← Chapters

ငါ.. မဟာမိတ်ခေါင်းဆောင် ဖြစ်ချင်တယ်

Vol. 9 Ch. 81

ငါ.. မဟာမိတ်ခေါင်းဆောင် ဖြစ်ချင်တယ်

Vol. 9 Ch. 81

ကျန်းရန်ဂိုဏ်း၏ အစည်းအဝေးခန်းမ အတွင်းတွင် ကျန်းပိုင်ဖေးက စိတ်ပျက်အားငယ်နေသော အမူအရာဖြင့်ရှိနေခဲ့ပြီး အခြား ဒုဂိုဏ်းချုပ်နှစ်ဦးမှာလည်း သိပ်မကောင်းလှပေ။

ရှန်းလုံစားသောက်ဆိုင်တွင် နေ့ခင်းဘက်က ဆုရှင်း၏နတ်ဘုရားခွန်အားကို ထုတ်လွှတ်ပြခဲ့သော မြင်ကွင်းမှာ သူတို့၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေသေး၏။

ညမိုးချုပ်လာသည်နှင့် လင်းယုန်ပျံဂိုဏ်းက အပြည့်အဝတိုက်ခိုက်မှုစတင်လာသော်လည်း သူတို့တွင် ခုခံလိုစိတ်မရှိကြတော့ပေ။

ဆုရှင်းက သူ၏အပြည့်အဝတိုက်ခိုက်မှုကို အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေ့ခင်းဘက်ကဖြစ်ပျက်ခဲ့သည့် အရာများကြောင့် ကျန်းပိုင်ဖေး၏စိတ်မှာ ချာချာလည်နေဆဲဖြစ်သည်။

ဆုရှင်းက ချန်ကျောက်ကို မီးလျှံဓားသွားဖြင့် ချက်ချင်းအနိုင်ယူလိုက်သည်ကို မြင်သောအခါ ကျန်းပိုင်ဖေးက ဆုရှင်းနှင့် အသေအကြေ တိုက်ခိုက်လိုစိတ် လုံးဝပျောက်ကွယ်သွားခဲ့၏။

သူ သက်ပြင်းချလိုက်သည်။ "ငါတို့ အညံ့ခံကြရအောင်။ ဆုရှင်းက ငါတို့အနိုင်ယူနိုင်စွမ်းထက် ကျော်လွန်နေပြီ။ လင်းယုန်ပျံဂိုဏ်းတိုးတက်လာတာကလည်း ငါတို့တားဆီးနိုင်စွမ်းထက် ကျော်လွန်နေပြီ။"

ယန်တုန်းကတော့ ဤအရာကို လက်မခံချင်ခဲ့ပေ။ "ဂိုဏ်းချုပ် ငါတို့က ကျန်းရန်ဂိုဏ်းရဲ့ရာစုနှစ်ချီတဲ့ အခြေခံအုတ်မြစ်ကို တခြားတစ်ယောက်ယောက်ဆီ ဒီအတိုင်းကြီး လွှဲပေးလိုက်တော့မလို့လား။"

*ငါလည်း ဒါကိုလိုချင်တယ်လို့ မင်းထင်နေလား။*

ကျန်းပိုင်ဖေး က မျက်လုံးများနီရဲကာ ပြောလိုက်၏။ "နေ့ခင်းက ဘာဖြစ်ခဲ့လဲဆိုတာ မင်းတို့ အားလုံးမြင်ပြီးပြီပဲ။ ငါတို့ဆက်ပြီးခုခံနေရင် သေကြောင်းကြံသလိုပဲဖြစ်နေလိမ့်မယ်။"

ယန်တုန်း တိတ်ဆိတ်သွားသလို ရှန်ကျုံးမင်ကလည်း စကားပြောနေခြင်းကို ရပ်လိုက်၏။ လှောင်ထားသကဲ့သို့ခံစားနေရသည့် ခံစားချက်က သေချာပေါက်မကောင်းလှပေ။

"ကောင်းပြီ။ ငါတို့ ကျန်းရန်ဂိုဏ်းက အညံ့ခံတယ်ဆိုတဲ့အကြောင်း ဆုရှင်းကို သွားပြောဖို့ လူတစ်ယောက် ချက်ချင်းလွှတ်လိုက်မယ်။ အပြင်က ညီအစ်ကိုတွေအတွက် အဓိပ္ပာယ်မရှိတဲ့အသက်စွန့်မှုတွေထပ်မလုပ်ကြရအောင်။" ကျန်းပိုင်ဖေး သက်ပြင်းချကာ ဂိုဏ်းဝင်တစ်ဦးကို ခေါ်ပြီး အညံ့ခံမည့်သတင်းကို ဆုရှင်းအား ပြောပြရန် ခိုင်းလိုက်၏။

ဆုရှင်းက ကျန်းရန် ဂိုဏ်း၏ဌာနချုပ်ကို ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ပြီးတစ်ချက်တည်းဖြင့် ချေမှုန်းရန် မူလကစီစဉ်ထားခဲ့သော်လည်း ကျန်းရန် ဂိုဏ်း၏လက်တွေ့ကျမှုမှာ ဆုရှင်းမမျှော်လင့်ထားခဲ့သော အရာတစ်ခုဖြစ်သည်။

သို့သော် ဤအရာကလည်း အကောင်းဆုံးပင်။

ကျန်းရန်ဂိုဏ်းတွင် လူတစ်သောင်းနီးပါးရှိရာ ဤကဲ့သို့သောပြင်းထန်သည့် ဂိုဏ်းစစ်ပွဲတွင် လင်းယုန်ပျံဂိုဏ်းမှာလည်း အသေအပျောက်များမည်မှာ မလွှဲမရှောင်သာပင်။ ယခု ကျန်းပိုင်ဖေးက အညံ့ခံရန်ဆန္ဒရှိနေသဖြင့် ဤအရာထက်ပိုကောင်းစရာမရှိတော့ပေ။

ကျန်းပိုင်ဖေး၏ ဦးဆောင်မှုအောက်တွင် ကျန်းရန် ဂိုဏ်းတစ်ခုလုံး အညံ့ခံခဲ့သည်။ ထို့နောက် ကျန်းပိုင်ဖေးက ကျန်းရန်ဂိုဏ်း၏ထိပ်တန်း ခေါင်းဆောင်များနှင့် အခြား အဆင့်မြင့်အဖွဲ့ဝင်များကို ဦးဆောင်ကာ ဆုရှင်းနှင့် တွေ့ဆုံရန် လာခဲ့၏။

"ဂိုဏ်းချုပ်ဆု ကျန်းရန်ဂိုဏ်း က အခုကစပြီး ခင်ဗျားအပိုင်ဖြစ်ပါပြီ။ မဟုတ်ဘူး ကျန်းရန်ဂိုဏ်း ဆိုတာ မရှိတော့ပါဘူး။" ကျန်းပိုင်ဖေး၏ မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့၏။

ဆုရှင်း ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျန်း။ ရှေးခေတ်ကတည်းကလည်း အညံ့ခံရမယ့်အချိန်ကိုသိတဲ့သူတွေက သူရဲကောင်းတွေပါပဲ။ ခင်ဗျားရဲ့ဆန္ဒအလျောက်အညံ့ခံမှုက နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုအများကြီးကို သက်သာစေခဲ့တယ်။ ခင်ဗျားကို ကျွန်တော်မတရားမဆက်ဆံပါဘူး။"

"ခင်ဗျားက လင်းယုန်ပျံဂိုဏ်းအတွင်းက စစ်ရေးခန်းမရဲ့ ဒုခန်းမသခင် ရာထူးကိုရယူဖို့ အရည်အချင်း ပြည့်မီပါတယ်။ ပြီးတော့ ဒုဂိုဏ်းချုပ်နှစ်ယောက်ကသာ ဆန္ဒရှိရင် သူတို့အတွက် အဆင့်မြင့်ရာထူးနှစ်ခုကိုလည်း ကျွန်တော် ပြင်ဆင်ထားပါတယ်။"

ကျန်းပိုင်ဖေး ခါးသီးစွာပြုံးကာ ပြောလိုက်၏။ "အဲဒါကို မေ့လိုက်ကြရအောင်။ သိုင်းလောကကိစ္စတွေမှာ ကျုပ်ထပ်ပြီးမပတ်သက်ချင်တော့ဘူး။ ဂိုဏ်းချုပ်ဆုသာ ဆန္ဒရှိရင် ကျုပ်တို့ကို ငွေတစ်သန်းပေးပါ။ ကျုပ်တို့သိုင်းလောက ကနေ အနားယူပြီး ချမ်းသာတဲ့အဘိုးကြီးတွေအဖြစ် နေထိုင်သွားပါ့မယ်။"

ဆုရှင်း ကျန်းပိုင်ဖေးကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ပြောသည်။ "ပြဿနာမရှိပါဘူး။ တကယ်လို့ ဂိုဏ်းချုပ်ကျန်းအနာဂတ်မှာ တစ်ခုခုလိုအပ်လာရင် ကျွန်တော့်ဆီ တိုက်ရိုက်လာလို့ရပါတယ်။"

ကျန်းပိုင်ဖေးက သိုင်းလောကမှာ တကယ် အနားယူတော့မည်လော။ ဆုရှင်းလုံးဝမယုံခဲ့သော်လည်း ကျန်းပိုင်ဖေး၏လက်တွေ့ကျမှုကို သူ လေးစားမိ၏။

ဆုရှင်း ကျန်းပိုင်ဖေးကို စစ်ရေးခန်းမ၏ ဒုခန်းမသခင် နှင့် ခေါင်းဆောင် နှစ်ဦး၏ရာထူးများ ပေးခဲ့ရာ ၎င်းတို့မှာ ကောင်းမွန်သော်လည်း လင်းယုန်ပျံဂိုဏ်းအတွင်း သူတို့၏အဆင့်အတန်းမှာ အတော်လေးအနေခက်ဖြစ်မည်ကို ကျန်းပိုင်ဖေး သိထားသည်။

သူတို့သည် ယခင်က ကိုယ်ပိုင်ဂိုဏ်းများ၏ခေါင်းဆောင်များဖြစ်ခဲ့ကြသော်လည်း ယခုအခါ အခြားသူများ၏လက်အောက်ခံဖြစ်နေကြလေပြီ။

သူတို့တွင် နာကြည်းမှုလုံးဝမရှိဟု မည်သူမှမပြောနိုင်ပေ။

ထို့အပြင် ကျန်းရန်ဂိုဏ်းက လင်းယုန်ပျံဂိုဏ်းနှင့် အပြည့်အဝ ပေါင်းစည်းသွားပြီဖြစ်သည်။ ဆုရှင်းက ကောက်ကျစ်စဉ်းလဲသောဝါရင့်အချို့ကို ဖယ်ရှားပြီးလက်ရွေးစင်အချို့ကိုသာ ထားရှိရန် စီစဉ်ထားလျှင်ပင် ဤလူများက လင်းယုန်ပျံဂိုဏ်း တစ်ခုလုံး၏လေးပုံတစ်ပုံခန့်ပါဝင်နေဦးမည် ဖြစ်သည်။

လူအများအပြားမှာ ကျန်းပိုင်ဖေး၏ ယခင် လက်အောက်ငယ်သားများဖြစ်နေသဖြင့် ဆုရှင်းက သူ့ကိုသံသယမဝင်ဘဲ နေနိုင်မည်လော။

ကျန်းပိုင်ဖေးကိုယ်တိုင်သာဆိုလျှင်လည်း သူ စိုးရိမ်မှုမဖြစ်ဘဲနေနိုင်မည်မဟုတ်ပေ။

လင်းယုန်ပျံဂိုဏ်းတွင် ဒုခန်းမသခင်တစ်ဦးအဖြစ် အနေခက်သောရာထူးတစ်ခုတွင် ပိတ်မိနေမည့်အစား လုံးဝအနားယူလိုက်ပြီး သူ၏နောက်ဆုံးနှစ်များတွင် ချမ်းသာပြီးသက်သောင့်သက်သာရှိသော ဘဝကို အနည်းဆုံး ခံစားရခြင်းက ပိုကောင်းပါလိမ့်မည်။

ယန်တုန်း နှင့် ရှန်ကျုံးမင်တို့ကလည်း ၎င်းကို ကျန်းပိုင်ဖေး နှင့် ဆွေးနွေးပြီးဖြစ်ကြောင်း ရှင်းလင်းနေပြီး မည်သည့်ကန့်ကွက်မှုမျှမရှိချေ။

သို့သော် ကျန်းရန်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများမှာမူ ကျန်းပိုင်ဖေးကို လွမ်းဆွတ်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။

*ခင်ဗျားက ကသားပွဲကနေ အနားယူသွားရင် ကျုပ်တို့ ဘာလုပ်ကြမလဲ။*

သူတို့က သိုင်းလောကမှ ချက်ချင်းအနားမယူချင်သေးသလို။ အနားယူချင်လျှင်ပင် သူတို့တွင် ဘာ ငွေရေးကြေးရေးမှမရှိပေ။

ကျန်းရန် ဂိုဏ်း၏မိမိသဘောဆန္ဒအလျောက် အညံ့ခံမှုနှင့်အတူ ၎င်း၏အရာအားလုံးကို လင်းယုန်ပျံဂိုဏ်းထံ လွှဲပြောင်းပေးရပါလိမ့်မည်။

ကျန်းပိုင်ဖေးက ဂိုဏ်းချုပ်ဖြစ်သဖြင့် ဆုရှင်းက သူ့ကိုအနားယူရန် ငွေတစ်သန်း ပေးခဲ့၏။

ကျန်တဲ့သူများကရော ဆုရှင်းက ဤကိစ္စနှင့်ပက်သက်၍ဘာမှမပြောခဲ့ပေ။

"ဟင်း... ဂိုဏ်းချုပ်ဆု။ သူတို့က ကျုပ်နဲ့ ဆယ်နှစ်ကျော်အတူရှိခဲ့ကြတာပါ။ ဖြစ်နိုင်ရင် မင်းသူတို့ကို လက်ခံပြီး လင်းယုန်ပျံဂိုဏ်းထဲကိုဝင်ခွင့်ပြုပေးပါ။ သူတို့ဆီမှာဘာသစ္စာဖောက်မှုမှရှိလာမှာ မဟုတ်ဘူးလို့ ကျုပ်အာမခံပါတယ်။" ကျန်းပိုင်ဖေး သက်ပြင်းချကာ ပြောလိုက်၏။

သူသည် လက်အောက်ငယ်သားများကို ညီအစ်ကိုများကဲ့သို့ ဆက်ဆံတတ်သော ခေါင်းဆောင်မျိုး မဟုတ်သော်လည်း ယခု ကျန်းရန်ဂိုဏ်း မရှိတော့သဖြင့် ဤလူများက သူ့နောက်သို့ဆယ်နှစ်ကျော် လိုက်ခဲ့ကြရာ ၎င်းမှာ သူတို့ကို သူကူညီနိုင်သည့် နောက်ဆုံး အကြိမ်ဖြစ်မည်။

ဆုရှင်း ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ ဒါဆို ကျန်းရန် ဂိုဏ်းရဲ့ခေါင်းဆောင်ကြီးတွေက လင်းယုန်ပျံဂိုဏ်းကို ဝင်ပြီးနယ်မြေကို လွှဲပြောင်းပေးရင် သူက ခေါင်းဆောင်ကြီးဆက်ဖြစ်နေမှာပဲ။"

"ဒါပေမဲ့ စစ်ရေးခန်းမကို ဝင်ချင်ရင်တော့ အရင်ဆုံး အဆင့်နိမ့်ခေါင်းဆောင်တစ်ယောက်အဖြစ် ရာထူးချခံရမယ်။ ပြီးမှ အရည်အချင်းတွေပေါ် မူတည်ပြီး ရာထူးတိုးခံရနိုင်တယ်။"

ကျန်းရန် ဂိုဏ်း၏ ခေါင်းဆောင် အများအပြား သက်သာရာ ရသွားကြ၏။ ဆုရှင်း၏ ဆက်ဆံမှုမှာ အတော်လေး တရားမျှတပါသည်။ သူတို့ သိသလောက် လင်းယုန်ပျံဂိုဏ်း၏ဝါရင့်လူဟောင်းများကလည်း ယခင်က ဤကဲ့သို့ဆက်ဆံခံခဲ့ရသည်။

ကျန်းရန် ဂိုဏ်းကို သိမ်းပိုက်ပြီးနောက် လင်းယုန်ပျံဂိုဏ်း၏နယ်မြေမှာ မြို့နယ်နှင့် မြို့ ၁၁ မြို့အထိ တိုးချဲ့လာခဲ့ပြီး အဖွဲ့ဝင် ၃၀,၀၀၀ ကျော်ဖြင့် ချန်နင်စီရင်စုတွင် အသန်မာဆုံးဂိုဏ်းများထဲမှ တစ်ခု တကယ် ဖြစ်လာခဲ့၏။

သို့သော် ဤသည်မှာ ဆုရှင်း၏အဆုံးသတ် မဟုတ်ပေ။ သူ့တွင် ချန်နင်စီရင်စုကိုလွှမ်းမိုးရန် မစ်ရှင်တစ်ခု ရှိနေသေးပြီး သူ ချန်နင်စီရင်စု၏အမည်ခံ အုပ်ချုပ်သူ အရင်ဖြစ်လာရမည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဆုရှင်းက ဤကိစ္စကို စဉ်းစားနေခဲ့ပြီး သူ၏အစီအစဉ်မှာ နောက်ဆုံးတွင် ပုံပေါ်လာခဲ့၏။ ဆယ်ရက်ကြာပြီးနောက် ဆုရှင်းက သူ၏ထိန်းချုပ်မှုအောက်ရှိ နယ်မြေများ အားလုံးကို အပြည့်အဝပေါင်းစည်းပြီးနောက် ရှန်းလုံစားသောက်ဆိုင်တွင် အစည်းအဝေး တစ်ခု ပြုလုပ်မည့် အဖွဲ့လေးဖွဲ့ထံသို့ ဖိတ်စာများ ပေးပို့ရန် လူတစ်ယောက်ကို စေလွှတ်လိုက်သည်။

ဆုရှင်း၏ဖိတ်စာကို လက်ခံရရှိသောအခါ အဖွဲ့လေးဖွဲ့၏ခေါင်းဆောင်များ အားလုံး ဇဝေဇဝါ ဖြစ်သွားကြပြီး ဆုရှင်း ဘာလုပ်နေသနည်းဟု တွေးမိကြ၏။

လွန်ခဲ့သော ရက်အနည်းငယ်က မန်ချန်ဟယ်က ဆုရှင်းကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးရန် အစည်းအဝေး တစ်ခု ခေါ်ယူခဲ့သည်။ ယခု ဆုရှင်းက လက်တုံ့ပြန်ရန်ပြင်ဆင်နေခြင်းများ ဖြစ်နိုင်မည်လော။

သူတို့ ဇဝေဇဝါဖြစ်နေကြသော်လည်း ရှန်းလုံ စားသောက်ဆိုင်သို့ သဘောတူထားသည့်အတိုင်း ရောက်ရှိလာကြ၏။ ဆုရှင်းက ယခုအခါ သူတို့နှင့် တန်းတူ ရပ်တည်ရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။ သူက လူတိုင်းကို ဒီနေရာကို ဆင့်ခေါ်ခဲ့ပြီး ဆုရှင်းနှင့် လုံးဝ အဆက်အသွယ်မဖြတ်ချင်ပါက သူတို့ အားလုံး လာကြမည်ဖြစ်သည်။

ရှန်းလုံ စားသောက်ဆိုင်၏ သတ္တမမြောက် အထပ် အတွင်းတွင် အခြား ဂိုဏ်းခေါင်းဆောင်များ အားလုံး ရောက်ရှိနေကြပြီဖြစ်သော်လည်း ကာယကံရှင်ဖြစ်သူ ဆုရှင်းကိုမူ ဘယ်မှာမှ မတွေ့ရသေးချေ။

မန်ချန်ဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ဆုရှင်းက အတော်လေးမောက်မာတာပဲ။ ငါတို့ကို ဒီမှာ လာစောင့်ခိုင်းနေတယ်။"

အခြားသူများ အားလုံးတိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်ကြသည်။

*ပြီးခဲ့တဲ့ အကြိမ်က လူတိုင်းကို အစည်းအဝေး ခေါ်တုန်းက မင်းကနောက်ဆုံးမှ ပေါ်လာတာလေ။ အခုကျတော့ တခြားသူတွေကို ဝေဘန်ဖို့သတ္တိရှိနေတယ်ပေါ့။*

ထိုအချိန်တွင် ဆုရှင်း၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ "ဂိုဏ်းချုပ်မန်။ လူတွေမှာ အရေးကြီးတဲ့ ကိစ္စသုံးခုရှိတတ်တယ်ဆိုတာ မသိဘူးလား။ စောင့်ရတာ စိတ်မရှည် ဖြစ်နေတာလား။"

ဆုရှင်းက လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ကို ဦးဆောင်ကာ အပေါ်ထပ်သို့ဖြည်းညှင်းစွာ လျှောက်တက်လာခဲ့ပြီး သူတို့တစ်ဦးစီတွင် အထဲ၌ဘာတွေ ရှိမှန်းမသိသော စာအုပ်ငယ်လေးများ ကိုင်ဆောင်လာကြ၏။

"ဆုရှင်း မင်းရဲ့လှပတဲ့စကားတွေကို ရပ်လိုက်တော့။ ငါတို့ အားလုံးကိုဒီခေါ်လာပြီး ဒီနေ့ ဘယ်လို လှည့်ကွက်မျိုးတွေလုပ်ချင်နေတာလဲ။" မန်ချန်ဟယ်၏ အသံမှာ မှိုင်းညို့နေ၏။

ဆုရှင်း ပင်မထိုင်ခုံတွင် မတ်မတ်ထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "မလောပါနဲ့ ကိစ္စတွေကို တစ်ခုချင်းစီပြောကြတာပေါ့။"

လူတိုင်း အံ့အားသင့်သွားကြ၏။ ယနေ့ သူပြောစရာ တစ်ခုထက်မကရှိနေသည်လော။

ဆုရှင်း သူ၏လက်ညှိုးဖြင့် စားပွဲကိုအချက်ကျကျ ခေါက်ကာ ပြောလိုက်သည်။ "လူကြီးမင်းတို့ ငါတို့ရဲ့ချန်နင်စီရင်စုက အတော်လေးအင်အားကြီးပါတယ်။ ရှန်းနန်မှာရှိတဲ့ စီရင်စုအများအပြားထဲမှာ ထိပ်တန်း စာရင်းဝင်တစ်ခုပါ။"

"ဒါပေမဲ့ ငါတို့ရဲ့အင်အားတွေက အရမ်းပြန့်ကျဲနေတော့ ဘယ်သူမဆိုငါတို့အပေါ်ဩဇာလွှမ်းမိုးနိုင်ပြီး ငါတို့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ခွင့်ရနေတယ်။"

စကားပြောနေစဉ် ဆုရှင်းက မန်ချန်ဟယ်ကို တစ်ချက် ကြည့်လိုက်ရာ မန်ချန်ဟယ်၏မျက်နှာကို ပို၍ပင် မှောင်မိုက်သွားစေခဲ့၏။

ပြီးခဲ့သည့် အကြိမ်က သူက ဆုရှင်းကို ဒုက္ခိတဖြစ်စေရန်သာမက အခြားဂိုဏ်းများကိုခြိမ်းခြောက်ရန်ပါ ချန်ကျောက်ကို ဖိတ်ခေါ်ခဲ့ရာ ၎င်းမှာ သေချာပေါက် စည်းကမ်းကိုအချိုးဖောက်ဆုံး လုပ်ရပ် ဖြစ်သည်။

"ဆုရှင်း စကားကိုလှည့်ပတ်မနေနဲ့။ မင်း တိတိကျကျ ဘာပြောချင်တာလဲ။" မန်ချန်ဟယ် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"အရမ်း ရိုးရှင်းပါတယ်။ မြွေတစ်ကောင်က ခေါင်းမပါဘဲ သွားလို့မရသလို၊ ငှက်တစ်ကောင်လည်း တောင်ပံမပါဘဲ ပျံလို့မရဘူး။ ငါတို့ ချန်နင်စီရင်စုမှာ ခေါင်းဆောင်တစ်ယောက် ရှိဖို့အချိန်ရောက်ပြီ။"

"ငါတို့ ဂိုဏ်းငါးခုက မဟာမိတ်တစ်ခု ဖွဲ့ပြီး ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်သင့်တယ်လို့ အကြံပြုချင်တယ်။ ပြီးရင်ပုံမှန်အချိန်တွေမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကို ငါတို့လျစ်လျူရှုထားလို့ ရတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်လာရင်တော့ လူတိုင်းကို စုစည်းပြီးစည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကို ရင်ဆိုင်နိုင်တယ်။"

ဆုရှင်း၏စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။ ဂိုဏ်းငါးခုက မဟာမိတ်ဖွဲ့ချင်သည်လော။ ထို့အတူ မဟာမိတ်ခေါင်းဆောင် တစ်ယောက်ကိုပင် ရွေးချယ်ချင်နေသည်။

ဆုရှင်း၏ ရည်မှန်းချက်မှာ တကယ်ကို ကြီးမားလှသော်လည်း ၎င်းမှာလက်တွေ့နှင့် အလွန် ကင်းကွာလွန်းလှ၏။

မန်ချန်ဟယ် လှောင်ပြောင်လိုက်၏။ "ဆုရှင်း မင်းက ဒီမဟာမိတ်ရဲ့ခေါင်းဆောင် ဖြစ်သင့်တယ်လို့ ပြောမလို့တော့ မဟုတ်ဘူးမလား။"

ဆုရှင်း ပြုံးလိုက်သည်။ "မှန်ပါတယ်။ ချန်နင်စီရင်စုမှာ မဟာမိတ် ခေါင်းဆောင်ရာထူးကို ယူမယ့်သူက ကျွန်တော်ပါ။"

မန်ချန်ဟယ်၏ မျက်နှာတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး ဆုရှင်း၏နှာခေါင်းကို လက်ညှိုးထိုးကာ လှောင်ပြောင်လိုက်၏။ "မင်း မင်းက မဟာမိတ်ခေါင်းဆောင်ဖြစ်နိုင်မယ်လို့ ထင်နေတာလား။ မင်းဖြစ်နိုင်တယ်လို့ ဘာလို့ ထင်နေတာလဲ။"

"ဒီမှာရှိတဲ့ လူတွေထဲမှာ မင်းထက်အတွေ့အကြုံပိုမများတဲ့သူ ဘယ်သူရှိလဲ။ မင်းထက်အရည်အချင်း ပိုမရှိတဲ့သူ ဘယ်သူရှိလဲ။ မင်းခေါင်းဆောင်ဖြစ်နိုင်မယ်လို့ မင်းကို ဘာကထင်စေတာလဲ။"

အကယ်၍ ဆုရှင်းသာ ချန်ကျောက်ကို သတ်ခဲ့သည့်နေ့က ဤစကားများကို ပြောခဲ့ပါက ထိုနေရာတွင် ရှိနေသူများသည် ဆုရှင်း၏ခွန်အားကို သတိထားမိပြီး နှစ်ကြိမ်စဉ်းစားမိကြပေလိမ့်မည်။

သို့သော် ယခုရက်တွေများစွာ ယကုန်လွန်သွားပြီးနောက် လူတိုင်းသဘောပေါက်သွားကြ၏။ ချန်ကျောက်ကို သတ်ခဲ့သည့် ဆုရှင်း၏မီးလျှံဓားသွားမှာ သေချာပေါက်သံသယဖြစ်စရာပင်။

ဟောက်ထျန်းသိုင်းပညာရှင်တစ်ဦးက ဤအတိုင်းအတာအထိမူလချီကို ထုတ်လွှတ်နိုင်ခြင်းမှာ လက်တွေ့တွင် မယုံနိုင်စရာဖြစ်သော်လည်း ဆုရှင်းက လုပ်နိုင်ခဲ့၏။ ထို့အပြင် ချန်ကျောက် မီးလျှံဓားသွားဖြင့် အသတ်ခံလိုက်ရသည်ကို လူတိုင်း မြင်တွေ့ခဲ့ရရာ ၎င်း၏စွမ်းအားမှာ ငြင်းမရပေ။

လူတိုင်းကို ဇဝေဇဝါဖြစ်စေခဲ့သည်မှာ ဆုရှင်းတွင် မူလချီကို သူ၏ဆန္ဒအတိုင်း ထုတ်လွှတ်နိုင်စွမ်း တကယ်ရှိပါက ထိုအချိန်က ချန်ကျောက်တစ်ဦးတည်းသာ အသတ်ခံရမည် မဟုတ်ဘဲ မန်ချန်ဟယ် လည်း အသတ်ခံရပါလိမ့်မည်။

ချန်ကျောက်ကို မန်ချန်ဟယ်က သူ၏သားကို သတ်ဖြတ်ခြင်းအတွက် လက်စားချေရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း မျက်လုံးရှိသူတိုင်းမြင်နိုင်ပါသည်။

အကယ်၍ ဆုရှင်းတွင် ထိုကဲ့သို့သောခွန်အားများ တကယ်ရှိခဲ့ပါက သူက အနာဂတ်ပြဿနာများ အားလုံးကို ရှင်းလင်းရန် မန်ချန်ဟယ်ကို နေရာမှာတင် သတ်ပစ်ခဲ့လိမ့်မည်။ အဘယ်ကြောင့် သူ့ကို ယခုအချိန်အထိ အသက်ရှင်ခွင့်ပေးထားရသနည်း။

ထို့ကြောင့် လူတိုင်းက ဆုရှင်းက မူလချီအားပြင်ပ သို့ထုတ်လွှတ်နိုင်စေရန် လျှို့ဝှက်နည်းလမ်း တစ်ခုခုကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုအရာမှာ တစ်ကြိမ်အသုံးပြုပြီးပါက ပျောက်ကွယ်သွားမည့် တစ်ခါသုံးပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြ၏။

ထိုသို့မဟုတ်ပါက သူက ဤသိုင်းကွက်ကို အသုံးပြုရန် ချန်ကျောက်ကို ကိုင်တွယ်ရသည့် အချိန်အထိစောင့်နေမည် မဟုတ်ပေ။ သူရဲကောင်းသုံးဖော်အသင်း နှင့် ရန်ငြိုးရှိနေချိန်က ၎င်းဖြင့် မန်ချန်ဟယ်ကို အလွယ်တကူ သတ်နိုင်ခဲ့လိမ့်မည်။

ဤလူများထဲတွင် မည်သူကမှ ရိုးရှင်းသော စိတ်ထားမရှိကြောင်းပြောနိုင်ပါသည်။

ထိုအချိန်က ဆုရှင်း၏လုပ်ရပ်များအပေါ် အခြေခံ၍ သူတို့သည် သူ၏အခြေအနေကို အလွန်တိကျစွာဖြင့် ခန့်မှန်းနိုင်ခဲ့ကြ၏။

အကြွင်းမဲ့အင်အား၏ခြိမ်းခြောက်မှု မရှိဘဲ ဆုရှင်းက သူတို့နှင့်တန်းတူ ရပ်တည်နိုင်သော ခွန်အားရှိနေလျှင်ပင် သူတို့က ဆုရှင်းကို မဟာမိတ် ခေါင်းဆောင်အဖြစ်နှင့် သူတို့ထက် သာလွန်သူအဖြစ်ဘယ်သောအခါမျှ အသိအမှတ်ပြုမည် မဟုတ်ချေ။

All Chapters