← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

Chapter 225

~

အခန်း ၂၂၅ : ဒီ ကောင်မ သောက်ကျင့်မကောင်းဘူး ...

~

​ ဟင်းပွဲများကို အလျင်အမြန်ပင် ချပေးလိုက်သည် ။

​ စုစုပေါင်း ဟင်းခြောက်မျိုး ပါဝင်သည် ။ ကြက်ကုန်းပေါင်၊ ဝက်သားနှစ်ပြန်ချက်၊ မာပိုတိုဖူးနှင့် ဂေါ်ဖီထုပ်ဟင်းချိုတို့ ဖြစ်ကြသည် ။ ဤဟင်းလေးမျိုးစလုံးကို မာဟွာ ချက်ထားသည် ။

​ ကျန်နှစ်မျိုးမှာ ယန်ကျီဝမ်က ကြက်သားအကြွင်းအကျန်များကို အသုံးပြု၍ ကြက်သားဟင်းချိုနှင့် အာလူးချဥ်စပ်အမျှင်ကြော် ချက်ထား၏ ။

​ လီဟွိုက်တဲက ...

​ " လာကြ.. လာကြ.. အားလုံး စားကြ.. အားနာမနေကြပါနဲ့.. "

​ "ဟားဟား.. သေချာတာပေါ့.. "

​ ခေါင်းဆောင်များက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ တူများကို စတင် ကိုင်လိုက်ကြသည် ။

​ ခေါင်းဆောင်တစ်ယောက်က ကြက်သားတစ်တုံးကို ဦးစွာ ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် အံ့သြသွားသည် ။

​ လီဟွိုက်တဲက သံသယဖြစ်ဟန်ဖြင့်...

​ " လောင်ကျန်း.. ဘာဖြစ်လို့လဲ.. ခင်ဗျား အကြိုက် မတွေ့လို့လား.. "

​ ထိုသို့ မဖြစ်သင့်ပေ ။

​ ယန်ကျီဝမ်၏ ဟင်းချက်စွမ်းရည်ကို သူ သိထားသည် ။ ဧည့်ခံပွဲအတွက် သူ ဟင်းချက်ပေးတိုင်း သူနှင့် ခေါင်းဆောင်များက အလွန် ကျေနပ်အားရမှု ရှိခဲ့ကြသည် ။

​ လျှိုလန်က မာဟွာကို လှမ်းကြည့်လိုက်သည် ။

​ မာဟွာက သူ၏ အင်္ကျီစကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားမိ၏ ။ သူ အပြစ်တင်ခံရမည်ကို မကြောက်သော်လည်း ယန်ကျီဝမ်ကိုပါ ထိခိုက်နစ်နာစေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည် ။

​ ခေါင်းဆောင်ကျန်းက ခေါင်းခါလိုက်ပြီး..

​ " အရသာက မဆိုးပါဘူး.. ဒါပေမဲ့ နည်းနည်းလေး မကျက်သေးသလို ဖြစ်နေတယ်.. ရဲဘော်ယန်လေးရဲ့ ဟင်းချက်စွမ်းရည်နဲ့ဆိုရင် ဒီလိုပြဿနာမျိုး မဖြစ်သင့်ဘူး.. "

​ " ဒီ ဝက်သားနှစ်ပြန်ချက်ကလည်း အတူတူပဲ.. အရသာက အရမ်းကောင်းပေမဲ့ နည်းနည်းလေး ကျက်လွန်းသွားတော့ နည်းနည်း မာနေတယ်.. "

​ " ဒီ မာပိုတိုဖူးကလည်း.. "

​ အခြား ခေါင်းဆောင်များကလည်း သဘောတူညီစွာဖြင့် ထောက်ခံလိုက်ကြသည် ။

​ မာဟွာသည် စိုးရိမ်ပူပန်မှုကြောင့် ချွေးစေးများပင် ပျံလာ၏ ။

​ ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျီဝမ်သည်တော့ တည်တည်ငြိမ်ငြိမ် အရက်သောက်နေဆဲပင် ။

​ " ဟားဟား.. ဒီနေ့ ကျွန်တော်တို့ နည်းနည်း လောသွားလို့ ဖြစ်မယ်.. "

​ လီဟွိုက်တဲက ယန်ကျီဝမ်ကို ကူညီဖြေရှင်းပေးရန် စကားပြောလိုက်ပြီးနောက် ယန်ကျီဝမ်ကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည် ။

​ ယန်ကျီဝမ်က သူ၏ အရက်ခွက်ကို ချလိုက်ပြီး တောင်းပန်လိုက်သည် ။

​ " တောင်းပန်ပါတယ် ခေါင်းဆောင်တို့.. တကယ်တော့ ဒီနေ့ ဟင်းပွဲတွေကို ကျွန်တော် ချက်တာ မဟုတ်ပါဘူး.. ကျွန်တော့်ရဲ့ တပည့် မာဟွာက ချက်ထားတာပါ.. ခေါင်းဆောင်တို့အနေနဲ့ အပြစ်မယူပါနဲ့လို့ တောင်းပန်ချင်ပါတယ်.. "

​ ခေါင်းဆောင်များ ချက်ချင်းပင် နားလည်သွားကြပြီး..

​ " အော်.. ဒါကြောင့်ကိုး.. ငါလည်း တွေးနေတာ.. ရဲဘော်ယန်လေးရဲ့ ဟင်းချက်စွမ်းရည်နဲ့ ဒီလို အခြေခံကျတဲ့ အမှားမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့.. "

​ " အဆင်ပြေပါတယ် .. နည်းနည်းလေး မကျက်သေးဘူး ဆိုပေမဲ့လည်း အရသာက အရမ်းကောင်းပါတယ်.. "

​ " ဟုတ်ပါ့.. မင်းလည်း စိတ်ထဲ ထားမနေပါနဲ့.. "

​ ခေါင်းဆောင်များက စိတ်ထဲမထားသည်ကို မြင်မှ လီဟွိုက်တဲ သက်ပြင်း ချနိုင်သွားသည် ။

​ သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး တွေးလိုက်သည် ။

​ ' ဒီ ယန်လေးက ပြဿနာရှာတဲ့နေရာမှာ သိပ်တော်လွန်းတယ်.. ကံကောင်းလို့ ဘာမှ အလွဲအချော် မဖြစ်သွားတာ.. '

​ " ခေါင်းဆောင်တို့က သဘောထားကြီးကြပါတယ်.. ကျွန်တော် တစ်ခွက်လောက် ဂါရဝပြုပါရစေ.. "

​ ယန်ကျီဝမ်က ခွက်ကိုမြှောက်၍ မော့သောက်လိုက်ပြီးနောက် ပြောလိုက်သည် ။

​ " ဒီ ကြက်သားဟင်းချိုနဲ့ အာလူးချဥ်စပ်အမျှင်ကြော်ကိုတော့ ကျွန်တော် ချက်ထားတာပါ.. ခေါင်းဆောင်တို့ မြည်းစမ်းကြည့်ကြပါဦး.. "

​ ဤသည်ကို ကြားသောအခါ ခေါင်းဆောင်များ အားလုံး စတင် စားသောက်ကြသည် ။

​ ထို့နောက် သူတို့အားလုံးက ကျေနပ်အားရသော အမူအရာများကို ပြသလိုက်ကြ၏ ။

​ ...

​ ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ယန်ကျီဝမ်နှင့် မာဟွာတို့က မီးဖိုချောင်လေးကို ရှင်းလင်းကြသည် ။

​ လျှိုလန်က စားကြွင်းစားကျန်များကို ရှင်းလင်းသိမ်းဆည်းနေသည် ။

​ ခဏအကြာတွင် လျှိုလန်က ပိုနေသော ဟင်းလျာအချို့နှင့်အတူ ပြန်ရောက်လာခဲ့သည် ။

​ " ဆရာယန်.. ဒီနေ့ ဟင်းတွေ နည်းနည်း ပိုနေတယ်.. အိမ်ကို ယူသွားအုံးမလား.. "

​ လျှိုလန်က ဝမ်းသာအားရ ပြောလိုက်သည် ။

​ အရင်တုန်းက ယန်ကျီဝမ် ဟင်းချက်သည့်အခါမျိုးတွင် မည်သည့်ဟင်းမှ ပိုလေ့မရှိချေ ။

​ ဤတစ်ကြိမ်တွင် မာဟွာ ချက်ပြုတ်ထားခြင်း ဖြစ်သောကြောင့် အချို့အဝက် ကျန်နေခဲ့၏ ။

​ မာဟွာက အနည်းငယ် စိတ်ပျက်နေသည် ။

​ သူက ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ ယန်ကျီဝမ်၏ မျှော်လင့်ချက်များကို ပျက်ယွင်းစေခဲ့သည်ဟု ခံစားနေရ၏ ။

​ သူ၏ ပုံစံကိုမြင်သောအခါ ယန်ကျီဝမ်က သူ၏ အတွေးများကို ရိပ်မိသွားသည် ။

​ သူက မာဟွာ၏ ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည် ။

​ " စိတ်မပူပါနဲ့.. ဒါက မင်း ပထမဆုံးအကြိမ် ချက်တာလေ.. အခုလောက်ဆိုရင်ပဲ မင်းကို တော်တယ်လို့ ချီးကျူးရမှာ .. "

​ သူ့ကို နှစ်သိမ့်ပေးပြီးနောက် ယန်ကျီဝမ်က လျှိုလန်ကို ပြောလိုက်သည် ။

​ " ငါ မယူတော့ပါဘူး.. နင်နဲ့ မာဟွာပဲ ခွဲယူလိုက်ကြ... "

​ လျှိုလန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး..

​ " ကျေးဇူးတင်ပါတယ် ဆရာယန်.. "

​ ယန်ကျီဝမ်က လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် မာဟွာကို ညွှန်ကြားလိုက်သည် ။

​ " အခုချိန်ကစပြီး ဧည့်ခံပွဲတွေအတွက် မင်းကို ဟင်းတစ်ပွဲ နှစ်ပွဲလောက် ချက်ခိုင်းမယ်.. အခွင့်အရေးရရင် သေချာ လေ့ကျင့်ထား.. "

​ " ကောင်းပြီ.. အချိန်လည်း လင့်နေပြီဆိုတော့ ငါ အရင် ပြန်တော့မယ်.. "

​ " ဆရာ.. ဖြည်းဖြည်းသွားပါ.. "

​ " ဆရာယန်.. ဖြည်းဖြည်းသွားပါ.. "

​ ...

​ ခြံဝင်းအတွင်း၌ ...

​ ထိုအချိန်တွင် ယွီလီက နောက်ဘက်အခန်းထဲ၌ ကလေးအဝတ်အစားများကို ချုပ်နေသည် ။

​ သူမ အလုပ်သွားစရာ မလိုသောကြောင့် အိမ်တွင် ပျင်းရိနေသဖြင့် လုပ်စရာတစ်ခုခုကို ရှာဖွေလုပ်ဆောင်နေခြင်းသာ ဖြစ်၏ ။

​ ထိုစဥ် တံခါးခေါက်သံ ထွက်ပေါ်လာသည် ။

​ " ယွီလီ.. အိမ်မှာ ရှိလား.. "

​ အသံနှင့်အတူ ချင်ဟွိုင်ရု ဝင်လာ၏ ။

​ ယွီလီက သူမလက်ထဲမှ ချုပ်လက်စများကို ချလိုက်ပြီး အံ့သြဟန်ဖြင့် ...

​ " အစ်မချင်.. ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ.. တစ်ခုခု ဖြစ်လို့လား.. "

​ ချင်ဟွိုင်ရုက ပြုံးလိုက်ပြီး ယွီလီ၏ ဘေးတွင် ဝင်ထိုင်ကာ သူမ၏ လက်ကို ထုတ်ပြလိုက်သည် ။ သူမ၏ လက်ထဲတွင် ကြက်ဥနှစ်လုံး ပါလာသည် ။ သူမက ပြုံး၍ ...

​ " ညီမလေး မီးဖွားခါနီးနေပြီဆိုတာ အစ်မ မြင်လို့လေ.. အခု ညီမလေးက နှစ်ယောက်စာ စားနေရတာဆိုတော့ အာဟာရ လိုအပ်တယ်မလား.. အစ်မတို့က အိမ်နီးချင်းတွေလည်း ဖြစ်နေတာဆိုတော့ ညီမလေးအတွက် ကြက်ဥနှစ်လုံး ယူလာပေးတာပါ.. "

​ ဤသည်ကို ကြားသောအခါ ယွီလီက သူမ၏ စင်ယော်တောင် မျက်ခုံးများကို ပင့်လိုက်သည် ။

​ အကယ်၍ အခြားတစ်ယောက်ယောက်က ကြက်ဥ ယူလာပေးမည် ဆိုပါက သူမ အံ့သြမိမည် မဟုတ်ချေ ။

​ သို့သော် ကျားမိသားစု အတွက်သည်တော့......

​ ကျားမိသားစုက အခြားသူများ၏ အကူအညီကို မှီခိုနေရပြီး ကျားကျန်းရှီ၏ စရိုက်နှင့်ဆိုပါက အခြားသူများကို မည်သို့ ကူညီနိုင်မည်နည်း ။

​ ထို့ကြောင့် ချင်ဟွိုင်ရု၏ ယခု လုပ်ရပ်က တစ်ခုခုကို လိုချင်နေ၍သာ ဖြစ်ရမည် ။

​ ဤသည်ကို တွေးမိသောအခါ ယွီလီက အသာပြုံးလိုက်ပြီး..

​ " မလိုပါဘူး အစ်မချင်.. ကျွန်မတို့ မိသားစုမှာ ဒါတွေ မရှားပါဘူး.. ပန့်ကန့်နဲ့ ရှောင်တန်တို့ကိုပဲ ပြန်ကျွေးလိုက်ပါ.. "

​ ယွီလီတို့ မိသားစုတွင် ဤအရာများ မရှားပါးကြောင်းကို ချင်ဟွိုင်ရု သိသည် ။

​ ရန်ရွေ့ဟွားက ရက်ခြားဆိုသလို ကြက်သားဟင်းချို ချက်လေ့ရှိပြီး သူမ ထိုအနံ့ကို ရှူ၍ ပြောင်းဖူးပေါင်း စားခဲ့ရ၏ ။

​ ထို့အပြင် ယန်ကျီဝမ်က အဝယ်တော် တစ်ယောက်ဖြစ်ပြီး ငါးဖမ်းရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်သောကြောင့် သူတို့တွင် အာဟာရ ချို့တဲ့စရာ အကြောင်း မရှိချေ ။

​ သို့သော် ဤကြက်ဥများကိုတော့ မဖြစ်မနေ ပေးရမည် ။

​ သူမက ကြက်ဥများကို ကမ်းပေးရင်း ...

​ " ညီမလေးတို့ဆီမှာ မရှားဘူးဆိုတာ အစ်မ သိပါတယ်.. ဒါပေမဲ့ ဒါက အစ်မရဲ့ စေတနာလေးမို့လို့ လက်ခံပေးပါနော်.. "

​ ယွီလီ သက်ပြင်း ချလိုက်သည် ။

​ သူမက လေမကုန် ချင်တော့သဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည် ။

​ " ချင်ဟွိုင်ရု.. ရှင် တကယ် ဘာလိုချင်နေတာလဲ.. ကျွန်မတို့က အသိဉာဏ်ရှိတဲ့ လူတွေပါ.. စကားကို လှည့်ပတ်မနေနဲ့.. ဘာလဲဆိုတာကိုသာ ပြောပါ.. "

​ ဤသည်ကို ကြားသောအခါ ချင်ဟွိုင်ရုက အနည်းငယ် ရှက်ရွံ့သွားပြီး ရယ်လိုက်ကာ..

​ " ဟီးဟီး ...ကြည့်စမ်းပါဦး.. အစ်မက တကယ်ကို စေတနာနဲ့ လာပေးတာပါ.. "

​ " ရှင် မပြောချင်ရင်လည်း ထားလိုက်ပါတော့.... ကျွန်မ အမေ ညစာပြင်တာကို သွားကူပေးရဦးမှာမို့လို့ အရင် သွားတော့မယ်.. "

​ ထိုသို့ပြောပြီးနောက် ယွီလီက မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည် ။

​ ဤသည်ကို မြင်သောအခါ ချင်ဟွိုင်ရု စိုးရိမ်တကြီး ဖြစ်သွားပြီး....

​ " ယွီလီ.. ခဏလေး စောင့်ပါဦး.. အစ်မ ပြောစရာ ရှိလို့.... "

​ ယွီလီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည် ။

​ " ကိစ္စရှိရင်လည်း ပြောလေ..... "

​ ချင်ဟွိုင်ရု သူမဆီသို့ လာရောက်လည်ပတ်ခြင်းက သေချာပေါက် အကူအညီ တောင်းစရာ တစ်ခုခု ရှိနေ၍သာ ဖြစ်မည် ။

​ သူမက စဥ်းစားကြည့်လိုက်ရုံဖြင့် ဤအချက်ကို သိနိုင်သည် ။

​ ချင်ဟွိုင်ရုက အနေခက်စွာ ပြုံးလိုက်သော်လည်း သူမ၏ မိသားစုအတွက် အံကြိတ်ကာ ပြောလိုက်သည် ။

​ " ယွီလီ.. ညီမလေးက မီးဖွားခွင့်ယူပြီး အိမ်မှာ နားနေရတော့ အလုပ်ကနေ ခွင့်ယူထားတာ မဟုတ်လား.. "

​ ယွီလီက ခေါင်းညိတ်လိုက်ပြီး..

​ " ဟုတ်တယ်လေ.. အဲ့ဒါ ဘာဖြစ်လို့လဲ.. "

​ ချင်ဟွိုင်ရုက ဆက်ပြောသည် ။

​ " အစ်မက ဒါကို အရမ်း နှမြောစရာ ကောင်းတယ်လို့ ခံစားရလို့လေ.. အလုပ်က တစ်လကို အနည်းဆုံး ယွမ်နှစ်ဆယ်ကျော်တောင် ရတာ.. အစ်မ တွေးကြည့်တာက အစ်မလည်း အားနေတာပဲဆိုတော့ ညီမလေးက ညွှန်မှူးဝမ်ဆီ သွားပြောပြီး ညီမလေးအစား အစ်မကို ဝင်လုပ်ခိုင်းရင် မကောင်းဘူးလား.. "

​ " စိတ်မပူပါနဲ့.. အစ်မက ညီမလေးအစား ဝင်လုပ်ပေးရုံ သက်သက်ပါ.. ညီမလေးရဲ့ အလုပ်ကို လုယူမှာ မဟုတ်ဘူး.. ပြီးတော့ အစ်မရတဲ့ လစာရဲ့ တစ်ဝက်ကို ညီမလေးကို ပေးပါ့မယ်.. ညီမလေး မီးဖွားပြီးလို့ မီးတွင်းကာလ ပြီးသွားတဲ့အခါကျရင် အလုပ်ကို ညီမလေးဆီ ပြန်ပေးမယ်လေ... ဘယ်လိုသဘောရလဲ.. "

​ " ဘယ်လိုမှ မဖြစ်နိုင်ဘူး.. "

​ ယွီလီက စဥ်းစားပင် မစဥ်းစားဘဲ ငြင်းလိုက်သည် ။

​ သူမက ရယ်ပင် ရယ်ချင်သွား၏ ။

​ ချင်ဟွိုင်ရုက ဤမျှအထိ စေတနာ ကောင်းနေသည်ကို သူမ သိလိုက်သည် ။

​ သို့သော် ချင်ဟွိုင်ရုက သူမအား အရူးတစ်ယောက်ဟု ထင်နေသလား မသိ ။ ဤမျှ လွန်ကဲသော အခြေအနေမျိုးကို သဘောတူလိမ့်မည်ဟု မည်သို့ ထင်နေသနည်း ။

​ အလုပ်တစ်ခုကို အလွယ်တကူ အစားထိုး ဝင်လုပ်ပေး၍ ရနိုင်မည် မဟုတ်ပေ ။

​ ထို့အပြင် လအနည်းငယ်ခန့် လုပ်ပြီးနောက် သူမထံ ပြန်ပေးမည်ဟု ပြောနေသေးသည် ။

​ လမ်းရုံးကို သူမတို့ မိသားစုက ပိုင်သည်ဟု ထင်နေသည်လော ။

​ ညွှန်မှူးဝမ်က သဘောတူခဲ့လျှင်ပင် ချင်ဟွိုင်ရုသာ သူမ၏ အလုပ်ကို လွှဲယူသွားပါက ကျားမိသားစု၏ စရိုက်နှင့်ဆိုလျှင် နောင်တစ်ချိန်တွင် အလုပ်ကို ပြန်ရရန် ခက်ခဲသွားပေလိမ့်မည် ။

​ ချင်ဟွိုင်ရုက ထိုကဲ့သို့သော စိတ်ကူးမျိုးဖြင့် ရောက်လာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။

​ ' ဒီကောင်မက သောက်ကျင့် မကောင်းဘူး ..'

Chapter 226

~

အခန်း ၂၂၆ : နာမည် ပေးခြင်း...

~

​ ယွီလီ ပြတ်ပြတ်သားသား ငြင်းလိုက်သည်ကို မြင်သောအခါ ချင်ဟွိုင်ရု ခဏတာ ကြက်သေ သေသွားသည် ။

​ သူမ၏ အကြံအစည်က ယွီလီ တွေးထားသည့်အတိုင်းပင် ။ ယွီလီ့ထံမှ အလုပ်ကို လှည့်စား၍ ယူရန် ကြိုးစားနေခြင်း ဖြစ်သည် ။

​ ထိုအလုပ်ကို သူမ ရသွားပါက နောက်ပိုင်းတွင် အလုပ်ကို ဆက်ယူထားရန် ဆင်ခြေရှာရ လွယ်ကူသွားပေလိမ့်မည် ။

​ ယွီလီ တွေးထားသကဲ့သို့ပင် အလုပ်တစ်ခုဟူသည် အလွယ်တကူ လွှဲပြောင်းယူ၍ ရသောအရာ မဟုတ်ပေ ။

​ ယန်ကျီဝမ်သည် လမ်းရုံးနှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့် ယွီလီသာ တောင်းဆိုပါက ညွှန်မှူးဝမ်က သဘောတူပေလိမ့်မည် ။

​ သို့သော် မျက်နှာသာပေးမှု ဆိုသည်မှာလည်း အကန့်အသတ် ရှိသည် ။

​ ချင်ဟွိုင်ရုကိုသာ အလုပ်လွှဲပေးလိုက်ပါက ပြန်ယူရန် လွယ်ကူတော့မည် မဟုတ်ချေ ။

​ ထို့အပြင် ကျားမိသားစု၏ စရိုက်အရ သူတို့က သေချာပေါက် ပြန်ပေးလိုမည် မဟုတ်ဘဲ ပြဿနာပင် ရှာလာနိုင်သေးသည် ။

​ သတိပြန်ဝင်လာသောအခါ ချင်ဟွိုင်ရု စိုးရိမ်လာသည် ။

​ သူမ ယခု လာရောက် အဆိုပြုရခြင်းမှာ မနေ့က ကျားဒုံရွှီတို့ သားအမိနှင့် တိုင်ပင်ထားခဲ့သောကြောင့် ဖြစ်သည် ။

​ မည်သို့ပင် ဆိုစေကာမူ အလုပ်ကို အရင်ရအောင် ယူရမည် ။

​ အလုပ်ကို ပြန်ပေးရန် ကိစ္စနှင့် ပတ်သက်၍ နောက်ပိုင်းမှ ဆင်ခြေများစွာ ပေး၍ ရနိုင်သည် ။

​ အကောင်းဆုံးမှာ သူမ အလုပ်ဝင်လိုက်ချိန်တွင် သူမ၏ အိမ်ထောင်စုစာရင်းကိုပါ မြို့ပေါ်သို့ ပြောင်းရွှေ့နိုင်မည် ။

​ ထိုသို့ဆိုလျှင် ပန့်ကန့်နှင့် ရှောင်တန်တို့ပါ အိမ်ထောင်စုစာရင်း ရရှိသွားမည်ဖြစ်ပြီး သူတို့အားလုံး ရိက္ခာဝေစု ရကြမည် ဖြစ်သည် ။

​ သူတို့တွင် အခြား ရွေးချယ်စရာ မရှိ ။ အစပိုင်းက ယီကျုံးဟိုင်၏ အကူအညီဖြင့် အလုပ်တစ်ခု ဝယ်ယူနိုင်ရန် မျှော်လင့်ထားခဲ့ကြသည် ။

​ သို့သော် ယီကျုံးဟိုင်က လှုပ်ရှားရန် နှေးကွေးနေခဲ့ပြီး သူတို့ မေးတိုင်း အလုပ်ရှာရန် ခက်ခဲကြောင်းသာ အမြဲတမ်း ဆင်ခြေပေးနေခဲ့သည် ။

​ ကျားဒုံရွှီတို့ သားအမိလည်း မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြလေပြီ ။

​ ထိုစဥ် ယွီလီ မီးဖွားရန် အိမ်၌ နားနေသည်ကို မြင်သောအခါ တိုင်ပင်ပြီးနောက် အလုပ်လွှဲယူရန် အကြံရလာခဲ့ခြင်း ဖြစ်သည် ။

​ " ယွီလီ.. ညီမလေးက ခုမှ ကိုယ်ဝန် ခုနစ်လပဲ ရှိသေးတာလေ.. မီးဖွားဖို့ နှစ်လတောင် လိုသေးတယ်.. ပြီးတော့ ကလေးမွေးပြီးရင်လည်း မီးတွင်းကာလအဖြစ် လနဲ့ချီ နားရဦးမှာ.. အဲ့ဒီ လနဲ့ချီတဲ့ လစာတွေကို တွက်ကြည့်လိုက်ရင် ဘယ်လောက်တောင် နစ်နာသွားမလဲ .. "

​ " ပြီးတော့ အစ်မက ညီမလေးရဲ့ အလုပ်ကို အပိုင်တောင်းနေတာ မဟုတ်ဘူးနော်.. လစာရဲ့ တစ်ဝက်ကို ညီမလေးကို ပေးမှာပါ.. ဒါ မကောင်းဘူးလား.. "

​ ချင်ဟွိုင်ရုက ယွီလီအတွက် ကောင်းစေရန် လုပ်ပေးနေသည့်အလား ဟန်ဆောင်၍ လေးလေးနက်နက် ဖျောင်းဖျနေသည် ။

​ ယွီလီကတော့ စိတ်လှုပ်ရှားမှု မရှိ ။ ခပ်အေးအေးပင် ပြောလိုက်သည် ။

​ " နစ်နာတော့လည်း ဘာဖြစ်လဲ..ကျွန်မ အဆင်ပြေတယ်.. "

​ ချင်ဟွိုင်ရု၏ မျက်နှာက တောင့်တင်းသွားသည် ။

​ သူမကို ဖျောင်းဖျ၍ မရကြောင်း မြင်သောအခါ သူမ၏ နည်းဗျူဟာကို ပြောင်းလဲလိုက်သည် ။

​ သူမက သနားစရာကောင်းသော အမူအရာကို ချက်ချင်းပင် ပြောင်းလိုက်ပြီး အသံ တုန်ရီစွာဖြင့် ...

​ " ယွီလီရယ်.. အစ်မတို့အားလုံးက မိန်းမသားတွေပါပဲ.. အစ်မတို့ မိသားစုရဲ့ အခြေအနေကိုလည်း ညီမလေး သိပါတယ်.. တကယ်ကို အရမ်း ခက်ခဲနေလို့ပါ.. "

​ " ဒီ ယွမ်ရာဂဏန်းဆိုတာ ညီမလေးတို့အတွက် ဘာမှမဟုတ်ပေမဲ့ အစ်မတို့ မိသားစုအတွက်တော့ အသက်ကယ်မယ့် ငွေလေးပါ.. "

​ " အစ်မတို့ အိမ်နီးချင်းတွေ ဖြစ်နေတာကို ထောက်ထားပြီး အစ်မကို ကူညီပေးလို့ မရဘူးလားဟင်.. ကျေးဇူးပြုပြီးတော့ ကူညီပါနော်. . "

​ ယွီလီက နားထောင်ပြီးနောက် လှောင်ပြုံး ပြုံးကာ...

​ " ချင်ဟွိုင်ရု.. ရှင့်ကိုကြည့်ရတာ တော်တော် ရယ်စရာ ကောင်းနေတယ်နော်.. "

​ " ကျွန်မက ရှာကျူး မဟုတ်ဘူး.. ရှင့်ရဲ့ လှည့်ကွက်တွေကို လာသုံးမနေနဲ့... "

​ " ရှင့် မိသားစု ခက်ခဲတယ်.. ဟုတ်တယ်.. ဒါက မှန်ကောင်း မှန်နိုင်ပေမဲ့ ရှင့် မိသားစုကို ကူညီပေးဖို့ အဘိုးကြီးယီနဲ့ ရှာကျူးတို့ ရှိနေတယ် မလား.. "

​ " ရှာကျူးက ရှင့်ကို နေ့တိုင်း ဟင်းတွေ ယူလာပေးတာကို ထားလိုက်ပါတော့.. အဘိုးကြီးယီကိုပဲ ကြည့်လေ.. သူက ကျားဒုံရွှီရဲ့ ဆရာဖြစ်သလို သူ့ရဲ့ လစာကလည်း တစ်လကို ယွမ်ရှစ်ဆယ်ကျော်တောင် ရတာ.. သူ ရှင့်တို့ကို နည်းနည်းလောက် ကူညီပေးရုံနဲ့တင် ရှင်တို့ ဘယ်လိုလုပ် ငတ်နိုင်မှာလဲ.. "

​ ဤသည်ကို ကြားသောအခါ ချင်ဟွိုင်ရုက အားတင်း၍ ပြုံးကာ ...

​ " ယွီလီရယ်.. ညီမလေး တွေးလွန်နေပါပြီ.. ရှာကျူးက အဆင်ပြေပေမဲ့ အဘိုးကြီးယီက တကယ်တော့ ညီမလေး ထင်သလို မဟုတ်ပါဘူး.. သူက အစ်မတို့ မိသားစုကို ကူညီပေးတယ် ဆိုပေမဲ့ တစ်ခါပေးရင် ပြောင်းဖူးမှုန့် နည်းနည်းပဲ ပေးတာပါ.. အဲ့ဒါက တစ်နပ်စာတောင် မလောက်ပါဘူး.. "

​ " ကောင်းပြီ.. ရှင်ပြောတာ အမှန်ဆိုရင်တောင်.. ရှင့် မိသားစုက တကယ်ပဲ အခက်အခဲ ဖြစ်နေတယ်ဆိုရင် အရင်တုန်းက လမ်းရုံးမှာ လက်မှုလုပ်ငန်း လုပ်ဖို့ ကျွန်မ ရှင့်ကို ခေါ်တုန်းက ဘာလို့ မလာခဲ့တာလဲ.. "

​ အရင်က ဟဲယွီဆွေ သူမကို လာခေါ်စဥ် ချင်ဟွိုင်ရုနှင့် တိုးသဖြင့် အမှတ်တမဲ့ မေးကြည့်ခဲ့ဖူးသည် ။

​ သို့သော် ချင်ဟွိုင်ရုက ငြင်းဆန်ခဲ့၏ ။

​ အကြောင်းပြချက်မှာ အိမ်မှုကိစ္စ အားလုံးက သူမကို စောင့်ကြိုနေသဖြင့် သူမ အချိန်မပေးနိုင်ဟု ပြောခဲ့သည်။

​ ထိုစဥ်က ယွီလီလည်း ယုံကြည်ခဲ့၏ ။

​ မည်သို့ပင် ဆိုစေကာမူ ကျားကျန်းရှီက ခြံဝင်းထဲတွင် နာမည်ကြီး ပျင်းရိသူဖြစ်ပြီး ချင်ဟွိုင်ရုကသာ အိမ်မှုကိစ္စ အားလုံးကို လုပ်ကိုင်ရသည် မဟုတ်ပါလော ။

​ သို့သော် ယခုတော့ ချင်ဟွိုင်ရုက အလုပ်လွှဲယူချင်သည်ဟု လာပြောနေသည် ။

​ ဤသည်က ရှေ့နောက် မညီ ။

​ " အစ်မက.. "

​ ချင်ဟွိုင်ရု ထိုမေးခွန်းကြောင့် ဆွံ့အသွားသည် ။

​ ယခုမှ သူမ အချိန်အားနေသည်ဟု ပြော၍ မဖြစ်နိုင် ။

​ " ရှင် ဘာမှ ဆက်ပြောစရာ မလိုတော့ဘူး.. "

​ ယွီလီက စိတ်မရှည်စွာ လက်ကာပြလိုက်ပြီး ...

​ " ပထမအချက်.. အလုပ်တစ်ခုကို လွှဲယူဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ဘူး.. တကယ်လို့ ရခဲ့မယ်ဆိုရင်တောင် ကျွန်မတို့ မိသားစု နှစ်စုရဲ့ ဆက်ဆံရေးအရ အဲ့ဒီလောက်ကြီး ရင်းနှီးနေတာ မဟုတ်ဘူး.. ကျွန်မ သဘောမတူနိုင်ဘူး.. ရှင် ပြန်တော့.. "

​ " ..နှောင့်ယှက်မိတာ တောင်းပန်ပါတယ်.. "

​ သူမကို ဖျောင်းဖျ၍ မရနိုင်တော့ကြောင်း မြင်သောအခါ ချင်ဟွိုင်ရုက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားသည် ။

​ ကျားမိသားစုအိမ်သို့ ပြန်ရောက်သောအခါ...

​ တံခါးဝတွင် စောင့်နေသော ကျားဒုံရွှီက အလျင်အမြန် မေးလိုက်၏ ။

​ " ဟွိုင်ရု.. ယွီလီ ဘာပြောလဲ.. သူ သဘောတူလား.. "

​ ချင်ဟွိုင်ရုက ခေါင်းခါလိုက်သည် ။

​ " ဟင့်အင်း.. ကျွန်မ အပျော့ရော အမာရော သုံးပြီး ပြောကြည့်ပေမဲ့ သူက အရမ်းကို ပြတ်ပြတ်သားသား ငြင်းလိုက်တယ်.. "

​ ကျားဒုံရွှီ မျက်မှောင်ကြုတ်သွားပြီး ...

​ " လစာရဲ့ တစ်ဝက်ပဲ ယူမယ်လို့ ပြောတာတောင် သူ သဘောမတူဘူးတဲ့လား.. "

​ ချင်ဟွိုင်ရုက ခေါင်းညိတ်လိုက်သည် ။

​ " သူက ကျွန်မတို့ အလုပ်ပြန်မပေးမှာကို ရိပ်မိသွားလို့ ငြင်းလိုက်တာ ဖြစ်မယ်ထင်တယ်.. "

​ ကျားဒုံရွှီက သူမ၏ ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည် ။

​ " သူ သဘောမတူရင်လည်း ထားလိုက်ပါတော့.. ငါ တခြားနည်းလမ်း စဥ်းစားကြည့်ပါ့မယ်.. "

​ ချင်ဟွိုင်ရုက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သော်လည်း သူမ၏ ရင်ထဲတွင် မျှော်လင့်ချက် သိပ်မရှိတော့ ။

​ အကယ်၍ ကျားဒုံရွှီတွင် တကယ် နည်းလမ်းရှိပါက ယခုအချိန်အထိ စောင့်နေရမည် မဟုတ်ချေ ။

​ ...

​ ညစာစားချိန်တွင် ...

​ ယန်မိသားစုအိမ်၌ မိသားစုလိုက် ညစာ စားနေကြသည် ။

​ ထမင်းစားရင်း ယွီလီက ပြောလိုက်သည် ။

​ " ကျီဝမ်.. စောစောက ချင်ဟွိုင်ရု ကျွန်မဆီ ရောက်လာတယ်.. သူမက ကျွန်မကိုယ်စား အလုပ်ဝင်ပေးချင်တယ်တဲ့.. လစာရဲ့ တစ်ဝက်ကိုလည်း ပေးမယ်လို့ ပြောတယ်.. "

​ သူမ စကားပြော၍ ဆုံးသည်နှင့် ယန်ကျီဝမ် ဘာမှမပြောရသေးမီ ရန်ရွေ့ဟွားက နှာခေါင်းရှုံ့လိုက်သည် ။

​ " ဟမ့် ...သူကများ အိပ်မက်မက်နေလိုက်တာ.. တကယ်လို့ အလုပ်လွှဲပေးရမယ် ဆိုရင်တောင် အဲ့ဒီလူက ငါပဲ ဖြစ်ရမှာပေါ့.. "

​ ယန်ဖူကွေ့က အကူအညီမဲ့ဟန်ဖြင့်...

​ " မိန်းမ.. မင်း ဘာဝင်ရှုပ်နေတာလဲ.. လမ်းရုံးက အလုပ်ကို မင်း နားလည်လို့လား.. ပြီး​တော့ လီလီက နောက်နှစ်လဆိုရင် မွေးတော့မှာလေ.. မင်းက အိမ်မှာနေပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးရမှာ မဟုတ်ဘူးလား.. "

​ " ကျုပ်က ဒီတိုင်း ပြောကြည့်တာပါ.. "

​ ရန်ရွေ့ဟွားက နှုတ်ခမ်းဆူလိုက်ပြီး သိပ်မကျေနပ်သော အမူအရာဖြင့် ပြန်ပြောသည် ။

​ ယန်ကျီဖန့်က ကြားဖြတ်၍ ပြောလိုက်သည် ။

​ " ဒါဆိုရင် ကျွန်တော် သွားလုပ်မယ်လေ.. ကျွန်တော်လည်း စာ နည်းနည်းတော့ သင်ဖူးတာပဲ.. "

​ ယခုအချိန်တွင် ကျောင်းများ ပိတ်ထားသည့်အပြင် သူ၏ စာသင်ယူမှုက အစကတည်းက မကောင်းခဲ့ကြောင်း ခံစားမိကာ ကျောင်းဆက်တက်ရန်ဆန္ဒ မရှိတော့ချေ ။

​ သူ အလုပ်လုပ်ချင်နေသည် ။

​ ယန်ဖူကွေ့က သူ့ကို စိုက်ကြည့်ကာ ဆူလိုက်သည် ။

​ " အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ.. စားမယ့်ဟာသာ ဆက်စားစမ်းပါ.. "

​ " အွင်း.. "

​ ယန်ကျီဖန့်က အတော်လေး မတရားခံရသလို ခံစားလိုက်ရသည် ။

​ ယန်ကျီဝမ်က ခဏစဥ်းစားပြီးနောက် ...

​ " သူ မင်းရဲ့ အလုပ်ကို လှည့်စားပြီး ယူချင်နေတာ ဖြစ်လိမ့်မယ်.. "

​ ယွီလီက ခေါင်းညိတ်လိုက်သည် ။

​ " ကျွန်မလည်း အဲ့ဒီလို တွေးမိလို့ တိုက်ရိုက်ပဲ ငြင်းလွှတ်လိုက်တာ.. အလုပ်လွှဲယူဖို့ ဆိုတာ အဲ့လောက် လွယ်လို့လား.. တစ်ခါ လွှဲပေးလိုက်ပြီးမှ သူ ပြန်မပေးရင် ဘယ်လိုလုပ်မလဲ.. "

​ ရန်ရွေ့ဟွားက ကျိန်ဆဲလိုက်သည် ။

​ " ဒီ ချင်ဟွိုင်ရုက တကယ်ကို ကိုယ်ကျင့်တရား မရှိဘူးပဲ.. ငါတို့အားလုံးက ခြံဝင်းတစ်ခုတည်းမှာ နေကြတာကို သူက ငါတို့ မိသားစုရဲ့ အလုပ်ကို လှည့်စားပြီး ယူချင်နေတာလား.. မရဘူး.. ငါ သူ့ဆီ သွားပြီး ရှင်းခိုင်းရမယ်.. "

​ ထိုသို့ပြောရင်း သူမက ပန်းကန်နှင့် တူကိုချကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည် ။

​ " အမေ.. မသွားပါနဲ့.. "

​ ယန်ကျီဝမ်က သူမကို အလျင်အမြန် တားဆီးကာ နှစ်သိမ့်ပေးလိုက်သည် ။

​ " ဘယ်လိုပဲဖြစ်ဖြစ် လီလီမှ သဘောမတူခဲ့တာပဲ.. အမေ သွားရင်လည်း ဘာမှ အကျိုးထူးမှာ မဟုတ်ဘူး.. အလွန်ဆုံး ကျားကျန်းရှီနဲ့ စကားများရုံပဲ ရှိမှာပေါ့.. မတန်ပါဘူး.. "

​ ရန်ရွေ့ဟွားက နှာခေါင်းရှုံ့လိုက်သော်လည်း တွေးကြည့်ပါက မှန်နေသဖြင့် နေရာတွင် ပြန်ထိုင်လိုက်သည် ။

​ ညစာစားပြီးနောက် ....

​ ယန်ကျီဝမ်က ယန်ဖူကွေ့နှင့် အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေသည် ။

​ ရုတ်တရက် ယန်ဖူကွေ့က စာရွက်တစ်ရွက်ကို ထုတ်ယူကာ ယန်ကျီဝမ်အား ကမ်းပေးလိုက်သည် ။

​ " ဘာလဲ.. "

​ ယန်ကျီဝမ်က သိချင်စိတ်ဖြင့် စာရွက်ကို ယူကာ ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာက ချက်ချင်းပင်ပြောင်းလဲသွားသည် ။

​ စာရွက်ပေါ်တွင် နာမည်များ ရေးထားလေသည် ။

​ ကွမ်ယောင် ၊ ယောင်ရှု အစရှိသည့် နာမည်များ ဖြစ်ကြသည် ။

​ ယန်ဖူကွေ့က ပြုံး၍ ပြောလိုက်သည် ။

​ " ငါ့ရဲ့ မြေးဦးလေး မွေးလာတော့မယ် မလား.. ဒီနာမည်တွေက အချိန်အကြာကြီး စဥ်းစားပြီးမှ ငါ တွေးထားတာတွေလေ.. လောင်အာ.. ဘယ်နာမည်က ပိုကောင်းမယ် ထင်လဲ.. "

​ ယန်ကျီဝမ်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည် ။

​ ' ထင်တဲ့အတိုင်းပဲ.. '

​ ဤနာမည်များကို မြင်သောအခါ သူ၏ ကလေးအတွက်ဖြစ်မည်ဟု သူ ခန့်မှန်းမိပြီးသားပင် ။

​ သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည် ။

​ " အဖေ.. ဒီနာမည်တွေက နည်းနည်းလေး ရိုးနေသလားလို့.. "

​ ယန်ဖူကွေ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။

​ " ကောင်းပါတယ်ဟ.. ကွမ်ယောင်ဆိုတဲ့ အဓိပ္ပာယ်က ဘိုးဘွားတွေကို ဂုဏ်ဆောင်ခြင်းလို့ အဓိပ္ပာယ်ရတယ်လေ.. အရမ်း ကောင်းတဲ့ အဓိပ္ပာယ်ပဲ.. "

All Chapters