွန်မြိတ်..ဂျင်းနဲ့ ကြက်သွန်ဖြူတွေကို နုတ်နုတ်စဥ်းလိုက်.. "
ခဏအကြာတွင် မာဟွာက အားလုံးကို အဆင်သင့် ပြင်ဆင်ပြီးသွားသည် ။
ထို့နောက် ယန်ကျီဝမ်က...
" မြေပဲကို မွှေးလာတဲ့အထိ လှော်ပြီး ဘေးဖယ်ထားလိုက်.. "
" ဟုတ်ကဲ့.. "
ပြင်ဆင်မှုလုပ်ငန်းများ အားလုံး ပြီးစီးသွားပြီးနောက်...
ယန်ကျီဝမ်က အားလုံးကို စစ်ဆေးကြည့်လိုက်ရာ ပြဿနာ တစ်စုံတစ်ရာ မတွေ့ရသဖြင့် ခေါင်းညိတ်ကာ ...
" ကောင်းပြီ.. ငါတို့ ဟင်းစချက်လို့ရပြီ.. ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်.. "
မာဟွာက စတင် လုပ်ဆောင်နေပြီး သူ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည် ။
သူ အလွန် စိတ်လှုပ်ရှားနေသည်မှာ သိသာလှ၏ ။
ဆီပူလာပြီးနောက် ယန်ကျီဝမ်က ပြောလိုက်သည် ။
" တော်ပြီ.. နှပ်ထားတဲ့ ကြက်သားတုံးတွေ ထည့်ပြီး အရောင်ပြောင်းသွားတဲ့အထိ မွှေကြော်လိုက်.. "
မာဟွာက ခေါင်းညိတ်လိုက်ပြီး မွှေကြော်နေစဥ်အတွင်း ယန်ကျီဝမ်ကို မကြာခဏ လှမ်းကြည့်နေလေသည် ။
ကြက်သားတုံးများ အနေတော် ဖြစ်သွားသည်ကို မြင်သောအခါ ယန်ကျီဝမ်က နောက်ဆုံးတွင် စကားစပြောလိုက်သည် ။
" အဲ့ဒါတွေကို ဆယ်ပြီး ဘေးဖယ်ထားလိုက်.. "
" ဆရာ.. နောက် ဘာလုပ်ရမလဲ.. "
" ဆီ နည်းနည်းထပ်ထည့်ပြီး အပူပေး.. ဆီပူလာရင် ငရုတ်သီးခြောက်တွေ ထည့်.. ကြက်သွန်မြိတ်..ဂျင်းနဲ့ ကြက်သွန်ဖြူတွေလည်း ထည့်ပြီး မွှေးလာတဲ့အထိ ဆီသပ်လိုက်.. "
ထိုအချိန်မှစ၍ ယန်ကျီဝမ်က စကားပြောပြီး မာဟွာက အကောင်အထည်ဖော်လေသည် ။
" အဲ့ဒါလောက်ဆို ရပြီ.. ငါ ဆော့စ်စပ်လိုက်မယ်.. သေချာ ကြည့်ထား.. "
ယန်ကျီဝမ်က ပန်းကန်လုံး တစ်လုံးကိုယူကာ ပဲငံပြာရည်၊ သကြားဖြူ၊ ရှာလကာရည်၊ ကြက်သားမှုန့် အစရှိသည်တို့ကို အချိုးကျ ထည့်ကာ ရောသမအောင် မွှေလိုက်သည် ။
ထို့နောက် မာဟွာကို ပြောလိုက်သည် ။
" ကြော်ထားတဲ့ ကြက်သားတုံးတွေကို အိုးထဲထည့်.. ပြီးရင် စပ်ထားတဲ့ ဆော့စ်ကို ထည့်ပြီး သမအောင် မွှေကြော်လိုက်.. နောက်ဆုံးမှ လှော်ထားတဲ့ မြေပဲတွေကို ထည့်လိုက်.. "
မာဟွာက သေချာ နားထောင်ပြီး ညွှန်ကြားချက်များကို လိုက်နာကာ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိချေ ။
ခဏအကြာတွင် ...
ဟင်းကျက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ယန်ကျီဝမ်က နောက်ဆုံးတွင်...
" ရပြီ.. ပန်းကန်ထဲ ထည့်လိုက်တော့.. "
" ဟုတ်ကဲ့.. "
ပန်းကန်ထဲ ထည့်ပြီးနောက် မာဟွာက ယန်ကျီဝမ်ကို ကြည့်ကာ သူ၏ နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည် ။
ယန်ကျီဝမ်က တူကိုယူ၍ တစ်ကိုက် မြည်းစမ်းကြည့်ပြီး မှတ်ချက်ချလိုက်သည် ။
" မီးအပူချိန်က နည်းနည်းလေး လွဲသွားတယ်.. ဒါပေမဲ့ မင်းရဲ့ ပထမဆုံးအကြိမ် ဖြစ်နေတာတောင် အတော်လေး ကောင်းနေပါပြီ.. အခုချိန်ကစပြီး မင်းရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ မူတည်တော့တယ်.. "
" နားလည်ပါပြီ ဆရာ.. "
မာဟွာ နောက်ဆုံးတော့ သက်ပြင်း ချနိုင်သွားသည် ။
ယန်ကျီဝမ်က လက်ဟန်ပြကာ...
" မင်းလည်း တစ်တုံးလောက် မြည်းကြည့်လိုက်.. စားဖိုမှူး တစ်ယောက်အနေနဲ့ ကိုယ်တိုင်ချက်တဲ့ ဟင်းလျာတွေရဲ့ အရသာကို သိထားရမယ်.. ဒါမှ နောက်တစ်ခါ ပိုကောင်းအောင် လုပ်ဖို့ လွယ်မှာ.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
မာဟွာကလည်း တစ်တုံး မြည်းစမ်းကြည့်လိုက်ပြီး ကြက်သားတုံး ပါးစပ်ထဲသို့ ရောက်သွားချိန်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွား၏ ။
သူကိုယ်တိုင် ချက်ထားသည်ဟုပင် မယုံနိုင် ။
ဤသည်က သူ၏ ကျွမ်းကျင်မှုကြောင့်မဟုတ်မှန်းကိုလည်း သူ သိသည် ။
အကယ်၍ ယန်ကျီဝမ်သာ ဘေးမှ မလမ်းညွှန်ပေးခဲ့ပါက ဤကဲ့သို့သော အရသာမျိုး ရအောင် သူ ချက်နိုင်မည် မဟုတ်ချေ ။
သူက ယန်ကျီဝမ်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး...
" ဆရာ.. ကျေးဇူးတင်ပါတယ်.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းပြလိုက်သည် ။
ထို့နောက် ကြက်ကုန်းပေါင်နည်းတူ ယန်ကျီဝမ်က ဘေးမှ လမ်းညွှန်ပေးပြီး မာဟွာက ဟင်းချက်လေသည် ။
ဟင်းလျာများက တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ထွက်ပေါ်လာခဲ့သည် ။
ထိုအချိန်တွင် လျှိုလန် ဝင်လာ၏ ။
" ဆရာယန်.. ဧည့်သည်တွေ အားလုံး ရောက်နေပြီမလို့ ဟင်းပွဲတွေ စတည်လို့ရပြီလို့ ဒုစက်ရုံမှူးလီက ပြောလိုက်ပါတယ်.. "
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မာဟွာ ဟင်းချက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး...
" မာဟွာ.. နင် ဘာလို့ ဟင်းချက်နေတာလဲ.. "
သူမ အံ့သြသွားပြီးနောက် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ယန်ကျီဝမ်ကို ကြည့်ကာ...
" ဆရာယန်.. ဒါက.. "
မာဟွာ ချက်သော ဟင်းလျာများကြောင့် ခေါင်းဆောင်များ မကျေမနပ်ဖြစ်မည်ကို သူမ စိုးရိမ်နေသည် ။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက ယန်ကျီဝမ်နှင့် မာဟွာသာမက တာဝန်ခံဝမ်ပါ အကျိုးဆက်များကို ခံစားရမည် ဖြစ်သည် ။
ယန်ကျီဝမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည် ။
" စိတ်မပူပါနဲ့.. ပြဿနာ မရှိပါဘူး.. ငါ အကုန် ကြည့်နေပါတယ်.. "
ထိုအခါမှသာ လျှိုလန်က ဘာမှ ထပ်မပြောတော့ပေ ။
တစ်ချိန်တည်းမှာပင် သူမ အလွန် မနာလို ဖြစ်မိသွားသည် ။
မာဟွာက မည်သို့ကြောင့် ဤကဲ့သို့ ဆရာမျိုး ရှာတွေ့ခဲ့ပါသနည်း ။
မည်သို့ကြောင့် သူမ၌ ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိရပါသနည်း ။
သူမ၏ မိသားစုအတွက် သူမ မကြာသေးမီက လီဟွိုက်တဲနှင့် ပတ်သက်မိသွားသည် ။
သို့သော် သူမတွင် ရွေးချယ်စရာ မရှိ ။ အကယ်၍ သူမကသာ မာဟွာကဲ့သို့ ယန်ကျီဝမ်၏ တပည့် ဖြစ်လာနိုင်ခဲ့ပါက ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုရန် လိုအပ်မည် မဟုတ်ပေ ။
' သြော်.. ဒါက ကံတရားပဲလေ.. '
လျှိုလန်က ခေါင်းခါယမ်းလိုက်ပြီး ထိုအနှောင့်အယှက်ဖြစ်စေသော အတွေးများကို ဖယ်ရှားကာ ဟင်းပွဲများကို စတင် တည်ခင်းလေသည် ။
မာဟွာကလည်း ကူညီပေးသည် ။
ယန်ကျီဝမ်က ခဏ စဥ်းစားလိုက်ပြီး သူတို့နောက်မှ လိုက်သွား၏ ။
ဧည့်ခန်းထဲတွင် ခေါင်းဆောင်များက ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြသည် ။
" လောင်လီ.. ဒီနေ့ အစားအသောက်တွေကို ကျုပ် သဘောမကျဘူးဆိုရင် ပြန်မှာမဟုတ်ဘူးနော်.. .. "
" လောင်ကျန်း ပြောတာ မှန်တယ် လောင်လီ.. ဒီနေ့ ကျုပ်တို့ကို ဧည့်ခံဖို့ ရဲဘော်ယန်လေးကို ကောင်းကောင်းချက်ခိုင်းရမယ်.. တကယ်လို့ ကျုပ်တို့ သဘောမကျဘူးဆိုရင် နောက်တစ်ခါ လာမှာမဟုတ်တော့ဘူး.. "
" စိတ်အေးအေးထားပါ.. ယန်လေးရဲ့ ဟင်းချက်စွမ်းရည်ကို ခင်ဗျားတို့ မသိတာကျလို့.. တစ်လုတ်လောက် စားလိုက်တာနဲ့ ခင်ဗျားတို့ စကားတောင် ပြောနိုင်မှာ မဟုတ်ဘူးလို့ .. "
လီဟွိုက်တဲ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တံခါးပွင့်လာပြီး လျှိုလန်နှင့် မာဟွာတို့က ဟင်းလျာများ သယ်ဆောင်ကာ ဝင်လာခဲ့ကြသည် ။
လီဟွိုက်တဲက ရယ်လိုက်ပြီး...
" ကဲ.. ကျုပ် စကားပြောလို့တောင် မဆုံးသေးဘူး ဟင်းပွဲတွေ ရောက်လာပြီပဲ.. "
" အို.. ရဲဘော်ယန်လေးလည်း လာတာလား.. "
ခေါင်းဆောင်တစ်ယောက်က ယန်ကျီဝမ် ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး သူ့ကို ဖိတ်ခေါ်လိုက်သည် ။
" ရဲဘော်ယန်လေး.. မင်း လာတာ အချိန်ကိုက်ပဲ.. လာ.. ငါတို့နဲ့ လာသောက်.. "
" ဟုတ်တယ်.. ဟုတ်တယ်.. ရဲဘော်ယန်လေး.. လာ.. ငါတို့နဲ့အတူ သောက်ရအောင်.. "
အခြားသော ခေါင်းဆောင်များကလည်း သူ့ကို ဖိတ်ခေါ်ကြသည် ။
" ခေါင်းဆောင်တွေက ဖိတ်ခေါ်နေမှတော့ ကျွန်တော် ငြင်းရင် ရိုင်းရာကျသွားမှာပေါ့.. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် လျှောက်သွားကာ ထိုင်လိုက်သည် ။
ခေါင်းဆောင်တစ်ယောက်က ရယ်လိုက်ပြီး...
"ဟားဟား... လာ.. လာ.. ဒီနေ့ ငါတို့ရဲ့ ရဲဘော်ယန်လေး ဘာဟင်းတွေ ချက်ထားလဲ ကြည့်ကြရအောင်.. ငါ သေချာပေါက် မြည်းစမ်းကြည့်ရမယ်.. "
" သေချာတာပေါ့.. ငါတော့ မစောင့်နိုင်တော့ဘူး.. "