← Chapters

မင်းအတွက် လက်ဆောင်ကြီး တစ်ခု

Vol. 9 Ch. 82

မင်းအတွက် လက်ဆောင်ကြီး တစ်ခု

Vol. 9 Ch. 82

နတ်လေပြေအဖွဲ့၏ ခေါင်းဆောင် ကုန်းချင်းဖုန်း က တည်ငြိမ်စွာပြောလိုက်၏။ "ဂိုဏ်းချုပ်ဆု ငါတော့မဟာမိတ်ဖွဲ့တာကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင်တော့ မရွေးကြရအောင်။ ငါတို့ အားလုံး အချင်းချင်းစိတ်ဝမ်းကွဲပြီး အခြေအနေတွေ အရမ်း တင်းမာသွားရင် မကောင်းဘူးလေ။"

သွေးစွန်းဝတ်ရုံအဖွဲ့ မှ ချီယွမ်က သူ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုဖြင့် တိတ်ဆိတ်နေ၏။ သို့သော် သူ၏စရိုက်ကို သိသောသူများက ချီယွမ် ၏သဘောမတူခြင်းဆိုသည်မှာ သူ၏ငြင်းဆိုခြင်းကို ဆိုလိုကြောင်း သိကြသည်။

သံမဏိဓားအဖွဲ့ မှ ဟယ်ထျန်းသာ ကျန်တော့၏။ သူက ဆုရှင်းအပေါ် ကောင်းသောအထင်အမြင် ရှိသော်လည်း ဆုရှင်း မဟာမိတ် ခေါင်းဆောင် ဖြစ်လာမည့်အရေးကို သူ သဘောတူမည် မဟုတ်ပေ။

ကုန်းချင်းဖုန်းပြောခဲ့သကဲ့သို့ပင် သူတို့ငါးဦးမှာ ယခုအခါ ခွန်အားချင်းအကြမ်းဖျင်းတူညီနေကြလေပြီ။ သူတို့မဟာမိတ်ဖွဲ့နိုင်သော်လည်း ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။

ဤခေါင်းဆောင်က အမည်ခံသက်သက်သာဖြစ်နိုင်သော်လည်း၊ အင်အားချင်းတူညီသော သူတစ်ဦးက သူတို့၏အထက်တွင် ပေါ်ပေါ်ထင်ထင်ရှိနေသည်ကို သူတို့ ခွင့်ပြုမည်မဟုတ်ချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ အဆင့်အတန်းနှင့် အာဏာအကြောင်း သက်သက်သာဖြစ်၏။ ခေါင်းဆောင်ဟူသော ခေါင်းစဉ်ဖြင့် သင်က အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါသည်။

သိုင်းလောကဒဏ္ဍာရီလာများထဲက တောင်ငါးလုံး ဓားဂိုဏ်းကဲ့သို့ပင်။

တောင်ငါးလုံးဓားဂိုဏ်းများက ကွဲပြားနေသော်လည်း မဟာမိတ်ခေါင်းဆောင်ဖြစ်သော ကျိုးလန်ချန်က ဖြောင့်မတ်ခြင်းဟူသောခေါင်းစဉ်ကို ကိုင်စွဲထားပြီး သူ၏အဆင့်အတန်းမှာ အခြားသူများထက် သာလွန်နေခဲ့၏။

လူတိုင်းက ၎င်းကိုဆန့်ကျင်နေကြရာ ဆုရှင်းအတွက်မူ ၎င်းမှာလုံးဝပုံမှန်သာဖြစ်ကြောင်း တွေ့ရှိရပြီး၊ သူတို့သဘောတူခဲ့လျှင်သာ ထူးဆန်းနေပေလိမ့်မည်။

"လူကြီးမင်းတို့။ ကျေးဇူးပြုပြီး အလျင်စလို မကန့်ကွက်ပါနဲ့။ ကျုပ်ခေါင်းဆောင်ဖြစ်လာရင် မင်းတို့ အားလုံးအတွက်အကျိုးကျေးဇူးတွေ ရှိလာမှာပါ။ ကျုပ်ရာထူးရယူတာနဲ့ မင်းတို့အားလုံးကို ငါးသန်းတန်ကြေးရှိတဲ့ လက်ဆောင်ကြီးတစ်ခု ပေးမယ်။"

လူတိုင်း ချက်ချင်းအံ့အားသင့်သွားကြပြီး ဟယ်ထျန်းကတော့ ရုတ်တရက် မတ်တပ်ရပ်ကာ အော်ပြောလိုက်၏။ "မင်း ဘာပြောလိုက်တာလဲ။"

"ကျုပ်သာ မဟာမိတ် ခေါင်းဆောင် ဖြစ်လာရင်။ မင်းတို့အားလုံးကို ငါးသန်း တန်ကြေးရှိတဲ့ လက်ဆောင် တစ်ခု ပေးမယ်။ မင်းတို့ အားလုံး ဘယ်လို သဘောရလဲ။" ဆုရှင်းက အပြုံးလေးတစ်ခုဖြင့် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

ဟယ်ထျန်း သက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်၏။ "ဂိုဏ်းချုပ်ဆု မင်းမှာပိုက်ဆံရှာနိုင်တဲ့ ပါရမီ ရှိတယ်ဆိုတာ ငါတို့ သိပေမဲ့။ မင်း ခုနက ပြောလိုက်တာ ငွေ ၅ သန်း နော်။ မင်းရဲ့ လင်းယုန်ပျံဂိုဏ်းမှာ စုစုပေါင်းပိုင်ဆိုင်မှု အဲဒီလောက်ရှိလို့လား။"

အခြားသူ အများစုမှာလည်း ဟယ်ထျန်း နှင့် အတွေးတူကြ၏။

ဆုရှင်းက ငွေရှာခြင်းနှင့် ဂိုဏ်းများကို စီမံခန့်ခွဲခြင်းတွင် တော်ကြောင်းကို ချန်နင်စီရင်စု တစ်ခုလုံးက အသိအမှတ်ပြုထားသော အချက်တစ်ခု ဖြစ်သည်။

ဆုရှင်း၏ပြုပြင်ပြောင်းလဲမှုများအပြီးတွင် ပျော်ရွှင်ဖွယ်တောအုပ်က ဟောင်းနွမ်းနေသော ပြည့်တန်ဆာရပ်ကွက်တစ်ခုမှ ချန်နင်စီရင်စု၏အကြီးမားဆုံးငွေရှာသည့်နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်း၏လစဉ် အမြတ်ငွေမှာ အဆပေါင်းများစွာတိုးလာခဲ့၏။

သို့သော် ထိုအရာ ငွေသောင်းဂဏန်းလောက်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ဆုရှင်းခုနက ပြောလိုက်သည့် မိုးထိနေသော ဈေးနှုန်းနှင့် ယှဉ်လိုက်လျှင်တော့ ဘာမှမဟုတ်တော့ပေ။

ချန်နင်စီရင်စုရှိ အဓိကဂိုဏ်းများမှာ ဆင်းရဲသည်ဟု မဆိုနိုင်သော်လည်း သူတို့က သေချာပေါက် မချမ်းသာကြချေ။

ဥပမာအားဖြင့် မိုးပြာဝါးဂိုဏ်းကို ဆုရှင်းက ချေမှုန်းပြီးနောက် ချန်ဟုန် နှင့် မာချင်းယွမ်တို့ ယူသွားသော ငွေများအပါအဝင်အိမ်ခြံမြေအချို့ကို ရောင်းချပြီးနောက် သူတို့တွင် နှစ်သန်းခန့်သာ ကျန်ရှိတော့၏။

၎င်းတွင် မိုးပြာဝါးဂိုဏ်း၏နှစ်တစ်ရာကျော် စုဆောင်းငွေများလည်း ပါဝင်သည်။

လင်းယုန်ပျံဂိုဏ်း၏နယ်မြေမှာ ယခုအခါ မိုးပြာဝါးဂိုဏ်းထက် ပိုကြီးသော်လည်း ၎င်း၏အခြေခံအုတ်မြစ်မှာ မခိုင်မာပေ။ ဆုရှင်းလွှဲပြောင်းယူပြီးကတည်းက သူက ပိုမိုဝင်ငွေရရှိနေသော်လည်း ပိုမိုသုံးစွဲခဲ့သဖြင့် မိုးပြာဝါးဂိုဏ်းထက်ပင် ပိုနည်းနေသေး၏။

သူရဲကောင်းသုံးဖော်အသင်းက ချန်နင်စီရင်စုတွင် အကြီးဆုံး ဂိုဏ်းဖြစ်ပြီး ၎င်း၏စီရင်ပိုင်ခွင့်အောက်တွင် ရပ်ကွက်ဆယ်ခုကျော်ရှိသော်လည်း ရပ်ကွက်တိုင်းက သူတို့၏လစဉ်ကြေးကို ဆုရှင်း၏ယုံလဲ့ရပ်ကွက်ကဲ့သို့ ငွေငါးဆယ်ကျပ်အထိ မသတ်မှတ်နိုင်ကြပေ။

သူတို့၏လစဉ် ဝင်ငွေမှာ ငွေသုံးသောင်းမှ ငါးသောင်းကြားတွင်သာ ရှိသည်။ သူရဲကောင်းသုံးဖော်အသင်း၏ စီရင်ပိုင်ခွင့်အောက်တွင် ရပ်ကွက် ၁၃ ခု ရှိရာ ၎င်း၏လစဉ် ဝင်ငွေမှာ ငွေငါးသိန်းခန့်သာဖြစ်၏။

သို့သော် ဝင်ငွေမြင့်မားသည်နှင့်အမျှ အသုံးစရိတ်လည်း မြင့်မားလာသည်။

သူရဲကောင်းသုံးဖော်အသင်း၏ အောက်ခြေအဆင့် အဖွဲ့ဝင်များကို ကိုင်တွယ်ရန်လွယ်ကူ၏။ အဖွဲ့ဝင် ၅၀,၀၀၀ စလုံးကို ငွေတစ်ပြားစီ ပေးလျှင် ငွေ ၅၀,၀၀၀ သာ ကုန်ကျလိမ့်မည်။

သို့သော် လက်ရွေးစင် ဂိုဏ်းဝင်များ၏လစဉ် လစာမှာ သာမန်ဂိုဏ်းဝင်များထက် ဆယ်ဆ၊ အဆင့်နိမ့် ခေါင်းဆောင်များမှာ လက်ရွေးစင်ဂိုဏ်းဝင်များထက် ဆယ်ဆ၊ အဆင့်မြင့် ခေါင်းဆောင်များမှာ လက်ရွေးစင်ဂိုဏ်းဝင်များထက် အဆတစ်ရာ ပိုများပါသည်။

ဂိုဏ်း၏အဓိက လက်ရွေးစင်အဖွဲ့ဝင်များကို သိမ်းသွင်းရန် သူရဲကောင်းသုံးဖော်အသင်း၏လစဉ်ဝင်ငွေထက်ဝက်ကို သူတို့ထံ ရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ဂိုဏ်း၏လစဉ် အထွေထွေအသုံးစရိတ်များအပါအဝင် ငွေငါးသိန်းကျော်မှ များစွာမကျန်တော့ချေ။

ထို့အပြင် မန်ချန်ဟယ်ကဲ့သို့ ဟောက်ထျန်း အထွတ်အထိပ် အဆင့်ရှိ သိုင်းပညာရှင်များကလည်း ရှန်းထျန်းအဆင့်သို့ ကျော်ဖြတ်ရန် မျှော်မှန်းထားကြသဖြင့် နွေရာသီတိုင်းဗဟိုလွင်ပြင်မှ ကုန်သည် ယာဉ်တန်းများရောက်လာသောအခါ သူတို့သည် ကျင့်ကြံရန်အသုံးပြုသော ဆေးလုံး အချို့ကို ဝယ်ယူရန် ငွေအများအပြား သုံးစွဲကြ၏။

ထိုဆေးလုံးများမှာ အနိမ့်ဆုံးအဆင့်ဖြစ်သော်လည်း လိုအပ်ချက် မြင့်မားပြီး ရှားပါးနေဆဲ ဖြစ်သည်။ နှစ်စဉ်သူတို့ သုံးစွဲသော ငွေကြေးမှာ သူရဲကောင်းသုံးဖော်အသင်း တစ်ခုလုံး၏နှစ်စဉ် ဝင်ငွေ ထက်ဝက်ခန့် ရှိပါသည်။

ထို့ကြောင့် မန်ချန်ဟယ် နှင့် သူ၏ဂိုဏ်းက အခြား ဂိုဏ်းခေါင်းဆောင်များကဲ့သို့ ဇိမ်ကျကျမနေထိုင်ကြသလို သူတို့က ငွေများများစားစား မစုဆောင်းနိုင်ခဲ့ကြချေ။

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များက ငွေရှာရန် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေကြသော်လည်း ချန်နင်စီရင်စုတွင် မည်သို့သော စီးပွားရေးလုပ်ငန်းက ငွေသန်းငါးသန်းတန်ဖိုးရှိနိုင်မည်ကို သူတို့ စိတ်ကူးမယဉ်နိုင်ကြပေ။

ဆုရှင်းစားပွဲကို ပုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ငွေငါးသန်းဆိုတာ များလား။ ဒီစီးပွားရေးလုပ်ငန်းကို ကျုပ်အဆုံးစွန်အထိ လုပ်နိုင်ရင် အဆပေါင်းများစွာတောင် တိုးပွားလာအောင် လုပ်နိုင်သေးတယ်။"

"အဲဒါ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလဲ ဂိုဏ်းချုပ်ဆု။ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်မနေပါနဲ့တော့။" ဟယ်ထျန်း က စိတ်မရှည်စွာ အော်ပြောလိုက်သည်။

ဆုရှင်း စကားကို လှည့်ပတ်မနေဘဲ လိုရင်းကို တိုက်ရိုက် ပြောလိုက်၏။ "ဒီစီးပွားရေးလုပ်ငန်းက အရမ်း ရိုးရှင်းပါတယ်။ ခင်ဗျားတို့ အားလုံး အရင်က လုပ်ဖူးကြပေမဲ့ သူ့ရဲ့အလားအလာကို အပြည့်အဝ သဘောမပေါက်သေးတာပါ။"

"ဒီစီးပွားရေးလုပ်ငန်းက လက်ဝါးကြီးအုပ်တာပဲ။ တောင်ပိုင်း လူရိုင်းနယ်မြေတွေရဲ့ ဒေသထွက် ပစ္စည်းတွေ အားလုံးကိုလက်ဝါးကြီးအုပ်တာ။ ချန်နင်စီရင်စုမှာ ငါတို့ဂိုဏ်းကလွဲရင် တခြား ဘယ်သူမှ တောင်ပိုင်းလူရိုင်းတွေဆီက ပစ္စည်းတစ်ခုမှ ဝယ်လို့ မရဘူး။"

နတ်လေပြေအဖွဲ့ မှ ကုန်းချင်းဖုန်း မှလွဲ၍ လူတိုင်း အံ့အားသင့်သွားကြ၏။ သူက တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး သူ၏မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။

ဆုရှင်းက ဟွမ်ပင်းချန်၏ လက်ထဲမှ စာရင်းစာအုပ် တစ်အုပ်ကို ဆွဲယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်၏။ "ဒါက ပြင်ပက တောင်ပိုင်းလူရိုင်းတွေရဲ့ ဒေသထွက် ပစ္စည်း ဈေးနှုန်းတွေကို လူတစ်ယောက်ကို စုံစမ်းခိုင်းထားတာပါ။ ကွာခြားချက်တွေ ရှိပေမဲ့ သိပ်မကွာပါဘူး။"

"ဥပမာအားဖြင့် တောင်ပိုင်း လူရိုင်းတွေရဲ့ဒေသထွက် ပစ္စည်းဖြစ်တဲ့ လမင်းမြေခွေးက တောင်ပိုင်း လူရိုင်းတောနက်တွေမှာပဲ အသက်ရှင်နိုင်ပေမဲ့ သူ့ရဲ့ အသားက အနံ့ဆိုးထွက်လို့ အဲဒီ တောင်ပိုင်း လူရိုင်းမျိုးနွယ်စုတွေက သူ့ကို အမဲလိုက်ဖို့တောင် ပျင်းကြတယ်။"

"ဒါပေမဲ့ လမြေခွေး ရဲ့သားမွေးကိုတော့ ဗဟိုလွင်ပြင်က ချမ်းသာပြီးအာဏာရှိတဲ့ သူတွေက အရမ်းတန်ဖိုးထားကြတယ်။ ပြီးပြည့်စုံတဲ့ မြေခွေး သားမွေးအင်္ကျီ တစ်ထည်ဆိုရင် ရွှေပြား တစ်ရာလောက်အထိ ဈေးရတယ်။ ငွေမဟုတ်ဘူးနော် ရွှေ။"

"ဒါပေမဲ့ အဲဒီကုန်သည်တွေက ဒီတောင်ပိုင်းလူရိုင်းတွေဆီကသားမွေးတွေကို ဘယ်လောက်နဲ့ ဝယ်လဲဆိုတာ ခင်ဗျားတို့ သိလား။ သားမွေးတစ်ထည်ကို ငွေအနည်းငယ်လောက်ပဲ တန်တယ်။ ဈေးကွက်ကို မသိတဲ့ တောင်ပိုင်းလူရိုင်းတွေနဲ့ တွေ့ရင် ဆန်ကြမ်းအိတ်တစ်ဝက်လောက်နဲ့တောင် ရနိုင်တယ်။"

ထိုနေရာတွင် ရှိနေသူ အားလုံး၏အသက်ရှူသံများ ရုတ်တရက် ပြင်းထန်လာ၏။ တောင်ပိုင်း လူရိုင်း နယ်မြေများ၏ဒေသထွက် ပစ္စည်းများက အပြင်ဘက်တွင် အလွန် တန်ဖိုးရှိကြောင်း သူတို့ သိထားသော်လည်း ဤမျှတန်ဖိုးရှိလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။

ဤအရာက သေချာသည်မှာ သေးငယ်သောအမြတါမဟုတ်ပေ။ သန်းချီသည့် အမြတ်ပင်။

သေချာသည်မှာ ဤကုန်သည်များက ငွေအများအပြားရရှိသော်လည်း အန္တရာယ်များလည်း ကြီးမားကြောင်း သူတို့ သိထားကြ၏။

ရှန်းနန်ဒေသမှာ ဓားပြများနှင့် သူခိုးများ ပေါများသဖြင့် အလွန်အန္တရာယ်များလှပါသည်။

ဗဟိုလွင်ပြင်မှ ကုန်သည်များက ဤနေရာသို့ လာသောအခါ သူတို့ကိုအစောင့်အကြပ်ထရန် စွမ်းအားကြီးမားသော သက်တော်စောင့်များကို ဈေးကြီးပေး၍ငှားရမ်းရသဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ ကြီးမားလှ၏။

ထိုသို့ဖြစ်လင့်ကစား ရှန်းနန်သို့ လာရောက်ခြင်းနှင့် ထို့နောက်ထွက်ခွာခြင်းမှ ရရှိသော အမြတ်အစွန်းများမှာ အံ့မခန်းပင်။

ဆုရှင်း လှောင်ပြောင်လိုက်၏။ "ဒီတောင်ပိုင်း လူရိုင်းတွေကို ရိုးသားတယ်လို့ပြောပြော။ မွေးရာပါ မိုက်မဲတယ်လို့ ပြောပြော။ ငါတို့က သူတို့ဆီကနေ ရေတွက်လို့မရတဲ့အမြတ်အစွန်းတွေ ရှာနိုင်သေးတယ်။"

"လွန်ခဲ့တဲ့ဆယ်ရက်အတွင်း တောင်ပိုင်း လူရိုင်း တောနက်မှာ အကြီးဆုံးမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေကို ဆက်သွယ်ဖို့လူတွေကို ငါ လွှတ်ခဲ့ပြီး သူတို့ရဲ့မျိုးနွယ်စု ထုတ်ကုန်တွေကို ဈေးကွက်ပေါက်ဈေးထက်ငါးဆပေးပြီး ဝယ်ခဲ့တယ်။"

"အခုကစပြီး သူတို့တစ်ခုခုကုန်သွယ်ချင်ရင် လူတစ်ယောက်လွှတ်ပြီးပြောဖို့ပဲလိုတယ်။ ပြီးရင် ငါ ချက်ချင်းပြင်ဆင်ပြီး သူတို့ဆီပို့ပေးမယ်။ ဒီမျိုးနွယ်စုခေါင်းဆောင်တွေက ချက်ချင်းပဲ ငါ့ရဲ့အသစ္စာအရှိဆုံး မဟာမိတ်တွေဖြစ်လာပြီ။"

"ဒီတောင်ပိုင်း လူရိုင်းမျိုးနွယ်စုတွေရဲ့အားသာချက်တစ်ခုက သူတို့ကခေါင်းမာတာကြောင့် သူတို့ရဲ့နတ်ဘုရားအသီးသီးကို ကျိန်ဆိုပြီးရင် ဘယ်တော့မှ ကတိဖျက်မှာမဟုတ်ဘူး။"

"အခုကစပြီး ချန်နင်စီရင်စုမှာ တောင်ပိုင်းလူရိုင်း ဒေသထွက်ပစ္စည်းတွေကို ဝယ်ချင်တဲ့ ဗဟိုလွင်ပြင်က ကုန်သည်တွေအတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့မယ်။ ငါ့ဆီက ဝယ်မလား ဒါမှမဟုတ် တခြား စီရင်စုကို ခရီးရှည်သွားမလားဆိုတာပဲ။"

"ဒါပေမဲ့ ရှန်းနန်ဒေသတစ်ခုလုံးမှာ ငါ့ရဲ့ချန်နင်စီရင်စုတစ်ခုတည်းကသာ တောင်ပိုင်း လူရိုင်း တောနက်နဲ့ အနီးဆုံးဖြစ်တယ်။ တခြား စီရင်စုတွေက တောင်ပိုင်းလူရိုင်း နယ်မြေရဲ့အစွန်အဖျားနဲ့ပဲ နီးတယ်။ အဲဒီမှာကြီးမားတဲ့ ယမျိုးနွယ်စုတွေ မရှိဘူး။ ပြန့်ကျဲနေတဲ့ မျိုးနွယ်စု သေးသေးလေးတွေပဲ ရှိပြီး သူတို့ရဲ့ထုတ်လုပ်မှုက သနားစရာကောင်းလောက်အောင် နည်းတယ်။"

"ဒါဆို အဲဒီကုန်သည်တွေက ဘာကို ရွေးမယ်လို့ ခင်ဗျားတို့ ထင်လဲ။"

လူတိုင်း၏မျက်လုံးများမှာ သွေးစွန်းနေသကဲ့သို့ နီရဲနေ၏။ ဘယ်ဟာကို ရွေးမလဲဆိုတာ မေးစရာတောင် လိုသေးလို့လား။ ဆုရှင်း၏ဈေးနှုန်းက အလွန်အမင်းမများလွန်းသရွေ့ သူတို့က သူ့ထံမှ သေချာပေါက် ဝယ်ယူကြပါလိမ့်မည်။

သေချာသည်မှာ သူတို့စွမ်းဆောင်နိုင်ပါက တောင်ပိုင်း လူရိုင်းများ၏တောနက်များတွင် တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်များ။ တိရစ္ဆာန် သားရေများနှင့် အခြား တန်ဖိုးကြီး ပစ္စည်းများကို ရှာဖွေရန် လူများကိုငှားရမ်းနိုင်ပါသည်။

ဤနည်းဗျူဟာကို အခြားသူများက စမ်းသပ်ခဲ့ဖူးသော်လည်း တောင်ပိုင်းလူရိုင်းတောနက်မှာ စိုစွတ်ပြီး အဆိပ်မြူခိုးများ၊ ညစ်ညမ်းသော လေများ၊ အဆိပ်ရှိသောပိုးမွှားများနှင့် အခြားအရာများ ပြည့်နှက်နေ၏။ ရှန်းထျန်းသိုင်းပညာရှင်များပင်လျှင် ထိုနေရာတွင် ရက်အနည်းငယ်ထက်ပို၍ မနေနိုင်ကြချေ။

ဤပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော တောင်ပိုင်းလူရိုင်းမျိုးနွယ်စုများသာ ဤနေရာတွင် အသက်ရှင်သန်နိုင်ကြသည်။

ကုန်သည်များ၏အရင်းအမြစ်များအရ သူတို့ကို ရှန်းနန်သို့ အစောင့်အကြပ်လုပ်ရန် ရှန်းထျန်း သိုင်းပညာရှင်အဆင့်ရှိ သက်တော်စောင့်များကို ငှားရမ်းနိုင်ခြင်းကပင် သူတို့၏ခွန်အားကို ညွှန်ပြနေပြီ ဖြစ်၏။

အကယ်၍ သူတို့သာ ရှန်းထျန်းသိုင်းပညာရှင်ကို တောင်ပိုင်း လူရိုင်းများ၏တောနက်ထဲသို့ ဝင်ကာ သူတို့အတွက် ဆေးဖက်ဝင်အပင်များ သွားခူးရန် အကြံပြုရဲပါက၊ သူတို့က တောင်ပိုင်းလူရိုင်းများ၏တောနက်ထဲသို့ နေရာမှာတင် ပစ်ချခံရပြီး ထိုနေရာတွင်ရက်အနည်းငယ် ထားရစ်ခံရမည်မှာ သေချာ၏။

ဆုရှင်းက ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ ကိုင်ဆောင်ထားသော စာအုပ်ငယ်များကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "ဒီထဲမှာ ပစ္စည်းတစ်ထောင်ကျော် ရှိတယ်။ အားလုံးက တောင်ပိုင်းလူရိုင်းတွေရဲ့ ဒေသထွက်ပစ္စည်းတွေချည်းပဲ။ တစ်ခုချင်းစီမှာ ကျုပ်ရဲ့ဝယ်ဈေးနဲ့ ရောင်းဈေးကို မှတ်သားထားတယ်။"

"ကျုပ် မဟာမိတ်ခေါင်းဆောင်ဖြစ်လာတာနဲ့ အဲဒီ တောင်ပိုင်းလူရိုင်းမျိုးနွယ်စုတွေရဲ့အမှတ်အသားတိုကင်တွေကို ခင်ဗျားတို့ဆီလွှဲပြောင်းပေးမယ်။ ပြီးရင် ခင်ဗျားတို့က ဒီပစ္စည်းတွေကို သူတို့နဲ့ ကုန်သွယ်ဖို့ တာဝန်ယူရမယ်။"

ထို့နောက် ဆုရှင်းက သွေးစွန်းဝတ်ရုံအဖွဲ့၏ခေါင်းဆောင် ချီယွမ် ဘက်သို့ လှည့်လိုက်၏။ သူတို့သည် ငွေကြေးလုံးဝမလိုချင်ကြသဖြင့် ကိုင်တွယ်ရန် အခက်ခဲဆုံး ဖြစ်သည်။

ကောလာဟလများအရ သွေးစွန်းဝတ်ရုံမျှော်စင် တွင် လုပ်ကြံသတ်ဖြတ်သူများကို အဆင့်ငါးဆင့် ခွဲခြားထားသည်ဟု ဆို၏။ အမည်းရောင်ဝတ်ဆင်သူများ၊ အပြာရောင် ဝတ်ဆင်သူများ၊ အစိမ်းပြာရောင် ဝတ်ဆင်သူများ၊ ခရမ်းရောင် ဝတ်ဆင်သူများနှင့် သွေးစွန်းသော အဝတ်အစားများ ဝတ်ဆင်သူများ ဖြစ်သည်။

အနိမ့်ဆုံးအဆင့်ဖြစ်သော အမည်းရောင် လုပ်ကြံသတ်ဖြတ်သူကိုသာ ငွေဒင်္ဂါးများဖြင့် ငွေပေးချေပြီး၊ အခြား အဆင့်လေးဆင့်ရှိ လုပ်ကြံသတ်ဖြတ်သူများကို ငှားရမ်းရန်အတွက်မူ ရှားပါးပြီး တန်ဖိုးကြီးသော ရတနာများနှင့် ညီမျှသော ပမာဏကို ပေးချေရမည်။

"ခေါင်းဆောင်ချီ။ ခင်ဗျားရဲ့သွေးစွန်းဝတ်ရုံအဖွဲ့ က ငွေမလိုဘူးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ခင်ဗျားဒါကို တကယ်လိုအပ်မယ်လို့ ကျုပ်ထင်ပါတယ်။" ဆုရှင်းက ချီယွမ်ထံသို့ စာအုပ်ငယ် တစ်အုပ် ကမ်းပေးလိုက်၏။

"ဒီနေရာက တောင်ပိုင်းလူရိုင်းမျိုးနွယ်စုတွေဆီမှာ တွေ့နိုင်တဲ့ အဆိပ်ပြင်းတဲ့အရာအားလုံးနီးပါး စုစည်းထားတဲ့ နေရာဖြစ်ပြီး ရာနဲ့ချီ ရှိပါတယ်။ ခေါင်းဆောင်ချီ ဆီမှာ အမှတ်အသားပြား ရှိနေသရွေ့ သူတို့က ဒီအဆိပ်တွေ အားလုံးကို သိမ်းထားပြီး ခင်ဗျားနဲ့ပဲ ကုန်သွယ်လိမ့်မယ်။"

ချီယွမ် စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်ရာ ရင်းနှီးသော နာမည်များကို တွေ့လိုက်ရပြီး အချို့မှာ သူ တစ်ခါမှ မကြားဖူးသော အဆိပ်များပင်။ သူ၏ လက်များ အနည်းငယ်တုန်ယင်သွားပြီး သူ၏ပုံမှန် တည်ငြိမ်နေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

ဆုရှင်း ပြောတာ မှန်ပါသည်။ သွေးစွန်းဝတ်ရုံအဖွဲ့ က ငွေမလိုသလို ချီယွမ်လည်း မလိုပါပေ။ သူ လိုချင်သည့်အရာက သွေးစွန်းဝတ်ရုံအဖွဲ့မှ ထွက်သွားဖို့ပင်။

သွေးစွန်းဝတ်ရုံမျှော်စင်တွင် မြို့အပြင်ဘက်တွင် ဌာနခွဲ ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိ၏။ သူတို့ အားလုံးက သွေးစွန်းဝတ်ရုံမျှော်စင်သို့ ထောက်ပံ့ပို့ဆောင်ရေး အကူအညီများပေးကြသည်။ ဥပမာအားဖြင့် ချန်နင်စီရင်စုရှိ သွေးစွန်းဝတ်ရုံအဖွဲ့က တောင်ပိုင်း လူရိုင်း ဒေသ၏အထူးထုတ်ကုန်ဖြစ်သော အဆိပ်ရှိသည့် အရာများကို သွေးစွန်းဝတ်ရုံမျှော်စင် သို့ ထောက်ပံ့ပေးရန် အထူးပြုထားသည်။

အပြင်လူများအမြင်တွင် သွေးစွန်းဝတ်ရုံအဖွဲ့ ၏ ဤခေါင်းဆောင်များက သွေးစွန်းဝတ်ရုံမျှော်စင် က ကျောထောက်နောက်ခံ ပြုထားသဖြင့် စွမ်းအားကြီးမားပြီး ဩဇာလွှမ်းမိုးမှု ရှိပုံရ၏။

သို့သော် သူတို့က သွေးစွန်းဝတ်ရုံမျှော်စင်တွင် အနိမ့်ဆုံးအဆင့်အဖွဲ့ဝင်များသာ ဖြစ်ကြပြီး၊ တရားဝင်အဖွဲ့ဝင်ပင် မဟုတ်ပေ။ ၎င်းတို့က အချိန်မရွေးစွန့်ပစ်ခံရနိုင်ကြောင်း သူတို့ကိုယ်တိုင်သာ သိကြ၏။

ချီယွမ်ကဲ့သို့ လူအများ၏ရှေ့ ပေါ်ပေါ်ထင်ထင် ထွက်နေသည့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းမှ အဖွဲ့ဝင်များကို သင်မြင်ဖူးသည်လော။

သွေးစွန်းဝတ်ရုံမျှော်စင်က သူတို့၏တည်ရှိမှုကို ဖုံးကွယ်ရန် အားမထုတ်ပေ။ သူတို့က အလွန် အဆင့်နိမ့်သောဂိုဏ်းများဖြစ်သဖြင့် သူတို့ ပျောက်ကွယ်သွားလျှင်ပင် ဂရုစိုက်မည်မဟုတ်ချေ။

နောက်ထပ်ရာနှင့်ချီသော သူတို့အား အလွယ်တကူ ဖန်တီးနိုင်ပါသည်။

ထို့ကြောင့် ဤသွေးစွန်းဝတ်ရုံမျှော်စင်၏ခေါင်းဆောင်များက ဤအနေခက်သော အဆင့်အတန်းမှလွတ်မြောက်ပြီး သွေးစွန်းဝတ်ရုံမျှော်စင်၏ စစ်မှန်သော အဖွဲ့ဝင်များ ဖြစ်လာရန် အိပ်မက်မက်ကြ၏။

သို့သော် စစ်မှန်သည့် အမည်းရောင်ဝတ်ရုံအဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်လာချင်လျှင် တိုးတက်ရန်အတွက် သွေးစွန်းဝတ်ရုံမျှော်စင် ၏အကဲဖြတ်မှုကို အောင်မြင်ဖို့လုံလောက်သည့် ခွန်အား ရှိရမည်။

ထိုသို့မဟုတ်လျှင် သွေးစွန်းဝတ်ရုံမျှော်စင်၏ အဆင့်မြင့်လုပ်ကြံသတ်ဖြတ်သူများ၏ကိုယ်တိုင် သင်ကြားပေးမှုကို ခံယူရန်လုံလောက်သည့် အရည်အချင်းများရှိပြီး အမည်းရောင်လုပ်ကြံသတ်ဖြတ်သူအဖြစ် ရာထူးတိုးခံရသည်အထိ သင်၏ကျွမ်းကျင်မှုများကို မြင့်တင်ရမည်။

All Chapters