အခန်း (၂၂၇-၂၂၈)
Vol. 22 Ch. 227-228
Chapter 227
~
အခန်း ၂၂၇ : ယွီလီ မီးဖွားခြင်း...
~
" မိန်းကလေး ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ.. "
ယန်ကျီဝမ်က ပြန်မေးလိုက်သည် ။
" ဟမ်... "
ယန်ဖူကွေ့၏ မျက်နှာက နီရဲသွားပြီး အနေခက်စွာ ရယ်လိုက်ကာ...
"ဟဲဟဲ... ငါ မေ့သွားတယ်.. "
ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်၏ ။
သူ မည်သို့ မေ့သွားနိုင်မည်နည်း ။ မြေးယောက်ျားလေး လိုချင်နေသည်က သိသာလှပေသည် ။
ဤခေတ်ကာလရှိ လူအားလုံးက ထိုသို့ပင် ဖြစ်ကြပြီး မိန်းကလေးများထက် ယောကျာ်းလေးများကို ပို၍ မျက်နှာသာပေးတတ်ကြသည် ။
အကြောင်းမှာ ယောကျာ်းလေးများကသာ မျိုးဆက်ကို ဆက်ခံနိုင်ပြီး မိန်းကလေးများကတော့ အခြားသူနှင့် ပေးစားရမည် ဖြစ်သောကြောင့်ပင် ။
ကျားကျန်းရှီ ကဲ့သို့ပင် ရှောင်တန်ကို အရှုံးပေါ်စေသည့်သူဟု မည်သည့်အတွက်ကြောင့် အမြဲပြောနေသနည်း ။ သူမအား အစားအသောက်ကောင်းများနှင့် အဝတ်အစားကောင်းများ မည်သည့်အတွက်ကြောင့် မပေးချင်ရသနည်း ။
သူမက ရှောင်တန်သည် နောင်တစ်ချိန်တွင် အခြားသူတစ်ယောက်နှင့် လက်ထပ်သွားမည် ဖြစ်ပြီး သူတစ်ပါး မိသားစုအတွက် ကျွေးမွေးပြုစုပေးရသည်ဟု ခံစားရသောကြောင့် ဖြစ်ပေသည် ။
ငတ်မသေလျှင် ပြီးရော ဟူသော သဘောပင် ။
သို့သော် ကျားပန့်ကန့်ကတော့ ခြားနား၏ ။ သူက ကျားမိသားစု၏ တတိယ မျိုးဆက်တွင် တစ်ဦးတည်းသော ယောက်ျားလေး အမွေဆက်ခံသူ ဖြစ်သည် ။
ထို့ကြောင့် သူ့အပေါ် အလွန် အလိုလိုက်ထားသည် ။
ယန်ကျီဝမ်က ခေါင်းခါ၍ ရယ်လိုက်ပြီး...
" ကလေးနာမည်ကို ကျွန်တော်ပဲ ပေးလိုက်ရင်ကော ဘယ်လိုလဲ... "
ယန်ဖူကွေ့ ရွေးချယ်ထားသော နာမည်များဖြင့်ဆိုလျှင် နောင်တစ်ချိန် ကလေးကြီးလာသောအခါ သူ့အား စာရင်းရှင်းလိမ့်မည်ဟု ခံစားနေရသည် ။
" ဒါပေမဲ့ ဒီနာမည်တွေက ငါ လနဲ့ချီပြီး စဥ်းစားထားရတာ .."
ယန်ဖူကွေ့ အနည်းငယ် စိတ်ပျက်သွား၏ ။
အဘိုးတစ်ယောက် အနေဖြင့် ပထမဆုံး မြေးလေးအား နာမည်ပေးရမည့်သူက သူသာ ဖြစ်ရမည်ဟု တွေးထားခဲ့ခြင်းပင် ။
ယန်ကျီဝမ် ခေါင်းကိုက်သွား၏ ။ သူက နားထင်ကို ပွတ်ကာ ခဏ စဥ်းစားလိုက်ပြီးနောက်...
" ယောင်ရှင်း ဆိုရင်ရော ဘယ်လိုလဲ .. မိန်းကလေး ဆိုရင်တော့ ကျွန်တော်ပဲ နာမည်ပေးလိုက်မယ်.. "
" ယောင်ရှင်း ဟုတ်လား ..."
ထိုအမည်ကို ကြားလိုက်ရသောအခါ ယန်ဖူကွေ့၏ မျက်လုံးများက အရောင်လဲ့သွားသည် ။
သူက လက်ခုပ်တီးလိုက်ပြီး...
" ဒီနာမည် သိပ်ကောင်းတယ် .. ဒါပဲ ယူလိုက်ကြတာပေါ့.. "
ယောင်လင်း သို့မဟုတ် ကွမ်ယောင် မဟုတ်သော်ငြား ယောင်ရှင်းကလည်း ကောင်းပေသည် ။
အနည်းဆုံးတော့ သူစဥ်းစားထားသော ယောင် ဟူသည့် စာလုံး ပါဝင်နေသေး၏ ။
သူ့အဖေ ပျော်ရွှင်နေသည်ကို မြင်သောအခါ ယန်ကျီဝမ် စိတ်ထဲမှ သက်ပြင်းချလိုက်သည် ။
' ငါ့သားလေး ကြီးလာတဲ့အခါ ဒီနာမည်ကို သဘောမကျတာမျိုး မဖြစ်ပါစေနဲ့ ..'
အကယ်၍ သမီးမိန်းကလေးသာ ဖြစ်ခဲ့လျှင် သူစဥ်းစားထားသော နာမည်ပေါင်းများစွာ ရှိနေသည် ။
တကယ်တမ်းတွင် သူက သမီးမိန်းကလေးများကို ပို၍ သဘောကျ၏ ။
ထို့ကြောင့် ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ သူ သိပ်ဂရုမစိုက်ချေ ။ မည်သို့ပင် ဖြစ်စေကာမူ သူ၏ သွေးသား ကလေးများပင် မဟုတ်ပါလော ။
ပညာပေး ပြုစုပျိုးထောင်ရမည့် နည်းလမ်းများသာ ကွာခြားသွားမည် ဖြစ်သည် ။
သားယောကျာ်းလေးများကို ချွေတာစွာ ပြုစုပျိုးထောင်ပြီး သမီးမိန်းကလေးများကိုတော့ ပြည့်စုံကြွယ်ဝစွာ ပြုစုပျိုးထောင်ရမည် ။
ဤသည်က သူ လက်ကိုင်ထားသော ခံယူချက်ပင် ။
...
အချိန်ကား မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည် ။
တစ်နေ့တွင် ယန်ကျီဝမ်က ဝယ်ယူရေး ဌာန ရုံးခန်းထဲ၌ တမှေးအိပ်နေ၏ ။
ယွီလီ ကလေးမွေးဖွားရန် နီးကပ်နေပြီ ဖြစ်သောကြောင့် ယန်ကျီဝမ်သည် ညတိုင်း ကြက်အိပ် ကြက်နိုး အခြေအနေဖြင့်သာ ရှိနေခဲ့ရသည် ။
ယွီလီ တစ်ခုခု နေမကောင်းဖြစ်သည်နှင့် တပြိုင်နက် သူမကို ဆေးရုံသို့ ချက်ချင်း ခေါ်သွားရန် ပြင်ဆင်ထား၏ ။
အစပိုင်းက ယန်ကျီဝမ်သည် ယွီလီအား ဆေးရုံတွင် ကြိုတင်နေစေချင်ခဲ့သည် ။
သို့သော် ယွီလီက ငွေကုန်ကြေးကျများမည်ကို စိုးရိမ်သဖြင့် ဆန္ဒမရှိခဲ့ချေ ။
ထို့အပြင် အချိန်ပြည့် ဆေးရုံတွင် နေရသည်က အဆင်မပြေမှုများ ရှိနိုင်သည် ။
ထိုစဥ် လုံခြုံရေးဌာနမှ သူ စက်ရုံသို့ စရောက်စဥ်က တွေ့ဆုံခဲ့ရသော အစ်ကိုဝမ်က တံခါးကို တွန်းဖွင့်၍ ဝင်လာပြီး ယန်ကျီဝမ်အား အလျင်စလို ပြောလိုက်သည် ။
" ရှောင်ယန် .. မင်းညီ ဂိတ်ပေါက်မှာ မင်းကို လာရှာနေတယ် .. မင်းမိန်းမ ကလေးမွေးတော့မယ်တဲ့ .. မြန်မြန်သွားလိုက်အုံး... "
ထိုစကားကို ကြားသည်နှင့် တပြိုင်နက် ယန်ကျီဝမ်က ချက်ချင်း မတ်တပ်ရပ်ကာ ပြေးထွက်သွားတော့၏ ။ အိပ်ချင်စိတ်များလည်း ချက်ချင်း လွင့်စင်သွားလေပြီ ။
" ကျေးဇူးပါ အစ်ကိုဝမ် .. နောက်မှ ကျွန်တော် ထမင်းတစ်နပ် ဝယ်ကျွေးပါ့မယ်.. "
ထိုစကား တစ်ခွန်းကိုသာ ချန်ရစ်ခဲ့ပြီး ယန်ကျီဝမ်ချက်ချင်း ပျောက်ကွယ်သွားသည် ။
သူ သုံးဘီးစက်ဘီးကို တွန်းကာ ဂိတ်ပေါက်သို့ ရောက်လာသောအခါ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ယန်ကျီဖန့်ကို တွေ့လိုက်ရ၏ ။
ယန်ကျီဖန့်က ယန်ကျီဝမ်ကို မြင်သည်နှင့် တပြိုင်နက် အလျင်အမြန် ပြောလိုက်သည် ။
"အစ်ကို နှစ်.. မြန်မြန်လုပ်ပါ .. မရီး ကလေးမွေးတော့မယ် "
" စက်ဘီးပေါ် တက်.. "
ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို နင်းထွက်သွားပြီး ယန်ကျီဖန့်လည်း စက်ဘီးပေါ်သို့ အမြန် ခုန်တက်လိုက်သည် ။
လမ်းတစ်ဝက်တွင် ...
ယန်ကျီဝမ်က မေးလိုက်၏ ။
" တတိယညီ .. အခု အခြေအနေ ဘယ်လိုရှိလဲ .. ဆေးရုံကို ပို့ပြီးပြီလား... "
ယန်ကျီဖန့်က ...
" အမေနဲ့ အဖေက လက်တွန်းလှည်း တစ်စီးငှားပြီး မရီးကို ဆေးရုံ ပို့လိုက်ကြပြီ .. အခုလောက်ဆို ရောက်လောက်ရောပေါ့ .. အဖေက ကျွန်တော့ကို အစ်ကို့ဆီ လာပြောခိုင်းလိုက်တာ.. "
ယန်ကျီဝမ် ဘာမှ ဆက်မပြောတော့ဘဲ သုံးဘီးစက်ဘီးကိုသာ အစွမ်းကုန် နင်းလိုက်သည် ။
ဆယ်မိနစ်ကျော် ကြာပြီးနောက် ဆေးရုံသို့ ရောက်ရှိသွားကြသည် ။
ယန်ကျီဖန့် လန့်ပြီး ကြက်သီးမွေးညင်းများပင် ထနေလေ၏ ။
ယန်ကျီဝမ်က စက်ဘီးကို ရပ်လိုက်ပြီးနောက် ခုန်ဆင်းကာ အတွင်းသို့ အမြန် ပြေးဝင်သွားသည် ။
သူနာပြုကို မေးပြီးနောက် သူ၏ မိဘများကို ရှာတွေ့သွား၏ ။
သူက သူတို့ထံ လျှောက်သွားကာ စိုးရိမ်တကြီးဖြင့်...
" အမေ အဖေ .. ယွီလီ အခြေအနေ ဘယ်လိုနေသေးလဲ "
ယန်ဖူကွေ့က...
" သူ ဝင်သွားတာ မကြာသေးဘူး .. ဒီမနက် ယွီလီ ဗိုက်နာတယ် ပြောတာနဲ့ ငါနဲ့ မင်းအမေလည်း မွေးမယ့်ရက် နီးနေပြီလို့ ခန့်မှန်းမိလို့ သူ့ကို ဆေးရုံ အမြန်ပို့လိုက်တာ .."
အတွေ့အကြုံရှိသော ရန်ရွေ့ဟွားက သားဖြစ်သူ၏ စိုးရိမ်ပူပန်နေမှုကို မြင်လျှင် နှစ်သိမ့်ပေးလိုက်သည် ။
" ဒုတိယသား .. မင်း စိတ်ပူစရာ မလိုပါဘူး .. သူ့ ရေမွှာ မပေါက်သေးဘူး .. အဆင်ပြေမှာပါ.. "
ထိုစကားကို ကြားသော်လည်း ယန်ကျီဝမ် အလွန် စိုးရိမ်နေဆဲပင် ။
သူက စိုးရိမ်တကြီးဖြင့် ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်နေလေသည် ။
ယန်ဖူကွေ့က နှစ်သိမ့်လိုက်၏ ။
" ဒုတိယသား .. စိတ်ကို တည်တည်ငြိမ်ငြိမ်ထားစမ်းပါ .. ယွီလီကို မင်း လစဥ် ဆေးစစ်ဖို့ ခေါ်လာနေကျပဲ .. ပြဿနာ ဘာမှမရှိနိုင်ပါဘူး.. "
ရန်ရွေ့ဟွားက နှုတ်ခမ်းဆူလိုက်ပြီး...
" ရှင်ကများ ပြောရဲသေးတယ် .. သားအကြီးကောင် မွေးတုန်းကလည်း ရှင် ဒီလိုပဲ ဖြစ်နေခဲ့တာ မဟုတ်ဘူးလား .."
ယန်ဖူကွေ့ ဆွံ့အ သွားပြီး သူ၏ ဇနီးအား အပြစ်တင်သည့် အရိပ်အယောင်ဖြင့် စိုက်ကြည့်လိုက်သည် ။
သူက ဒုတိယသားကို နှစ်သိမ့်ပေးရန် ကြိုးစားနေခြင်းသာ ဖြစ်ပေသည် ။
သို့သော် ဤမိန်းမက အလိုက်မသိပေ ။
ဤသို့ စောင့်ဆိုင်းနေရခြင်းက မွန်းလွဲပိုင်း အချိန်အထိ ကြာမြင့်သွားသည် ။
ယန်ကျီဖန့်၏ ဗိုက်ထဲမှ သံစုံတီးဝိုင်း မြည်လာ၏ ။
လူတိုင်းက သူ့အား ကြည့်နေသည်ကို မြင်သောအခါ ယန်ကျီဖန့်က ရှက်ရွံ့ဟန်ဖြင့်...
" ကျွန်တော် နေ့လယ်စာ မစားရသေးလို့ နည်းနည်း ဗိုက်ဆာနေပြီ .."
ယန်ဖူကွေ့က မကျေမနပ်ဖြင့်...
" မင်း သိတာဆိုလို့ စားဖို့လောက်ပဲ .. မင်း တူလေးတောင် အပြင်မထွက်လာသေးဘူး .. လောလောဆယ်တော့ သည်းခံထားလိုက်အုံး .."
သို့သော် ယန်ကျီဝမ်က ဝင်ပြောလိုက်သည် ။
" အမေ .. အိမ်ပြန်ပြီး တခုခု သွားချက်ပါလား .. တတိယညီက အဆင်ပြေပေမဲ့ အငယ်နှစ်ယောက်က ငယ်သေးတယ်လေ ..."
ထိုစကားကို ကြားသောအခါ ယန်ကျီဖန့် ဆွံ့အသွားသည် ။
သူက ဆယ့်ခြောက်နှစ်သာ ရှိသေး၍ ကလေး တစ်ယောက်ပင် မဟုတ်ပါလော ။
သို့သော်လည်း သူ ပြန်မငြင်းရဲ ။
သို့သော် ရန်ရွေ့ဟွားက ဂရုမစိုက်စွာ လက်ဝှေ့ယမ်းလိုက်ပြီး...
" ကျီဖန့်ကိုပဲ အိမ်ပြန်ပြီး ဟို ကလေးနှစ်ယောက်အတွက် စားစရာ တစ်ခုခု လုပ်ကျွေးခိုင်းလိုက်ပါ.. "
သူမ၏ မြေးလေး ထွက်မလာသေးချိန်တွင် သူမ မည်သို့ ဟင်း ချက်နိုင်မည်နည်း ။
ယန်ကျီဖန့်က ကြောင်တောင်တောင်ဖြင့်...
" အမေ .. ကျွန်တော်မှ ဟင်းမချက်တတ်တာ .."
ရန်ရွေ့ဟွားက မပျော်မရွှင်ဖြင့်...
" မချက်တတ်ရင် သင်လို့ မရဘူးလား .. ပြောင်းဖူးပေါင်းလောက်တော့ ပေါင်းတတ်တယ် မလား .."
ယန်ကျီဖန့် အလွန် ရှက်ရွံ့သွား၏ ။ ပြောင်းဖူးပေါင်းလည်း သူ မလုပ်တတ်ချေ ။
ယန်ကျီဝမ်က အကြံပေးလိုက်သည် ။
" အမေပဲ အရင်ပြန်သွားလိုက်ပါ .. အဖေနဲ့ ကျွန်တော် ဒီမှာ စောင့်နေလို့ရတယ် .. အမေ အိမ်ပြန်ပြီး ကြက်ပေါင်းရည်လေး လုပ်ထားရင် ကောင်းမယ်.. ပြီးရင် တတိယညီကို ယွီလီ စားဖို့ လာပို့ခိုင်းလိုက်လေ ..."
" အေးပါ.. "
ထိုအခါမှသာ ရန်ရွေ့ဟွားက ယန်ကျီဖန့်နှင့်အတူ စိတ်မပါ့တပါဖြင့် အိမ်သို့ ပြန်သွားလေတော့သည် ။
" အား .."
ရန်ရွေ့ဟွား ထွက်သွားပြီး မကြာမီပင် မီးဖွားခန်းထဲမှ ယွီလီ၏ အော်သံများ ထွက်ပေါ်လာခဲ့သည် ။
ယန်ကျီဝမ်သည် ထိုအသံများကို ကြားလျှင် အလွန် စိုးရိမ်ပူပန်သွားမိ၏ ။
သို့သော် သူ အတွင်းသို့ ဝင်သွား၍ မရသဖြင့် ပြာယာခတ်ကာ စိုးရိမ်နေရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ချေ ။
အော်သံများက တစ်နာရီကျော်ခန့်အထိ ဆက်တိုက် ထွက်ပေါ်နေခဲ့သည် ။
" အူဝဲ..အူဝဲ. "
နောက်ဆုံးတွင် ကလေးငယ် တစ်ဦး၏ ကျယ်လောင်သော ငိုသံ ထွက်ပေါ်လာမှသာ ယန်ကျီဝမ် သက်ပြင်းချနိုင်သွားတော့သည် ။
" သူ မွေးပြီ .."
ယန်ဖူကွေ့က စိတ်လှုပ်ရှားစွာဖြင့် ...
" ငိုသံက အရမ်းကျယ်တာပဲ .. သေချာပေါက် ယောက်ျားလေး ဖြစ်ရမယ်.. "
ယန်ကျီဝမ်က ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ ဂရုမစိုက်ချေ ။ သူ ယခုချက်ချင်း ဝင်သွားပြီး သူ၏ မိန်းမကိုသာ တွေ့ချင်နေသည် ။
ခဏ စောင့်ဆိုင်းပြီးနောက် ...
မီးဖွားခန်း တံခါး ပွင့်လာပြီး ဆရာဝန် ထွက်လာသည် ။
ယန်ကျီဝမ်က အလျင်အမြန် မေးလိုက်သည် ။
" ဒေါက်တာ .. ကျွန်တော်က ယွီလီရဲ့ ခင်ပွန်းပါ .. ကျွန်တော့် မိန်းမ အခြေအနေ ဘယ်လိုရှိလဲ .. ကျွန်တော် ဝင်တွေ့လို့ ရမလား.. "
ယန်ကျီဝမ် ၏ စိုးရိမ်တကြီး အမူအရာကို မြင်သောအခါ ဆရာဝန်က ပြုံးလိုက်ပြီး...
" မင်းမိန်းမရော ကလေးရော အဆင်ပြေပါတယ် .. အခု ဝင်လို့ရပါပြီ .."
ယန်ကျီဝမ် အလျင်စလို ပြေးဝင်သွား၏ ။
တဘက်တွင်လည်း ယန်ဖူကွေ့က ဆရာဝန်အား မေးလိုက်သည် ။
" ဒေါက်တာ .. ကျွန်တော့် ချွေးမလေး မွေးတာ ယောကျာ်းလေးလား မိန်းကလေးလား ... "
" ယောက်ျားလေး မိန်းကလေး အကုန်တူတူပဲ မဟုတ်ဘူးလား .. အဲ့လို အတွေးမျိုး မတွေးသင့်ဘူးလေ.. "
ဆရာဝန်က သူ့အား အပြစ်တင်လိုက်ပြီး နောက်ဆုံးတွင် မျက်လုံးလှန်ပြကာ ...
" ယောက်ျားလေးပါ .. ကျေနပ်ပြီ မလား .."
" ကျေနပ်ပါတယ် .. အရမ်းကို ကျေနပ်တာပါ .. ကျေးဇူးတင်ပါတယ် ဒေါက်တာ.. "
ယန်ဖူကွေ့က သူလိုချင်သော အဖြေကို ရလိုက်သဖြင့် အလွန် ပျော်ရွှင်သွားပြီး အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ပြောလိုက်သည် ။
သူ ယန်ဖူကွေ့ အဘိုး ဖြစ်လာတော့မည် ။
သူ၏ ယန်မိသားစုအတွက် အမွေဆက်ခံမည့်သူ ရှိလာခဲ့လေပြီ ။
Chapter 228
~
အခန်း ၂၂၈ : ကျောက်တုံးလေး
~
ယန်ကျီဝမ်က မီးဖွားခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည် ။ သူ၏ ခြေလှမ်းများက အနည်းငယ် ကတုန်ကရင် ဖြစ်နေ၏ ။
သူ၏ အကြည့်များက ယွီလီထံသို့ ချက်ချင်း ရောက်သွားပြီး သူမ၏ နွမ်းနယ်နေသော ပုံစံကို မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဆို့နင့်သွားသည် ။
သူက ကုတင်နားသို့ အမြန်လျှောက်သွားလိုက်ပြီး ထောင့်တစ်နေရာ၌ သူနာပြုဆရာမလေး ပွေ့ချီထားသည့် အနှီးထုပ်လေးကိုတော့ လုံးဝ သတိမထားမိခဲ့ပေ ။
" လီလီ.. အခြေအနေ ဘယ်လိုနေသေးလဲ.. နာနေသေးလား.. ဘယ်နားကများ နေလို့မကောင်း ဖြစ်နေသေးလဲ.. "
ယန်ကျီဝမ်၏ အသံက အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည် ။
သူက လက်လှမ်း၍ ယွီလီ၏ အေးစက်နေသော လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ဤနည်းဖြင့် သူမထံသို့ ခွန်အားအချို့ ကူးစက်သွားစေရန် ရည်ရွယ်ပုံရသည် ။
ယွီလီက သူ၏ လက်ဝါးပြင်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူမ၏ ရင်ထဲသို့ နွေးထွေးသော ရေစီးကြောင်းလေး တစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရ၏ ။
သူမက အားယူ၍ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး အသံက အားနည်းနေသော်လည်း နူးညံ့လှသည် ။
" ကျွန်မ အဆင်ပြေပါတယ်.. နည်းနည်း ပင်ပန်းသွားရုံပါ.. စိတ်မပူပါနဲ့.. "
ယန်ကျီဝမ် သက်ပြင်းချနိုင်သွားသော်လည်း သူ၏ မျက်မှောင်များကတော့ ကြုတ်ထားဆဲပင် ။
သူက ယွီလီ၏ နဖူးလေးကို ညင်သာစွာ ပွတ်သပ်ပေးကာ ချွေးများကို သုတ်ပေးလိုက်ပြီး ယုယကြင်နာမှု အပြည့်ဖြင့် ....
" မိန်းမ.. အရမ်း ပင်ပန်းသွားပြီ.. "
ယွီလီက ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်ပြီး သူမ၏ အကြည့်များက ထောင့်ရှိ သူနာပြုဆရာမ၏ လက်ထဲမှ ကလေးလေးထံသို့ ရောက်သွားကာ ပျော်ရွှင်သော မျက်နှာထားဖြင့် ....
" ကျွန်မတို့ရဲ့ ကလေးလေးကို သွားကြည့်လိုက်ပါဦး.. ယောကျ်ားလေးတဲ့.. "
ယခုခေတ်ကာလတွင် မိန်းကလေးများထက် ယောကျ်ားလေးများကို အမြဲတမ်း ပို၍ အလေးပေးတတ်ကြပြီး ယန်ကျီဝမ် ကိုယ်တိုင်က သမီးမိန်းကလေး ပိုလိုချင်သည်ဟု ပြောခဲ့လျှင်ပင် ဘာမှ မထူးပေ ။
ပထမဆုံး ကလေးဖြစ်နေသောကြောင့် ယွီလီက သားယောကျ်ားလေးသာ ဖြစ်စေချင်ခဲ့သည် ။
ယခုတော့ သူမ၏ ဆန္ဒများ ပြည့်ဝသွားလေပြီ ။
ထိုအခါမှသာ ယန်ကျီဝမ် အသိဝင်လာပြီး သူနာပြုဆရာမ လက်ထဲရှိ အနှီးထုပ်လေးကို လှည့်ကြည့်လိုက်သည် ။
သူနာပြုဆရာမလေးက ပြုံးကာ ကလေးကို ကမ်းပေးလိုက်သည် ။ ယန်ကျီဝမ်က အနေခက်စွာဖြင့် လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည် ။
" ဘာလို့ ဒီလောက်တောင် ရှုံ့တွနေရတာလဲ.. အဘိုးကြီးပေါက်စလေး ကျနေတာပဲ.. "
ယန်ကျီဝမ်က ရေရွတ်လိုက်မိပြီး သူ၏ အသံထဲတွင် အနည်းငယ် မနှစ်သက်သည့် အရိပ်အယောင်များ ပါဝင်နေသည် ။
ယွီလီက ကြားသွားသောအခါ မျက်လုံးလှန်ပြလိုက်ပြီး အားနည်းနေသော အသံဖြင့် ...
" မွေးကာစ ကလေးတိုင်းက ဒီလိုပဲလေ.. ရှင် ငယ်ငယ်တုန်းကဆို ဒီထက်တောင် ဆိုးချင်ဆိုးနေဦးမှာ.. "
ထိုအခိုက် ယန်ဖူကွေ့က ဓာတ်ဘူး တစ်လုံးကို ကိုင်ကာ တံခါးကို တွန်းဖွင့်၍ ဝင်လာသည် ။
သူက သူတို့၏ စကားကို ကြားသွားပြီး ပြုံး၍ ဝင်ပြောလိုက်သည် ။
" လီလီ ပြောတာ မှန်တယ်.. မင်းအမေ မင်းကို မွေးတုန်းကလည်း ဒီလိုပဲ ရှုံ့တွနေတာ.. မျောက်ပေါက်စလေး ကျနေတာပဲ.. "
ယန်ကျီဝမ်သည် ဖခင်၏ စကားကြောင့် အနည်းငယ် ရှက်သွားကာ ခေါင်းကို ကုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ ။
မကြာမီပင် ရန်ရွေ့ဟွားလည်း ကြက်ပေါင်းရည် အပြည့်ပါသော ကြွေအိုးတစ်လုံးကို ကိုင်ကာ အိမ်မှ ရောက်လာသည် ။
သူမ ဝင်လာသည်နှင့် တပြိုင်နက် သူမ၏ အကြည့်များက ယန်ကျီဝမ် လက်ထဲရှိ ကလေးလေးထံသို့ ရောက်သွားသည် ။ သူမက ခပ်သုတ်သုတ် လျှောက်သွားကာ အနှီးကို လှန်ကြည့်လိုက်ပြီး ယောကျ်ားလေးမှန်း သိလိုက်ရသောအခါ သူမ၏ မျက်နှာတွင် အပြုံးပန်းများ ချက်ချင်း ဝေဆာသွားတော့သည် ။
" အို.. ငါ့မြေးရွှေသွေးလေး.. "
ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး ကြွေအိုးကို ယန်ဖူကွေ့ထံသို့ ကမ်းပေးလိုက်ကာ ယန်ကျီဝမ် လက်ထဲမှ ကလေးလေးကို ဂရုတစိုက် လှမ်းယူလိုက်သည် ။ သူမ၏ မျက်လုံးများထဲတွင်တော့ အချစ်များဖြင့် ပြည့်လျှံနေတော့သည် ။
သူမက အနှီးထုပ်လေးကို ညင်သာစွာ လွှဲကာ ရေရွတ်လိုက်သည် ။
" ဒီ မျက်နှာလေးကို ကြည့်ပါဦး.. ဘယ်လောက်တောင် ချောလိုက်လဲ.. "
ယွီလီက ယောက္ခမ ဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ကာ သူမကိုယ်တိုင်လည်း အလွန် ပျော်ရွှင်နေမိသည် ။
ကလေးကို အတန်ကြာ ချီထားပြီးနောက် ရန်ရွေ့ဟွားက ယွီလီ၏ ဘေးတွင် ညင်သာစွာ ပြန်ချပေးလိုက်သည် ။ ထို့နောက် လှည့်၍ ယန်ဖူကွေ့ထံမှ ကြွေအိုးကို တောင်းလိုက်ပြီး ကုတင်ဘေးတွင် ထိုင်ကာ ယုယစွာဖြင့် ပြောလိုက်သည် ။
" လီလီ.. လာ.. ကြက်ပေါင်းရည်လေး ပူတုန်း သောက်လိုက်ဦး.. သမီး အားရှိအောင် အမေ သေချာပေါင်းလာခဲ့တာ.. "
" ကျေးဇူးတင်ပါတယ် အမေ.. "
ယွီလီက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကြက်ပေါင်းရည်ကို ယူကာ တစ်ငုံချင်းစီ စတင် သောက်သည် ။
" နာမည်ကတော့ ရွေးထားပြီးပြီ.. ယန်ယောင်ရှင်း တဲ့.. "
ယန်ဖူကွေ့က ပြုံးကာ ပြောလိုက်ပြီး သူ၏ အသံထဲတွင် ဂုဏ်ယူမှုများ အပြည့် ပါဝင်နေသည် ။
ထိုနာမည်က သူ၏ အကြံဉာဏ် အများဆုံး ပါဝင်ခဲ့ခြင်းဖြစ်ပြီး သူ၏ အကြီးဆုံး မြေးလေးအတွက် ထိုနာမည်ကို သူ အလွန် ကျေနပ်နေပေသည် ။
မိသားစုကလည်း သိထားပြီးသား ဖြစ်သဖြင့် မည်သူမှ မကန့်ကွက်ကြချေ ။
ကြက်ပေါင်းရည် သောက်ပြီးနောက် ယွီလီက ပါးစပ်ကို သုတ်လိုက်ပြီး ယန်ကျီဝမ်ကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည် ။
" ယန်ကျီဝမ်.. ကျွန်မတို့ သားလေးအတွက် နာမည်ပြောင်လေး တစ်ခု ပေးရအောင်.. ဘယ်လို နာမည်ဆို ကောင်းမလဲ.. "
အမြဲတမ်း နာမည်ရင်းကိုသာ ခေါ်နေ၍ မရသဖြင့် နာမည်ပြောင် တစ်ခုကတော့ လိုအပ်ပေသည် ။
ထို့အပြင် နာမည်ပြောင်က ပို၍ ရိုးရှင်း သာမန်ဆန်လေ ပိုကောင်းလေပင် ။ ရှေးစကား ရှိသည်မဟုတ်လော ။ ရိုးရှင်းသော နာမည်က ကလေးကို ပြုစုပျိုးထောင်ရ ပိုလွယ်ကူစေသည် ။
ကျားမိသားစုမှ ကျားပန့်ကန့် ကဲ့သို့ပင် ။ သူ၏ နာမည်ရင်းက ကျားကန့် ဖြစ်ပြီး ပန့်ကန့် ဟူသည်က သူ၏ နာမည်ပြောင် ဖြစ်သည် ။
ယန်ကျီဝမ်က ခဏ စဥ်းစားလိုက်ပြီးနောက် ...
" ရှစ်ထို လို့ ခေါ်ကြတာပေါ့.. ရှစ်ထို ဆိုတဲ့ အဓိပ္ပါယ်က ကျောက်တုံးလေး.. ကျောက်တုံးလို ခိုင်မာတဲ့ ဘဝမျိုးနဲ့ ကြီးပြင်းရ လွယ်ကူအောင်လို့လေ.. "
ယွီလီက ကြားပြီးနောက် ခေါင်းညိတ်လိုက်သည် ။ နာမည်က ရိုးရှင်းသော်လည်း အဓိပ္ပါယ်က အလွန်ကောင်းမွန်လှသည်ဟု သူမ ခံစားရသည် ။
ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့ကလည်း သဘောတူကြောင်း ပြောလိုက်ကြပြီး ထိုနာမည်က ရိုးရှင်းသော်လည်း ကောင်းမွန်သည်ဟု ယူဆကြသည် ။
" ရှစ်ထို.. နာမည်ကောင်းလေးပဲ.. "
ယန်ဖူကွေ့က ပြုံး၍ ပြောလိုက်သည် ။
" ငါတို့ ယန်မိသားစုရဲ့ ကလေးက ကျောက်တုံးလေးလို ခိုင်မာရမယ်.. "
ရန်ရွေ့ဟွားကလည်း အထပ်ထပ် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေသည် ။
" ရှစ်ထို က ကောင်းပါတယ်.. ရှစ်ထို က ကောင်းတယ်.. နားထောင်ရတာကိုက အားကိုးရမယ့်ပုံလေး.. "
မိသားစုက အတန်ကြာသည်အထိ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေခဲ့ကြသည် ။
ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့က အချိန်နှောင်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ယန်ကျီဝမ်ကို ပြောလိုက်သည် ။
" ယန်ကျီဝမ်.. မင်း ဒီမှာ လီလီနဲ့ အရင် နေခဲ့လိုက်ဦး.. နောက်မှ မင်းနေရာကို အစားထိုးဖို့ မင်းအမေကို ငါ လွှတ်လိုက်မယ်.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ...
" မလိုပါဘူး.. မနက်ဖြန် မနက်မှ လာခဲ့လိုက်ပါ.. "
ထို့နောက် ယန်ကျီဝမ်က တခြားတစ်ကိစ္စကို သတိရသွားပြီး ယန်ဖူကွေ့ကို ပြောလိုက်သည် ။
" ဪ အဖေ.. အိမ်ပြန်ရောက်ရင် တာမော့ ကို ကျွန်တော့်အတွက် ခွင့်လေး ကူတိုင်ပေးဖို့ ပြောပေးပါဦး.. "
ခွင့်တိုင်သည် ဖြစ်စေ ၊ မတိုင်သည် ဖြစ်စေ အရေးမကြီးလှသော်လည်း တစ်ယောက်ယောက်ကို အသိပေးထားလိုက်သည်က အကောင်းဆုံး ဖြစ်ပေသည် ။
" အေးပါ.. "
ယန်ဖူကွေ့က ခေါင်းညိတ် သဘောတူလိုက်ပြီး ရန်ရွေ့ဟွားနှင့်အတူ အိမ်သို့ ပြန်သွားသည် ။
မိဘများကို ပြန်လွှတ်ပြီးနောက် ယန်ကျီဝမ်က လှည့်ကာ ယွီလီ၏ ကုတင်ဘေးတွင် ပြန်ထိုင်လိုက်သည် ။
သူက ယွီလီ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ယုယကြင်နာမှုများ အပြည့်ရှိနေသည် ။
" လီလီ.. ကောင်းကောင်း အနားယူလိုက်ပါ.. ကိုယ် မင်းဘေးမှာ ရှိနေပေးမယ်.. "
ယွီလီက သူ၏ ဂရုစိုက်မှုကို ခံစားလိုက်ရပြီး သူမ၏ ရင်ထဲသို့ နွေးထွေးမှုလှိုင်းလုံးလေး တစ်ခု စီးဆင်းသွားသည် ။ သူမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာလေသည် ။
သူမ၏ ခန္ဓာကိုယ်က အလွန် အားနည်းနေဆဲ ဖြစ်သော်လည်း ယန်ကျီဝမ်က သူမဘေးတွင် ရှိနေပေးသဖြင့် အလွန် စိတ်အေးချမ်းရပေသည် ။
လူနာဆောင်က တဖြည်းဖြည်း တိတ်ဆိတ်သွားသည် ။ ယန်ကျီဝမ်က ယွီလီနှင့် ကလေးလေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူ၏ ရင်ထဲတွင်တော့ သူတို့၏ အနာဂတ် ဘဝအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသည် ။
ယနေ့မှစ၍ သူတို့၏ ဘဝများက အခန်းကဏ္ဍအသစ် တစ်ခုသို့ စတင်တော့မည် ဖြစ်ပြီး ဤ အသက်သွေးကြောလေးက သူတို့ဘဝ၏ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်လာတော့မည်ကို သူ သိနေပေသည် ။
...
တဘက်တွင်လည်း ...
ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့ ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည် ။
ရန်ရွေ့ဟွားက ခြံဝင်းထဲသို့ ဝင်သည်နှင့် တပြိုင်နက် အလယ်ခြံဝင်းဘက်သို့ အလျင်စလို ထွက်သွားသည် ။
သူမ၏ အကြောင်းကို ယန်ဖူကွေ့ သိနေသဖြင့် အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး အိမ်သို့သာ ပြန်သွားလိုက်သည် ။
သူ အိမ်ထဲသို့ ဝင်သည်နှင့် တပြိုင်နက် ယန်ကျီဖန့်နှင့် ကလေးနှစ်ယောက်က သူ၏ အနားသို့ ဝိုင်းအုံလာကြပြီး...
" အဖေ.. မရီး မွေးပြီလား.. ယောကျ်ားလေးလား မိန်းကလေးလား.. "
ယန်ကျီဖန့်က စိတ်မရှည်စွာဖြင့် မေးလိုက်ပြီး သူ၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည် ။
ယန်ကျီတိနှင့် ယန်ကျီခွမ်းတို့ကလည်း အနားသို့ ပိုတိုးလာကြပြီး သူတို့၏ မျက်လုံးများက တောက်ပနေကာ ဤ အသက်သွေးကြော အသစ်လေးအပေါ် သိချင်စိတ်များ အပြည့်ရှိနေသည်က သိသာလှပေသည် ။
ယန်ဖူကွေ့၏ မျက်နှာတွင်တော့ ဖုံးကွယ်မရသော အပြုံးများ ရှိနေသည် ။ သူက ခေါင်းညိတ်လိုက်ပြီး သူ၏ အသံတွင် ဂုဏ်ယူမှုများ ရောယှက်နေကာ....
" မွေးပြီ.. ယောက်ျားလေးတဲ့.. မင်းတို့ မရီးက ငါတို့ ယန်မိသားစုအတွက် မြေးဦးလေး တစ်ယောက် မွေးပေးလိုက်ပြီ.. "
" ဒါ အရမ်းကောင်းတာပဲ.. "
ထိုစကားကို ကြားသောအခါ ယန်ကျီတိက ချက်ချင်း လက်ခုပ်တီးကာ ခုန်ပေါက်သွားပြီး သူမ၏ မျက်နှာလေးက ပြုံးရွှင်နေကာ...
" အခုတော့ သမီး အဒေါ် ဖြစ်သွားပြီ.. နောက်ဆို တူလေးနဲ့ အတူ ဆော့လို့ ရပြီ.. အရမ်း ကောင်းတာပဲ.. "
ယန်ကျီခွမ်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ...
" ငါလည်း ဦးလေး ဖြစ်သွားပြီ.. နောင်ကျရင် ငါ့တူလေးကို ငါ သေချာပေါက် ကာကွယ်ပေးမယ်.. "
ယန်ကျီဖန့်က ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည် ။
" မင်းကိုယ်တိုင်က ကလေးလေးပဲ ရှိသေးတာကို မင်းတူလေးကို ကာကွယ်ပေးမယ် ဟုတ်လား.. ဘယ်သူ့ကို သွားကာကွယ်ပေးမှာလဲ.. "
ကလေးများ ပျော်ရွှင်နေသည်ကို မြင်သောအခါ ယန်ဖူကွေ့သည်လည်း ရင်ထဲ၌ အလွန် ပျော်ရွှင်နေမိသည် ။
ခဏကြာပြီးနောက် ယန်ကျီဖန့်က တစ်ခုခုကို နောက်ဆုံးတွင် သတိရသွားသည် ။ သူက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်၏ ။
" အဖေ.. အမေရော ဘယ်ရောက်သွားလဲ.. ဘာလို့ အဖေနဲ့ အတူ ပြန်မလာတာလဲ.. မရီးကို စောင့်ရှောက်ဖို့ ဆေးရုံမှာ ကျန်ခဲ့တာလား.. "